18 July, 2010

ဗန်းမော်ဆရာတော် နိုင်ငံတော်သံဃာ့မဟာနာယကဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံရ

ယနေ့(၁၉-၀၇-၂၀၁၀ အာဇာနည်နေ့)ထုတ် မြန်မာ့အလင်းသတင်းစာနဲ့ ကြေးမုံသတင်းစာတွေမှာ ဆဋ္ဌအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အထူးအစည်းအဝေးသတင်းကို ဖတ်ရပါတယ်။ အဲဒီအစည်း အဝေးကြီးမှာ မကွေးဆရာတော်ကြီးပျံလွန်တော်မူသွားလို့ လစ်လပ်နေတဲ့ နိုင်ငံတော်ဗဟို သံဃာ့ဝန် ဆောင်အဖွဲ့ ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်အဖြစ် ဗန်းမော်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသကို ဆန္ဒပေးရွေး ချယ်တော်မူခဲ့ကြပါသတဲ့။

လွန်ခဲ့လကမှ ဂျပန်နိုင်ငံက သာသနာပြုပြီး ပြန်ကြွသွားတော်မူတဲ့ ဗန်းမော်ဆရာတော်ကြီးဟာ ဒီနေ့ခေတ်မှာ ပိဋကတ်စာပေနဲ့ ပတ်သက်ရင် ပြိုင်ဘက်မရှိကျော်ဇော်တော်မူပြီး သံဃာထုတစ်ရပ်လုံးရဲ့ လေးစားခြင်း ခံတော်မူရတဲ့ ဆရာတော်ကြီးတစ်ပါးဖြစ်ပါတယ်။ မင်းကွန်း တိပိဋကဆရာတော်ကြီးကိုယ်တိုင် ယုံကြည်ကိုးစား တော်မူခဲ့ပြီး မင်းကွန်း တိပိဋကလောင်းလျာများကို စာပေပို့ချပေးဖို့ လွှဲအပ်တော်မူခြင်းခံခဲ့ရပါတယ်။ ဆဋ္ဌ တိပိဋကဓရဆရာတော် အရှင်ဝါယာမိန္ဒာဘိဝံသအပါအ၀င် မျိုးဆက်သစ် တိပိဋကဓရ ဆရာတော်များကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ ဆရာတော်ကြီးပါ။

ဗန်းမော်ဆရာတော်ကြီးဟာ မင်းကွန်းဆရာတော်ကြီးလိုပဲ နာမည်ကျော်သကျသီဟအသင်းကြီးရဲ့ ပရိယတ္တိ သာသနဟိတစာမေးပွဲမှာ ထူးချွန်ထက်မြက်စွာ အောင်မြင်တော်မူခဲ့လို့ ၀ဋံသကာဘွဲ့ထူးကို ဆွတ်ခူး တော်မူခဲ့ပါတယ်။ သကျသီဟအသင်းတော်ကြီးရဲ့ နှစ်တစ်ရာသက်တမ်းအတွင်းမှာ မင်းကွန်း ဆရာတော်ဘုရား၊ စာရေးဆရာကြီး ဦးရွှေအောင်၊ နည်းသစ်အင်္ဂလိပ်သဒ္ဒါဆရာ ဦးသောင်းလွင်( အရှင်သုမန ဘီအေ) တို့အပါအ၀င် ၀ဋံသကာဘွဲ့ဆွတ်ခူးခဲ့သူဟာ ကိုးဦးမျှသာ ရှိခဲ့တယ်လို့ မှတ်သားဖူးပါတယ်။

