16 February, 2012

ကြားဖြတ်

ဇန်န၀ါရီလ(၁၃) ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဒကာမင်းကိုနိုင်နှင့်တကွ နိုင်ငံရေးအကျဉ်းသားပေါင်းများစွာ လွတ်မြောက်လာသည့် အတွက် ရွှေပြည်ကြီး၏ ပြည်သူများနှင့် အတူ သူလည်း ကြည်နူးခဲ့ရသည်။

သို့အတွက် ၀ိမုတ္တိခြင်တစ်ကောင်ဆောင်းပါးကို ဇန်န၀ါရီလ(၁၄) ရက်နေ့မှာပင် သူ ရေးဖြစ်ခဲ့ပါသည်။ အမှန်တကယ် သူရေးချင်သည်က လွတ်မြောက်မှုဝိမုတ္တိရသကို ခံစားခွင့် ရသွားခဲ့ဖူးသော ခြင်လေးတစ်ကောင်အကြောင်းဖြစ်ပါသည်။ သို့သော် မထင်မှတ်ဘဲ ဆူးလှည်းကြီးများနှင့် ငြိကာ သူ့ခြင်လေးသည် ရက်ပေါင်းများစွာ ဇာတ်မျောသွားခဲ့ရလေသည်။ ခြင်တစ်ကောင်၏ သက်တမ်းမကုန်မီ သူ အပြီးသတ်နိုင်အောင် ကြိုးစားရပေမည်။

အမှန်တကယ်တော့ (၈၈ ) ခုနှစ်နောက်ပိုင်း ရွှေပြည်ကြီး၏ ပုံရိပ်ပျက်လမ်းကြောင်းပေါ်က သာသနာရေးကို ထိုးဆွမိခဲ့ခြင်းဖြစ်ပါသည်။ ထိုးဆွမိသော သာသနာရေးဆိုင်ရာ အမှိုက်ပုံများကို မဆုံးနိုင်သော တစ်ထောင့် တစ်ညပုံပြင်သဖွယ် ရေးခြယ်နေမိစဉ်မှာပင် (၃၈)နှစ်မြောက် မွေးနေ့က ကျရောက်လာခဲ့ပြန်ပါသည်။ မွေးနေ့ကုသိုလ်အတွက် ပြင်ဆင်းရင်း ဘလော့ဂ်စာမျက်နှာနှင့် ခပ်ခွာခွာဖြစ်သွားခဲ့သည်။ မွေးနေ့ပြီးသွားသည့်နောက်ပိုင်းရက်များတွင်လည်း ဗာရာဏသီဆောင်း၏ အအေးလှိုင်းများက သူ့ရင်ဘတ်ပေါ် တက်နင်းကြပြန်သည်။

ရွှေပြည်ကြီးမှာတော့ နှာရည်ယိုရွှဲ တပိုတွဲကာလဖြစ်သည်။ သူက ကွန်ပြူတာကီးဘုတ်လက်ကွက်များဆီ စိတ်ညွတ်မိသေးသော်လည်း ကာသိတိုင်းဖြစ် အင်တာနက်ဆက်ကြောင်းများက ရွှေပြည်ကြီး၏ အင်တာနှေးနှင့် အပြိုင်ဖြစ်နေခဲ့ပြန်သည်။ သို့နှင့် ခန္တီပါရမီ၏ အဓိပ္ပါယ်ကို စိတ်မသက်သာစွာပင် လက်ခံကျင့်သုံးရင်း ၀ိမုတ္တိခြင်တစ်ကောင်၏ ရုပ်လုံးကို မဖော်နိုင်အောင် ဖြစ်နေရတော့သည်။

သို့သော် သူ့ကလောင်ဖျားတွင် ကပ်ငြိနေသော ဆူးလှည်းကြီးကို အခြားသောရဟန်းတော်အချို့နှင့် လူပုဂ္ဂိုလ်ဘလော့ဂါများက ၀ိုင်းဝန်းဆွဲယူကာ တို့ထိဆွေးနွေးတင်ပြနေကြသည့်အတွက် သူ တာဝန်ပေါ့သွားသည်။ ထိုဘလော့ဂါအရှင်များ၊ ဘလော့ဂါဒကာတော်များ၏ ပစ္စက္ခသာသနာရေး ရှုထောင့်များက သူဆွေးနွေးဖွယ်မလိုအောင် ပြည့်စုံနေပြီဟု ယူဆမိပါသည်။

ရွှေဥမင်ဆရာတော်၏ ၀ိနည်းနိဿယငါးကျမ်းကို တွေ့မြင်ပြီးနောက် မိမိ၏ နိဿယကျမ်းစာများကို မီးပူဇော်ပစ်လိုက်သော တောင်ဖီလာဆရာတော်၏ ထုံးကို နှလုံးမူရပေတော့မည်။ ဘာသာရပ်တူမှတော့ (၂) မူဖြစ်ဖွယ်မလိုတော့ပြီ။

ဝိမုတ္တိခြင်တစ်ကောင်ကို သူ အဆုံးသတ်နိုင်တော့မည် ဖြစ်ကြောင်း ကြားဖြတ်အသိပေးအပ်ပါသည်။

ဓမ္မဂင်္ဂါ
(၁၇-၀၂-၂၀၁၂)

No comments: