(၁)
ဤမည်သော အနက်သမ္ဗန် ရွတ်ဖတ်ကြေငြာသံကြီးကား သူ့အနေဖြင့် မည်သို့မှ ခံစားနာပျော်ဖွယ်ရာ ပီတိမဖြစ်လှစွာသော လော်စပီကာ(Loud Speaker) မည်သော အသံချဲ့ စက်တော်ကြီးလေးလုံးမှ (၇)ရွာကြား (၈)ရွာကြား တာဝတိံသာက ဆာမာဃနှင့် အာဖဂန်က မစ္စတာဘင်လာဒင်တို့ပါကြားအောင် သောတနား မှန်သမျှကို “အဟော ၀တ” ဖြစ်လေသည်အထိ ကလော်ကလိလိုက်ပေသော နိဗ္ဗာန်ဆော်ကြီး ဖိုးလေးမြ၏ အသံဟဲဟဲကြီးများပင်ဖြစ်ပါ၏။
နိဗ္ဗာန်ဆော်ကြီးဖိုးလေးမြ၏ အသံကား ပီသကြည်မြလှသည်တည့်။ ထိုသို့ ပီသကြည်မြလေလေ သူ့မှာ အနေရခက်လေလေဖြစ်ပါ၏။ “မကြားလိုပါ၊ မကြားလိုပါ၊ သတ်လိုရင် သတ်ပါစေတော့”ဟူသော သီချင်းစာ သား အလိုက်ဖြင့်ငုတ်တုပ်ထိုင်လျက်သာ နေ့ခင်းကြောင်တောင် အမှောင်ချကာ ကိုယ်ရောင်ဖျောက် လိုက်ချင် မိပါတော့သည်။
ဖိုးလေးမြကား ရွာဦးဘုန်းတော်ကြီး၏ ဘကြီးလည်းဖြစ်၊ ရွာလူကြီးကိုလှမြင့်နှင့်လည်း မယားဘက်ကစပ်လျှင် ဆွေရိပ်မျိုးရိပ်မကင်းသူဖြစ်ရကား ရပ်ရွာအရေးမှန်သမျှတွင် တစ်ကိုယ်တော်မိုက်ခဲခွင့်လိုင်စင်ဖြင့် အကြိုက်ဆွဲ ကာ ရွှင်နေခြင်းပင်ဖြစ်တော့သည်။
အကယ်တန္တုနိဗ္ဗာန်ဆော်ဖိုးလေးမြဆိုသည်က စာပေလေးက ၀ါသနာပါ၊တရားနာကလည်း မပျင်း၊ ဇာတ်သီချင်း တွေလည်းရသမို့ အဆိုအပြော အလွန်ချောအောင် သောသောညံတတ်သူကြီးပင်ဖြစ်ပါ၏။ သူသည်ပင်လျှင် ငယ်စဉ်ကလေးဘ၀က ဖိုးလေးမြပါသော စကားဝိုင်းတွင် နားကိုင်းမိခဲ့ဖူးပါ၏။ ထို့ကြောင့်ပင် ရွာဆော် လည်းမြ၊ နိဗ္ဗာန်ဆော်လည်းမြဖြင့် သဘာဝမိုက်ခဲကြီးနှယ် ရွာသူတို့ဝိုင်းတွင် ပေါ်ပြူလာ ဂိုင်း(Popular Guy ) ကြီးဖြစ်နေ တော့သည်တည့်။ တရားတောင်းလည်း မြ၊ မယားတောင်းလည်းမြဖြင့် လောကဓမ္မနှစ်ဖြာ အခရာဖြစ်စွာပင် နေရာတိုင်းဝင်ပါရသူကြီးပါပေတည်း။
လုပ်အားပေးဆင့်ခေါ်သည့် နိုးဆော်သံသည်ပင် ကာရံအချိတ်အဆက် ပေါ့(Pop)နှင့် ရက်ပ်(Rap)ဖြစ်ကာ နာပျော်ဖွယ်ရာအတိဖြစ်နေတတ်ပါပေသည်။ နံနက်ဝေလီဝေလင်း နှင်းဖွဲဖွဲတွင် အိပ်စက်ရာစောင်ခြုံထဲက မထွက်ဘဲနားဆင် ကြည့်ဦးလော့၊
“ ယနေ့နံနက်၊
အရုဏ်တက်အလွန်
ရွာအစွန်ကတံတား
ညပိုင်းကကျိုးသွားသည့်အရေး
အပြေးအလွှားပြင်ဖို့ရန်အတွက်
တစ်အိမ်လျင်တစ်ယောက် (ဤအပိုဒ်ထိ အသံချိုချိုနှင့် တစ်ဖြေးဖြေးမြင့်တက်လာသည်)
