31 December, 2010

၂၀၁၀ ပုဇွန်ဆီရောင်သင်္ခါရ

၂၀၁၀ ခုနှစ်၏ သင်္ခါရတရားသည် ပုဇွန်ဆီရောင်တောက်ပနေလေသည်။ မကြာမီတွင် သူ့ဒိုင်ယာရီ စာအုပ်လေး၏ နောက်ဆုံးဝါကျကို အဆုံးသတ်နိုင်တော့မည်။ ဘာပဲပဲဖြစ်ဖြစ် လောကဓမ္မများကို အလိုတူသည်ဖြစ်စေ အလိုမတူသည်ဖြစ်စေ လက်ဆွဲနှုတ်ဆက်နိုင်ရန် ၂၀၁၁ သံခင်းတမန်ခင်း စာမျက်နှာအသစ်ကို ဖွင့်လှစ်လိုက်ပါမည်.....။

ဧဟိ သွာဂတံ (လာခြင်းကောင်းပါစေ)...

နှစ်တစ်နှစ်ဆိုသည်မှာ သူ့အတွက်တော့ စုတ်ချက်များစွာဖြင့် ပွတ်သပ်ရေးခြစ်ထားသော အရောင် စိုစိုဖြတ်သန်းမှုဖြစ်သည်..။ နှစ်တစ်နှစ်၏ ပထမဆုံးနေ့ရက်ကို ပြန်လည်ဖတ်ရှုရသည့်အခါ တက်ကြွ ထက်သန်ရသလောက် နောက်ဆုံးနေ့ရက်ကို တံခါးခေါက်မိသောအခါ သူကိုယ်တိုင်၏ ၃၆၅ ရက်စာ ပေါ့ပျက်မှုနှင့် လေးနက်မှု၊ လူပီသမှုနှင့် လူမဆန်မှု၊ ရိုးသားမှုနှင့် ၀င့်ဝါမှု၊ စသည်လောကီခြင်းရာတို့ဖြင့် စွတ်စိုလိုက်၊ မှေးမှိန်လိုက်ဖြစ်ရပြန်လေသည်..။

မည်သို့ဆိုစေ သက္ကရာဇ်အလဲလဲအပြိုပြိုကြားတွင် ကျန်းမာပျော်ရွှင်အောင်မြင်ထက်မြစွာ ဖြတ်သန်းနိုင်ကြဖို့ အားလုံးအတွက် ဆုတောင်းလိုက်ပါသည်...။

We are The World

ကျေးဇူးတော်ရှင်မင်းကွန်းဆရာတော်ဘုရား၏ မေတ္တာပို့သံက နှစ်လိုဖွယ်ဖြစ်စွာ ခပ်အောအော စီးလာ၏..

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

ဆင်းရဲလိုခြင်း အချင်းချင်းကင်းရှင်းကြပါစေ။

အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။

ကမ္ဘာမြေ၏ အသစ်သစ်သော ချစ်ခြင်းမေတ္တာလက်များ ချဲ့ထွင် ယှက်နွှယ် ဖွဲ့စည်းနိုင်ပါစေသား........

ဓမ္မဂင်္ဂါ

(2010)

29 December, 2010

၂၀၁၀ ဓမ္မဂင်္ဂါနောက်ဆုံးဝိကီလိခ်

(၁)

စာသင်ခန်းထဲက ထွက်လိုက်သည်နှင့် နှင်းဦးထုပ်ပျော့ပျော့ဆောင်းထားသော မိဂဒါဝုန်လေညှင်းသည် တက္ကသိုလ်ပရိဝုဏ်မြက်ခင်း စိမ်းစိမ်းများပေါ်နားနေသည့် ငှက်ငယ်များကို တိုးဝှေ့ကာ သူ့ရင်ဘတ်ကို ဖွဖွလေး ပုတ်လေသည်။ သူက အမိန့်ကြော်ငြာစာ စာရွက်လေး တစ်ရွက်ကို ပြန်လည် ဖတ်ရှုနေမိပြန်သည်။ ၂၀၁၁ ဇန်န၀ါရီလတွင် ကျင်းပမည့် နိုင်ငံတကာသံဃာ့ညီလာခံကြီးကျင်းပရေးကော်မတီဝင် အဖြစ် သူ့ကို ခန့်အပ်ကြောင်း ကြေငြာချက်ဖြစ်သည်။

ထိုကြေငြာချက်မထွက်မီ လွန်ခဲ့သော ရက်ကပင် ညီလာခံကျင်းပရေး ကော်မတီ ဥက္ကဋ္ဌြ့ဖစ်သူ ပါမောက္ခဒေါက်တာရှဆကြိက သူ့ကို ဖိတ်ကြားကာ ၀ိနည်းဆိုင်ရာ ပိဋကတ်ဝေါဟာရများကို သက္ကဋ၊ အင်္ဂလိပ်စကားလုံးများနှင့် ညှိနိုင်းပေးဖို့ အကူအညီတောင်းထားသေးသည်။ နေ့လည်ပိုင်းမှာတော့ တက္ကသိုလ် ဒုတိယ-အဓိပတိ(ပါမောက္ခချုပ်) ရုံးခန်းက ဖုန်းဆက်ဖိတ်ကြားကာ ကော်မတီအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ပေးဖို့ အဆိုပြုခန့်ထားခဲ့တော့သည်။ ယနေ့နံနက် တရားဝင် အမိန့် ကြော်ငြာစာ ထွက်လာခြင်းဖြစ်သည်။

သူသည် နိုင်ငံတကာသံဃာ့ညီလာခံကြီးတွင် စာတမ်းဖတ်ကြားသူအဖြစ်သာမက မင်္ဂလာပါဠိဂါထာရွတ်ဆိုကာ အခမ်းအနားဖွင့်ရန်လည်း တာဝန်ယူထားရသေးသည်။ သူ့မိတ်ဆွေများကတော့ ညီလာခံပြီးလျှင် သူ့ဘလော့ကို မဖွင်တော့ဟု အတိအလင်းကြေငြာထားကြသည်။ အခမ်းအနားတွင် ၁၊ ဒလိုင်လားမား ရဟန်းမင်းကြွရောက်လာခြင်း၊ ၂၊ ဆီမီးညှိထွန်းခြင်း ၃၊ ဘဒ္ဒန္တ၀ိစိတ္တသာရ (ပါဠိဌာန ဧည့်ပါမောက္ခ)က ပါဠိဘာသာဖြင့် မင်္ဂလာဂါထာရွတ်ဆိုခြင်း ဟူသော အစီအစဉ်များကို သူ့မိတ်ဆွေများအား သူက ကြိုတင်ကြွားစနစ်ဖြင့် ချပြထားခြင်းကြောင့် ဖြစ်သည်။ ကမ္ဘာကျော်မည့်ကိစ္စ မနာလိုမဖြစ်ကြလေနှင့် ငါ့ရှင်တို့ ..;)

မင်္ဂလာပါဠိဂါထာရွတ်ဆိုရာတွင် သူတစ်ဦးတည်း ရွတ်ဆိုခြင်းထက် သူ့တပည့်ကျော် တိဘက် ဘုန်းကြီးလေး များနှင့် တွဲဘက်ရွတ်ဆိုရလျှင် ပါဠိဌာနဖွင့်လှစ်ထားခြင်း၏ အသီးအပွင့်ကို ဒလိုင်လားမား ရဟန်းမင်းကြီးကိုယ်တိုင် မြင်တွေ့ခွင့် ရသွားနိုင်ပါသည် ဟူသော သူ့အဆိုကို ကော်မတီက လက်ခံသည့်အတွက် မင်္ဂလာဂါထာရွတ်ဆိုနည်းကို သင်ပေးနေရသည်။ မြန်မာသံဖြင့် မဟုတ်ဘဲ နိုင်ငံတကာအသံဖြင့် ပူဇော်ရွတ်ဖတ်ရန်သာ သင်ကြားပေးမိသည်က နိုင်ငံတကာကို ကိုယ်စားပြုသော မြန်မာရဟန်းတစ်ပါးအဖြစ် သူနှစ်ခြိုက်ပျော်ဝင်မိ၍ ဖြစ်သည်။

