05 June, 2010

ဂယာမှာဖတ်ဖြစ်တဲ့နံနက်စာကဗျာ

ဂယာမှာ ရောက်နေတာ နှစ်ပတ်ကျော်သွားပြီ။ ရာသီက ပူအိုက်လှောင်ပိတ်နေတယ်။ ညည အိပ်ဖို့ နေရာရှာရတာ မလွယ်ဘူး။ ခေါင်းအုံး၊ ခြင်ထောင်နဲ့ အိပ်ရာခင်းလေးတွေဆွဲပြီး အိပ်စက်လို့ အဆင်ပြေမယ့် နေရာလေးတွေမှာ တိုးဝှေ့အိပ်စက်ကြရတယ်။

ကျောင်းတော်ကြီးကတော့ ကြီးပါရဲ့။ ဂယာရဲ့ အပူကိုတော့ အခန်းအသီးသီးမှာ ချိတ်ဆွဲထားတဲ့ ပန်ကာတွေက မကျော်လွှားနိုင်ဘူး။ ကျောင်းကြီးတစ်ခုလုံးမှာ နွေကို ဖျောက်ထားနိုင်တာဆိုလို့ လေအေးစက်တပ်ဆင်ထားတဲ့ ညီမူရာ ဘုရားခန်းတစ်ခုပဲ ရှိတယ်။ ဘုရား အရိပ်မှာ အိပ်စက်ဖို့ တိုးဝှေ့ကြရပေါ့။

ဂယာမှာလည်း မီးပျက်တဲ့လောကဓံရှိတယ်။ မီးပျက်ပြီဆိုရင် ချွေးစက်တွေ ရွှဲစို၊ အိပ်မက်တွေ တစ်ဝက်တစ်ပျက် ပဲ့ထွက်ပြီး လန့်နိုးလာကြရပြန်ရော။ ဒီလိုနဲ့ နိုးထချိန်တွေများခဲ့တယ်။ သီတဂူဆရာတော်ကြီး လှူခဲ့တဲ့ အင်ဗာတာဘက်ထရီအကူနဲ့ စာဖတ်ချိန်၊ စာရေးချိန်တွေ ပိုလာတယ်။ ငိုက်မျဉ်းခွင့်မရှိတော့ နိုးကြားမှုကို တန်ဖိုးမြှင့်ခဲ့ပါတယ်။ ကျောင်းတော်ကြီးမှာ စာဖတ်ခန်းလေးလည်း ရှိတော့ စာတွေ အငမ်းမရ ဖတ်ဖြစ်ပါတယ်။

သူ့ရဲ့ ဘလော့စာမျက်နှာတွေကိုလည်း ချဲ့ထွင်နေမိပါတယ်။ မနက်အိပ်ရာ ထတဲ့ အချိန်ကစပြီး ည ၈ နာရီအထိ ကိုယ်ပိုင် အချိန်တွေချည်းပါပဲ။ ည ၈ နာရီမှာတော့ သူက မိတ်ဆွေ ရဟန်းတော်များအတွက် နိုင်ငံတကာပါဠိဘာသာနဲ့ ဗုဒ္ဓဘာသာ အင်္ဂလိပ်စာသင်တန်းလေးကို မျှဝေဖြစ်ပါတယ်။

ရာသီက ပူလွန်းလို့ ဗုဒ္ဓအရှင် ပွင့်ထွန်းရာ မဟာဗောဓိစေတီကြီးကို ရောက်ကြောင်း သတင်းပေး ဦးခိုက်ပြီးကတည်းက နောက်ထပ် မရောက်ဖြစ်သေးဘူး။ ဒီနေ့ မနက်လည်း အိပ်ရာက နိုးထလာတော့ ချွေးတွေလုံးနေပြီ။ ထူးထူးခြားခြား အမေနဲ့ အဖေကို သတိရပါတယ်။ အော် အမေအို အဖေအိုတွေဆီ ပြန်မရောက်နိုင်သေးတဲ့ သားရဟန်းအတွက် ရွှေပြည်ကြီးရဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေက ထစ်အ ပိတ်ဆို့တတ်လွန်းလို့ ဖုန်းလည်း ဆက်မရ။

အင်တာနက် စာမျက်နှာထဲတိုးဝင်ရင်း ကဗျာတွေနဲ့ မျက်နှာသစ်ဖြစ်ပါတယ်။ ဒီမနက်ခင်းမှာ ထိရှသွားတဲ့ ကဗျာလေးတွေပါ။ ကဗျာများအတွက် ကျေးဇူးတင်ပါတယ်။

မေမေ့ပင်လယ်ကူးသင်္ဘောလေး

မေမေ့အပြုံးထဲ
ကျွန်တော်ဟာ စက္ကူလှေလေးရဲ့ မာလိန်မှူး
အသက်သုံးဆယ်အထိ ဘာမှ မထူးခဲ့ဘူး ။

မေမေ့မေတ္တာနဲ့ ဆင်တဲ့ သစ်သားကွပ်ပျစ်ကလေးမှာ
မေမေ့ပေါင်ကို ခေါင်းအုံးလုပ်
သားအိပ်မက်ကလေးတွေ ပြန်အုပ်ချုပ်ပါဦးမေမေ ။

ကော်ဖီလည်း လျော့သောက်ပါတယ်
အိပ်ရေးဝအောင်လည်း အိပ်တယ်
ကွန်ပျူတာလည်း တအားမသုံးဘူး
ဘုရားလည်း မှန်မှန်ရှိခိုးတယ်
ကျွန်တော် ဆက်ညာနေတုန်းပဲ…

ရေခဲတောင်တွေလို မအေးခဲတတ်ဘဲနဲ့
ကျွန်တော်ပင်လယ်ခရီး ထွက်ခဲ့တယ် ။
နှင်းတွေကို မဖြားယောင်းတတ်ဘဲနဲ့
ကျွန်တော် ဆောင်းရာသီထဲ ခုန်ချခဲ့မိပါပေါ့ ။

မောဟတန်းလန်းနေ့စွဲတွေထဲ
တစ်နေ့တစ်လံ
တစ်နေ့တစ်လံနဲ့ပဲ
မေမေရှိတဲ့အရပ်နဲ့ ဝေးသထက် ဝေးနေတုန်း ။

မေမေတွေ့လား
ခိုက်ခိုက်တုန်သတိရစိတ်နဲ့
ညက
ကျွန်တော်
အိမ်ပေါ် ပြန်ပြေးတက်လာခဲ့တယ် ။


လင်းဒီပ
၁၈၀၃.၁၀


ဂန္တ၀င်တေး

နှစ်ပေါင်းများစွာ
လက်ဆင့်ကမ်းဟစ်ကြွေးခဲ့ရ
ဒီစာသား
ဒီသံစဉ်
စီးဆင်းမှုအားကောင်းခဲ့…

ကဲ သား
ဆိုကြည့်စမ်း
သီချင်းက မင်းလက်ထဲမှာ…။

အောင်ဘညို
Beauty၊ ဇူလိုင်၊ ၂၀၀၉

နံနက်စာကိုတော့ ဗိုက်ဟောင်းလောင်းနဲ့ပဲ ကျော်ဖတ်လိုက်ပါတယ်။ ကဗျာတွေက စိတ်ကိုတော့ ၀သွားစေ တာကိုး။ အဲ စင်ကာပူယူနို့စ်မင်္ဂလာဝိဟာရမှာ နာဂစ်အလှူအတွက် ဟောကြားထားတဲ့ သီတဂူဆရာတော်ရဲ့ တရားတစ်ပုဒ်ကိုလည်း အပြည့်နာယူဖြစ်ပါသေးတယ်။
ဓမ္မဂင်္ဂါ
ဗုဒ္ဓဂယာ
၅-၆-၂၀၁၀

1 comment:

မော်ကွန်းသစ် said...

ကျွန်တော် ဆက်ညာနေတုန်းပါပဲ။