07 March, 2012

ရဟန်းနှင့် မစ္စတာဂစ်တာ

(၁)

ဥရောပနိုင်ငံတစ်နိုင်ငံသို့ ဓမ္မခရီးထွက်မည့် မိတ်ဆွေရဟန်းတော်၏ ဖိတ်ကြားချက်အရ မစ္စတာဂစ်တာသို့ သူ ရောက်ရှိခဲ့လေသည်။ ထိုနေ့က မစ္စတာဂစ်တာတွင် သူနှင့် မိတ်ဆွေရဟန်းတော်(၆)ပါးခန့်စုမိခဲ့ကြသည်။ ရဟန်းတော်များအတွက် ဝေယျာဝစ္စပြုလုပ်ပေးရန် တတ်သိနားလည်သော ကပ္ပိယကျောင်းသားတစ်ယောက်ကို မိတ်ဆွေရဟန်းတော်က အပါခေါ်လာခဲ့သည်။

အင်တာနေရှင်နယ်ကပ္ပိယကောင်းတစ်ယောက်ဖြစ်နိုင်သော အရည်အချင်းမျိုး ထိုကျောင်းသားတွင် ရှိနေခဲ့ပါသည်.။ ဘိုစာလည်း တတ်၊ ၀ိနည်းလည်း နားလည်၊ စားသောက်ဆိုင်ယဉ်ကျေးမှုနှင့် နိုင်ငံတကာအက်တီကက်(Etiquette)များကိုပါ ကျွမ်းဝင်နေခြင်းမျိုးဖြစ်သည်။ ကပ္ပိယကျောင်းသားတစ်ယောက်သာ သူတို့နှင့် ပါမလာခဲ့လျှင် မစ္စတာဂစ်တာသည် ရဟန်းတော်များအတွက် ခပ်စိမ်းစိမ်းကြီး ရှိနေပါလိမ့်မည်..။

အမှန်တကယ်ပင် ရဟန်းတစ်ပါးနှင့် မစ္စတာဂစ်တာသည် ခပ်လှမ်းလှမ်းမှာ ရှိနေခဲ့ပါသည်..။
စာနယ်ဇင်းနှင့် အနုပညာစာမျက်နှာပေါ်က နေမျိုးဆေး၏ ကောက်ကြောင်းပန်းချီများနှင့် ရင်းနှီးနေခဲ့သလို နေမျိုဆေးနှင့် တွဲ၍ မကြာခဏ နားစည်ကို ခလုပ်တိုက်လေ့ရှိသော မစ္စတာဂစ်တာကိုလည်း မှတ်မှတ်ထင်ထင်ရှိနေခဲ့သည်။ သူ ရွှေပြည်တော်သို့ ပြန်လည်ရောက်ရှိခိုက် မိတ်ဆွေရဟန်းတော်၏ သတင်းကောင်းကို ကြားရသည်..။ ဥရောပနိုင်ငံတစ်နိုင်ငံသို့ သာသနာပြုဓမ္မခရီးထွက်ခွာရန် ဗီဇာနှင့် လေယာဉ်လက်မှတ်အသင့်ရှိနေပြီ..။ မဇ္ဈိမမှ ပြန်ကြွလာသည့် မိတ်ဆွေရဟန်းတော်များကို တွေ့ဆုံနှုတ်ဆက်ကာ နေ့ဆွမ်းဆက်ကပ်ချင်သည် ဟု ဆိုလာသည်။
သို့နှင့် သူက သူမရောက်ဖူးသော မစ္စတာဂစ်တာကို ညွှန်းလိုက်ပါသည်။

ဝိပဿနာကမ္မဋ္ဌာန်းနည်းပြ မိတ်ဆွေရဟန်းတော်တစ်ပါးကို နိုင်ငံခြားသားယောဂီလူငယ်တစ်ဦးက သံသယဖြစ်စွာ မေးခွန်းတစ်ခု မေးခဲ့ဖူးသည်ကို အမှတ်ရ၏။
'' ဘန္တေ..၀ိပဿနာတရားတွေ နည်းပြနိုင်အောင် ကိုယ်တိုင်ကော အားထုတ်ဖူးရဲ့လား၊ ကိုယ်တိုင်အားမထုတ်ဖူးဘဲနဲ့ နည်းပြမယ်ဆို ထိရောက် အောင်မြင်ပါ့မလား''
မိတ်ဆွေရဟန်းတော်ကလည်း မေးခွန်းတစ်ခုကိုသာ ပြန်မေးခဲ့ပါသည်။
'' ကမ္ဘာကျော်ဘောလုံးနည်းပြ ဟိုးဆေး မော်ရင်ဟိုကို သိသလား ''
မော်ရင်ဟိုဆိုသော ခပ်စွာစွာ ငနဲကြီးက ဘောလုံးဖြစ်ဖြစ်မြောက်မြောက်ကန်ဖူးသည်ဟု မှတ်တမ်းမရှိ.. သို့သော် နည်းပြကောင်းတစ်ယောက်တော့ဖြစ်နေသည်။

