11 March, 2010

ကိုနောရဲ့တစ်ယောက်တည်းခြောက်တဲ့တစ္ဆေ

“ချစ်သား လောက၌ သေသောသူကိုသော်လည်း ရည်မှန်း၍ ငိုကြွေးကုန်၏။ အသက်ရှင်လျက် ပျောက်ဆုံးနေ သူကိုသော်လည်း ရည်မှန်း၍ ငိုကြွေးကုန်၏။

အကြင်သူသည် ၀တ္ထုကာမဂုဏ်တို့ကို စွန့်ပြီးဖြစ်လျက် တစ်ဖန် ဤလူ့ဘောင်သို့ ပြန်လည်လူထွက်လာ၏။ ထိုသူကိုလည်း ရည်မှန်း၍ ငိုကြွေးကုန်၏။ ဤစကားမှန်၏။ တဖန် ထိုလူ့ဘောင်သို့ ပြန်လည်လူထွက် လာသောသူသည် အသက်ရှင်သော်လည်း သူသေနှင့်တူ၏။


“ချစ်သား အိမ်ရာတည်ထောင်ခြင်းဟူသော ပြာပူမှ တက်ပြီး၍ ပြာပူသို့ ဆင်းခြင်းငှာ အလိုရှိဘိ၏။ချစ်သား ချောက်မှ တက်ပြီးဖြစ်လျက် ချောက်သို့ ကျခြင်းငှါ အလိုရှိဘိ၏။
(သဂါထာဝဂ္ဂသံယုတ်ပါဠိတော်မြန်မာပြန်)


တစ္ဆေကိုက်တဲ့ သင်္ကြန်


မထင်မှတ်ပဲ ပေါက်သွားတဲ့ ဇာတ်ထုပ်
အခုတော့ ကပ်ရှုပ်နေရဲ့
ကိုယ်က အားထည့် ကခဲ့မိတာကိုး....။

မြစ်ကိုကျော်ဖြတ်ရင်း
ကောင်းကင်ကို တည့်မတ်ခဲ့ချင်ရဲ့။
သပိတ်တစ်လုံးနဲ့ စာပုလွေကိုထမ်း ရဟန်းတစ်ပါးရဲ့ သာသနာလမ်းမှာ အလွမ်းများ ဆိတ်သုဉ်းစေသတည်း ။ ဟိုး မြူမှောင်ဝေကင်း နံနက်ခင်းတွေထဲ ပိတောက်သီချင်းတွေနဲ့ သွန်းလောင်းကြ၊ အပြုံးတွေ ဖိတ်စင်ကြ.။ တူးပို့သံတွေပေါ် စကားလုံးတွေ ပြုံးပြုံးပျော်ပျော်ချော်လဲကြ။ အော် ရဟန်းငယ်လေးတစ်ပါးရဲ့ ပြတင်းတံခါးကို လောကုတ္တရာတစ်ခြမ်းနဲ့ ပိတ်ဆို့သင့်လိုက်ပါပေရဲ့။ ခုတော့ ....။

`ဦးနော ဒီကလေ...
မျိုသိပ်ရတာ မနည်းမနော
စောင့်ခဲ့ရတာ ဖတ်ဖတ်မော
သင်္ကြန်မတိုင်ခင် ပြတ်ပြတ်ပြော
ခင်လေးအသက် အစိတ်ပြည့်ပြီရှင့်...။´

မိုးက ပြိုက်လိုက်၊ နေက မြှိုက်လိုက်၊ လေကတိုက်လိုက်နဲ့ ရဟန်းတစ်ပါးရဲ့ နွေဦးဒိုင်ယာရီထဲမှာ ဒီလိုမျိုး ဥပါဒါန်အရင့်အမာနဲ့ ငှက်တစ်ကောင်ဟာလည်း လာနားနိုင်တာပါပဲ။ ရဟန်းတစ်ပါးဟာ ရဟန်းဖြစ်နေရုံနဲ့ သံသရာကြောက်သူကြီးတော့ မဟုတ်ခဲ့လေဘူး။ အရိယာစည်းဝိုင်းအပြင်ဘက်မှာ ချစ်ခြင်းမေတ္တာနဲ့ ကင်းသွား ပြီလို့ ခပ်တည်တည် ငြင်းခွင့်မရှိ။

ဣနြေ္ဒကို ထိန်း၊ ဦးပြည်းစိမ်းစိမ်း၊ နှလုံးသားလည်း စိမ်း ၊ မတိမ်းညွတ်မိအောင် နေမယ့်ဟန် ။ သင်္ကြန်တော် ဦးမှာ စိတ်ရူးကို မွှေခဲ့ပေါ့။ ပိတောက်ဖူးတွေ ကြွေခဲ့ပေါ့။


`တောခိုချင်စိတ်ရယ်နဲ့ သပိတ်ကိုလွယ်,
သားရေနွယ်တဲ့ ရှာတုန်း....၊
ချောင်အနီးမှာလ,

မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ်

မင်း.....လိုက်ခဲ့ဦး.....။´


ဝိမုတ္တိမုခ်ဦးမှာ ရပ်နေမိသူပေါ့။ ရဟန်းတစ်ပါးရဲ့ လမ်းဟာ အနှောင်အဖွဲ့တွေကို ခွာချရစမြဲ၊ ခုတော့ ခွာချထား တာတွေကိုမှ လှအောင် ဖွဲ့မိပြန်သတဲ့။ ခြေလှမ်းဦးက တိမ်ရူးတွေ မြူးရာဆီ၊ အော် တိမ်တွေကြားမှာ စိတ်ဟာ ကောင်းကင်အသားစကို ဆွဲခွာမိခဲ့။ တစ်ယောက်တည်း နေချင်လို့ စိတ်လိုလက်ရနေမိတဲ့အခါ ၀ိဝေက ချမ်းသာတဲ၊့ ခုတော့ ထီးတည်းခေါင်းပါးစွာ ။ ကဗျာတွေရေးပြီး ကဗျာငတ်တဲ့ ရဟန်းတစ်ပါး။

(၀ါး...ဟား...ဟား....ဟီး ဟီး...ဟဲဟဲ...ခစ်ခစ်...ခစ်...အဟစ် အဟစ်)
ရယ်ရတယ် ဟေ့.....၊
ကိုယ်ကတော့ မရယ်နိုင်
တမှိုင်မှိုင်ပေါ့...၊
အသိနဲ့သတိကို ဆွဲစပ်

တွဲကပ်ဖို့ ကြိုးစား

အာရုံကို ဆွဲစု

အလုပ်တစ်ခုထဲ သော့ခတ်ထားလိုက်
ပစ္စုပ္ပန်ကို မျိုချလိုက်
အတိတ်တွေဟာ မိတ်ဆွေ မဟုတ်လားကွယ်...?


လောကကို ငဲ့ပေမယ့် လောကီမဲ့နေ့ရက်တွေထဲ၊ မြင့်မြတ်တဲ့ ကျမ်းစာတော်တွေထဲ အသည်းကွဲရဟန်းတစ်ပါး ရဲ့ နေ့ရက်တွေကို ခေါက်ညှပ်သိမ်းဆည်း။ ဘာပဲဖြစ်ဖြစ် ပြက်လုံးတစ်ခုရဲ့ ကုန်ကြမ်းလို့ ဘယ်တုန်းကမှ ခေါင်းမညိတ်ခဲ့ဘူး။ ဒါဟာ ဒေသနာနဲ့အညီ ချစ်ခြင်း၊ ဒေသနာနဲ့ အညီ ကွေကွင်းခြင်း၊ ဒေသနာနဲ့ အညီ သောက ။ .ဒေသနာနဲ့အညီ အလွမ်း..။ ဒုက္ခသစ္စာရဲ့ အနက်ကို ကိုယ်တိုင်ဖွင့်ကြည့်မိတော့ ခါးတယ်။

`ဆယ်နှစ်ကျော် ပျိုးခဲ့တဲ့အပင်
အခုမှ ဖူးပွင့်စ ကိုယ့်ကို ချက်တဲ့ ဖိုချောင်ယံအတွက်
ရှင်သန်ခဲ့တဲ့ မြေယာအတွက်

အသီးလေးတော့ ကြွေချင်သေးတယ်,

အစဉ်အလာအရ မင်းမှာလည်း အခြားရှိဦးမှာပါ....၊´

ရဟန်းဆိုတာဟာ တစ်ကိုယ်တည်း လွတ်မြောက်ချင်ရုံသက်သက်လေးနဲ့ အိုးအိမ်က ထွက်လာသူမဟုတ်ပေ ဘူး။ မြင့်မြတ်တဲ့သာသနာ့ဝန်ကို ပုခုံးနဲ့ရော စိတ်နှလုံးနဲ့ပါ ၀င်ရောက်ထမ်းရွက်ခြင်းလည်း ဖြစ်ပေရဲ့။ ဒီတော့ လည်း နှောင်ဖွဲ့ချင်ရုံ သက်သက်နဲ့တော့ အိုးအိမ်ဆီပြန်မလှည့်သင့်ပေဘူးတဲ့။ ထမ်းလက်စ၀န်ကို ဘယ်သူ့ပုခုံး ပေါ် ပစ်ချခဲ့မလဲ။ ဒီလိုနဲ့ သာသနာနှစ်နှစ်ထောင့်ငါးရာလွန် မြတ်သောဝန်ကို အားသွန်ခဲ့တဲ့ ရဟန်းတွေထဲ အပျော်ကို၊ဆန္ဒကို၊ဘ၀ကို မြှုတ်နှံခဲ့တဲ့ ပုထုဇဉ်ရဟန်းများကိုလည်း ငါဦးညွှတ်မိတော့ရဲ့။

ရဟန်းတစ်ပါးအဖြစ် ပျိုးမိတဲ့အပင်က သီးနေပြီပဲကွယ်။ အဲဒီပန်းကို တစ်ယောက်တည်းမပန်ပါတော့နဲ့လား။ ရဟန်းတစ်ပါးရဲ့ ဖြစ်စဉ်မှာ အသက်ရှူသံများစွာရဲ့ ချွေးနံ့တွေ လွင့်လာတယ်။ ရဋ္ဌပိဏ္ဍဆိုတဲ့ စကားလုံးဟာ တိုင်းသားပြည်သူတို့ရဲ့ ဆွမ်းတဲ့။ သာသနာတော်အတွက် ရဟန်းတစ်ပါးပေးဆပ်ရမယ့် လေးလံတဲ့ ကြွေးမြီ။ ရှင်သန်ခဲ့တဲ့ မြေယာအတွက် အသီးလေးတော့ ကြွေချင်သေးတယ် တဲ့။ အော် .....။ နှစ်ယောက်အတွက် တစ်ကမ္ဘာထက် တစ်ကမ္ဘာအတွက် နှစ်ယောက်ဖြစ်ကြစို့လား။

`ဒီကောင်လေးက အေးပါတယ်´
သတင်းစကား ချိုလား ခါးလား...?
နှလုံးသားက ငိုလား ပြုံးလား....?
လက်ကိုင်တရား တောင်သွား မြောက်သွား....။

စွန့်လွှတ်ရခြင်းမှာ ရဲရင့်ရပါတယ်။ ပေးဆပ်ရခြင်းမှာ အားစိုက်ထူထောင်ရပါတယ်။ရဟန်းတစ်ပါးရဲ့ နှလုံးသား မှာ ကရုဏာတွေ စိုလက်နေခဲ့တာပါပဲ။ ကရုဏာမှာ စွဲလမ်းကပ်ငြိမှုပါဝင်ကြောင်း မငြင်းလိုတော့ပေမယ့် ရဟန်း ဘ၀ဆိုတာ နာကျင်နေတဲ့လောကကမ္ဘာမြေအတွက် အရိပ်ရသစ်တစ်ပင်ဖြစ်ကြောင်းသေချာတဲ့နေ့စွဲတွေဆီ နှလုံးသားကို ချိတ်ဆက်ခင်းကျင်းလိုက်ပြီ။

“နှမလက်လျှော့နေလေတော့”ထက် “မောင်ကြီး လက်လျှော့လိုက်ပါရစေတော့” ...။တိုးတိုးရွတ်မိတဲ့နာမည်ကို လောကဆွေမျိုးတွေထဲမှာပဲ ဗြဟ္မစိုရ်သံဝဲ၀ဲလေးနဲ့ခပ်ကြဲကြဲရေးထိုးလိုက်ပါရစေတော့။ အော် အနာတရဖြစ် နေတဲ့လက်ကလေးတစ်စုံဟာလည်း နာကျင်နေတဲ့လက်ကလေးတွေကို ဖွဖွလေးဆုပ်ကိုင်ဖြေသိမ့်နိုင်တာပဲ မ ဟုတ်လား။