ဗန်းမော်ဆရာတော်ကြီးဟာ သာသနာရေးဆိုင်ရာ စာမေးပွဲတွေမှာ အခြားဘွဲ့တံဆိပ်များစွာကိုလည်း ဆွတ်ခူး တော်မူခဲ့ပါသေးတယ်။ မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှာ စာပေးစာယူစနစ်နဲ့ တက္ကသိုလ်ပညာရေးကို ဆည်းပူးခဲ့တဲ့ ဆရာတော်ကြီးဟာ ၀ိဇ္ဇာဘွဲ့နှင်းအပ်ခြင်းလည်း ခံယူတော်မူခဲ့ရပါတယ်။ ပိဋကတ်သုံးပုံ အင်္ဂလိပ် ဘာသာပြန်ဆိုရေး အဖွဲ့ကြီးရဲ့ တစ်ပါးတည်းသော နာယက ဆရာတော်ကြီးလည်းဖြစ်ပါတယ်။ သာသနာရေး ၀န်ကြီးဌာနက ထုတ်ဝေတဲ့ အင်္ဂလိပ်ပိဋကတ်ဘာသာပြန်စာအုပ်တိုင်းရဲ့ ရှေ့ပိုင်းစာမျက်နှာမှာ ဆရာ တော်ကြီးရဲ့ ဘွဲ့တော်ကို ထင်းထင်းကြီးတွေ့ရပါလိမ့်မယ်။

ရဟန်းသာမဏေတွေကို အဆင့်မြင့်ပိဋကတ်စာပေပို့ချတော်မူခဲ့ပြီး သာသနာတော်တွင်းမှာ သတင်းမွှေးတဲ့ ဗန်းမော်ဆရာတော်ကြီးကို ရန်ကုန်မြို့မှာ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကြီး တည်ထောင်တော့ ပါမောက္ခမဟာဌာနမှူးအဖြစ် ဆောင်ရွက်ပေးဖို့ ပင့်ဖိတ်ခြင်းခံခဲ့ရပါတယ်။ အဲဒီ တက္ကသိုလ်ကြီးမှာ နိုင်ငံတကာနဲ့ မြန်မာသင်တန်းသားရဟန်းရှင်လူတွေကို အင်္ဂလိပ်ဘာသာနဲ့ အဘိဓမ္မာ ကျမ်းစာနဲ့ အခြားပိဋကတ်စာပေတွေကို ပို့ချပေးတော်မူခဲ့ပါတယ်။

ဆရာတော်ကြီးရဲ့ သာသနာတော်အရေးဆောင်ရွက်တော်မူခြင်းနဲ့ ပိဋကတ်စာပေအသိပညာတွေကြောင့် နှစ်စဉ်နှစ်တိုင်းပေးနေကျ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တွေများစွာအပြင် ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်က ဒီလစ်(D.Litt)ဘွဲ့ဆက်ကပ်ခြင်းကို အလှူခံရရှိတော်မူပါတယ်။ (ဘွဲ့တွေက များလွန်းလို့ မဖော်ပြတော့ပါ၊ သည်းခံပါ ဆရာတော်ဘုရား) ၂၀၀၉ ခုနှစ်မှာတော့ သက်တော်ရှစ်ဆယ်ပြည့်ပြီမို့ ဒုတိယ ပါမောက္ခချုပ် တာဝန်က အနားယူတော်မူခဲ့ပါတယ်။

ဒါပေမယ့် သာသနာတော်က ဗန်းမော်ဆရာတော်ကို လိုနေပါသေးတယ်။ ၂၀၁၀ မှာ နိုင်ငံတော် ဗဟိုသံဃာ့ ၀န်ဆောင်အဖွဲ့ထဲ ၀င်ပြီး သာသနာတော်အရေးဆောင်ရွက်ဖို့ သံဃာတော်များရဲ့ တောင်းပန် တိုက်တွန်းချက်အရ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖြစ် ၀င်ရောက်ဆောင်ရွက်ခဲ့ရာမှာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြီးရဲ့ အကျိုးတော်ဆောင်ချုပ်အဖြစ် ရွေးချယ်ခြင်း ခံတော်မူခဲ့ရပါတယ်။