(၂)

ဒီဇင်ဘာ ၂၆ ရက်နေ့က ဗုဒ္ဓဂယာတွင် ကျင်းပခဲ့သည့် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ကြီးဧကာဒသမနှစ်ပတ်လည် အစည်းအဝေးတွင် အဖွဲ့ကြီး၏ အထွေထွေအတွင်းရေးမှူး တာဝန်မှ အနားယူပြီးဖြစ်ကြောင်းနှင့် ဒွါဒသမနှစ်ပတ်လည် သက်တမ်းအတွက်လည်း ရွေးကောက်ပွဲ မ၀င်တော့ကြောင်း သံဃာတော်များထံ ခွင့်ပန်လျှောက် ထားခဲ့ပြီးဖြစ်သည်။ (မိတ်ဆွေရဟန်းတစ်ပါးကတော့ ပြန်ရွေးမယ် ထင်လို့လား ဟု ပြုံးပြုံးလေး မေးသည်။ အဟမ်း အဟမ်း )

အိန္ဒိယသို့ ထွက်လာခြင်း၏ အဓိကခေါင်းစဉ်ဖြစ်သည့် ပညာရေးလမ်းကို တစိုက်မတ်မတ် ပြန်လည် လျှောက်လှန်းရန် အရေးတကြီးလိုအပ်လာသည်။ ကံကောင်းထောက်မစွာ တိဘက် တက္ကသိုလ်တွင် ဧည့်ပါမောက္ခ ဖြစ်လာခြင်းက သူ့အတွက် တစ်ခါတစ်ရံ ကံဆိုးနိုင်သောကြောင့်လည်း ဖြစ်သည်။ တက္ကသိုလ် ဒုတိယ အဓိပတိက အစ ပါမောက္ခများအလယ် ကျောင်းသားများအဆုံး သူသည် တစ်ဦးတည်သော ထေရ၀ါဒ ပိဋကတ်နားလည်သူဟု ယုံမှတ်ထားကြပြီဖြစ်သည်။ အချိန်မရွေး ပိဋကတ်ဆိုင်ရာ မေးခွန်းများ တက်လာနိုင်သည်။ တကယ်လည်း မေးကြသည်။ ယခုအချိန်ထိတော့ တည့်နေသေးသည်။ တစ်ချိန်ချိန် ထူးအိမ်သင်၏ အလွဲများတွင် သူ့အမည်မပါအောင် ၀မ်းစာဖြည့်ရချေဦးမည်။ (ဖြီးသော ပါမောက္ခမဖြစ်ရေး ဒို့အရေးးး )

မည်သို့ဖြစ်စေ သူ အိန္ဒိယနိုင်ငံကို ရောက်သည့်နှစ်မှ စတင်ကာ အဖွဲ့ကြီးက ပေးအပ်သည့် တာဝန်အရပ်ရပ်ကို ထမ်းဆောင်ခွင့်ရခဲ့သည်က လောကုတ္တရအမြတ်အစွန်းဖြစ်သည်။ အယ်ဒီတာချုပ်အဖြစ် သုံးနှစ်ထမ်းဆောင် ခဲ့သည်။ အဖွဲ့ကြီး၏ ဒုတိယ ဥက္ကဋ္ဌအဖြစ် နှစ်နှစ်တာ ထမ်းဆောင်ခဲ့သည်။ လွန်ခဲ့သော ဧကာဒသမ နှစ်ပတ်လည်မှာတော့ အဖွဲ့ကြီး၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ထမ်းဆောင်ခွင့်ရခဲ့လေသည်။ ထိုနှစ်တွင် ဖွဲ့စည်းလိုက်သည့် ပညာရေးကော်မတီအတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူကာ အဖွဲ့ကြီး ပညာ ရေးမြှင့်တင်မှုအစီအစဉ်များကို မိတ်ဆက်ပေးနိုင်ခဲ့သည် ဟု ယုံကြည်မိပါသည်။ (ယုံချင်ယုံ မယုံချင်နေ မစ္စတာရစ်ပလေ)

(၃)

စင်ကာပူနိုင်ငံ အဘိဓမ္မာဖောင်ဒေးရှင်းမှ အဖွဲ့ဝင်ဥပါသိကာမလေး တစ်ဦးနှင့် အွန်လိုင်းတွင် ဓမ္မမိတ်ဆွေအဖြစ် ကြုံကြိုက်ရာမှ သူ ပါဠိစာပေသင်ကြားပို့ချနေသည့် တိဘက်တက္ကသိုလ်တွင် မြန်မာထေရ၀ါဒပိဋကတ် အစုံလှူဒါန်းရေးဟူသော စိတ်ကူးစိတ်သန်းတစ်ခု ရရှိခဲ့ကြသည်။ သူမက စိတ်အားထက်သန်စွာ သူမတို့၏ အဖွဲ့ဦးဆောင်ပုဂ္ဂိုလ်များ၊ အဖွဲ့ဝင်များကို တင်ပြရာမှ ယခု အခါ လက်တွေ့အကောင်အထည် ဖော်လှူဒါန်းနိုင်မည့် အဆင့်ရောက်နေပြီ ဟု အားတက်ဖွယ်ရာ သတင်းစကား ယမန်နေ့က ရောက်လာသည်။

ဗာရာဏသီတိဘက်တက္ကသိုလ်သည် အမှန်တော့ မဟာယာနဗုဒ္ဓဘာသာဂိုဏ်းဝင်ကျောင်းဖြစ်သည်။ သို့သော် ထေရ၀ါဒပိဋကတ် ကျမ်းစာများကို မြတ်နိုးခုံမင်စွာ သင်ယူလေ့လာရန် တက်ကြွနေကြသည်။ ရဟန်းမင်းကြီး ဒလိုင်လားမားကိုယ်တိုင်က တိုက်တွန်းအားပေးနေခြင်းဖြစ်၍လည်း အထင်ကရတိဘက် တက္ကသိုလ်က ပါဠိဌာနတစ်ခု အပီအပြင်ဖွင့်လှစ်ရန်ကြိုးပမ်းနေခြင်းဖြစ်သည်။ ယခု လောလောဆယ်ဆယ်တော့ ဌာနစိတ်လေး တစ်ခု အဖြစ်သာ မိတ်ဆက်နိုင်သေးသည်။ မကြာမီတွင် ထေရ၀ါဒပိဋကတ်ကျမ်းစာများကို တိဘက်ဘာသာ စကားသို့ ပြန်ဆိုနိုင်တော့မည် ဟု မျှော်လင့်နေကြပြီ။

