09 December, 2009

မစိုးရိမ်အလွမ်း(၅)

မစိုးရိမ်မှာနေတဲနှစ်တွေမှာ အလုပ်နဲ့ ညီညွတ်မှုဆိုတဲ့စကားလုံးနှစ်လုံးကို အမြဲကြားရလေ့ရှိပါတယ်။ မစိုးရိမ် ဆရာတော်ဘုရားကြီးဦးသူရိယယုံကြည်စိတ်ချစွာ လွှဲအပ်တော်မူခဲ့တဲ့အတိုင်း နာယကဆရာတော်သုံးပါးက ညီညွတ်မျှတအောင် ကျောင်းတိုက်ကြီးရဲ့လုပ်ငန်းစဉ်တွေကို ပုခုံးနဲ့ရော နှလုံးသားနဲ့ပါ ထမ်းတော်မူခဲ့ကြလို့ မစိုးရိမ်တိုက်သစ်ရဲ့ နှစ်ငါးဆယ်ခရီးဟာ မြန်မာနိုင်ငံသာသနာအတွက် မန္တလေးစာမျက်နှာမှာပါ အကျိုးဆက်ကောင်းတွေကို မွေးမြူစိုက်ပျိုးနိုင်ခဲ့ကြပါတယ်။

နာယကဆရာတော်သုံးပါး ညီညွတ်စွာ အလုပ်လုပ်ပုံနဲ့ပတ်သက်ပြီး ဆရာတော်အရှင်ရာဇဓမ္မက ဆရာတော်အရှင်နာယကာဘိဝံသ လွန်တော်မူခြင်းအထိမ်းအမှတ်ပွဲတွေမှာ ဒီလိုပြန်ပြောင်းပြောပြတတ်ပါတယ်။

မစိုးရိမ်တိုက်သစ်တည်ထောင်တာက (၁၃၁၆)ခုနှစ်မှာ----။ (၁၃၂၀) မှာတော့ ခုပျံတော်မူတဲ့ ဦးနာယက ဒီမစိုးရိမ်တိုက်သစ်ကိုပြောင်းတယ်။ သူကတော့သကျသီဟအောင်ပြီးပြီးချင်း မစိုးရိမ်တိုက်သစ်ပြောင်းသွားတယ်။ မစိုးရိမ်တိုက်ကြီးမှာ စာမချဘူး။ နောက် (၁၃၂၇)မှာတော့ ဘုန်းကြီးဦးသီရိန်-----။ ဘုန်းကြီးဦးသီရိန်ကတော့ မစိုးရိမ်တိုက်ကြီးမှာ ၁၀ နှစ်လောက်စာချခဲ့တယ်။ (၁၃၂၈)ကျတော့ ငါက မစိုးရိမ်တိုက်သစ်ကို ပြောင်းပြီး စာချတယ်။ မစိုးရိမ်တိုက်ကြီးမှာတော့ (၅)နှစ်တိတိစာချခဲ့တယ်။ အဲဒီ (၁၃၂၈)ငါပြောင်းတဲ့နှစ်တုန်းက တစ်တိုက်လုံးမှ သံဃာ (၆၃)ပါးပဲ ရှိတယ်။------။”

“အဲ ငါပြောင်းတော့ ဆရာတော်ဘုရားကြီးက----“မင်း မစိုးရိမ်တိုက်သစ်ကို စာသင်တိုက်ပုံစံဖြစ်အောင် အနည်းဆုံးသံဃာ(၂၀၀) လက်ခံ ”အဲဒီလို အမိန့်ရှိတယ်။ အဲဒီတုန်းက အဆောက်အဦနဲ့ဆိုရင်တော့ သံဃာနှစ်ရာလောက်ပဲ နေလောက်မှာပါပဲ---။အခုတော့ သံဃာနှစ်ထောင်ကျော်ရှိလာတယ်။ ကျောင်းတွေ လည်း တိုးလာတယ်။ ----ဘာဖြစ်လို့ တိုးတက်လာသလဲဆိုရင် ဒီနာယကကြီးသုံးပါး ညီညီညွတ်ညွတ်နဲ့ သာသနာပြုလုပ်ငန်းလုပ်ကြတဲ့အတွက် ဒီတိုက်တာကြီးဟာ သံဃာတွေလည်း တိုးလာတယ်။ ကျောင်တွေလည်း တိုးလာတယ်။ ဒီတော့ ဘယ်လုပ်ငန်းမဆို ညီညွတ်ရေးဟာ အင်မတန်လိုအပ်တယ်။”