ဗန်းမော်ဆရာတော်ဘုရားကြီး အကျိုးတော်ဆောင်ချုပ်အဖြစ်ထမ်းဆောင်နေစဉ်မှာ ဥက္ကဋ္ဌ မကွေးဆရာ တော်ကြီး ပျံလွန်တော်မူလို့ လစ်လပ်သွားတဲ့ နိုင်ငံတော် သံဃမဟာနာယကဥက္ကဋ္ဌ ဆရာတော်ကြီး နေရာမှာ ဗန်းမော်ဆရာတော်ကြီးကို ဆက်လက်ရွေးချယ်လိုက်ပြီလို့ ဒီနေ့ထုတ် သတင်းစာမှာ ဖတ်လိုက်ရပါပြီ။ အာဇာနည်နေ့မှာ သသနာ့အာဇာနည်တစ်ပါးကို ရွေးချယ်နိုင်ခဲ့ပါပြီ။ ဗန်းမော်ဆရာတော်ကြီးဟာ နိုင်ငံတော်သံဃမဟာနာယက အကျိုးတော်ဆောင်ချုပ်တာဝန်မှ နိုင်ငံတော်သဃမဟာနာယကဥက္ကဋ္ဌ ဆရာတော်ကြီးအဖြစ် သာသနာတော်အရေးကို ဦးဆောင်ရတော့မှာ ဖြစ်ပတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးရဲ့ (၁၉၈၀ မှ ၂၀၁၀ အထိ) သက်တမ်း နှစ်ပေါင်းသုံးဆယ်ကာလအတွင်း

ဥက္ကဌဆရာတော်ကြီးများကတော့
၁။ပဲခူးမြို့မဆရာတော်ဘုရားကြီး
၂။ မြင်းခြံ ကိုးဆောင်ဆရာတော်ဘုရားကြီး
၃။ မကွေး မဟာဝိသုတာရာမဆရာတော်ကြီးတို့ ဖြစ်ကြပါတယ်။

အကျိုးတော်ဆောင်ချုပ်ဆရာတော်များကတော့
၁။မင်းကွန်းတိပိဋကဓရဆရာတော်ဘုရားကြီး
၂။သံလျင်မင်းကျောင်းဆရာတော်ဘုရားကြီး
၃။မကွေးဆရာတော်ဘုရားကြီး
၎။ညောင်တုံးဈေးကျောင်းဆရာတော်ဘုရားကြီး
၅။ဗန်းမော်ဆရာတော်ဘုရားကြီးတို့ ဖြစ်ကြပါတယ်။

ယခုနှစ်မှာတော့
နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌဆရာတော်အဖြစ် ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသနဲ့
နိုင်ငံတော်သံဃာမဟာနာယကအကျိုးတော်ဆောင်ဆရာတော်အဖြစ် ရန်ကုန်မြို့ ခြောက်ထပ်ကြီး ဘုရားကြီးတိုက်ဆရာတော် ဘဒ္ဒန္တခေမိန္ဒသာမိတို့ကို ဆန္ဒပေးရွေးချယ်လိုက်ပြီဖြစ်ပါတယ်။

မဟာနာယကသမိုင်းတစ်လျောက်မှာ မကွေးဆရာတော်နဲ ဗန်းမော်ဆရာတော်တို့နှစ်ပါးသာ တာဝန်ကြီး နှစ်ရပ်လုံးကို ထမ်းဆောင်ခွင့်ရခြင်းပါပဲ။ ဗန်းမော်ဆရာတော်ကြီးဟာ ပဋ္ဌာန်းအမြဲရွတ်လေ့ရှိတယ် လို့ ပြောလေ့ရှိသလို ပဋ္ဌာန်းရွတ်ကြဖို့လည်း ပဋ္ဌာန်းအကျိုးတရားတွေကို တဖွဖွဟောလေ့ရှိပါတယ်။