သို့အတွက် ရည်ညွှန်းကိုးကားစရာ ထေရ၀ါဒပိဋကတ်အစုံလိုအပ်လှသည်။ ထိုကွက်လပ်ကို အ ဘိဓမ္မာဖောင်ဒေးရှင်း မြန်မာလူငယ်များက ဖြည့်ဆည်းပေးကြပါလိမ့်မည်။ တိဘက်တက္ကသိုလ် စာကြည့်တိုက်တွင် ထေရ၀ါဒ ပိဋကတ်ကျမ်းစာများ ထားရှိခြင်းဖြင့်လည်း သူအပါအ၀င် တက္ကသိုလ် ပညာသင်မြန်မာရဟန်းတော်များ အားလုံးအတွက် ပါရဂူဘွဲ့သုတေသနလုပ်ငန်းတွင် ရည်ညွန်းကိုးးကား ကျမ်းများ ရှာဖွေရန်လည်း များစွာ အထောက်အကူပြုပါလိမ့်မည်။

ဤအလှူဒါနမဖြစ်ပေါ်မီက သူကြိုတင်မှာထားချက်တော့ ရှိခဲ့သည်။ တက္ကသိုလ်အမည်ကိုသော်လည်းကောင်း သူ့အမည်ကိုသော်လည်းကောင်း ဖော်ပြကြော်ငြာပြီး အလှူမခံရန်ဖြစ်သည်။ အမှန်တကယ်လည်း ကြော်ငြာမပါဘဲ အလှူက အားရဖွယ်ပြည့်စုံခဲ့ပါသည် တဲ့...။ ကောင်းလေစွ..။ ညီလာခံအမီလှူဒါန်းရန် မြန်မာနိုင်ငံက မည်သို့ သယ်ဆောင်မည်နည်း ဟူသော အရေးသာ ကျန်တော့သည်။

(၄)

သူသည် ငယ်စဉ်က အလုပ်များချင်ဟန်ဆောင်ဖူးသည်။ ဆရာဘုန်းကြီးအကြိုက် စာကြက်ချင်ဟန်ဆောင်သည်။း) ပိဋကတ်သင်ရိုးစာအုပ်ကြားတွင် ကာတွန်းအောင်ရှိန်၏ ဦးရှံစားနှင့် ဦးဒိန်းဒေါင်တို့ ပဲပြုတ်ဝယ်နေကြသည်ကို ဆရာဘုန်းကြီး မသိ..။ သူက လိုအပ်ချက်အရ ဟန်ဆောင်ခြင်းကို ကြိုက်သည်။ မကြားချင်ဟန် မမြင်ယောင်ပြုခြင်းမျိုးဖြစ်သည်။း)

သို့သော် သူက ဟန်လုပ်ခြင်းတော့ မနှစ်ခြိုက်ပါ။ ခုတော့ သူသည် တကယ်အလုပ်များနေကြောင်း ရေးနေသည်လား မသိ။ ပြန်ဖတ်ကြည့်ဦးမှ..။ ဤသည်လည်း ဟန်ဆောင်ခြင်းသော်လည်းကောင်း ဟန်လုပ်ခြင်းသော်လည်းကောင်း ဖြစ်ကောင်းဖြစ်ဖွယ်ရာပေတကား။ သာဓု သာဓု သာဓု မီလျံ..။

ဓမ္မဂင်္ဂါ

(၃၀-၁၂-၂၀၁၀)


အာသဝေါ

အာသဝေါ

အိပ်မပျော်ဘူးလား
လက ညကို တိုးတိုးမေးတယ်..။

ကြယ်တွေလူးလွန့်
ကောင်းကင်တန်မဲ့
ဆူလိုက်တာ..။

ဓမ္မဂင်္ဂါ
(၂၉-၁၂-၂၀၁၀)

11 December, 2010

ကူးဇစ်ဆရာ၏ တရှိဒေလေ့

(၁)

သူ အိပ်ရာမှ စောစီးစွာ နိုးထလာခဲ့သည်။ ဗာရာဏသီဆောင်းသည် ငွေ့ငွေ့လေးသာ အေးနေပြန်သည်။ သူ မျက်နှာသစ်လိုက်တော့လည်း ချမ်းစိမ့်စိမ့်..။ ဇန်န၀ါရီလတွင် ကျင်းပမည့် ဂိုဏ်းပေါင်းစုံ ဗုဒ္ဓဘာသာဝိနည်းညီလာခံကြီးအတွက် စာတမ်းတစ်စောင်ကို ကူးလိုက်ခြစ်လိုက် ရေးနေခဲ့သည်။ မိတ်ဆွေ တစ်ဦးပြောသည့် ကူးဇစ် ကို အမှတ်ရကာ ပြုံးလိုက်၏။

မိတ်ဆွေက ရေးလက်စပါရဂူကျမ်း သီးဇစ်( Thesis) ကို ကူးဇစ်ပါဗျာ ဟု ခပ်ဖော့ဖော့ ရယ်သွမ်းသွေးပြောခြင်းဖြစ်သည်။ ကူးဇစ်ပဲ ဖြစ်ဖြစ် သီးဇစ်ပဲ ဖြစ်ဖြစ် ကျမ်းကြီးကြပ်သူ ပါမောက္ခ စိတ်ကြိုက်ဖြစ်အောင် ဖန်တီးရသည်က မလွယ်ကူကြောင်း သူနားလည်ထားပါသည်။ ကူးသာ ကူးငါ့ရှင်...။ ကူးရင်းနဲ့ တးစ်ဘက်ကမ်းရောက်သွားလိမ့်မယ်။ တစ်ဘက်ကမ်း (ပါရ) ရောက်သွားခြင်း (ဂူ) သည်ပင် ပါရဂူ ဖြစ်လေသည်မဟုတ်လား..။ သူ့ပါရဂူဘွဲ့ယူကျမ်းက ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင်မှ တင်ရမည်မို့ အေးအေးလူလူရှိနေသေးသည်။ အချိန်တန်တော့လည်း တစ်ဘက်ကမ်းရောက်ဖို့ ကူးရချေဦးမည်တည့်...။

ယခုတော့ ညီလာခံတွင် ဖတ်ကြားဖို့ စာတမ်းတစ်စောင် ရေးနေရသည်။ အမှန်တကယ်တော့ သူက စာသင်ကြားရေးတစ်ဘက်နှင့်မို့ ညီလာခံကို ရှောင်ကွင်းသွားဖို့ ကြိုးစားသေးသည်။ သို့သော် မြားဦးသည် သူ့ရင်ဘတ်ကို တည့်တည့်ပြန်စိုက်သည်။

(၂)

ယခု (၂၀၁၀-၂၀၁၁) ပညာသင်နှစ် စဦးပိုင်းကပင် တက္ကသိုလ် အဓိပတိကြီးက မြန်မာနိုင်ငံ ကိုယ်စားပြုပါဠိပညာရှင်ရဟန်းတော်ဆယ်ပါး ဖိတ်ပေးဖို အဆိုပြုခဲ့သည်။ သူပျော်ရွှင် ဂုဏ်ယူစွာပင် ရွှေပြည်ကြီးဆီက အထင်ကရတက္ကသိုလ်ပါမောက္ခပညာရှင်များကို ဖိတ်ကြားပေးခဲ့သည်။ သို့သော် ထိုထိုပါမောက္ခ ဆရာတော်ကြီးများက နိုင်ငံတကာအပင့်အဖိတ်များလှသည့်အတွက် ကြွမလာနိုင်ကြောင်း ပြန်ကြားကြလေသည့်အခါ သူကြေကွဲအားငယ်သွားရသည်။ သို့နှင့် သူနှင့်နီးစပ်ရာ အင်္ဂလိပ်စာတတ် ပေတတ်မိတ်ဆွေရဟန်းတော်များကို အပူကပ်ရတော့သည်။ သူ့ဆရာအရှင် ပါမောက္ခမဟာဌာနမှူး ဆရာတော်ကြီးတစ်ပါးတော့ သူ့ကို ချီးမြှောက်ရန် ကြွလာမည် ဟူသော အသံကတော့ သူ့အတွက် ကျယ်လောင်သော အောင်စည်အောင်မောင်းဖြစ်ပေချိမ့်မည်။