`တွေ့တဲ့လူနဲ့ သင့်အောင်ပေါင်း
သာအေးက အသာလေး ကျွေးနိုင်တယ် ခင်လေး
သူ့ဆိုက်ကားလေး ရှိနေသရွေ့ပေါ့....၊
မင်း နေကောင်းရင်ပြီးတာပဲ.....။´

ဒီလိုပါပဲ။ ဒီစာကြောင်းလေးရေးမိမှတော့ ဒီအမှတ်ထက်ပိုမရနိုင်တော့ဘူးပေါ့။ ငယ်ငယ်တုန်းက စာဖြေခန်း ထဲမှာ ရခဲ့တဲ့အမှတ်လေးတွေ ရင်ခုန်စရာကောင်းနေတုန်းပဲ။ အခုတော့ နှလုံးသားမှာ ကြက်ခြေတွေ လှောင်ပိတ်နေပေမယ့် အပြုံးမှာ မင်နီတွေ မစွန်းစေနဲ့။ နာတာတော့ နာတာပါပဲလေ။ ဘာပဲဖြစ်ဖြစ် ကျန်းမာ ရေးတော့ ဂရုစိုက်ပေါ့။ စိတ်လက်စ ပုတီးလေးဆက်စိတ်။ မှတ်လက်စတရားလေး ဆက်မှတ် ၊ ဖတ်လက် စစာအုပ်လေး ဆက်ဖတ်...။ အော် ....

လွတ်သွားတဲ့ ငါးက ကြီးလိုက် သေးလိုက်.....၊
ကိုယ့်အလုပ်က ပူလိုက် အေးလိုက်.....၊

ရှေ့ခရီးက မြင်လိုက် ၀ါးလိုက်.....၊
ကိုယ့်ပန်းတိုင်က ဖြူလိုက် မဲလိုက်.....၊
ပုထုဇဉ်ဘ၀ ဖုတ်လှိုက် ဖုတ်လှိုက်....။

ကိုနော
(ကိုနောရဲ့ ကဗျာနောက်ကပ်လိုက်သွားမိတာပါ၊ ကိုနောလျှောက်တဲ့ဆီ မရောက်ခဲ့ရင်တော့ ကဗျာရေးသူရဲ့ ခြေရာမထင်ကျန်မှုသာ အပြစ်တင်ဖွယ်ရှိကြောင်းနဲ့၊ ခင်လေးဟူသော ဝေါဟာရကို အဘိဓာန်များက မဖွင့်ဆို သောကြောင့် ချန်လှပ်ခဲ့ရပါကြောင်း။)
ဓမ္မဂင်္ဂါ

မူရင်းကဗျာ


4 comments:

masoyein said...

ဘုန်းကြီးရေ
ကဗျာရော ရသအက်ဆေးရော ကောင်းသဗျာ။ ဘာလိုလို ညာလိုလို
ဟိုလိုလို ဒီလိုလို-------------

Crystal said...

မျောသွားတယ်၊ မှန်းကြည့်လိုက်အုံးမယ် ဘာမြစ်ပါလိမ့် အော် ဂင်္ဂါပေကိုး ဒါကြောင့်မို့ ရေစီးက သန်၊ အားမာန်အပြည့်နဲ့ လေဟုန် ခွင်းကာ စီးဆင်းနေလိုက်တာ........

pannawa said...

အဲသလို ဝေဖန်တာ အရမ်းမိုက်တာဗျာ၊ နောက်ခင်ကြီုးဇောကိုလည်း ထပ်ပြီးဖတ်ချင်မိပါရဲ့....

Myint Ko said...

ဒီတခါ

ဆရာလို့ ခေါ်လိုက်ပြီ
ကဗျာ တခုလုံး
မော်ဒန်နှလုံးသားနဲ့
ချဲ့ပြလိုက်တာ
ရင်ထဲမှာ “ဟာ” ကနဲ
စွဲ
ကျန်ရစ်တယ်။