30 January, 2010

ဂင်္ဂါကမ်းက ကဗျာလမ်း

(၁)

၂၀၀၈ ခုနှစ်ပိုင်းဆီက ဆရာမောင်သာနိုးနဲ့ သူ့ကတော်ဒေါ်ခင်လေးနွယ်တို့ ဗာရာဏသီကို ရောက်လာ ပါတယ်။ ဇနီးမောင်နှံနှစ်ယောက်တည်း သံဝေဇနိယဘုရားဖူးခရီးထွက်လာကြတာပါ။ ဆရာမောင်သာနိုးကြီး တို့ရဲ့ အမြိုက်လမ်းညွှန်ဖြစ်တဲ့ မိတ်ဆွေရဟန်းတော်က မိတ်ဆက်ပေးလို့ ဗာရာဏသီမြို့လုံးအနှံ့လှည့်လည် ရင်းစကားပြောခွင့်ရပါတယ်။ ဗာရာဏသီမှာက ဗုဒ္ဓအရှင်တရားဦးဟောရာမိဂဒါဝုန်အပြင် လေ့လာစရာ တွေကများပါတယ်။ဗုဒ္ဓဓမ္မနဲ့ ဟိန္ဒူယဉ်ကျေးမှုအပါအ၀င် ယုံကြည်ကိုးကွယ်မှုပေါင်းစုံထွန်းကာခဲ့ရာ ရှေး ဟောင်းမြို့ကြီးမို့ HOLY CITY (မြင့်မြတ်သောမြို့တော်)လို့ ဂုဏ်ယူလေးမြတ်ကြပါတယ်။ ဂင်္ဂါမြစ်ကမ်းပါး မှာထိုင်ရင်း မဇ္ဈိမရဲ့ ရသကို ခံစားနိုင်တဲ့ မြို့တော်ပါပဲ။

အစုအဖွဲ့နဲ့လာတဲ့ ဘုရားဖူးတွေအတွက်တော့ ဗာရာဏသီမြို့ကြီးကို အရင်းအတိုင်းမြင်ခွင့်မရပေဘူး။ သတ်မှတ်ခရီးစဉ်ထဲမှာ ဗာရာဏသီလှည့်လည်ကြည့်ရှုခြင်း(Varanasi Sightseeing)မှ မပါလေဘဲကိုး။ ဆရာ မောင်သာနိုးကြီးတို့ကတော့ အေးအေးလူလူ ဇနီးမောင်နှံနှစ်ယောက်တည်း ပရိုက်ဗိတ်ကားတစ်စီးငှါးပြီး အမြိုက် လမ်းညွှန်ရဟန်းတော်တစ်ပါးရဲ့ ဦးဆောင်မှုနဲ့ ဘုရားလည်းဖူးရင်း မဇ္ဈိမရဲ့ ရှုကွက်တွေကိုလည်း စူးစမ်းရင်း ထွက်လာကြတာကိုး။

ဆရာမောင်သာနိုးဆိုတာ စာပေလူကြမ်းကြီးလို့ မြင်ခဲ့ရတာပါ။ အမြင်ကတ်အောင်လည်း ရေးတတ်သလို မှတ် သားစရာတွေးစရာတွေလည်း ပါတာမို့ မဖတ်ဘဲလည်း နေလို့မရအောင် စောင့်ဖတ်ရတဲ့ စာရေးဆရာကြီး တစ်ယောက်လည်းဖြစ်ပါတယ်။ နိုင်ငံတကာကဗျာတွေကို မောင်သာနိုးကြီး မိတ်ဆက်ပေးလို့ “ထင်ရူးပင်ရိပ်”
မှာ ခိုခဲ့ဖူးသလို ဗုဒ္ဓအရှင်ရဲ့ ဖြူစင်မြင့်မြတ်တဲ့ဘ၀နဲ့ ဓမ္မအလှတွေကို ကမ္ဘာ့မျက်လုံးနဲ့ ရှုမြင်ထားတဲ့ “အာရှ တိုက်ရဲ့ အလင်းရောင်” ကြောင့်လည်း လင်းခဲ့ရဖူးပါတယ်။

တစ်ခါတစ်ရံမှာတော့ မောင်သာနိုးကြီး အာဘော်လွန်လို့ဖြစ်စေ၊ သဘောထားကွဲလွဲလို့ဖြစ်စေ ပေါက်ကွဲကြတဲ့ စာပေကြိုးဝိုင်းထဲက ပိဿာလေး နံဘေးပစ်စကားလုံးတွေလည်း ကြားရတတ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဗာရာဏသီမှာ တွေ့တဲ ဆရာမောင်သာနိုးကြီးကတော့ စကားပြောလို့အဆင်ပြေသလို လူပုဂ္ဂိုလ် ပါဠိပညာရှင်တစ်ယောက်အဖြစ်နဲ့လည်း ပိဋကတ်အမြင်တွေကို စောကြောခွင့်ရခဲ့ပါတယ်။ ပြီးတော့ ဆရာ မောင်သာနိုးကြီးက ပိဋကတ်ကျမ်းစာထဲက ဗုဒ္ဓရဲ့စကားတော်တွေကို သူ့မူအတိုင်းပြန်ဆိုပြီး ဓမ္မဒါနပြုနေပြီ ဆိုတာကိုလည်း သာဓုခေါ်ခဲ့ရပါတယ်။ ယနေ့ခေတ် လူငယ်တွေအတွက် ဒက်ကနဲလင်းစေမယ့် ပြန်ဆိုချက် တွေမှန်း မြည်းစမ်းကြည့်လိုက်တာနဲ့ သိလိုက်ရပါတယ်။ သူ့ကိုလည်း နိကာယ်ကျမ်းစာတော် ဘာသာပြန် ကောက်နှုတ်ချက် ဘုတ်အုပ်ငယ်လေးနှစ်အုပ်ဓမ္မလက်ဆောင်အဖြစ် ဆက်ကပ်သွားသေးတာကိုး။်

(၂)

ပိဋကတ်ဘာသာပြန်ဆိုခြင်းနဲ့ပတ်သက်ပြီး မောင်သာနိုးပြောတဲ့ စကားထဲမှာ ဗုဒ္ဓအရှင်မြတ်ရဲ့ အနှိုင်းမဲ့ဘာသာ စကားစွမ်းရည်အကြောင်းတစ်စွန်းတစ်စ ကြားခဲ့ရပါသေးတယ်။ မောင်သာနိုးကြီးရဲ့ အယူအဆအရ ဗုဒ္ဓအရှင်ရဲ့ စကားတော်တွေကို ဘာသာပြန်ဆိုတဲ့အခါမှာ ပရိယာယ်တူ အဓိပ္ပါယ်တူဆိုပြီး ကျုံ့မပစ်သင့်ကြောင်း၊ ဖြုတ်မပစ် သင့်ကြောင်းနဲ့ သဗ္ဗညုတဉာဏ်တော်ရှင်ရဲ့ ဗုဒ္ဓ၀စနလို့ညွှန်းဆိုရတဲ့ စကားလုံးတော်တိုင်းမှာ လှပ မြင့်မြတ်တဲ့ ကဗျာအသက်ဓါတ် တွေပါနေကြောင်း၊ အဇ္ဈတ္တမတူတဲ့ လူအမျိုးမျိုးရဲ့ ခံယူချက်အားလျော်စွာ နားလည်ညွတ် နူးသွားနိုင်ကြောင်း မှတ်သားရပါတယ်။

ပါဠိပိဋကတ်တော်မူရင်းအတိုင်း ထိတွေ့ခွင့်ရတဲ့ ပုဂ္ဂိုလ်တွေအတွက်ဆို ဗုဒ္ဓအရှင်ရဲ့ စကားတော်တွေက ပိုပြီး အရသာရှိပါတယ်။ တစ်ချို့စာချအကျော်အမော်ဆရာတော်ကြီးတွေဆို စာချရင်းနဲ့ “ကောင်းလိုက်တဲ့ စကားလုံးဗျာ”ဆိုပြီး လက်အုပ်တချီချီနဲ့ဗုဒ္ဓအရှင်ကို တကြရတာပါ။ ကောင်းပေမပေါ့ ၊ ညွန့်ပေမပေါ့ ၊သဗ္ဗညုတ ဉာဏ်တော်ရှင်အနှိုင်းမဲ့ကဗျာ ဆရာကြီးရဲ့ အတုမဲ့ဘဏ္ဍာတော်တွေပဲ။

(၃)

တကယ်ပါ မနေ့ကပဲ ပိဋကတ်လမ်းပေါ်လျှောက်ရင်း ဘုရားဖူးထွက်ခဲ့ပါသေးတယ်။
ဘုရားရှင်နဲ့ နတ်သားတစ်ယောက်တို့ရဲ့ ဓမ္မဒိုင်ယာလော့ဂ်ကို ဒီလို ကြားရပါတယ်။
“အရှင်ဘုရား သံသရာရေအယဉ်ကို ဘယ်လိုကူးမြောက်ခဲ့ပါသလဲ။”
“ဒကာနတ်သား ငါကိုယ်တော်ဟာ ရပ်တည်မနေဘဲ အားမထုတ်ဘဲ သံသရာရေအယဉ်ကို ကူးမြေက်ခဲ့ပေရဲ့”
“ဘယ်လို ရပ်တည်မနေဘဲ အားမထုတ်ဘဲ သံသရာရေအယဉ်ကို ကူးမြောက်ခဲ့သလဲ အရှင်”
“ဒကာနတ်သားရပ်တည်နေရင် နစ်မြုတ်ပေမယ်။ အားထုတ်မယ်ဆိုလည်း မျောရပေမယ်၊ ငါကိုယ်တော် အရှင်ကတော့ ရပ်တည်မနေဘဲ အားမထုတ်ဘဲ သံသရာရေအယဉ်ကို ကူးမြေက်ခဲ့ပေရဲ့”
နတ်သားဟာ ဗုဒ္ဓအရှင်ရဲ့ ကျစ်လစ်သေသပ်ပြီး အဓိပ္ပါယ်နက်ရှိုင်းတဲ့ စကားတော်ကို ကြိုက်သွားပါတယ်။
ပြီးတော့ ဒီကဗျာကို ချက်ချင်းကောက်ရွတ်တော့တာပါ။

စိရဿံ ၀တ ပဿာမိ၊
ဗြဟ္မဏံ ပရိနိဗ္ဗုတံ။
အပ္ပတိဋ္ဌံ အနာယူဟံ။
တိဏ္ဏံ လောကေ ၀ိသတ္တိကံ။

အတွေ့နောက်ကျခဲ့ပါပေါ့၊
မကောင်းမှုအပပြုကာ ကိလေသာငြိမ်းအေးပြီးသူအရှင်။
မရပ်နားဘဲ အားမထုတ်ဘဲ
လောကထဲက တဏှာကို ကူးမြောက်ခဲ့သူ အရှင်။

(၄)

ဘာသာစကားနဲ့ပတ်သက်ပြီး ဆက်ပြောကြတဲ့အခါ “ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” ဆိုတဲ့ အသံကို ကြားတိုင်း နားထဲမှာ အဆင်မပြေဘူးဘုရားတဲ့။ သဒ္ဒါမှန်ပေမယ့် အသုံးအနှုံး(Usage)က တစ်မျိုးတစ်ဖုံဆိုပြီး “ စရထ ဘိက္ခဝေ စာရိကံ” “ဒေသေထ ဓမ္မံ” “ ဘ၀တု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေ၀တာ” စတဲ့ အသုံးအနှုံးလေးတွေနဲ့ နှိုင်းယှဉ်ပြခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် ဗုဒ္ဓအရှင်ရဲ့ ဘာသာစကားကြွယ်ဝမှုနဲ့ ကဗျာအသက်ဓါတ်ပါတဲ့ ဒေသနာဉာဏ်တော်ကိုတော့ ချီးပလို့မကုန်ခဲ့ချေဘူး။

29 January, 2010

အရိယာတို့၏ ဥဒါန်းကဗျာ


(၁)

စိတ်တွေ ညောင်းညာသွားတဲ့အခါ ကဗျာကို ဖတ်တယ်။ စိတ်တွေ လွတ်လပ်ပေါ့ပါးသွားတဲ့အခါမှာတော့ ကဗျာကို ရွတ်လိုက်တယ်။ လောကုတ္တရာပါရမီနုယ်ထဲက ရဟန်းတစ်ပါးအတွက်တော့ ကဗျာဟာ အရေးကြီးတဲ့ ဘာသာ စကားဖြစ်ပါရဲ့။

ဘုရားရဟန္တာအရှင်မြတ်တွေဟာ လောကီကို လွန်မြောက်သွားတာနဲ့ ကဗျာတစ်ပုဒ်ကို ချက်ချင်း ကောက်ရွတ် လေ့ရှိကြတယ်။ ဗုဒ္ဓသာဝကအရှင်တွေရဲ့ နှလုံးသားတွေပေါ်မှာ သန္တိသုခအရိပ်ထိုးကျပြီး ဓမ္မသိင်္ဂါရရသတွေ မြူးကြွသွားတဲ့အခါ ထေရဂါထာ၊ ထေရီဂါထာဆိုတဲ့ ကဗျာမြတ်တွေ ထွန်းတောက်ခဲ့ပါတယ်။ဗုဒ္ဓအရှင် ကိုယ်တော်တိုင်လည်း မဟာဗောဓိပင်မြတ်အောက်မှာ သဗ္ဗညုတဉာဏ်အလင်းပွင့်သွားတဲ့အခိုက် ကဗျာဗေဒနဲ့ ဒီလိုကျူးရင့်ခဲ့လေသပေါ့။

“အနေကဇာတိ သံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။
ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ နကာဟသိ။
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကုဋံ ၀ိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယ မဇ္ဈဂါ။”

“ဖြစ်ခြင်းများစွာ သံသရာထဲ၊
မသိဘဲ ပြေးလွှားခဲ့ရ။
အိမ်ဆောက်သူလက်သမားကို ဖွေရှာရင်း၊
ဖြစ်ခြင်းတွေသာ ဖန်တစ်ရာ ဆင်းရဲခဲ့ ။

ဟေ့ လက်သမား သင့် ငါမြင်ပြီ ၊
သင် အိမ်သစ်မဆောက်ရတော့
သင့်အိမ်နံရိုးတွေ ငါချိုးဖျက်ခဲ့ပြီ ၊
သင့်အိမ်အထွဋ်ကို ငါပယ်ချွတ်ခဲ့ပြီ။

ပြုလုပ်ခြင်းကင်းရာဆိုက်ကပ်ခဲ့ ငါ့စိတ်၊
တပ်မက်မှုဆိတ်သုဉ်းရာ ငါ ရောက်ခဲ့ပြီ။”


ဗုဒ္ဓအရှင်ကတော့ နက်ရှိုင်းသိပ်သည်းတဲ အရိယာဝေါဟာရတွေနဲ့ ရိုးရိုးလေးကျူးရင့်ခဲ့တာပါ။ ပုထုဇဉ်မျက်လုံးနဲ့ ရုတ်တရက်မမြင်နိုင်တဲ့ အဓိပ္ပါယ်တွေကိုတော့ အရိယာသာဝကတွေပြုစုထိမ်းသိမ်းခဲ့တဲ့ ပိဋကတ်ဒေတာ(Data) တွေကို စုပြီး သုတေသနလုပ်ကာ အဖြေထုတ်ကြရပြန်ပါတယ်။

အိမ်ဆိုတာက ခန္ဓာအိမ်
လက်သမားဆိုတာက လိုချင်တပ်မက်မှုတဏှာ
ဖြစ်ခြင်းဆိုတာ ပဋိသန္ဓေနေရခြင်းဇာတိ၊ဘဝ
မြင်ပြီ ဆိုတာ သဗ္ဗညုတဉာဏ်တော်နဲ့မြင်ခြင်း
အိမ်နံရိုး(အခြင်ရနယ်)ဆိုတာ ကိလေသာတရားများ
အိမ်အထွတ်ဆိုတာက မသိမှုအ၀ိဇ္ဇာ
ပြုလုပ်ခြင်းကင်းရာ(အမှုကိစ္စမှန်သမျှမရှိရာ)ဆိုတာ နိဗ္ဗာန်
တပ်မက်မှုတဏှာဆိတ်သုဉ်းရာဆိုတာက အရဟတ္တဖိုလ် တဲ့။

ဒီလိုလေးလင်းပါမှ ရှင်းတော့သကိုး။အော် ချက်ချင်းမှ သဘောမပေါက်တော့လည်း ရာစုသစ်ကြီးထဲအထိ ဘလော့သရဲ ဖြစ်နေရသေးတာပ။ ချက်ကနဲနားလည်သွားရင် ဒက်ကနဲပေါက်သွားမှာပ။ အော် ကဗျာဓါတ်လေး က လိုအပ်ပါပေရဲ့။နောက်ပွင့်တဲ့ ဘုရားကလည်း မဟာကဗျာတွေနဲ့ဟောမှဖြင့် ခုကတည်းက ပါရမီ မြောက်နေအောင် ကဗျာလမ်းလေးတော့ ဖောက်မှ ဖြစ်မလေ။

(၂)

ဗုဒ္ဓအရှင်ဟာ ဝေနေယျအမျိုးမျိုးရဲ့ နားကနေ နှလုံးသားဆီ စီးဆင်းနိုင်မယ့် ကဗျာတွေ ရွတ်ဆိုသီဖွဲ့ကာ ဒေသနာဉာဏ်ကွန့်မြူးခဲ့တယ်။ ဒီနေ့ ဓမ္မပဒကို ကမ္ဘာ့နားတွေ ကြားကြပြီ။ ဗုဒ္ဓအရှင်ရွတ်ဆိုကျူးရင့်ခဲ့သမျှ ဥဒါန်းကဗျာတွေဟာ ကိုယ်တော်ရှင်ရဲ့ ထူးခြားမြင့်မြတ်တဲ့ ဘာသာစကားအရည်အသွေး(Language Skill) မှတ်ကျောက်တွေပဲ ဖြစ်ပါတယ်။ ဗုဒ္ဓအရှင်ကို ကိုးကွယ်ရာအဖြစ်အသိအမှတ်မပြုလိုတဲ့ ဘာသာခြားတွေက တောင် ကိုယ်တော်ရှင်ရဲ့ ဓမ္မပဒကို သူတို့ရဲ့ ဘုရားကျောင်းနံရံတွေမှာ မြတ်မြတ်နိုးနိုးရေးထိုးကြလေရဲ့။ ကိုယ်တော်ရှင်ရဲ့ ဥဒါန်းကဗျာတွေက နှလုံးသားညွတ်နူးစရာတွေဖြစ်ခဲ့လေသကိုး။

28 January, 2010

ဝူတန်းတောင်ထိပ်က ဥပေက္ခာတိုက်ကွက်

(၁)
ဟားဟား

ရယ်သည်။
ဟားဟားဟား
ထပ်ရယ်သည်။
ဟားဟားဟားဟား
ခွက်ထိုးခွက်လှန်ရယ်မောလိုက်လေသည်။

ဝူတန်းတောင်ထိပ်ရှိသိုင်းလောကတစ်ခုလုံး၏ အစည်းအဝေးညီမူရာခန်းမဆောင်ကြီးတွင် သူရောက်ရှိနေလေ သည်။ ရောင်စုံသိုင်းလောကသားတို့ကား ညီမူရာခန်းမဆောင်အလယ်ရှိ ပြင်ညီကွက်လပ်တွင် အသည်းအသန် တိုက်ခိုက်နေကြသော ၀ူတန်းတောင်ပိုင်ဘိုးဘိုးနှင့် ကျန်းဝူကျိတို့၏ တိုက်ပွဲကို ရင်သပ်ရှုမောနေကြသည်။ သူက ရှောင်လင်ဆရာတော်များကြားသို့တိုးဝှေ့ဝင်ရောက်လိုက်သည်။
“အော်မီတော်ဖော်(အမီတာဘာ)”
ရှောင်လင်ဆရာတော်တစ်ပါးက နှုတ်ဆက်နေရာပေး၍ သိုင်းလောကဥသျှောင်ရှောင်လင်ဆရာတော်များစင် မြင့်တွင် သူဝင်ထိုင်လိုက်သည်။တိုက်ပွဲဆီသို့ စိတ်ကိုညွတ်လိုက်၏။ သိုင်းလောကနှင့်စိမ်းလှသော သူ့အတွက် တစ်ခုမှ နားမလည်။ ကြည့်ကောင်းကောင်းနှင့်သာ ကြည့်နေမိသည်။