ဘုရားအလောင်းတော် သိဒ္ဓတ္ထ ဗုဒ္ဓအဖြစ်ကို မရမီ နည်းပြဆရာနှစ်ဦးနှင့် ဆုံခဲ့ရသေးသည်။ အာဠာရရသေ့ကြီးကတော့ ကိုယ်တိုင်အားထုတ်ထားသည့် ဈာန်တရားကို နည်းပြပေးခဲ့သည်။ ဖာဂူဆန်လို နည်းပြမျိုး..။ ဥဒကရသေ့ကြီးကတော့ ဖခင်ဆီက အမွေရထားသည့် ကိုယ်တိုင် အားထုတ်လို့ မအောင်မြင်သေးသော တရားကျင့်မှတ်တမ်း(Meditation Records) ကို ကိုင်ပြီး နည်းပြခဲ့သည်..။ မော်ရင်ဟိုလို နည်းပြမျိုး..။ ဘာပဲဖြစ်ဖြစ် အလောင်းတော်သိဒ္ဓတ္ထ လောကီဈာန်သမာပတ်လမ်းပေါ် အောင်မြင်စွာ လျှောက်ခဲ့ဖူးလေသည်။ (လောကုတ္တရာလမ်းကိုသာ နည်းပြမပါဘဲ လျှောက်ခဲ့ခြင်းဖြစ်သည်။)

သူလည်း မစ္စတာဂစ်တာကို ကြားဖူးနားဝဖြင့် ညွှန်းလိုက်ခြင်းဖြစ်သည်။
နိုင်ငံရပ်ခြားသာသနာပြုကြွမည့် ရဟန်းတော်တစ်ပါးအတွက် ဟိုတယ်၊ စားသောက်ဆိုင်ယဉ်ကျေးမှုနှင့် အက်တိကတ်နည်းနားများက မဖြစ်မနေ သိထားအပ်သော သုတပညာတစ်ခုဖြစ်လာပြီ ဟု ယုံကြည်စွာ မစ္စတာဂစ်တာကို ညွှန်းလိုက်ခြင်းဖြစ်ပါသည်။

(၂)

ဗုဒ္ဓအရှင်က သာဝကရဟန်းများအတွက် စားဝတ်နေရေးနှင့် ပတ်သက်၍ အချိုးကျစေရန် သေခိယသိက္ခာပုဒ်များဖြင့် ပုံသွင်းခဲ့ပြီးဖြစ်ပါသည်။ စုပေါင်းဆွမ်းဘုန်းပေးသည့် ဓလေ့ကို ကျင့်သုံးလေ့ရှိသော ဗုဒ္ဓဘာသာ ကျောင်းဝိဟာများကို သွားရောက်လေ့လာလျှင် အာဟာရသုံးဆောင်နေသော ရှင်ရဟန်းများ၏ အိနြေ္ဒကြီးလှသော ကြည်ညိုဖွယ်ပုံရိပ်များကို ဖူးတွေ့ရမည်သာ ဖြစ်လေသည်..။ သို့သော် ယနေ့ ကျောင်းဝိဟာအပြင်ဘက်ကို ထွက်ခဲ့ကြရပြီ။ နိုင်ငံနယ်နိမိတ်ကို ကျော်ဖြတ်ကြရပြီ..။

ဘုရားရှင်လက်ထက်တော်က သာသနာပြုရဟန်းတော်အများစုမှာ ထိုခေတ်ထိုအခါ ထိုမျိုးဆက်၏ လူကုံထံအသိုင်းအ၀ိုင်းမှ သာသနာတွင်း ၀င်ရောက်လာသူများဖြစ်ကြသည်။ လူမှုရေးအထက်တန်းလွှာ ဆိုသူများနှင့် တစ်သားတည်းကျအောင် ရောနှောသာသနာပြုနိုင်စွမ်းရှိခဲ့ကြသည်။ ဗုဒ္ဓခေတ်မဇ္ဈိမလောကီကို ကျွမ်းဝင်စွာ ဖြတ်သန်းခဲ့ပြီးသည့်အပြင် ၀ိနည်းဒေသနာလာ သိက္ခာကျင့်ဝတ်တို့ဖြည့်စွက်လိုက်သောအခါ တင်းပြည့်သာသနာပြုရဟန်းတော်များအဖြစ် အမြင်အားလုံးအတွက် အထင်ကြီးလောက်ဖွယ် ပုံရိပ်များကို ဖန်တီးနိုင်ခဲ့ကြလေသည်။