အချင်းယောက်ျား (အသံမြှင့်ပြီ)
တူရွင်းပေါက်ပြားပါမကျန်၊
တုံခေါက်၊
အစုံရောက်ရမည်ဖြစ်ကြောင်း နိုးဆော်လိုက်ရပါသဗျိုး”။
(၂)
ဆိုရသော်ဖိုးလေးမြကား မစ္စတာအန်ဂျော်လောဟု ကင်ပွန်းတပ်ရလောက်သည့် အော်ကြောလန် မိုက်သရဲကြီး တော့ မဟုတ်ခဲ့ပါလေ။ သို့သော် ယနေ့ သူကြုံတွေ့နေရသော အရေးအခင်းကား ရွာတွင်းရေးနှင့် မပတ်သက်၊ ရွာအခင်းအရေးများနှင့်မတူ တစ်မူကွဲလေသည်တည်း။
ယနေ့ညကျင်းပမည့် ကမ္ဘာကျော်မဟာအထူးတရားပွဲကြီးဆိုသည်အတွက် နိဗ္ဗာန်ဆော်ဟန် ဆိုလို(Solo) သံပေးရာတွင် သူရေးချပေးလိုက်သောဘွဲ့များကို ဖြတ်ချင်သည့်နေရာက ဖြတ်၊ ရပ်ချင်သည့်နေရာတွင် ရပ်၊ စပ်ချင်သည်ကို စပ်ကာ ဖိုးလေးမြ နိုးဆော်နေသည်မှာကား ဓမ္မကထိကလက်သစ်ကို ကြောင်လက်သည်း ၀ှက်ဖြင့် ခပ်ကဲကဲကုတ်ခြစ်လိုက်သည့်ပမာ မျက်နှာလည်းပူ၊ နားလည်းဆူဖြစ်ရပါတော့၏။ အော် ခက်ပေစွ။ ကိုယ့်လိပ်ပြာက ကိုယ့်စိတ်ခန္ဓာပေါ် ဆင်းသက်၍ အရှက်တွင်းနက်စေသောအခက်ကြီးဖြစ်လေသည်တကား။
အမှန်စင်စစ် ယနေ့ပွဲသည် ဖိုးလေးမြ၏ ပွဲမဟုတ်၊ ယနေ့ပွဲကို အင်္ဂလိပ်စာတတ်ပေတတ်ကလေးတို့ကိုယ်တိုင် အပီဟဲရန် အားခဲထားပြီးဖြစ်ပါ၏။ သကောင့်သားအင်္ဂလိပ်စာတတ်ပေတတ်လေးတို့ကား ဖိုးလေးမြကို လုံးလုံး မမှုပြီ။ ဖိုးလေးမြကား ရှေးဘုန်းတော်ကျောင်းပညာရေးရိုးရိုးကြီးဖြင့် သာရေးနာရေးမှန်သမျှတွင် တန်ခိုးထွားခဲ့ သမျှ ရိုးရိုးတရားပွဲ မဟုတ်သော ယနေ့ည မဟာအထူးတရားပွဲကြီးတွင် မည်သို့မှ တိုးနိုင်ဖွယ်မမြင်ပြီ။ ဘိုစာ ဘိလပ်စာခန့်ခန့်ကြီးတို့ဖြင့် ၀င်းဝင်းတောက်လှသော နိုင်ငံတကာ(၇)ဘွဲ့ရ ဓမ္မဂင်္ဂါအရှင်၏ ဘွဲ့ထူး ဂုဏ်ထူး ကြယ်စုံမြူးသောစာလုံးတော်တို့ကို မည်သို့ ဖိုးလေးမြ ဖတ်ပါအံ့နည်း၊ မည်ပုံ ဖိုးလေးမြ ရှင်းပါအံ့နည်း။
ဤကား ဘိုစာတတ်ကလေးတို့၏ အကြင်သို့သဘောရှိသော အမြင်ပါပေတည်း။ ထိုသို့သဘောရှိသော အမြင် ကြောင့်ပင် စပါးပေးဖြင့် ငှါးရမ်းထားသည့်ကျောင်းဆရာလေး ကိုနိုင်ဝင်းသည်လည်းကောင်း၊ စာကြည့်တိုက်မှူး ကိုသောင်းရွှေသည်လည်းကောင်း ရွာလေး၏ မော်ဒန်လူငယ်တစ်သိုက်က အပြီးသတ်ရွေးချယ်လိုက်ပြီးသော နောက်ဆုံးပေါ်နိဗ္ဗာန်ဆော်များအဖြစ် မော်မော်ကြွားကြွား လမ်းသလားနေကြပြီဖြစ်ပါ၏။ “ဟဲလို တက်စ်တင်း ၀မ်းတူးသရီး”များကိုပင် ခရီးတစ်သောင်းပေါက် ချောင်းခြောက်တွေဆိုးအောင် အသံစမ်းနေကြပြီဖြစ်ပါ၏။