ဝူတန်းတောင်ပိုင်ဘိုးဘိုးသည် မြေးတပည့်ဖြစ်သူကျန်းဝူကျိအား ကျေနပ်ပီတိဖြစ်စွာ ဆွတ်ဆွတ်ဖြူသော မုတ် ဆိတ်ရှည်များကို ပွတ်သပ်လျက် ရယ်မောလိုက်လေသည်။ ကျန်းဝူကျိကား သိုင်းလောကတစ်ခုလုံး၏ အနာ ဂတ်ဖြစ်၏။ ဂန္ဓာလရာဇ်ပြည်ကြီးကို မန်းချူးရီးယားကျူးကျော်သူတို့၏ လက်မှကယ်တင်နိုင်သော သူရဲကောင်း ယောက်ျားမြတ်ဖြစ်တော့သည်။သိုင်းလောကသားတို့ မက်မောအားကျလောက်သော ကျောက်စိမ်းဧကရာဇ် သိုင်းကျမ်း၊ နေလစကြာအတွင်းအားနှင့် နဂါးနိုင်ဓါးတို့ကိုလည်း ပိုင်ဆိုင်ပြီးလေပြီ။ သို့သော် ၀ူတန်း တောင်ပိုင် ဘိုးဘိုးက မြေးတပည့်ကျန်းဝုကျိအား တစ်စုံတစ်ရာ သင်ပေးရန်လိုသေးသည် တဲ့ ။

သူ့အနားမှာထိုင်နေသည့်အသက်ကြီးကြီး ရှောင်လင်ဘုန်းတော်ကြီးကို “ကျန်းဝုကျိက ဒီလောက်တောင် ပြည့်စုံ နေမင့်ဟာ ဘာများသင်ပေးစရာလိုသေးတုန်း”ဟု စောကြောမိရာ တိတ်တိတ်နေစမ်းပါသဘောဖြင့် လှည့် မကြည့်ဘဲ လက်ကာပြလေသည်။ ရှောင်လင်ဘုန်းတော်ကြီးကား တစ်ခါတစ်ရံလျှပ်စီးပြက်သလို မြန်ဆန်သွား လိုက်၊တစ်ခါတစ်ခါ ရေလှိုင်းများလို နုအိပျော့ပျောင်းသွားလိုက် တိုက်ကွက်များတွင် နစ်မွန်းနေဟန်တူပါသည်။ သူလည်း ဘာမှမမေးတော့ဘဲ သိုင်းလောက၏ ကြုံတောင့်ကြုံခဲ ထိပ်တန်းလိုက်ဖ်ရှိုးသိုင်းကွက်များကို စိတ်နှစ် ကာ ကြည့်နေမိ တော့သည်။

သူအပါအ၀င် သိုင်းလောကတစ်ခုလုံးမသိသေးသော တစ်စုံတစ်ရာကို ၀ူတန်းဘိုးဘိုးက သင်ပေးနေချေပြီ။ ၀ိုင်း အုံကြည့်ရှုနေကြသော သိုင်းလောကသားတို့ကား သိုင်းလောက၏ ထိပ်တန်းသိုင်းအကျော်ဒေးယျမြေးအဘိုး တို့၏ အံ့မခန်းတိုက်ကွက်တို့ကို တဟင်ဟင်တဟာဟာဖြစ်နေကြသည်။ ဒိတ်ဒိတ်ကြဲသိုင်းဂုရုကြီးတို့ပင် မခန့် မှန်းနိုင်သော မဟာသိုင်းကွက်များ။မြေးအဘိုးနှစ်ယောက်တို့ ပူးကပ်သွားကြ၏။
ထို့နောက် နောက်သို့ ခြေခုနှစ်လှမ်းခန့် ကိုယ်စီ ဆုတ်လိုက်ကြပြန်သည်။
“ဘယ်လိုလဲ ငါ့မြေး၊”
“သုံးပုံတစ်ပုံလောက်မေ့သွားပြီ ဖိုးဖိုး”
“ဟုတ်ပြီ”
ထို့နောက် ဆက်လက်၍ တိုက်ကွက်ကို ပြန်စကြပြန်သည်။

“ ဟာ တစ်ဝက်မေ့သွားပြီ ဖိုးဖိုး”။
“သိပ်ကောင်းတယ်လူလေး၊ ကဲဆက်ကြိုးစားလိုက်ဦး ”
မြေးအဘိုးနှစ်ယောက်ကား မရပ်မနား အဆက်မပြတ်တိုက်ခိုက်ကြပြန်သည်။
“အကုန်မေ့သွားပြီ ဖိုးဖိုးရေ”
“ဟားဟား ဒါပဲ အဲဒါပဲ ” ၀ူတန်းဘိုးဘိုးက အားရနှစ်သက်စွာ ရယ်မောလိုက်လေသည်။

ထိုအခါမှ သိုင်းမြေးအဘိုးတို့ ရပ်နားလိုက်ကြသည်။
သိုင်းလောကသားတို့ကား နားမလည်နိုင်အောင် အံအား သင့်သွားကြသည်။ သိုင်းကွက်တွေအကုန်မေ့သွားပြီဆိုပါလား။ သူစိတ်ဝင်စားသွားသည်။ သိုင်းလောကထဲမှာ တစ်ခါမှ မကြားစဖူးသော သီဝရီတစ်ခုပါတကား။ သိုင်းလောကသားတို့ကား အကျော်ဒေးယျဆရာဂုရုများထံမှ သိုင်းကွက်လေးတစ်ကွက်ရဖို့ နှစ်ရှည်လများ ခြေသလုံးဖက်ကာသင်ကြရသည်။ တစ်ခါတစ်ရံ တွန့်တိုသော ဆရာနှင့် တွေ့လျှင် ဘယ်လောက်ပဲ ခယသည်ဖြစ်စေ သိုင်းအမွေခံဖို့ မဖြစ်နိုင်။

ခုတော့ ဒီမှာ ရှိပြီးသားသိုင်းကွက်တွေ မေ့သွားအောင် သင်ပေးလိုက်ပြီဆိုပါလား။ အဖြေက ဘာပါလိမ့် ။ သူ ဗာရာဏသီမပြန်ခင်တော့ သိသွားချင်သည်။ ပြင်ညီကွက်လပ်ထဲသို့ စွပ်ဝင်သွားခဲ့၏။ ၀ူတန်းတောင်ပိုင် ဘိုးဘိုးနှင့်ကျန်းဝုကျိတို့က အသွင်အပြင်ထူးခြားနေသောသူ့ကို အံ့အားသင့်စွာ ကြည့်နေကြသည်။ သူက သူ့ကိုယ်သူမိတ်ဆက်လိုက်သည့်အခါမှ“ အော်မီတော်ဖော်(အမီတာဘာ)” ဟု ပြိုင်တူ နှုတ်ဆက် လိုက်ကြသည်။

“ ဘာများအလိုရှိပါသလဲ အလှူခံပုဂ္ဂိုလ်မှန်းတော့ သိပါတယ်။”

“ဒုက္ခပါပဲ ဘုန်းကြီးရဟန်းမြင်ရင် အလှူခံပုဂ္ဂိုလ်လို့ သိုင်းလောကမှာပါ သတင်းပေါက်နေပြီလား။”

“ ဒီလိုမဟုတ်ရပါဘူးဘုရား သိုင်းလောကထဲမှာရှိတဲ့ ခုံဂိုဏ်းက ဘုန်းတော်ကြီးတွေနဲ့ ၀ါမေဂိုဏ်းက သီလရှင် တွေတော့ သိုင်းကွက်အလှူခံကြွလာလေ့ရှိတာမို့ပါ။”

“ အင်း အလှူခံတော့ အလှူခံပါပဲ ၀ါးလုံးရှည်နဲ့ရမ်းတဲ့ ၀ါးရုံးသုံးကားအလှူခံမျိုးတော့မဟုတ်ပေဘူး။ ကဲ ထားပါ ခုလာတာက ဟိမ၀န္တာခိုပြီး တောရပ်မှီးဖို့ ဗာရာဏသီက ထွက်လာတာ၊လမ်းမှားသွားလို့ တိဘက်လွင်ပြင် ကိုကျော်လွန်ပြီး ၀ူတန်တောင်ကို ရောက်လာခဲ့တာပဲ။ သိုင်းလောကကို စိတ်မ၀င်စားပေမယ့် လူစုစုမြင်ရင် ၀င် ရောချင်တဲ့ ၀ါသနာကြောင့်ပါပဲ။ ဒါပေမယ့်
သိုင်းလောကရဲ့ အထွတ်အထိပ်သိုင်းကွက်တွေ ရှုစားခွင့်ရတဲ့ အတွက်လာရကျိုးနပ်တယ်ဆိုရမလားပဲ။အင်း အဲဒီမှာ သိချင်တာက ဆရာကြီးတို့ မြေးအဘိုးတို့ရဲ့“အကွက်မေ့” သိုင်းပါပဲ။

“အကွက်ပျောက်သိုင်းဆိုလည်း မမှားပါဘူးဆရာတော်။ကျန်းဝုကျိမှာ သိုင်းကျမ်းတွေ၊ အတွင်းအားတွေ။ နဂါးနိုင် ဓါးတွေပိုင်ဆိုင်လို့ ဘယ်လောက်ပဲပြည့်စုံပြည့်စုံ၊ သူ့သိုင်းပညာမှာ အကွက်ရှိနေသေးတယ်။ အကွက် ရှိနေတာ ကိုက သူ့အားနည်းချက်ပါပဲ။ အကွက်ရှိတဲ့ သိုင်းပညာဟာ အန္တရာယ်သိပ်များပါတယ်။ ပြိုင်ဘက်ရန်သူက အဲဒီတိုက်ကွက်ရဲ့ ပျော့ကွက်မှားကွက်ဟာကွက်ကို သိသွားရင် အလွယ်တကူချေဖျက် အနိုင် ယူသွားနိုင်တာပေါ့။ အခု တပည့်တော်ရဲ့ မြေးတပည့်မှာ အကွက်မရှိတော့ဘူး။ အကွက်မရှိတော့ ပြိုင်ဘက် ရန်သူတွေက သူ့အား နည်းချက်ကို မရှာနိုင်တော့ဘူး။ သူကသာ ပြိုင်ဘက်ရန်သူတွေရဲ့ တိုက်ခိုက်မှုကို အလိုက်သင့်စီးမျော တိုက်ခိုက် သွားရုံပဲ။”

“ အကွက်မရှိတဲ့ အကွက်ပေါ့ ဟုတ်လား ဆရာကြီး”

“ သိပ်ကောင်းတဲ့ ဝေါဟာရပဲ ၊ သိုင်းလောကအဘိဓာန်ထဲမှာ ထည့်သွင်းရမယ်။
ကျေးဇူးကြီးလှပါတယ်ဆရာတော် နောက်ဘ၀မှ ဆပ်ပါရစေတော့”

သူနားလည်သလိုတော့ ရှိသွားသည်။ သို့သော် ရေရေရာရာတော့ မဟုတ်သေး။
ဘာပဲဖြစ်ဖြစ် သူ့အတွက် စဉ်းစားကွက်တစ်ခုရလာခဲ့သည်။ ၀ုတန်းတောင်ပိုင်မြေးအဘိုးနှင့် ရှောင်လင် ဆရာ တော်များပါမကျန် သိုင်းလောကသားတို့ကို လက်ဝှေ့ရမ်းပြကာ ၀ူတန်းတောင်ပေါ်မှ ဆင်းလာခဲ့
လေသည်။

(၂)

ဝူတန်းတောင်အဆင်းလမ်းတစ်နေရာတွင်။
“Excuse me”

နောက်မှ သိုးဆောင်းဘာသာစကားဖြင့် နှုတ်ဆက်လိုက်သံကြောင့် သူလှည့်ကြည့်လိုက်သည်။
အနောက်တိုင်းသားတစ်ဦးဖြစ်နေသည်။ “ဟလို” ဟု သူက ရိုးရိုးလေး ပြန်နှုတ်ဆက်လိုက်သည်။ ထို့နောက် What did you say your name was?ဟု မေးခွန်းထုတ်လိုက်သည်။ ထိုအနောက်တိုင်းသားကြီးကို မြင်ဖူးသလို ရှိနေ၍ ဖြစ်သည်။

“ တပည့်တော်က ဂျိုးဇက် ဂိုးစတိန်းပါဘုရား”

“ အာ ဟုတ်ပြီ။ ဂုရုဂျီး အက်စ် အင်န် ဂိုအင်ကာရဲ့ သာဝကအရင်းအချာ မစ္စတာဂျိုးဇက်ကြီးပေပဲ။ ဒကာရေးတဲ့ “ကိုယ်တွေ့ဝိပဿနာ” ဆိုတဲ့ဘုတ်အုပ်လေးကို ရွှေပြည်ကြီးက စာရေးဆရာဦးဆန်းလွင်နဲ့ ဦးဟန်ဌေး (သုတေသန)တို့ဘာသာပြန်ဆိုကြလို့ဖတ်မှတ်ရဖူးရဲ့၊ ခုတော့ အဲဒီစာအုပ်လေးလည်း လက်ဆင့်ကမ်းလိုက်တဲ့ အထဲမှာပါသွားလို့ လက်ထဲမှာတော့ မရှိတော့ပေဘူး”

“မှန်ပါ တပည့်တော်ပြောချင်တာလည်း အဲဒီစာအုပ်နဲ့ပတ်သက်ပါတယ်ဘုရား၊ အရှင်ဘုရား ၀ူတန်းတောင် ပေါ်မှာ မြေးအဘိုးနှစ်ယောက်နဲ့ စကားပြောနေတုန်း တပည့်တော်လည်း နားထောင်နေတာဘုရာ့။ “အကွက် မရှိတဲ့အကွက်”လို့ အရှင်ဘုရားမိန့်လိုက်တော့ ဗုဒ္ဓအရှင်ရဲ့ “ဥပေက္ခာတရားတော်”ကို ပြေးသတိရလိုက်တာ ဘုရား။ ”

“ လင်းစမ်းပါဦး မစ္စတာဂျိုးဇက်ကြီးရဲ့”

“တပည့်တော်တို့ရဲ့ နေ့စဉ်ဘ၀မှာ လောကဓံဆိုတာ မလွဲမသွေရင်ဆိုင်တိုက်ခိုက်နေရတဲ့ ပြိုက်ဘက်ပါပဲ။
သူ့မှာ အရှင်ဘုရားများသိတော်မူတဲ့ အတိုင်း တိုက်ကွက် (၈) ကွက်ပဲရှိတာပါ။
ပြည့်စုံကုံလုံမှု လာဘော၊
နွမ်းလျပါးရှားမှု အလာဘော၊
ပြည့်စုံနေချိန်မှာစိန်တစ်ရစ်မြတစ်ရစ်အပြုံးတွေဝိုင်းဝိုင်းလည်နေမှု ယသော၊
နွမ်းလျနိမ့်ပါးသွားတဲ့အခါ အမည်ခံမိတ်ဆွေတွေရဲ့ ကျောခိုင်းထွက်ခွာသွားမှု အယသော၊
မှားကွက်ကိုနင်းမိတဲ့အခါ(သို့မဟုတ်)မလိုလားသူတွေများလာတဲ့အခါ အပုပ်ချအတင်းအဖျင်းတွေကြားထဲမျောပါရမှု နိန္ဒာ၊
အောင်မြင်တဲ့အခါလက်ခုပ်သြဘာပေးခံရမှု ပသံသာ၊
အလိုဆန္ဒပြည့်ဝတဲ့ အခါကျေနပ်ပျော်ရွှင်မှု သုခ နဲ့
ဆုံးရှုံးထိခိုက်မှုတွေကိုခါးစည်းခံရတဲ့အခါအလိုမကျနာကျင်မှု ဒုက္ခ
ဒီလောကဓံတိုက်ကွက်(၈)ကွက်ပဲ ရင်ဆိုင်နေကြရတာပါပဲ။”

“ အိမ်း ဒီလိုဆိုတော့လည်း သိုင်းလောကကြီးအလယ်မှာ ကျွန်ုပ်တို့ရောက်နေကြပါပေါ့လား ဒကာဂျိုးဇက်ရေ”

“တပည့်တော်တို့က ပြိုင်ဘက်လောကဓံဆိုတာကိုလည်း ကောင်းကောင်းသိပါရဲ့၊လောကဓံမှာ အကွက်ဘယ် နှစ်ကွက်ရှိတယ်ဆိုတာကိုတောင် ဗုဒ္ဓအရှင်ကိုယ်တိုင် စာရင်းပြုစုပေးထားလို့ သိလည်း သိပြီးသားပဲ ဘုရား။”

“ဟုတ်ပ လောကဓံတရားဆိုတာ ခပ်ညံ့ညံ့ငနဲတစ်ကောင်လို့ကဗျာဆရာတွေနဲ့အတူ သံယောင်လိုက်ပြီး ကျယ်ကျယ်လောင်လောင် ဟိန်းဟောက်ပစ်ခဲ့ဖူးပါရဲ့။ တကယ့်တကယ်ကျတော့ လောကဓံကသာ ကျွန်ုပ် တို့ကို ခပ်ညံ့ညံ့တွေအဖြစ် ချန်ထားခဲ့ပါရောလား။ လောကဓံနဲ့ လက်ရည်တူတောင် မကစားနိုင်ဘဲကိုးဗျ ဒကာ ဂျိုးဇက်ရ”

“ အဲဒါ တပည့်တော်တို့ရဲ့ အားနည်းချက်ကို လောကဓံက ထိထိမိမိ ထိုးနှက်နိုင်ခဲ့တာဘုရား။ တပည့်တော်တို့ရဲ့ အညှာကို လောကဓံက ပိုင်ပိုင်နိုင်နိုင်သိနေခဲ့တာကိုးဘုရား။ အဲဒီပျော့ကွက်က “ငါ”ဆိုတဲ့ ဗဟိုချက်ပါပဲ ဆရာတော်။”ငါဆိုတဲ့ အတ္တဗဟိုချက်ကနေဖြာထွက်လာတဲ့ အကောင်းအဆိုးတိုက်ကွက်တွေမှာ ပျော့ကွက် တွေဟာကွက် တွေအများကြီးရှိတော့တာဘုရား။

“လောကဓံက အကောင်းအဆိုးဗျူဟာကွက်တွေနဲ့ တိုက်စစ်ဆင်လာတတ်တာကိုတော့ သိပါရဲ့ ဒကာ”

“မှန်ပါ ခံစစ်မှာ တပည့်တော်တို့ရဲ့ မဟာဗျူဟာဗဟိုချက်တိုက်ကွက်ကြီးက ထင်းထင်းကြီးပေါ်နေတော့ လောကဓံက အလွယ်တကူ ဒိုင်ပွဲရပ်တွေပဲ ကစားသွားတော့တာပါပဲ ဆရာတော်။အကောင်းလောကဓံက တိုက်ကွက်ပျော့ပေမယ့် အတွင်းအားပါတယ်ဘုရာ့။ “ ငါမို့ ဒါကိုလုပ်နိုင်တာ၊ ငါမို့ ဒီလောက်စွမ်းဆောင်နိုင်တာ၊ ငါမို့ ဒီနေရာကို ရောက်လာတာ၊ ငါမို့ ဒီအချိန်မှာ ဖြစ်ထွန်းတာ၊” အဲဒီ“ငါ”ဆိုတာကြီးကို ထိအောင် ရိုက်ချိုးပစ်နိုင်တာကိုး။ ဒဏ်ရာမပေါ်ပေမယ့် အတွင်းကြေသွားခဲ့တာဘုရား။ ဘေးကလူတွေတောင်မသိလိုက်ဘဲ အတွင်းဒဏ်ရာနဲ့ လုံးပါးပါးသွားရတဲ့ လူမှုဘ၀ပုံရိပ်တွေ အများကြီးပါပဲဘုရား။ ဒီလိုနဲ့ ရရှိထားတဲ့ စည်းစိမ်၊ ဆွတ်ခူးထားတဲ့ အောင်မြင်မှု၊ ရောက်ရှိနေတဲ့ နေရာတွေ လက်လွှတ်လိုက်ရသူတွေ မနည်းဘူး ဖြစ်နေကြ ရတာပါဆရာတော်၊ ”

“အိမ်းအိမ်း ဒီအကောင်းလောကဓံကိုတော့ “မေတ္တာဖြာဝေ အတွင်းကြေတိုက်ကွက်
” လို့ သိုင်းလောကထုံးစံ အမည်ပေးကြတာပေါ့။”

“သင့်မြတ်လှပါတယ်ဆရာတော်၊အဆိုးလောကဓံကတော့ တိုက်ကွက်ပြင်းသလို အဖြေရှာမရအောင် ကိုယ်ဖော့ ပညာကလည်းကောင်းပြန်တယ်ဘုရား။
“ငါ့မှ ဖြစ်ရလေခြင်း၊ ငါ့ကိုမှ လုပ်ရက်လေခြင်း” အဲဒီ“ငါ” ဆိုတဲ့ အရှိုက် တည့်တည့်ကိုပဲ အတွင်းအပြင် လူမြင်အောင် အလဲထိုးချလိုက်တာကိုး ဘုရား၊ မျက်ရည်တွေ၊ ကြေကွဲမှုတွေနဲ့ နှလုံးသွေးပျက်သွားရလောက်အောင်ထိ တစ်ချီတည်း ဘုန်းဘုန်းလဲသွားနိုင်တာပဲ ။

