20 January, 2010

ဆောင်းရာသီထဲက ရဟန်းတစ်ပါး

လွန်ခဲ့သောနှစ်က ယခုလို ဆောင်းနှင်းမြူတွေ အေးခဲအုံ့မှိုင်းနေစဉ်ဝယ် သူသည် ဒေလီမြို့တော်၊ အင်ဒီရာ ဂန္ဓီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်ကာပူသို့ ထွက်ခွာလာခဲ့သည်။ တိတိကျကျ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးညဖြစ်သည်။ ဒိုင်ယာရီတွင် ဤသို့ရေးမှတ်ဖြစ်ခဲ့၏။

မကြာမီမှာ နှစ်သစ်ကူးလေတော့မည်။ ယခုသူသည် နယူးဒေလီမြို့တော်၊အင်ဒီယာဂန္ဓီလေဆိပ်ရှိGate (1)တွင် အိန္ဒိယလေကြောင်းဖြင့် စင်္ကာပူနိုင်ငံသို့ ခရီးထွက်ခွာရန် စောင့်ဆိုင်းနေလေသည်။ မိတ်ဆွေရဟန်းတော်များကို တယ်လီဖုန်းဖြင့် နှုတ်ဆက်စကားဆိုချင်သော်လည်း လေဆိပ်အ၀င်တွင် တယ်လီဖုန်းက ကျပျောက်ခဲ့လေသည်။ တည်းခိုရာဒေလီတက္ကသိုလ်မှ အင်ဒီရာဂန္ဓီလေဆိပ်သို့ လာရာလမ်းတစ်လျှောက်လုံး မိတ်ဆွေရဟန်းတော် များက တခုတ်တရ ဖုန်းဆက်ကြလေသည်။

MMWAI အဖွဲ့ကြီး၏ ကိုးနှစ်မြောက်နှစ်ပတ်လည်အစည်းအဝေးကြီးတွင် တက်ရောက်နေကြသည့် မိတ်ဆွေရဟန်းတော်များကတော့ ဗုဒ္ဓဂယာမှာ နှစ်သစ်ကူးကြတော့မည်။ ယမန်နေ့ကပင် အစည်းအဝေးကြီးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ။ ယခင်နှစ်များ(၂၀၀၇-၂၀၀၈)ဆီက သူသည် အဖွဲ့ကြီးမှ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ယခုနှစ်တော့ သူ့မှာ နေထိုင်ခွင့်ဗီဇာလည်းကုန်လေပြီ။ ပါရဂူ ကျမ်းပြုခွင့် ရပါမှ သုတေသနဗီဇာဖြင့် ပြန်လာနိုင်လေမည်။ စင်ကာပူနေ့ရက်အသစ်များကလည်း အသင့်စောင့်နေကြမည်။

နှစ်လည်အစည်းအဝေးကြီး၏ အခမ်းအနားမှူးအဖြစ် ပထမနေ့တစ်ရက်နှင့် ဒုတိယနေ့(နံနက်ပိုင်း)များတွင် ဆောင်ရွက်ပြီးသည်နှင့်အစည်းအဝေးဒုတိယနေ့(နေ့လည်ပိုင်း)ကျင်းပဆဲတွင်ပင်အဖွဲ့ကြီးနှင့်မိတ်ဆွေရဟန်း
တော်တို့ကို နှုတ်ဆက်ထွက်ခွာခဲ့ရသည်။
ဂယာမှ ဒေလီသို့ ရထားဖြင့် ထွက်ခွာခဲ့၏။ သူသည် အစုအဝေးမှ ဖဲ့ထွက်လာရသော အပိုင်းအစတစ်ခုဖြစ်သွားပြီ။ ပျင်းရိဖွယ်ကောင်းတော့၏။

ဒေလီဆောင်းသည် အေးစိမ့်တုန်ခိုက်နေသည်။ ဂယာမှ ၀တ်လာသော ဆွယ်တာတစ်ထည်သည် ဒေလီဆောင်း ကို မခုခံနိုင်။ တည်းခိုရာဒေလီတက္ကသိုလ် နိုင်ငံတကာကျောင်းသားဆောင်ရှိ မိတ်ဆွေရဟန်းတော် အရှင်ကောလိနိယ(အဂ္ဂမဟာကျော်)၏ အခန်းမှဆွယ်တာတစ်ထည်ဆွဲဝတ်ရခဲ့သေးသည်။

ဒေလီတက္ကသိုလ်မှ လေဆိပ်သို့ အသွားခရီးကိုတော့ မဟာဝိဇ္ဇာတန်းတက်နေသည့်
သီတဂူ-အရှင်သီဟဉာဏာ လင်္ကာရ(သဲကုန်း)က လိုက်ပို့ပေးလေသည်။ ကားများရှုပ်ထွေးလှသည့် ဒေလီမြို့ကြီးကို တိုးဝှေ့ရစဉ် လေယာဉ်ထွက်ခွာချိန်မှီရေးအတွက် နာရီကိုမကြာခဏ ကြည့်ရသည်။ အငှါးယာဉ်မောင်းသမားကတော့ ခေါင်းတရမ်းရမ်းဖြင့် အေးဆေးတည်ငြိမ်လှသည်။ ဘုရား ဘုရား။ မှီတော့မှီပါသည်၊ သို့သော် ပြာပြာဝေေ၀မှီခြင်းမျိုးဖြစ်၏။ ကွင်းချိန်းသတ်မှတ်ချိန်လွန်ပြီးမှသာ ရောက်ခဲ့သည်။

