30 March, 2010

ဓမ္မဂင်္ဂါမော်ဒန်တောရဋီကာ


ဖြစ်နိုင်ရင် အေးအေးလူလူနေချင်တာ သဘာဝပဲ။
မကွေးဆရာတော်ကြီး လွန်တော်မူသွားရှာပြီတဲ့။ လက်မှတ်ထိုးရမယ့်ဝန်ကို လွတ်လွတ်ကြီးချတော်မူသွား ရှာပြီပေါ့။ သက်တော် (၈၈) သိက္ခာတော် (၆၈) အရွယ်တော် ၀ါတော်ရတဲ့အထိ “သာသနဿ ဘာရော အ၀ဿံ ၀ဟိတဗ္ဗော ” လုပ်တော်မူခဲ့တဲ့ ဆရာတော်ကြီးတစ်ပါးပေပဲ။ ဒီရက်ပိုင်းမှာတော့ သတင်းစာတွေ စောင့်ပြီးဖတ် နေရတယ်။ မျက်လုံးပူနားပူ ခါးပူတာက အရေးမကြီးဘူး၊ အနာဂတ်ပူတာက အခက်ပဲ။

အင်း ငှါးထားတဲ့အိမ်အသစ်လေးကိုပဲ တောရအဖြစ်ဆောက်တည်နေလိုက်တယ်။ ဓမ္မဂင်္ဂါမော်ဒန်တောရ။ ရေးမီးအပြည့်အစုံ မိဂဒါဝုန်မော်ဒန်တောရ။မနေ့ကပဲ မော်ဒန်တောရစကားလုံးမူပိုင်ရှင်မိတ်ဆွေရဟန်းတော်က ဓမ္မဂင်္ဂါမော်ဒန်တောရကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို ရောက်ချလာခဲ့သေး။ `ရဟန်းတော်´လို့ ကိုယ့်ကိုယ့်ကို ညွှန်းလေ့ရှိတဲ့ မိတ်ဆွေရဟန်းတော်က မော်ဒန်တောရဆိုတာလေးကို စဦးတီထွင်သုံးစွဲခဲ့ဆိုသကိုး၊ ငါ့ရှင်ရေ ရွှေပြည်ကြီးသားများပီပီ မူပိုင်ခွင့်အကြောင်းမပြောကြေး။

ဈေးကတော့ နည်းနည်းများတယ်လို့ ပြောကြပါရဲ့။ နီးနီးနားနားဈေးချိုသက်သာပြည့်စုံကောင်းမြတ်တဲ့ ကျောင်း သင်္ခန်းလေးက ရှာမရတော့လည်း ဘောန္တော နီးစပ်ရာ သူတော်ကောင်းတို့ ဖုန်းဆက်ရင် ဖုန်းလာတယ်ချည်း မမှတ်နဲ့။ ဘယ်တရားနာပရိသတ်မှ မလာတော့ ဒါနကထာကို ဖိဟောပြီး အလှူငွေပဒေသာပင် စိုက်ထူလှူ ဒါန်းနိုင်ကြောင်း ကိုနောရဲ့ ကျောက်သင်ပုန်းကြီးငှားချိတ်ဖို့လည်း အလုပ်မဖြစ်။

သူငှါးနေတဲ့အိမ်လေးက သီးခြားအနားယူဖို့ဆောက်ထားတဲ့ အိမ်လေးတစ်လုံးဖြစ်ဟန်တူပါတယ်။ အခန်းက တစ်ခန်းပဲပါပါတယ်၊ အဲဒါကိုပဲ သုံးပါးမျှပြီး သီတင်းသုံးကြရတာပါ။ တဲသာသာအိမ်လေးကိုပဲ ပန်းခြံလေးနဲ့ မြက်ခင်းစိမ်းလေးတွေနဲ့ ခြယ်သလိုက်တော့ နေချင့်စဖွယ် ကွန်းသာယာလေးဖြစ်လာရတော့တာပါ။ လူဝတ် ကြောင်ကြားတွေ အတွက်တော့ အိမ်ဂေဟာ။ ရဟန်းတွေအတွက်တော့ ကျောင်းဝိဟာ။

ခက်တာက အိမ်လေးက ဆိတ်ငြိမ်ရပ်ကွက်ထဲမှာမို့ လုံခြုံရေးအရ တစ်ခါဝင် တစ်ခါသော့ပိတ်ရတဲ့ ဒုက္ခကလည်း မသေး။ ဆိတ်ငြိမ်ရပ်ကွက်ထဲမှာ ပူပန်စရာတွေကလည်း အများသားပါပဲ။ အော် မော်ဒန်တောရ။ တယ်လီဖုန်း အဆက်အသွယ်မပြတ်စေရ၊ အင်တာနက်ကော်နက်ရှင်ကောင်းမှဖြစ်မယ်။ နိုင်ငံတကာသတင်းလေးတွေက လည်း ဖတ်ဖို့လိုတယ်။ ရေးလက်စ ဖတ်လက်စစာတွေကလည်း မပြီးမပြတ်နဲ့ အော် နိက္ခမ္မပါရမီနယ်ထဲက ရဟန်းတော်ဟာလည်း ဂူးဂယ်လ်ထဲမှာပဲ ၀ဲလည်နေပြန်ပါရောလား။

ဘာပဲဖြစ်ဖြစ် ဒီရက်ပိုင်းမှာ ဓမ္မဂင်္ဂါ အဖြောင့်မစီးနိုင်အောင် ကွေ့ကောက်ပြေးလွှားခဲ့ရလေသပေါ့။

29 March, 2010

ဓမ္မဂင်္ဂါရီပို့တ်


ဓမ္မဂင်္ဂါမော်ဒန်တောရ

၂၈-၃-၂၀၁၀ တနင်္ဂနွေနေ့ ဓမ္မဂင်္ဂါမော်ဒန်တောရသို့ အခြားသီတင်းသုံးဖော်နှစ်ပါးနှင့်အတူ ပြောင်းရွှေ့သီတင်းသုံးသည်။ အရှင်ကောဝိဒ(အရာတော်)နှင့် အရှင်လာဘသာမိ(ကန့်ဘလူ)။



ကလေးငယ်များနှင့် ရောရောပျော်ပျော် နောနှင့် မော်

၂၉-၃-၂၀၁၀ တနင်္လာနေ့တွင် နောက်ပါ(နောက်လိုက်မဟုတ်)ဘလော့ဂါကိုနောနှင့်အတူ ဗာရာဏသီခရိုင်၊ စောဠပူရ်နယ်၊ဣမိလိယာရွာစာသင်ကျောင်းလေးသို့ ကျောင်းအုပ်ဆရာမကြီး၏ ဖိတ်ကြားချက်အရ ကြွရောက်ကာ ဆရာဆရာမများ၊ကျောင်းသူကျောင်းသားများနှင့် တွေ့ဆုံ။(သတင်းအပြည့်အစုံဦးသူအရင်ရေးမည်)


ရွာကျောင်းလေးက ဘဂ၀န် ဗုဒ္ဓကို “အနေကဂျာတိ ဆံဆာရံ” ဖြင့် ပူဂျာကရိုး

ကလေးတွေက ကဗျာသီချင်းများဖြင့် ဧည့်ခံကြ
အေးဆေးလူစီရိပ်သာဆရာတော်နှင့် ဓမ္မဂင်္ဂါမော်ဒန်တောရဆရာတော်

ကျောင်းအုပ်ဆရာမကြီး အပ်နှင်းသည့်ဓမ္မလက်ဆောင်ဗုဒ္ဓရုပ်ပွားတော်မြတ်

အလှည့်ကျကဗျာစာဆိုငယ်လေးများ





ပုံများကို အဆက်မပြတ်တင်ပေးလျက်ရှိပါသည်။နောက်တစ်ခါကလစ်တိုင်း ပုံသစ်တွေ့ရမည်ဟူလို

27 March, 2010

မစိုးရိမ်အလွမ်း(၆)


(၁)
၁၉၈၇ ခုနှစ် မစိုးရိမ်တိုက်သစ်ကို ရောက်ရောက်ချင်းမှာပဲ လင်္ကာတိုလေးတစ်ခုကို အမိအရမှတ်သားရပါတယ်။ “ကိုသီတိုက်သစ်က” တဲ့။ မစိုးရိမ်တိုက်သစ်ရဲ့ တစ်ခုတည်းသော ဖုန်းနံပါတ်လေးပါ။ အက္ခရာသင်္ကေတအရ ၂၆၇၆၂ ။ သဘာဝကျတဲ့မှတ်သားချက်လေးပါပဲ။ မစိုးရိမ်တိုက်သစ်ဆရာတော်ဘုရားကြီးရဲ့ ဘွဲ့တော်က ဦးသီရိန္ဒမို့ “ကိုသီ(ဦးသီရိန္ဒ) တိုက်သစ်က(မစိုးရိမ်တိုက်သစ်က)။” ဖုန်းနံပါတ် ၂၆၇၆၂ ။

ခုချိန်ထိလည်း “ကိုသီတိုက်သစ်က”ဆိုတဲ့ ဖုန်းနံပါတ်(၂၆၇၆၂) လေးက လွန်တော်မူရှာပြီဖြစ်တဲ့ ဆရာ တော်ကြီးရဲ့ ဂုဏ်ကျေးဇူးတွေကို အောက်မေ့အမှတ်ရဖွယ် မြတ်နိုးစရာဝေါဟာရလေးအဖြစ်စွဲထင်နေပါသေး တယ်။ စာသင်သားတွေ အချင်းချင်းတွေ့ဆုံမိတ်ဖွဲ့ကြတဲ့အခါ လိပ်စာအပြန်အလှန်လှဲလှယ်ကြပြီဆိုရင် “ကိုသီ တိုက်သစ်က” ဆိုတဲ့ ဖုန်းနံပါတ်လေးပေးရတော့တာပါ။

သူမစိုးရိမ်တိုက်သစ်ကို ရောက်ဦးစနှစ်တွေမှာ သံဃာတော်ငါးရာကျော်(ခုသုံးထောင်ကျော်)သီတင်းသုံးနေတဲ့ နာမည်ကျော်စာသင်တိုက်ကြီးရဲ့ တစ်လုံးတည်းသောဖုန်းလေးပါပဲ။ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ရင်း ဖွင့်ရင်းနဲ့ မပွင့်တပွင့်ဖြစ်လာခဲ့တဲ့ ဒီနေ့ခေတ်မှာတော့ ကမ္ဘာနဲ့ မပြိုင်နိုင်သေးပေမယ့် ယခင် မန္တလေးထက် နှာတစ်ဖျား သာခဲ့ပြီဆိုတာ သေချာနေမှာပါ။ ဟိုတုန်းကတော့ ဖုန်းလေးတစ်လုံးတည်း။ မစိုးရိမ်သွေးနဲ့ နီးသူတွေ ရဲ့ ရင်ထဲမှာ “ကိုသီတိုက်သစ်က”၊ဖုန်းနံပါတ်၂၆၇၆၂။

(၂)

ရှေးခေတ်မြန်မာမှုနယ်ပယ်နဲ့ သာသနာတော်လောကမှာ အကြောင်းအရာတစ်ခုခုကို မှတ်တမ်းတင်တဲ့အခါ အရေအတွက်ဂဏန်းနံပါတ်တွေကို အက္ခရာသင်္ကေတတွေနဲ့ အလွယ်မှတ်သားလေ့ရှိဖူးပါတယ်။ “အုတ်ကျစ် ကျော်အေး၊ မန္တလေး”“ လှည်းဝင်ရိုးသံ၊ တညံည၊ံ ပုဂံဘုရားပေါင်း။”ဆိုတာမျိုးလေးတွေပါ။ မမေ့တော့ဘူးပ။

မန္တလေးသာသနာ့တက္ကသိုလ်နေ့ရက်တွေဆီက မိတ်ဆွေရဟန်းတော်တစ်ပါးကိုလည်း အမှတ်ရနေမိပါသေး တယ်။ သာသနာ့တက္ကသိုလ်ပြဌာန်းကျမ်းစာတွေထဲက ပိဋကတ်စာပေသမိုင်းသင်ရတဲ့အခါ ကျမ်းပြုဆရာတော် တွေရဲ့ အတ္ထုပ္ပတ္တိမှာပါတဲ့ မွေးသက္ကရာဇ်နဲ့ ကျမ်းပြုနှစ်၊ ကျမ်းပြီးနှစ်တွေ မှတ်ဖို့ ကြိုးစားရပါတယ်။ စာမေးပွဲနီးပြီ ဆိုရင် သက္ကရာဇ်မှတ် အတိုကောက်သင်္ကေတစာတိုလေးတွေ ပလူပျံအောင် ထွက်လာတတ်ပါတယ်။ ကိုယ်မှတ် တတ်သလို အာတွေ့သလို သင်္ကေတလင်္ကာလေးတွေ စာချိုးလေးတွေ ရေးပြီးတော့ မှတ်ကြတာပါ။ ရဟန်းတော် များရဲ့ စာကျက်နည်းတစ်မျိုးပါပဲ။

သူ့မိတ်ဆွေရဟန်းတော်ကတော့ စာတွေမှတ်သားတဲ့အခါ ငယ်သံယောဇဉ်နာမည်လေးတစ်ခုကို ပင်တိုင်ထားပြီး အသုံးပြုလေ့ရှိ ပါတယ်။ အေးအေးမာဆိုတဲ့ ငယ်ကျွမ်းဆွေလေးက ပိဋကတ်စာပေ သမိုင်းမှတ်စုရဲ့ အထင်ရှားဆုံးနာမည်တစ်ခု ဖြစ်လာပါတော့တယ်။ “အေးအေးမာမာ၊ မိတ္ထှီလာ ၊ ရွာမှာသပြေကုန်း” ဆိုတာမျိုးပါ။ ပဉ္စမသံဂါယနာပွဲတော်မှာ အကြီးအမှူးဆရာတော် အဖြစ်ဆောင်ရွက် တော်မူခဲ့တဲ့ မင်းတုန်းမင်းတရားကြီး အကိုးကွယ်ခံဘုရားကြီးဆရာ တော်ရဲ့ မွေးနှစ်နဲ့ ဇာတိရွာအကြောင်းလို့ ထင်ပါတယ်။ ၁၁၅၅ ခုနှစ် မိတ္ထီလာမြို့နယ်၊ သပြေကုန်းဆိုတဲ့ရွာလေးမှာ မွေးဖွားခဲ့တယ်ပေါ့။ (အေး=၁၊အေး=၁၊ မာ=၅၊မာ=၅)။

သင်ရတဲ့ပိဋကတ်စာပေသမိုင်းထဲမှာ သက္ကရာဇ် ၁၁၀၀ နှောင်းပိုင်းကို ကိုယ်စားပြုတဲ့ ကုန်းဘောင်ခေတ် စာဆိုတွေရဲ့ အတ္ထုပ္ပတ္တိတွေကို ကျက်မှတ်ရတဲ့အခါ မိတ်ဆွေရဟန်းတော်က သူ့စိတ်ကြိုက်(၁) ဂဏန်းတွေကို “အေး” ဆိုတဲ့ စကားလုံးနဲ့ အစားထိုးဖို့ ကြိုးစားတော့တာပါ။ “ဥသြအော်မည် ကုန်းဘောင်တည်” ဆိုတာ ကိုတောင် “ အေးသုံးခါ၊ မာတစ်ချက်၊ ကုန်းဘောင် တည်ပန္နက်။” ဆိုတာမျိုး လုပ်ခဲ့တဲ့အထိ ဥပါဒါန် မှတ်စုလေးပြုစု ခဲ့ရှာပါသေးတယ်။ ခုတော့ ပြုစုသူမိတ်ဆွေရဟန်းတော်လည်း ဈာန်သမာပတ်ကစားရင်း စွန်ကြိုးနဲ့ ထိလို့ ပြတ်ကျသွားရှာပါပြီ။

(၃)

ဒီလပိုင်းအတွင်း တိဘက်တက္ကသိုလ်မှာ ပါဠိသင်တန်းစဖွင့်တော့ သင်တန်းမှာ မြန်မာလူမျိုးတွေရဲ့ အမည်ပေး ပုံ ဓလေ့ထုံးတမ်းလေးအကြောင်း မိတ်ဆက်ဖြစ်ပါတယ်။ပါဠိအက္ခရာတွေကို ရေးချပြရင်းနဲ့ပါ။ ရွှေပြည်ကြီးစီတီဇင် တွေကတော့ နေ့နံသင့်နာမည်ပေးပုံတွေကို ကျွမ်းဝင်ပြီး သားမို့ ရှင်းပြဖွယ်မလိုပေဘူးပ။ တိဘက် တက္ကသိုလ် စာသင်ခန်းထဲက တပည့်သာဝကတွေကိုတော့ သေသေချာချာရှင်းပြဖြစ်ပါတယ်။ သာဝကလေးတွေကလည်း စိတ်ဝင်စားကြတယ်။

အ အာ ဣ ဤ ဥ ဦ ဧ သြ= တနင်္ဂနွေနေ့
က ခ ဂ ဃ င= တနင်္လာနေ့
စ ဆ ဇ ဈ ည=အင်္ဂါနေ့
ဋ ဌ ဍ ဎ ဏ တ ထ ဒ ဓ န= စနေနေ့
ပ ဖ ဗ ဘ မ=ကြာသပတေးနေ့
သ ဟ =သောကြာ
( အင်း ခုမှပဲ လက်ကွက်ပြန်ကျင့်ပြီးသားဖြစ်တော့တယ်)

ဒါပေမယ့် အမေးအမြန်းထူတတ်တဲ့ သူ့သာဝကလေးတွေဆီက “ထေရ၀ါဒဖြစ်ပြီး ဘုန်းကြီးရဟန်းတွေကိုယ်တိုင် က ဘာဖြစ်လို့ နေ့နံသင့်နာမည်တွေ စဉ်းစားရွေးချယ်ကြသလဲ၊ ဘယ်ခေတ်က ဒီယဉ်ကျေးမှု စတင်ခဲ့သလဲ ” ဆိုတဲ့ မေးခွန်းတွေ တက်မလာတာတော့ ကံကောင်းသွားတယ်။ သူကိုယ်တိုင်လည်း စာသင်ခန်းထဲက ထွက်လာမှ တွေးမိလို့။ သာသနာ့တက္တသိုလ်ဂုရုကြီးတစ်ပါးကလည်း ဒီလိုအတွေးမျိုးလေး လမ်းစခဲ့ဖူးတာ မှတ်သားဖူးပါရဲ့။ဂုရုကြီးကိုယ်တိုင်က မေးခွန်းနားမှာပဲ ကပ်ဆင်းသွားတာမို့ သူကိုယ်တိုင်လည်း အဖြေမှတ်တိုင် ထိ မလိုက်ခဲ့မိတော့ဘူး။

(၄)
အော် နေ့နံသင့်အက္ခရာသင်္ကေတလေးတွေနဲ့ မှတ်ထားမိတဲ့ ဖုန်းနံပါတ်လေး။ “ကိုသီ တိုက်သစ်က” “ ၂၆၇၆၂”။ သူ့အတွက်တော့ ဒီဖုန်းလေးက အများကြီးအလုပ်မလုပ်ခဲ့ရရှာပါဘူး။ နေခဲ့တဲ့ လေးနှစ်တာအတွင်းမှာ သုံးကြိမ်လောက်ပဲ သူ့နာမည်ကို ဖုန်းလေးက ရှာခဲ့ဖူးတာပါ။ စာသင်သားတွေအများကြီးကြားထဲမှာ ဖုန်းခေါ်သံပိုင်ရှင်ကို မတွေ့တွေ့အောင် လိုက်ရှာပေးတဲ့ ဖုန်းစောင့်ကိုယ်တော်ကြီးကိုယ်တော်လေးတွေက လည်း ကျေးဇူးတင်စရာပါ။ ဆရာတော်ကြီးသီတင်းသုံးတဲ့ ကျောင်းမှာ ဖုန်းကရှိတာမို့ လိုတိုရှင်း ပြောရလေ့ရှိပါတယ်။ ကြူတာ မူတာ နွဲ့တာ လှည့်တာများ အလျင်းမရှိစေရ။

တကယ်ပါပဲ ဒီဖုန်းလေးက စာချစာသင်သံဃာတော်အရှင်တွေရဲ့ ပုဂ္ဂလိကအရေးအရာတွေအတွက်သာမက သာသနာတော်အတွက်၊ တိုင်းပြည် အတွက်ပါ အများကြီးအလုပ်လုပ်ခဲ့ရကြောင်း သမိုင်းရေး ထိုးနိုင်ခဲ့ပါတယ်။