“အိမ်းအဆိုးလောကဓံကတော့ ထင်သာမြင်သာ ရှိပါရဲ့ ဒကာတော်။ “မျက်ရည်ပင်လယ် အပူသည်တိုက်ကွက်” ပေပဲပေါ့”

“သင့်လျော်သလိုသာ မှည့်ခေါ်ပါတော့ဘုရား။ တစ်ခါတစ်ရံမှာတော့ လောကဓံက အပူအအေး သိုင်းကျမ်းကို ရှာဖွေတွေ့ရှိထားတဲ့ အမည်မဲ့သိုင်းသမားလို ရောထွေးတိုက်ခိုက်တတ်ပြန်တယ်။ သေဒဏ်ကျလို့ ကြိုးစင် တက်ရခါနီးမှ ထီပေါက်သလိုမျိုးပေါ့ဘုရား။ ဘယ်လိုလောကဓံပဲ ဖြစ်ဖြစ်ဆရာတော် ၊တပည့်တော်တို့က အကွက်ဖျောက်ထားလိုက်ရင် လောကဓံက တပည့်တော်တို့ကို မတိုက်ခိုက်နိုင်ဘူးပေါ့ဘုရား၊ ဖြစ်နိုင်ရင်တော့ ငါဆိုတဲ့ အတ္တပျော့ကွက်ကြီးကို အပြီးသတ်ဖယ်ရှားလိုက်ရင်တော့ စိတ်အေးရပြီပေါ့ဘုရား၊ အပြီးသတ် မဖယ်ရှားနိုင်ရင်လည်း လောကဓံမမြင်အောင် ကွယ်ဝှက်ထားကြဖို့ပါပဲ။ ငါဆိုတဲ့ အတ္တကင်းတဲ့ တိုက်ကွက် ကတော့ ဥပေက္ခာပဲဘုရား၊ ဥပေက္ခာခံစစ်ကို ဘယ်လောကဓံမှ မတိုးနိုင်ဘူးဆရာတော်။”

“ အင်း ဒကာမစ္စတာဂျိုးဇက်ရှင်းလိုက်တော့လည်း လင်းပါပေရဲ့၊ ဒါနဲ့ ဥပေက္ခာနဲ့ပတ်သက်ပြီးတော့ ဒကာရေးတဲ့ ဘုတ်အုပ်လေးထဲမှာ တွေ့မိသလားလို့”

“မှန်ပါ တပည့်တော်ဆီမှာ ဘုတ်အုပ်လက်ကျန်မရှိတော့ဘူးဘုရား၊ ခုတော့ သီတဂူစတားကိုယ်တော်လေးရဲ့ ဘလော့တော်ကနေ ကော်ပီဆွဲခဲ့တယ်ဘုရား။ အဲဒီကိုယ်တော်လေးကလည်း အဖြူရောင်မေတ္တာမှ ကူယူဖြန့် ဝေဆိုလားဘုရား၊ တပည့်တော်လည်း ကိုယ်ရေးတဲ့စာလေးကို ကိုယ်တိုင်ပဲ ရှင်းချင်ပါရဲ့။ ဒါပေမယ့် ဓမ္မဂီရိကို ခရီးဆက်ရမှာမို့ ဒီကော်ပီစာရွက်လေးကိုသာ ဆက်လက်ဖတ်ရှုတော်မူပါဘုရား”

ပြောပြောဆိုဆိုပင် မစ္စတာဂျိုးဇက်ဂိုးစတိန်းသည် သူ့အား ၀ူတန်းတောင်ဆင်းလမ်းတစ်နေရာတွင် ကော်ပီ စာရွက်တစ်ရွက်နှင့်အတူ ချန်ထားခဲ့လေသည်။

(၃)

မစ္စတာဂျိုးဇက်ဂိုးစတိန်း၏ ကော်ပီစာရွက်မှ ဥပေက္ခာအကြောင်း၊
(“ဥပေက္ခာသဘောသည် စိတ်၏ မတိမ်းမစောင်း ညီညာသည့် သဘော၊ တည်ကြည်သည့် သဘောကို ဆိုလိုသည်။ အမှုခပ်သိမ်းတို့တွင် အဆင်ပြေအဆင်ချောနေသည့် အခါတွင်လည်း အရမ်းစိတ်တက်ကြွခြင်း၊ ပလွှားခြင်းမျိုးလည်း မဖြစ်၊ အမှုခပ်သိမ်း အဆင်မပြေ အဆင်မချောသည့် အခါမှာလည်း အရမ်း စိတ်ဓါတ်ကျခြင်း မရှိ၊ ပကတိ တည်ကြည်ခိုင်မြဲသော စိတ်ဖြင့် အမှုခပ်သိမ်းကို အညီအမျှ သဘောထား၍ ဆက်ဆံတတ်ခြင်းသည် ဥပေက္ခာ မည်ပါသည်။

ဥပေက္ခာကို ဥပမာအားဖြင့် ကမ္ဘာမြေကြီးပေါ်၌ ထွန်းပလျက်ရှိသော နေနှင့် နှိုင်းယှဉ်ပြလေ့ ရှိ၏။ နေသည် တစ်ချို့သော သူကိုသာ ထွန်းလင်းစေပြီး တခြားသောသူတို့ အပေါ်မှာမူ မထွန်းလင်းဟူသော သဘောမရှိ။ နေမင်းသည် အရာခပ်သိမ်းတို့အပေါ်ဝယ် အညီအမျှသာလျှင် ထွန်းလင်းသည်။ နေမင်းသည် ကမ္ဘာသူ ကမ္ဘာသား အားလုံးတို့အပေါ်တွင် မခွဲမခြား တစ်သဘောတည်းထား၍သာ ဆက်ဆံသည်။ ဥပေက္ခာသည် အရာခပ်သိမ်းတို့အပေါ် သဘောထားတစ်မျိုးတည်းဖြင့် လက်ခံခြင်း၊ သိမ်းဆည်းခြင်း သဘောသာ ဖြစ်သည်။ ငြင်းဆန်သည့် သဘော၊ လက်မခံဘဲ မျက်နှာလွှဲသည့် သဘော မဟုတ်ချေ။


လျစ်လျူရှုသည် ဆိုသော မြန်မာစကားသည် အရှိကို အရှိအတိုင်း၊ အဖြစ်ကို အဖြစ်အတိုင်း လက်ခံခြင်း သဘောဖြစ်၏။ ဥပေက္ခာသဘောကို ဆင်ခြင်၍ ဆက်ဆံရာသည်။ ထို့ကြောင့် အလွန်ပျော်ရွှင် ချမ်းသာဖွယ် အခြေအနေ အခါအခွင့်နှင့် ရင်ဆိုင်ရသော အခါမှာလည်း ကျွန်ုပ်တို့သည် အသင့်အတင့် နှလုံးသွင်း၍ ထိုချမ်းသာ ပျော်ရွှင်ဖွယ် အခြေအနေကို မှန်ကန်စွာ သုံးသပ်နိုင်သည်။

သူတို့သည် သူတို့ အတိတ်က စိုက်ပျိုးသည့် ကံမျိုးစေ့တို့၏ အသီး အပွင့်များကို ရိတ်သိမ်း သုံးဆောင် နေကြရခြင်းသာ ဖြစ်သည်ဟု သဘောထားနိုင်သည်။ သို့မဟုတ်မူ၍ အကြင်သူသည် အတိဒုက္ခ ရောက်နေ သည်ကို ကြုံတွေ့ရသော အခါမှာလည်း ထိုသူတို့အပေါ် ကရုဏာစိတ် ပွားများခြင်းဖြင့် ကမ္မနိယာမ၏ အကျိုးပေး ခြင်း သဘောကို ဆင်ခြင်၍ စိတ်နှလုံး တုန်လှုပ်ခြင်း ကင်းစွာ နေနိုင်ပါတော့သည်။ ဥပေက္ခာသည် ဂရုမစိုက် အရေးမထားသည့် သဘော မဟုတ်ပါ။ ဥပေက္ခာသည် အရာရာကို ညီမျှသော ခိုင်ခံ့သော အင်အားကောင်းသော စိတ်ဖြင့် အသင့်အတင့် နှလုံးသွင်းလျက် ဆက်ဆံခြင်း၊ လက်ခံခြင်းမျိုးသာ ဖြစ်ပါသည်။

ကမ္မဋ္ဌာန်းတရား အားထုတ်သော အခါ စိတ်သည် ပရမာဏုမြူအဆင့် ရုပ်နာမ်ခပ်သိမ်းတို့၏ ခဏမစဲ တသဲသဲ တလှုပ်လှုပ် တဖြုတ်ဖြုတ်နှင့် ရုတ်ရုတ်သဲသဲ ဖြစ်လိုက် ပျက်လိုက်နှင့် ပြောင်းလဲ ဖြစ်ပေါ်နေသည့် အခြင်း အရာကို ထိုးထွင်းသိမြင်သောကာလ ဤဥပေက္ခာ သမ္ဗောဇ္ဈင်သည် စိတ်ကို ထိုရုပ်နာမ်တို့၏ ဖြစ်ပျက်နေမှုကား ငါမဟုတ်၊ ငါ့ဟာမဟုတ်၊ သူ့သဘောသူဆောင်၍သာ ဖြစ်ပျက်နေကြကုန်သည်ဟု အသင့်အတင့် နှလုံးသွင်း၍ ရှုနေနိုင်အောင် ထိန်းကျောင်းပေးပါသည်။)

(၃)

ဝူတန်းတောင်မှ တိဘက်လွင်ပြင်ကိုကျော်ဖြတ်၍ ဟိမ၀န္တာသို့ချိုးအကွေ့တွင် ကဗျာဆရာလားမားကြီး၏ ကျောင်းသင်္ခန်းလေးသို့ ၀င်နားခဲ့သေးသည်။ လာမားကြီး၏ ကျောင်းသင်္ခန်းနံရံပေါ်တွင် တိဘက်လက်ရေးဖြင့် တွန့်တွန့်ကွေးကွေး ယခုလိုမျိုး မှတ်ချက်လေးများ ရေးထားသည်ကို ဖတ်ခဲ့ရသေး၏။။

နံနက်ခင်းတွေဟာ လောကဓံတိုက်ကွက်တစ်ခုခုနဲ့စောင့်နေတတ်ပါပဲ။ ပုဂ္ဂလိကစာမျက်နှာတွေဆိုတာကျော် ဖတ်ပစ်လို့မရတာသေချာပါရဲ့။ မကြိုက်တာတွေမျိုချရဦးမယ်။ ဆူညံနေတာတွေနားထောင်ရဦးမယ်။ ပိတ်ဆို့ ပစ်လိုက်လို့မရတဲ့ မြင်ကွင်းတွေကလည်း တောထလို့။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာဆိုတာ မဖိတ်ခေါ်ဘဲ ရောက်လာတတ်တဲ့ဧည့်ဆိုးတစ်မျိုးပဲ။ အဲဒီအနံ့ပုပ်အဲ့အဲ့တွေကို မုန်းတယ်။ လူတစ်ယောက်ကို လက်ဆွဲနှုတ် မဆက်ချင်ပေမယ့် မကင်းရာမကင်းကြောင်းအပြုံးတစ်ခြမ်းကို တွန့်ကွေးပြလိုက်ရတယ်။ ဆာလောင် မွတ်သိပ် နေတဲ့ ခါးတွင်းပျက်ညနေခင်းများ။ မိန်းမောနေမိတဲ့အပြုံးကတော့ တိုတောင်းလှချည်ရဲ့။ တစ်ခါတစ်ရံမှာတော့ ထုတိသြ ဘာသံတွေထဲမှာမျောသွားတတ်ပါရောလား၊ ”

(၄)

“အရှင်ဘုရား အရှင်ဘုရား” မိတ်ဆွေရဟန်းတစ်ပါးက တံခါးခေါက်လိုက်ချိန်တွင် သူ့လက်ထဲက ကော်ဖီခွက် ကား အေးစက်နေလေပြီ။ သတင်းစာကော်လံတစ်ခုပေါ်မှ အိန္ဒိယနိုင်ငံ၏ အမြင့်မားဆုံးရုပ်ရှင်ထူးချွန်ဆုကို ဆွတ်ခူးရရှိသည့် မင်းသမီးပရီယန်ကာချိုပရား၏ မုဒိတာစကားကို ဖတ်ရင်း မြန်နှုံးမြှင့် စိတ်စီးကြောင်း ထဲမျောသွားခဲ့ခြင်းဖြစ်သည်။ ပရီယန်ကာ ဒကာမလေးကား အကောင်းလောကဓံ၏ တိုက်ကွက်ကို မည်သို့သော ခံစစ်ဖြင့်ကာကွယ်လေမည်နည်း။လက်ခုပ်သံတွေက ညံလို့။ စိန်ရွှေရတနာရောင်တို့ကား ပြောင်လက်တောက် ပနေသည်။ မဇ္ဈိမတေးသွားများက ချိုလွင်နေတော့၏။

ပျော်ရွင်ကြစေသော်။

ဝူတန်းတောင်ပေါ်က ဥပေက္ခာတိုက်ကွက်ကို လေ့ကျင့်ကြကုန်ရာသတည်း။

25 January, 2010

အဓိပတိလမ်းပေါ်က ရဟန်းတစ်ပါး

(၁)

သစ်ပုတ်ပင်နှင့် ကံ့ကော်မြိုင်တန်း၊
အဓိပတိလမ်းနှင့် လွမ်းမောဖွယ်ရာမြကျွန်းသာ၊
အင်လျားကန်ဘောင်က ဗူးသီးကြော်။ စောင့်မျှော်နေသောညနေ၊
တက္ကသိုလ်ကျောင်းကငွေလမင်းနှင့်ဂျပ်ဆင်ထိပ်ကလိပ်ပြာ၊
သုံးရာသီဦးချစ်လက်ဘက်ရည်ဆိုင်ကခုံပုလေးများ၊”

စသည်စသည် ဤမည်သောအရာတို့သည်ကား ရိုမန္တိက(Romantic) ဆန်လွန်းလှသောဝေါဟာရများပေ တကား။

တက္ကသိုလ်နေ့ရက်များနှင့်
ချိတ်ဆက်ယှက်နွှယ်
ဆွတ်ပျံ့ဖွယ်အလှ၊
အနုအရွကဗျာ၊
အလင်္ကာဟာသ၊
မေတ္တာသိမ့်သိမ့်၊
ငြိမ့်ငြိမ့်ညောင်းညောင်း၊
ပျောင်းပျော့သောဂီတကို ဖွဲ့နွဲ့ခြင်းတွင် မှော်ဝင်သော ကဝေလက်များက တက္ကသီလာ၏ ဝေ့ပြာမှုံရီသော ပုံရိပ်တို့ကို ညွတ်နူးဖွယ်ရာ ဖန်တီးခဲ့ချေပြီတည့်။


ဝတ္ထုဘုတ်အုပ်တို့ကိုပင် အဟုတ်မှတ်ထင်ကာ လုပ်ဇာတ်များကို ကိုးကွယ်လေ့ရှိတတ်သော ဆယ်ကျော် သက်ရွယ်ရှင်ငယ်လေးတစ်ပါး၏ အိပ်မက်တွင် တက္ကသီလာဟူသည် ကမ္ဘာသစ်ပမာဖြစ်လာချေတော့၏။ ငါသည်လည်း ဤမြကျွန်းသာသို့ ကြွချီအံ့၊ အဓိပတိလမ်းပေါ်တွင် မော်မော်ကြွားကြွား လမ်းသလားပေအံ့ ဟု လက်ခမောင်းခတ်ကာ စာတွေကျက်မှတ်မိသေးတော့၏။ သို့သော် ကမ္ဘာသစ်ကား ခြားလေပြီ။ မြန်မာစာသင် ပုန်းကြီးကိုအခြေတည်၍ မင်္ဂလသုတ်နှင့် နမက္ကာရဘုရားရှိခိုး၊ ပရိတ်ကြီးအမျိုးမျိုးနှင့် သင်ရိုးပိဋကတ်၊ ပထမလတ် ပထမကြီးဟူသော ဆာတီဖီကေ့ထ်(Certificate)တို့သည် မြကျွန်းသာနှင့်မနီး တက္ကသီလာခရီး မဟုတ်ခဲ့လေပြီ။ “ရန်ကုန်ပူရံ မနောရမံ” ဆိုသော်လည်း “တက္ကသီလံ”ကား “အတိဒူရံ” ဖြစ်ခဲ့ချေပြီတကား။

ရှင်ပင်ဖြစ်စေ၊လူပင်ဖြစ်စေ လူငယ်သည် လူငယ်သာဖြစ်၏၊ ထို့ထက်မပို ၊ လောကုတ်ကို မလို။ လောကီကိုသာ ညွတ်ရိုးထုံးစံရှိသတည်း။ ဘဂ၀ါဟိုက်စကူးဟူသည်ကား မသေရာအမြိုက်တူးဖော်ရေးလမ်းတည်းဟု ထိုစဉ်က မသိခဲ့ရိုးအမှန် ၀န်ခံရပေမည်တည့်။ သို့သော် ဘဂ၀ါဟိုက်စကူးမှ ပေါင်းကူးဖြစ်သော သာသနာ့တက္ကသီလာ သို့ကား သူရောက်အောင်သွားခဲ့ပါချေသည်။ စိန်ပန်းကမ္ဗလာတို့ စွေးစွေးနီခဲ့ပါလေသော ထိုတက္ကသီလာ၌ ရိုမန္တိကမြူကင်းသော သင်ရိုးညွှန်းတမ်းများနှင့် ဓမ္မရနံ့ ဓမ္မဂီတတို့တွင် သူပျော်မွေ့နိုင်အောင် ကြိုးစားခဲ့ချေ သည်။ ယထာဘူတကျစွာ တွေးခေါ်တတ်လာပြီဖြစ်သည့် ရဟန်းငယ်တစ်ပါးဘ၀တွင်မူ မြကျွန်းသာကို စာပေ ပြတင်းပေါက်မှသာ ချောင်းကြည့်မိတော့သည်။

သို့သော် တက္ကသီလာကို လွမ်းမောဖွယ်ရာထက် သမိုင်းပြတိုက်ကြီးအဖြစ် မှတ်ထင်စွဲမြဲနေသော တက္ကသိုလ် ကျောင်းသူဟောင်းကြီးတစ်ဦး၏ ဖိတ်ခေါ်လမ်းပြမှုကြောင့် အဓိပတိလမ်းမကြီးပေါ်မှာ ဧည့်သည်တစ်ယောက် အဖြစ်လမ်းလျှောက်ခဲ့ရဖူးလေသည်။ ကျောင်းသူဟောင်းအမျိုးသမီးကြီး၏ တက္ကသီလာနေ့စွဲများကို နားစိုက်ရင်း ဟိုးနှောင်းခေတ်ဆီက တောက်ပခဲ့သော တက္ကသိုလ်အဆောင်ဆောင်အခန်းခန်းများကို ငေးနေမိသေးတော့ သည်။

အော် ဇာတိသွေးဇာတိမာန်နှင့် မြန်မာ့ဦးစွန်းကို မြှင့်ခဲ့ရာ၊ အမျိုးဘာသာသာသနာ၏ သမိုင်းအသစ်ကို ထုဆစ်ခဲ့ရာ တန်ဖိုးကြီးလှသောတက္ကသီလာပေတကား။ ဆယ်ကျော်သက် အရွယ်ဆီက စိတ်ကူးနုနုများကား အတွေးအသားတက်၍ ရင့်ကျက်ဟန်ရှိခဲ့ပြီ။ ပြည့်ဝသော ရင့်ကျက်မှုကား မဟုတ်ချေသေး။ ငယ်စဉ်က လျှောက်လိုခဲ့သော အဓိပတိလမ်းကိုကား အတွေးအမြင်တစ်မျိုးဖြင့် ရိုးရိုးလေးသာ လျှောက်ခဲ့ဖူးလေပြီ။ သို့သော် တဒင်္ဂဖြတ်လျှောက်ခြင်းမျှသာတည်း။

(၂)

မြကျွန်းသာကံ့ကော်တော၏ အဓိပတိလမ်းပေါ်တွင် အတွင်းစည်းမှ လျှောက်ခဲ့ဖူးသောရဟန်းတစ်ပါးတော့ ရှိခဲ့ဖူးပါလေသည်။ တက္ကသိုလ်ခေတ်ဦး(၁၉၃၉ခုနှစ်)ဆီက ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနစာသင်ခန်းတွင် ရဟန်းငယ်တစ်ပါးက တက္ကသိုလ်ကျောင်းတော်သားကြီးအဖြစ် အခြားကျောင်းသူကျောင်းသားများကြားတွင် ထင်းထင်းကြီးရှိနေခဲ့လေသည်။ထိုရဟန်းငယ်သည် တက္ကသီလာမြကျွန်းသာတွင် ပထမဆုံးတက်ရောက်ခွင့်ရ သော ဗုဒ္ဓဘာသာရဟန်းတော်ပင်ဖြစ်ချေသည်။ ထိုအကြောင်းကို ဆရာကြီမြကေတု၏ နှောင်းခေတ်တက္ကသိုလ် ဘ၀မှတ်တမ်းများတွင် ဤသို့ဤပုံလင်းခဲ့ပါ ချေ၏။