မစိုးရိမ်တိုက်သစ်ဆိုတာဟာ သာသနာလောကမှာ ညီညွတ်မှုရဲ့ ပြယုဂ်ဖြစ်ကြောင်း အလုပ်တွေနဲ့ သက်သေပြခဲ့တာပါ။ ဘယ်သူခွဲခွဲ ဒို့မခွဲဆိုတာကို စာလုံးမဲကြီးတွေနဲ့ ဖော်ပြစရာမလိုပဲ ကာယသာမဂ္ဂီ စိတ္တသာမဂ္ဂီတရားတွေနဲ့ လက်တွေ့ကျင့်သုံးခဲ့တာသေချာခဲ့ပါတယ်။ ညီညွတ်မှုဟာ အင်အားဖြစ်ပါတယ်။
အဲဒီအင်အားကို ထိတ်ပြာေ၀၀ါးသူတို့လည်း ရှိခဲ့ဟန်တူပါတယ်။ ညီညွတ်မှုကို ဖြိုခွဲရင် အင်အားဟာ ပြိုလဲရမှာပါပဲ။ ဗုဒ္ဓခေတ်က အနောက်နိုင်ငံရောမ ခေါမတို့နဲ့ အပြိုင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ညီညွတ်စည်းလုံးပါတယ်ဆိုတဲ့ ဂဏနိုင်ငံတော်ဝေသာလီဟာ ဝေဿကာရအမတ်ကြီးရဲ့ သွေးခွဲမှုကြောင့် မဂဓနိုင်ငံခြေဖ၀ါးအောက်ရောက်ကာ ပျက်သုဉ်းသွားခဲ့ရဖူးပါတယ်။

အရေးအရာတွေ ရှုပ်ထွေးကျယ်ပြန့်လှတဲ့ ရွှေပြည်ကြီးမှာ မစိုးရိမ်ဟာ အင်အားစုကြီးတစ်ရပ်ဖြစ်နေခဲ့ပြန်ပါရော။ တကယ်တော့ မစိုးရိမ်ဟာ သာသနာအတွက် ခံတပ်ကြီးသာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အင်အားနဲ့အောင်မြင်မှုဟာ မုဒိတာပွားတတ်သူအဖို့ လက်ခုပ်တီးဖို့ကောင်းပေမယ့် တစ်ခါတစ်ရံ အတွေးကျဉ်းမြောင်းသူတို့အတွက်တော့ မျက်စိစပါးမွှေးစူးစရာပါ။

ဒို့မစိုးရိမ်တိုက်သစ်နဲ့ပတ်သက်ပြီး ဘေးက ပြောကြတယ်ပေါ့။ တစ်ချို့က ဘွဲတွေနဲ့--- ဆရာတော်ဦးသီရိန်အုပ်စု ဆရာတော်ဦးနာယကအုပ်စု ဆရာတော်ဦးရာဇအုပ်စု အဲဒီလိုသုံးတာလဲရှိတယ်။ တစ်ချိုက အရှေ့အုပ်စု အနောက်အုပ်စု အလယ်အုပ်စုတဲ့ ---။ ဘယ်လိုပဲ အုပ်စုအနေနဲ့ သုံးသပ်သည်ဖြစ်စေ ဒို့ဒီအထဲမှာနေတဲ့ လူကြီးသုံးပါးအပါအ၀င် အားလုံးသောနာယကအဖွဲ့က အုပ်စုသဘောရှိမှ မရှိဘဲ..ညီညီညွတ်ညွတ်သာသနာပြုကြတယ်။ ”

လုံးဝအုပ်စုသဘောမထားဘဲ ညီညီညွတ်ညွတ်သာသနာပြုကြတဲ့အတွက် ဒီတိုက်ကြီးက တိုးတက်လာတာ။ သူတို့ဘေးကပြောသလို အုပ်စုသဘောရှိနေရင် သဘောထားတွေ ကွဲလွဲနေရင် ဘယ်နည်းနဲ့မှ ဒီတိုက်မတိုးတက်ဘူး။ ဘာဖြစ်လို့တုန်း ၊ သဘောထားကွဲတယ်ဆိုတာ ရန်ဖြစ်တာပဲ။ -----အပြင်က အဲဒီအသုံးအနှုံးတွေဟာ မသိလို့သုံးတာလည်း ဖြစ်ချင်ဖြစ်မယ်၊ သို့မဟုတ် ဘေဒဥပါယ်အနေနဲ့ သုံးတာလည်း ဖြစ်နိုင်တယ်။ ဘေဒဥပါယ်ဆိုတာ တစ်ဦးနဲ့တစ်ဦးမတည့်အောင် ခွဲပစ်တာ.................သူတို့ ရည်ရွယ်ချက်ဘယ်လိုပဲ ရှိရှိပေါ့၊ ---နာယကတွေက ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်ကြမယ်ဆိုရင် ဒီတိုက်ဟာ ဒီထက်ဒီ တိုးတက်မှာပဲ။”