မစိုးရိမ် တိုက်သစ်မှာ နာယကဆရာတော်ကြီးသုံးပါး စီမံအုပ်ချုပ်တော်မူကြောင်း စကားစပ်မိတိုင်း ပြောပြခဲဖူးပါပြီ။ သိက္ခာတော်အကြီးမားဆုံးဆရာတော်ကြီး ဦးသီရိန်(အဂ္ဂါဘိဓဇ)က နိုင်ငံတော်သံဃ မဟာနာယကအဖြစ်နဲ့ ရန်ကုန်ကမ္ဘာအေးမှာ သာသနာရေးတာဝန်နဲ့ သွားရောက်သီတင်းသုံးရလေ့ရှိပါတယ်။ ဒုတိယဆရာတော် ဦးနာယကတော့ အသံတော်တိတ်စွာ အေးအေးချမ်းချမ်းပဲ စာပေနဲ့ မွေ့နေလေ့ရှိပါတယ်။

တတိယသက်တော်အငယ်ဆုံးဆရာတော်ဦးရာဇဓမ္မ(ယခုလက်ရှိဆရာတော်ကြီး)ကတော့ ထက်မြက်ခေတ်မီစွာ လောကဓမ္မနှစ်ဌာနလုံးကို ဦးဆောင်လေ့ရှိပါတယ်။ မန္တလေးမြို့ရဲ့ သြဇာအရှိဆုံးဆရာတော်များစာရင်းမှာ ထင်းထင်းကြီး ရေးထွင်းရမှာပါ။ ဒါကြောင့်လည်း ဆိတ်ဖလူးနံ့တို့ နရသိန်တို့ဆိုတဲ့ ဝေါဟာရတွေနဲ့ ရင်းနှီးကျွမ်း ၀င်ခဲ့ရတာဖြစ်မှာပါပဲ။

ဆရာတော်အရှင်ရာဇဓမ္မရဲ့ သြ၀ါဒကောက်နှုတ်ချက်လေးကို ပြန်လှန်ဖြစ်ပါတယ်။

“အေး အဲဒီ သုံးပါးက ညီညီညွတ်ညွတ်နဲ့ တက်ညီလက်ညီ သာသနာပြုတယ် ဟုတ်လား၊ အဲသလို သာသနာပြုလို့ ဒီတိုက်ကြီး ဒီလောက်တိုးတက်လာတာ ဟုတ်လား၊ အဲဒါ ဘေးက ဘယ်လောက်ထိအောင် အနှောက်အယှက်တွေပေးကြသလဲဆိုတော့ ဟိုအရေးအခင်းကိစ္စ(ရှစ်လေးလုံးကို ရည်ညွှန်း)တုန်းက တိုက်သစ် က ဘုန်းကြီးဦးသီရိန်ကို လက်မခံတော့ဘူး၊ သူက ရန်ကုန်ရောက်နေတာကိုးကွ၊ ဟုတ်လား၊ ရန်ကုန်ရောက် နေတော့ တိုက်သစ်က ဘုန်းကြီးဦးသီရိန်ကို လက်မခံတော့ဘူးတဲ့၊ ဒါ နိုင်ငံရေးပယောဂ၊”

နိုင်ငံရေးပယောဂဆိုတာ နိုင်ငံရေးချည်းမထင်နဲ့ အုပ်ချုပ်သူလူတန်းစားပါကောင်းပါလိမ့်မယ်။ အေး ဒီအုပ်ချုပ်သူလူတန်းစားဆိုတာ စည်းစည်းလုံးလုံးနဲ့ ညီညွတ်နေတာ အင်မတန်ကြောက်တာပေါ့ ဟုတ်လား၊အေး ကွဲပြားမှ၊ ဒါက ဗြိတိသျှအစိုးရအဆက်ဆက် ဒီအတိုင်းပဲကွ၊ ဟုတ်လား၊ မကွဲကွဲအောင် သူတို့က လုပ်မှာ၊”

“အဲဒီတော့ ဘုန်းကြီးဦးသီရိန်က ရန်ကုန်မှာ ၀ါဆိုတယ်၊ ၀ါဆိုတော့ မစိုးရိမ်တိုက်သစ်က ဘုန်းကြီး ဦးသီရိန်လက်မခံဘူးတဲ့။ ဒါကို မြို့ထဲ လျှောက်လွှင့်တယ် ဟုတ်လား၊ သူတို့ကသာ လက်မခံဘူး လွှင့်နေတာ၊ ငါနဲ့ ဘုန်းကြီးဦးသီရိန်က ဖုန်းအဆက်သွယ်အမြဲတမ်းရှိတယ်။ ဟေ့ ဘယ်လိုလုပ် ဘယ်လိုလုပ်၊ ဟုတ်တယ်မဟုတ်လား သူကလည်း၊ ငါကလည်း ဘာတွေ လုပ်ထားတယ်၊ ဘယ်လိုလုပ်ထားတယ်ပေါ့၊ အဲလိုဖုန်းအဆက်အသွယ်က အမြဲတမ်းရှိတယ်၊ဟုတ်လား၊”

“နောက်ဆုံး မင်းတို့ပြောပြမယ်၊ (၇-၈-၈၈)နေ့က တိုက်ဟောင်း(မစိုးရိမ်ကျောင်းတိုက်ကြီး)ထဲမှာ ဦးညိုဝင်း(မန္တလေးတိုင်းပြည်သူ့ကောင်စီဥက္ကဋ္ဌ)ကို ဖမ်းထားတာ၊ အဲဒီဖမ်းထားတာ ငါက ကမ္ဘာအေးက ဖုန်းဆက်မှ သိရတာ၊ သိကို မသိဘူး၊ ဒီမှာက ငါက စာအံခိုင်းပြီးတော့ စာသင်သားတွေ စစ်နေတာဟုတ်လား၊ စာသင်သားတွေ ပြည့်ရဲ့လား၊ စာအံကျောင်းမှာ စုံရဲ့လားဆိုပြီးတော့ စစ်နေတာ၊ ကမ္ဘာအေးက ဖုန်းဆက်လို့ ကိုညိုဝင်းဖမ်းခံရတယ် ဆိုတာငါသိရတာ၊ ဟာ ဘာကြောင့်ဖမ်းတယ်ညာရယ် မသိသေးဘူး၊ သိအောင် တိုက်ဟောင်းသွားပြီးတော့ “ အဆိုးထဲက သက်သာသောအဆိုးဖြစ်အောင် လုပ်မယ်” ငါဒီလောက်ပဲ တာဝန်ယူပါတယ်။

အဲ ကောင်းပြီ၊ လုံးဝကောင်းလာပါစေ့မယ်လို့ တာဝန်မယူဘူး၊ အဆိုးထဲက သက်သာသော အဆိုးဖြစ်အောင် လုပ်ပါ့မယ်။ ဟုတ်လား၊ အဲသလို ပြန်လိုက်တယ် ဖုန်း။” ကမ္ဘာအေးကပြီးတော့ တိုင်းကောင်းစီမောင်ဘတူ ဗိုလ်မှူးဘတူ၊ သူကအတွင်းရေးမှူးမဟုတ်လား၊ မောင်ဘတူက ငါ့ဆီ ဖုန်းဆက်ပြန်ရော၊ “ ဆရာတော်ဘုရား တပည့်တော်တို့ ဥက္ကဋ္ဌတော့ အဖမ်းခံထားရတယ်ပေါ့၊ ဆရာတော်ကြည့်ပြီးတော့ ရှင်းပေးပါဦး၊”


“ အေး ငါလည်း ခုပဲ ရန်ကုန်က ဖုန်းရလို့ ငါ အခုပဲ သွားမယ်၊ ဆယ်မိနစ်လောက်တော့ ကြာတယ်၊ ဒီအတွင်းမှာ မင်းတို့ကလည်း စိတ်လိုက်မာန်ပါ မလုပ်နဲ့၊ ငါ အဆိုးထဲက သက်သာသော အဆိုးဖြစ်အောင် လုပ်ပေးမယ် ဟုတ်လား၊ အဲဒီလိုပြောပြီးတော့ သွားလိုက်တယ်။ သွားလိုက်တော့ အကုန်ရှင်းသွားတယ်ဆိုပါစို့ကွာ”

“ဆိုလိုရင်းက ဘေးကသာ ၀ိုင်းပြီးတော့ မြှောက်ပေးတယ်၊ တိုက်ကြီးကွဲအောင် လုပ်နေတယ်၊ ဒို့သုံးပါးက လုံးဝမကွဲဘူး၊”

(၅)
အော် “ကိုသီတိုက်သစ်က”။ ဖုန်းနံပါတ်လေး ၂၆၇၆၂ ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးစတော့မယ့် တစ်ရက်အလိုမှာ မန္တလေးမြို့ကြီးမီးဟုန်းဟုန်းတောက်သွားစေနိုင်တဲ့ သွေးမျက်ရည်မြစ်ကြီးစီးသွားနိုင်တဲ့ အခြေအနေကို ထိန်းသိမ်းပေးနိုင်လိုက်တဲ့ တယ်လီဖုန်းလေး။

ဒါပေမယ့် ဆရာတော်ကတော့ အဲဒီအရေးအခင်းပြီးတဲ့အချိန်မှာ သီးသန့်ပင့်ခေါ်ရာဆီ ကြွခဲ့ရရှာပါတယ်။ နေလနက္ခတ်တွေ လည်ပတ်မှုကင်းရာ ကမ္ဘာမြေပြားရာဆီ။ The world is flat. ကသိုဏ်းကို သုံးနှစ်တာမျှ တကိုယ်တော်စီးဖြန်းခဲ့ရှာပါတယ်။

ဒီအကြောင်းလေးကို ဆရာတော်က အမှတ်ရစွာ ပြောပြပါသေးတယ်။

အဲဒီနောက် ငါက ရှေးဘ၀တုန်းက ကုသိုလ်တွေလုပ်ခဲ့တော့ ထောင်ထဲရောက်သွားရော၊ ကုသိုလ်လုပ်လို့ ထောင်ထဲရောက်သွားတာ၊ ဟုတ်လား၊ မင်း“ ဗောဓိပင်ပျိုးလို့ ပေါင်ကျိုးတယ်” ဆိုတာကြားဖူးလား၊ ဗောဓိပင်စိုက်ရင် ကုသိုလ်ရမှာကွ၊ အဲဒါ ပေါင်ကျိုးသတဲ့၊ အဲဒါတစ်ခြားမဟုတ်ဘူးကွ၊ ဗောဓိပင်ပျိုးတဲ့ ကုသိုလ်ခံလို့ ပေါင်ပဲ ကျိုးတာတဲ့၊ ဗောဓိပင်သာ မပျိုးဘူးဆိုရင် သေကို သေမှာကွ၊ အေး ငါလည်း ဗောဓိပင်ပျိုးလို့ ပေါင်ကျိုးတာဟုတ်လား၊”

“ အေး ငါက လူထုလည်းပဲ သတ်တာဖြတ်တာတွေ မဖြစ်အောင် ပြောတယ်၊ အာဏာပိုင်အဖွဲ့အစည်းတွေလည်း ပြောတယ်ပေါ့ကွာ၊ သူတို့လည်းပဲ ပြောတယ်၊ မင်းတို့ ရမ်းမပစ်နဲ့၊ လူထုကိုလည်း သိပ်ပြီးတော့ မင်းတို့မစော်ကားကြနဲ့ ဟုတ်လား၊ အဲလိုဆိုရင် အကုန်လုံး ဒုက္ခဖြစ်ကုန်မယ်၊ ငါလည်း လူထုလည်း ပြော၊ အထက်အာဏာပိုင်အဖွဲ့လည်း ပြောတယ်၊ အဲဒီတော့ ငါ့ငြိမ်းချမ်းအောင် လုပ်တဲ့ပုဂ္ဂိုလ်ပဲ ဆိုပြီး ဦးစောမောင်တို့က ထောင်ချတယ်ပေါ့ကွာ၊ ကိုစောမောင်လက်ထက်မှာ၊ ဒါ မောင်ခင်ညွန်ရဲ့ ကုသိုလ် ကောင်းမှုဟုတ်လား၊”

(၆)
ဘာပဲဖြစ်ဖြစ် အဲဒီ တယ်လီဖုန်းလေး ရှိနေဦးမှာပါ။

26 March, 2010

ဇာတကလမ်းကြား


ခုတ်မောင်းထွက်လာတယ်
ဘ၀ပေါင်းငါးရာစာ

ဘုရားတစ်ဆူဆူပဲ
ထပ်ပွင့်လိုက်ပါတော့
ဇာတ်ပေါင်းခန်းရောက်ရင်
ငါဘယ်သူလဲ
သိချင်လို့

စက်ဘီးလေးပဲစီးစီး
သံသရာကိုပဲစီးစီး
ရပ်လိုက်ဖို့သာ
စီးတော့တယ်။

ဓမ္မဂင်္ဂါ
၂၆-၃-၂၀၁၀

24 March, 2010

အ၀ိဇ္ဇာကဖေး


သောက်နေကျဆိုတိုင်း
မခါးဘူးလုပ်ပစ်ချင်သေး
ချို့တဲ့ချို
လက်စလက်နအပြုံးလေး
အားနာတာတစ်ခုတည်း

အမူအရာပျက်တာကိုက
သေချာလေ့ကျင့်ပြီးသား
နံရံပေါ်က
စကားလုံးတွေဖတ်ချင်ရင်တော့ဖတ်
တံခါးတွန်းဖွင့်ပြီးရင်
အဟောင်းနံ့တွေ ရှိုက်ပြီးသား

ဒါဗင်စီရဲ့ကုဒ်တွေ
ငါ့ခေါင်းအုံးအောက်မှာ
ရေးထားကြောင်း
ရှာရှာဖွေဖွေ

လက်တွဲဖော်ဆိုတာနဲ့
သံသရာသီချင်းက
ပိတောက်ပွင့်ချင်မှပွင့်မယ်
ဒီလိုနဲ့
နာမည်မပါတဲ့ အနှစ်သုံးဆယ်

ဖော်မဲ့ဟင်္သာဝတ္ထုကို
မဖတ်တော့ဘူး
ပါရီမြို့ကြီးတွေ
ရဟန်းတစ်ပါးရဲ့ကဗျာတွေပေါ်
ခဏခဏ
မှောက်ကျတတ်လွန်းလို့။

ဓမ္မဂင်္ဂါ ၂၄-၃-၂၀၁၀


23 March, 2010

ချိုပြုံးလည်းလွမ်းနေရတဲ့မစဉ်းစားခြင်းသေတ္တာ

ဒီကမ္ဘာမှာ ကိုယ့်ကိုချစ်တဲ့လူဟာ
ဘောလုံးတစ်သင်းစာလောက်မှ ရှိရဲ့လား
မစဉ်းစားတော့ပါဘူးတဲ့။
မောင်ချောနွယ်
(မစဉ်းစားခြင်းသေတ္တာ)


ဒီနေ့မနက်ခင်းမှာတော့ သူ့ရဲ့ ဖွင့်လက်စသင်တန်းလေး တစ်ပတ်ခန့်နားထားမယ့်အကြောင်း မိတ်ဆွေ ရဟန်းတော်များကို ကြေငြာဖြစ်ပါတယ်။ တစ်နေ့ သင်တန်းငါးကြိမ်အပြင် နှစ်ပတ်လည်စာစောင်ထုတ်ဝေရေး အတွက် ကုလားဒီဇိုင်နာဆရာရဲ့ အလုပ်ခန်းလေးကို နေ့စဉ်သွားရတဲ့ကိစ္စကလည်း အချိန်အများကြီး စားပါတယ်။ ကုလားဒီဇိုင်နာဆရာကလည်း အပ်သမျှအလုပ်တွေကို အကုန်လက်ခံတတ်လေတော့ အလုပ်အပ်သူဘေးမှာ ရှိမှပဲ ထလုပ်တတ်တာပါ။ ဒီကြားထဲ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ပါဠိပါမောက္ခကလည်း အဘိဓမ္မာကျမ်းတစ်ကျမ်း ဘာသာပြန်ဆိုရေးအတွက် အကူအညီတောင်းနေပြန်တော့ နေ့စဉ်တစ်နာရီခန့် အချိန်ပေးရပြန်ပါသေးတယ်။

လတ်တလောဖြေရှင်းရမယ့် ပြဿနာက စိတ်ကြိုက်အိမ် ရှာမတွေ့သေးတာပါ။ မဇ္ဈိမတိုင်းရောက် ရွှေပြည်ကြီး သားရဟန်းတော်တွေအတွက် အိမ်ငှါးတဲ့အခါ အဓိကအချက်နှစ်ချက်နဲ့ စဉ်းစားရတာပါ။ လွတ်လပ်စွာ ချက် ပြုတ်ခွင့်ရှိမရှိနဲ့ သီးသန့်ဖြစ်မှုရှိမရှိပါပဲ။ တစ်ချို့အယူသည်းအိမ်ရှင်တွေက သက်သတ်လွတ်ပဲ လက်ခံတတ် ပါတယ်။ ရွှေပြည်သားရဟန်းတော်တွေကတော့ ငါးပိကျိုချက်ခွင့်ရရေးကို ဦးတည်ချက် ထားရလေ့ရှိပါတယ်။

ပြီးတော့ ရဟန်းတော်တွေပဲ စုပေါင်းနေထိုင်တဲ့အခါ သီးသန့်ဖြစ်ရေးဟာလည်း အရေးကြီးပါတယ်။ ကုလားမ တွေရဲ့ ဆာရီနဲ့ အခြားအရာများလှမ်းထားတဲ့ အ၀တ်ကြိုးတမ်းတွေနဲ့ ကင်းလွတ်ရေးပါပဲ။ တက္ကသိုလ် အဆောင် မှာတော့ ငါးပိကျိုပြီဆိုရင် ပုဏ္ဏားကျောင်းသားတွေ နှာခေါင်းရှုံ့ပြီး ထွက်ပြေးလေ့ရှိတာကိုး။ အင်း ပယ်ရမယ့် ရသတဏှာထဲမှာ ငါးပိရည်ကို စာရင်းမတို့နိုင်သေးသမျှတော့ “သဗ္ဗေမြန်မာ ငါးပိရည်ဋ္ဌိတိကာ” ကိုပဲ ဆက်ရွတ်ရပေဦးမပေါ့။

ဘာပဲဖြစ်ဖြစ် မိတ်ဆွေရဟန်းတော်တွေကတော့ သူ့အတွက် နေရာမျှဝေပေးဖို့ ဖိတ်ခေါ်ကြတာ ကျေးဇူးပါ။ လာနေပါပေါ့။ သူကလည်း တစ်ကိုယ်တည်းအတွက်ဆိုရင်တော့ ကိုယ်ပိုင်အခန်းနဲ့ မနေတတ်တာကြာပါပြီ။ ဗာရာဏသီမှာ သူမခိုမကပ်ဖူးတဲ့ အခန်းရယ်လို့ မရှိသလောက်ပါပဲ။ သူရောက်တဲ့နေရာ၊ သူတည်းခိုမိတဲ့ အခန်းတွေဟာ သူ့စာသင်ခန်းလေးတွေ ဖြစ်ခဲ့ဖူးသေးရဲ့။ တွေ့တဲ့စာအုပ်တွေ လျှောက်ဖတ်ပြမိတာကိုး။ နားညီးတဲ့လူထသွားကြစေပေါ့။ သူ့မိတ်ဆွေရဟန်းတော်တွေကိုလည်း သင်တန်းစည်းကမ်း ထုတ်ပြန်ထား ပါသေးတယ်။ ပျင်းတဲ့နေ့ ကျောင်းမတက်ရ။ စိတ်ကူးပေါ်တဲ့နေ့ အချိန်မရွေးပြန်လာနိုင်သည်ပေါ့လေ။ အဆင် ပြေပါတယ်။ ခုတော့ သူ့အနေနဲ့ သတ်သတ်မှတ်မှတ်ဆိတ်ငြိမ်ကျယ်ဝန်းတဲ့ စာသင်ခန်းလေးအတွက်ပါ စဉ်းစားနေမိတာပါ။

ဘာရယ်မဟုတ်ပါဘူး၊ ဘလော့စာမျက်နှာမှာ တစ်နေ့စာ ကွက်လပ်ချန်မထားချင်လို့ ကောက်ရေးမိတဲ့စာပါ။ ဘာပဲဖြစ်ဖြစ် ဒီနေ့မှာ မှတ်မှတ်ရရ သူ့မယ်တော်ဖြစ်တဲ့ အကယ်ဒမီဒေါ်ချိုပြုံးဆီက ပို့လိုက်တဲ့ သားရဟန်း အတွက် စာလေးတစ်စောင်တော့ ဖတ်ရပါတယ်။ ဗုဒ္ဓဂယာ ဘုရားဖူးရောက်လာတဲ့ တေးရေးဆရာပုဏ္ဏက နဲ့အတူ ထည့်ပေးလိုက်တဲ့ စာလေးတစ်စောင်ထဲမှာ အများဆိုင်စာမျက်နှာတော့ မပါခဲ့ပါဘူး။ ရိုးရိုးလေးပါပဲ။ ပုဂ္ဂလိက အကြောင်းအရာလေးအချို့နဲ့ “စိတ်ရွှင်လန်းချမ်းမြေ့ပါစေ”ဆိုတဲ့စာပိုဒ်လေးနောက်မှာ “မယ်တော်ချို” လို့ လက်မှတ်ထိုးထားရုံလေးပါပဲ။

၂၀၀၈ နှစ်ပတ်လည်စာစောင်မှာ မယ်တော်ချိုရေးတဲ့ စာလေးတစ်ပုဒ်ကိုတော့ သတိရမိပါသေးတယ်။ ဗုဒ္ဓဂယာ ကို ဘုရားဖူးလာရင်း ပြန်ရတော့မယ့်ဆဲဆဲ လေယာဉ်ပေါ်တက်ခါနီး အခိုက်အတံ့လေးကို ဖွဲ့တဲ့စာပါ။
အော် ချိုပြုံးလည်း လွမ်းနေရဆဲပါပဲလား၊ သို့သော် သည်အလွမ်းက လောကီဆန်လွန်းသော အလွမ်းတော့ မဟုတ်၊ သားရဟန်းတို့၏ အနာဂတ်သာသနာ့အရေး မျှော်တွေးအားတက်နေမိသည့် မိခင်တစ်ယောက်၏ မုဒိတာယှဉ်သောအလွမ်းပါပေ” တဲ့။

တေးရေး ဆရာကြီးပုဏ္ဏကကိုတော့ ဗာရာဏသီမြို့ပြနဲ့ ဂင်္ဂါရှုမျှော်ခင်းကို တစ်ညနေခင်းလုံးလိုက်ပြမိ ပါသေးတယ်။ အော်တိုကားလေးစီးရင်း ဗာရာဏသီကို လက်ညွှန်းထိုးပြပြီး ဗာရာဏသီအကြောင်းပြောပြရတာ အရသာရှိပါတယ်။

တေးရေးဆရာကြီးဆီက ကြားရတဲ့ စကားတစ်ခွန်းက ရင်ကို ထိပါတယ်။ သားသမီးတွေရှိပြီး သားသမီးတွေရဲ့ အဖေလို့အခေါ်မခံရတဲ့ အဖေပါဘုရားတဲ့။ ရင်သွေးတွေက Handicapped လေးတွေပါတဲ့။ သူလည်း ရောထွေး ကြေကွဲမိပါသေးတယ်။

မစဉ်းစားတော့ပါဘူး။

21 March, 2010

ကာသိတိုင်းဖြစ်လွမ်းနာ


မလွမ်းပေမယ့်
အလွမ်းတွေသယ်လာတယ်
ဥသြငှက်လေးကိုပါ အောင့်နမ်းမိရသေး

ကျေးစေရတုအယ်လ်ဘမ်အသစ်ပေါ့
အွန်လိုင်းကို ရောက်မလာနိုင်တဲ့
ရေချမ်းစင်လေးရေ
ကန္တာရကိုသာ
ခြုံထားလိုက်ပါရော

ဟောဒီမှာ
ဗာရာဏသီမြို့ကြီးကိုယ်တိုင်လည်း
နွေမြစ်ကျဉ်းလေးတွေထဲ ဆင်းဆင်းငုပ်
ရုပ်လုံးမပျက်ရုံတမယ်ပ

အမေ့ရွာနဲ့ဝေးဝေးလာတဲ့
ဂင်္ဂါ
လှိုင်းပူပူတွေ
ပြာပြာလွင်လွင်တီးခတ်
ရင်ဘတ်တွေသာ ပြောင်းသွားတယ်
တစ်သံသရာလုံးကျောကော့အောင်
ပေါလော

ငါ့ကိုယ်ငါချွေချရင်း
တောအုပ်အသစ်တွေဆီ
ထွက်ထွက်ပြေးတဲ့အခါ
နင်ကျန်ခဲ့မှာပဲ
စိုးမိသတဲ့။

ဓမ္မဂင်္ဂါ
၂၂-၃-၂၀၁၀



20 March, 2010

ပါရဂူဆွမ်းကျွေးများ

ဒေါက်တာအရှင်စန္ဒိမာ(ကန့်ဘလူ)


ဒေါက်တာအရှင်သာသန(ပျော်ဘွယ်)

ဖုန်းတစ်ချက်ဝင်လာရင် ဆွမ်းစားရပြီမှတ်။ ဒီရက်ပိုင်းတွေမှာ ဗာရာဏသီမြို့ကြီးဟာ အလှတရားတွေ စိပ်လာ သလိုပဲ။ ပါရဂူတန်းရဟန်းတော်တွေ တစ်ပါးပြီးတစ်ပါး ကျမ်းတင်ကြ၊ Viva(လူတွေ့စစ်ဆေးခြင်း)တွေ ထိုင်ကြနဲ့ ကျောင်းသားဘ၀ကို နိဂုံးချုပ်ဖို့ ကြိုးစားနေကြတာကိုး။ ပါမောက္ခကြီးတွေစုဝေးရာအခန်းကပြုံးပြုံးကြီးထွက်ထွက် လာတဲ့ မိတ်ဆွေရဟန်းတော်တွေအတွက် မုဒိတာပွားဖို့သူက အဆင်သင့်ဖြစ်နေတတ်ပါတယ်။

သူ့မိတ်ဆွေ ရဟန်းတော်တွေကလည်း ပါမောက္ခဂုရုကြီးတွေရဲ့“ဘန္တေဂျီ အဘိ ပီအိတ်ခ်ျဒီ ဟိုးကယားဟဲ (ဘန္တေကြီးအခု ပါရဂူတန်းပြီးသွားပြီ)” ဆိုတဲ့ နောက်ဆုံးကွန်ဂရက်လေးရှင်းလုပ်လိုက်တဲ့အသံကို ထပ်ထပ်ကြား နေကြဟန်ပါပဲ။ ဘာပဲဖြစ်ဖြစ် ပါရဂူဘွဲ့ရရဟန်းတော်တွေရဲ့ဆွမ်းကျွေးကတော့အရသာအရှိဆုံးဖြစ်မယ်။ ရဟန်း တော်အချင်းချင်းကပ်တဲ့ဆွမ်းက စားရခဲဘိခြင်း။

ပြီးတော့ ရွှေပြည်ကြီးကို ပြန်ရင် တွေ့ဖို့အရေး တကူးတကခွင့်တောင်းရ လောက်အောင် အလုပ်များကြမယ့် ပုဂ္ဂိုလ်ကြီးတွေ ဖြစ်ကြတော့မှာမို့ လက်အုပ်တချီချီနဲ့ ဆွမ်းကပ်နေတဲ့ မိတ်ဆွေရဟန်းတော်တွေကို အားရပါးရ ချီးမြောက်ရပေမှာပ။ တရားပါရဂူတွေမို့ တရားလည်းဟောစရာ မလိုဘူး၊ မေတ္တာသုတ်လေး အားထည့်ပြီး အကြွေးမတင်အောင် ရွတ်ဖတ်ပေးကြရုံလေး ပါပဲ။

ဒီလအစောပိုင်းမှာ ကြွဖြစ်တဲ့ ပါရဂူဆွမ်းကျေးက နှစ်ပွဲတိတိပါ။ ပထမပွဲက ဒေါက်တာအရှင်စန္ဒိမာ၊(ကန့်ဘလူ) ဒေါက်တာအရှင်သီရိန္ဒ(ရေဖြူ)နှင့် ဒေါက်တာအဂ္ဂါနန္ဒ(မြိုင်)တို့ရဲ့ကုသိုလ်တော်။ ဒုတိယပွဲကတော့ ဒေါက်တာ အရှင်သာသန(ပျော်ဘွယ်)ရဲ့ကုသိုလ်တော်ပါပဲ။

ဗာရာဏသီဟိန္ဒူတက္ကသိုလ်ကြီးနဲ့သမ္ပုဏ္ဏာနန္ဒသက္ကဋတက္ကသိုလ်ကြီးတွေမှာ တက်ရောက်ပညာသင်နေတဲ့ ဗာရာဏသီတစ်မြို့လုံးကရဟန်းတော်တွေ စုစည်းခွင့်ရအောင်၊ သာသနာအရေးတွေ နွှေးခွင့်ရအောင် ဆောင်ရွက်ပေးရာရောက်တဲ့ ဒီလိုဆွမ်းကျွေးတွေကို များများကြိုရမယ်။ (အဟမ်း၊)

အလွတ်သဘောဆက်ကပ်ကြတဲ့ မွေးနေ့ဆွမ်း၊ မိခင်ဖခင်တွေကို ရည်မှန်းပြီးဆက်ကပ်ကြတဲ့ ဆွမ်းတွေလည်း ရှိနိုင်သေးတာမို့ စုပေါင်းဆွမ်းစားကြွရေးကော်မတီတစ်ရပ်အနေနဲ့ အနုမောဒနာပြုရန် အသင့်ရှိပါကြောင်းတဲ့။ မိတ်ဆွေရဟန်းတော်တစ်ပါးကတော့ မှတ်ချက်ပေးပါတယ်။

(တကယ်လည်း ဒေါက်တာအရှင်စန္ဒိမာရဲ့ ပါရဂူ ဆွမ်းကျွေးနောက်ရက်မှာ ဖြူးဆရာတော်ကြီးရဲ့သားတပည့် ယခုဖြူးဆရာတော်အရှင်အဂ္ဂ၀ရကဆွမ်းလှူခဲ့သေးသကိုး)

ဒီနေ့ ညနေကလည်း ပါရဂူတန်းကျောင်းသားစဖြစ်တဲ့ လွန်ခဲ့တဲ့သုံးနှစ်လောက်အလိုကတည်းက အများပေး ဒေါက်တာဘွဲ့ရပြီးတဲ့ ဓမ္မဂင်္ဂါရဲ့ချစ်လှစွာသော မိတ်ဆွေအရှင်နေမိန္ဒကို တကယ်ကွန်ဂရက်ကျူလေးရှင်းလုပ်ခွင့် ရလိုက်ပါပြီ။ ငါ့ရှင်ဒေါက်တာ ဆွမ်းကျွေး ဘယ်တော့ကြွရလေမည်နည်း။

ဖော်ပြတဲ့ပုံတွေကတော့ ဒေါက်တာပူပူနွေးနွေးတွေကို ဧည့်ခံစားပွဲပေါ်တင်ချင်တဲ့ ဓမ္မဂင်္ဂါနဲ့ ဧည့်ပါမောက္ခပူပူ လောလောဓမ္မဂင်္ဂါကို လွှတ်ချလို့မရတဲ့ ဒေါက်တာများပါ (ဗွေမယူကြလေနဲ့ ငါ့ရှင်တို့၊ ဘယ်နေရာရောက် ရောက် မခေါ်မပြော မလုပ်ကြလေနဲ့၊ တည်းစရာခိုစရာမရှိရင် တံခါးလာခေါက်မှာ စိတ်ချ)

19 March, 2010

မိဂဒါဝုန်လမ်းမှာ နေသည်


(၁)

မိဂဒါဝုန်သည် သူ့အိပ်မက်ဖြစ်သည်။ မိဂဒါဝုန်တောက လပြည့်ညတစ်ညကို ရင်ခုန်ခဲ့ဖူးသည်။ ယခု သူက မိဂဒါဝုန်းလမ်းမှာ နေပါသည်။ ပြီးတော့ သူက မိဂဒါဝုန်ကို ကဗျာဖွဲ့နေတတ်သေးသည်။ သို့သော် သူ့စကားလုံး များ၏ နယ်ပယ်အလွန်က မိဂဒါဝုန်ကို မဖွဲ့နွဲ့တတ်ပြန်ပါ။ သို့နှင့် ရေးလက်စကဗျာများကို လုံးခြေပစ်ရ လိုက်သည်သာ များသည်။ သို့နှင့် မိဂဒါဝုန်ကို မိဂဒါဝုန်အတိုင်း ထားလိုက်၏။

ပထမဆုံး ဗာရာဏသီနေ့ရက်များတွင် သူ့သင်ယူခဲ့ဖူးသော စကားလုံးများအရ ကျွမ်းဝင်နေပြီးသားဖြစ်သည့် မိဂဒါဝုန်က သူ့ကို သိမ်းပိုက်လိုက်သည်။ သစ္စာစကားလုံးများ၏ မူလမြက်ခင်းစိမ်းများပေါ် သူအကြာကြီး ထိုင် နေခဲ့ဖူး၏။

မိဂဒါဝုန်နှင့်လည်း ခပ်ဝေးဝေးမနေတတ်ခဲ့ပါ။ မိဂဒါဝုန်သည် ဆိတ်ငြိမ်မှုနှင့် အိမ်ငှါးခ ဈေးချိုခြင်းဟူသော စာသင်သားကြိုက်ကောင်းကွက်များ ရှိနေခဲ့ပါသည်။ သို့သော် တက်ရောက်ရမည့် တက္ကသိုလ်မုခ်ဦးဆီ ချဉ်းကပ် ဖို့တော့ ခရီးက ဝေးနေခဲ့ပြန်သည်။ သို့သော် အခန်းလေးကို ချုံ့ဖို့အတွက် ခရီးကို ချဲ့ရပေမည်။

မိဂဒါဝုန်ကို အလွတ်နီးပါးရနေသည့်တိုင် ဓမ္မစကြာကိုတော့ အာဂုံမဆောင်ဖူးသေး။ သို့သော် စာမေးပွဲတွင် အမှတ်ပြည့်ရဖို့အတွက်တော့ အနက်အဓိပ္ပါယ်မှန်သိအောင် သေချာစွာ ဖတ်ခဲ့ဖူးသည်။ “ဘုန်းကြီးဖြစ်ပြီး ပရိတ်ကြီးတောင် ဖြောင့်အောင် မရဘူး” ဟု ရင်းနှီးသည့် တပည့်တစ်ယောက်က ပွင့်လင်းစွာ အပြစ်တင်သည်ကို ပြုံးနေခဲ့ဖူးသည်။

သူ့တပည့်လေးက “ရွတ်ဖတ်ရန်” ဟု ခေါင်းစဉ်တပ်ထားသည့်စာအုပ်မှန်သမျှကို နှုတ်တက် ရအောင် ကျက်မှတ် နေလေ့ရှိတတ်သည်။ ဓမ္မစကြာရွတ်လျှင် ဘုန်းကံကြီးသည် ဟု သူ့ဆရာကလည်း အမိန့်ရှိဖူးပြန်သည်။ ဘုန်းကံကြီးမားခြင်းနှင့် အသားကျအောင် မနေတတ်သောသူက ဒေသနာ၏ နက်ရှိုင်းမှုကိုသာ ဦးညွတ်မိတတ် သည်။

နားလည်မှုသည် သိမြင်ခြင်းအတွက် အထောက်အပံ့ဖြစ်ကြောင်း မကြာခဏကြားရတတ်သည်။ သို့သော် နားလည်မှုကိုတော့ တည်ဆောက်ချင်မှ တည်ဆောက်ကြပေလိမ့်မည်။ ဗုဒ္ဓအရှင်၏ အသံကို နှလုံးသားဖြင့် နားစွင့်ကြည့်မှသာ မိဂဒါဝုန်၏ အလှကို ဖမ်းဆုပ်မိတတ်သည်တဲ့ ။သူလည်း တကယ်တော့ ဘာမှ ကြားတတ်ခဲ့ သည် မဟုတ်သေး။ နှလုံးသား၏ အကြားအာရုံကို မြှင့်ရဦးမှာပါပဲ။

ရှင်ကောဏ္ဍညနှင့် တရားဦးနာပရိသတ်ရဟန်းတော်တို့၏ နားများကို အံ့သြကြည်ညိုရသည်ကပင် ကျေနပ် ဖွယ်ရာဖြစ်နေသည်။ ကြားသည့်အသံချင်း၊ စကားလုံးချင်းတူသော်လည်း သူ့နှလုံးသားက နှေးနေသည်။ မည်သို့ ဖြစ်စေ သူက မိဂဒါဝုန်လမ်းမှာ နေပါသည်။

(၂)
သူနေသည့် အခန်းလေးက မိဂဒါဝုန်လမ်းပေါ်တွင် တည်ရှိသည်။ မနက်ဖြန် သို့မဟုတ် ယခုလမကုန်မီ တစ်ရက်ရက်တွင် ပြောင်းရွှေ့ပေးရတော့မည့် အခန်းလေးကို ငြိကပ်နေသေးသည်မှာ ပျော့ညံ့မှုတစ်မျိုးဖြစ် လိမ့်မည်။

သူ့အခန်းလေးက သူ့မိတ်ဆွေများ၏ နံနက်ခင်းတံခါးခေါက်သံများနှင့် ထိစပ်နေသည်ကို သူက ပျော်မွေ့ နေတတ်သည်။ ပြီးတော့ တိဘက်တက္ကသိုလ်စာသင်ခန်းလေးနှင့် ချိတ်ဆက်နီးကပ်နေသော အားသာချက် ကိုလည်း သူက မက်မောနေပြန်သေးသည်။

ဥပါဒါန်ဆိုသည်က သည်လိုအမွှမ်းတင်ရသောမျက်နှာစာမျိုး ရှိနေတတ်သည်။ ပိုင်စိုးဝေကြီး၏ ကဗျာအပိုင်းအစ တစ်ခုကို ရေချိုးခန်းဝင်ခါးနီးတိုင်း သရဇ္ဈာယ်လေ့ရှိသော မိတ်ဆွေရဟန်းတစ်ပါးကို အမှတ်ရလိုက်၏။

အော် မစိမ်းမြ၊မစိမ်းမြ
အချောမသတ်ရသေးတဲ့
ဒုက္ခကြမ်းရှရှကြီးကိုမှ
ငါ့ရင်ခွင်ထဲ
ပစ်ထားခဲ့ရက်လေခြင်းနော်” တဲ့။

အော် ဒုက္ခချောချောလေးတွေ မတွေ့မချင်း...။
စိတ်ကြိုက်အခန်းလေးမတွေ့မချင်း သူ့ဘလော့စာမျက်နှာများ အသက်ရှူဝနိုင်ဦးမည်တော့ မဟုတ်ပါ။ ကဗျာ ယောင်ယောင်လေးများ ခပ်အစ်အစ်ထွက်လာတတ်သေးသည်ကိုတော့ ကျေးဇူးတင်ရသေးသည်။မည်သို့ဖြစ်စေ သူ့မိတ်ဆွေများက ဂင်္ဂါကမ်းစပ်မှာ မုန်တိုင်းများဖြစ်နေသည်။ ဂင်္ဂါကိုယ်တိုင်ကတော့ လှိုင်းမရှိသော မြစ်ဖြစ် နေပြန်သည်။

ဤနေ့ရက်များတွင် သူ့စာသင်ခန်းလေးအတွက် စာဖတ်ချိန်များကို မြှင့်နေရပြန်သေးသည်။ မဇ္ဈိမဘာသာ စကားတစ်ခုကို မဇ္ဈိမသားမဟုတ်သောသူက ပြန်လည်ထမ်းပိုးလာရခြင်းဖြစ်သည်။ အများဆုံး ကျောင်းသားငါး ယောက်ထက်မပိုဟု ခန့်မှန်းထားသော သူ့ပါဠိစာသင်ခန်းလေးက ဖြည်းဖြည်းချင်းမြင့် တက်လာသောအမည် သစ်များဖြင့် ခမ်းနားလာသည်မို့ သူကိုယ်တိုင် ကျောင်းသားဘ၀ကို အရေးပေါ် ခုန်ဆင်းချလိုက်ရသည်။ဆရာဟု လက်မှတ်ထိုးမိမှတော့ အမြဲတမ်းကျောင်းသားဖြစ်ရတော့သည်မဟုတ်လား။

သူ့မှာ စကားလုံးများရှိနေသည်။
သူ့မှာ မိဂဒါဝုန်ရှိနေသည်။
သူ့မှာ ရှိမနေသည်က သူကိုယ်တိုင်ဖြစ်သည်။

18 March, 2010

ဖဿပစ္စယာ မြစ်


စီးတော့ စီးချင်သား
လှေကလေးတွေက
ဂနာမငြိမ်လွန်းလို့သာ

မိုးရွာတိုင်း
အရင်းအမြစ်မဖြစ်ဘူး
သောကတွေပဲ
လှော်ခတ်သွားခဲ့ကြပေါ့

အရိပ်မြင်တိုင်း
ကမ်းမဟုတ်ဘူး
ဒါပေမယ့်
နားမိသေး

လောင်နေတဲ့ အပြုံးက
ငြိမ်းလိုက်မှ
ပိုတောက်တယ်

ငါ့စာအုပ်လေးကို
မလှန်လိုက်နဲ့
မြစ်တွေကို ချည်နှောင်ထားတာလေ

ဓမ္မဂင်္ဂါ
၁၈-၀၃-၂၀၁၀



16 March, 2010

သင်္ခတရာသီ


ခနဲ့ပြုံးလေးထဲမှာ
လောကဓံအကုန်လုံး
မွန်းတယ်

ညီမလေးရေ
ငိုချလိုက်

တစ်ချို့မေးခွန်းတွေက
ရင့်ကျက်လွန်းပါတယ်
မျက်ရည်နဲ့ပဲ
ကွက်လပ်ဖြည့်လိုက်
နုခွင့်ရှိတုန်းလေး

တရားနဲ့ဖြေရမယ့်နေ့ကျမှ
ငါ့ကိုလည်း
လက်ပြသွားပေါ့ကွယ်

ဓမ္မဂင်္ဂါ
၁၆-၃-၂၀၁၀

(ယောဂီမဖြစ်တဖြစ်ညီမလေးများသို့)



14 March, 2010

သံသရာအော်လ်တာနေတစ်ဗ်


ပြတင်းပေါက်လေး
ဝယ်လိုက်တယ်

လေညှင်းနဲ့
လရောင်ကိုဖမ်းဖို့
ဖြစ်သင့်တာက
ငါ့ကိုယ်ငါထွက်ပြေးဖို့

လူလူသူသူ
ညတွေပဲ
ဝတ်စုံပြည့်မျက်ရည်နဲ့

ငါပဲ
နင့်ကိုမုန်းလိုက်ရတာ။

ဓမ္မဂင်္ဂါ
၁၅-၃-၂၀၁၀

13 March, 2010

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ(၇)


(၁)

“ဦးဇင်းဘုရားရေ တရားနာပရိသတ်တွေကတော့ လန်ထွက်နေပေါ့ဘုရာ့၊ ထိုးထားတဲ့ မဏ္ဍပ်ထဲမှာတောင် မဆန့်တော့လို့ လမ်းမတွေပေါ်မှာ ဖျာတွေရော ယိုင်ပတ်တွေပါ ခင်းထားရပြီဘုရား”

ဤသို့လျှင် တရားပွဲသတင်းစကားကို အားတက်ဖွယ်ကြားရပေတော့၏။ အော် ဆွေတရား မျိုးတရား အကျိုးများအောင် မောင်ဘုန်းတစ်ပါး ဟောကြားရပေတော့မည်။ လေအဝှေ့နှင့်အတူ တစ်ချက်တစ်ချက် ဆောင့်တက်ကာ မွှေ့ပေသော ဖိုးလေးမြ၏ နိဗ္ဗာန်ဆော်သံကို အခံခက်သည့်တိုင် တရားအလေ့တွင် အမွေ့ ကြီးမွေ့ကြသည့် သူ့အမျိုးများကိုမူ အားရကျေနပ်မိရချေသည်တကား။

ဖိုးလေးမြ မည်သို့အော်၍ မည်ပုံပင် ဆော်စေကာမူ ခန္တီစတရားဖြင့် ပြန်ရီ(ရယ်)မပြနိုင်အားသော်လည်း သည်းခံရပေတော့မည်။ သို့သော် ဖိုးလေးမြကား ဘွဲ့များကို အလွဲရွတ်ဖတ်ကြေငြာရုံမျှနှင့် မပြီး “ ကျွန်တော် များရဲ့ ရွာလေးကို ခုလို နိုင်ငံတကာ (၇)ဘွဲ့ရဆရာတော်တစ်ပါး ကြွရောက်ချီးမြှင့်တာဟာဖြင့် ပထမဆုံးနဲ့ နောက်ဆုံး ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်ခင်ဗျား။” တဲ့။ ဘယ့်နှာပါလိမ့်။ ပထမဆုံးနဲ့ နောက်ဆုံးဆိုပါကလား။ သူသည်ပင် နားမ၀င်ချင်သော်လည်း ဖိုးလေးမြစကားကို နား ဆင်ရချေသေး၏။

“ပရိတ်ချည်ဆရာတော်ဆိုတော့ တော်ရုံတန်ရုံသာမညောင်ည ကချွတ်ကချော် ရွာကျော်ရပ်ကျော်၊ ချောင်းကျော် မြောင်းကျော်ပွဲမျိုးကို နောင်များမှာ ကျွန်တော်များကို သနားသော်လည်း လာရောက်ဟောချင်မှ ဟောနိုင်တော့ မယ်ကိုးဗျာ၊ နော်ကွယ် မောင်သောင်းရွှေ”။ နိဗ္ဗာန်ဆော်ကြီးကား ဘေးမှ စာကြည့်တိုက်မှူး ကိုသောင်ရွှေကိုပင် မိုက်ခရိုဖုန်းထဲမှ လှမ်းညှိလိုက်ပေသေးသည်။

“အတိုင်းတိုင်းအပြည်ပြည်က မင်းတွေ ဆက်ကပ်ထားတဲ့ ဘွဲ့တံဆိပ်တော်တွေကလည်း အများသားမို့ ကျွန်တော်များရွာလေးနဲ့ လားလားမှ မထိုက်၊ ကျွန်တော်များကလည်း ဆရာတော်ဘုရားရဲ့ ဂုဏ်တော်နဲ့ကိုက် အောင် အနာမာသ၀တ္ထုတွေနဲ့လည်း ဦးခိုက်ပူဇော်နိုင်မယ် မဟုတ်ပေဘူးဗျနော်။ ”

ခုပွဲကလည်း ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်ဆရာရှင်နဲ့ မိခင်ဖခင်တွေ ကျန်းခန့်သာကြောင်း သတင်းကောင်းကြားလို၍ ကြွလာတဲ့အခိုက်မှာ အလိုက်ထိုက်လေးဟောတဲ့ပွဲပေကိုးဗျ။ သားကောင်း တစ်ယောက် ကျောက်ကောင်းတစ်စေ့ မွေးဖွားသန့်စင်ပေးလိုက်ကြတဲ့ ဖိုးကျော်သန်းတို့ မိရွှေမြင့်ခင်တို့ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ အသက်ရာကျော်ရှည်ကြ ပါစေ၊ နိဗ္ဗာန်တိုင်ပေါက် ရောက်နိုင်ကြပါစေ။”

စိတ်ကူးလည်း ပေါက်၊ ရောက်တတ်ရာရာ ပြောလည်းပြောတတ်ပါပေသော ဖိုးလေးမြတည်း။ ပရိတ်ချည်ဆရာ တော်တဲ့။ အနာမာသ၀တ္ထုနဲ့ ထိုက်အောင် ပူဇော်နိုင်မှာမဟုတ်လို့ နောက်တစ်ကြိမ်ကြွချင်မှ ကြွနိုင်တော့မှာ တဲ့။ နိဗ္ဗာန်ဆော်တရားအညွှန်းထဲမှာလည်း သူ့မိခင်ဖခင်များကိုပါ ဆွဲထည့်လျက် ရွှန်းရွှန်းဝေအောင် မေတ္တာဖောင်ဒေးရှင်းချလိုက်ပေသေးသည်။

ဖြစ်ချင်ရာဖြစ်ကြပစေတော့။ တရားပွဲကိုသာ မြန်မြန်ဟော မြန်မြန်နိဂုံးချုပ်လိုက် ချင်ပါပြီ။

“မောင်ပဉ္ဇင်းရေ ဦးလေးမြကတော့ အဆိုကောင်း အပြောကောင်းဘုရာ့။ ဒီနယ်တစ်ကြောမှာ အဟော အပြော ဘက်ကတော့ ဦးလေးမြမှီသူ ဘယ်ရှိလိမ့်မတုန်း”တဲ့၊ သူ့အနားတွင်ဆေးပေါ့လိပ်ခဲရင်းခပ်ဟဲဟဲဖြစ်နေရှာသည့် ဓမ္မကထိကခမည်းတော်ကြီးက ပြုံးပြုံးကြီးပြောလေ၏။ ဟုတ်ပေမှာပဲ။ ခမည်းတော်ဘုရား၏ အမည်နာမကြီးက ဖိုးလေးမြ၏ မိုက်ခရိုပါးစပ်အသိမ်းတွင် ဟိန်းဟိန်းကြီးမည်နေတော့သည်ကိုး။

(၂)

မည်သို့ဖြစ်စေ သူမျှော်လင့်နေသော ဓမ္မသဘင် ဆင်ယင်ကျင်းပမည့်အချိန်ကား အမှန်တကယ် ရောက်လာခဲ့ ပါ၏။ ဓမ္မကထိကလက်သစ်တစ်ပါးဖြစ်သည့် သူ့အနေဖြင့် ငယ်ဆရာသခင် ကျောင်းကြီးရှင်ထံမှ တရားပလ္လင် မတက်မီ သြ၀ါဒစကားကို နာကြားရပေမည်။ ဆရာသခင်သည်လည်း မွေးမြူမိသော တပည့်မျောက်လောင်း လေးက ရွာကျော်ရပ်ကျော် နိုင်ငံကျော်ကမ္ဘာကျော်ဟု နိဗ္ဗာန်ဆော်ကြီးက ကုန်းအော်ရလောက်အောင် ဘုန်းတောက်သွားသည်ကို ပီတိမျက်လုံးဖြင့် ခပ်ပြုံးပြုံးကြီးမှာပါလေတော့၏။

“ မောင်ပဉ္ဇင်းကို ဆရာစကား အများကြီးမပြောလိုပြီ။ ဆရာသင်ပေးလိုက်နိုင်သည်က အခြေခံစာမျှသာ ဆို သော်လည်း မောင်ပဉ္ဇင်းရဲ့ ဇွဲလုံ့လ ဥဿာဟနဲ့ အခြေခံပညာကို တိုးပွားအောင်အားထုတ်၍ ကောင်းကင် တမွတ် ကြယ်တွေလတွေပါ ဆွတ်နိုင်ခဲ့သောကြောင့် ယခုဆိုလျှင်တက္ကသိုလ်ပြည်က အဋ္ဌာရသပညာတွေ တောင် တတ်နေမင့်ဟာပဲ။”

“သို့သော်လည်း ပညာရှိတို့မည်သည် ဆိုခဲစေ မြဲစေပ။ မောင်ပဉ္ဇင်းရဲ့အမည်နောက်မှာ အတည်ပေါက်ရေးထားတဲ့ ဘွဲ့တော်တွေက ငါဆရာကိုယ်တိုင်ပင် ခပ်ရှိန်းရှိန်းဖြစ်လေသည်မို့ အများသူငါ ၊ ပိဋကတ်စာနဲ့ ဝေးသူ ကျေးတောသူ ကျေးတောသားတို့မှာ ဆိုဖွယ်ရာမရှိ ငုံးတိတိနဲ့ ယုံမိယုံရာ ယုံကြရှာပေတော့မည်။ ”

“မောင်ပဉ္ဇင်း၏ နှုတ်ထွက်စကားရပ်ကို အကုန်ပိဋကတ်ဟု ရောက်လာသမျှသောပရိသတ်က ယုံမှတ်ကြပေတော့မည်။ မောင်ပဉ္ဇင်း အပြောလွဲသည့်တိုင် သဘောတရားအမှန်ပဲဟု စွဲကြပေတော့မည်။ ထို့ကြောင့် ချစ်တပည့် မှတ်လေ။ “စကားဆို မရမ်းနှင့်။ တရားဆို မဆန်းနှင့် ”တဲ့ကွဲ့။ ဆိုတော့ကွယ် အဆန်းလည်း မထွင်ပါလေနဲ့ ။ အရမ်းလည်း မ၀င်ပါလေနဲ့၊ မောင်ပဉ္ဇင်းတို့တတ်ပွန်တဲ့ ဘိလပ်စကားကို ဆရာဘုန်းကြီး တစ်လုံးစနှစ်လုံးစ မှတ်မိသမျှလေးနဲ့ နိဂုံးချုပ်တော့မည်။ မန့်ခ်(monk)က မန့်ခ်လိုမနေရင် မန်းကီး(monkey)နဲ့ နီးတတ်သတဲ့ ကွယ်ရို့။ ငါ့တပည့်မြဲမြဲမှတ်လေ ” တဲ့။

အော် ကောင်းလေစွ၊ မှတ်ထိုက်လှပေစွ၊ ဦးညွတ်လိုက်နာသင့်ပေစွ။ ဆရာသခင်၏ စာသံပေသံ၊ ဘိလပ်သံ၊ အရပ်သံပါသောသြ၀ါဒတော်ကြီးသည်ကား ဓမ္မကထိကလက်သစ်၏ တရားလက်ဖြစ်ဟောမည့် အကြံသာ ရှိခဲ့ပါက အမှန်ပင် နောက်တွန့်သွားစေနိုင်လေသည်တကား။

နိုင်ငံခြားပြန်တပည့်ကို တစ်လုံးစ နှစ်လုံးစသော ဘိလပ်စကားဖြင့် အမှားမလိုက်အောင် တအားရိုက်ထည့် လိုက်လေသော ဆရာမြတ်ပေတကား။

(၃)

သို့သော် ဤမျှဖြင့် သူ့ဝန်တာမပြီးသေး။ ပလ္လင်တော်ဦးဆီသို့ တရားစိတ်ကူးဖြင့် ယတ်တောင်ကိုထမ်း သင်္ကန်းကို ရုံလျက် ချီတက်ကြွသွားရန် အသင့်ဖြစ်စဉ် နောက်တော်ပါးက ရွှေထီးဆောင်း၊ ငွေထီးဆောင်း သောင်းသောင်းဖျဖျ ၀န်းရံလိုက်ပါကြလေမည့် ကျောင်းဒကာ၊ ဘုရားဒကာ၊ တရားပွဲဖြစ်မြောက်ရေးကော်မတီ မင်ဘာလူကြီးမင်းများ၏ စကားကိုလည်း နာယူရပေသေး၏။

“ ဦးဇင်းဘုရားရေ ကျောင်းထိုင်ဘုန်းဘုရားက မည်သို့ပင် မိန့်ကြားသော်လည်း ပလ္လင်ပေါ်ရောက်သွားမှတော့ ဦးဇင်းဘုရားတရားပေါ့ဘုရာ့။”

”တပည့်တော်များက ငါတို့ဦးဇင်းဘုရားက ကျွမ်းကျင်တာက ဆယ့်နှစ်ဘာသာ။ နိုင်ငံတကာဘွဲ့တွေက စုံ။ ကမ္ဘာလည်း ကုန်လုနီးပါးရောက်ပြီးပြီလို့ ရှိသမျှလူကုန်နဲ့ ရွာလုံးတုန်အောင် ကြွားပြီးပြီနော်ဘုရား။ ”

“ရွှတ်ရှက်ဒွတ်ဒက်လေးနဲ့ ခပ်ထက်ထက်လေးဟောမှဘုရာ့။”

“ ဦးဇင်းဘုရားရဲ့ ကွန်ပြူတာတော်ကြီးလည်း မသယ်လို့မဖြစ်ဘူးနော်ဘုရား”

“ဒါနကထာ သီလကထာတွေကတော့ ရွာနီးချုပ်စပ်က ဆရာတော်တွေ ဟောကြလွန်းလို့ အပ်ကြောင်းထပ်ရုံမက စီဒီပွန်းအောင် နာကြရလှပါပြီ ဦးဇင်းဘုရားရယ်။”

“နိုင်ငံခြားအတွေ့အကြုံအဆန်းအသစ်လေးတွေနဲ့ လက်ဖြစ်တရားသဘောကို ဟာသစကားလေး နှောပြီး ပွဲကျအောင် ဟောမှကိုးဘုရား”

“တရားခေါင်းစဉ်လေးတွေလည်း နုနုလေးတွေမှနော်ဘုရာ့၊ အချစ်တွေ သံယောဇဉ်တွေ အနမ်းတွေ အကြင်နာတွေ များချင်သလောက်များဘုရား။ ရွာသူတွေဆိုပေမယ့် ဒီက လေဒီလေးတွေကလည်း ခေတ်မှီကြပါတယ် ဘုရာ့။ သမုဒယပွားတရားလေးတွေကိုမှ ရွေးနာချင်ကြသကိုး ကိုယ်တော်ရဲ့”

ဤသည် ဤမည်သော ဒိုင်ယာလော့ခ်ပုဒ်စုတို့သည်ကား တရားပွဲဖြစ်မြောက်ရေးမင်ဘာ လူကြီးမင်းများ၏ တစ်ယောက်လျှင် တစ်ပေါက်နှစ်ပေါက်မက သုံးလေးခါပင်ပေါက်ကြကာ နှီးနှောဝေဘန် အကြံကုန်ပေးကြလေ သော စကားများပင်တည်း။

အော် ဟုတ်ပေ၏။ တရားအမည်လေးကလည်း ပေးရပေဦးမည်။ ဆရာ့စကားတော်အရ တရားဆိုသည်က ဆန်း၍ မဖြစ်၊ သို့သော် တရားပွဲဖြစ်မြောက်ရေးကော်မတီမင်ဘာတို့၏ တွန်းချက်ညွှန်းချက်အရ တရားက လန်းရပေလိမ့်မည်။ နိုင်ငံခြားအတွေ့အကြုံလေးများဖြင့် ဖမ်းစားရပေဦးမည်။ ဘာသာစကား ဆယ့်နှစ်မျိုးဆိုသဟာကြီးကလည်းပါ၊ ဟာသလေးကလည်း နှော၊ နာမည်ချောချောလေးကလည်း ပေး။ မလွယ်ရေးချ မလွယ်လှသော မဟာအထူးတရားပွဲပေတကား။

ဆရာဘုန်းကြီးစကားနှင့်ဆိုရသော် မန့်ခ်ချင်မန့်ခ်၊ မမန့်ခ်လျှင်တော့ အဟမ်း အဟမ်း...ဟုသာ ချောင်းတစ် ချက်ဆိုးဟန်ပြု၍ ပလ္လင်တော်ရှိရာ တရားမဏ္ဍပ်သို့ ရှေးရှုချဉ်းကပ်ရလေတော့သတည်း။

12 March, 2010

ဓမ္မဂင်္ဂါအိုင်ဒိုးလ်


ငါ့မျက်နှာကို
ငါတည့်တည့်ကြည့်...

ဆိုင်မွန်ကိုဝဲလ်နဲ့တူလာသတဲ့လား
ငါ့ကိုယ်ငါတော့
ဖွဖွလေး

ပြီးတော့
လေ ပိုတိုက်ဖို့လိုတယ်

ဂါဒီနဲ့ အဲလင်ကိုပါဆွဲခေါ်လာခဲ့..
ပြောရိုးပြောစဉ်ဂျက်ခ်ဆင်လို ငတိကြီးတွေလည်း
လိုအပ်ချက်ပဲ

ဟုတ်ပြီ
အဆင်သင့်ဖြစ်ရင်
ဆောရီးတွေ တပွေ့တပိုက်နဲ့

လက်ခုပ်သံတွေပေါ်
ငါ
ရဲရဲပဲ ချော်ကျပစ်လိုက်တယ်။


ဓမ္မဂင်္ဂါ ၁၃-၃-၂၀၁၀

မှတ်စု-ဆိုင်မွန် ကိုဝဲလ် (Simon Cowell) အမေရိကန်အိုင်ဒိုလ် (American Idol)၏ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဒိုင်လူကြီး။ အယ်လင် (Ellen DeGeneres.)ဂါဒီ( Kara DioGuardi) ဂျက်ခ်ဆင်(Randy Jackson)

11 March, 2010

ကိုနောရဲ့တစ်ယောက်တည်းခြောက်တဲ့တစ္ဆေ

“ချစ်သား လောက၌ သေသောသူကိုသော်လည်း ရည်မှန်း၍ ငိုကြွေးကုန်၏။ အသက်ရှင်လျက် ပျောက်ဆုံးနေ သူကိုသော်လည်း ရည်မှန်း၍ ငိုကြွေးကုန်၏။

အကြင်သူသည် ၀တ္ထုကာမဂုဏ်တို့ကို စွန့်ပြီးဖြစ်လျက် တစ်ဖန် ဤလူ့ဘောင်သို့ ပြန်လည်လူထွက်လာ၏။ ထိုသူကိုလည်း ရည်မှန်း၍ ငိုကြွေးကုန်၏။ ဤစကားမှန်၏။ တဖန် ထိုလူ့ဘောင်သို့ ပြန်လည်လူထွက် လာသောသူသည် အသက်ရှင်သော်လည်း သူသေနှင့်တူ၏။


“ချစ်သား အိမ်ရာတည်ထောင်ခြင်းဟူသော ပြာပူမှ တက်ပြီး၍ ပြာပူသို့ ဆင်းခြင်းငှာ အလိုရှိဘိ၏။ချစ်သား ချောက်မှ တက်ပြီးဖြစ်လျက် ချောက်သို့ ကျခြင်းငှါ အလိုရှိဘိ၏။
(သဂါထာဝဂ္ဂသံယုတ်ပါဠိတော်မြန်မာပြန်)


တစ္ဆေကိုက်တဲ့ သင်္ကြန်


မထင်မှတ်ပဲ ပေါက်သွားတဲ့ ဇာတ်ထုပ်
အခုတော့ ကပ်ရှုပ်နေရဲ့
ကိုယ်က အားထည့် ကခဲ့မိတာကိုး....။

မြစ်ကိုကျော်ဖြတ်ရင်း
ကောင်းကင်ကို တည့်မတ်ခဲ့ချင်ရဲ့။
သပိတ်တစ်လုံးနဲ့ စာပုလွေကိုထမ်း ရဟန်းတစ်ပါးရဲ့ သာသနာလမ်းမှာ အလွမ်းများ ဆိတ်သုဉ်းစေသတည်း ။ ဟိုး မြူမှောင်ဝေကင်း နံနက်ခင်းတွေထဲ ပိတောက်သီချင်းတွေနဲ့ သွန်းလောင်းကြ၊ အပြုံးတွေ ဖိတ်စင်ကြ.။ တူးပို့သံတွေပေါ် စကားလုံးတွေ ပြုံးပြုံးပျော်ပျော်ချော်လဲကြ။ အော် ရဟန်းငယ်လေးတစ်ပါးရဲ့ ပြတင်းတံခါးကို လောကုတ္တရာတစ်ခြမ်းနဲ့ ပိတ်ဆို့သင့်လိုက်ပါပေရဲ့။ ခုတော့ ....။

`ဦးနော ဒီကလေ...
မျိုသိပ်ရတာ မနည်းမနော
စောင့်ခဲ့ရတာ ဖတ်ဖတ်မော
သင်္ကြန်မတိုင်ခင် ပြတ်ပြတ်ပြော
ခင်လေးအသက် အစိတ်ပြည့်ပြီရှင့်...။´

မိုးက ပြိုက်လိုက်၊ နေက မြှိုက်လိုက်၊ လေကတိုက်လိုက်နဲ့ ရဟန်းတစ်ပါးရဲ့ နွေဦးဒိုင်ယာရီထဲမှာ ဒီလိုမျိုး ဥပါဒါန်အရင့်အမာနဲ့ ငှက်တစ်ကောင်ဟာလည်း လာနားနိုင်တာပါပဲ။ ရဟန်းတစ်ပါးဟာ ရဟန်းဖြစ်နေရုံနဲ့ သံသရာကြောက်သူကြီးတော့ မဟုတ်ခဲ့လေဘူး။ အရိယာစည်းဝိုင်းအပြင်ဘက်မှာ ချစ်ခြင်းမေတ္တာနဲ့ ကင်းသွား ပြီလို့ ခပ်တည်တည် ငြင်းခွင့်မရှိ။

ဣနြေ္ဒကို ထိန်း၊ ဦးပြည်းစိမ်းစိမ်း၊ နှလုံးသားလည်း စိမ်း ၊ မတိမ်းညွတ်မိအောင် နေမယ့်ဟန် ။ သင်္ကြန်တော် ဦးမှာ စိတ်ရူးကို မွှေခဲ့ပေါ့။ ပိတောက်ဖူးတွေ ကြွေခဲ့ပေါ့။


`တောခိုချင်စိတ်ရယ်နဲ့ သပိတ်ကိုလွယ်,
သားရေနွယ်တဲ့ ရှာတုန်း....၊
ချောင်အနီးမှာလ,

မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ်

မင်း.....လိုက်ခဲ့ဦး.....။´


ဝိမုတ္တိမုခ်ဦးမှာ ရပ်နေမိသူပေါ့။ ရဟန်းတစ်ပါးရဲ့ လမ်းဟာ အနှောင်အဖွဲ့တွေကို ခွာချရစမြဲ၊ ခုတော့ ခွာချထား တာတွေကိုမှ လှအောင် ဖွဲ့မိပြန်သတဲ့။ ခြေလှမ်းဦးက တိမ်ရူးတွေ မြူးရာဆီ၊ အော် တိမ်တွေကြားမှာ စိတ်ဟာ ကောင်းကင်အသားစကို ဆွဲခွာမိခဲ့။ တစ်ယောက်တည်း နေချင်လို့ စိတ်လိုလက်ရနေမိတဲ့အခါ ၀ိဝေက ချမ်းသာတဲ၊့ ခုတော့ ထီးတည်းခေါင်းပါးစွာ ။ ကဗျာတွေရေးပြီး ကဗျာငတ်တဲ့ ရဟန်းတစ်ပါး။

(၀ါး...ဟား...ဟား....ဟီး ဟီး...ဟဲဟဲ...ခစ်ခစ်...ခစ်...အဟစ် အဟစ်)
ရယ်ရတယ် ဟေ့.....၊
ကိုယ်ကတော့ မရယ်နိုင်
တမှိုင်မှိုင်ပေါ့...၊
အသိနဲ့သတိကို ဆွဲစပ်

တွဲကပ်ဖို့ ကြိုးစား

အာရုံကို ဆွဲစု

အလုပ်တစ်ခုထဲ သော့ခတ်ထားလိုက်
ပစ္စုပ္ပန်ကို မျိုချလိုက်
အတိတ်တွေဟာ မိတ်ဆွေ မဟုတ်လားကွယ်...?


လောကကို ငဲ့ပေမယ့် လောကီမဲ့နေ့ရက်တွေထဲ၊ မြင့်မြတ်တဲ့ ကျမ်းစာတော်တွေထဲ အသည်းကွဲရဟန်းတစ်ပါး ရဲ့ နေ့ရက်တွေကို ခေါက်ညှပ်သိမ်းဆည်း။ ဘာပဲဖြစ်ဖြစ် ပြက်လုံးတစ်ခုရဲ့ ကုန်ကြမ်းလို့ ဘယ်တုန်းကမှ ခေါင်းမညိတ်ခဲ့ဘူး။ ဒါဟာ ဒေသနာနဲ့အညီ ချစ်ခြင်း၊ ဒေသနာနဲ့ အညီ ကွေကွင်းခြင်း၊ ဒေသနာနဲ့ အညီ သောက ။ .ဒေသနာနဲ့အညီ အလွမ်း..။ ဒုက္ခသစ္စာရဲ့ အနက်ကို ကိုယ်တိုင်ဖွင့်ကြည့်မိတော့ ခါးတယ်။

`ဆယ်နှစ်ကျော် ပျိုးခဲ့တဲ့အပင်
အခုမှ ဖူးပွင့်စ ကိုယ့်ကို ချက်တဲ့ ဖိုချောင်ယံအတွက်
ရှင်သန်ခဲ့တဲ့ မြေယာအတွက်

အသီးလေးတော့ ကြွေချင်သေးတယ်,

အစဉ်အလာအရ မင်းမှာလည်း အခြားရှိဦးမှာပါ....၊´

ရဟန်းဆိုတာဟာ တစ်ကိုယ်တည်း လွတ်မြောက်ချင်ရုံသက်သက်လေးနဲ့ အိုးအိမ်က ထွက်လာသူမဟုတ်ပေ ဘူး။ မြင့်မြတ်တဲ့သာသနာ့ဝန်ကို ပုခုံးနဲ့ရော စိတ်နှလုံးနဲ့ပါ ၀င်ရောက်ထမ်းရွက်ခြင်းလည်း ဖြစ်ပေရဲ့။ ဒီတော့ လည်း နှောင်ဖွဲ့ချင်ရုံ သက်သက်နဲ့တော့ အိုးအိမ်ဆီပြန်မလှည့်သင့်ပေဘူးတဲ့။ ထမ်းလက်စ၀န်ကို ဘယ်သူ့ပုခုံး ပေါ် ပစ်ချခဲ့မလဲ။ ဒီလိုနဲ့ သာသနာနှစ်နှစ်ထောင့်ငါးရာလွန် မြတ်သောဝန်ကို အားသွန်ခဲ့တဲ့ ရဟန်းတွေထဲ အပျော်ကို၊ဆန္ဒကို၊ဘ၀ကို မြှုတ်နှံခဲ့တဲ့ ပုထုဇဉ်ရဟန်းများကိုလည်း ငါဦးညွှတ်မိတော့ရဲ့။

ရဟန်းတစ်ပါးအဖြစ် ပျိုးမိတဲ့အပင်က သီးနေပြီပဲကွယ်။ အဲဒီပန်းကို တစ်ယောက်တည်းမပန်ပါတော့နဲ့လား။ ရဟန်းတစ်ပါးရဲ့ ဖြစ်စဉ်မှာ အသက်ရှူသံများစွာရဲ့ ချွေးနံ့တွေ လွင့်လာတယ်။ ရဋ္ဌပိဏ္ဍဆိုတဲ့ စကားလုံးဟာ တိုင်းသားပြည်သူတို့ရဲ့ ဆွမ်းတဲ့။ သာသနာတော်အတွက် ရဟန်းတစ်ပါးပေးဆပ်ရမယ့် လေးလံတဲ့ ကြွေးမြီ။ ရှင်သန်ခဲ့တဲ့ မြေယာအတွက် အသီးလေးတော့ ကြွေချင်သေးတယ် တဲ့။ အော် .....။ နှစ်ယောက်အတွက် တစ်ကမ္ဘာထက် တစ်ကမ္ဘာအတွက် နှစ်ယောက်ဖြစ်ကြစို့လား။

`ဒီကောင်လေးက အေးပါတယ်´
သတင်းစကား ချိုလား ခါးလား...?
နှလုံးသားက ငိုလား ပြုံးလား....?
လက်ကိုင်တရား တောင်သွား မြောက်သွား....။

စွန့်လွှတ်ရခြင်းမှာ ရဲရင့်ရပါတယ်။ ပေးဆပ်ရခြင်းမှာ အားစိုက်ထူထောင်ရပါတယ်။ရဟန်းတစ်ပါးရဲ့ နှလုံးသား မှာ ကရုဏာတွေ စိုလက်နေခဲ့တာပါပဲ။ ကရုဏာမှာ စွဲလမ်းကပ်ငြိမှုပါဝင်ကြောင်း မငြင်းလိုတော့ပေမယ့် ရဟန်း ဘ၀ဆိုတာ နာကျင်နေတဲ့လောကကမ္ဘာမြေအတွက် အရိပ်ရသစ်တစ်ပင်ဖြစ်ကြောင်းသေချာတဲ့နေ့စွဲတွေဆီ နှလုံးသားကို ချိတ်ဆက်ခင်းကျင်းလိုက်ပြီ။

“နှမလက်လျှော့နေလေတော့”ထက် “မောင်ကြီး လက်လျှော့လိုက်ပါရစေတော့” ...။တိုးတိုးရွတ်မိတဲ့နာမည်ကို လောကဆွေမျိုးတွေထဲမှာပဲ ဗြဟ္မစိုရ်သံဝဲ၀ဲလေးနဲ့ခပ်ကြဲကြဲရေးထိုးလိုက်ပါရစေတော့။ အော် အနာတရဖြစ် နေတဲ့လက်ကလေးတစ်စုံဟာလည်း နာကျင်နေတဲ့လက်ကလေးတွေကို ဖွဖွလေးဆုပ်ကိုင်ဖြေသိမ့်နိုင်တာပဲ မ ဟုတ်လား။

`တွေ့တဲ့လူနဲ့ သင့်အောင်ပေါင်း
သာအေးက အသာလေး ကျွေးနိုင်တယ် ခင်လေး
သူ့ဆိုက်ကားလေး ရှိနေသရွေ့ပေါ့....၊
မင်း နေကောင်းရင်ပြီးတာပဲ.....။´

ဒီလိုပါပဲ။ ဒီစာကြောင်းလေးရေးမိမှတော့ ဒီအမှတ်ထက်ပိုမရနိုင်တော့ဘူးပေါ့။ ငယ်ငယ်တုန်းက စာဖြေခန်း ထဲမှာ ရခဲ့တဲ့အမှတ်လေးတွေ ရင်ခုန်စရာကောင်းနေတုန်းပဲ။ အခုတော့ နှလုံးသားမှာ ကြက်ခြေတွေ လှောင်ပိတ်နေပေမယ့် အပြုံးမှာ မင်နီတွေ မစွန်းစေနဲ့။ နာတာတော့ နာတာပါပဲလေ။ ဘာပဲဖြစ်ဖြစ် ကျန်းမာ ရေးတော့ ဂရုစိုက်ပေါ့။ စိတ်လက်စ ပုတီးလေးဆက်စိတ်။ မှတ်လက်စတရားလေး ဆက်မှတ် ၊ ဖတ်လက် စစာအုပ်လေး ဆက်ဖတ်...။ အော် ....

လွတ်သွားတဲ့ ငါးက ကြီးလိုက် သေးလိုက်.....၊
ကိုယ့်အလုပ်က ပူလိုက် အေးလိုက်.....၊

ရှေ့ခရီးက မြင်လိုက် ၀ါးလိုက်.....၊
ကိုယ့်ပန်းတိုင်က ဖြူလိုက် မဲလိုက်.....၊
ပုထုဇဉ်ဘ၀ ဖုတ်လှိုက် ဖုတ်လှိုက်....။

ကိုနော
(ကိုနောရဲ့ ကဗျာနောက်ကပ်လိုက်သွားမိတာပါ၊ ကိုနောလျှောက်တဲ့ဆီ မရောက်ခဲ့ရင်တော့ ကဗျာရေးသူရဲ့ ခြေရာမထင်ကျန်မှုသာ အပြစ်တင်ဖွယ်ရှိကြောင်းနဲ့၊ ခင်လေးဟူသော ဝေါဟာရကို အဘိဓာန်များက မဖွင့်ဆို သောကြောင့် ချန်လှပ်ခဲ့ရပါကြောင်း။)
ဓမ္မဂင်္ဂါ

မူရင်းကဗျာ


10 March, 2010

ကိုယ်ပိုင်ဝယ်ထားတဲ့လောကီ


ထိုင်လက်စမပျက်ရုံလေးပဲ
ဒါပေမယ့်
စွဲလမ်းတယ်။

ဆက်ထိုင်ဦးမလားတဲ့။

လွယ်လွယ်ပဲ
ခေါင်းခါမိသေး။

ဓမ္မဂင်္ဂါ
၁၀-၃-၂၀၁၀ ညနေ

09 March, 2010

ဧဟိသွာဂတံ မမဝေ

အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံဖြိုးရေးအဖွဲ့ကြီး၏ ၀က်ဘ်ဆိုဒ်စာမျက်နှာများကို ဓမ္မဒါနကုသိုလ်ရှင်The Bliss Foundation ၏ ပံ့ပိုးမှုဖြင့် မကြာမီအဆက်မပြတ်တင်ဆက်ပေးနိုင်တော့မည် ဖြစ်ပါသည်။ ပထမဆုံးတင်ဆက်မှုအနေဖြင့် အဖွဲ့ကြီး၏ ဆယ်နှစ်မြောက်နှစ်ပတ်လည် အထူးထုတ်စာစောင် ကို ဖတ်ရှုနိုင် တော့မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

အဖွဲ့ရဟန်းတော်များအနေဖြင့် ၀က်ဘ်ဆိုဒ်သတင်းကို သီတင်းသုံး ဖော်အချင်းချင်းဖြန့်ဝေပေး တော်မူကြပါ ရန်နှင့် ဤ၀က်ဘ်ဆိုဒ်စာမျက်နှာတွင် ဖော်ပြရန် အရှင်တို့ အနေဖြင့် လောကရေး ဓမ္မရေး အတွေး အမြင်၊ကဗျာ ဆောင်းပါးများနှင့် သာသနာရေးဘာသာရေးဆိုင်ရာ သတင်းများကိုလည်း ပေးပို့ကြပါရန် လျှောက်ထားအပ် သည် အရှင်တို့ဘုရား။

ဒီမှာပါဘုရား ဧဟိသွာဂတံ

မေတ္တာဖြင့်
အရှင်ဝိစိတ္တသာရ (အယ်ဒီတာချုပ်)
အထွေထွေအတွင်းရေးမှူး


08 March, 2010

ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိ(၆)


(၁)
“သောင်းထိုက်စကြာဝဠာ တိုင်းနိုင်ငံတကာတွင် (၇)ခါ(၇)လီ ဘွဲ့ချီသပါတဲ့ ပြိုင်စံမပေါ် နိုင်ငံကျော်ကြီးလည်း ဖြစ်ပေထသော”
“သာသနနှင့် တက္ကသီလ၊ ဓမ္မာစရိယနှင့် ဗုဒ္ဓဓမ္မဒီပလိုမာ အစဖြာသော ဘွဲ့အထူးထူးရယ်တဲ့မှ ဘွဲ့အထွေထွေ အပြည်ပြည်(ပြေပြေ)ကျော်ဟိုးပေထသော”
“ဘီအေ ဘူးသီစင် ဘီအေ ပုတီးအိပ်နှင့် အမေး ဗထူး အမေးပါဠိ ပရိတ်ချည်ရက်ဆား ထွားထွားကြိုင်းကြိုင်း ဂုဏ်တံတိုင်းကြီးများသဖွယ် ဉာဏ်ဌေးကြွယ်လှပေသော မဇ္ဈိမတိုင်းနိုင်ငံက အဖန်ဖန်သော ဘွဲ့တော်များကို လည်း လုံ့လအားသည်း ရပြီးဖြစ်ပေထသော”

ဤမည်သော အနက်သမ္ဗန် ရွတ်ဖတ်ကြေငြာသံကြီးကား သူ့အနေဖြင့် မည်သို့မှ ခံစားနာပျော်ဖွယ်ရာ ပီတိမဖြစ်လှစွာသော လော်စပီကာ(Loud Speaker) မည်သော အသံချဲ့ စက်တော်ကြီးလေးလုံးမှ (၇)ရွာကြား (၈)ရွာကြား တာဝတိံသာက ဆာမာဃနှင့် အာဖဂန်က မစ္စတာဘင်လာဒင်တို့ပါကြားအောင် သောတနား မှန်သမျှကို “အဟော ၀တ” ဖြစ်လေသည်အထိ ကလော်ကလိလိုက်ပေသော နိဗ္ဗာန်ဆော်ကြီး ဖိုးလေးမြ၏ အသံဟဲဟဲကြီးများပင်ဖြစ်ပါ၏။

နိဗ္ဗာန်ဆော်ကြီးဖိုးလေးမြ၏ အသံကား ပီသကြည်မြလှသည်တည့်။ ထိုသို့ ပီသကြည်မြလေလေ သူ့မှာ အနေရခက်လေလေဖြစ်ပါ၏။
“မကြားလိုပါ၊ မကြားလိုပါ၊ သတ်လိုရင် သတ်ပါစေတော့”ဟူသော သီချင်းစာ သား အလိုက်ဖြင့်ငုတ်တုပ်ထိုင်လျက်သာ နေ့ခင်းကြောင်တောင် အမှောင်ချကာ ကိုယ်ရောင်ဖျောက် လိုက်ချင် မိပါတော့သည်။

ဖိုးလေးမြကား ရွာဦးဘုန်းတော်ကြီး၏ ဘကြီးလည်းဖြစ်၊ ရွာလူကြီးကိုလှမြင့်နှင့်လည်း မယားဘက်ကစပ်လျှင် ဆွေရိပ်မျိုးရိပ်မကင်းသူဖြစ်ရကား ရပ်ရွာအရေးမှန်သမျှတွင် တစ်ကိုယ်တော်မိုက်ခဲခွင့်လိုင်စင်ဖြင့် အကြိုက်ဆွဲ ကာ ရွှင်နေခြင်းပင်ဖြစ်တော့သည်။