“ဤဖြစ်ရပ်သည် ရှေးအခါက မည့်သည့်အခါကမှ မပေါ်ပေါက်သေးသောကိစ္စရပ်မျိုးဖြစ်၍ ထူးထူးကဲကဲ တက္ကသိုလ်သမိုင်းတစ်ရပ်အနေဖြင့် တင်ပြသင့်သည်ဟု ထင်မြင်မိပေသည်။ တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ စသည်တို့ကို ကျောင်းသားအဖြစ်မှတ်ပုံမတင်ပါလေဘဲ ပြင်ပမှ အလွတ်ဖြေဆို အောင်မြင်ကြလေကုန်သော ရဟန်းပျိုများကား ရှိခဲ့ဖူးပါသည်။ သို့သော် ရဟန်းဝတ်ဖြင့် ကျောင်းသူကျောင်းသားများနှင့်အတူ နေ့ကျောင်း တက်ကာ ၀ိဇ္ဇာအောင်ပန်းကို ဆွတ်လှမ်းပန်ဆင်သွားသော ရဟန်းပျိုကိုကား ကျွန်ုပ်၏ သမိုင်းတွင် မြှုတ်နှံဖုံး ကွယ်ထားမရစကောင်းပါပေ၊ ယင်းရဟန်းပုဂ္ဂိုလ်ကား ရှင်ကေလာသဖြစ်ပါသည်။”

ဆရာကြီးမြကေတုက ရှင်ကေလာသ၏ တက္ကသီလာရောက်မလာမီအခြေအနေကို ရှင်းပြခဲ့သေးသည်။ ရှင်ကေလာသ၏ဖခင်က ရခိုင်ပြည်နယ် သံတွဲမြို့ရှိ မူလတန်းကျောင်းအုပ်ဆရာကြီးဆရာဒိုင်ဖြစ်သည်။ မိခင်က ပစ္စည်းဥစ္စာအနည်းငယ်ပြည့်စုံသည့် ထားဝယ်သူဒေါ်မေခင်ဖြစ်သည်။ ရှင်ကေလာသအလောင်းအလျာလေး မန္တလေးကယ်လီဟိုက်စကူးကျောင်းတွင် (၉)တန်းတက်နေစဉ် ဆရာစံအရေးတော်ပုံကြီးနှင့် ကြုံရသည်။ ရှင်ကေလသ၏ ဖခင်အား ဆရာစံနှင့် ရင်းနှီးကျွမ်းဝင်သူဟု အထင်ရှိ၍ သာယာဝတီထောင်တွင် ထိန်းသိမ်းထားသည်။ တစ်နှစ်ခန့်ကြာမှ လွတ်မြောက်လာသည်။ ထောင်မှလွတ်သောအခါ မန္တလေးတွင် စာသင်နေသည့် သားကို ခေါ်ကာ မိခင်ရှိရာထားဝယ်သို့ သွားရောက်၍ မိသားစုလိုက် သာသနာ့ဘောင်ဝင် ရောက်ကြသည်။ သာသနာ့ဘောင်တွင် ပျော်ပိုက်ကာ တစ်ဝါဆိုပြီးသော် ဖခင်ရဟန်းပျံလွန်တော်မူသည်။ ထို့နောက် ရှင်ကေလာသသည် သီလရှင်ဝတ်နေသောမိခင်ကိုခွင့်တောင်းကာ မိခင်ကြီးလှူဒါန်းလိုက်သော ၀တ္ထုငွေကြေးဖြင့် သီရိလင်္ကာသို့ စွယ်တော်ဘုရားဖူးထွက်ခဲ့ပါလေသည်။

စွယ်တော်ဖူးသွားလေမှ သီရိလင်္ကာရဟန်းတို့၏ ပညာရေးနိုးကြားတက်ကြွမှုကို ရှင်ကေလာသမြင်ဟန်တူ ပါသည်။ တစ်ပိုင်းတစ်စ ပညာရေးစီးကြောင်းကို ပြန်ဖောက်ရန် အကြံဖြစ်ကာ အိန္ဒိယတစ်ဘက်ကမ်းသို့ ကူး၍ ကာလကတ္တားတက္ကသိုလ်က ကျင်းပသည့် မက်ထရစ်စာမေးပွဲကို ၀င်ရောက်ဖြေဆိုရာတွင် လက်တားစ် လေးခု ဖြင့် ထူးထူးကဲကဲ အောင်မြင်ခဲ့ပါလေသည်။ လက်တားစ်ဟူသည် ဂုဏ်ထူးမှတ်နှင့် ညီမျှသည် ဟူ၏။

ရှင်ကေလာသကား ယူနီဗာစီတီကျောင်းတော်သားကြီးဖြစ်ခွင့်ရရန်လမ်းပွင့်ခဲ့ချေပြီ။ ရှင်ကေလာသအိပ်မက်တွင် ကာလက္တားတက္ကသိုလ်ကို ရဟန်းဝတ်ဖြင့်ပင် ဆက်လက်တက်ရောက်ကာ ၀ိဇ္ဇာဘွဲ့ကို ဆွတ်ခူးချေမည်။ ၀ိဇ္ဇာ ဘွဲ့ရှင်ဖြစ်သည့်ကာလ ပညာပြည့်ဝသည်တွင်တော့ ဥရောပနှင့် အနောက်နိုင်ငံတစ်ခွင် ပြဲပြဲစင်အောင်ကြွ ရောက်၍ ဓမ္မလမ်းဖောက်ချေမည်၊ အိပ်မက်သည် အိပ်မက်သာလျှင်ကတည်း။ ရှင်ကေလာသအိပ်မက် မက်နေ စဉ်မှာပင် မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲထုတ်လိုက်သည့်အတွက် ၀ိဇ္ဇာတန်းအပိုဘာသာရပ်ကို (မိခင်ဘာသာ) မြန်မာဘာသာဖြင့် ယူခွင့်မရှိတော့။ အစိမ်းသက်သက်ဖြစ်သော ဟိန္ဒီ၊အူရဒူ၊ ဘင်္ဂါလီဘာသာ တစ်ခုခုကို ရယူမှသာ ကျောင်းတက်ခွင့်၊စာမေးပွဲဖြေဆိုခွင့်ရပေမည်။ထိုသို့ဖြင့် ရှင်ကေလာသသည် ၀ိဇ္ဇာဘွဲ့နှင့် အနောက် တိုင်းသာသနာပြုအိပ်မက်များကို ထုပ်ပိုးသိမ်းဆည်းကာ အမိမြေသို့ ဆုတ်ခွာခဲ့ရလေတော့သည်။

ကံကောင်းထောက်မစွာပင် ရှင်ကေလာသ မြန်မာမြေပေါ်သို့ ခြေချလိုက်သည့်အချိန်သည် ဗိုလ်အောင်ကျော် အရေးအခင်းနှင့်ကျောင်းသားသပိတ်ကြီးပြီးစ၊ ရန်ကုန်တက္ကသိုလ်၏ ကျောင်းအုပ်ကြီး အဖြစ်မြန်မာအမျိုးသား ဆရာကြီး ဦးဖေမောင်တင်ကို အဦးအစခန့်ထားအပ်သည့် အချိန်ဖြစ်သတည်း။ မြန်မာကျောင်းအုပ်ကြီးအုပ်ချုပ် နေသည့် တက္ကသိုလ်တွင် မြန်မာရဟန်းတော် တစ်ပါးဖြစ်သည့် ရှင်ကေလာသအနေဖြင့် ကျောင်းတက်ရောက် ခွင့်ရရေး စဉ်းစားမိတော့သည်။

သို့နှင့် ၁၉၃၉ ခု၏ ဇွန်လပိုင်း နေ့တစ်နေ့တွင် ကျောင်းအုပ်ကြီးရုံးခန်းသို့ ရှင်ကေလာသ ရောက်လာ ခဲ့လေသည်။ ခရစ်ယာန်ဘာသာဝင်မြန်မာအမျိုးသားကြီးတစ်ဦးဖြစ်သူ ဆရာကြီး ဦးဖေမောင်တင်ကား ဗုဒ္ဓ ဘာသာရဟန်းတော်အရှင်ကေလာသကို နွေးထွေးစွာ ကြိုဆိုခဲ့ပါသည်။ အသိဉာဏ်ငတ်မွတ်ဆာလောင်မှုနှင့် သာသနာပြုအိပ်မက်အထုပ်အပိုးလေးလံလှသော ရှင်ကေလာသ၏ ဆန္ဒကို ဖြည့်ဆည်းပေးရန်လည်း ဆုံးဖြတ် ခဲ့ပါသည်။ ရှင်ကေလာသအား ကျောင်းတက်ခွင့်လျှောက်လွှာတင်သွင်းရန်နှင့် အုပ်ချုပ်ရေးအဖွဲ့ကို ထောက်ခံ တင်သွင်းပေးမည်ဖြစ်ကြောင်း ရဲရဲကြီးကတိပေးခဲ့ပါလေသည်။

ရဟန်းတော်တစ်ပါးအား တက္ကသိုလ်တက်ခွင့်ပေးရေးအတွက် ဆရာကြီးဦးဖေမောင်တင်၏ အတွေးအမြင်နှင့် ကူညီပံ့ပိုးမှုကို ဆရာကြီးမြကေတုက ဤသို့ ရေးသားထားလေသည်။

ကျောင်းအုပ်ကြီးသည် စဉ်းစားမိသည်၊ ရှေးအခါက မြန်မာပြည်တွင် အခြေခံပညာသည် ဘုန်းတော်ကြီး ကျောင်းများက စတင်အခြေခံလျက် ဘုန်းတော်ကြီးများကသာ စာသင်ကြားပေးကြသည်၊ ယခုတိုင်အောင်လည်း တောရွာများတွင် မြန်မာကလေးငယ်များသည် ဘုန်းကြီးကျောင်းများ၌သာလျှင် စာပေအခြေခံ သင်ကြားနေရပေ သေးသည်။ ရှေးအခါက လူပုဂ္ဂိုလ်များတည်ထောာင်ထားသည့် ကျောင်းဟူ၍ မရှိခဲ့ပေ။ အနောက်နိုင်ငံများ၌ လည်း ထို့အတူပင်၊ ရှေးအခါက အောက်စဖို့ဒ်တက္ကသိုလ်သည်ပင်လျှင် ဘုန်းတော်ကြီးများက စတင်၍ အခြေခံပညာကို သင်ကြားလာခဲ့ရာမှ ယခုအခါ နာမည်ကျော်တက္ကသိုလ်ကြီးဖြစ်လာခဲ့သည်။ ရှေးအခါက ယင်းတက္ကသိုလ်က ဘုန်းတော်ကြီးများဝတ်ဆင်သည့် ၀တ်ရုံသည်ပင်လျှင် ယခုအခါ ဘွဲ့နှင်းသဘင်များ၌ (ဘုန်းကြီးများ၏ အစဉ်အလာဝတ်ရုံကိုပင်) ဘွဲ့နှင်းဝတ်ရုံအဖြစ်အသုံးပြုနေကြသည်။ ”

“ဤမျှ ဘုန်းတော်ကြီးများက စတင်၍ အခြေခံပညာကို သင်ကြားပေးလာခဲ့ပြီးမှ ယခုအခါ လူပုဂ္ဂိုလ်များက တည်ထောင်ထားသောကျောင်းတွင် ပညာရှာမှီးလိုသော ရဟန်းပုဂ္ဂိုလ်တစ်ပါးကို ပညာသင်ခွင့်မပေးနိုင်ဟု ငြင်းဆိုလိုက်ပါက လွန်စွာ အမြင်ကျဉ်းမြောင်းရာ ရောက်မည့်အပြင် တွက်ကတ်ရာလည်း ရောက်လှသည်။ ထို့ကြောင့် ကျောင်းအုပ်ကြီးသည် အစွမ်းကုန်ကြိုးစား၍ ရှင်ကေလာသအား ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်ပညာသင်နိုင်အောင် ဆောင်ရွက်ပေးလိုက်လေသည်။”

တွေးတတ်ပါပေစွ။ မြင်တတ်ပါပေစွ၊ ရှုခင်းရှုကွက်ကျယ်ဝန်းလှပေစွ။ ထိုသို့ဖြင့် ရှင်ကေလာသ ရန်ကုန် တက္ကသိုလ်၏ အဦးအစကျောင်း တော်သားရဟန်းဖြစ်ခွင့်ရခဲ့သည်။ ၁၉၃၉ ခုနှစ် ဇူလိုင်လ(၁) ရက်နေ့မှ အစပြုကာ ကျောင်းတက်ခွင့်ရရှိခဲ့ပြီး အခြားကျောင်းသူကျောင်းသားများနှင့်အတူ သင်တန်းများပုံမှန်တက် ရောက်ခဲ့ပါလေတော့သည်။ တက္ကသိုလ်ပညာရေးကို ဆည်းပူးနေစဉ်မှာပင် ဒုတိယကမ္ဘာစစ်မီးလျှံက တောက် လောင်လာခဲ့သည်။ သို့သော် စစ်ရိပ်စစ်ငွေ့များကြားတွင်ပင် ရှင်ကေလာသ ၀ိဇ္ဇာတန်းအောင်ခဲ့သည်။

စစ်ကြီးပြီးသည့်အခါမှာတော့ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားတက္ကသိုလ်သို့ ဆက်လက်တက်ရောက်ကာ မဟာဝိဇ္ဇာ ဘွဲ့ကို ဆွတ်ခူးခဲ့ပြန်သည်။ ရှင်ကေလာသကား ဤမျှဖြင့် ပညာရေးအဆာမပြေသေး၊ အနောက်တိုင်း သို့ပြေးလွှားလှည့်လည်ကာ သာသနာလည်းပြု ပညာလည်း စုခဲ့ပါချေသည်။ ပြင်သစ်နိုင်ငံ ပါရီမြို့တော်၊ ဆောဗွန်းတက္ကသိုလ်မှ M.A.M.F ဘွဲ့ကို ဆွတ်ခူးရယူနိုင်ခဲ့ပြန်ပါသည်။ ရှင်ကေလာသ ပြည်တော်ဝင် ခရီးမှာတော့ ကမ္ဘာအေးကုန်းမြေတွင် ဖွင့်လှစ်သည့် ဗုဒ္ဓတက္ကသိုလ်၏ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ပေး အပ်ခြင်းခံရပါလေသည်။


(၃)

ယခုအခါ ကျောင်းအုပ်ကြီးအရှင်ကေလာသသည်လည်း ဂျပန်နိုင်ငံတွင် လွန်တော်မူခဲ့ပြီဟု သိရသည်။
ကမ္ဘာအေးကုန်းမြေတွင် ဖွင့်လှစ်ခဲ့သည့် ဗုဒ္ဓတက္ကသိုလ်သည်လည်း ခေတ်စနစ်အမျိုးမျိုးပြောင်းလဲမှု အောက်တွင် မှုန်ဝါး ပျောက်ကွယ်သွားလေပြီ။ သို့သော် ယနေ့ခေတ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးများ၊ အပြည်ပြည်ဆိုင်ရာထေရ၀ါဒတက္ကသိုလ်နှင့်သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တို့၏ရှေ့ပြေးတက္ကသိုလ်ဖြစ်ခဲ့လေသည်။

ထိုဗုဒ္ဓတက္ကသိုလ်မရှိတော့သော်လည်း ဗုဒ္ဓတက္ကသိုလ်ကျောင်းတော်သားဟောင်းကြီးများကတော့ မျက်မှောက် ခေတ်သာသနာတော်၏ ရှေ့တန်းစာမျက်နှာတွင် ရွှေရောင်ကမ္ဗည်းထိုးခံကြရမည့်ပုဂ္ဂိုလ်များအဖြစ် ဖြတ်သန်းနိုင် ခဲ့ကြပြီ။သီတဂူဆရာတော်အရှင်ဉာဏိဿရ၊အင်္ဂလန်နိုင်ငံဘာမင်ဂန်ဆရာတော် ဒေါက်တာရေ၀တဓမ္မ၊ ဓမ္မဒူတ ဆရာတော်အရှင်ပညာဇောတ၊ ဖားအောက်တောရ ဆရာတော် အရှင်အာစိဏ္ဏ၊ တစ်ဘ၀သာသနာ ကျမ်းပြု မိုးကုတ်ကမ္မဋ္ဌာနာစရိယဆရာတော်အရှင်ဃောသိတစသောပုဂ္ဂိုလ်မြတ်တို့သည် ဗုဒ္ဓတက္ကသိုလ်ဆင်းများဖြစ် ကြသည်ဟု မှတ်သားရပေ၏။

အော် အဓိပတိလမ်းပေါ် လျှောက်ခဲ့ဖူးလေသည့် ခြေလှမ်းများ၏ အလျားအနံ အကျဉ်းအကျယ်ကား မည်သို့ရှိခဲ့ လေသနည်း။


23 January, 2010

မွေးနေ့အလွန် “ အမန် ကီ အရှ” အတွေးများ

(၁)

မွေးနေ့အလွန်မနက်ခင်းမှာတော့ သူ့အိပ်ရာဘေးကို အန္ဒိယတိုင်းသတင်းစာတစ်စောင်ရောက်လာပါတယ်။ ဘလော့ဂါကိုနော(အရှင်ဉာနောဘာသာလင်္ကာရ)ရဲ့ ကျေးဇူးပါ။ လွန်ခဲ့တဲ့ တစ်ပတ်က ကိုနော သူ့အခန်းကို ဟင်ဒီသတင်းစာတစ်စောင်ကို ဟန်ပါပါကိုင်ပြီး ရောက်လာပါတယ်။ သူ့အနားမှာထိုင်ပြီး လျှာလိပ်သံပြင်းပြင်းနဲ့ ကမ္မ၀ါဖတ်သလို ကုလားသတင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ်ဖတ်ပြပါတော့တယ်။

ဟင်ဒီစာက သူ့အတွက် နားမစိမ်းပေမယ့် အဓိပ္ပါယ်ကိုတော့ ကိုနောရှင်းပြမှပဲ နားလည်တော့တာပါ။ အင်း သူလည်း ရွှတ်ရှက်ဒွတ်ဒက်သတင်းစာတစ်စောင်တော့ ယူဖတ်ဦးမှလို့ အကြံဖြစ်ရပြန်ပါတယ်။ ကိုနောက ဘက်ရှာနေတာဆိုတော့ သူတစ်လစာလှူပါ့မယ် လုပ်တော့တာပါ။ သတင်းစာယူဖို့ဆိုတာကလည်း နေရာအထိုင်လေးကလည်း ရှိဦးမှကိုး။ အခုမှပဲ နေရပ်လိပ်စာအတိအကျနဲ့နေနိုင်တော့တာမို့ သတင်းစာတစ် စောင်တော့ တကယ်လည်း ရှိသင့်ပါရဲ့။ဒီလိုနဲ့ အိန္ဒိယတိုင်းသတင်းစာတစ်စောင် သူ့အခန်းထဲကို ရောက်လာ တော့တာပါ။

ဒါပေမယ့် သတင်းစာပို့သမားရဲ့ ရက်ချိန်းမမှန်ကန်မှုကြောင့် ရက်ကျော်သတင်းစာတွေကိုသာ ဖတ်ရလေ့ရှိ ပါတယ်။ ပြီးတော့ ဒီရာသီက နှင်းတွေ ထူထပ်စွာ ကျရောက်တတ်တာမို့ ပြည်နယ်မြို့တော်ဖြစ်တဲ့ လက်ခ်နောင်းနဲ့ ဗာရာဏသီခရီးလမ်းမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေတတ်တာလည်း သတင်းစာ ကြန့်ကြာခြင်းရဲ့ အကြောင်းတစ်ရပ်ဖြစ်နိုင်တာပါပဲ။