မစိုးရိမ်ရဲ့ပြတင်းဖွင့်သံများထဲမှာ အလုပ် အလုပ်ဆိုတဲ့အသံတွေသာ မည်ဟည်းနေတတ်ပါတယ်။ ကိုယ့်ဆွမ်းကိုယ်ခံစားပြီး အလုပ်လုပ်တဲ့ဆရာတော်တွေပါပဲ။ မန္တလေးဆိုတာက ဘာမှ လာဘ်လာဘ မျှော်ကိုးစရာရှိတာမှ မဟုတ်လေပဲ။ စာချဆရာတော်ဆိုတဲ့ ပီတိလေးကို ချိုနေကြတာပါ။ပရိယတ္တိသာသနာဆိုတဲ့ အရိပ်အောက်မှာ ရပ်နေရတာကို ကြည်နေကြတာပါ။

လွန်တော်မူသွားပြီဖြစ်တဲ့မစိုးရိမ်တိုက်သစ်ပထမမဟာနာယကဆရာတော်ကြီးအရှင်သီရိန္ဒမဟာထေရ်ဟာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှာ ဒုတိယဥက္ကဋ္ဌတာဝန်လို ကြီးလေးမြင့်မောက်တဲ့တာဝန်ကြီးကို ထမ်းပြီး နိုင်ငံတော်ရဲ့အဆင့်မြင့်ဆုံးဘွဲ့တံဆိပ်တော်တွေဖြစ်တဲ့ အဂ္ဂမဟာပဏ္ဍိတနဲ့ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တွေကို ရရှိတော်မူတဲ့ဆရာတော်ကြီးဖြစ်ပေမယ့် သက်တော်ရှစ်ဆယ်လွန်တော်မူခါနီးအထိဆွမ်းခံဝတ်ကို ဖျက်တော် မမူခဲ့ပါဘူး။

သံဃမဟာနာယကတာဝန်ထမ်းဆောင်ဖို့ ရန်ကုန်ကမ္ဘာအေးကုန်းမြေကို ကြွရောက် သီတင်းသုံးပြီး မန္တလေးကို ပြန်ရောက်တာနဲ့ အချိန်မီသေးရင် သပိတ်ကို ပြန်ပိုက်ပြီး ဆွမ်းခံကြွတော်မူလေ့ရှိတာပါ။ အနေအထိုင်လည်း သိုသိပ်တော်မူလွန်းလို့ ဒကာ ဒကာမတွေက နှစ်ရှည်လများဆွမ်းခံကြွနေတဲ့ ဆရာတော်ကြီးကို အလွန်နာမည်ကျော်တဲ့ မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးလို့ မသိကြပါဘူးတဲ့။ ရုပ်မြင်သံကြားမှာ သတင်း စာတွေမှာ ဖူးတွေ့ရပါမှ မနက်တိုင်း သပိတ်ကြီးပိုက်ပိုက်ပြီး အိမ်ရှေ့ကို အရောက်ကြွတော်မူလာတတ်တဲ့ ကိုယ်တော်ကြီးဟာ မစိုးရိမ်ဆရာတော်ကြီးပါလားလို့ ဆရာတော်ကြီးရဲ့ ရိုးဂုဏ်ကို ကြည်ညိုမကုန် အောင်ဖြစ်ကြရတာပါ။ စာသင်သားလောကမှာတော့ မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးဆွမ်ခံကြွခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောမကုန်တဲ့ချစ်စရာပုံပြင်လေးတွေ ကိုယ်စီရှိနေကြပါတယ်။

ဆွမ်းခံကြွဖို့ အိမ်သီးခြားမရှိတဲ့ကိုရင်ပေါက်စလေးတွေ ရဟန်းငယ်တွေဟာ လမ်းဆုံလေးခွမှာ ရပ်ပြီးလောင်းတဲ့ ဘုံဆွမ်းကို တိုးကြရပါတယ်။ ဘုံဆွမ်းဆိုတာက နေ့စဉ် ဘယ်သံဃာပဲ ကြွကြွလောင်းတာမို့ ဟင်းကောင်းကောင်းလောင်းဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ တစ်ခါတစ်ရံ သဒ္ဓါပေါက်ပြီးလောင်းတဲ့သူပေါ်လာရင်တော့ အဲဒီဆွမ်းလောင်းမှာ သံဃာတွေ တိုးတိုးဝှေ့ဝှေ့ဖြစ်လေ့ရှိပါတယ်။ မန္တလေးသူ မန္တလေးသားတွေတော့ မြင်ယောင်မိကြမှာပါ။