အကယ်တန္တုနိဗ္ဗာန်ဆော်ဖိုးလေးမြဆိုသည်က စာပေလေးက ၀ါသနာပါ၊တရားနာကလည်း မပျင်း၊ ဇာတ်သီချင်း တွေလည်းရသမို့ အဆိုအပြော အလွန်ချောအောင် သောသောညံတတ်သူကြီးပင်ဖြစ်ပါ၏။
သူသည်ပင်လျှင် ငယ်စဉ်ကလေးဘ၀က ဖိုးလေးမြပါသော စကားဝိုင်းတွင် နားကိုင်းမိခဲ့ဖူးပါ၏။ ထို့ကြောင့်ပင် ရွာဆော် လည်းမြ၊ နိဗ္ဗာန်ဆော်လည်းမြဖြင့် သဘာဝမိုက်ခဲကြီးနှယ် ရွာသူတို့ဝိုင်းတွင် ပေါ်ပြူလာ ဂိုင်း(Popular Guy ) ကြီးဖြစ်နေ တော့သည်တည့်။ တရားတောင်းလည်း မြ၊ မယားတောင်းလည်းမြဖြင့် လောကဓမ္မနှစ်ဖြာ အခရာဖြစ်စွာပင် နေရာတိုင်းဝင်ပါရသူကြီးပါပေတည်း။

လုပ်အားပေးဆင့်ခေါ်သည့် နိုးဆော်သံသည်ပင် ကာရံအချိတ်အဆက် ပေါ့(Pop)နှင့် ရက်ပ်(Rap)ဖြစ်ကာ နာပျော်ဖွယ်ရာအတိဖြစ်နေတတ်ပါပေသည်။ နံနက်ဝေလီဝေလင်း နှင်းဖွဲဖွဲတွင် အိပ်စက်ရာစောင်ခြုံထဲက မထွက်ဘဲနားဆင် ကြည့်ဦးလော့၊
“ ယနေ့နံနက်၊
အရုဏ်တက်အလွန်
ရွာအစွန်ကတံတား
ညပိုင်းကကျိုးသွားသည့်အရေး
အပြေးအလွှားပြင်ဖို့ရန်အတွက်
တစ်အိမ်လျင်တစ်ယောက်
(ဤအပိုဒ်ထိ အသံချိုချိုနှင့် တစ်ဖြေးဖြေးမြင့်တက်လာသည်)
အချင်းယောက်ျား (အသံမြှင့်ပြီ)
တူရွင်းပေါက်ပြားပါမကျန်၊
တုံခေါက်၊
အစုံရောက်ရမည်ဖြစ်ကြောင်း နိုးဆော်လိုက်ရပါသဗျိုး”။

(၂)


ဆိုရသော်ဖိုးလေးမြကား မစ္စတာအန်ဂျော်လောဟု ကင်ပွန်းတပ်ရလောက်သည့် အော်ကြောလန် မိုက်သရဲကြီး တော့ မဟုတ်ခဲ့ပါလေ။ သို့သော် ယနေ့ သူကြုံတွေ့နေရသော အရေးအခင်းကား ရွာတွင်းရေးနှင့် မပတ်သက်၊ ရွာအခင်းအရေးများနှင့်မတူ တစ်မူကွဲလေသည်တည်း။

ယနေ့ညကျင်းပမည့် ကမ္ဘာကျော်မဟာအထူးတရားပွဲကြီးဆိုသည်အတွက် နိဗ္ဗာန်ဆော်ဟန် ဆိုလို(Solo) သံပေးရာတွင် သူရေးချပေးလိုက်သောဘွဲ့များကို ဖြတ်ချင်သည့်နေရာက ဖြတ်၊ ရပ်ချင်သည့်နေရာတွင် ရပ်၊ စပ်ချင်သည်ကို စပ်ကာ ဖိုးလေးမြ နိုးဆော်နေသည်မှာကား ဓမ္မကထိကလက်သစ်ကို ကြောင်လက်သည်း ၀ှက်ဖြင့် ခပ်ကဲကဲကုတ်ခြစ်လိုက်သည့်ပမာ မျက်နှာလည်းပူ၊ နားလည်းဆူဖြစ်ရပါတော့၏။ အော် ခက်ပေစွ။ ကိုယ့်လိပ်ပြာက ကိုယ့်စိတ်ခန္ဓာပေါ် ဆင်းသက်၍ အရှက်တွင်းနက်စေသောအခက်ကြီးဖြစ်လေသည်တကား။

အမှန်စင်စစ် ယနေ့ပွဲသည် ဖိုးလေးမြ၏ ပွဲမဟုတ်၊ ယနေ့ပွဲကို အင်္ဂလိပ်စာတတ်ပေတတ်ကလေးတို့ကိုယ်တိုင် အပီဟဲရန် အားခဲထားပြီးဖြစ်ပါ၏။ သကောင့်သားအင်္ဂလိပ်စာတတ်ပေတတ်လေးတို့ကား
ဖိုးလေးမြကို လုံးလုံး မမှုပြီ။ ဖိုးလေးမြကား ရှေးဘုန်းတော်ကျောင်းပညာရေးရိုးရိုးကြီးဖြင့် သာရေးနာရေးမှန်သမျှတွင် တန်ခိုးထွားခဲ့ သမျှ ရိုးရိုးတရားပွဲ မဟုတ်သော ယနေ့ည မဟာအထူးတရားပွဲကြီးတွင် မည်သို့မှ တိုးနိုင်ဖွယ်မမြင်ပြီ။ ဘိုစာ ဘိလပ်စာခန့်ခန့်ကြီးတို့ဖြင့် ၀င်းဝင်းတောက်လှသော နိုင်ငံတကာ(၇)ဘွဲ့ရ ဓမ္မဂင်္ဂါအရှင်၏ ဘွဲ့ထူး ဂုဏ်ထူး ကြယ်စုံမြူးသောစာလုံးတော်တို့ကို မည်သို့ ဖိုးလေးမြ ဖတ်ပါအံ့နည်း၊ မည်ပုံ ဖိုးလေးမြ ရှင်းပါအံ့နည်း။

ဤကား ဘိုစာတတ်ကလေးတို့၏
အကြင်သို့သဘောရှိသော အမြင်ပါပေတည်း။ ထိုသို့သဘောရှိသော အမြင် ကြောင့်ပင် စပါးပေးဖြင့် ငှါးရမ်းထားသည့်ကျောင်းဆရာလေး ကိုနိုင်ဝင်းသည်လည်းကောင်း၊ စာကြည့်တိုက်မှူး ကိုသောင်းရွှေသည်လည်းကောင်း ရွာလေး၏ မော်ဒန်လူငယ်တစ်သိုက်က အပြီးသတ်ရွေးချယ်လိုက်ပြီးသော နောက်ဆုံးပေါ်နိဗ္ဗာန်ဆော်များအဖြစ် မော်မော်ကြွားကြွား လမ်းသလားနေကြပြီဖြစ်ပါ၏။ “ဟဲလို တက်စ်တင်း ၀မ်းတူးသရီး”များကိုပင် ခရီးတစ်သောင်းပေါက် ချောင်းခြောက်တွေဆိုးအောင် အသံစမ်းနေကြပြီဖြစ်ပါ၏။

သူ့ဒကာ ဆရာဒုံးကား တရားပွဲဖြစ်မြောက်ရေး အမာခံစပွန်ဆာကြီးအဖြစ် ဣနြေ္ဒကြီးတစ်ခွဲသားနှင့် သူ့အနား မှာ ခပ်တည်တည်လာရောက်ထိုင်နေခဲ့ပါ၏။ ဆရာဒုန်းကား အိမ်မှာရှိသမျှ မီးစက်၊ အသံချဲ့စက်မှန်သမျှကို အကုန်ထုတ်ပေးခဲ့ပြီးသည့်နောက် ၀င်ရောက်မစွက်ဖက်ရေးမူဝါဒဖြင့် ခပ်အေးအေးကြီးလုပ်နေခြင်းပင်ဖြစ်တော့ ၏။ ရွာလူကြီးကိုလှမြင့်၊ လူပျိုခေါင်းကိုလှမိုးတို့သည်ကား ထိုး၍ မပြီး မိုး၍ မပြီးသေးသော မဏ္ဍပ်တော်ကြီးကို ကြီးကြပ်လိုက်၊ သူ့အနားပြေးလာလိုက်ဖြင့် တရားပွဲဖြစ်မြောက်ရေးကော်မတီဗွီအိုင်ပီကြီးများဖြစ်နေပေတော့ ၏။

တရားဟောသည့်အခါ ရေအေးကပ်ရမှာလား၊ ရေနွေးကပ်ရမှာလား၊ မိုက်ခရိုဖုန်းကို ဟန်ပါပါလက်က ကိုင်ပြီး ဟောမှာလား၊ ဒေါက်တိုင်စတန်းဒ်လေးနဲ့ ဟောမှာလား၊ ဓမ္မာသနပလ္လင်တော်မှာ စပယ်ပန်းကို ဆင်ရမလား၊ သနပ်ခါးရေ မွှေးမွှေးလေးကိုပဲ ဖြန်းပေးရမလားစသည်များကို ဘယ်ကကြားဖူးထားကြသည်မသိ ၊တတိတိဖြင့် လာရောက်မေးမြန်းကြပြန်ချေသေးသည်။ အော် သူကား မည်သို့မည်ပုံဖြေကြားရပါ့၊ အစဉ်အလာလော ထွင်တာလော စောကြောချိန်မရှိ၊ သင့်လျော်သလိုသာ စီမံကြပါဘိလုပ်ရချေတော့သည်။

သူကတော့ တရောရော တဝေါဝေါဖြင့် ၀င်လာမစဲ တသဲသဲဖြစ်သော ရပ်နီးရပ်ဝေး ဆွေဝေးမျိုးဝေး တစ်သောင်း တစ်ကျိပ်လေးကုန်သော တရားနာပရိသတ်တို့နှင့် ဆွေမျိုးစပ်ကာ အလ္လာပ သလ္လာပ စကားဆိုနေရဆဲပင် ဖြစ်ပါ၏။

(၃)

ထိုအချိန်မှာပင် ဖိုးလေးမြက သူ့အနားသို့ အသာတိုး ကပ်လာခဲ့ပါလေသည်။
“ဦးဇင်းဘုရား ဘွဲ့တွေကများ ဘိလပ်စာတွေနဲ့လည်း ရေးထားဆိုတော့ တပည့်တော်က မျက်စိမှုံမွှားမွှားနဲ့မို့ အကုန်မဖတ်ကြားနိုင်ဘူးကိုးဘုရာ့။ မြန်မာစာပီပီသသနဲ့ ကြည်ကြည်ရှင်းရှင်းကြီး လင်းအောင်ရေးပေးစမ်း ပါဘိ”တဲ့။

သူအနေဖြင့် မွေးရပ်မြေရွာလေးသို့ ရောက်တုံခိုက်တွင် ဆုံကြိုက်သမျှအရေးကို စိတ်အေးစေချင်သူပါတည်း။ သိဒ္ဓိတင်ပေး၊ ဘလက်ဇင်း(Blessing)ပေး၊ တောင်းဆိုလာပါက အော်တို(Auto)ပါ ရေးပေးဆိုလည်း ရေးပေးရ ပေတော့မည်။ သို့နှင့် ဖိုးလေးမြကို အတိုးလေးချကာ ဘွဲ့အရင်းအပြင် မြန်မာ
ဖိနပ်သစ်(Phonetics)ဟု ထင်ရှားသည့် နောက်သိုးပစ်လည်းပါ ငသတ်လည်းပါ မရေရာသော စာလုံးပေါင်းအသံထွက်များကိုပါ ထပ်ခြစ် ပေးရပြန်သတည်း။

သူရေးခြစ်ပေးလိုက်သည့် စာရွက်လေးကိုဖြန့်ခါ ဖတ်ပြပါဆို၍ (၈)ခါနှင့် မပြီး(၁၂)ခါနှင့်မပြီး တံတွေးသီးအောင် ပင် ဖတ်ပြရပါသေး၏။ စိတ်ကျေနပ်လောက်ပြီထင်သောအခါ သုတ်ကနဲထ ရုတ်ကနဲပျောက်နည်းစနစ်ဖြင့် ဖိုးလေးမြကား ထွက်သွားလေတော့၏။ ဆေးလိပ်တစ်ဖွာနှစ်ဖွာ ကွမ်းတစ်ယာမညက်တညက် ကွန်ပြူတာ ကော်နက်ရှင်း မတက်တတက်အချိန်မှာပင် အစဦးက ဖော်ပြခဲ့သော တရားနာဖိတ်ခေါ်ဟန် နိဗ္ဗာန်ဆော်သံကြီး ကို ကြားရခြင်း ဖြစ်တော့သည်။

အော် လုပ်ရက်နိုင်သူကြီး ဖိုးလေးမြ၊ စွမ်းနိုင်သူကြီး မြပေတကား။ မိုက်ခရိုစခန်းကို ဗီတိုသုံးကာ ရမ်းလေ ပြီကော မြ၊ သာသနတက္ကသီလဓမ္မာစရိယကို သာသနနှင့် တက္ကသီလဟု နှစ်ဖြတ်ခွဲကာ ကာရံ ကိုက်၏။ ထို့နောက် ကျန်နေသည့်ဓမ္မာစရိယကို နောက်မှာရေးခြစ်ပေးလိုက်သည့် ဗုဒ္ဓဓမ္မဒီပလိုမာနှင့် တွဲစပ်၏၊ ကာရံ အကိုက်ကို အမီ လိုက်ရရှာသည်ထင့် အော် ဂန္ထ၀င်ကြိုက်ဖိုးလေးမြ။

ပြီးတော့လည်း ကြည့်ပါဦး။
B.A(Buddhism) ကို ဘီအေ ဗူးသီးစင်
B.A (BDh)ကို ဘီအေ ပုတီးအိပ်
M.A(Part-2)ကို အမေးဗထူး
M.A(Pali)ကို အမေးပါဠိ
PhD(Research)ကိုတော့ ပရိတ်ချည် ရက်ဆား တဲ့။

ဤသို့ဖြင့်သာ သူ့ရွာလေး၏ အထူးဒေသနာ မဟာတရားပွဲကြီးကား နိဒါန်းပျိုးရန် အကြောင်းဖန်ကာ အချိန်နီး ကပ်လာခဲ့ချေပြီတည်း။

06 March, 2010

ငါ့လိုရဟန္တာမဟုတ်သေးနှင့်ဥရုဝေလမိတ္တူများ


ထိုအခါ မြတ်စွာဘုရားအား “ဤအချည်းနှီးသော ယောက်ျားအား 'ရဟန်းကြီးသည် တန်ခိုးကြီး၏၊ အာနုဘော်ကြီး၏၊(သို့ရာတွင်) ငါကဲ့သို့ရဟန္တာကား မဟုတ်သည်သာတည်း' ဟု အကြံဖြစ်နေသည်မှာကား ကြာမြင့်လှပေပြီ၊ ငါသည် ဥရုဝေလကဿပရသေ့ကို ထိတ်လန့်စေရပါမူကောင်းလေစွ ”ဟု အကြံဖြစ်တော်မူ၏၊
(၀ိနည်းမဟာဝါပါဠိတော်မြန်မာပြန်)

(၁)
ဥရုဝေလတောအုပ်လေးဆီသို့ ချဉ်းကပ်မိတိုင်း အသိဉာဏ်အလင်းရှာဖွေရင်း ခြောက်နှစ်တာမှောင်ပိန်းခဲ့ရရှာ သည့် သိဒ္ဓတ္ထအရှင်၏ နေ့ရက်များအတွက် ကိုယ်စားနာကျင်မိတတ်ပါသေးသည်။ တစ်လောကလုံးလင်းဖို့ တစ်ကိုယ်တော် မှောင်ခဲ့ရရှာလေသည့် အရှင့်သားသိဒ္ဓတ္ထ ။ အမှောင်ထဲမှာ ခြေဖျားထောက်ထောက်စမ်းရင်း နောက်ဆုံးတော့ အလင်းတွေ့သွားခဲ့လေသည်။ သည်လိုဆိုတော့လည်း သူက နေရဉ္ဇရာကမ်းမှာ ရပ်ရင်း ဓမ္မပီတိဖြင့် ကြည်နူးမိပြန်သေးသည်။ ဗောဓိညောင်ရွက်လေတိုးသံသည်ပင် သစ္စာဆည်းလည်းသံ ပဲ့တင်နေ တတ်လေသည်ပဲ။

ဗာရာဏသီမှ ဗုဒ္ဓဂယာသို့ ရောက်လေတိုင်း အခါအခွင့်သင့်သည့်အခါ ဗုဒ္ဓဂယာမှ ကီလိုမီတာအနည်းငယ်ကွာ ဝေးသည့် ဥရုဝေလတောအုပ်လေးသို့ ရောက်တတ်မြဲပင်ဖြစ်ပါသည်။ သူ့အတွက်တော့ သိဒ္ဓတ္ထအရှင်၏ သစ္စာအလင်းမတွေ့မီနှင့် သစ္စာအလင်းထွန်းညှိစဉ်ကာလများဖြင့် သမိုင်းအရည်ရွှမ်းသော ဥရုဝေလသည် နေရဉ္ဇရာမြစ်ကမ်းပါးတွင် ကိုက်ဖဲ့ချင်စရာမှဲ့ဝင်းနေတတ်သည်။

တကယ်ဆိုတော့ ဥရုဝေလသည် ရာသီပြောင်းသက္ကရာဇ်တို့၏ တိုက်စားမှုဖြင့် စိမ်းညို့စွပ်စိုမှုတို့ မရှိတော့။ ထီးတည်းကျောက်စရစ်ကုန်းခေါင်ခေါင်များသည်ပင် ဥရုဝေလ၏ စွဲမက်ဖွယ်အာရုံဖြစ်သည်။ မဒမ်သုဇာတာ နို့ဂဏာဆွမ်းကပ်လှူသည့် နေရဉ္ဇရာမြစ်ကမ်းပါးဆီက လှမ်းမျှော် ကြည့်ရသော ဥရုဝေလသည် သူ့ခြေလှမ်း များကို ရှေ့တိုးလာစေရန်ဆွဲဆောင်နိုင်ဆဲပင်ဖြစ်သည်။

ဥရုဝေလသည် သူ့အတွက် လောကကို နားလည်စေသော သင်ရိုးများဖြင့် စောင့်နေတတ်လေသည်၊ ဥရုဝေလ တောင်ကုန်းလေးပေါ်တွင် ရပ်ကာ နေရဉ္ဇရာမြစ်နှင့် ဂယာကွင်းပြင်ကျယ်ကြီးကို စီးမိုးကြည့်မိတိုင်း ရသေ့ကြီး တစ်ပါး၏ နေမျိုးဆေးကောက်ကြောင်းများကို သူမြင်နေတတ်ပါသည်။ တစ်ခါတစ်ရံမှာတော့ ရသေ့ကြီး၏ ဟန်ပန်အမူအရာများက အော်ပီကျယ်၏ ကာတွန်းပြကွက်ကို ရှုမှတ်လိုက်ရသလိုမျိုး ပြုံးမိရသေး၏။ “ရဟန်းကြီး ဂေါတမကား တန်ခိုးတော့ ကြီးပါပေ၏၊ငါ့လိုတော့ ရဟန္တာမဟုတ် သေးတကား”တဲ့။ အော် ဖြစ်မှဖြစ်ရလေ၊

သူ၊သူ့ပတ်ဝန်းကျင်နှင့် သူနေထိုင်လျက်ရှိသော ကမ္ဘာမြေ၏ ထောင့်ချိုးကအသက်ရှူသံများသည်လည်း ရသေ့ကြီး၏ စကားကို သံယောင်လိုက်ကာ နောက်ကျကျန်ရစ်ခဲ့တတ်ကြလေသည်ပဲ မဟုတ်လား၊ သည်သို့ ဖြင့်သာ ရထားများတစ်စီး ပြီးတစ်စီးထွက်ခွာသွားခဲ့ကြသည်။ သံသရာဟု အမည်ပေးထားသော ဘူတာရုံအို လေးထဲမှာ သူနှင့်အတူ မနိုင်မနင်းအထုပ်အပိုးများ ကျန်ရစ်တတ်မြဲပင်။ ၀ယ်ယူထားမိသည့် ရထား လက်မှတ်က ရီဖန်းဒ်(Refund)ပြန် ထုတ်ယူလို့ မရနိုင်အောင် ရက်လွန်ပုပ်ဆွေးနေခဲ့ပြီ။

(၂)