(အိန္ဒိယနိုင်ငံတက္ကသိုလ်အသီးသီးတွင် တက်ရောက်နေသည့် အင်္ဂလိပ်စာတတ်ပေတတ် ပိဋကတ် အိုးကွဲမိတ်ဆွေရဟန်းတော်များ ရှိကြောင်း သူ တကယ်သိပါသည်။ သို့သော် မြန်မာနိုင်ငံမှ လေယာဉ်ပျံကြီးစီးနင်းကြွလာမည့် ပညာရှင်ကြီးများကို ကြိုဆိုလိုလှသော ညီလာခံကျင်းပရေးကော်မတီဥက္ကဋ္ဌ၏ တိုက်တွန်းချက်ကို သူလစ်လျူရှု၍ မရချေပြီ တကား။)

မြန်မာကိုယ်စားပြုပါဠိပညာရှင်များထဲမှ စာတမ်းဖတ်ကြားရန် လေးပါးရွေးချယ်ထားသည်။ နှစ်ပါးက ကြွမလာနိုင်လေသောအခါ သူ့ကို စာတမ်းတစ်စောင် ဖတ်ရန် ကော်မတီက ထိုးအပ်လိုက်သည်။ အခြားစာတမ်းတစ်စောင်ကိုတော့ သူ့မိတ်ဆွေရဟန်းတော်တစ်ပါးက တာဝန်ယူထားလေသည်။ အော် ကျေးဇူးကြီးပေစွ..။ သို့နှင့် သူ စာတမ်းတစ်စောင်ကို ရေးခြစ်နေရခြင်းဖြစ်သည်။

နံနက် ၅း၀၀ နာရီကတည်းက စတင်ထိုင်မိသည်မို့ ညောင်းညာကိုက်ခဲသွားသည်။ ၀ါး...။ နံနက်ကော်ဖီဆွမ်းလေးတော့ ဘုန်းလေဦးမှ..။ ရေနွေးကြိုရန် လျှပ်စစ်ရေနွေးအိုးထဲ ရေဖြည့်လိုက်သည်။ ကံဆိုးလှစွာ ဖျပ်ကနဲ မီးပျက်သွားသည်။ ငတ်ပြီ...။ သူက အကောင်းမြင်တတ်သူ မဟုတ်သလို အဆိုးမြင်တတ်သူလည်း မဟုတ်..။ အင်း ခက်တာက အမှန်လည်း မမြင်တတ်သေး။ ဘာပဲဖြစ်ဖြစ် မနက်စာဟောင်းလောင်းဗာရာဏသီနံနက်ခင်းနှင့် မိဂဒါဝုန်ဒွန္နယာကြီးကို တိဘက်လိုပဲ နှုတ်ဆက်လိုက်ပါသည်။ တရှိဒေလေ (မင်္ဂလာပါ)

(သို့သော် ခပ်တိုးတိုး..မိတ်ဆွေတစ်ယောက်က ပြောသည်.. ပါမောက္ခဆိုတာ ခပ်တည်တည်ပေါ့ တဲ့ ..။)

ဓမ္မဂင်္ဂါ

(၁၁-၁၂-၂၀၁၀)


08 December, 2010

ဗုဒ္ဓဘာသာဂိုဏ်းပေါင်းစုံဝိနည်းညီလာခံ

ဝိနည်းအကျင့်ကို အကြောင်းပြု၍ ဗုဒ္ဓဘာသာသည် ဂိုဏ်းအမျိုးမျိုးကွဲပြားခဲ့၏။ ယခု ၀ိနည်းကို အကြောင်းပြု၍ ထေရ၀ါဒ၊ မဟာသဗ္ဗတ္ထိဝါဒနှင့် ဓမ္မဂုတ္တိကဂိုဏ်းသံဃာတော်တို့ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလတွင် ပြန်လည်တွေ့ဆုံကြတော့မည်။ လူပုဂ္ဂိုလ်များတက်ရောက်ခွင့်မရှိဘဲ ထေရ၀ါဒ၊မဟာယာနနှင့် တိဘက် သာသနာ့ဝန်ထမ်းများသာ တွေ့ဆုံ ဆွေးနွေးကြမည့် သမိုင်းဝင်ညီလာခံကြီးတစ်ခုအဖြစ် အားခဲပြင် ဆင်နေကြသည်။ သူလည်း ညီလာခံတွင် တင်သွင်းဖတ်ကြားရန် စာတမ်း တစ်စောင် အပူတပြင်းရေး (ကူး)နေရသဖြင့် ပို့စ်အသစ်မတင်နိုင်...။ ဤသည်ပင်လျှင် ပို့စ် အသစ်ဖြစ် ကောင်းဖြစ်ပေရာ၏ ဟူလိုသော်၊ ပုဒိအာနှင့် ပြည့်စုံရပါလို၏တည်း။ သာဓု သာဓု သာဓု...။

Dear Ven. Vicittasara,


It is a pleasure to announce that the Central University of Tibetan Studies, Sarnath, Varanasi is going to organize an International Conference on “Vinaya” from 17-19 January, 2011. The monk scholars from all the existing three traditions of the Vinaya viz., Theravada, M¨lasaråstivåda and Dharmaguptika will participate the conference and deliberate on various areas of Vinaya. His Holiness the Dalai Lama has kindly consented to grace the occasion and inaugurate the conference.
On behalf of the University, the organizing committee, would like to invite you to this conference and request you kindly make a presentation on "Varshavaasa & Nivarana" which will be followed by discussion. The concept note is enclosed herewith.
We are looking forward to this conference, which is, perhaps, the first time in modern era where the Sangha members belonging to all the three Vinaya traditions will gather and deliberate on the living traditions based on the Vinaya texts which have slight differences in their traditional versions.
We also request you kindly send your paper latest by 15th December 2010 so that the papers can be made ready for the participants on time.
We shall be grateful if you could send your consent as soon as possible . The University will be happy to bear the travel expenses (Air: economy class) and the local hospitality.

Looking forward to hearing from you,

Yours profound veneration

Yours sincerely,

Lobsang Norbu Shastri
Chairperson
Organizing Committee
International Conference on Vinaya
Central University of Tibetan Studies, Sarnath, Varanasi
Uttar Pradesh, INDIA

05 December, 2010

ဗုဒ္ဓဂယာက စောင့်မယ်

အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့ ရဲ့ ဧကာဒသမနှစ်ပတ်လည် အစည်း အဝေးကြီးကို အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ ဗုဒ္ဓဂယာမှာ တည်ရှိတဲ့ အဖွဲ့ပိုင်မြန်မာဗုဒ္ဓဘာသာ ပညာရေး ဗိမာန်တော်ကြီးမှာ ဒီဇင်ဘာလ (၂၅-၂၆-၂၇) သုံးရက်တိုင်တိုင် ကျင်းပမှာ ဖြစ်တဲ့ အတွက် (၂၄-၁၂-၂၀၁၀) ည ကျိန်းစက်မီ ကြွတော်မူကြပါဘုရား. (သံဃာအရေအတွက်များလျင် နေရာထိုင်ခင်း ဦးရာလူစနစ်း)).။ (နိုင်ငံရပ်ခြားမှာမို့ ကိုယ့်ဆွမ်းကိုယ်ကပ်စနစ်ဖြင့်) ဆွမ်းအလှူရှင်များလည်း ပြည့်စုံပါနေပါပြီ ဘုရား...။ မိတ်ဆွေရဟန်းတော်တွေ အဟောင်းအသစ် စုံညီစွာ တွေ့ရမှာမို့ ကြွလာသင့်ကြောင်းပါ...။