မည်သို့ဆိုစေ ကျောင်းကန်ဝိဟာအပြင်ဘက်ကို ကျော်လွန်၍ နိုင်ငံတကာနယ် နိမိတ်စည်းများကို ဖြတ်သန်းရသောအခါ လူမျိုး၊ယဉ်ကျေးမှုနှင့် ဘာသာစကားအလိုက် ကျင့်သုံးလိုက်နာရမည့်အရာများကို သင်ယူရပေတော့မည်။ Do and Don't ကိုမှ နားမလည်ခဲ့လျှင် အရည်အသွေးပြည့်သာသနာပြုရဟန်းကောင်းတစ်ပါးဖြစ်ဖို့ လွယ်မည်မထင်..။ စားရေးသောက်တာနှင့် နေမှုထိုင်မှုစသည် အချိုးပြေပြေဖြစ်ဖို့ ဆည်းပူးရပေတော့မည်။

သာသနာပြုရဟန်းတစ်ပါးအတွက် ပထမဆုံး လေးစားလောက်ဖွယ်အသွင်အပြင်(Impressive Image)တစ်ခုရှိရမည်မှာ အသေအချာပင်ဖြစ်သည်။ အရှင်သာရိပုတ္တရာလောင်းလျာ ကောလိတပရဗိုဇ်၏ မျက်ဝန်းတွင် အရှင်အဿဇိ၏ သိမ်မွေ့သောအမူအရာအသွင်အပြင်က စွဲထင်စေခဲ့သည်။ အသောကဧကရာဇ်၏ နန်းရင်ပြင်ထဲ ဖြတ်လျှောက်သွားသော နိဂြောဓသာမဏေငယ်လေး၏ ငြိမ်သက်တည်ကြည်သော ခြေလှမ်းများက မောရိယနိုင်ငံတော်ကို ဓမ္မအရောင်လွှမ်းစေခဲ့သည်။ ဓမ္မဒဿီဘွဲ့ခံ အရှင်အရဟံကိုယ်တော်ကြီးကို အနော်ရထာမင်းမြတ်နှင့် ပုဂံသားတို့အသည်းစွဲခဲ့ကြသည်မှာ ကြည်ညိုဖွယ်အသွင်အပြင်က အစပျိုးခဲ့ခြင်းပင်ဖြစ်လေသည်။

(၃)

မြန်မာရဟန်းတော်အများစုကတော့ များသောအားဖြင့် နိုင်ငံတကာအမြင်ဆိုသော ဝေါဟာရနှင့် ယခုမှ မိတ်ဆက်နေရဆဲဖြစ်သည်။ တစ်ပါးစနှစ်ပါးစ ထွန်းပေါက်ခဲ့ဖူးသော်လည်း လက်ချိုးရေတွက်လို့ ရနေသေးသည်ကို ပွင့်လင်းစွာ ၀န်ခံရပေမည်။ ထိုသို့ ထွန်းပေါက်ခဲ့သည်ဟု လက်မထောင်ဝင့်ကြွားရသည့် သာသနာပြုအကျော်များသည်ပင် နိုင်ငံတကာမျက်လုံးထဲတွင် ခပ်ပါးပါးမျှလေး နေရာရဖို့ လွန်မင်းစွာ အားထုတ်ခဲ့ကြရသည်ကို ဖတ်မှတ်ဖူးပါသည်။
အရှင်သေဋ္ဌိလနှင့် အရှင်ရေ၀တဓမ္မတို့၏ အတ္ထုပ္ပတ်များ....။

နိုင်ငံတကာသို့ သာသနာပြုကြွရပြီဆိုသောအခါ မိမိ၏ ဆွမ်းဝေယျာဝစ္စအတွက် အရေးစိုက်မည့် ကပ္ပိယက နောက်မှ တကောက်ကောက်လိုက်ပါနိုင်တော့မည် မဟုတ်။ နိုင်ငံအလိုက်ဥပဒေများအရ ဆွမ်းခံကြွလို့လည်း အဆင်မပြေ။ ဆိုရသော် စားသောက်ဆိုင်ယဉ်ကျေးမှုထဲ မဖြစ်မနေ တိုးဝင်ရတော့သည်။
သူကိုယ်တိုင် မီနူး(Menu) ရှေ့ရောက်လာလို့မှ စားသောက်ဖွယ်ကို မှာမစားတတ်။ ကိုယ်သိသောအစားအစာနှင့် အနီးစပ်ဆုံးဝေါဟာရကို ရှာရဖွေရသည်ပင်အမော။ နိုင်ငံခြားရောက် အစဦးပိုင်းကာလများတွင် ထမင်းကြော်နှင့် နှစ်ပါးသွားရသည်က များသည်။