ရသေ့ကြီး၏ အမည်အပြည့်အစုံက ဥရုဝေလကဿပဖြစ်သည်၊ ရသေ့ကြီးက ဥရုဝေလတောအုပ်တွင် အခြားညီနောင်နှစ်ပါးနှင့်အတူ ရသေ့ပေါင်းတစ်ထောင်၏ လောကထွက်မြောက်ရေးကို နည်းပေးညွှန်ပြနေသည့် ထင်ရှားသည့် ဘာသာရေးခေါင်းဆောင်ကြီးဖြစ်သည်။ သို့သော် ညီနောင်သုံးပါးက သီးခြားစီနေကြသည်။ ဥရုဝေလကဿပက ရသေ့ငါးရာ၊နဒီကဿပက ရသေ့သုံးရာ၊ ဂယာကဿပက ရသေ့နှစ်ရာကို လောကုတ္တရာ အရေးအတွက် ထိန်းကျောင်းပေးနေကြသည်။ ဗုဒ္ဓအရှင်က သစ္စာလေးပါးတရားနှင့် အနတ္တဒေသနာကို ဗာရာဏသီ မိဂဒါဝုန်မှာ ကြေငြာတော်မူပြီးသည်နှင့် နေရာဟောင်းဖြစ်သည့် ဥရုဝေလတောအုပ်လေးဆီ ပြန်လည်ချဉ်းကပ်လာခဲ့ခြင်းဖြစ်သည်။

ဥရုဝေလကဿပသည် ဗုဒ္ဓအရှင် ဥရုဝေလတောအုပ်လေးသို့ ကြွလာရခြင်း၏ အဓိကပြစ်မှတ်ဖြစ်သည်။ ဥရုဝေလကဿပရသေ့ကြီးပျော်မွေ့ရာ ရသေ့ငါးရာဖြင့် ပြည့်နေသည့် ကျောင်းသင်္ခန်းများထဲ ဗုဒ္ဓအရှင်အတွက် သီတင်းသုံး နားခိုဖွယ်ရာ နေရာလွတ်မရှိ၊ သို့သော် ဗုဒ္ဓအရှင်က ဥရုဝေလကဿပနှင့် အနီးကပ်နေထိုင်ရန် ပိုင်းဖြတ်တော်မူပြီးဖြစ်သည်။ “နေစရာကျောင်းသင်္ခန်းမရှိရင်လည်း လွတ်နေတဲ့ မီးဖိုချောင်လေးမှာ နေပါရစေ”တဲ့။ သာသနာပြုလမ်းပြရာတွင် နုံချာသောမီးဖိုချောင်လေးသို့လည်း ကျောင်းဝိဟာအမှတ်ဖြင့် ဗုဒ္ဓအရှင် ၀င်ရောက်စံပျော်ရပါလိမ့်မည်။ မီးဖိုချောင်းလေးတွင် ဗုဒ္ဓအရှင်၏ ကိုယ်ရောင်ကိုယ်ဝါထွန်းလင်းရန် အရင်းအမြစ်က ရှိနေခဲ့ပါသည်။ မီးဖိုချောင်လေးက အစွယ်ငေါငေါအစွမ်းထက်ထက် မြွေနဂါးကြီးတစ်ကောင် ၀င်ရောက်ခွေအိပ်နေသည့် အန္တရာယ်ဇုံ...။


ဥရုဝေလကဿပရသေ့ကြီးက မူရင်းစိတ်ကောင်းလေးရှိသော ပုထုဇဉ်။ ဗုဒ္ဓအရှင်ကို တားရှာပါသေးသည်။ သို့သော် ဗုဒ္ဓအရှင်က ဇွတ်တိုးဝင်ကာ သီတင်းသုံးခဲ့သည်။ ထိုညက ဥရုဝေလကဿပအပါအ၀င် ရသေ့ငါးရာလုံး စိတ်မကောင်းခြင်းကြီးစွာ ဗုဒ္ဓကို သနားနေခဲ့ကြသေးသည်။ ရသေ့တို့အမြင်တွင် ဗုဒ္ဓအရှင်က သာမန်လူချော လူလှ ရဟန်းကြီးဂေါတမသာဖြစ်သည်။

နံနက်လင်းချိန်မှာတော့ ဗုဒ္ဓအရှင်က တစ်ညတာလုံးဆုံးမယဉ်ကျေးစေပြီးသည့် နဂါးကြီးကို သပိတ်ထဲထည့်ကာ မီးဖိုချောင်လေးမှ ထွက်လာသည်။ ဥရုဝေလအပါအ၀င် ရသေ့အားလုံး အံ့သြပြာဝေသွားသည်။ ဥရုဝေလရင်ထဲတွင် ပုထုဇဉ်သွေးလေး ဆစ်ကနဲ တိုးသွားသည်။ ဗုဒ္ဓကိုတော့ အထင်ကြီးသွားသည်။ သို့သော် အသိအမှတ်ပြုဖို့တော့ ၀န်လေးနေခဲ့၏။ ရသေ့ကြီးက တိတ်တိတ်လေးမှတ်ချက်ချသည်။ ရသေ့ကြီး၏ စကားလေးက ပိဋကတ်ဝင်ဖြစ်သွားသည်။ “ ရဟန်းကြီးကား တန်ခိုးတော့ကြီးပါပေရဲ့၊ သို့ရာတွင် ငါ့လိုတော့ ရဟန္တာမဟုတ်သေး”တဲ့။ မည်သို့ဖြစ်စေ ဥရုဝေလရသေ့ကြီးက ပင်ကိုယ်စိတ်ကောင်းလေး ရှိပါသည်။ ဗုဒ္ဓအရှင် ကိုလည်း လေးစားသွားပါသည်။ သို့နှင့် ဥရုဝေလတောအုပ်ကျောင်းသင်္ခန်းလေးမှာပဲ ဆက်နေဖို့ ဖိတ်ကြားခဲ့သည်။ စားရေးသောက်တာ စီမံပေးပါရစေ တဲ့။

ဗုဒ္ဓအရှင်နှင့် အတူနေထိုင်ခွင့်ရလေလေ ဗုဒ္ဓအကြောင်း ပိုသိရလေလေဖြစ်သည်။ ညစဉ်ညစဉ် နတ်ဗြဟ္မာတို့၏ အရောင်အ၀ါများဖြင့် ဗုဒ္ဓအရှင်၏ ကျောင်းသင်္ခန်းလေး လင်းပနေတတ်သည်ကို အံ့သြရသည်။ ဗုဒ္ဓအရှင်ထံသို့ စတုမဟာရာဇ်နတ်မင်းကြီးများ၊ သိကြားဗြဟ္မာများကိုယ်တိုင်ပင် လာရောက်ပူဇော်ချဉ်းကပ်ကြသည် ဟု သိရသောအခါ ဗုဒ္ဓအရှင်ကို မလေးစားပဲ မနေနိုင်။ သို့သော် ရသေ့ကြီးက ဆုပ်ကိုင်ထားသော အတွေးနှင့် စကားကိုတော့ လွှတ်မချခဲ့။ “ငါ့လိုတော့ ရဟန္တာမဟုတ်သေး”။

(၃)

တစ်နေ့မှာတော့ ဥရုဝေလကဿပရသေ့ကြီးအတွက် ဘေးကြပ်နံကြပ်အတွေးကြပ်စေသောဖြစ်စဉ်တစ်ခုက ပေါ်လာသည်။ ရသေ့ကြီးက သာမန်တရားရှာဖွေနေသည့် သစ္စဂဝေသီသက်သက်မဟုတ်၊ အင်္ဂနှင့် မဂဓတိုင်း လုံးအနှံ့ကျော်ကြားသော ဘာသာရေးခေါင်းဆောင်ကြီးလည်း ဖြစ်နေပြန်သည်။ အင်္ဂနှင့် မဂဓတိုင်းလုံးအနှံ့ ပြည်သူပြည်သားများက ရသေ့ကြီးကို စုပေါင်းပူဇော်ကြဖို့ လာရောက်ကြမည်။

ရသေ့ကြီးမှာ အခက်ကြုံရသည်။ ရသေ့ကြီး၏ ကျောင်းသင်္ခန်းပရိဝုဏ်ထဲမှာ ဗုဒ္ဓအရှင် မားမားကြီးရှိနေသည်က ပြဿနာ။ ဗုဒ္ဓအရှင်၏ ကိုယ်ရည်ကိုယ်သွေးနှင့် တစ်နေ့ထက်တစ်နေ့ တိုးတိုးမြင်လာရသော အစွမ်းအစများက ပရိသတ်အကြိုက်ဖြစ်သွားနိုင်သည်။ ငါ့ထက် ရဟန်းကြီးကို ပိုပြီး ကြည်ညိုသွားမှဖြင့်.........။ သည်ကြားထဲ ရဟန်းကြီးက တန်းခိုးအစွမ်းတွေ ပြနေမှဖြင့်......။ ပုထုဇဉ်တို့၏ နေ့စဉ်ဘ၀ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်သော ကိုယ့်ထက်သာသူကို ပွဲမထုတ်လိုခြင်းဒုက္ခက ပူလောင်နေသည်။ ကိုယ့်ထက်မြင့်မားသူ ကိုယ့်အသိုင်းအ၀ိုင်းမှာ မထားလိုခြင်း စိတ်ကျဉ်မြောင်းမှုများက ဖိစီးလှသည်။

သို့သော် ရသေ့ကြီးက စိတ်အခြေခံကောင်းသော သူတော်စင်တစ်ပါးဖြစ်နေပြန်သည်။ တိတိပပကြီး ၀ိုင်းပယ်ပစ် လိုက်ရန်လည်း လိပ်ပြာမလုံ။ “ရဟန်းကြီးမရှိရင် သိပ်ကောင်းမှာပဲ ”၊ ရသေ့ကြီးက သည်လိုပဲ တွေးနိုင်သည်။ ထွက်သွားပါ ဟုပြောရန်လည်း ကိုယ်တိုင်က နေထိုင်ဖို့ဖိတ်ကြားထားမိရက်သားဖြစ်နေသော ဧည့်သည်ကို ဆက်ဆံပြုမူရမည့် အမျိုးကောင်းသားတစ်ယောက်၏ ကျင့်ဝတ်မဟုတ်ပြန်။ ဥရုဝေလ ဆွေးသွားသည်။ သို့သော် ခြိမ့်ခြိမ့်သဲကျင်းပဖြစ်ခဲ့သော ဥရုဝေလပူဇော်ပွဲကို ဗုဒ္ဓအရှင်မပါဘဲ ရသေ့ကြီး ကြည်နူးပျော်ရွှင်စွာ ကျင်းပနိုင် ခဲ့ပါသည်။

ရသေ့ကြီး၏ စိတ်အကြံကို သိသော ဗုဒ္ဓအရှင်က ပူဇော်ပွဲမတိုင်မီမှာပင် ကျောင်းသင်္ခန်းလေးမှ ကြိုတင်ထွက်ခွာ သွားခဲ့ပါလေသည်။ ပွဲပြီးမီးသေဖြစ်ချိန်မှ ဗုဒ္ဓအရှင်က ဘာမှမဖြစ်သလို အေးအေးလူလူ ပြန်ကြွလာခဲ့သည်။ ဗုဒ္ဓအရှင်ကို ခရီးဦးကြိုပြုသော ရသေ့ကြီး၏ စကားက သူတို့နေ့စဉ်ဖြတ်သန်းမှုမှာ လောက၀တ်စကားဖြစ် နေခဲ့ပြန်သည်။ နားထောင်ကြည့်ပါဦး၊“ရဟန်းကြီး ယမန်နေ့က အဘယ့်ကြောင့် မလာသနည်း၊ စင်စစ်သော်ကား ကျွန်ုပ်တို့သည် “ ရဟန်းကြီး အဘယ်ကြောင့်မလာသနည်း ” ဟုပင် တွေးမိပါသေး၏။ ရဟန်းကြီးအတွက် ခဲဖွယ် ဘောဇဉ်များချန်ထားပါသေး၏” တဲ့။ သူ ပြုံးမိရပါသည်။ အော် ကြားနေကျစကား တစ်ခါတစ်ရံမှာတော့ ပြောမိရသည့်စကားမျိုးပေပဲ။ ဗုဒ္ဓအရှင်က ရသေ့ကြီး၏ စိတ်အမှန်ကို ပြောပြလိုက်သည့်အခါ “ခက်တော့တာပဲ ငါ့အကြံလည်း သိသကိုး”တဲ့။ သို့သော် လျှော့လို့တော့ မဖြစ်ပါ။ “ငါ့လိုတော့ ရဟန္တာမဟုတ်သေး” ။

ဗုဒ္ဓအရှင်၏ (၄၅)၀ါသာသနာပြုခရီးလမ်းကြောင်းတွင် ဥရုဝေလရသေ့ကြီး၏ နောက်ဆုံးအချိန်ကို စောင့်မျှော် တော်မူရသည်မှာ လက်ပေါက်အကပ်ဆုံးနှင့် ကာလအရှည်ကြာဆုံးဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဥရုဝေလ ရသေ့ကြီး အတွက်တော့ အချိန်ပေးရပါလိမ့်မည်။ သည်းခံရပါလိမ့်မည်။ ဥရုဝေလရသေ့ကြီး၏ နောက်မှာ ထောင်နှင့်ချီ သောရသေ့များ၊ အင်္ဂနှင့်မဂဓတိုင်းက အလွှာအသီးသီးက လူများရှိနေသည်။ အဓိကပစ်မှတ်ကို ထိဖို့ အရေးကြီး သည်။ သို့နှင့် ဥရုဝေလ၏ စိတ်နှလုံးတည့်တည့်ကို ဗုဒ္ဓအရှင်က မေတ္တာဖြင့် ချိန်ရွယ်တော်မူခဲ့သည်။

အမှန်တကယ်ပင် ဗုဒ္ဓအရှင်က သည်းခံတော်မူခဲ့သည်။ ဥရုဝေလကဿပရသေ့၏ နှလုံးသားနှင့် အသိဉာဏ် ရင့်မှည့်ချိန်ကို စောင့်ရန်အတွက် တန်ခိုးပြာဋိဟာပေါင်းသုံးထောင့်ငါးရာထက်မက ပြသခဲ့ရသည် ဟု ပိဋကတ် မှတ်တမ်းတွင် ဖော်ပြထား သည်။ သို့သော် ရသေ့ကြီးက လွယ်လွယ်အချိုးမပြောင်းမည့်သူတော့ မဟုတ်ခဲ့ပါ။ ငါ့လို ရဟန္တာမဟုတ်သေး ဟူသော မန္တာန်က ချိုမြိန်ဆဲပင်ဖြစ်ပါသည်။ ခပ်စပ်စပ်လေးပုတ်မှ ထိသွားနိုင်သည့် ပုဂ္ဂိုလ်မှန်းသိတော်မူသည့် ဗုဒ္ဓအရှင်က ပွင့်လင်းစွာမိန့်မြွက်ရတော့သည်။


ထို့နောက်မြတ်စွာဘုရားသည် ဥရုဝေလကဿပရသေ့ကို “ ကဿပ သင်ကား ရဟန္တာလည်း မဟုတ်၊ အရဟတ္တမဂ်နှင့်လည်း ပြည့်စုံသူလည်း မဟုတ်၊သင့်အား ရဟန္တာဖြစ်ရန်သော်လည်းကောင်း၊ အရဟတ္တမဂ်နှင့် ပြည့်စုံရန်သော်လည်းကောင်း ဖြစ်နိုင်သောအကျင့်လည်း မရှိ၊” ဟု မိန့်တော်မူ၏။ ထိုအခါ ဥရုဝေလကဿ ပရသေ့သည် မြတ်စွာဘုရား၏ ခြေတို့၌ ဦးခိုက်၍ မြတ်စွာဘုရားကို “အရှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား အထံတော်၌ ရှင်အဖြစ် ရဟန်းအဖြစ်ကို ရလိုပါ၏” ဟု လျှောက်၏။

(၀ိနည်းမဟာဝါပါဠိတော်မြန်မာပြန်)

အော် ဥရုဝေလကဿပရသေ့ကြီးကတော့ အချိန်မီသွားခဲ့သည်ပဲ။ ပင်ကိုယ်က စိတ်ကောင်း စေတနာကောင်းရှာသော ရသေ့ကြီး...။ စိတ်နှလုံးမှာ ပုထုဇဉ်သွေးလေးက စိုနေတော့ ရိုးရိုးလေး မတွေးတတ်၊ လောကကို လောကအတိုင်းမရှုမြင်တတ်၊ မွေးမြူမိသည့် ဗြဟ္မစိုရ်မှာလည်း ကြောင့်ကြ စိုးရိမ်မှုများက ငြိကပ်နေသေးသည်၊ ခုတော့ ဗြဟ္မစိုရ်ကို ခိုင်ခံ့အောင် တည်ဆောက်ခွင့်ရသွားခဲ့ပြီ။ အရိယာသူမြတ်တို့၏ တုန်လှုပ်ခြင်းကင်းသော လင်းလက်စိုရွှမ်းသော ဗြဟ္မစိုရ်....။

ဘုရားရှင့်ခြေတော်ရင်းမှာ “ရှင်အဖြစ် ရဟန်းအဖြစ်ကို ရလိုပါ၏” တဲ့။ ဗုဒ္ဓအရှင်၏ သာသနာပြုခရီး အောင်မြင်ခဲ့ပါသည်။ ဥရုဝေလကဿပရသေ့ကြီး၏ စိတ်နှလုံးတွင် ဓမ္မအရိပ်ထိုးကျသွားသည်နှင့် “ရသေ့ညီ နောင် ရှင်တစ်ထောင်ချွတ်ခန်း” ဆိုသော မှတ်တမ်းကြီးကို ပိဋကတ်ဆရာတို့ ကြည်နူးစွာ ရေးထွင်းနိုင်ခဲ့ကြ သည်။ အင်္ဂတိုင်းနှင့်မဂဓတိုင်းတွင် သာသနာ့အလံတံခွန်များက အေးမြငြိမ်းချမ်းစွာ တလူလူလွင့်နေခဲ့တော့ သည်။


(၄)

ပုထုဇဉ်ရိုးရာတွင် ဗြဟ္မစိုရ်တရားကို အစမ်းသပ်ခံနိုင်သည့်အဆင့်ရောက်အောင် ကြိုးစားရသည်မှာ ခက်ခဲလေ့ ရှိပါသည်။ ဒုက္ခသည်ကို သနားစုတ်သပ်မိတတ်သော်လည်း ကရုဏာတွင် အနှောင်အဖွဲ့ရှိပြန်သည်။ ဒုက္ခသည် လေးကို ဒုက္ခသည်လေး အတိုင်းပဲ သနားစဖွယ်နေစေချင်သည်။ ဒုက္ခသည်များ ရှေ့တိုးမလာရ....။ အောင်မြင် ပျော်ရွှင်သူကို လက်ခုပ်တီးမိပြန်တော့လည်း မုဒိတာမှာ နံရံရှိပြန်သည်။ အကျိုးစီးပွား ထိပါးလာနိုင်သည်ဟု မြင်မိသည်နှင့်
လက်ခုပ်သံက ချက်ချင်းစဲသွားသည်။ လက်ခုပ်တီးလို့ကောင်းရုံမျှသာ အောင်မြင်စေချင်သည်။

တန်းတူ ရည်တူဟု မေတ္တာထားမိပြန်တော့လည်း မေတ္တာတရားက အလျားအနံအလျဉ်ရှိနေပြန်သည်။ ကျော်တက်သွားတာမျိုးတော့ မဖြစ်စေချင်ပြန်ပါ။ “ အတူတူပဲ နေပါကွာ” ဆိုတာမျိုးဖြင့် ဆွဲနှစ်ထားချင်သေး သည်။ သမာသမတ်ကျမှုကို မွေးမြူမိသော်လည်း ဥပေက္ခာ၏ ဦးတည်ချက်များက မျက်နှာလိုက်တတ်ပြန်သည်။ ငါနှင့် ငါ့အသိုင်းအ၀ိုင်းအတွက်ဆိုလျှင် ဥပေက္ခာက ယိမ်းချင်သည်။ အခြားသောသူတို့၏ အရေး အရာခေါင်း စဉ်များအတွက် ဥပေက္ခာက ခပ်စိမ်းစိမ်းဖြစ်နေတတ်ပြန်သည်။ အမည်ခံဗြဟ္မစိုရ်ကိုပဲ နေ့စဉ်မွမ်းမံ နေကြရသည်ပဲလေ။

ဗြဟ္မစိုရ်တရားအကြောင်း ပြောဖြစ်ကြသည့်အခါ ဗုဒ္ဓအရှင်နှင့် ဥရုဝေလကဿပရသေ့ကြီးကို သတိရနေတတ် သည်။ ဗုဒ္ဓအရှင်က ရသေ့ကြီးကို သနားတော်မူသည်၊ ရသေ့ကြီးကလည်း ဗုဒ္ဓအရှင်ကို အထင်ကြီးပါသည်၊ သို့သော် ခပ်ပါးပါးလေးသာ၊ သိမြင်ထားသော ဗုဒ္ဓအရှင်၏ ကိုယ်ရည်ကိုယ်သွေးများကို ဖော့ပစ်လိုက်ချင်သည်။ အသိအမှတ်ပြုရမှာ ၀န်လေးခဲ့ခြင်းပင် ။ သို့သော် ဗုဒ္ဓအရှင်၏ အစမ်းသပ်ခံမဟာကရုဏာတော်က ဥရုဝေလရ သေ့ကြီး၏ ယိုင်နဲ့သော မုဒိတာကို ခိုင်မတ်သွားအောင် ပဲ့ပြင်ထိန်းကျောင်းနိုင်ခဲ့ သည်။