ဒီနေ့ တနင်္ဂနွေနေ့ပါ။ သူ့လက်ထဲရောက်နေတာက စနေနေ့ထုတ်သတင်းစာဖြစ်နေလေရဲ့။ ဘာပဲဖြစ်ဖြစ် ဖတ်ရတော့မှာပါ။ အိန္ဒိယတိုင်းသတင်းစာမှာ သူပထမဆုံးကြည့်ဖြစ်တာက နာမည်ကျော် ကာတွန်းဆရာ အာရ်.ကေ.လက်ဇမန်း( R.K. Laxman) ရဲ့ ကာတွန်းကွက်လေးပါ။ ကာတွန်းလေးတွေက တစ်ကွက်ဆို တစ်ကွက် ထိထိမိမိသရော်နိုင်စွမ်းရှိပါတယ်။ ၂၀၀၇ ခုနှစ်က ထင်ပါရဲ့ ။ ဒီကာတွန်းဆရာကို ရုပ်ရှင်မင်းသားကြီး အမီတာဘာချန်နဲ့ တစ်ပြိုင်တည်း ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ပေးခဲ့ပါတယ်။

ကဲ ဒီနေ့ သူဘာပြောမလဲကြည့်လိုက်တယ်။ ပုံထဲမှာ စာရွက်စာတမ်းတွေ တောင်လိုပုံနေတဲ့ ရုံးခန်းထဲမှာ လူနှစ်ယောက်စကားပြောနေပါတယ်။ စာရွက်စာတမ်းတွေရှေ့က အလုပ်စာပွဲမှာတော့ လူမရှိပါဘူး။ “ ဒီလူ ဘယ်တော့မှ ရုံးမလာဘူးဗျ၊ ဒါပေမယ့် သူအမြဲပြောတာကတော့ အလုပ်သိပ်များတယ်ဆိုပဲ”။ကာတွန်းက ဒီလောက်လေးပါ။ ဆက်တွေးကြဖို့ ချန်ထားတာပါ။ ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ အလုပ်များနေကြသူတွေကို သွားမြင်မိပါသေးတော့တယ်။ အခြားရှုထောင့်ကလည်း အများတွေးလို့ရဦးမှာပါ။ ကိုယ်လိုရာကိုသာ ဆွဲတွေးကြလေကုန်။

အဲဒီနောက် သူဖတ်ဖြစ်တာက သတင်းပါ။ အိန္ဒိယတိုင်းသတင်းစာက ပြည်တွင်းသတင်းနဲ့ ဒေသထွက် သတင်းကို ဦးစားပေးဖော်ပြလေ့ရှိပါတယ်။ အဓိကသတင်းစာရဲ့ အာဘော်နဲ့ ဦးစားပေးသတင်းတွေကလွဲရင် ကိုယ့်ပြည်နယ်အလိုက်စိတ်ကြိုက်သတင်းတွေရေးသားထုတ်ဝေကြတာပါ။ ပြည်နယ်တစ်ခုစီမှာ အိန္ဒိယတိုင်း သတင်းစာတိုက်ခွဲတွေ ရှိနေကြတာကိုး။ ဘယ်ပြည်နယ်က သတင်းစာပဲဖြစ်ဖြစ် နိုင်ငံတကာသတင်းကိုတော့ အမြည်းသဘောပဲ ပေးလေ့ရှိပါတယ်။ အားကစားသတင်းမှာတော့ တင်းနစ်စ်နဲ့ ဂေါက်ရိုက်ခြင်းတွေကိုသာ တခုတ်တရ ဖော်ပြတတ်ပါတယ်။ သူတို့ရဲ့ မဟာအားကစားကြီးဖြစ်တဲ့ ခရစ်ကက်ကိုတော့ ပြူးပြဲနေအောင်ကို ရေးကြတော့တာပါ။ ဘာပဲဖြစ်ဖြစ် အိန္ဒိယတိုင်းသတင်းစာဟာ နိုင်ငံရေး။စီးပွားရေး၊လူမှုရေး၊ စာပေရုပ်ရှင်ဂီတ အနုပညာနဲ့ အရေးအရာတော်တော်များ ကဏ္ဍစုံပါတဲ့ သတင်းစာကောင်းတစ်စောင်ပါပဲ။

သူနောက်ဆုံးမှ ဖတ်ဖြစ်တာကတော့ သတင်းစာခေါင်းကြီးပိုင်းနဲ့ ဒဿနအတွေးစာအပိုင်းတွေပါပဲ။ တစိမ့်စိမ့် တွေးပြီးမှ ဖတ်ရတာကိုး။ ဒဿနအတွေးစာဆိုလို့ စကားပြောသစ်ပင်(Speaking Tree)ဆိုတဲ့ ကော်လံ လေးဟာ စွဲဆောင်မှုရှိပါတယ်။ ဘာသာပေါင်းစုံတို့ရဲ့ အဆုံးအမတွေ၊ကမ္ဘာ့ခေါင်းဆောင်ကြီးတွေရဲ့ အတွေး အခေါ်၊ စာပေဒဿနပညာရှင်တွေရဲ့ အဆိုအမိန့်စတာတွေကို ကိုးကားရေးသားထားတဲ့ ကော်လံလေးတစ်ခုပါပဲ။

စကားပြောသစ်ပင်က ဘာတွေများ ပြောပါလိမ့်။ သူ့အတွက်တော့ မွေးနေ့လက်ဆောင်ရလိုက် သလိုဖြစ်သွားပါတော့တယ်။ “အမန် ကီ အရှ”အတွေးများ(Thoughts On Aman Ki Asha) တဲ့။ အမန် ကီ အရှ ဆိုတာ မသိလို့ ရှာရဖွေရပါသေးတယ်။ ငြိမ်းချမ်းရေးပန်းတိုင်
်(The Destination Peace) လို့ အဓိပ္ပါယ်ရပါသတဲ့။ ကောင်းလေစွ။ မွေးနေ့အလွန်က ငြိမ်းချမ်းရေးပန်းတိုင်...။

(၂)

ငြိမ်းချမ်းရေးပန်းတိုင်(The Destination Peace)လို့အဓိပ္ပါယ်ရတဲ့ “အမန် ကီ အရှ” ဆိုတာဟာ ဟိန္ဒူစတန်(အိန္ဒိယ)နဲ့ ပါကစ္စတန်နိုင်ငံတို့ကြားက အမုန်းမီးလျှံတွေ အဆုံးသတ်ရေးအတွက်
အိန္ဒိယတိုင်း သတင်းစာ( The Times of India) နဲ့ ဂျန်းအုပ်စု( Jang Group)တို့ပူးတွဲလုပ်ဆောင်ကြတဲ့ ငြိမ်းချမ်းရေး ပရောဂျက်(AN INDO-PAK PEACE PROJECT)တစ်ခုပါပဲ။ နှစ်နိုင်ငံအနုပညာရှင်တွေ လက်ချင်းချိတ်ပြီး ငြိမ်းချမ်းရေးဆီ သီချင်းတွေနဲ့ လျှောက်ကြတာပါ။ မြို့ကြီးပြကြီးတွေမှာ ဂီတဖျော်ဖြေပွဲကြီးတွေ ကျင်းပပြီး နှစ်နိုင်ငံပဋိပက္ခတွေကြားထဲက အလွမ်းနဲ့ ကြေကွဲမှုတွေကို ဖောက်ခွဲပြခဲ့ကြတာပါ။ စစ်မီးလျှံကြားမှာ လက်တွဲပြုတ် သွားတဲ့ ချစ်သူတွေ။ နယ်နိမိတ်အကန့်အသတ်နဲ့ ဘာသာရေးမျဉ်းတစ်ဘက်က ကျောင်းတက်ဖော်တွေ ၊ နိုင်ငံရေးမုန် တိုင်းနဲ့ လူမျိုးရေးဝိရောဓိတွေက သွေးခွဲပစ်လိုက်တဲ့ အိမ်းနီးချင်းတွေအကြောင်းတွေ ဖွဲ့ဆိုကြတာပါပဲ။

အနုပညာရှင်ဂီတသမားတွေကတော့ ပထမဆုံးတွဲလျှောက်ပြနေကြပါပြီ။ ကဲ ဘာသာရေးသမားတွေ နိုင်ငံရေးသမားတွေ အဲဒီငြိမ်းချမ်းရေးလမ်းပေါ်ဆက်လျှောက်ကြမလား။မျက်ရည်လမ်းတွေကိုပဲ ဆက်ဖောက်ကြ မလား။ ဘာသာရေးသမား တွေက ငြိမ်းချမ်းရေးကို ပြောလေ့ရှိကြသလို နိုင်ငံရေးသမားတွေကလည်း သာယာဝ ပြောရေးကို ကြွေးကြော်လေ့ရှိကြပါသတတ်။ ဖြစ်လိုက်ရင် အဲဒီနယ်နိမိတ်ထဲကပဲ မီးတွေ ထထတောက်တာပါ။

စကားပြောသစ်ပင်ကို မူရင်းအတိုင်းပဲ နားထောင်ကြည့်လိုက်ပါတယ်။ မူရင်းစာရေးဆရာက စီဗွီအက်စကေ ရောင်း(C.V.S.KRAO)ဖြစ်ပါတယ်။

(ဆွာမိဝိဝေကာနန္ဒက“ကောင်းမြတ်သောအင်အားများကိုစုစည်းကြ၊ မည်သည့်အလံတော်အောက်တွင် သင် တို့ချီတက်နေကြသနည်း ဆိုသည်ကိုဂရုပြုဖွယ်မလိုအပ်၊ သင့်အရောင်အသွေးသည်ဝါစိမ်းနီပြာဖြစ်ချင်ရာဖြစ် ပါစေ၊ထိုအရောင်များကို ပေါင်းစပ်ကာ တစ်ခုတည်းသောဖြူလွလွမေတ္တာအရောင်အလင်းကိုသာ ဖန်တီးရ ပေမည်။ ကျွန်ပ်တို့ သင်တို့၏ အရေးအရာတာဝန်ဟူသည် အလုပ်လုပ်ရန်သာ ဖြစ်သည်၊ အကျိုးဆက်ကား သူ့သဘောသူဆောင်ပေ လိမ့်မည်။ဟု ဆိုထားသည်။

ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ်ကို အားပေးလှုံ့ဆော်ရန်နှင့် “အမန် ကီ အရှ ”မစ်ရှင်အဖွဲ့ကို အရှိန်မြှင့်လမ်း ဖွင့်ပေးကြရန်အတွက် အရာဝတ္ထုနှစ်ခုကို စူးစိုက်ဖို့ အရေးကြီးနေသည်။ပထမတစ်ခုမှာ အတ္တဗဟိုပြုကာ မြင့်မြတ်သော ဘာသာရေးကျမ်းဂန်များကို တလွဲဘာာသာပြန်ဆို၍ ပဋိပက္ခမီးမွှေးရသည်ကို ပျော်မွေ့သော လက်တစ်ဆုပ် စာလူနည်းစုကို ဆန့်ကျင်ဖယ်ရှားပစ်ကြရန်ဖြစ်ပေသည်။ ဒုတိယတစ်ခုမှာ အဓိပ္ပါယ်ပြည့်ဝသော ငြိမ်းချမ်းရေး ဒိုင်ယာလော့ဂ်စကားဝိုင်းဖြစ်ပေါ်စေနိုင်မည့် ဟန်ချက်ညီညီ ဟာမိုနီကျ၍ ပဋိပက္ခကင်းသောပတ်ဝန်းကျင်ကို ဖန်တီးကြရန်ဖြစ်ပေသည်။

ဘာသာတရားဆိုင်ရာကျမ်းဂန်များသည် အကြမ်းဖက်မှုနှင့် အာဃာတတရားတို့ကို ထောက်ခံလေ့မရှိကြပေ။ အကြမ်းမဖက်မှု၊ ငြိမ်းချမ်းရေးနှင့် မေတ္တာတရားကိုသာ ထင်ထင်ရှားရှား အားပေးလေသည်။ ဥပမာအားဖြင့် စစ်ပွဲနှင့် (ညီအကိုသားချင်းပါမကျန်) သတ်ဖြတ်ညှင်းဆဲမှုကို အားပေးလေ့ရှိသည်ဟု မဟာဘာရတ ကျမ်းမြတ်ကို ကိုးကားရည်ညွှန်းကြသည်။ အမှန်စင်စစ်လည်း မဟာဘာရတကျမ်းမြတ်၏ သုံးပုံတစ်ပုံထက် မနည်းသောအပိုင်းက ပဋိပက္ခ၊စစ်ပြင်ဆင်ခြင်း၊သွေးစက်ပေကျံသောအကြမ်းဖက်စစ်ဆင်မှုတို့နှင့် သက်ဆိုင် နေပေသည်။ သို့သော် မဟာဘာရတ ကျမ်းမြတ်၏ အဓိကရှေ့သွားရည်ညွှန်းချက်တာဝန်မှာ “ အဟိံသာ ပရမာ ဓမ္မာ” (အကြမ်းမဖက်ခြင်း အဟိံသာတရားသည်သာလျှင် ဓမ္မအစစ်ဖြစ်၏) ဟူသောသွန်သင် ချက်ပင်ဖြစ်ပါသည်။

ဂျိန်းဘာသာ(Jainism)ဟူသောစကားလုံးသည် အောင်နိုင်သူ၊ကျော်လွှားသူဟု အဓိပ္ပါယ်ရသည့် ဇိန(Jin)မှ ဆင်းသက် လာသည်။ဂျိန်းဘာသာဝင်တို့သည် အကြမ်းမဖက်ရေးတရားဓမ္မကို ဟောကြားခဲ့သည့် မဟာဝီရဘုရား၏ တပည့် သာဝကများဖြစ်ကြလေသည်။စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ဂျိန်းဘာသာဝင်တို့၏ “နမော အရိဟန္တနံ”(ရန်သူအပေါင်းကိုဖျက်ဆီးသူတို့အားရှိခိုးပါ၏) ဟူသော အဦးအစ၀တ်ရွတ်စဉ်ပင်ဖြစ်သည်။ ဆန့်ကျင်ဘက်အင်အားစုကို ဖျက်ဆီးပစ်ရန်ဆိုသည်မှာ ရန်သူအပေါင်းတို့ကို နှိမ်နှင်းချေမှုန်းပြီးမှသာ ဆောင်ရွက်နိုင်ပေမည်။

ရန်သူဟူသည် အဘယ်နည်း။ မည်သို့သောရန်သူတို့ကို မညှာမတာ ဖျက်ဆီးပစ်ရလေမည်နည်း။ ရန်သူဆို သည်မှာ ကွဲပြားခြားနားမှုရှိသောပြိုင်ဘက်လူပုဂ္ဂိုလ်တို့ကို မဆိုလို၊ လူသားအချင်းချင်းကွဲလွဲမှုများကို ငြိမ်းချမ်း သောနည်းများဖြင့် ဖြေရှင်းညှိနှိုင်း၍ ရနိုင်ပေသည်။သိရီ ပရမ်ဟံသာ ယောဂနန္ဒက ဘဂ၀တ်ဂီတအဖွင့် ကျမ်းတွင်မဟာဘာရတ၏အနှစ်သာရစကားကိုရှင်းပြထားသည်။

ဓရိတရရှတြ၏ ယုတ္တိအဆင်ခြင်မဲ့သောစိတ်၏သင်္ကေတဖြစ်သည့် သားတော် ပေါင်းတစ်ရာတွင်မနာလိုဝန်တိုမှု၊ ရန်လိုမှုဒေါသ၊ ခက်ထန်မှု၊ ဖျက်ဆီးမှု၊ လူမျိုးရေးမာန်၊ ခိုက်ရန်ငြင်းခုန်မှု၊ လက်စာချေမှု၊ အမြင်မကျယ်မှု၊ မိုက်မဲမှု စသော စရိုက်များရှိကြသည်။ ထိုစရိုက်များသည်သာလျှင် ရန်သူများဖြစ်ကြသည်။ ထိုစရိုက်များကိုသာ စစ်သွေးစစ်မာန်အပြည့်ချေမှုန်းသကဲ့သို့ အပြတ်နှိမ်နှင်းကြရပေမည်။ ဤသည်ပင်လျှင် ပုဂ္ဂလိကတစ်ဦးချင်း သာမက လူမှုအဖွဲ့အစည်းအတွင်း တကယ်တိုက်ခိုက်ရမည့် မဟာဘာရတစစ်ပွဲအမှန်ဖြစ်ပေသည်။ ဆန့်ကျင် ဘက်အင်အားစုများကို ဖျက်ဆီးနှိမ်နှင်းနိုင်သူကို ဂျိန်းဘာသာဝင်တို့က ရဟန္တာဟု ရည်မှတ် ပူဇော်ကြ လေသည်။

ဆတျ ဆိုင် ဘာဘာက “ သစ္စာတရား၊ ဖြောင့်မတ်မှု၊ မေတ္တာ၊ ငြိမ်းချမ်းမှုနှင့် အကြမ်းမဖက်မှုတရားများသည်

အကုသိုလ်စိတ်များကို ဖျက်ဆီးနိုင်သော ပဏ္ဍ၀တရားများဖြစ်၏” ဟု ဆိုသည်။ ဂုရုနာနခ်၊ ကဗီးရ်နှင့်

အခြားသောရှေ့တော်ပြေးပုဂ္ဂိုလ်ကြီးတို့၏ တရားအနှစ်တို့မှာလည်း ကျွန်ုပ်တို့ လိုက်နာရမည့် ထပ်တူ

တရားများ ပင်ဖြစ်လေသည်။


ပုဂ္ဂလိကအရေးအရာနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိခိုက်ပျက်သုဉ်းစေမည့် အမြင်မကျယ်ခြင်း၊

အဖျက်စိတ်နှင့် ရုန့်ရင်းကြမ်းတမ်းသောစကားစသည်တို့သည် အကျိုးမဲ့သောအရာများသာဖြစ်၏၊

ထိုအရာများကို စေ့စပ်ဖြန်ဖြေရေး ကာလအတွင်းဝယ် စောင့်စည်းထိမ်းသိမ်းရပေမည်။ နောက်ထပ်မေးခွန်း

တစ်ခုမှာ လျော်ကန်သင့်မြတ်သောစကားဝိုင်း တစ်ခုဖြစ်ပေါ်လာရန် လွတ်လပ်၍ သဟဇာတကျသော

ရပ်ဝန်းတစ်ခုကို မည်သို့တည် ဆောက်ကြမည်နည်း ဟူ၍ ဖြစ်သည်။


ပတဉ္စလီက “ အဟိံသတရားရှိရာ အာဃာတမလာနိုင်” ဟု ဆိုသည်။ အဟိံသဆိုတာ ဘာလဲ။

ဆွာမိဝိဝေကာနန္ဒကပင်

အဟိံသ၏မှတ်ကျောက်မှာမူမမှန်သောပြိုင်ဆိုင်မှုနှင့်မနာလိုမှုတို့ကင်းပခြင်းသာဖြစ်လေသည်။

ဟု ဆိုမိန့်သည်။

ဤအရာဝယ် ရှင်မဿဲခရစ်ဝင်မှ

သင်တို့အား မပြုစေလိုသော အရာကို အခြားသူများအား မပြုကျင့်ကြလေနှင့်

ဟူသောကျမ်းချက်(Metthew 7:12)တစ်ခုကို လိုက်နာခြင်းဖြင့်လည်း ဆောင်ရွက်နိုင်ကြသည်။

“အမန် ကီ အရှ” မစ်ရှင်နှင့် ငြိမ်းချမ်းစွာလက်တွဲဆောင်ရွက်မှုတို့သည် ကာယကံ၊၀စီကံ၊မနောကံသုံးပါးလုံးတွင်

အဟိံသတရားကိန်းဝပ်ခြင်းဖြင့်သာ ဖြစ်မြောက်နိုင်ကြပေမည်။)


(၃)

သစ်ပင်ပြောတဲ့စကားကို နားထောင်ပြီးတဲ့အခါမှာ ဗြဟ္မစိုရ်အနံ့တွေကို ရှိုက်မိတော့တာပါ။ ကမ္ဘာမြေရဲ့

နာမကျန်းမှုတွေကို ဗြဟ္မစိုရ်လက်နဲ့ ပွတ်သပ်ကုသပေးကြရမှာပါ။ ကွဲပြားခြားနားတဲ့ ဘာသာရေးတွေ၊

မတူညီတဲ့ လူမျိုးရေးနဲ့ နိုင်ငံနယ်နိမိတ်တွေကျော်ဖြတ်ပြီး ကမ္ဘာမြေရဲ့ အရေးအခင်းတွေကို လက်ချင်းချိတ်ပြီး

ရင်ဆိုင်ဖြေရှင်းရတော့မှာပါ။ အဲဒီအတွေးစလေး ဖြတ်စီးချိန်အခိုက်အတန့်လေးမှာပဲ သွားလေသူပေါ့ပ်ဂီတဘုရင်

် မိုက်ကယ်လ် ဂျက်ဆင်ရဲ့ “ ငါတို့ဟာ ကမ္ဘာ” ဆိုတဲ့ တေးသွားလေးကို ကြားလိုက်ရပါတော့တယ်။


(မွေးနေ့မှာ တည်ခင်းဧည့်ခံတဲ့ စာဟုသာ မှတ်ယူကြကုန်ရာသတည်း။)