မိတ်ဆွေရဟန်းတော်တစ်ပါးကတော့ ညီလာခံတစ်ခု တက်ရောက်ပြီးမှ ''တူ' (chopstick) ကိုင်တွယ်စားသောက်တတ်ရန် လေ့ကျင့်နေသည်ကို တွေ့ရသည်။
'' ညီလာခံမှာ ကိုယ်တစ်ပါးတည်းဗျာ...တူမကိုင်တတ်တာ.။ ဇွန်းခရင်းလည်း အလွယ်တကူချမပေးတော့ ဒုက္ခများခဲ့သဗျာ...။
သူများ တူဆို ကိုယ်က တူတတ်မှ..။''

ဓမ္မဂါဒင်းဆရာတော်ရေးဖူးသော အင်္ဂလန်အတွေ့အကြုံထင်ပါသည်။ ။ ကိုယ်တွေ့လား၊ နာမည်ပြောင်းထားတာလားတော့ မသိ၊ :) စားသောက်ဆိုင်တွင် ဘုန်းပေးသုံးဆောင်ပြီးနောက် လက်ဆေးရန် ချပေးသော သံပုရာသီးခြမ်းစိမ်ရေနွေးကို ဖျော်ရည်မှတ်၍ မော့သောက်ပစ်လိုက်သော ရဟန်းတော်တစ်ပါးအကြောင်း..။
မစ္စတာဘိန်း၏ မျက်နှာပေးမျိုးဖြင့် စာပွဲထိုးက ကြည့်နေမလား မသိ...။

သူကိုယ်တိုင်လည်း နယူးဒေလီမြို့တော်က ဟိုတယ်လ်တစ်ခုတွင် ခြုံစောင်ရှာမတွေ့၍ သင်္ကန်းခေါင်းမြီးခြုံကွေးခဲ့ရဖူးလေသည်။ ရွှေပြည်ကြီးတွင် ရဟန်းတော်များ ဟိုတယ်လ်တည်းခိုခွင့် မရှိဟု သိရသည်။ ဟုတ်ပေတာပဲ ဘုန်းတော်ကြီးကျောင်းတွေ ဒီလောက်ပေါနေမင့်ပဲဟာ..။ နိုင်ငံရပ်ခြားမှာတော့ တည်းခိုးစရာဘုန်းတော်ကြီးကျောင်းက နေရာတိုင်းတွင် အဆင်သင့်ရှိမနေတတ်ပါ။ သို့နှင့် ဧည့်ရိပ်သာနှင့် ဟိုတယ်များတွင် တည်းခိုရသည်များ ကြုံလာရသည်။

ကွာလာလမ်ပူမှ ဗုဒ္ဓဂယာသို့ ဘုရားဖူးလာမည့် ဥပါသကာမိသားစုကို ဒေလီမြို့သို့ သွားရောက်ကြိုဆိုရသည်။ဥပါသကာမိသားစုက ဒေလီတွင် တည်းခိုရန် ဟိုတယ်လ်တစ်ခုကို ကြိုတင်ချိတ်ဆက်ထားပြီးပြီ။ သူ့အတွက်ပါ အခန်းတစ်ခန်းစီစဉ်ထားသည်။ ပထမဆုံးဟိုတယ်လ်တည်းခိုဖူးသော သူ့အတွက် ခြုံစောင်ရှာမတွေ့သဖြင့် အချမ်းကြီးစွာ ဒေလီဆောင်းကိုဖြတ်သန်းရသော ညဖြစ်ပါသည်။
ညံ့လိုက်တဲ့ ရွာသားကိုယ်တော်..။
ရှင်သာရိပုတ္တရာတို့ ရှင်မောဂ္ဂလာန်တို့လို မြို့ပြသူဌေးသားက ရဟန်းဖြစ်လာတာမှ မဟုတ်တော့ ခံပေါ့...။
(ဘယ်သူ့မှ မပြောပြဖူးဘူး....ခုမှ လူစုံလို့ ဖွင့်ချလိုက်တာ...။)