သူ့ဒကာ ဆရာဒုံးကား တရားပွဲဖြစ်မြောက်ရေး အမာခံစပွန်ဆာကြီးအဖြစ် ဣနြေ္ဒကြီးတစ်ခွဲသားနှင့် သူ့အနား မှာ ခပ်တည်တည်လာရောက်ထိုင်နေခဲ့ပါ၏။ ဆရာဒုန်းကား အိမ်မှာရှိသမျှ မီးစက်၊ အသံချဲ့စက်မှန်သမျှကို အကုန်ထုတ်ပေးခဲ့ပြီးသည့်နောက် ၀င်ရောက်မစွက်ဖက်ရေးမူဝါဒဖြင့် ခပ်အေးအေးကြီးလုပ်နေခြင်းပင်ဖြစ်တော့ ၏။ ရွာလူကြီးကိုလှမြင့်၊ လူပျိုခေါင်းကိုလှမိုးတို့သည်ကား ထိုး၍ မပြီး မိုး၍ မပြီးသေးသော မဏ္ဍပ်တော်ကြီးကို ကြီးကြပ်လိုက်၊ သူ့အနားပြေးလာလိုက်ဖြင့် တရားပွဲဖြစ်မြောက်ရေးကော်မတီဗွီအိုင်ပီကြီးများဖြစ်နေပေတော့ ၏။
တရားဟောသည့်အခါ ရေအေးကပ်ရမှာလား၊ ရေနွေးကပ်ရမှာလား၊ မိုက်ခရိုဖုန်းကို ဟန်ပါပါလက်က ကိုင်ပြီး ဟောမှာလား၊ ဒေါက်တိုင်စတန်းဒ်လေးနဲ့ ဟောမှာလား၊ ဓမ္မာသနပလ္လင်တော်မှာ စပယ်ပန်းကို ဆင်ရမလား၊ သနပ်ခါးရေ မွှေးမွှေးလေးကိုပဲ ဖြန်းပေးရမလားစသည်များကို ဘယ်ကကြားဖူးထားကြသည်မသိ ၊တတိတိဖြင့် လာရောက်မေးမြန်းကြပြန်ချေသေးသည်။ အော် သူကား မည်သို့မည်ပုံဖြေကြားရပါ့၊ အစဉ်အလာလော ထွင်တာလော စောကြောချိန်မရှိ၊ သင့်လျော်သလိုသာ စီမံကြပါဘိလုပ်ရချေတော့သည်။
သူကတော့ တရောရော တဝေါဝေါဖြင့် ၀င်လာမစဲ တသဲသဲဖြစ်သော ရပ်နီးရပ်ဝေး ဆွေဝေးမျိုးဝေး တစ်သောင်း တစ်ကျိပ်လေးကုန်သော တရားနာပရိသတ်တို့နှင့် ဆွေမျိုးစပ်ကာ အလ္လာပ သလ္လာပ စကားဆိုနေရဆဲပင် ဖြစ်ပါ၏။
(၃)
ထိုအချိန်မှာပင် ဖိုးလေးမြက သူ့အနားသို့ အသာတိုး ကပ်လာခဲ့ပါလေသည်။
“ဦးဇင်းဘုရား ဘွဲ့တွေကများ ဘိလပ်စာတွေနဲ့လည်း ရေးထားဆိုတော့ တပည့်တော်က မျက်စိမှုံမွှားမွှားနဲ့မို့ အကုန်မဖတ်ကြားနိုင်ဘူးကိုးဘုရာ့။ မြန်မာစာပီပီသသနဲ့ ကြည်ကြည်ရှင်းရှင်းကြီး လင်းအောင်ရေးပေးစမ်း ပါဘိ”တဲ့။