ဗုဒ္ဓဂယာက စောင့်နေမယ် ဘုရား...။

04 December, 2010

ရဟန်းနှင့် ဒီဇင်ဘာ

(၁)

တိတ်ဆိတ်စွာ ဆူညံနေသော ဒီဇင်ဘာတော်လဲသံများကြားတွင် သူရပ်နေမိလေသည်။ မနှစ်က ဒီဇင်ဘာနှင့် ယခုနှစ်ဒီဇင်ဘာသည် မတူခြားနားကြောင်း မည်သူမှ ငြင်းမည်မဟုတ်ပေမယ့် သူကတော့ ခပ်တည်တည်ကန့်ကွက်လိုက်ပါသည်။ ယမန်နှစ်ကလိုပင် ယခုနှစ်မှာလည်း ရင့်ကျက်တည်ငြိမ်စွာ ဘ၀နေနည်းတစ်ခုကို တည်ဆောက်ဖို့ကြိုးစားနေရသည်က ထပ်တူဖြစ်နေသောကြောင့်ပင်။

သန္တတိသဘောအရ မြစ်တစ်မြစ်ထဲ ရေနှစ်ခါမချိုးနိုင် ဟု ဆိုမိန့်လေသူ ခေါမဒဿနိကပဏ္ဍိတ်ကြီး ဟေရာကလိတပ်သည်လည်း နဒီသောတော ၀ိယ ဒေသနာရှင် ဗုဒ္ဓ၏ ဥာဏ်တော်နောက်သို့ ထပ်ချပ်မကွာ လိုက်ပါခဲ့ပြီးဖြစ်သည်။ မန္တလေးသာသနာ့တက္ကသိုလ်နေ့ရက်များဆီက အဘိဓမ္မာကထိကဆရာကြီး ဦးဘဆန်းကလည်း ' ဟေရာကလိတပ်မှ မဟုတ်ပါဘူး အညာမန်းက ဆရာဆန်းကလည်း You cannot see me twice(မင်းငါ့ကို နှစ်ခါမြင်လို့ မရပါဘူး) ဒီလို ပြောလိုက်ချင်ပါတယ် " ဟု အဘိဓမ္မာကို အသောလေးနှင့် သင်ပြခဲ့ဖူးသေးသည်။ အော် ရုပ်အစဉ် နာမ်အစဉ်ဆိုသည်က စက္ကန့်မလပ်ပြောင်းလဲဖြစ်ပျက်နေကြလေသည်ပဲ။

ယခု ရေးချလိုက်သော က အက္ခရာ နှင့် ယခုနောက်တစ်ကြိမ်ရေးချလိုက်သော ကအက္ခရာ သည်ပင် အသွင်တူသော်လည်း သန္တတိမတူညီတော့။ ဂီတနက်သန်ကိုစောငြိမ်းက ပွင့်ဦးတွင် သန္တတိသဘောကို တို့ထိဆွေးမြေ့သွားခဲ့ဖူးသည်။

အချစ်ဖြင့် ဆိတ်သုဉ်း၊ ဆုံးရှုံးခြောက်ခန်း၊ လောင်ကျွမ်းခဲ့ရ မောင့်ဘ၀အစဉ်ဝယ်

ဆက်သွယ်သန္တတိ၊ မမြဲသော ရုပ်နာမ် ပြောင်းလဲသည့်နှယ်၊ ဖြစ်ပြန်ပျက်ပြန် အချစ်မှန်တရားရယ်.....။

သာမန်မေတ္တာဘွဲ့သက်သက်မဟုတ်ဘဲ အဘိဓမ္မာပို့ချချက်တစ်ခုလိုပင် တန်ဖိုးထားစရာကောင်းသည်။ မည်သို့ဖြစ်စေ အဘိဓမ္မာသဘောအရ ယမန်နှစ်က ဒီဇင်ဘာနှင့် ယခုနှစ် ဒီဇင်ဘာသည် သန္တတိချင်းမတူ၊ သို့သော် သိက္ခာနယ်ပယ်တွင်မူ ရင့်ကျက်စွာ ဖြတ်သန်းနိုင်ဖို့ ကြိုစားရသည်က အတူတူပင်။

(၂)

ဒီဇင်ဘာလတွင် သူသည် ခရီးတစ်ခုသွားရန် အားခဲကြွေးကြော်ထားဖြစ်သည်။ သို့သော် သူသည် တိမ်တိုက်တစ်ခု မဟုတ်သည့်အတွက် ပြက္ခဒိန်ပေါ်က အခွင့်အလမ်းသာသော နေ့ရက်ကို ရှာဖွေရခြင်း၊ ဗီဇာလျှောက်ထားရန်အခြားသူတစ်ဦးကို အားကိုးအားထားပြုရခြင်း၊ လေယာဉ်ခရီးစဉ်များကို တိုက်ဆိုင် ရှာဖွေရခြင်းစသည့် ရာစုသစ်ခရီးသွားတို့၏ အာဝေဏိကဒုက္ခကြောတွင် မျောရင်း အကြောင်းတစ်ခုခုကြောင့် လွဲချော်သွားတော့သည်။ သူခရီးစဉ်ကို အားပျက်စွာ ဖျက်သိမ်းလိုက်ရသည်။

အမှန်တကယ်တော့ ဒီဇင်ဘာလသည် ခရီးတစ်ခုသွားရန် သူ ဆာလောင်နေသော လဖြစ်သည်။ သည်လသည်သာ သူ့အတွက် စိမ့်ယိုပေါက်ရှိသည်။ သူ တာဝန်ထမ်းဆောင်ရာ တိဘက်တက္ကသိုလ်သည် ပထမခြောက်လပတ်စားမေးပွဲစစ်နေသဖြင့် နေ့စဉ်လက်မှတ်သွားထိုးရုံမှ အပ စာသင်ချိန်မရှိ။ နေ့စဉ်လက်မှတ်သွားထိုးရသည်ကလည်း ကျောင်းသားကျောင်းသူများအနေဖြင့် ကိုယ်ပိုင် စာကြည့်ချိန်ကာလ (Preparation Leave) အတွင်း ဘာသာရပ်ဆိုင်ရာ အခက်အခဲရှိပါက ဆရာများထံအလွယ်တကူမေးမြန်းနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

ထိုသို့ လက်မှတ်ထိုးကာ စာသင်ခန်းအတွင်း အဆင်သင့်ဖြစ်နေရသည့်အတွက် သူတို့လို ဧည့်ဆရာများအား တစ်နေ့လျင် ပို့ချချိန်နှစ်ချိန်သတ်မှတ်ကာ ပညာပူဇော်ငွေ ချီးမြင့်ပေးလေသည်။ သူနှင့် သူ့တပည့်များကြားတွင် အခက်အခဲရှိပါက အချိန်မရွေးမေးမြန်းနိုင်ရန် သူ့ဖုန်းနံပါတ်ကို ပေးထားသည်။ မည်သည့် ကျောင်းသားမှ ယခုအချိန်အထိ ဖုန်းဆက်သည် မရှိသေး..။ သူပို့ချခဲ့သည်များကို အပြည့်အ၀နားလည်၍ မမေးကြသည်လား၊ သို့မဟုတ် ဘာမှနားမလည်သည့်အဆုံး ဘာမေးရမှန်း မသိတော့၍ မဆက်သွယ်ကြတော့သည်လား..း)။