အဲဒီလိုမျိုး ဆွမ်းလောင်းတွေက ဟင်းကောင်းတတ်ပါတယ်။ အဲဒီလိုနေ့မျိုးမှာ အမြဲတမ်းဆွမ်းခံကြွတဲ့ မစိုးရိမ်ဆရာတော်ကြီးကို ကိုရင်လေးတွေက မျက်မှန်းတန်းမိပြီး ရင်းနှီးနေလေတော့ “ ဦးဇင်းကြီး ဦးဇင်းကြီး ဟိုနားမှာ ၀က်သားလောင်းနေတယ်” ဆိုပြီး သင်္ကန်းစအတင်းဆွဲပြီးခေါ်ကြတော့တာပါတဲ့။ ဆရာတော်ကြီးကို သူတို့က မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးလို့ သိမှ မသိရှာကြလေပဲ။ ဆွမ်းဟင်းသက်သက်တွက်မဟုတ်ဘဲ ရှေးရှေးဘုရား ရဟန္တာအရိယာအရှင်မြတ်တွေကျင့်မြဲ ဆွမ်းခံဝတ်ကို ကျင့်သုံးတော်မူတဲ့ ဆရာတော်ကြီးလို့မသိရှာကြလေပဲ။ ဆရာတော်ကြီးက သည်းခံတော်မူကာ သူတို့ဆွဲခေါ်ရာနောက်ကို လိုက်ပါလေ့ရှိပါသတဲ့။

ဒါပေမယ့် ဆရာတော်ကြီးဟာ သာသနာတော်အရေးအရာနဲ့ပတ်သက်လာရင်တော့ ဘယ်သူ့မျက်နှာမှ ထောက်ထားလေ့မရှိခဲ့ပါဘူး။ ဆရာတော်ကြီးရဲ့ သီလ သမာဓိ ပညာနဲ့ပတ်သက်ပြီး ရွှေစင်အစစ်ဖြစ်ကြောင်း မှတ်ကျောက်တွေ ရှိခဲ့ပါတယ်။ သံဃမဟာနာယကတာဝန်တွေ မအားလပ်တဲ့ကြားက စာပေပို့ချမှုကိုလည်း လွန်တော်မူခါနီးကာလထိ မပျက်ကွက်ခဲ့ပါဘူး။ ဆရာတော်ကြီးဟာ အလွန်ခံရခက်တဲ့အူမကြီးကင်ဆာရောဂါကို သမာဓိမပျက်ရင်ဆိုင်နိုင်ခဲ့တာကိုလည်း ကုသပေးတဲ့ ဆရာဝန်ကြီးများက အံသြကြည်ညိုခဲ့ကြပါသတဲ့။

သူကိုယ်တိုင်လည်း ဆရာတော်ကြီးလွန်တော်မမူမီ တစ်လလောက်အလိုမှာ ရန်ကုန် ဂျပန်ဆေးရုံကြီးမှာ နောက်ဆုံးဖူးခြင်းနဲ့ ဖူမျှော်ခွင့်ရခဲ့ပါတယ်။ သက်တော်ရှစ်ဆယ်အရွယ်တော်နဲ့မလိုက်အောင် ၊ ခံစားနေရတဲ့ ရောဂါဝေဒနာနဲ့ ကင်းကွာနေသယောင် အေးမြတည်ကြည်နေတဲ့မျက်နှာတော်ကို ဖူးခွင့်ရလိုက်တာပါ။ သတင်းစာတစ်စောင်ကို ဖတ်နေတဲ့ကြားက ဆရာတော်ကြီးရဲ့ ထုံးစံအတိုင်း တပ်ထားတဲ့မျက်မှန်ကို ကျော်ကြည့်ပြီး ဂါရ၀ပြုမှုကို အသိအမှတ်ပြုတော်မူခဲ့ပါတယ်။ နောက်တစ်လအကြာ စင်ကာပူနိုင်ငံက ဆေးဝါးကုသအပြီးအပြန်မှာ လွန်တော်မူခဲ့ပါတယ်။ ဆုံးရှုံးလေစွ ။