သူအနေဖြင့် မွေးရပ်မြေရွာလေးသို့ ရောက်တုံခိုက်တွင် ဆုံကြိုက်သမျှအရေးကို စိတ်အေးစေချင်သူပါတည်း။ သိဒ္ဓိတင်ပေး၊ ဘလက်ဇင်း(Blessing)ပေး၊ တောင်းဆိုလာပါက အော်တို(Auto)ပါ ရေးပေးဆိုလည်း ရေးပေးရ ပေတော့မည်။ သို့နှင့် ဖိုးလေးမြကို အတိုးလေးချကာ ဘွဲ့အရင်းအပြင် မြန်မာဖိနပ်သစ်(Phonetics)ဟု ထင်ရှားသည့် နောက်သိုးပစ်လည်းပါ ငသတ်လည်းပါ မရေရာသော စာလုံးပေါင်းအသံထွက်များကိုပါ ထပ်ခြစ် ပေးရပြန်သတည်း။
သူရေးခြစ်ပေးလိုက်သည့် စာရွက်လေးကိုဖြန့်ခါ ဖတ်ပြပါဆို၍ (၈)ခါနှင့် မပြီး(၁၂)ခါနှင့်မပြီး တံတွေးသီးအောင် ပင် ဖတ်ပြရပါသေး၏။ စိတ်ကျေနပ်လောက်ပြီထင်သောအခါ သုတ်ကနဲထ ရုတ်ကနဲပျောက်နည်းစနစ်ဖြင့် ဖိုးလေးမြကား ထွက်သွားလေတော့၏။ ဆေးလိပ်တစ်ဖွာနှစ်ဖွာ ကွမ်းတစ်ယာမညက်တညက် ကွန်ပြူတာ ကော်နက်ရှင်း မတက်တတက်အချိန်မှာပင် အစဦးက ဖော်ပြခဲ့သော တရားနာဖိတ်ခေါ်ဟန် နိဗ္ဗာန်ဆော်သံကြီး ကို ကြားရခြင်း ဖြစ်တော့သည်။
အော် လုပ်ရက်နိုင်သူကြီး ဖိုးလေးမြ၊ စွမ်းနိုင်သူကြီး မြပေတကား။ မိုက်ခရိုစခန်းကို ဗီတိုသုံးကာ ရမ်းလေ ပြီကော မြ၊ သာသနတက္ကသီလဓမ္မာစရိယကို သာသနနှင့် တက္ကသီလဟု နှစ်ဖြတ်ခွဲကာ ကာရံ ကိုက်၏။ ထို့နောက် ကျန်နေသည့်ဓမ္မာစရိယကို နောက်မှာရေးခြစ်ပေးလိုက်သည့် ဗုဒ္ဓဓမ္မဒီပလိုမာနှင့် တွဲစပ်၏၊ ကာရံ အကိုက်ကို အမီ လိုက်ရရှာသည်ထင့် အော် ဂန္ထ၀င်ကြိုက်ဖိုးလေးမြ။
ပြီးတော့လည်း ကြည့်ပါဦး။
B.A(Buddhism) ကို ဘီအေ ဗူးသီးစင်
B.A (BDh)ကို ဘီအေ ပုတီးအိပ်
M.A(Part-2)ကို အမေးဗထူး
M.A(Pali)ကို အမေးပါဠိ
PhD(Research)ကိုတော့ ပရိတ်ချည် ရက်ဆား တဲ့။
ဤသို့ဖြင့်သာ သူ့ရွာလေး၏ အထူးဒေသနာ မဟာတရားပွဲကြီးကား နိဒါန်းပျိုးရန် အကြောင်းဖန်ကာ အချိန်နီး ကပ်လာခဲ့ချေပြီတည်း။
“သောင်းထိုက်စကြာဝဠာ တိုင်းနိုင်ငံတကာတွင် (၇)ခါ(၇)လီ ဘွဲ့ချီသပါတဲ့ ပြိုင်စံမပေါ် နိုင်ငံကျော်ကြီးလည်း ဖြစ်ပေထသော”
“သာသနနှင့် တက္ကသီလ၊ ဓမ္မာစရိယနှင့် ဗုဒ္ဓဓမ္မဒီပလိုမာ အစဖြာသော ဘွဲ့အထူးထူးရယ်တဲ့မှ ဘွဲ့အထွေထွေ အပြည်ပြည်(ပြေပြေ)ကျော်ဟိုးပေထသော”
“ဘီအေ ဘူးသီစင် ဘီအေ ပုတီးအိပ်နှင့် အမေး ဗထူး အမေးပါဠိ ပရိတ်ချည်ရက်ဆား ထွားထွားကြိုင်းကြိုင်း ဂုဏ်တံတိုင်းကြီးများသဖွယ် ဉာဏ်ဌေးကြွယ်လှပေသော မဇ္ဈိမတိုင်းနိုင်ငံက အဖန်ဖန်သော ဘွဲ့တော်များကို လည်း လုံ့လအားသည်း ရပြီးဖြစ်ပေထသော”

No comments:
Post a Comment