စာမေးပွဲက ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ပြီးမည်။ သူမေးခွန်းထုတ်ထားသည့် အတန်းအတွက် အဖြေလွှာများကို စာမေးပွဲပြီးသည်နှင့် စစ်ရမည်။ ၀ါရင့်ဆရာများကို မေးကြည့်တော့ ဒီဇင်ဘာ ၂၈ ရက်နောက်ပိုင်းမှ စစ်လျင်လည်း ရသည်တဲ့..။ စာမေးပွဲပြီးလျင် ကျောင်းပိတ်ရက်ရှိပါသလားဆိုတော့ နွေရာသီတစ်ခုသာ ပိတ်သည်တဲ့ ။ သို့ဆိုလျင် ခွင့်ယူလို့ကော ရပါသလားဆိုတော့ သူနှင့် ဌာနတူ ပါမောက္ခကြီးက '" ဘန္တေဂျီး ခွင့်ယူပြီး ခရီးသွားချင်လည်း သွားပါ၊ ဘန္တေဂျီးမေးခွန်းထုတ်ထားတဲ့ ဘာသာဖြေမယ့်နေ့မှာ ဘန္တေဂျီးကိုယ်စား တာဝန်ယူပေးပါ့မည် တဲ့"။ သူပျော်သွားသည်။ တက္ကသိုလ်ကိစ္စကတော့ ရှင်းသွားသည်။

(၃)

သို့သော်လည်း သူနေထိုင်ရာ အဆောင်တွင် မိတ်ဆွေမြန်မာရဟန်းတော်များအတွက် ရည်ရွယ် ဖွင့်လှစ်ထားသော ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာသင်တန်းတစ်ခု ရှိနေသေးသည်။ တိဘက်တက္ကသိုလ်မှ နံနက် ၈း၀၀ နာရီ သင်တန်းချိန်ပြီးသည်နှင့် ၉း၀၀ နာရီတိတိတွင် ဤသင်တန်းလေးကို သူစတင်ပို့ချလေ့ရှိသည်။ လေးလခန့်ရှိပြီ ဖြစ်သော သင်တန်းသည် အရေးပေါ်ကိစ္စများမှ လွဲ၍ ပျက်ကွက်မှုမရှိဖူးခဲ့..။ သူခရီးသွားလျင် သည်သင်တန်းကို ပိတ်သိမ်းရလိမ့်မည်။

ကံကောင်းထောက်မစွာပင် ဗုဒ္ဓဂယာမြေမြတ်ရှိ မဟာဗောဓိညောင်ပင်အောက်တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာပိဋကတ်သုံးပုံရွတ်ဖတ်ပွဲကြီးက တစ်နိုင်ငံလုံးရှိသံဃာတော်များကို (အချိန်အခွင့်လမ်း သာပါက) ပါဝင်ဆင်နွှဲဖို့ ဖိတ်ကြားလိုက်သည်။ မြန်မာနိုင်ငံမှ သီတဂူဆရာတော်ကြီးကိုယ်တိုင် ကြွရောက် ချီးမြင့်မည် ဆိုတော့ သင်တန်းတက်ရောက်နေသည့် မိတ်ဆွေရဟန်းတော်များက ဤပွဲတော်ကြီးတွင် ပါဝင် ဆင်နွှဲဖို့ စိတ်အားထက်သန်နေကြသည်။ ထေရ၀ါဒငါးနိုင်ငံသံဃာတော်များနှင့် အတူ အပြည်ပြည်ဆိုင်ရာ သံဃာတော်များပါဝင်ရွတ်ဖတ်သရဇ္ဈာယ်မည့် ပိဋကတ်သုံးပုံရွတ်ဖတ်ပူဇော်ပွဲကြီးသည် မည်မျှကြည်နူးစရာ ကောင်းလိုက်သနည်း။

သူကတော့ ယခင်နှစ်များဆီက တက်ရောက်ကြည်နူးခဲ့ပြီးပြီမို့ အသစ်အသစ်သော ရဟန်းတော်များကို ဦးစားပေးတိုက်တွန်းဖြစ်သည်။ သို့နှင့် ဗာရာဏသီမှ ရဟန်းတော်များ ဒီဇင်ဘာတစ်ရက်နေ့က ဗုဒ္ဓမြေမြတ်မဟာသို့ ပွဲတော်အမီ ကြွချီသွားကြလေသည်။ သူ့သင်တန်းလေးကိုလည်း ယာယီ တံခါးပိတ်ထားလိုက်သည်။

(ဆက်ရန်)


02 December, 2010

ရဟန်းနှင့် ဆွယ်တာ

(၁)
မိဂဒါဝုန်ဆောင်းသည် သူ့အခန်းကျဉ်းလေးထဲသို့ ဆောင့်တိုးဝင်လာကာ သူ့စောင်ပါးပါးလေးကို လုခြုံတော့သည်။ သို့နှင့် နောက်ထပ်စောင်ပါးပါးလေးတစ်ထည် မျှပေးလိုက်ရ၏။ အော် အလွန်အေးတဲ့ ရာသီ အလွန်ချမ်းတဲ့ ရာသီပေပဲ ။ သို့သော် မောင်တစ်ရွာမယ်တစ်မြို့ခွဲကာ လောကီစီးပွားရှာရင်း လောကုတ္တရာပွား စီးနေကြသော Bliss foundation မောင်နှံ၏ ဆွယ်တာ အနွေးထည်လေးတစ်ထည်က ဟိမ၀န္တာဆီးနှင်းများကို ခုခံပေးပါလိမ့်မည်။ ထိုဆွယ်တာလေးသည် ယခုနှစ်အတွက် မှတ်မှတ်ရရရှိလှသော ပရိက္ခရာ တစ်မျိုးဖြစ်သွားသည်။

EMS အမြန်ချောပို့စနစ်ဖြင့် ရောက်လာသော ထိုဆွယ်တာလေးသည် မဇ္ဈိမရောက်ရဟန်းတစ်ပါးအတွက် လိုက်လျောညီထွေရှိလှသော အသုံးအဆောင်ဖြစ်သွားသည်။ ရွှေပြည်ကြီးမှာ ဆိုလျင်တော့ သူသည် မည်မျှချမ်းချမ်း ဆွယ်တာအနွေးထည်ကို ၀တ်ဆင်လိမ့်မည်မဟုတ်။ နှစ်ထပ်သင်္ကန်းကြီး (သို့မဟုတ်) သိုးမွှေးထူထူတစ်ထည်ကိုသာ လွှမ်းခြုံထားမိပေမည်။

(၂)

ယခု သူရောက်ရှိနေသော မဇ္ဈိမကတော့ သင်ယူနေရဆဲ ဘာသာရပ်တစ်ခုဖြစ်သည်။ ဗုဒ္ဓခေတ်ဆီက မဇ္ဈိမ၏ အခြေခံရုပ်ပုံလွှာဖြစ်သည့် ပုခုံးတစ်ဘက်ဖော်ထားသော ရဟန်းတစ်ပါး၏ အသွင်သည် ယနေ့ခေတ် မဇ္ဈိမသားတို့အတွက် အထူး အဆန်း ဖြစ်နေပြန်လေသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ဆီက ပုဂံမြို့ပြကို ရောက်လာသည့် ဓမ္မဒဿီဘွဲ့ခံ ရှေးဦးသာသနာပြု ရှင်အရဟံကို ခုမှ ကိုယ်ချင်းစာသွားမိသည်။ ပုဂံသားတို့သည်လည်း ရှင်အရဟံကို လူရိုင်းအသွင်မှတ်ထင်ခဲ့ကြဖူးသည်ပဲ..။ ရှင်အရဟံ၏ အနစ်နာခံမှုကြောင့် ယနေ့ခေတ် ရွှေပြည်သားတို့အမြင်တွင် ရဟန်းအသွင်က အဆန်းထွင်ထားသော ပုံရိပ်မဟုတ်ပြီ။ ကြည်ညိုဖွယ်ရာ နံနက်ခင်းဆွမ်းတော်ဗျို့အချိန်များဆီက ကြေးစည်သံများကို သူကြားယောင်လာသည်။

မဇ္ဈိမကို ရောက်ခါဦးဆီက ရဟန်းတစ်ပါးကို တွေ့လေတိုင်း ၀ိုင်းအုံကြည့်တတ်သည့် စူးရဲသောမျက်လုံးများကို သူ သည်းခံရသည်။ ဗုဒ္ဓဘာသာအမြစ်အငုတ်ကို ပြန်လည် ရေလောင်းပေါင်းသင်စ မဇ္ဈိမတွင် ရဟန်းတစ်ပါး၏ ပုံရိပ်သည် ပုဂံသားတို့အလယ်ရောက်နေသည့် ရှင်အရဟံ၏ ခန္တီပါရမီ ဇာတ်ဝင်ခန်း မျိုးပင်ဖြစ်သည်။ ဆာရီသင်တိုင်းကို စွဲမြဲစွာ ၀တ်ဆင်လေ့ရှိသော မဇ္ဈိမသူ အမျိုးသမီးများနှင့် လွဲမှားခံရခြင်းကလည်း မျက်နှာပူစရာကောင်းသည်။ ဗုဒ္ဓအရှင်၏ မွေးရပ်မြေဖြစ်သည့် သကျတိုင်းပြည် နီပေါလ်မှာပင်လျှင် သင်္ကန်း၏ အဓိပ္ပါယ်က ပျောက်ဆုံးနေသည်။ ခတ္တမန္ဒူမြို့တော်ထဲ မိတ်ဆွေရဟန်းတော်တစ်ပါးနှင့် အတူ အမျိုးသားသန့်စင်ခန်းတစ်ခုကို အရေးပေါ် ၀င်ရောက်ကြသောအခါ Are you Gents or Ladies? ဟု လောလောမေးလိုက်သော လုံခြုံရေးဝန်ထမ်း၏ အသံကို ခါးသွားသည်။း)..။

(၃)

ထို့ထက်အလွန် ဗုဒ္ဓဘာသာရဟန်းတော်မှန်သမျှကို ဇာတ်နိမ့်များ ဟု ရှုမြင်လိုခြင်းမျိုးလည်း ရှိနေတတ်သေးသည်။ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးဆောင်ရေးဆွဲခဲ့သည့် လွတ်လပ်ရေးခေတ်ဦး ပထမဆုံး တရားရေးဝန်ကြီး ဒေါက်တာအမ်ဘေဒကာသည် ဇာတ်နိမ့်ခေါင်း ဆောင်ကြီးဖြစ်သည်။ မဇ္ဈိမဒေသ၏ ဇာတ်ခွဲခြားမှု စနစ်ကို ကိုယ်တိုင်ခါးသည်းစွာ ခံစားခဲ့ရသည့်အတွက် ဘ၀တူဇာတ်နိမ့်များ၏ လူ့အခွင့်အရေးနှင့် လွတ်မြောက်မှုအရေးကိုလည်း စာနာစွာ လူပီသစွာနေထိုင်နိုင်ရေးအတွက် ဘာသာတရားများစွာကို လေ့လာခဲ့သည်။

၁၉၅၆ ခုနှစ်တွင် ဒေါက်တာအမ်ဘေဒကာသည် ငါးသိန်းမျှသော ဇာတ်နိမ့်များကို ဦးဆောင်ကာ ဟိန္ဒူဘာသာမှ ခွဲထွက်ပြီး ဗုဒ္ဓဘာသာဝင်အဖြစ်ကို ခံယူခဲ့သည်။ ဂုဏ်ယူဖွယ်ကောင်းသည်က ဒေါက်တာအမ်ဘေဒကာကို သရဏဂုံချီးမြှင့်ကာ ဥပါသကာအဖြစ်ခံယူစေခဲ့သူက မြန်မာနွယ်ဖွား ရခိုင်တိုင်းရင်းသား ကုသိနာရုံ ဆရာတော်ဘုရားကြီး စန္ဒြမဏိအရှင်ပင်ဖြစ်ပါသည်။ ထို့ကြောင့် အမ်ဘေဒကာဗုဒ္ဓဘာသာဝင်များ၏ ဘာသာရေး လုပ်ငန်းဆောင်တာများသည် မြန်မာ့အရိပ်အငွေ့ယှက်သန်းနေဟန်ရှိသည်။

အိန္ဒိယနိုင်ငံတောင်ပိုင်း၊ မဟာရဋ္ဌပြည်နယ်၊ နာဂပူရ်မြို့တွင် ကျင်းပခဲ့သော ထိုဗုဒ္ဓဘာသာခံယူပွဲကြီးသည် သမိုင်းဝင်ခဲ့သလို အမ်ဘေဒကာဗုဒ္ဓဘာသာ ဟူသော ဝေါဟာရတစ်ရပ်ကိုလည်း မွေးဖွားပေးခဲ့သည်။ ဒေါက်တာ အမ်ဘေဒကာကိုလည်း ခေတ်သစ်ဘုရားလောင်း (Modern Bodhisatva) ဟု အလေးအမြတ်ပြုကြသည်။ အနောက်တိုင်းဝတ်စုံကို သပ်ရပ်စွာ ၀တ်ဆင်၊ မျက်မှန်ထူထူကို တပ်၊ အခြေခံဥပဒေစာအုပ်ကြီးကို လက်ဝဲလက်ဖြင့် ရင်မှာပိုက်၍ လက်က်ျာလက်ဖြင့် လမ်းစစ်လမ်းမှန်ကို ညွှန်နေသည့်ဟန် ဒေါက်တာ အမ်ဘေဒကာရုပ်တုများကို မဟတ္တမဂန္ဓီကြီးနှင့် အပြိုင် ထုဆစ်ကိုးကွယ်ကြသည်။

အိန္ဒိယနိုင်ငံတော်အလံတွင် ဓမ္မစကြာစက်ဝိုင်းနှင့် နိုင်ငံတော်တံဆိပ်တွင် အသောကရုပ်တုအမှတ်သားကို မြင်တွေ့ရခြင်းက ဒေါက်တာအမ်ဘေဒကာ၏ အတွေးပုံရိပ်ဟု မှတ်သားရဖူးသည်။ အိန္ဒိယနိုင်ငံတော်အလံ သို့မဟုတ် အသောကတံဆိပ်တော်ကို မြင်ရတိုင်း ဗုဒ္ဓဂုဏ်တော်ကို ပွားများခွင့်ရအောင် ဖန်တီးထားသည့်နှယ် ကျေးဇူးများလှသည်။ ယနေ့ခေတ်တွင် အမ်ဘေဒကာဗုဒ္ဓဘာသာဝင် ခြောက်သန်း အထက်မှာ ရှိနေပြီ ဟု စစ်တမ်းများအရ သိရသည်။