မစိုးရိမ်တိုက်သစ်ဆိုတာက အဲဒီလို ကိုယ့်ဆွမ်းကိုယ်ခံစားပြီး ကိုယ့်သမာဓိနဲ့ကိုယ် သာသနာကိုသာ အာရုံစိုက်တော်မူတဲ့ ဆရာတော်ကြီးက ဦးဆောင်ခဲ့တာဆိုတော့ တိုးတက်ရပြီပေါ့။ ဒီအပင်စိုက်မှတော့ ဒီအသီးသီးပြီပေါ့။ အဲဒီအသီးက ချိုလည်း ချိုပါတယ်။ချွင်းချက်တော့ ရှိသပေါ့။ ဆရာတော်အရှင်နာယကကတော့ ကျန်းမာရေးအရ ဆွမ်းခံမကြွပါဘူး။ ဆရာတော်အရှင်ရာဇဓမ္မကတော့ ဆရာတော်ကြီး ဦးသီရိန်နဲ့ စာချုပ်ရှိလို့ ဆွမ်းခံမကြွတာလို့ စာသင်သားတွေ လက်ဆင့်ကမ်းကာ မြတ်မြတ်နိုးနိုး ပြောလေ့ရှိပါတယ်။

မစိုးရိမ်တိုက်သစ် တိုးတက်တာက ၀ါဒဖြန့်ကောင်းလို့မဟုတ်ဘူး၊ ဟုတ်လား၊ အလုပ်လုပ်လို့။ ၀ါဒဖြန့်ကောင်းလို့တိုးတက်တယ်ဆိုတဲ့တိုက်ကတော့ ၀ါဒဖြန့်နိုင်တုန်း၊ ၀ါဒဖြန့်တာကို ဒကာ ဒကာမတွေက ယုံကြည်တုန်း ....အဲဒီအချိန်မှာပဲ တိုးတက်မှာ။ ၀ါဒမဖြန့်နိုင်တော့ဘူး၊ ၀ါဒဖြန့်တာကို ဒကာဒကာမတွေက ၀ါဒဖြန့်တာပါလို့ အသိဉာဏ်ဝင်သွားပြီဆိုရင် အဲဒီတိုက်ဟာ ကျဆုံးသွားတာ။


အလုပ်လုပ်လို့တိုးတက်ဆိုတာကတော့ အလုပ်လုပ်နေသေးရင် အမြဲတမ်းတိုးတက်မှာ ။ဒို့တိုက်က ၀ါဒဖြန့်စရာမလိုဘူး။ နောက်နှစ် နှစ်ငါးဆယ်ပြည့်မယ်။------------ဘယ်စာရေးဆရာဆီကမှ ဆောင်းပါးမတောင်းဘူး။ ကိုယ့်ဟာကိုယ် မစိုးရိမ်တိုက်သစ်အကြောင်း စာအုပ်လေးထုတ်မယ်။ ဆရာတော်ကြီးရဲ့ ထေရုပ္ပတ္တိပြန်ထုတ်မယ်၊ အဲဒီလောက်ပဲ လုပ်မှာ ကြီးကြီးကျယ်ကျယ်လဲ မလုပ်ဘူး။ ဘယ်သူ့ဆီကမှလဲ အလှူမခံဘူး။ မကောင်းဘူးလား။

စာသင်သားတွေ မင်းတို့------နောက်နှစ် နှစ်ငါးဆယ်ပြည့်ကဆုန်လပြည့်နေ့လုပ်မယ် ၊ နှစ်ငါးဆယ်ပြည့် ဘုန်းကြီးဦးသီရိန် တစ်နှစ်ပြည့် ----ကိုယ့်စားရိတ်နဲ့ကိုယ်လာ၊ ကိုယ့်ဆွမ်းကိုယ်စား ၊အခမ်းအနားတက် ၊မကောင်းဘူးလား၊ ရှင်းသလား မရှင်းဘူးလား ------အခမ်းအနားကည ညပဲလုပ်မှာ တရားပွဲနဲ့ ဟောပြောပွဲလေးဒါပဲ လုပ်မယ် ။”
(၁၃၆၄-၅ ခုနှစ် မဟာနာယကဆရာတော် ဦးနာယကာဘိဝံသ အထိမ်းအမှတ်ပွဲများတွင် ပေးသောသြ၀ါဒ)

3 comments:

Ashin Acara. said...
This comment has been removed by the author.
Ashin Acara. said...
This comment has been removed by the author.
Ashin Acara. said...
This comment has been removed by a blog administrator.