ဓမ္မဂင်္ဂါ
၁၉-၀၇-၂၀၁၀

စာကြွင်း၊ ဗန်းမော်ဆရာတော်ကြီးနှင့် ပတ်သက်၍ ကိုးကားရည်ညွှန်းစရာ စာအုပ်စာတမ်းအနီးအနားမှာ မရှိပါ၍ မှတ်မိသိရှိ အားကျမိသမျှကိုသာ ရေးသားဖော်ပြလိုက်ရပါကြောင်း။ မင်းကွန်း ဆရာတော်ကြီး တစ်ပါးတည်း ကိုသာ အကျိုးတော်ဆောင်ချုပ်ဟု ဂုဏ်ပြုသုံးစွဲပြီး နောက်ဆရာတော်များကိုတော့ အကျိုးတော် ဆောင်ဆရာတော်ဟုသာ ရိုးရိုးသုံးစွဲကြောင်း ...။

4 comments:

Crystal said...

ဝမ်းမြောက်စရာ သတင်းတစ်ပုဒ်အတွက် သာဓုခေါ်လိုက်ပါတယ်ဘုရား။

The Bliss Of Emancipation said...

သာဓု ဘန္တေ။ သာဓု သာဓု။

The Bliss Of Emancipation said...

သာဓု ဘန္တေ။ သာဓု သာဓု။

Unknown said...

- ဗန်းမော်ဆရာတော် ဘာလဲ ဘယ်လဲဆိုတာ ဂင်္ဂါတို့ ကောလင်းကလူတွေ (အထူးသဖြင့် သာသနာရေး စိတ်ဝင်စားတဲ့ ဘုန်းကြီးတွေ) အသိဆုံး မဟုတ်လား။ ဗန်းမော်ဆိုတဲ့ နာမတော်ဟာ အဲ့ဒီအချိန်ကစပြီး ပိုမိုလင်းလက်လာခဲ့တယ် ထင်တာပဲ။ အဲ့ဒါတွေ ကျန်ခဲ့ပါပြီ။
- တစ်ခါတစ်ခါ ကျတော့လည်း ဘုန်းရှင်ကံရှင် ဘာရှင်ညာရှင်တွေရဲ့ ဟိုအရိပ် ဒီအရိပ်တွေအောက်မှာ အဲ့ဒီအရှင်မြတ် မှောက်ကပ် ပြားဝပ် ပိညပ် နေခဲ့ရတာတွေလည်း ရှိတာပေါ့။ သီလ သမာဓိ ပညာ နဲ့ လုပ်သက်အတွေ့အကြုံတွေကို မထီလေးစား (နိုင်လိုမင်းထက်) ပြုခံခဲ့ရ၊ ဘုရားကအောက် မျောက်ကအထက်။ ဖြစ်ပျက်ခဲ့သမျှ ဘယ်သူပြုတဲ့ ဘယ်သူ့အမှုတွေပါလိမ့်?။ ဒါတွေလည်း ပြီးခဲ့ပါပြီလေ။
- ထိုက်တန်လို့ပဲ ဒီနေရာ ရောက်လာတာပေါ့ ဟ။ ဆရာတော်ကြီးရဲ့ သီလ သမာဓိ ပညာ ဘာပြောစရာ လိုလို့လဲ။ အင်း။ အထူးတလည် ၀မ်းသာစရာတော့လည်း မဟုတ်ပါဘူး ကွာ။ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်း၊ လက်မှတ်ထိုးခြင်း၊ ခေါင်းငြိမ့်ခြင်း စတဲ့စတဲ့ ဥက္ကဋ္ဌဆရာတော်ကြီးတစ်ပါးရဲ့ သာသနာရေးရာ ပဓာနကိစ္စရပ်တွေကို စွမ်းစွမ်းတမံ ဆောင်ရွက်ဖို့ ဒီလောက်ထိ အရည်အချင်းတွေ ပြည့်ဝစရာ လိုတာမှ မဟုတ်တာပဲ။
- ဘာပဲဖြစ်ဖြစ် "ဆရာတော်ကြီး ကျန်းမာပါစေ။"