အိန္ဒိယနိုင်ငံတောင်ပိုင်းပြည်နယ်များတွင် နေ့စဉ် ဗုဒ္ဓဘာသာဝင်ဦးရေသည် တိုးတက် လျက်ရှိသည်။ သို့သော် ဇာတ်နိမ့်များက ဖြစ်လာသည့်ဗုဒ္ဓဘာသာဝင်က အများစုဖြစ်၍ ဇာတ်မြင့်ဆိုသူ ဒေသခံဟိန္ဒူများက နှာခေါင်းရှုံ့ချင်သည်။ မည်သို့ပင်ဖြစ်စေ ဇာတ်နိမ့်များက ပညာတတ်အောင် သင်ယူကာ ထိပ်တန်းနေရာသို့ ရောက်အောင် ကြိုးစားလာကြသည်က အားတက်ဖွယ်ရာဖြစ်သည်။ ယခု သူနေထိုင်လျက်ရှိသော ယူပီပြည်နယ်၏ ၀န်ကြီးချုပ်(Chief Minister) ကိုယ်တိုင် သည်ပင် မာယာဝတီအမည်ရှိ ဇာတ်နိမ့်ခေါင်းဆောင် ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးဖြစ်နေသည်။

ငွေကြေချမ်းသာသူများ၊ အစိုးရအရာရှိကြီးများ၊ ပါမောက္ခကြီးများစသည့် လူဝတ်ကြောင်များက အမ်ဘေဒကာလမ်းညွှန်ခဲ့ သည့်အတိုင်း ဇာတ်နိမ့်ဗုဒ္ဓဘာသာဝင်များကို ဆက်လက်ဦးဆောင်ကာ စနစ်တကျစုဖွဲ့ကြ၊ ပညာပေးကြသည့်အတွက် ယဉ်ကျေးပျူငှါ၊ ရိုးကျိုးသိမ်မွေ့ကြသော အမ်ဘေဒကာ ဗုဒ္ဓ ဘာသာဝင်များကို သူကိုယ်တိုင်လည်း တွေ့ကြုံဆက်ဆံဖူးသည်။ ၀န္ဒာမိ ဘန္တေ (ရှိခိုးပါ၏ ဘုရား) ဟူသော သံပြိုင်နှုတ်ဆက်သံများကို ကြည်နူးဖွယ်ရာ ကြားရတတ်သည်။

အားပျက်ဖွယ်ရာကောင်းသည်က ဇာတ်နိမ့်ရဟန်းအချို့ဖြစ်သည်။ ဆိုဆုံးမမည့် ဥပဇ္ဈာယ်လည်း မရှိ၊ သွန်သင်ပြ
မည့် နိသျည်းဆရာလည်း မရှိ၊ သိမ်လည်း မ၀င်ဘဲ ကိုယ်တိုင်သင်္ကန်းကောက်ပတ်ထားသည့် ရဟန်း (Self-Styled Monk) မျိုးဖြစ်နေသည်။ ဘိုသီဘတ်သီနိုင်လှသော သင်္ကန်းကို ဖြစ်ကတတ်ဆန်းဝတ်ဆင်ကာ ဗုဒ္ဓဘာသာဝင်ဘုရားဖူးအများစု၏ သဒ္ဓါကို ခြစ်ခြုတ်ဖို့ ဗုဒ္ဓဂယာလို နေရာမျိုးတွင် ဖုန်းတောင်းယာစကာများ သဖွယ် စုပြုံတိုးနေသည်ကို တွေ့ရတတ်သည်က ဘာသာခြားတို့မျက်လုံးဝယ် အမြင်ငယ်ဖွယ်ရာဖြစ်နေသည်။ အမှန်တကယ်တော့ ရဟန်းဆိုသည်မှာ တောင်းရခြင်းသဘောကို မလွန်ဆန်နိုင်.... သို့သော် မြတ်သော တောင်းခြင်းဖြင့်သာ (အရိယာယ ဘိက္ခနာယ)..။

ပညာလည်း တတ်၊ အကျင့်သိက္ခာဖြည့်ဆည်းမှုလည်း ရှိသော ဒေသခံအိန္ဒိယရဟန်းတော်များစွာ ရှိနေပြီဖြစ်သော်လည်း ဇာတ်နိမ့်ရဟန်းအချို့၏ အမည်းစက်က ပွင့်သစ်စအိန္ဒိယသံဃာထုတစ်ရပ်လုံး၏ အဖြူစပေါ်တွင် စွန်းထင်းနေခြင်းဖြစ်သည်။ ထိုမှကူးစက်ကာ သူတို့လို မဇ္ဈိမရောက်တိုင်း တစ်ပါးသား ရဟန်းများကိုလည်း ရောထွေးရှုမြင်ခြင်းဖြစ်နိုင်သည်။

သံဃာ့အဖွဲ့အစည်းအတွက် အမြင်မငယ်စေရန် နေထိုင်သွားလာနည်း၊ ၀တ်ရုံနည်းက အစ အလှူခံနည်းအထိ သိက္ခာပုဒ်ဖြင့် သွန်သင်ပညတ်ခဲ့သည့် ဗုဒ္ဓအရှင်၏ ဂုဏ်တော်က ထင်းကနဲ ပေါ်လာသည်။

(၄)

မြို့ထဲရွာထဲသို့ စနစ်တကျသင်္ကန်းဝတ်ရုံကာ ၀င်ရောက်ရန် သိက္ခာပုဒ်ပညတ်ခဲ့သည့် ဗုဒ္ဓအရှင်၏ ၀ိနည်းတရားကို သူ နားလည်လာသည်နှင့်အမျှ တိဘက်တက္ကသိုလ်ဆရာဘ၀တွင် တတ်နိုင်သမျှ သင်္ကန်းကို ၀တ်ရုံကာ ကြွခဲ့သည်။ ပူပြင်းသော ဗာရာဏသီနွေကန္တာကြီးထဲမှာပင် သင်္ကန်းရုံကြီးတဖားဖားနှင့် ထေရ၀ါဒရဟန်းတစ်ပါးအဖြစ် သူ ရှိနေတတ်သည်။ သင်္ကန်းကို စနစ်တကျဝတ်ရုံထားလျှင် ''ဘန္တေဂျီး နမာစတေး" ဟူသော ဂါရ၀ပြုနှုတ်ဆက်သံများကို ကြားရတတ်သည်။ တစ်ခါတစ်ရံ ကျောင်းနောက်ကျ၍ ခပ်သုတ်သုတ်ထ သွားရသည့်အချိန်မျိုးမှာတော့ သင်္ကန်းရောင်လက်ရှည်အင်္ကျီတစ်ထည်ကို ၀တ်ဆင်သွားရ သည်။ ပုခုံးတစ်ဘက် ဖော်ထားသော ရဟန်းအသွင်သည် လူအကြည့်ခံရဆဲဖြစ်သည်။

သည်နေ့ ဒီဇင်ဘာသုံးရက်ဆောင်းက ဆွယ်တာတစ်ထည် ၀တ်ဆင်ရန် တွန်းအားပေးနေသည်။ သင်္ကန်းရုံထား သည်ဖြစ်စေ၊ ရုံမထားသည်ဖြစ်စေ ဆွယ်တာတစ်ထည်ကိုတော့ မဖြစ်မနေ ၀တ်ဆင်ရတော့မည်။
ပြတင်းတံခါးကို ဖွင့်လိုက်၏၊ အော် ဘယ်နှစ်ကြိမ်မြောက်မှန်း မသိတော့တဲ့ မိဂဒါဝုန်ဆောင်း..........။

ဓမ္မဂင်္ဂါ
(၃-၁၂-၂၀၁၀)