အိန္ဒိယအမျိုးသားလူဝင်မှုကြီးကြပ်ရေးအရာရှိတို့၏ စိတ်အေးလက်အေးနိုင်ပုံများကြားတွင် သူက ပူလောင်နေ သည်။ဆောင့်ကြီးအောင့်ကြီးထုပေးလိုက်သောတံဆိပ်တုံးသံကပင် သူ့အတွက် ချိုမြိန်သွားရသည်။ လွတ်ပြီ ကျွတ်ပြီ။ ကဲ ဘယ်မှာလဲ ထွက်ခွာရမယ့်ဂိတ်။အင်ဒီရာဂန္ဓီလေဆိပ်သည် ဂိတ်ပေါင်းများစွာဖြင့် ရှုပ်ထွေးလှသည်ဖြစ်ရာ သူထွက်ခွာရမည့် ဂိတ်ကို ရှာဖွေရသည်ကပင် စိတ်မောဖွယ်ရာဖြစ်ခဲ့ရသေးသည်။

၂၀၁၀ ခုနှစ်တွင်ကျင်းပမည့် ဓနသဟာယနိုင်ငံများအားကစားပွဲတော်ကို အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပမည့် ဟိန္ဒူစတန်နိုင်ငံ(သို့မဟုတ်) ဘာရတ်နိုင်ငံတော်ဟု ဂုဏ်ယူရည်ညွှန်းလေ့ရှိသော အိန္ဒိယသည် နယူးဒေလီ မြို့တော်ကိုဘက်စုံပြုပြင်ခြယ်သနေသည်။ အိန္ဒိယ၏ နိုင်ငံတကာဝင်ပေါက်ဖြစ်သော အင်ဒီရာဂန္ဓီလေဆိပ် ကိုတော့ အထူးအလေးထားပြင်ဆင်နေလေသည်။

တိုးချဲ့နေသော ဂိတ်များစွာတွင် မွမ်းမံဆဲဖြစ်သောစင်ကာပူထွက်ခွာဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင် အကာအရံများကြားတွင် မပေါ်မလွင်ဖြစ်ကာ ရှာလေလေ ဝေးဖြစ်ခဲ့ရပါလေသည်။ တွေ့သမျှအိန္ဒိယလူမျိုးများကို မေးပါသော်ငြား တိကျသောအဖြေမရခဲ့။ မသိဘူးဟုလည်း မငြင်းဆန်တတ်သောလူမျိုးမို့ တွေ့မိတွေ့ရာ လက်ညှိုးထိုးပြကြလေသည်။ သို့နှင့် ထိုနေ့က အထုပ်အပိုးများနှင့် မပေါ့ပါးလှသော ရဟန်းတစ်ပါးသည် အင်ဒီရာဂန္ဓီလေဆိပ်ထဲတွင် ၀ဲကတော့ ထိုးနေလေသည်။ ခက်ခဲလှပေစွ။

နောက်ဆုံးတော့ လေဆိပ်တာဝန်ကျရဲအရာရှိတစ်ယောက်ကို သွားမေးရသည်။ ရဲအရာရှိကလည်း လက်ညှိုးထိုးရန် အားယူပြန်လေသည်။ ဒီတစ်ခါတော့ မရပြီ။ လိုက်ပြပါလုပ်ရတော့၏။ လားလား စင်ကာပူ ထွက်ပေါက် Gate (1) ကား မြေလျှိုးနေပါပကော။

ခရီးသည်နားနေခန်းရောက်မှ မိတ်ဆွေရဟန်းတော်များကို နှုတ်ဆက်မည်အကြံဖြစ်သည်တွင် တယ်လီဖုန်းကား မရှိပြီ။မေးရင်းမြန်းရင်း ပြေးရင်းလွှားရင်း တယ်လီဖုန်းကျပျောက်ခဲ့ခြင်းဖြစ်ပေမည်။ သဗ္ဗေသတ္တာ မင်းသိင်္ခသာ ဖြစ်ပါစေတော့။ အထုပ်အပိုးတွေ များချင်တဲ့ ရဟန်း ပျောက်စမ်း။

အိန္ဒိယလေကြောင်းပိုင် လေယာဉ်ထွက်ခွာတော့ ၂၀၀၉ ခု ဇန်န၀ါရီလဆန်း (၁)ရက်ထဲအ၀င် ၀၀း၃၀ နာရီတိတိ။ဘန်ကောက်မြို့တော်၊သုဝဏ္ဏဘူမိလေဆိပ်တွင်ခရီးတစ်ထောက်နားကာစင်ကာပူသို့ခရီးဆက်ခဲ့လေ
သည်။ သုဝဏ္ဏဘူမိလေဆိပ်တွင် ဆိုက်ရောက်စဉ် ဆွယ်တာအနွေးထည်တစ်ထည်ကို ချွတ်လိုက်ရပြီ။ ဒေသစံတော်ချိန် ၁၀း၁၀ နာရီခန့်တွင် စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်ကို ဆိုက်ရောက်၏ ။ ဆောင်း အငွေ့အသက်တို့ ပျောက်လွင့်လေပြီ။ ၀တ်ထားသော လက်ကျန်ဆွယ်တာကို အပြီးသတ်ချွတ်လိုက်ရတော့၏။


လေဆိပ်ထဲမှ ထွက်လာချိန်မှာတော့ ၁၁း၀၀ နာရီထိုးလုပြီ။တက္ကစီတစ်စီး၏ သယ်ဆောင်ရာကား ယူနို့စ် မင်္ဂလာဝိဟာရဆီ။ကျောင်းတော်၏။ နှစ်သစ်ကူး Chanting အမီရောက်သွားသည်။ သက်သတ်လွတ် နေ့ဆွမ်းသည် အမှတ်တရဖြစ်တော့၏။”

1 comment:

မော်ကွန်းသစ် said...

ကဲ စီဘောက်လဲ ပျောက်နေပါပကော။ ဆရာ။ သဗ္ဗေသတ္တာ မင်းသိင်္ခသာ