22 January, 2010

ရဟန်းက တစ်ပန်းသာပြီးသားဆိုသော်လည်း

ဒီရက်ပိုင်းတွေမှာ သူ့ရဲ့ အီးမေးလ်စာတိုက်သေတ္တာထဲမှာ ဓမ္မဂင်္ဂါဘလော့ဂ်နဲ့ပတ်သက်ပြီး ဝေဘန်အကြံပြု စာလေးတွေ ရောက်လာတတ်ပါတယ်။ အမှန်တကယ်တော့ ရေးပို့သူအများကြီးရှိတာမဟုတ်ပါဘူး။ုဘလော့ဂါက ရဟန်းတစ်ပါးမို့ စာရေးရတာ အခက်အခဲရှိတာလည်း ဖြစ်နိုင်ပါတယ်။ ဟိုတလောကပဲ သူ့ရဲ့ ပရိုဖိုင်လေးမှာ ကိုယ်ရေးအကျဉ်းလေးတင်ထားမိတော့ ဘလော့ဂါမိတ်ဆွေ ဒကာလေးတစ်ယောက်က ရွှေရောင်စာလုံးတွေကို ရှိန်းပြီး မျက်စိကျိန်းစပ်တယ်ဆိုလို့ ဖြုတ်ပစ်လိုက်ရပါသေးတယ်။

ရင်းနှီးခင်မင်စွာ စာရေးကြသူတွေ ဝေဘန်အကြံပြုကြသူတွေကတော့ စောင့်ဖတ်နေတဲ့ စာတွေ နိဂုံးမချုပ်နိုင်သေးတာကို အများစုက ပြောကြပါတယ်။ မစိုးရိမ်အ၀ိုင်းအ၀ိုင်းက မိတ်ဆွေရဟန်းတော် အချို့ကလည်းမစိုးရိမ်အလွမ်းကို မျှော်ကြသလို သီတဂူထေရ၀ါဒတက္ကသိုလ်များညီလာခံနဲ့ နီးစပ်ခဲ့ကြသူတွေ ကလည်း သီတဂူလမ်း ဘယ်မှာ ဆုံးမလဲ စိတ်ဝင် စားကြပြန်ပါတယ်။ အထက်အညာမြို့လေးကို ဖြတ်သွားဖြတ်လာသွားဖူးသူတွေကတော့ ဒေါင်းမြူးချောင်းတေးက ဘာဖြစ်လို့ ဆိတ်သုဉ်းနေရပါလိမ့်တဲ့။ သူ့ရဲ့ဆရာတစ်ပါးကတော့ မူရင်းပိဋကတ်နိကာယ်ကျမ်းကြီးတွေကို လူငယ်တွေကြား ရောက်အောင် ရေးဖို့ တိုက်တွန်းပါသေးတယ်။ ဗုဒ္ဓအရှင်ရဲ့ စကားကို လူငယ်တွေ တိုက်ရိုက်ကြားကြစေပေါ့။

အပိုင်းအပိုင်းရေးဖြစ်တဲ့ စာတွေကိုတော့ အားရမိကြောင်းလေးတွေလည်း ကြားရပါရဲ့။ ရယ်ရတယ် လို့ဆိုသူတွေလည်း ဆိုကြလေတော့ သူက ပြုံးမိပြန်ပါတယ်။ ခပ်ညှာညှာလေးတွေးဆပြောသူတွေကတော့ ရယ်ရပေမယ့် ကျန်ပါတယ်တဲ့။ လက်ရွေးစင်ဆောင်းပါးတွေကို စုပြီး စာအုပ်လေးထုတ်နိုင်ရင်တော့ အင်တာ နက်ကမ္ဘာနဲ့ ဝေးကွာသူတွေအတွက်လည်း စဉ်းစားရာရောက်ပေမယ်တဲ့။ ဓမ္မဒါန (တန်ဖိုး ၂၀၀၀ိ )ဆိုသဟာမျိုး ထင်ပါရဲ့။

ရွှေဥဒေါင်းကြီးရဲ့ ဘ၀တစ်သက်တာအတွေးအခေါ်မှတ်တမ်းထဲက “ရဟန်းက တစ်ပန်းသာခြင်း”ဆိုတဲ့ အခန်းကို သွားသတိရမိပါသေးတယ်။ ဆရာကြီးရွှေဥဒေါင်းဆိုတာက ကိုယ့်ကိုယ့်ကို အမြဲတမ်းမြှင့်တွက်ထားလေ့ရှိပါတယ်။ ပညာဉာဏ်ကြီးသလို အတွေ့အကြုံလည်း စုံသူပါ။ ဘာသာပြန်စာပေနဲ့ အမှီးဝတ္ထုလောကမှာ Bestseller တန်းဝင်စာရေးဆရာဂုရုကြီးတစ်ဆူလည်းဖြစ်ပါတယ်။စာမူတစ်ပုဒ်ကိုတစ်ထိုင်တည်းတစ်ခါတည်းရေးလေ့ရှိပြီး
နောက်ထပ်ဖတ်ရူပြင်ဆင်စရာမလိုအောင် မြန်မာစာကို ချောက်ညက်အောင်ရေးနိုင်စွမ်းရှိတဲ့ ဆရာကြီးလည်း ဖြစ်ပါ တယ်။“ငါရေးတဲ့စာမူ တစ်ခါမှ အပယ်မခံရ”လို့လည်း လက်မထောင်လေ့ရှိသူပါ။ ပြောရရင်တော့ ဆရာကြီးဟာ စာပေနဲ့ပတ်သက်ရင် ထင်တစ်လုံးနဲ့ နေသလို ဆရာကြီးရပ်နေတဲ့နယ်မှာ ဘယ်သူ့ကိုမှလည်း ဗိုလ်တင်လေ့ရှိသူမျိုးမဟုတ်ပေဘူး။

တစ်နေ့မှာတော့ ဆရာကြီးရွှေဥဒေါင်းက ရင်းနှီးတဲ့ ဘုန်းတော်ကြီးတစ်ပါးထံ အလည်အပတ်ရောက်ခဲ့ပါသတဲ့။ စစ်ကိုင်းဘက်မှာ ထင်ပါရဲ့။ ဆရာကြီးဟာ ဘုန်းတော်ကြီးနဲ့ အောက်မေ့ဖွယ်ရာ စကားတွေပြော ဖြစ်ခဲ့ကြပါတယ်။အဲဒီမှာ ဘုန်းတော်ကြီးက ဆရာကြီးကို “ဒကာဦးဖေသိန်းတို့က နာမည်ကြီး စာရေးဆရာ ဆိုတော့ စာအုပ်တစ်ခါထုတ်ရင် ဘယ်လောက်များရောင်းရသတုန်း”လို့ မေးခွန်းတစ်ခုမေးပါသတဲ့။

ဆရာကြီးက “နှစ်ထောင်မျိုး သုံးထောင်မျိုးလောက်တော့ ရောင်းရပါတယ်ဘုရား”လို့ ဖြေတဲ့အခါ ဘုန်း တော်ကြီးက“ဘယ်လောက်ကြာအောင် ရောင်းရသတုန်း” လို့ ဆက်မေးပါသတဲ့။ ဆရာကြီးက တစ်ခါတစ်ရံ အရောင်းအေးရင် ခြောက်လတစ်နှစ်ကြာတတ်ကြောင်း လျှောက်ထားခဲ့ပါသတဲ့။ အဲဒီမှာ ဘုန်းတော်ကြီး ပြန်လည် အမိန့်ရှိတဲ့ စကားက ဆရာကြီးရွှေဥဒေါင်းရဲ့ ရင်ဘတ်ကို အောင့်သွားစေပါတယ်။ “ဘုန်းကြီးတို့များ စာအုပ်တစ်ခါ ရေးပြီး ထုတ်လိုက်ရင် ငါးထောင်မျိုးတစ်သောင်းမျိုးတော့ နေ့ချင်းညချင်းကုန်သွားတာပါပဲ”တဲ့။ နာမည်ကျော် စာရေး ဆရာကြီး ထိသွားခဲ့တာပါ။ စစ်တုရင်ဝေါဟာရဆိုရင်တော့ ဆရာကြီးက ပွန်းဖြစ်သွားတာပါ အဟမ်း အဟမ်း ဘစ်ရှော့က စားပြီပေါ့။ အကွက်ကျွံဝင်မိမှကိုး။

တစ်သက်တာအတွေးအခေါ်မှတ်တမ်းစာအုပ်ကြီးသာ အနားမှာ ရှိရင်သိပ်ကောင်းမှာပဲ။ ဆရာကြီးစကားလုံး မူရင်းအတိုင်းဖတ်ရရင် ပိုပြီး အရသာရှိမယ်။ ဆရာကြီးစိတ်ထဲမှာ ဘုန်းကြီးမို့လို့ ခံလိုက်ရတယ်လို့ ထင်လိုက်တာပါ။ ဆရာကြီးက ဘုန်းတော်ကြီးရေးတဲ့ စာအုပ်တွေ ပြိုက်ကနဲကုန်သွားတာကို ဒီလို တွေးပါတယ်။ ကုန်မှာပေါ့တဲ့။ ဘုန်းကြီးကို ကြည်ညိုတဲ့ လူချမ်းသာ ဒကာ ဒကာမတွေက ငါးရာမျိုး တစ်ထောင်မျိုးဝယ်ပြီး ဓမ္မဒါနဖြန့်ကြတာကိုးတဲ့။

ဆရာကြီးကတော့ ဘုန်းကြီးရေးတဲ့ စာကောင်းလို့ ကုန်တာမဟုတ်ဘူးလို့ ယုံနေ တာပါ။ အကြောင်းသိလို့လည်း ဖြစ်နိုင်ပေသပေါ့။ ဆုပေးအမျိုးမျိုး၊ ဘုရားရှိခိုးအဖုံဖုံဆိုတာမျိုးကို ကျမ်းစာလုပ်ပြီးထုတ်နေကြတဲ့ခေတ်ကိုး။ Bestseller စာရေးဆရာကြီးရယ်လို့ ကိုယ့်ကိုယ့်ကို ထင်ထားတဲ့ ဆရာကြီး ဘုန်းတော်ကြီးကို ဘာမှ ပြန်မပြော သာခဲ့ပါဘူး။ ဒါနဲ့ “ရဟန်းကတစ်ပန်းသာခြင်း” ဆိုပြီး ကိုယ်ပိုင်စာမျက်နှာမှာ မှတ်တမ်း ရေးခဲ့ပါ တော့တယ်။

သူ့အနေနဲ့ စဉ်းစားရပေမပေါ့။ ဒီနေ့ခေတ်ကြီးက အယ်လ်ဗင်တော်ဖလာရဲ့လှိုင်းကြီးတွေလိမ့်အလာမှာ မီဒီယာလှေကလေးကို လှော်ခတ်ပြီး ကူးဖြတ်နိုင်ပါမှကိုး။ အင်း ဘာပဲဖြစ်ဖြစ် ဆရာကြီးရွှေဥဒေါင်း စကားနဲ့ ပြောရရင် ရဟန်းက တစ်ပန်းသာတာတော့ သေချာနေပြီ။ ဒါပေမယ့် သူ့စာကို ဖတ်သူရှိမရှိ။ ဓမ္မဒါနချောင်ထိုး ဖြစ်သွားမှာလည်း စိုးရသကိုး။

(၂၃-၁-၂၀၁၀ သည် ဓမ္မဂင်္ဂါ၏ မွေးနေ့ဖြစ်ပါသည်။ အကြောင်းကြောင်းသော အကြောင်းကြောင်းများကြောင့် တစ်ပါးတည်းသာ ကျင်းပပါမည်။)

21 January, 2010

ပညာရေးကော်မတီပညာရေးပဒေသာပင်အလှူတော်မှတ်တမ်း





Type your summary here

Type rest of the post here

ဗုဒ္ဓသာသနာပြုခရစ်ယာန်အရင့်အမာကြီး

(၁)

ရွှေပြည်ကြီးကို ရွက်လွှင့်သွားတဲ့ မိတ်ဆွေအချို့ဒီဇင်ဘာလ(၁၉) ရက်နေ့မှာ ဗာရာဏသီကိုပြန်လည် ဆိုက်ကပ် လာခဲ့ကြပြန်ပါတယ်။ပါရဂူကျမ်းပြုများဖြစ်တဲ့ အရှင်ဣန္ဒ၀ံသ(ခရမ်း) အရှင်သုစိတ္တ(တပ်ကုန်း)နဲ့ အရှင်ဧသိက ဇောတိ(ရေစကြို)တို့ပါ။ သူတို့နဲ့အတူ ရွှေပြည်ကြီးရဲ့သဒ္ဓါတရားအထုပ်အပိုးတွေလည်းပါလာကြလေသပေါ့။
ငါးခြောက်ငါးခြမ်းလေးတွေ လက်ဘက်ထုပ်တွေ မုန့်ဟင်းခါးခြောက်ဆိုသဟာ မျိုးလေးတွေ ပါပဲ။

သူက ပါလာတဲ့စားစရာအထုပ်တွေအဖွင့်ကို စောင့်နေချိန်မှာ အရှင်သုစိတ္တ(တပ်ကုန်း)က ရှားပါးအာဟာ ရတစ်ခုကို ဆွဲထုတ်လိုက်ပါတယ်။ စာအုပ်တွေထွက်ကျလာတာပါ ။စာရေးဆရာအစုံ စာအုပ်အစုံပါပဲ။ အဲဒီတော့ သူကလည်း ရေသည်ပြဇာတ်ထဲကလို စာအုပ်တွေလည်း ယူမယ်၊ ငါးခြောက်ငါးခြမ်းထုပ်တွေလည်း ဆွဲမယ်လုပ် တော့တာပါ။ဗန်းမော်တင်အောင်ရဲ့ ဒေါက်တာရေချမ်းနဲ့ မြကေတုရဲ့ နှောင်းခေတ်တက္ကသိုလ်မှတ်တမ်းများ စာအုပ်တွေကို အကျွမ်းတ၀င်ယူခြင်း(၀ိဿာသဂ္ဂါဟ)နဲ့ စာအုပ်ပိုင်ရှင်ရှေ့မှာပဲ မြင်သာထင်သာ ဆွဲထား လိုက်ပါတယ်။ အဟမ်း အဟမ်း နှစ်အုပ်ဆိုတော့ များသပေါ့ ငါ့ရှင်။ ဒီလိုဆိုလည်း ဒေါက်တာရေချမ်းကို သင်တန်းနားရက်မှပဲ ဖတ်တော့ မယ်။ ဒုတိယစာအုပ်ကိုတော့ အမိအရ ဆွဲလာခဲ့တော့တယ်။

ဆရာကြီးမြကေတု(မြန်မာစာပါမောက္ခဦးချမ်းမြ)ရဲ့ နှောင်းခေတ်ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်တဲ့ အတွေ့ အကြုံများ၊ ဆက်နွှယ်ရာ အကြောင်းတရားများကို အားလပ်ချိန်တွေမှာ အပိုင်းပိုင်းဖတ်ဖြစ်ခဲ့ပါရဲ့။ရွြှေုပည်ကြီးရဲ့ ခေတ်ဦးတက္ကသိုလ်ကျောင်းတော်သားကြီးတစ်ဦးရဲ့ စာပေလက်ရာမှာ ကဗျာအလင်္ကာ၊ ဟာသလေပြေတွေနဲ့ ဖတ်မငြီးအောင် ရေးထားတာတွေ့ရပါတယ်။ ဒီလိုနဲ့ လွန်ခဲ့တဲ့ညကလည်း အိပ်ရာဝင်ချိန် နောက်ကျခဲ့ ရပြန်ပါတယ်။

ဖတ်ကွာ မလိမ္မာမချင်းဖတ်။ အဲ လိမ္မာလည်း ပြည့်ဝအောင်ဆက်ဖတ်။ အသက်ခြောက်ဆယ်ကျော်လို့မှ မလိမ္မာတော့ဘူးဆိုရင်တော့ဘယ်စာအုပ်ဖတ်ဖတ်မလိမ္မာတော့ဘူးဆိုပဲ။ တော်တော်နောက်တဲ့ဒဿနဆရာ။
လောကီနယ်ကိုညွှန်းတာဖြစ်မှာပါ။ လောကုတ္တရာနယ်မှာတော့ အရိယာမဖြစ်သရွေ့ လူလိမ္မာမဖြစ်သေးပါဘူး။


(၂)

ဆရာကြီးမြကေတုဆိုတာ ရန်ကုန်တက္ကသိုလ်ခေတ်ဦးကို သိမီလိုက်တဲ့ ပုဂ္ဂိုလ်ကြီးပါ။ ပါမောက္ခဦးဖေမောင်တင်၊ ပါဠိဆရာကြီးဒေါက်တာလင်း၊မြန်မာစာဆရာကြီးဦးပွားတို့ရဲ့ လက်ရင်းတပည့်လည်း ဖြစ်ပါတယ်။ မြန်မာစာ ပါမောက္ခ ဦးချမ်းမြအဖြစ်လည်း ပညာတံခွန်တလူလူလွင့်ခဲ့ပါတယ်။ ဆရာကြီးရဲ့ အခု စာအုပ်မှာ ဆောင်းပါးပေါင်း ၃၄ ပုဒ်ပါဝင်ပါတယ်။ ဆောင်းပါးတိုင်းမှာ အလှကိုယ်စီရှိနေကြတာပါပဲ။ လင်းပနေကြတာပါပဲ။ ဒါပေမယ့် သူက ဘာသာရေးနယ်နိမိတ်ထဲကမို့“ဘာသာခြားတစ်ဦး၏မဂ္ဂင်ရှစ်ပါးတရား” ဆိုတဲ့ ခေါင်းစဉ်ဆီ ညွတ်သွားရပါတယ်။

ဆရာကြီးမြကေတုက ဆောင်းပါးကို ဒီလိုနိဒါန်ပျိုးပါတယ်။
“ ကမ္ဘာစစ်ကြီးပြီးဆုံးပြီးဆုံးခဲ့၍ တိုင်းပြည်ငြိမ်သက် အေးချမ်းစပြုလာသည်နှင့်တစ်ပြိုင်နက် ရန်ကုန် တက္ကသိုလ်မှာလည်း ၁၃၄၆ ခုနှစ်အချိန်အခါက စပြီး အခက်အခဲတွေ အမျိုးမျိုးကြားမှ ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၅၁ ခုနှစ် ဒီဇင်ဘာလတွင် ကျွန်တော်သည် မန္တလေးတက္ကသိုလ်သို့ ရောက်ပြီးမြန်မာစာဌာနမှူးအဖြစ် ရှိနေပါသည်။ ထိုအချိန်အခါအထိ ကျွန်တော်၏ ဆရာကြီး ဦးဖေမောင်တင်ကို ကျွန်တော်မတွေ့ရှိရသေးပါ။

ဆရာကြီးသည် စစ်ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် အမေရိကန်၊ ရှိကာဂိုတက္ကသိုလ် တွင်ဧည့်သည်ပါမောက္ခ အဖြစ် ဖိတ်ခေါ်ခန့်ထားခြင်းကို ခံရပြီး ဗုဒ္ဓစာပေများကို ပို့ချနေသည်ဟု သိရပါသည်။ ဆရာကြီးသည် ၀ိသုဒ္ဓိမဂ်၊ပဋိစ္စသမုပ္ပါဒ်၊ဓမ္မစကြာကျမ်းများကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ခြင်းကြောင့် အမေရိကန်တက္ကသိုလ် များက အလွန်လေးစားကြပါသည်။အမေရိကန်တွင် ၂ နှစ်ခန့် ဗုဒ္ဓကျမ်းစာများကို ပို့ချရင်း ပြည်နယ်အရပ်ရပ်က ဖိတ်ကြားသဖြင့် ဗုဒ္ဓဘာသာတရားများကို ဟောပြောခဲ့ရသည်ဟု သိရပါသည်။

ဤသို့ဟောပြောရှင်းလင်းပြသဖြင့် အချို့သော အမေရိကန်နိုင်ငံသားများသည်ပင် ဗုဒ္ဓဘာသာတရားကို ကိုင်းရှိုင်းပြီး ဗုဒ္ဓဘာသာဝင်များအဖြစ် ကူးပြောင်းလာကြကြောင်းကိုလည်း ဆရာကြီးပြောပြသဖြင့် သိရှိရပါသည်။ သို့သော် ဆရာကြီးကိုယ်တိုင်ကမူ ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး ဗုဒ္ဓဘာသာတရားကို လေးစားသော်လည်း ကိုးကွယ်သည့်ဘာသာမှာ ခရစ်ယာန်ဘာသာပင်ဖြစ်ပါသည်။”


(၃)

ဆရာကြီးဦးဖေမောင်တင်ဆိုတာ ရွှေပြည်ကြီးရဲ့ မြန်မာစာပေ၊ပါဠိစာပေသမိုင်းကမ္ဗည်းမှာ ထီးထီးမားမားကြီးကို ရှိနေခဲ့တာပါ။ဂရိတ်ဗြိတိန်က လန်ဒန်ပါဠိစာတော်မူအသင်းကြီးဟာ ဆရာကြီးရဲ့ ပညာရိပ်ကို ခိုပြီး အဘိဓမ္မာ အင်္ဂလိပ်ဘာသာပြန်ကျမ်းဂန်အချို့ကို ထုတ်ဝေခဲ့ပါတယ်။ ဗုဒ္ဓအရှင်ရဲ့အဦးအစအဘိဓမ္မာကျမ်းစာ ဖြစ်တဲ့ ဓမ္မသင်္ဂဏီကျမ်းရဲ့အဖွင့် အဋ္ဌသာလိနီအဋ္ဌကထာနဲ့ ကမ္မဋ္ဌာန်းဆရာမြတ်အဆူဆူတို့ရဲ့လက်စွဲဖြစ်တဲ့ ၀ိသုဒ္ဓိမဂ် ကျမ်းကြီးတွေပါပဲ။ ဆရာကြီးဟာ ရန်ကုန်တက္ကသိုလ်ရဲ့ ပထမဦးဆုံးမြန်မာအမျိုးသားကျောင်းအုပ်ကြီးဖြစ်ခဲ့သလို ခေတ်သစ်မြန်မာစာပေရဲ့ ရှေ့ဆောင်ပုဂ္ဂိုလ်(Pioneer)ကြီးလည်းဖြစ်ခဲ့ပါတယ်။ ဆရာကြီးနဲ့ပတ်သက်ရင် ပြောစရာတွေအများကြီးရှိသလို ပြောမကုန်နိုင်တဲ့ ဂုဏ်တွေနဲ့လည်း ဆရာကြီးက လင်းလင်းချင်းချင်းရှိခဲ့တာပါ။ ဆရာကြီးရဲ့ အတ္ထုပ္ပတ်အပြည့်အစုံကိုတော့ မလေးလုံပြုစုတဲ့ “ဖေမောင်တင်(သို့မဟုတ်) ဘသက်ရှည်”ဆိုတဲ့ စာအုပ်ကိုသာ ဆက်ဖတ်ကြဖို့ပါ။

ဒီမှာပြောချင်တာက ဆရာကြီးမြကေတု ပြောတဲ့ ခရစ်ယာန်ဘာသာဝင်ဘသက်ရှည်ကြီးရဲ့ ဗုဒ္ဓသာသနာပြုပုံ လေးပါ။ ၁၉၆၉ ခုနှစ်ဆီက နေ့တစ်နေ့မှာတော့ တပည့်ဖြစ်သူမြကေတုဆီကို ဘသက်ရှည်ဆီက ကြေနန်းစာတစ်စောင်ရောက်လာခဲ့ပါတယ်။ နောက်တစ်နေ့ မန္တလေးလေဆိပ်မှာ လာကြိုဖို့ပါ။ မြကေတုက စာရေးဆရာကြီးလူထုဦးလှနဲ့အတူ လေယာဉ်ကွင်းမှာ သွားကြိုခဲ့ပါတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ ဆရာတပည့်တွေ ပျော်လို့ပြုံးလို့။ ဘသက်ရှည်ကလည်း ၀လို့ ဖြိုးလို့ ကျန်းမာလို့ပါပဲ။

ဆရာကြီးလာရင်းအကြောင်းက မန္တလေးမြို့မှာ ကျင်းပမယ့် မြန်မာပြည်လုံးဆိုင်ရာခရစ်ယာန်ဘာသာဝင်များ ကွန်ဖရင့်မှာ တရားဟောဖို့ဖြစ်ပါတယ်။ ဖြစ်ချင်တော့ ဆရာကြီးဘသက်ရှည်က ရောက်ရောက်ချင်းဆိုသလို တပည့်တွေကို သူဟောမယ့်တရားပွဲကို မန္တလေးက ဓမ္မမိတ်ဆွေတွေ လာနာအောင် ဖိတ်ကြားပေးဖို့ တိုက်တွန်းခဲ့တာပါ။ခရစ်ယာန်ကွန်ဖရင့်မှာ ခရစ်ယာန်အရင့်အမာကြီးဟောမယ့်တရားက ဗုဒ္ဓတရားတော် ဆိုတော့ မြကေတုနဲ့ လူထုဦးလှတို့တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ဖြစ်ခဲ့ကြပါသတဲ့။

ဆရာကြီးဘသက်ရှည်က တပည့်ဖြစ်သူမြကေတုကို ပြောတဲ့စကားလေးလည်း နားထောင်ကြည့်ပါဦး။
“ဟေ့ ချမ်းမြ၊ ငါဟာ အခု အသက်(၈၀) ရှိနေပြီကွဲ့။ မန္တလေးကို လာတာဟာ ဒီတစ်ခါနောက်ဆုံးပဲလား မသိဘူးကွယ့်။ မင်းဆရာကတော်ကလည်း ပြောတယ်ကွာ၊ငါအသက်(၈၀)ကျော်ရင် ဘယ်ကိုမှ သွားခွင့်မပေး တော့ဘူးတဲ့။နောက်ဆုံးလာရတဲ့အခါဖြစ်လို့ ငါတော့ ဒီတစ်ခါ ဗုဒ္ဓဘာသာတရားကို ဟောတော့ ဟောချင်နေ တယ်ကွာ၊ငါအမေရိကန်မှာ ဟောခဲ့တဲ့ တရားအဆီအနှစ်တွေပါကွယ်၊မင်းတို့လည်း ငါ့တရားကို နာကြည့်ကြ စမ်းပါဦး”တဲ့။ အော် ရခဲပေစွ။ ကောင်းပေစွ။

(၄)

မန္တလေးမြို့ ကယ်လီဘုရားရှိခိုးကျောင်းကြီးမှာ ကျင်းပတဲ့ ခရစ်ယာန်ကွန်ဖရင့်မှာ ဆရာကြီးဘသက်ရှည်က ဗုဒ္ဓတရားတော်ကို တကယ်ဟောခဲ့သလို တပည့်ဖြစ်သူ မြကေတုနဲ့ လူထုဦးလှတို့ကလည်း သူတို့ ဆရာကြီးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ကြပါတယ်။ ဗုဒ္ဓဘာသာဓမ္မမိတ်ဆွေတွေ ဆရာကြီးရဲ့ တရားနာဖို့ တက်ကြွအားသစ်ခဲ့ကြပါတယ်။ ခရစ်ယာန်ဓမ္မမိတ်ဆွေတွေကတော့ ကယ်လီဘုရားရှိခိုးကျောင်းကြီး လျှံထွက် အောင် တက်ရောက်နာယူခဲ့ကြပါသတဲ့။တရားပွဲကို မေတ္တာပို့ဆုတောင်းခြင်း ၊ဓမ္မတေးသီဆိုခြင်းစတဲ့ ခရစ်ယာန် ဓမ္မဓလေ့ထုံးတမ်းစဉ်လာများနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဆရာကြီးဘသက်ရှည် တရားဟောခဲ့ပါတယ်။

တရားပွဲမြင်ကွင်းကို ဘသက်ရှည်ရဲ့အန္တေ၀ါသိကတပည့်ကြီးမြကေတုက ဒီလိုမှတ်တမ်းတင်ခဲ့ပါတယ်။
“ဆရာကြီးဦးဖေမောင်တင်အား အတွင်းရေးမှူးက ဘာသာတရားကို ဟောကြားပါမည့်အကြောင်း ဖိတ်ခေါ် လိုက်ပါသည်။ဆရာကြီးဦးဖေမောင်တင်သည် နေရာမှထကာ တရားဟောစင်မြင့်ရှိရာသို့ လေးတွဲ့သော ခြေလှမ်းများဖြင့်တက်လာပါသည်။ဘုရားရှိခိုးကျောင်းတစ်ဆောင်လုံးမှာလည်း အပ်ကျလျှင် ကြားရမလောက်ပင် ငြိမ်သက်လျက်ရှိနေပါသည်။ တရားနာသူအပေါင်းတို့သည်ကား ကြွလာသောဆရာကြီး၏ မျက်နှာကို ကြည့်ကြလျက် လေးစားကြည်ညိုနေကြဟန်တူပါသည်။ ကျွန်တော်၏ စိတ်၌ကား ဆရာကြီးကို လက်ယှက်ရှိခိုးမိရလောက်အောင် ကြည်ညိုနေမိပါတော့သည်။ “သာယာဝတီမြို့က ငါ့အဖိုးဟာ ဗမာမင်းများလက်ထက်မှာသာသနာပိုင်တစ်ဦးဖြစ်တယ်တဲ့ကွယ့်” ဟူသော ကျွန်တော့အား ဆရာကြီးကိုယ်တိုင် ပြောခဲ့ဖူးသော စကားကို ကြားယောင်နေမိပါသည်။လေးဆေးသော ဣနြေ္ဒဖြင့် ဆရာကြီးသည် တရားဟော ကုလားထိုင်တွင် ထိုင်လိုက်ပါသည်။ ထို့နောက် ဆရာကြီးထံမှ တည်ငြိမ်လေးနက်သော အသံထွက် ပေါ်လာပါသည်။”

(၅)
ဘသက်ရှည်ဆရာကြီးဦးဖေမောင်တင်ဟောကြားတဲ့ ဗုဒ္ဓဘာသာတရားဓမ္မအပြည့်အစုံကို ဖော်ပြလိုက်ပါတယ်။

“ကြွရောက်လာသော ဓမ္မမိတ်ဆွေအပေါင်းတို့ ကျွန်တော့်အား အသက်အရွယ်ကို ထောက်ထား၍ တရားကို ထိုင်ပြီးဟောရသည်ကို ခွင့်လွှတ်စေချင်ပါတယ်။ တရားကို မရိုသေလို့တော့ မဟုတ်ပါဘူး၊ လောကမှာ တရားဆိုတာဟာ ခရစ်ယာန်ဘာသာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် မဟာမေဒင်ဘာသာပဲဖြစ်ဖြစ် ပုဂ္ဂိုလ်ခင်မှ တရားမင်ကြတာပါ။ ”

“ဘာသာတရားဆိုတာဟာ ကိုယ့်ဘာသာတရားတစ်ခုတည်းကိုသာ ကျင့်ကြံအားထုတ် စိတ်ဝင်စားနေဖို့ မကောင်းပါဘူး၊တစ်ခြားဘာသာတွေကိုလည်း ကျင့်ကြံလိုက်စားပြီး ဆင်ခြင်နိုင်ရမယ်။ နှိုင်းယှဉ်ကြည့်နိုင်ရမယ်။ ဒါမှသာ ကိုယ့်ဘာသာတရားဆိုတာ ဘယ်လို၊သူများဘာသာတရားရဲ့ အယူအဆက ဘယ်လို ခွဲခွဲခြားသိနိုင်ကြမှာဖြစ်တယ်။ သူတစ်ပါး၏ ဘာသာတရားကို လိုက်စားကျင့်ကြံကြည့်မယ်ဆိုလျှင်လည်း တို့ကန်း ဆိတ်ကန်းအပေါ်ယံကြောနဲ့ ကျင့်ကြံသုံးသပ်ကြည့်လို့ဖြင့် အနှစ်သာရကို မမြင်မတွေ့နိုင်ကြပါဘူး။”

“ဗုဒ္ဓဘာသာတရားရဲ့ အဆီအနှစ်ကို သုံးသပ်ကြည့်ချင်ရင် ဗုဒ္ဓဘာသာတရားကို နီးနီးကပ်ကပ် လေ့လာကြည့်နိုင်မှသာ မြင်နိုင်မှာပါ။ ဗုဒ္ဓဘာသာတရားဟာ သိမ်မွေ့တယ်။ နုညံ့တယ်၊ လွန်စွာ အနှစ်သာရရှိတယ်ဆိုတာကို သိရလျှင် ဘာကြောင့်သိမ်မွေ့ရတယ်၊ နူးညံ့ရတယ်ဆိုတာကို လေ့လာကြည့်ဖို့ လိုပါတယ်။ ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးများနဲ့လည်း နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံပေါင်းသင်းပြီး သူတို့ရဲ့ တရားကို စူးစမ်းရှာဖွေ ကြည့်ကြရပါမယ်။”

“ဘုန်းကြီးကို မကြည်ညိုလို့ အနားမကပ်ချင်ဘူး၊အနားကပ်ပြန်တော့လည်း ရှိခိုးနေရဦးမလား၊ ဘုန်းကြီးနဲ့ စကားပြောရမှာကလည်း ခက်တယ်၊ခရစ်ယာန်တစ်ယောက်က ဗုဒ္ဓဘာသာတစ်ယောက်နဲ့ ဆက်ဆံနေတာကို တွေ့ကြရင်လည်း အထင်သေးခံရမယ်။ဒါတွေကြောင့် ငါဟာရှောင်ကြဉ်မှ ဖြစ်မယ်လို့ ကိုယ့်ကိုယ်ကို ဟိတ်ကြီးဟန်ကြီးနဲ့ လုပ်နေရင်ဖြင့် ဘယ်တော့မှ ဗုဒ္ဓဘာသာတရားရဲ့ သိမ်မွေ့ပုံ၊ နူးညံ့ပုံတွေကို သိကြရမှာ မဟုတ်ဘူး။ ကိုယ့်ဘာသာတရားတစ်ခုတည်းကိုသာ ခင်မင်တွယ်တာမက်မောနေတော့မှာပဲ ဖြစ်ပါတယ်။ သည်တော့ ဘာသာတရားကို နှိုင်းယှဉ်လေ့လာနိုင်ရမယ့် အခွင့်အရေး တွေဟာ ဆုံးရှုံး၍သာ နေကြရမှာပဲ ဖြစ်ပါတယ်။ဒါကြောင့် ဗုဒ္ဓဘာသာတရားကိုလည်း နီးနီးကပ်ကပ်လေ့လာကြည့်ပါ။ နီးနီးကပ်ကပ်လည်း ဆက်ဆံကြည့်ပါ။”

“ဘုရားသခင်က ငါမှတစ်ပါး တစ်ခြားသူကို ရှိမခိုးရ၊မဆည်းကပ်ရလို့ ဟောကြားထားသော်လည်း တကယ်စင်စစ်ဆိုရင် စိတ်ဖြင့် ခံယူချက်ကသာ အရေးကြီးပါတယ်။ဥပမာဆိုရင် မိဘ၊ မိဘဆိုတဲ့ ဂုဏ်ကျေးဇူးဟာ အလွန်ကြီးလှပါတယ်။ ဒါဖြင့် မိဘကို ရှိခိုးလျှင်ကော အပြစ်ရှိပါသလား၊ ဒါကတော့ လူတိုင်း ခံယူချက်တစ်မျိုးစီ ရှိနေကြမှာပါ။”

“လူဆိုတာ ဒုက္ခများတယ်၊ ဆင်းရဲတယ်၊ ပူပင်တယ်၊ လောဘ ဒေါသ မောဟတွေက များတယ်၊ လူ့ဘုံကြီးဟာ ကျဉ်းမြောင်းလှတယ်၊ ဆင်းရဲရှိရင် ယင်းဆင်းရဲမှ ကင်းသော နိဗ္ဗာန်ဆိုတာ ရှိရမယ်လို့ ဗုဒ္ဓဘာသာတရားက ယူဆတယ်၊ လူ့ဘုံသာ မဟုတ်သေး၊ နတ်ဖြစ်လည်း ဆင်းရဲဒုက္ခမကင်းသေးဘူး၊ ဗြဟ္မာဖြစ်လည်း ဆင်းရဲဒုက္ခမကင်းသေးဘူး၊ ဒါတွေကြောင့် ဘ၀ဆိုတဲ့ သံသရာမှာ လူဖြစ်လိုက်၊ နတ်ဖြစ်လိုက်၊ ဗြဟ္မာဖြစ်လိုက်၊ ငရဲကျလိုက်၊ တိရိစ္ဆာန်ဖြစ်လိုက်၊အသူရကာယ်ဘုံသွားလိုက်နဲ့ တပြောင်းပြန်ပြန် စုန်ဆန်သွားလာနေကြရတဲ့ (၃၁)ဘုံမှာ ကျင်လည်နေရတယ်လို့ ဗုဒ္ဓဘာသာက ဆိုတယ်။ ကောင်းကင်ဘုံဆိုတာ လူတိုင်းမရောက်နိုင်ပေဘူး၊ ဒီ(၃၁)ဘုံဆိုတာဟာ ဘာနဲ့အလားတူသလဲဆိုတော့ အနောက်နိုင်ငံတွေမှာ တွေ့နေရတဲ့ အထပ်ပေါင်း များစွာရှိတဲ့ မိုးမျှော်တိုက်ကြီးတွေနဲ့တူတယ်။ အဲဒီ (၃၁)ထပ်ရှိတဲ့ တိုက်ကြီးတစ်ခုဆိုကြပါစို့။”

“အဲဒီမှာလူတွေဟာကိုယ့်အကြောင်းနဲ့ကိုယ်၊ဆင်းတဲ့သူက ဆင်း၊ တက်တဲသူက တက်နဲ့၊ကိုယ့်အကြောင်းနဲ့ ကိုယ်ပဲ အလုပ်များနေကြတယ်ဆိုပါတော့၊ ဆင်းလိုက်ကြ တက်လိုက်ကြဆိုတာကလည်း အဲဒီ(Elevator)ဆိုတဲ့ ခလုပ်ကို နှိပ်လိုက်ရင် ဆင်းတဲ့သူအတွက်က ဆင်း၊ တက်တဲ့သူအတွက်က တက်နဲ့ အထက်ပို့ အောက်ပို့လုပ်ပေးနေတဲ့ ဓါတ်လှေကားကြီးတွေက အဆင်သင့်ရှိနေကြတယ်၊ (၃၁)ဘုံသားတွေဆိုတာက ဒီလိုပါပဲ။ ဘ၀တွေများစွာ ဆင်းလိုက်ကြ၊တက်လိုက်ကြနဲ့ ခြေရာတွေကတော့ ထပ်လောက်အောင် များစွာ ကျန်နေပြီပဲ၊”

“ဒါပေမယ့် သတိမထားမိတဲ့ လူတွေအတွက်ကတော့ အဲဒီ(၃၁)ဘုံကနေ အပြင်ကို ထွက်လို့ရမယ့် သည့်ထက်သာယာအသက်ရှူချောင်မယ့် ထွက်ပေါက်ကို မမြင်နိုင်ကြလေဘူး၊လူ့ဘုံ နတ်ဘုံ ငရဲဘုံ တိရစ္ဆာန်ဘုံတွေကိုသာ စုန်ဆန်သွားလာနေကြရတာပါပဲ။ သတိမထားကြလို့ပေါ့၊ထွက်ပေါက်ဆိုတာက ရှိနေတာပဲဟာ၊ မလွယ်ပေါက်ကလေးတွေ။ ဆိုကြပါစို့ တော်တော်တန်တန် လူဟာ ဒီထွက်ပေါက် ကလေးတွေကို မမြင်ဘူး၊ဒီထွက်ပေါက်က ထွက်ရင်ရတာပဲ၊ ဒါတွေက ဘာတုန်းဆိုတော့ မဂ္ဂင်ရှစ်ပါးဆိုတဲ့ မလွယ်ပေါက်တွေပါပဲ၊ မဂ္ဂင်ဆိုတဲ့ စကားက နိဗ္ဗာန်ကို ရှာမှီးပို့ဆောင်ပေးတတ်တဲ့ တရားရယ်လို့ခေါ်ပါတယ်။တနည်းအားဖြင့်ဆိုရင်တော့ နိဗ္ဗာန်သို့ ပို့ပေးတတ်တဲ့ နိဗ္ဗာန်ရောက်ကြောင်း တရားပါပဲ။”

“အဲဒီရှစ်ပါးကို သေသေချာချာ သိမြင်ရင်(၃၁)ဘုံက ထွက်ပေါက်ဖြစ်တဲ့ မလွယ်ပေါက်ကို တွေ့မြင်ပြီလို့မှတ်ကြရမယ်၊ အဲဒီမလွယ်ပေါက်ကမှ ထွက်ပြီး သာယာဝပြော အေးငြိမ်းလှတဲ့ နိဗ္ဗာန်ခရီးကို သွားနိုင်ကြမှာ ဖြစ်တယ်၊ အဲဒီ မဂ္ဂင်(၈)ပါး ဆိုတဲ့ မလွယ်ပေါက်(၈)ခုတွေက-

(၁)သမ္မာဒိဋ္ဌိ-မှန်ကန်စွာ ရှုမြင်တတ်ခြင်း၊မှန်ကန်စွာ ယူဆတတ်ခြင်းပါပဲ၊ကိလေသာ တဏှာ လောဘ ဒေါသ မောဟတွေက ဖုံးနေရင် မှန်ကန်စွာ မမြင်တတ်ကြဘူးတဲ့၊ အဲဒါ မှန်ကန်စွာ မြင်တတ်ကြဖို့လိုပါတယ်။
(၂)သမ္မသင်္ကပ္ပ-မှန်ကန်စွာ ကြံစည်ခြင်းတဲ့၊လောဘရမ္မက်ကိုလိုက်၍ မှန်ကန်စွာ မကြံစည်နိုင်တာတွေ၊ အတ္တကိုစွဲပြီး မှန်ကန်စွာ မကြံစည်နိုင်တာတွေကို ဖယ်ရှားပစ်ကြရမယ်။
(၃)သမ္မာဝါစာ-မှန်ကန်စွာ ပြောကြရမယ်တဲ့၊ ချစ်လို ဒီပါးစပ်၊မုန်းစေလို ဒီပါးစပ်ပါပဲ၊ မှန်ကန်တဲ့သစ္စာ ဆိုတာရှိကြရမယ်၊ မုသာဝါဒကို မသုံးဘဲ လောကမှာ မှန်တာကိုသာ ပြောကြ လုပ်ကြရမယ်လို့ ဆိုလိုတယ်။
(၄)သမ္မာကမ္မန္တ- မှန်ကန်စွာလည်း လုပ်ကိုင်ကြရမယ်တဲ့။ စီးပွားရေးမတော်လောဘစိတ်မရှိရဘူး၊ သူတစ်ပါး ပျက်စီးစေပြီး ကိုယ်တစ်ယောက်တည်း ကောင်းစားမယ့် အလုပ်ဆို ရှောင်ရမယ်တဲ့။
(၅)သမ္မာအာဇီဝ-မှန်ကန်စွာ အသက်မွေးဝမ်းကြရမယ်တဲ့။ အသက်မွေးမှုမှန်ကြရဲ့လား၊ ပရိယေသနမူလက ဒုက္ခတဲ့၊ အသက်မွေးမှုကို ရှာကြံကြရာ၌ ရှေးဦးစွာသော ဒုက္ခအရင်းအစစ်ကတော့ အသက်မွေးဝမ်းကျောင်းရတဲ့ ဒုက္ခပဲ မဟုတ်လား၊ သူများဥစ္စာကို မတော်လောဘနဲ့ လိုချင်တယ်၊ခိုးမယ်၊ တိုက်မယ်ဆိုတာတွေကို ရှောင်ကြည်ရမယ်တဲ့။
(၆)သမ္မာဝါယာမ-မှန်စွာ လုံ့လထုတ်ကြရမယ်တဲ့၊တစ်လွဲဆံပင်ကောင်းနေကြလို့မဖြစ်သေးဘူး၊ ယခု ပစ္စက္ခ အတွက် လုံ့လ၊ နောင်သံသရာအတွက် လုံ့လရယ်လို့အားထုတ်ကြရမယ်တဲ့၊
(၇)သမ္မာသတိ-မှန်ကန်စွာ အောက်မေ့တတ်ကြရမယ်တဲ့၊ သတိရှိကြရမယ်တဲ့။ သတိတမန် ဉာဏ်မြေ ကတုတ်တဲ့မဟုတ်လား၊ မမှားခင်က မိမိမှားတော့မယ်ဆိုရင် သတိဆိုတာ အရင်ပေါ်လာပါစေတဲ့၊ သတိရှိတော့ ဟိရီ၊သြတ္တပဆိုတဲ့ ရှက်ခြင်းကြောက်ခြင်းက တားမြစ်ပေးလိမ့်မယ်။
(၈)သမ္မာသမာဓိ-စိတ်အာရုံထားမှန်ကန်ရမယ်တဲ့၊ စိတ်တည်ကြည်ရမယ်၊ လူ့စိတ်ကို မျောက်စိတ်လို မမွေးကြရ ဘူးတဲ့၊ကတိတစ်လုံးကို မဖျက်ကြရဘူး၊ မဟုတ်တာကိုဖြင့် မလုပ်ရဘူး၊ ငတ်လို့သေချင် သေသွားပါစေဆိုတဲ့ စိတ်အာရုံမျိုးကို မွေးကြရမယ်။”

“အဲဒီ မလွယ်ပေါက်(၈)ပေါက်ကို တွေ့ရင်ဖြင့် (၃၁)ဘုံက ထွက်နိုင်မယ်၊ နိဗ္ဗာန်ရောက်ချင်ကြရင် အဲဒီမလွယ်ပေါက်တွေကို အပတ်တကုတ်ရှာကြရမယ်တဲ့။ အဲဒီလိုပဲ ဗုဒ္ဓဘာသာတရားက ဆိုတယ်။ဒါကြောင့် ဗုဒ္ဓဘာသာတရားဟာ သိမ်မွေ့တယ်၊ နူးညံ့တယ်၊ အဆီအနှစ်နဲ့လည်း ပြည့်စုံတယ်၊ဒီတရားတွေကို ကျုပ်တို့ ခင်ဗျားတို့ရဲ့ ခရစ်ယာန်တရားနဲ့ ဉာဏ်ယှဉ်ပြီးကြည့်နိုင်မှ မိမိတို့လိုလားတဲ့ နိဗ္ဗာန်ကို ရောက်ကြရမှာ ဖြစ်ပါတယ်။ အသင်တို့အားလုံး ကောင်းကင်ဘုံသို့ ရောက်နိုင်ကြစေသတည်း၊ ရောက်နိုင်ကြစေသော်ဝ်။”


(၆)

ဆရာကြီးဘသက်ရှည်ရဲ့ တရားအဆုံးမှာတော့ “အာမင်” ဆိုတဲ့ ကောင်းချီးအနုမောဒနာသံကြီးက ဘုရားရှိခိုးကျောင်းကြီးတစ်ခုလုံး လွှမ်းသွားခဲ့ပါသတဲ့။ ကောင်းလေစွ။ ဗုဒ္ဓဓမ္မရဲ့အနှစ်သာရပိုင်းကို ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဓမ္မမိတ်ဆွေတွေ ထင်သာမြင်သာဖြစ်အောင် ရိုးရှင်းစွာ ဟောပြခဲ့လေသမို့ သူကလည်း စာဖတ်ရင်းနဲ့ သာဓုခေါ်မိပါရဲ့။

မြကေတုကတော့ ဗုဒ္ဓဓမ္မနဲ့ပတ်သက်လာရင် ပါရဂူမြောက်ဖြစ်ခဲ့တဲ့ ဆရာကြီးရဲ့ ဘာသာရေးခံယူချက်ကို ဒီလိုရေးပြပြန်ပါတယ်။
“ဆရာကြီးနှင့် ကျွန်တော်တို့ တရားပွဲပြီးဆုံးလျှင် အိမ်သို့ပြန်လာကြပါသည်။ တစ်လမ်းလုံး ကျွန်တော်တို့ စကားမပြောခဲ့ကြ၊ ကျွန်တော့်စိတ်၌ကား တအုံ့နွေးနွေးနှင့်ရှိနေသည်။ ဆရာကြီးသည် ဗုဒ္ဓဘာသာတရားကို ကိုယ်တိုင်နားလည်ရုံမျှမက ၀ိသုဒ္ဓိမဂ်ကျမ်းကိုလည်း အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ဖူးသည်။ပဋိစ္စသမုပ္ပါဒ်နှင့် ဓမ္မစကြာတို့ကိုလည်း ဘာသာပြန်ဆိုခဲ့ဖူး၏၊ နိုင်ငံခြားတက္ကသိုလ်များတွင် ဗုဒ္ဓကျမ်းစာကိုလည်း ပို့ချဖူးသူဖြစ်၏။ နိုင်ငံခြားတွင် ပါဠိဘာသာ၌ ပါရဂူဖြစ်သော ပါဠိဒေ၀ီအမည်ရ ပါမောက္ခမစ္စစ် ဒေဗစ်နှင့်လည်း အကြေအလည် ဗုဒ္ဓတရားကို ဆွေးနွေးခဲ့ဖူး၏။ ဒါပေမယ့် ဆရာကြီးသည် ခရစ်ယာန်ဘာသာဝင်အရင့်အမာကြီးပေပါပဲကလား၊ ဆရာကြီးကို တစ်ခြားသူများက-“ဆရာကြီးဟာ ဗုဒ္ဓဘာသာလား၊ခရစ်ယာန်ဘာသာလား” ဟူ၌ မေးသည်ဖြစ်ငြားအံ့၊မည်သည့်အခါမှ အဖြေကို မပေး၊“ ခင်ဗျားကကော ကျုပ်ကို ဘယ်လိုထင်သလဲ” ဟူ၍ ပြန်မေးတတ်သည်။ ဆရာကြီးသည် ဗုဒ္ဓဘာသာကို လေးစားသော ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သည်ဟု ရဲရဲဆိုရအံ့ထင်သည်။”
“ဤမျှ ဗုဒ္ဓဘာသာတရားကို လေးစား၍ နားလည်သော ကျမ်းတတ်ပုဂ္ဂိုလ်ကြီးသည် အဘယ့်ကြောင့် ဗုဒ္ဓဘာသာဝင်မဖြစ်သနည်း ဟု ကျွန်တော် စဉ်းစားနေမိသည်။ဆရာကြီးသည် သေသည့်တိုင်အောင်ပင် ခရစ်ယာန်ဘာသာဝင်ဖြစ်ခဲ့သည်။ သေသည့်တိုင်အောင်ပင် ဗုဒ္ဓဘာသာတရားကိုဖြင့် လေးစားခဲ့သူဖြစ်သည်။”

(၇)
ဆရာကြီးမြကေတုရဲ့ အခြားမှတ်ချက်ကိုတော့ မလိုအပ်လို့ မဖော်ပြတော့ပါ။
ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးကို စဉ်းစားစရာအတွေးတွေ အများကြီးပေးတဲ့ ဒီဆောင်းပါးအတွက် ဆရာကြီးမြကေတုကို ကျေးဇူးတင်မိကြောင်းသာ ဖော်ပြလိုပါတော့တယ်။

20 January, 2010

ဆောင်းရာသီထဲက ရဟန်းတစ်ပါး

လွန်ခဲ့သောနှစ်က ယခုလို ဆောင်းနှင်းမြူတွေ အေးခဲအုံ့မှိုင်းနေစဉ်ဝယ် သူသည် ဒေလီမြို့တော်၊ အင်ဒီရာ ဂန္ဓီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်ကာပူသို့ ထွက်ခွာလာခဲ့သည်။ တိတိကျကျ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးညဖြစ်သည်။ ဒိုင်ယာရီတွင် ဤသို့ရေးမှတ်ဖြစ်ခဲ့၏။

မကြာမီမှာ နှစ်သစ်ကူးလေတော့မည်။ ယခုသူသည် နယူးဒေလီမြို့တော်၊အင်ဒီယာဂန္ဓီလေဆိပ်ရှိGate (1)တွင် အိန္ဒိယလေကြောင်းဖြင့် စင်္ကာပူနိုင်ငံသို့ ခရီးထွက်ခွာရန် စောင့်ဆိုင်းနေလေသည်။ မိတ်ဆွေရဟန်းတော်များကို တယ်လီဖုန်းဖြင့် နှုတ်ဆက်စကားဆိုချင်သော်လည်း လေဆိပ်အ၀င်တွင် တယ်လီဖုန်းက ကျပျောက်ခဲ့လေသည်။ တည်းခိုရာဒေလီတက္ကသိုလ်မှ အင်ဒီရာဂန္ဓီလေဆိပ်သို့ လာရာလမ်းတစ်လျှောက်လုံး မိတ်ဆွေရဟန်းတော် များက တခုတ်တရ ဖုန်းဆက်ကြလေသည်။

MMWAI အဖွဲ့ကြီး၏ ကိုးနှစ်မြောက်နှစ်ပတ်လည်အစည်းအဝေးကြီးတွင် တက်ရောက်နေကြသည့် မိတ်ဆွေရဟန်းတော်များကတော့ ဗုဒ္ဓဂယာမှာ နှစ်သစ်ကူးကြတော့မည်။ ယမန်နေ့ကပင် အစည်းအဝေးကြီးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ။ ယခင်နှစ်များ(၂၀၀၇-၂၀၀၈)ဆီက သူသည် အဖွဲ့ကြီးမှ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ယခုနှစ်တော့ သူ့မှာ နေထိုင်ခွင့်ဗီဇာလည်းကုန်လေပြီ။ ပါရဂူ ကျမ်းပြုခွင့် ရပါမှ သုတေသနဗီဇာဖြင့် ပြန်လာနိုင်လေမည်။ စင်ကာပူနေ့ရက်အသစ်များကလည်း အသင့်စောင့်နေကြမည်။

နှစ်လည်အစည်းအဝေးကြီး၏ အခမ်းအနားမှူးအဖြစ် ပထမနေ့တစ်ရက်နှင့် ဒုတိယနေ့(နံနက်ပိုင်း)များတွင် ဆောင်ရွက်ပြီးသည်နှင့်အစည်းအဝေးဒုတိယနေ့(နေ့လည်ပိုင်း)ကျင်းပဆဲတွင်ပင်အဖွဲ့ကြီးနှင့်မိတ်ဆွေရဟန်း
တော်တို့ကို နှုတ်ဆက်ထွက်ခွာခဲ့ရသည်။
ဂယာမှ ဒေလီသို့ ရထားဖြင့် ထွက်ခွာခဲ့၏။ သူသည် အစုအဝေးမှ ဖဲ့ထွက်လာရသော အပိုင်းအစတစ်ခုဖြစ်သွားပြီ။ ပျင်းရိဖွယ်ကောင်းတော့၏။

ဒေလီဆောင်းသည် အေးစိမ့်တုန်ခိုက်နေသည်။ ဂယာမှ ၀တ်လာသော ဆွယ်တာတစ်ထည်သည် ဒေလီဆောင်း ကို မခုခံနိုင်။ တည်းခိုရာဒေလီတက္ကသိုလ် နိုင်ငံတကာကျောင်းသားဆောင်ရှိ မိတ်ဆွေရဟန်းတော် အရှင်ကောလိနိယ(အဂ္ဂမဟာကျော်)၏ အခန်းမှဆွယ်တာတစ်ထည်ဆွဲဝတ်ရခဲ့သေးသည်။

ဒေလီတက္ကသိုလ်မှ လေဆိပ်သို့ အသွားခရီးကိုတော့ မဟာဝိဇ္ဇာတန်းတက်နေသည့်
သီတဂူ-အရှင်သီဟဉာဏာ လင်္ကာရ(သဲကုန်း)က လိုက်ပို့ပေးလေသည်။ ကားများရှုပ်ထွေးလှသည့် ဒေလီမြို့ကြီးကို တိုးဝှေ့ရစဉ် လေယာဉ်ထွက်ခွာချိန်မှီရေးအတွက် နာရီကိုမကြာခဏ ကြည့်ရသည်။ အငှါးယာဉ်မောင်းသမားကတော့ ခေါင်းတရမ်းရမ်းဖြင့် အေးဆေးတည်ငြိမ်လှသည်။ ဘုရား ဘုရား။ မှီတော့မှီပါသည်၊ သို့သော် ပြာပြာဝေေ၀မှီခြင်းမျိုးဖြစ်၏။ ကွင်းချိန်းသတ်မှတ်ချိန်လွန်ပြီးမှသာ ရောက်ခဲ့သည်။

အိန္ဒိယအမျိုးသားလူဝင်မှုကြီးကြပ်ရေးအရာရှိတို့၏ စိတ်အေးလက်အေးနိုင်ပုံများကြားတွင် သူက ပူလောင်နေ သည်။ဆောင့်ကြီးအောင့်ကြီးထုပေးလိုက်သောတံဆိပ်တုံးသံကပင် သူ့အတွက် ချိုမြိန်သွားရသည်။ လွတ်ပြီ ကျွတ်ပြီ။ ကဲ ဘယ်မှာလဲ ထွက်ခွာရမယ့်ဂိတ်။အင်ဒီရာဂန္ဓီလေဆိပ်သည် ဂိတ်ပေါင်းများစွာဖြင့် ရှုပ်ထွေးလှသည်ဖြစ်ရာ သူထွက်ခွာရမည့် ဂိတ်ကို ရှာဖွေရသည်ကပင် စိတ်မောဖွယ်ရာဖြစ်ခဲ့ရသေးသည်။

၂၀၁၀ ခုနှစ်တွင်ကျင်းပမည့် ဓနသဟာယနိုင်ငံများအားကစားပွဲတော်ကို အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပမည့် ဟိန္ဒူစတန်နိုင်ငံ(သို့မဟုတ်) ဘာရတ်နိုင်ငံတော်ဟု ဂုဏ်ယူရည်ညွှန်းလေ့ရှိသော အိန္ဒိယသည် နယူးဒေလီ မြို့တော်ကိုဘက်စုံပြုပြင်ခြယ်သနေသည်။ အိန္ဒိယ၏ နိုင်ငံတကာဝင်ပေါက်ဖြစ်သော အင်ဒီရာဂန္ဓီလေဆိပ် ကိုတော့ အထူးအလေးထားပြင်ဆင်နေလေသည်။

တိုးချဲ့နေသော ဂိတ်များစွာတွင် မွမ်းမံဆဲဖြစ်သောစင်ကာပူထွက်ခွာဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင် အကာအရံများကြားတွင် မပေါ်မလွင်ဖြစ်ကာ ရှာလေလေ ဝေးဖြစ်ခဲ့ရပါလေသည်။ တွေ့သမျှအိန္ဒိယလူမျိုးများကို မေးပါသော်ငြား တိကျသောအဖြေမရခဲ့။ မသိဘူးဟုလည်း မငြင်းဆန်တတ်သောလူမျိုးမို့ တွေ့မိတွေ့ရာ လက်ညှိုးထိုးပြကြလေသည်။ သို့နှင့် ထိုနေ့က အထုပ်အပိုးများနှင့် မပေါ့ပါးလှသော ရဟန်းတစ်ပါးသည် အင်ဒီရာဂန္ဓီလေဆိပ်ထဲတွင် ၀ဲကတော့ ထိုးနေလေသည်။ ခက်ခဲလှပေစွ။

နောက်ဆုံးတော့ လေဆိပ်တာဝန်ကျရဲအရာရှိတစ်ယောက်ကို သွားမေးရသည်။ ရဲအရာရှိကလည်း လက်ညှိုးထိုးရန် အားယူပြန်လေသည်။ ဒီတစ်ခါတော့ မရပြီ။ လိုက်ပြပါလုပ်ရတော့၏။ လားလား စင်ကာပူ ထွက်ပေါက် Gate (1) ကား မြေလျှိုးနေပါပကော။

ခရီးသည်နားနေခန်းရောက်မှ မိတ်ဆွေရဟန်းတော်များကို နှုတ်ဆက်မည်အကြံဖြစ်သည်တွင် တယ်လီဖုန်းကား မရှိပြီ။မေးရင်းမြန်းရင်း ပြေးရင်းလွှားရင်း တယ်လီဖုန်းကျပျောက်ခဲ့ခြင်းဖြစ်ပေမည်။ သဗ္ဗေသတ္တာ မင်းသိင်္ခသာ ဖြစ်ပါစေတော့။ အထုပ်အပိုးတွေ များချင်တဲ့ ရဟန်း ပျောက်စမ်း။

အိန္ဒိယလေကြောင်းပိုင် လေယာဉ်ထွက်ခွာတော့ ၂၀၀၉ ခု ဇန်န၀ါရီလဆန်း (၁)ရက်ထဲအ၀င် ၀၀း၃၀ နာရီတိတိ။ဘန်ကောက်မြို့တော်၊သုဝဏ္ဏဘူမိလေဆိပ်တွင်ခရီးတစ်ထောက်နားကာစင်ကာပူသို့ခရီးဆက်ခဲ့လေ
သည်။ သုဝဏ္ဏဘူမိလေဆိပ်တွင် ဆိုက်ရောက်စဉ် ဆွယ်တာအနွေးထည်တစ်ထည်ကို ချွတ်လိုက်ရပြီ။ ဒေသစံတော်ချိန် ၁၀း၁၀ နာရီခန့်တွင် စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်ကို ဆိုက်ရောက်၏ ။ ဆောင်း အငွေ့အသက်တို့ ပျောက်လွင့်လေပြီ။ ၀တ်ထားသော လက်ကျန်ဆွယ်တာကို အပြီးသတ်ချွတ်လိုက်ရတော့၏။


လေဆိပ်ထဲမှ ထွက်လာချိန်မှာတော့ ၁၁း၀၀ နာရီထိုးလုပြီ။တက္ကစီတစ်စီး၏ သယ်ဆောင်ရာကား ယူနို့စ် မင်္ဂလာဝိဟာရဆီ။ကျောင်းတော်၏။ နှစ်သစ်ကူး Chanting အမီရောက်သွားသည်။ သက်သတ်လွတ် နေ့ဆွမ်းသည် အမှတ်တရဖြစ်တော့၏။”