ရသေ့ကြီးကတော့ အစစ်အမှန်ဗြဟ္မစိုရ်ဆီသို့ ကူးပြောင်းသွားနိုင်ခဲ့သည်။ အစမ်းအသပ်ခံနိုင်သော ဗြဟ္မစိုရ်ဖြင့် ရဲရင့်သွားခဲ့သည်။ ရသေ့ကြီး နောက်မကျခဲ့ပါ။ လွတ်မြောက်ရာလမ်း ဖြူးဖြောင့်သွားသည်။ သို့သော် ဥရုဝေလ ကဿပရသေ့ကြီး၏ ဥရုဝေလတောအုပ်လေးထဲက ပုံရိပ်များက နေ့စဉ်ဘ၀ထောင့်ချိုးအသီးသီးမှာ တွေ့တွေ့ နေရသည်။ ဥရုဝေလမိတ္တူများ.....။ အသိအမှတ်ပြုခြင်းကင်းသော ဆက်ဆံရေးများ....။

ထိုသို့ဖြင့် နွေးထွေးသောမိသားစုထမင်းစားဝိုင်းလေး အေးစက်သွားရသည်၊ နေ့စဉ်ထိုင်နေကျ လက်ဘက်ရည် ဆိုင်လေးဆီ ရောက်မလာတော့သည့်မိတ်ဆွေကို မျှော်နေမိတတ်သည်။ ပြန်ဆုံမယ့်ညနေခင်းဆီမှာ အသည်းကွဲ သီချင်းသာ ဆူညံသွားခဲ့သည်။ စာသင်ခန်းလေးထဲက ပျော်ပျော်လွင်လွင်ရယ်သံများ ဆိတ်သုဉ်းသွားခဲ့သည်။ ပျောက်ဆုံးနေသော နားလည်မှုများ ...တွန့်တိုလွန်းသော အသိအမှတ်ပြုမှုများ
...။

အကြောင်းအရာ အ၀န်းအ၀ိုင်းကြီးလာသည်နှင့်အမျှ အသိအမှတ်ပြုခြင်းကင်းမဲ့မှု၏ အကျိုးဆက်များက ခါးသက် လာတတ်သည်။ စားပွဲဝိုင်းပေါ်မှာ ပွင့်လင်းစေ့စပ်ရမည့်စကားလုံးများက သွေးသံရဲရဲစစ်မြေပြင်ထဲ ယမ်းခိုး ဝေ့သောကျည်ဆံများဖြစ်သွားတတ်သည်။ ကမ္ဘာ့စစ်မီးလျှံများနှင့် အဆက်မပြတ်ငိုသံများ အုံကျင်းဖွဲ့ပေါက်ကွဲ နေသည်။
အသိအမှတ်ပြုဖို့ နှောင့်နှေးခြင်းက အရာရာ နောက်ကျဖို့သာဖြစ်သည်။

ထိုသို့ဖြင့် မိသားစုလေးနွေးထွေးဖို့ အပြုံးတွေ နောက်ကျခဲ့ပါသည်။ ရပ်ရွာမြို့ပြများအေးချမ်းသာယာဖို့ ကမ်းသောလက်တွေ နောက်ကျခဲ့ပါသည်။ တိုင်းနိုင်ငံတည်ထောင်ဖို့ မျက်နှာချင်းဆိုင်စကားဝိုင်းတွေ နောက် ကျခဲ့ပါသည်။ ကမ္ဘာမြေငြိမ်းချမ်းရေးအတွက် သံလွင်ခက်ကို ကိုက်ချီလာသည့် ချိုးဖြူငှက်လေး နောက်ကျခဲ့ပါ သည်။


နောက်ဆုံးတော့ “ကိုယ့်ထက်သာ မနာလို” ဆိုသော စကားလုံးကို လူယဉ်ကျေးတို့ကမ္ဘာမှ ထုတ်ပယ်မပစ် နိုင်သေးသမျှ ဥရုဝေလမိတ္တူများက သူ့ပြတင်းတံခါးမှန်ချပ်များကိုလည်း ထိမှန်ပေါက်ကွဲလာနိုင်ကြောင်း ရိပ်စားမိလိုက်သည်။ သူကိုယ်တိုင်ကရော....။ ဘာပဲဖြစ်ဖြစ် သူ့နှလုံးသားနှင့် သူ့အသက်ရှူသံ တစ်နေရာ ရာတွင် ကပ်ညပ်နေနိုင်သည့် ဥရုဝေလမိတ္တူစများကို ရှာဖွေမီးရှို့ဖျက်ဆီးနိုင်အောင် ကြိုးစားရဦးမည်ပဲ။


03 March, 2010

မျိုးကြီး ဗာရာဏသီသတို့သားနှင့် သူစိမ်းတစ်ယောက်

ငါသည် ကိလေသာတို့ကို ရှို့မြိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။
ဘ၀အားလုံးတို့ကို ပယ်နှုတ်အပ်ကုန်ပြီ၊
ဆင်ပြောင်ကြီးသည် အနှောင်အဖွဲ့ကို ဖြတ်၍ နေသကဲ့သို့ အာသ၀မရှိဘဲ နေရပါ၏။

ငါ၏ လာခြင်းကား စင်စစ်ကောင်းသောလာခြင်းဖြစ်၏။
ငါသည် မြတ်စွာဘုရားအထံ၌ ၀ိဇ္ဇာသုံးပါးတို့သို့ အစဉ်ရောက်အပ်ကုန်ပြီ။
မြတ်စွာဘုရား၏ အဆုံးအမတော်ကို လိုက်နာပြုကျင့်အပ်ပါပြီ။

ရှင်ယသ
(ယသတ္ထေရအပါဒါန်)
(၁)

သူထွက်လာတော့ ဗာရာဏသီမြို့သည် ဆူညံပူလောင်မှုများနှင့် ကျန်ခဲ့လေသည်။ အော်တိုကား လေးတစ်စင်းပေါ်တွင် စွေ့ကနဲ သူဝင်ထိုင်လိုက်၏။ “ဆာရနထ်ကို ကျလီယေး” တက္ကစီ မောင်းသမားက ခေါင်းရမ်းပြကာ ၀ူးကနဲ အော်တိုကားလေးကို မောင်းထွက်သည်။ ခေါင်းရမ်းပြခြင်းသည်ပင် မဇ္ဈိမ၏ သဘောတူလက်ခံခြင်းဘာသာစကားပဲ။

ဆာရနထ်ဆိုသည်က ပိဋကတ်တံခါးကို ဖွင့်လိုက်သည်နှင့် လင်းလင်းချင်းချင်းမြင်ရသော မိဂဒါဝုန် တောဖြစ်သည်။ ဗုဒ္ဓအရှင်၏ ဓမ္မအသံ ပထမဆုံးပဲ့တင်ရာ အော် ဗာရဏသီမှ (၇)ကီလိုမီတာ ဝေးကွာသော မိဂဒါဝုန်တော။ သူက မိဂဒါဝုန်ကို ထွက်ခွာခြင်းမဟုတ်၊ မိဂဒါဝုန်သို့ ပြန်လည်ဆုတ် နစ်ခြင်းသာဖြစ်သည်။ ဘာများထူးခြားလို့လဲ။ ကိုယ့်အသိုက်ကိုယ်ပြန်တဲ့ငှက်တစ်ကောင်အတွက် ဝေါဟာရ အသစ်တွေက ခမ်းခမ်းနားနားကြိုနေဖို့ မသေချာ၊၊ သူက ယသသတို့သားမှ မဟုတ်လေပဲ။

ယသ၏ ဗာရာဏသီညက ယိမ်းထိုးနေသည်။ ညကြီးတစ်ခုလုံးပျောက်ဆုံးနေခြင်းဖြစ်၏။ ကညင်ဆီမီး တိုင်များအောက်မှာ အလှတရားဆိတ်သုဉ်းမှုကြီးကို ယသကိုယ်တိုင် ကြေကွဲဖွယ် ရင်ဆိုင်လိုက်ရသည်။ အလှတရားမရှိတဲ့ဘ၀ဟာ မျှော်လင့်ချက်မဲ့လွန်းလှသည်ပဲ။ ဂီတ၏ သိမ်မွေ့သော ရင်ခွင်သည် ကြမ်းရှနေပြီ။ အာကောင်ခြောက်ကပ်စွာ သောက်တော်ရေဗူးကို ဆွဲယူမော့ချပစ်လိုက်သည်။ ဘယ်လိုမှ မအေးချမ်း၊ နောက်ဆုံးတော့ ရင်ကို မီးမြှိုက်ကြလေသော အနှောင်အဖွဲ့များက ဝေးရာ မိဂဒါဝုန်သို့ ထွက်ပြေးသည်၊ မိဂဒါဝုန်သည် ယသအတွက် လွတ်လပ်ကွင်းပြင်....။ ယသသိသွားသည်က ....


မရေရာတာ အသေအချာပဲ မြင်နိုင်တယ် အဖြေရယ် မလိုတော့ပါ
အချိန်တွေသာ လည်ပတ်ဆဲ ကျန်နေသူ ဒီလူဟာသူစိမ်းပါ
မဖြစ်နိုင်တဲ့ ဘ၀ဟာ အရှုံးသာနောက်ဆုံးပဲ မဟုတ်လား
ကြင်နာတယ်ဆိုပေမယ့် အချိန်တန်ပြီဆိုရင် ပြန်သွားပါ


ယသက ဆုပ်ကိုင်ထားသမျှကို လွှတ်ချလိုက်သည်။ မရေရာတာ သေချာသွားခဲ့ပြီပဲ။ သံသရာပြီး သံသရာထဲ ပျော်မွေ့ခဲ့သော လောကီအရောင်စိုစိုဘ၀များ၏ အရှုံးများ။ အနှစ်သာရမဲ့လှပါလား၊ ညဦးဆီက နားထောင်ခဲ့သော ဂီတသည် သံစဉ်အက်ကွဲသွားသည်။ ညစ်နွမ်းလှချည့်၊ အပြုံးများ၏ ဖောက်ပြန်မှုကို လှစ်ကနဲမြင်လိုက်သည့်အခိုက် ချွေးတစ်ပြိုက်ကျသွားသည်။ လောကဟူသည် သူစိမ်းတို့၏ နယ်ပယ်ပါပဲလား။ ယသအတွက် အန္တိမညချမ်းတစ်ခုက အချိန်ကိုက်ရောက်လာခဲ့သည်။ ယသထွက်ခွာရတော့မည်။ သို့နှင့် ဗာရာဏသီမှ ဝေးရာဆီ........။ အဖြေတစ်ခုကိုတော့ဖြင့် ယသဆာလောင်နေခဲ့ပါလေသည်။

အော် ယသက အနှောင်အဖွဲ့တွေကို လွှတ်ချဖို့ မိဂဒါဝုန်သို့ ချဉ်းကပ်လာသည်။ သူကတော့ မိဂဒါဝုန်ကို တွယ်ဖက်ထားဖို့ တိုးဝင်သည်၊ မိဂဒါဝုန်သည် သူ့အတွက် နှေုာင်ဖွဲ့ချည်ရာ....။ ကိုယ့်ချည်တိုင်ကို ကိုယ်တိုင်ဝယ်ယူထားရသည့် ဗာရာဏသီရောက်ရဟန်းတစ်ပါးပဲ..။


(၂)

ယသတို့ခေတ်ဆီကတော့ ဗာရာဏသီနှင့် မိဂဒါဝုန်သည် သီးခြားအဓိပ္ပါယ်များနှင့် စည်းခြားထားသည်။ မြို့ပြနှင့် တောမြိုင်ခြေ။ ဗာရာဏသီနှင့် မိဂဒါဝုန်ကို ဖြတ်စီးနေသော ၀ါရဏဆိုသည့် မြစ်ကျဉ်းလေး တစ်ခုလည်း ရှိသည်။ ဗာရဏသီက ရောင်းဝယ်ဖောက်ကားမှုနှင့် ဒဿနပညာများထွန်းကားသီးပွင့်ရာ မြို့ပြ။ ဗာရာဏသီပိုး ထည် သို့မဟုတ် ကာသိတိုင်းဖြစ် အဖိုးတစ်သိန်းထိုက်သော အ၀တ်တန်ဆာသည် ကျော်ကြားသည်။

ဂင်္ဂါသူတို့အတွက် ရင်ခုန်ဖွယ်ကောင်းသော မူလလက်ဟောင်းအလှကုန်တို့၏ ဆွဲဆောင် မှုဖြင့် တောက်ပရာ ဗာရာဏသီ သို့မဟုတ် ကာသိတိုင်းမြေ...။ ယခုတိုင်အောင်ပင် မဇ္ဈိမသတို့သမီးတို့၏ ၀တ်မှုံကူးပွဲ တော်များအတွက် အိပ်မက်ဈေးခင်းဖြစ်နေဆဲ။ကမ္ဘာ့အလှမယ်ဘွဲ့ရှင် ရုပ်ရှင်မင်းသမီးချော အရှောဒယ၏ ခန်းဝင်မင်္ဂလာအတွက် သတို့သားဖြစ်သူ၏ဖခင် မင်းသားကြီးအမီတာဘာချန်က ကာသိတိုင်းဖြစ်ပိုးထည်များ တခုတ်တရမှာယူခဲ့ခြင်းကို သတင်းခေါင်းကြီးတစ်ရပ်အဖြစ် လှုတ်ခတ်ခဲ့ဖူးသည်။

အယူဝါဒအမျိုးမျိုးနှင့် ဒဿနများဆိုက်ကပ်ထွန်းကားရာ ဂင်္ဂါဆိပ်ကမ်းသည် လျှို့ဝှက်သိပ်သည်းသော ကမ္ဘာမြေ၏ လက်ဆောင်ဖြစ်သည်။ အကျင့်တပနှင့် ဒဿနရှာဖွေနေသူဆာဒူးကြီးများ၊ ဂင်္ဂါဒေ၀ကို ပူဇော်ဦး ညွတ်နေကြသူများ အလှူခံများ၊ ဖုန်းတောင်းယာစကာများ၊ ခရီးသွားဟန်လွှဲလေ့လာသူများနှင့် ဂင်္ဂါသည် စည်ပင်နေတတ်သည်။ ဂင်္ဂါလှိုင်းများကို ဖြတ်သန်းတိုက်ခတ်သော လေညှင်း၏ လွတ်လပ်မှုမျိုးကို ကမ္ဘာမြေ၏ အခြားသောမြစ်များပိုင်ဆိုင်ခွင့်မရှိ။ မြစ်တိုင်းလွတ်လပ်စွာ စီးဆင်းခွင့်ရှိသည်မဟုတ်။


ဗာရာဏသီမြို့နိမိတ်ကို လွန်ကာ ၀ါရဏမြစ်ကျဉ်းလေးကို ဖြတ်လိုက်သည်နှင့် မိဂဒါဝုန်သည် ငြိမ်ချက်သား ကောင်းနေမည်။ မြူးတူးခုန်ပေါက်ပြေးလွှားနေသောသမင်ပျိုလေးများက တောအုပ်လေး၏ ပန်းချီစုတ်ချက် များဖြစ်နေမည်။ ဥဒေါင်းငှက်များ၏ အကနှင့် ငှက်သဘင်ဂီတကလည်း မိဂဒါဝုန်၏ ငြိမ်အေးမှုကို အတည်ပြုနေ ဟန်ပင်၊ ယသအတွက် ဗုဒ္ဓအရှင်က စောင့်နေခဲ့ပါလေသည်။ သူ့ကိုတော့ မီးပျက်နေသော အခန်းလေးက စောင့်နေပါလိမ့်မည်။


ဒီလူဟာ ဒီနေရာပဲ
အချိန်တန်ရင် ပြန်လာရဦးမှာ
ညင်သာစွာတိုးတိတ် နာကျင်လွန်းတဲ့စိတ်
(မှောင်လွန်းတဲဘ၀မှာသေတဲ့အထိဆက်ချစ်မှာ
ငါ့အသက်ထောင့်တစ်နေရာမှာ
နေထိုင်ဆဲ
သေသည့်တိုင် ဒီဘ၀ထဲ
ငါမင်းသာ အချစ်ဆုံးပဲ
ရင်မှာ အသက်နဲ့အမျှ ရှင်သန်ဆဲ)

မိဂဒါဝုန်ကို ပုံစံတစ်မျိုးဖြင် သူ တစ်ခေါက်ပြန်လာရပေဦးမည်။ ခုပြန်နေသောခရီးထက် ပိုမိုလေးနက်သိပ် သည်းသော လှည်းကျင်းထားသော အဇ္ဈတ္တဖြင့် သူပြန်လာရပါမည်။ ခုတော့ သူက သာမန်ရဟန်းတစ်ပါး၏ နောက်ဆုံးပေါ်လောကီထဲမှာ လေးလံနေဆဲဖြစ်သည်။ အခန်းမှိန်မှိန်လေးထဲတွင် သူ့စိတ်များကလည်း မှောင်နေတုန်းပင်ဖြစ်သည်။ အမျိုးဘာသာသာသနာဟု အမည်ပေးထားသော ချစ်စိတ်များက သူ့ကို နှောင်ဖွဲ့နေကြတုန်းပဲဖြစ်သည်။ ငါဟူသောနံရံကို သူက မထိုးဖောက်ရက်နိုင်သေး။ ဘာပဲဖြစ်ဖြစ် အမှောင်ထဲမှာ ဖြစ်နိုင်သမျှတော့ လင်းကြည့်ပါဦးမည်။ သေသည့်တိုင် သူ့အသက်ရှူသံတိုင်းသည် ချစ်ခြင်းမေတ္တာ၏ ရနံ့ကို ရှိုက်လိုဆဲပင် ဖြစ်လိမ့်မည်။ ကမ္ဘာမြေ ငြိမ်းချမ်းပါစေ။



(၃)

ခုတော့ ဗာရာဏသီနှင့် မိဂဒါဝုန်သည် တစ်သားတည်းဖြစ်နေပြီ၊ ယသတို့ခေတ်ကနှင့် မတူပြီ။ ကြားဖြတ်စီး နေသော ၀ါရဏမြစ်ကျဉ်းလေးသည်ပင် တံတားထိုးခံလိုက်ရပြီ။ ယသက မိဂဒါဝုန်ဆီသို့ ကူးတို့လှေကလေး ဖြင့် ကူးဖြတ်ခဲ့ပါလိမ့်မည်။ သူကတော့ အော်တိုကားလေးဖြင့် ပြန်လာခဲ့သည်။


ဆုံမှတ်တို့ လွဲချော်ခဲ့ မျှော်လင့်ချက်မဲ့နေခဲ့
ဘယ်ဘ၀မှ တို့ ပြန်ဆုံတွေ့ခွင့် ရှိနိုင်မလဲ အခုတော့
သူစိမ်းတစ်ယောက်ပါ

မိဂဒါဝုန်မှာ ယသသတို့သားကတော့ လောကီနယ်အတွက် သူစိမ်းဖြစ်သွားသည်၊ သူကတော့ လောကုတ္တရာ နယ်အတွက် သူစိမ်းဖြစ်နေဆဲ။ အော် သူစိမ်းချင်းတော့ မတူခဲ့ကြ။ ဘာပဲဖြစ်ဖြစ် ဆုံမှတ်တို့လွဲချော်သော်လည်း ရေးထွင်းလက်စမျှော်လင့်ချက်ပါးပါးလေးကိုတော့ သူဆုပ်ကိုင်ထားရပါဦးမည်။ အော် သူစိမ်းတစ်ယောက် ပဲလေ။ သို့သော် သူက ပြန်လာရဦးမည့် သူစိမ်းတစ်ယောက်ဖြစ်သည်။

မရေရာတာ သေချာပေမယ့်
ဆုံနိုင်တယ် ဒီအိပ်မက်ထဲမှာ
အချိန်တန်ရင် ဒီလူဟာ ပြန်လာရဦးမှာ
တကယ်ဆို ချစ်လျက်နဲ့ အရာရာပေးဆပ်ခဲ့သူပါ။

(တေးရေးဖိုးကာနှင့် တေးဆို မျိုးကြီးတို့၏ သူစိမ်းတစ်ယောက်သီချင်းအားကျေးဇူးတင်စွာဖြင့်)