စားဝတ်နေရေး ပြဿနာအပြင် အမျိုးသမီးများ၏ လက်ဆွဲနှုတ်ဆက်ခြင်းကိစ္စကလည်း စိတ်အကြပ် အတည်းဖြစ်စေသော ယဉ်ကျေးမှုတစ်ရပ်ဖြစ်သည်။ ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါး၏ ဦးပြည်းစိမ်းစိမ်း၊ ထူးခြားသော အသွင်အပြင်နှင့် ၀တ်ရုံသင်္ကန်းကို တိုင်းတစ်ပါးသားတို့က အနည်းဆုံး ဓါတ်ပုံတွဲရိုက်ဖို့လောက်တော့ စိတ်ဝင်စားတတ်ပါသည်။ ထိုအခါမျိုးတွင် လက်ဆွဲနှုတ်ဆက်ရတာမျိုး ကြုံရသည်။ ကိုယ့်ဘက်က '' ရဟန်းဆိုတာ အမျိုးသမီးကို '' စသည် ရှင်းမပြနိုင်မီမှာပင် အခြားတစ်ဘက်က ကမ်းထားသောလက် ကြောင်အမ်းအမ်းဖြစ်မသွားအောင် အားနာမိရခြင်းမျိုး ဖြစ်တတ်သည်။
မဟာပညာကျော် အရှင်အာဒိစ္စ၀ံသကိုယ်တိုင် ဗြိတိန်နိုင်ငံသို့ ရောက်ခိုက် အမျိုးသမီးတစ်ဦး၏ လက်ကမ်းပေးမှုကို မျက်နှာလွှဲမိသဖြင့် ' ရိုင်းလိုက်တာ'' ဟု မှတ်ချက်ပြုခံရဖူးသည်။

မဇ္ဈိမထုံးစံ ကြာဖူးသဏ္ဍာန် လက်အုပ်ချီနှုတ်ဆက်ခြင်းက အန္တရာယ်ကင်းသည်။
ရွှေပြည်ကြီးမှာတော့ လက်အုပ်ချီနှုတ်ဆက်သည်က ဘုန်းကြီးရဟန်းများအတွက်သာ ဟု အရိုးစွဲနေသည်။
သူကတော့ မဇ္ဈိမထုံးစံနောက်သို့ မသိမသာ လိုက်နေမိပြီ။ လက်အုပ်ချီနှုတ်ဆက်ခြင်း....။
လက်အုပ်ချီနှုတ်ဆက်မိပြန်တော့ မရွှေချောတို့က မပြီး...။ ပုခုံးဖက်ပြီး ဓါတ်ပုံရိုက်ဖို့ ကြိုးစားကြပြန်သေးသည်။
ဒါတော့ မရ...။ ပြေးမှ...။

နိုင်ငံတကာသာသနာပြုရဟန်းများအတွက် အခြေခံသိသင့်သိထိုက်သည့် နိုင်ငံအလိုက်စားဝတ်နေရေး၊ လူမှုဆက်ဆံရေးကိစ္စများကိုပါ သာသနာပြုကျောင်းတော်များက သင်ပေးသင့်သည် ဟုမြင်ပါသည်။ သို့မဟုတ်လျင် ကမောက်ကမအလွဲများနှင့် မျက်နှာပျက်ဖွယ်ရာ ကြုံရတတ်ပါသည်။

ရွှေပြည်ကြီးမှာတော့ ထိုသို့ ကမောက်ကမလွဲချော်မှုလေးများသည်ပင် ရိုးဂုဏ်အဖြစ် ပိုတိုးကြည်ညိုဖွယ်ရှိသော်လည်း နိုင်ငံတကာတွင်တော့ အက်တီကတ်(Etiquette) သင်ပုန်းကြီးမကျေပွန်သူအဖြစ် မျက်နှာငယ်ဖွယ်ရာ ကြုံရပေလိမ့်မည်။

ဘာပဲဖြစ်ဖြစ် ထိုနေ့က သူတို့အားလုံး မစ္စတာဂစ်တာတွင် မိတ်ဆွေရဟန်းတော်၏ ဥရောပသာသနာပြုခရီိးအဆင်ချောမွေ့စေကြောင်း ဆုတောင်းကာ နေ့လည်စာဆွမ်းကို အားမနာတမ်း ဘုန်းပေးခဲ့ကြလေသည်..။ ကောင်းလင့်တေးပေတကား..။

ဓမ္မဂင်္ဂါ
(၈-၃-၂၀၁၂)
(ယခင်ရေးလက်စ အဆုံးမသတ်ရသေးသော အဟောင်းလေးကို အချောသတ်တင်လိုက်ပါသည်။)

No comments: