28 April, 2010

နိရောဓပတ်စ်ဝဒ်

ဒုက္ခနဲ့
သံသရာကို မကျီစားနဲ့
ငါဟာ
သစ္စာကို
ရှာချင်လည်းရှာမယ်
ဒါပေမယ့်
ရှာခဲ့ပြီ

ယုံကြည်မှုကို
မှတ်ပုံတင်စရာလိုသလား
မေ့နေသလားလို့လည်း
ခဏ ခဏမေးလားမေးရဲ့


ငါ့နေ့ရက်တွေမှာ
ပတ်စ်ဝဒ်တွေပျောက်လှချည့်
ငါ့ကိုယ်ငါပျောက်တာက
ငါဖြစ်နေပြန်ရော

“လမ်း”တဲ့
လျှောက်ပေမယ့်
လျှောက်လက်စလောကီလေး
လှပြီးသားမို့။

ဓမ္မဂင်္ဂါ
(၂၈-၀၄-၂၀၁၀)

27 April, 2010

ဗုဒ္ဓ၏အမြဲတမ်းလပြည့်ညများ


(၁)
လပြည့်ညကို ဘယ်လိုလှိုင်းပုတ်သံတွေနဲ့ ကြိုဆိုရမှာပါလိမ့်။ ဗုဒ္ဓခြေတော်ရာထင်းထင်းရှိလေသည့် ချစ်စွာသော လပြည့်ညများစွာထဲက တစ်ည၊ အော် ယနေ့ညသည် ကဆုန်လပြည့်ည...။
ဗုဒ္ဓအရှင်၏ ဖြစ်တော်စဉ်သည် “အမြဲတမ်းလပြည့်ညများ”ဖြင့် ထူးခြားစွာ လှပ၀ိုင်းစက်နေတတ်လေသည်ပဲ။

ဝါဆိုလပြည့်
(မဟာပဋိသန္ဓေဓါတ် ကိန်းဝပ်သောနေ့)

ကဆုန်လပြည့်
(ဖွားမြင်သောနေ့)

ဝါဆိုလပြည့်
(တောထွက်သောနေ့)

ကဆုန်လပြည့်
(သစ္စာသိမြင် တဏှာစင်သောနေ့)

ဝါဆိုလပြည့်
(ဓမ္မစကြာတရားဦးဒေသနာဟောကြားသောနေ့)


ကဆုန်လပြည့်
(မဟာပရိနိဗ္ဗာန်စံဝင်သောနေ့)

(၂)
ဓမ္မဂင်္ဂါမော်ဒန်တောရဟု သင်းပျံ့လေသည့် ပန်းစုံတောလေး၏ နံနက်ခင်းလေပြည်မွှေးကို သူရှိုက်သည်။ သည်ရက်ပိုင်းများတွင် မိဂဒါဝုန်နေထွက်ချိန်က တင်းမာရဲရင့်လွန်းလှသည်။ ဒီဂရီမြင့်မားသည့် အပူချိန်ကို ထမ်းပိုးလာရသည့် နေရောင်ခြည်သည် ငြင်သာမှုမရှိစွာ အဆောတလျှင်ပင် သူ့အခန်းပြတင်းတံခါးလေးပေါ် ကျဆင်းလာတတ်သည်။

မျက်နှာသစ်ပြီးသည်နှင့် အင်တာနက်စာမျက်နှာများထဲ ဖြတ်သန်းကာ ဗုဒ္ဓအရှင့်ဂုဏ်သတင်းစာမျက်နှာများထဲ ၀င်ရောက်ဖြစ်သည်။ ထူးခြားသော နေ့မြတ်သမယတွင် ဓမ္မမိတ်ဆွေများပေးပို့သည့် ဗုဒ္ဓအရှင်၏ ပုံရိပ်တော် မေးလ်များကို ဖူးမျှော်ရသည်က ကြည်နူးပျော်ရွှင်ဖွယ်ကောင်းသည်။

ထိုမိတ်ဆွေများပေးပို့သော ဗုဒ္ဓအရှင်၏ လပြည့်ညပုံရိပ်များနှင့် နှစ်လိုဖွယ်ရာနေ့ရက်များဆီ မျှော်ငေးနေမိ သေးတော့၏။

(၃)
လပြည့်ညကို ဘယ်လိုလှိုင်းပုတ်သံများနှင့် ကြိုရမှာပါလဲ တဲ့။ ကမ်းကို မြင်နေလေပြီပဲ။

26 April, 2010

ကျော်သူလွယ်အိတ်

ဟိုတုန်းက
ကျော်သူ့လွယ်အိတ်လေး
အိပ်မက်တွေနဲ့ဝယ်

ခုတော့
ကျော်သူကိုယ်တိုင်က
အိပ်မက်တွေကိုလွယ်လို့

သံသရာစုဗူး
မျက်ရည်ငြိမ်းဂီတနဲ့
အလင်းပဲ့တင်သံများ
ကမ္ဘာ့ရွာလေးထဲထိ
လျှောက်သွားရော...။

ဓမ္မဂင်္ဂါ
(၂၇-၀၄-၂၀၁၀)

ဖော်ပြပါ ပန်းချီကားမှာ ဒကာကိုကျော်သူ၏ ‘ထွက်ရပ်လမ်း’ အမည်ရှိ အနုပညာ လက်ရာ တခု ဖြစ်ပါသည်။ (Photo: RFA)


25 April, 2010

ဒကာကိုကျော်သူ့အတွက်ဗုဒ္ဓအရှင်၏မှတ်ချက်စကား


ဣဓမောဒတိ ပေစ္စမောဒတိ၊
ကတပုညော ဥဘယတ္ထ မောဒတိ။
သော မောဒတိ သော ပမောဒတိ၊
ဒိသွာ ကမ္မ၀ိသုဒ္ဓိမတ္တနော။

Here he rejoices, hereafter he rejoices; one who performs meritorious deeds rejoices in both existences. He rejoices and greatly rejoices when he sees the purity of his own deeds.

ခုဘ၀လည်း ပျော် နောင်ဘ၀လည်း ပျော်
ပြုသမျှကောင်းမှု ပေါင်းစု ဘ၀နှစ်ခုလုံးမှာပျော်
သူပျော် အလွန်ပျော်

သူ့ကံအလှမြင်မြင်ပြီးတော့ ပျော်။

ဗုဒ္ဓ
(ဓမ္မပဒ ၁၆ ၊ ဓမ္မိကဥပါသကာဝတ္ထု)

(ပထမအကြိမ် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ပြည်ပရောက် မြန်မာနိုင်ငံသားများ စုစည်း၍ မြန်မာနိုင်ငံအတွင်း လူမှုရေးလုပ်ငန်းများ၊ ထူးထူးချွန်ချွန် ဆောင်ရွက်နေကြသူများအား ကျေးဇူးတင် ဂုဏ်ပြုသည့် အခမ်းအနား တစ်ရပ်ကို လော့စ်အိန်ဂျယ်လိစ်မြို့၊ အမေရိကန်ပြည်ထောင်စုတွင် ၂၄.၄.၂၀၁၀ (စနေနေ့) ညနေ (၅း၀၀)နာရီမှ (၇း၀၀)နာရီအတွင်း ကျင်းပခဲ့ရာ ၂၀၁၀ ခုနှစ်ရဲ့ Citizen of Burma ပြည်သူ့ဂုဏ်ရည်ဆုကို မြန်မာနိုင်ငံမှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူမှ ရရှိသွားခဲ့ပါသည်။

ထိုသတင်းအတွက် ဗုဒ္ဓအရှင်၏ မှတ်ချက်စကားလေးဖြင့် ဒကာကိုကျော်သူအား ဂုဏ်ပြုလိုက်ပါသည်။ လူမှုရေးနှင့် ဘာသာရေးလုပ်ငန်းများကို အသင်းအဖွဲ့ဖြင့် စည်းရုံးလုပ်ဆောင်တတ်သော သာဝတ္ထိမြို့သား ဓမ္မိကဥပါသကာအတွက် မှတ်ချက်ပြုမိန့်မြွက်ခဲ့သောဓမ္မပဒဂါထာသည် ကိုကျော်သူအတွက်လည်း အကျုံးဝင် သွားသည်။ ဓမ္မိကဥပါသကာနှင့် ကိုကျော်သူတို့၏ ဖြစ်စဉ်တိုက်ဆိုင်မှုရှိနေသည်မှာလည်းအံ့သြဖွယ်ရာပင်။ အော် ဗြဟ္မစိုရ်ကိုကျော်သူအတွက် မုဒိတာစာမျက်နှာများပေတကား။)

ဓမ္မဂင်္ဂါ


24 April, 2010

“Sex (သို့) ဘုရားသခင့်လက်ဆောင်”တဲ့လား

လွန်ခဲ့သော မဟာသင်္ကြန်တော်အခါသမယဆီက သီတဂူဆရာတော်ကြီးကို ဖူးမျှော်ခွင့်ရရှိခဲ့သည် သြ၀ါဒစကား ကိုလည်း နာယူခွင့်ရခဲ့သည်။ ပညာသင်နေကြသော ရဟန်းတော်များပေမို့ ပညာရေးဆိုင်ရာ သုတေသန ကိစ္စရပ်များကို အလေး ထားမိန့်ဆိုသွားသည်။ မဇ္ဈိမဒေသရှိ ယုံကြည်ကိုးကွယ်မှုများ အကြောင်းလေ့လာစရာ များစွာရှိသည်ကိုလည်း ထောက်ပြသွားသေးသည်။ ရှီဝလိင်ကိုးကွယ်မှု၊ ဂျိန်းဘာသာ စသည် စိတ်ဝင်စားဖွယ်အကြောင်းတရားများ။

ဂျိန်းဘာသာရေးအခမ်းအနား

ဂျိန်းဘုန်းတော်ကြီးအား ဆွမ်းကပ်လှူနေသော ဒကာမများ
(ဂျိန်းဘုန်းတော်ကြီးမှာ အ၀တ်ဗလာဖြစ်နေပါ၍ ဆင်ဆာလွတ်မည့်ပုံကိုသာ တင်လိုက်ပါကြောင်း)

မဇ္ဈိမသည် အံ့သြဖွယ်ကောင်းစွာပင် လိင်ကိုးကွယ်မှု၊ ၀တ်လစ်စလစ်နေထိုင်ခြင်းနှင့် သက်ဆိုင်သော ဘာသာတရားများကို အခိုင်အမာလက်ခံထားလေသည်။ ဟိန္ဒူအယူဝါဒတွင် ရှီဝလိင်ကိုးကွယ်မှုက အမြစ် တွယ်နေသည်။ ဂျိန်းဘာသာက အ၀တ်ဗလာဖြင့် အကိုးကွယ်ခံဖြစ်နေဆဲ။ အခြားသော ကိုယ်လုံးတီး ဆာဒူးကြီး များ၏ ကောင်းချီးပေးမှုကိုလည်း စုပြုံးတိုးဝှေ့ကာ ကိုးကွယ်ခံယူနေကြပြန်သေးသည်။ သို့ဆိုလျှင် မဇ္ဈိမ ပြည်ကြီးဝယ် ပညာသင်နေသော ရဟန်းတစ်ပါးအတွက် မိမိ၏ ဘာသာတရားမှတစ်ပါး အခြားသော အညတိတ္တိယတို့၏ လိင်သဘာဝနှင့် ပတ်သက်သောအတွေးအခေါ် အယူအဆများ ကိုလည်း လေ့လာသင့်သည် မဟုတ်လား။

လွန်ခဲ့သောနှစ်က ရွှေပြည်ကြီးသို့ ပြန်လည်ဆိုက်ရောက်ချိန် မဇ္ဈိမ၏ ကိုးကွယ်ယုံကြည်မှုအကြောင်းကို တရားပွဲ တစ်ခုတွင် မိတ်ဆက်ပြောပြဖြစ်သည်။ အ၀တ်မစည်း အချည်းနှီးသော အညတိတ္တိယ ဂျိန်းဘာသာဝင်များနှင့် အစေလကတက္ကဒွန်းများ ယနေ့ခေတ်တိုင် တည်ရှိနေဆဲဆိုသည်ကို ဗွီဒီယိုမှတ်တမ်းခွေနှင့်တကွ ပြသတော့ အားလုံးအံ့သြကြသည်။ ပိဋကတ်စာမျက်နှာထဲမှာသာ ရှိတော့သည်ဟု ထင်နေကြလေသည်ပဲ။

ဘာပဲဖြစ်ဖြစ် ယမန်နေ့က အိန္ဒိယတိုင်းမ်စ်သတင်းစာမှ စကားပြောသောသစ်ပင်(Speaking Tree)ကို ဖတ်မိ တော့ မဇ္ဈိမ၏ လိင်သဘာဝအမြင်ကို တစ်စွန်းတစ်စ သိရသည်။ (၂၂-၀၄-၂၀၁၀)နေ့ကလည်း 'River Of The Life" စာတမ်းလေးကို “ဘ၀ကိုယ်တိုင်က မြစ်” ဟု ဘာသာပြန်တော့ ဘုံဘေတက္ကသိုလ်ကျောင်းတော်သား မိတ်ဆွေရဟန်းတော်တစ်ပါးက ဘာသာပြန်လေး ဆက်လုပ်ပါဦး ဟု တွန်းသည်။

သို့နှင့် ၂၄-၀၄-၂၀၁၀စနေနေ့ထုတ် သတင်းစာထဲက အိုရှိုး(Osho)၏ ''Sex, Gift From God" ဆိုသော ဟော ပြောချက်ကို ဘာသာပြန်ဆိုလိုက်ပါသည်။ အိုရှိုးဆိုသည်က နှစ်ဆယ်ရာစုတွင် ထင်ရှားလှသော ဘာသာ ရေးဂိုဏ်းဆရာကြီးတစ်ဆူဖြစ်သည်။ သူ့အကြောင်းကို ရုပ်ရှင်ရိုက်ကြဦးမည် ဟု သိရ၏။ ဘာသာပြန်ပါ အကြောင်းအရာများသည် မဇ္ဈိမကို နားလည်ရေးအစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်သာ ဖြစ်ပါကြောင်း။

လိင်သဘာဝ (သို့)ဘုရားသခင့်လက်ဆောင်မွန်

လိင်သဘာဝမှ လွတ်မြောက်ခြင်းဟူသည် လိင်သဘာဝကို ထိန်းချုပ်ခြင်းမဟုတ်ဘဲ လိင်သဘာဝကို နားလည်ခြင်းပင်ဖြစ်ပါသည်။ နားလည်ခြင်းဖြင့်သာ လိင်သဘာဝကို လွန်မြောက်နိုင်သည်။ သို့သော် လိင်သဘာဝကို ဆန့်ကျင်ရမည်ဟု မဆိုလို၊ ပျော်ရွှင်ကျေနပ်နေရမည်၊ လူတိုင်းကိုလည်း တစ်နေ့တွင် လိင်သဘာဝကို လွန်မြောက်ကြလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ကောင်းချီးမင်္ဂလာပြုနိုင်ရပေမည်။

ရှီဝ၏ ယောက်ျားအင်္ဂါနှင့် ပရဗတီ၏ မိန်းမအင်္ဂါလိင်
ဘာသာတရားဟူသည် ကမ္ဘာမြေ၌ အမြစ်တွယ်ကာ နေသို့ ဦးတည်ရပေမည်။ ဘာသာတရားသည် ရွှံ့နွံ၌ အမြစ်တွယ်ကာ နေကို ဦးခိုက်သောကြာပန်းနှင့်တူသည်။ ကြာပန်းသည် နွံမှ လွတ်မြောက်ရမည်ဖြစ်သော်လည်း နွံကိုတော့ လုံးဝအပြစ်တင်ဖွယ်မလိုပေ။ နွံသည် အာဟာရဖြစ်၏။ လိင်သဘာဝခွန်အားသည် စိတ်တည်ကြည်မှု သမာဓိအတွက် အာဟာရဖြစ်သည်။ လိင်သဘာဝရွှံ့နွံမှ သမာဓိကြာပန်းက ပွင့်ရပေမည်တည့်။ လိင်သဘာဝကို မည်သည့်အခါမှ မထိန်းချုပ်မိစေနှင့်။ မဆန့်ကျင်မိစေနှင့်။ ပြတ်သားသော အမြင်၊ကြီးမြတ်သောမေတ္တာဖြင့် နက်ရှိုင်းစွာ ချဉ်းကပ်ရပေမည်။ စူးစမ်းရှာဖွေသူတစ်ယောက်နှင့်တူစွာ လိင်သဘာဝကို ချောင်ကြိုချောင် ကြားမကျန် စူးစမ်းရှာဖွေလျှင် အံသြဖွယ်ရာတွေ့ကြုံရမည်သာမက အကျိုးစီးပွားလည်း ဖြစ်ထွန်းနိုင်ပေ သေးသည်။

လိင်သဘာဝကို နားလည်သိရှိပြီဆိုလျှင် ဓမ္မကို သင်အလိုလိုသိမြင်လာပေမည်။ ထိုအခါတွင် သင်လွတ် မြောက်သွားမည်။ သင့်စွမ်းရည်သည်လည်း မြင့်မားလာပေမည်။ ယခုအခါတွင် လိင်သဘာဝသည် ကလေး ကစားစရာအရုပ်တစ်ရုပ်ဖြစ်၏။ သို့သော် သင်သည် ယင်းကစားစရာအရုပ်ကလေးနှင့် ဆော့ကစားနေသော အခြားသူများကို မြင်သည့်အခါ စိတ်အလိုမကျမှု ဖြစ်ပွားခြင်းမရှိတော့ပါ။ ထိုပုဂ္ဂိုလ်တို့ကို သင်နားလည်သွားကာ ကရုဏာပွားမိသည်။ ထိုပုဂ္ဂိုလ်များကို လိင်သဘာဝမှ လွန်မြောက်နိုင်ရေး အကူအညီပေးလိုစိတ်ဖြစ်ပေါ်လာ သည်။ အမှားတစ်စုံတစ်ရာ ကျူးလွန်နေခြင်းမျိုးမဟုတ်၍ ထိုပုဂ္ဂိုလ်များကို ကဲ့ရဲ့ဖွယ်တော့ မရှိ။

လိင်သဘာဝသည် အပြစ်(sin)မဟုတ်။ လိင်သဘာဝကြောင့် မည်သူ့ကိုမှ အပြစ်ပေး၍ မရ၊ ငရဲကို ပို့၍မရပေ။ ဘုရားသခင်က လိင်သဘာဝကို သင့်အား ပေးထားခြင်းဖြစ်သည်။ သင်သည် လိင်သဘာဝနှင့်အတူ မွေးဖွားလာသည်။ သင်က လိင်သဘာဝကို ဖန်တီးထားခြင်းမျိုးလည်း မဟုတ်ပေ။ နျူကလီးယားဗုံး၊ ဘက်နက်၊ ဓါးမြောင်၊ ပိုက်ဆံ သို့မဟုတ် နိုင်ငံရေး ဆိုသောအရာများသည်သာ အရုပ်ဆိုးသောလူသား၏ စိတ်မှ ပေါက်ဖွား သော အရာများဖြစ်ပေသည်။ ထိုအရာများကို တီထွင်ဖန်တီးသူတို့သာ ငရဲသွားရမည် ဧကန်ဖြစ်ပေ၏။ သို့သော် လိင်သဘာဝသည်ကား ဘုရားသခင်ပေးသောလက်ဆောင်မွန်ဖြစ်ပေ၏။ ကြီးမြတ်သောမျိုးစေ့လည်း ဖြစ်၏။ အစို့အညှောင့် ထွက်လာသည်နှင့် မြေကောင်းမြေမွန်ရှာဖွေကာ သစ်ပင်ကြီးတစ်ပင်ဖြစ်လာပေလိမ့်မည်။ သန်းပေါင်းများစွာ ပန်းမာလာတို့ ထိုသစ်ပင်တွင် ဖူးပွင့်ကြပေမည်။

လိင်သဘာဝအားဖြင့် ကလေးသူငယ်သည်သာ မွေးဖွားသည်မဟုတ်၊ သင်သည်လည်း မွေးဖွားရပေမည်။ လိင်သဘာဝသည် ဖန်ဆင်းခြင်း၏ အဓိကအရင်းအမြစ်ဖြစ်ပေ၏။ လိင်သဘာဝအားဖြင့်သာ ဘ၀သစ်မွေးဖွား လာရပေသည်။ ဘ၀ထက် တန်ဖိုးကြီးသောအရာ ဘယ်အရာရှိမည်နည်း။ ဘုရားသခင်သည် လိင်သဘာဝကို ဘ၀ယာဉ်ရထားအဖြစ်ရွေးချယ်တော်မူခဲ့၏။ ဘ၀သည် လိင်သဘာဝမှ လာ၏၊ ဘ၀သည် လိင်သဘာဝ၌ လာ၏၊ ဘ၀သည် လိင်သဘာဝအားဖြင့်သာ လာရပေသည်။ လိင်သဘာဝကို သိမြင်ကာ လွန်မြောက်ပြီးသော သူတို့သည်ကား “အခြားသောဘ၀၊ ဓမ္မနှင့်ယှဉ်သော ဘ၀ဟူသည် လိင်သဘာဝအားဖြင့်သာ လာရသည်” ဟု ဆိုကြပေ၏။ သင်သည် လိင်သဘာဝအားဖြင့် နှစ်ဘ၀မွေးဖွားရပေမည်။ ရှင်သန်ထမြောက်ရပေမည်။ ဤလိင် သဘာဝဟူသည်မှာ ဘ၀ကိုပေးနိုင်သော စွမ်းရည်ထူးပေတည်း။

လိင်သဘာဝသည် မြင့်မြတ်၏၊ ဘုရားသခင်၏ ကျောင်းတော်လည်း ဖြစ်ပေ၏။ လိင်သဘာဝသည် ဓမ္မရေးရာအလားအလာကောင်းတစ်ရပ်ဖြစ်၏။ ရှာဖွေသူတစ်ယောက်သည် လိင်သဘာဝကို မည်သို့လျှင် စိတ်မ၀င်စားရှိရမည်နည်း။ အမှန်စင်စစ် ထိုပုဂ္ဂိုလ်သည် လိင်သဘာဝ၌ ပုဂ္ဂလိကစိတ်ဝင်မှုကား မရှိ။ လိင်သဘာဝကို လွန်မြောက်ပြီးဖြစ်၏။ သို့သော် သူသည် အကြီးအကျယ်စိတ်ပါဝင်စားမှု ရှိနေပြန်၏။ လိင်သဘာဝမှ လွတ်မြောက်ပြီးသော ပုဂ္ဂိုလ်တစ်ဦး၏ စိတ်ဝင်စားမှုက အလွန်ကြီးကျယ်တတ်သည်။ ယခုအခါ တွင် သူသည် အရာရာတိုင်းအပေါ်တွင် စိတ်ဝင်စားနေတော့၏။

သင်သည် လိင်သဘာဝအပေါ် စွဲလမ်းမိသောအခါ ကဗျာ၊ ဂီတ၊ နှင့် အလှတရားတို့ကို စိတ်ဝင်စား တော့မည်မဟုတ်ဘဲ လိင်သဘာဝကိုသာ စိတ်ပါဝင်စားနေတော့မည်။ အကယ်၍ ထိုအရာများကို စိတ်ဝင်စား သည်ဆိုပြန်ပါကလည်း ထိုအရာများတွင် လိင်သဘာဝအချို့ပါဝင်နေမှုကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့်ပင် ၉၉ ရာခိုင်နှုံးသော အနုပညာဖန်တီးမှုသည် လိင်သဘာဝကို အခြေခံရသည်ချည်းဖြစ်၏။ ၉၉ ရာနှုံးသော လူအများစုကလည်း လိင်သဘာဝမှလွဲ၍ အခြားအရာကို အလိုမရှိသောကြောင့်ဖြစ်ပါသည်။ ရုပ်ရှင်၊ ၀တ္ထုနှင့် စာအုပ်များ(ဘာသာရေးအမည်တပ်ထားသည့် စာအုပ်များပင်လျှင်) လိင်သဘာဝများနှင့် ပြည့်နေတတ်လေ သည်။

တစ်ခါတစ်ရံတွင် လိင်သဘာဝသည် အပြစ်တင်ရှုံချခံရတတ်သည်။ သို့သော် ထိုအရာကိုပဲ ဆက်ပြောမြဲ ပြောနေကြဆဲဖြစ်သည်။ တစ်ခါတစ်ရံ၌မူ လိင်သဘာဝက ညစ်ညမ်းမှုဖြစ်ရသေးသည်။

လိင်သဘာဝမှ လွတ်ကင်းသောသူသည် လိင်သဘာဝ၌ စိတ်ဝင်စားမှုမရှိတော့။ သူ၏ စိတ်ဝင်စားမှုကား ဘ၀တစ်ခုလုံးပေါ် ပြန့်နှံ့တည်နေတော့၏။
အိုရှိုး(Osho)
(Excerpted from I Say Unto You, Vol 2, Courtesy Osho International Foundation. www.osho.com )

23 April, 2010

မိုဘိုင်းလ်ဝေဒနာက္ခန္ဓာ


လယ်စောင့်တဲလို
ကျောင်းသင်္ခန်းလေးလိုမယ်
ကောင်းကင်ကြီးကိုတော့
ပြာမှိုင်းလက်စအတိုင်း
တိမ်တွေအပြည့်

လထွက်လာတာကို
ငြိမ်ငြိမ်လေးငေးကြည့်
ကဗျာတစ်ပုဒ်ကို
ရေမှုတ်သေးသေးလေးနဲ့ခပ်သောက်မိသေး

တယောတစ်လက်
ဆေးသားစိုစိုပန်းချီးကားတစ်ချပ်
ဖြစ်နိုင်ရင်တော့
ဘိလိယက်ဒ်ခုံလေးတစ်လုံး
စိတ်လေ့ကျင့်ခန်းတရားတစ်ပုဒ်

အဲဒါဆို
“ရဟန်းတစ်ပါးဆိုတာဘာလဲ”တဲ့
ကိုယ်မေးတဲ့မေးခွန်းပဲလေ
လူစုံတဲ့အခါမှ
ပယ်ဖျက်လိုက်ရုံ။

ဓမ္မဂင်္ဂါ


ကဗျာတစ်ပုဒ်ဖြစ်ရန်လိုအပ်သောအစိတ်အပိုင်းအချို့
၁)တယောထိုးတဲ့အခါ ခန့်ညားစွာ ထိုင်ဖို့ ကုလားထိုင်တစ်လုံး
၂)ပန်းချီကားတွင် ဘာအဘိဓမ္မာတွေမှ မပါတဲ့အကြောင်းရှင်းပြဖို့ စကားလုံးအချို့
၃)ဘီလိယဒ်ကစားခန်းတွင် ကျန်းမာရေးဇယားလေးလည်း ချိတ်ဆွဲလို့



မရူးတာဆိုလို့ ငါတစ်ပါးတည်းကျန်တော့တယ်

(၁)
ဒကာမက စိတ်ပူပန်စွာပင် ကျောင်းသို့ အမြန်ပြေးလာသည်။ ဘုရားဘုရား။ နံနက်ခင်းဆီက ပို့လိုက်သည့် ဆွမ်းဟင်းထဲတွင် ပဒိုင်းပွင့်သုတ်ပါသွား၏။ နွားကျောင်းသွားသည့် ကလေးများကောက်လာသည့် ပဒိုင်းပွင့်များကို လက်ခုပ်ပွင့်အမှတ်ဖြင့် ရွာဦးကျောင်းရှိသံဃာတော်များအတွက် ဆီရွှဲရွဲပဲနှမ်းအပြည့်အစုံထည့် သုတ်ကာ ပို့လှူခဲ့သည်။ အိမ်ပြန်ရောက်လို့ လက်ကျန်အသုတ်လေးကို ဧည့်သည်တည်ခင်းမိတော့မှ ပဒိုင်းပွင့် များဖြစ်နေသည်တဲ့၊ ဘုရား ဘုရားရေ ဟုသာ တမိတော့၏။ ကျောင်းက ဘုန်းဘုရားတွေ ဘယ်နှယ် များဖြစ်ကုန်ကြပြီလဲ။

ကျောင်းသို့အ၀င် ကျောင်းလှေခါးပေါ်က မိန့်မိန့်ပြုံးပြုံးကြီး ဆင်းလာသည့် ကျောင်းထိုင်ဆရာတော်ကြီးကို ဖူးမြင်ရတော့မှ စိတ်သက်သာသွားသည်။ ဒကာမက ဆရာတော်ကို အမောတကောလျှောက်သည်။

``ဘုန်းကြီးဘုရား မနက်က ပို့လိုက်တဲ့ ဆွမ်းထဲမှာ ပဒိုင်းပွင့်သုတ်တွေ ပါသွားလို့ဘုရား။´´
``အေးဗျာ ဒီမှာတော့ တစ်ကျောင်းလုံး ရူးကုန်ပြီ။ မရူးတာဆိုလို့ ငါတစ်ပါးပဲ ကျန်တော့တယ်ဗျာ´´ ဟု ဆရာတော်က ပြုံးပြုံးကြီးအမိန့်ရှိကာ လှေခါးပေါ်မှ ခုန်ချလိုက်သည်။

သေချာကြည့်လိုက်တော့ ကျောင်းထိုင်ဆရာတော်က ဘုရားဆင်းတုတော်ကြီးကို ကျောပိုးထားလေသည်။
အော် မရူးတာဆိုလို့ တစ်ပါးတည်းကျန်တော့သကိုး။

(၂)

လွန်ခဲ့သော တစ်ပတ်ခန့်က ရွှေပြည်ကြီးကို ပြန်သွားသည့် ညီတော်မောင်တစ်ယောက်ပြောပြသော ပုံဝတ္ထု လေးဖြစ်သည်။ တွေးမိတိုင်း ပြုံးမိရသည်။ ထူးထူးထွေထွေတော့ ဆက်ပြီးမစဉ်းစားဖြစ်ခဲ့ပါ။ ကျောင်းထိုင် ဘုန်းတော်ကြီး၏ ဒိုင်ယာလော့ခ်လေးကိုတော့ နေ့စဉ်ဖြတ်သန်းမှုတွင် ကြားရတတ်သည်။ သို့မဟုတ် သူ ကိုယ်တိုင်လည်း ထိုစကားလုံး၏ အဓိပ္ပါယ်အတိုင်း ပြောမိတတ်သေးသည်။

အဟမ်း
အော် မရူးတာဆိုလို့ တစ်ပါးတည်းကျန်တော့တာပါကလား။

22 April, 2010

ဘ၀ကိုယ်တိုင် မြစ်


ဖြတ်သန်းဆဲလမ်းပေါ်ရှိ မြစ်ကမ်းဘေးတွင် ကျဉ်းမြောင်းရှည်လျားသော ရေကန်ကို သတိပြုမိကြလေသလား၊ ထိုရေကန်ကို တံငါသည်အချို့ တူးထားတာဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ပြီးတော့ ရေကန်က မြစ်နှင့်ဆက်နွှယ်မှု လည်းမရှိ၊ မြစ်က ပုံမှန်အတိုင်းပင် နက်ရှိုင်းကျယ်ပြန့်စွာ စီးဆင်းနေသည်။ မြစ်နှင့်ချိတ်ဆက်မှုမရှိသော ရေကန်ကတော့ မှော်များဖြင့် လေးလံနေခဲ့သလို ငါးများလည်း ရှိမနေသော ရေသေကန်တစ်ခုဖြစ်ပါသည်။ နက်ရှိုင်းသော မြစ်သည် အသက်များ၊ ခွန်အားများနှင့်အတူ သွက်လက် တက်ကြွစွာ စီးဆင်းနေခဲ့ပါလေသည်။

အခု တွေးကြည့်တော့ လူ့ဆိုသည်နှင့် အဓိပ္ပါယ်တူမနေဘူးလား။ လူဆိုသည်က အသက်ဝင်စွာ စီးဆင်း နေသော ဘ၀မြစ်အလျဉ်မှ ခွဲထွက်ကာ ကိုယ်ရေးကိုယ်တာအတွက်သာ ရေကန်သေးသေးလေးတွေ နေ့စဉ်တူး နေကြသည်။ ထိုရေကန်ကျဉ်းကျဉ်းလေးမှာပင် မှော်များဖြင့် ငြိယှက်ကြ၊ သေဆုံးနေကြသည်။ သည်လိုမျိုးငြိယှက် ဆိတ်သုဉ်းမှုနှင့် ယိုယွင်းပျက်ဆီးမှုကိုပဲ ဘ၀ဟု ခေါ်နေကြပြန်လေသည်။ အမှန်တကယ်တော့ လူဆိုသည်က ထာဝရတည်ရှိမှုအခြေအနေတစ်ရပ်ကိုသာ လိုချင်သည်။ ထာဝရတည်ရှိလိုမှုဆန္ဒကိုသာ တင်းတင်းဆုပ်ကိုင် ထားလိုသည်။ အဆုံးမဲ့သောပျော်ရွှင်မှုကိုသာ တောင့်တတတ်လေသည်။

လူဆိုသည်က ကိုယ်တိုင်တွင်းပေါက်သေးသေးလေးဖောက်ကာ ထိုတွင်းပေါက်သေးသေးလေးတွင် မိသားစုရေး ရာများ၊ ရွယ်ရွယ်ချက်များ၊ ယဉ်ကျေးမှုဆိုသည်များ၊ သွေးပျက်ထိတ်လန့်မှုများ၊ ဘုရားသခင်နှင့် အမျိုးမျိုးသော ကိုးကွယ်မှုများဖြင့် မိမိကိုယ်ကိုယ် ပိတ်ဆို့ထားလိုက်ပြန်သေးသည်။ (ထိုတွင်းပေါက်သေးသေးလေးထဲမှာပင် သေဆုံးခဲ့ကြရလေသည်ပဲ။) ဘ၀ကိုတော့ မေ့လျော့စွာ ပစ်ပယ်ထားလိုက်ကြသည်။ ဘ၀ဆိုသည်က မမြဲ၊ အချိန်နှင့် အမျှပြောင်းလဲနေသည်။ မြန်ဆန်တက်ကြွသည်။ ကြီးကျယ်သော နက်ရှိုင်းမှု၊ ထူးကဲသော အသက် ဓါတ်နှင့် အလှတရားများလည်း ရှိနေသည်။

မြစ်ကမ်းဘေးတွင် ထိုင်ကာ မြစ်၏ ဂီတကို ကြားရသည်ဟု သတိပြုမိပါရဲ့လား။ ရေလှိုင်းပုတ်သံနှင့် စီးဆင်းရွေ့လျားသံများသည် မြစ်၏ ဂီတများဖြစ်သည်။ မြစ်တွင် ရွေ့လျားမှုဟူသောအဓိပ္ပါယ်ကတော့ ထာဝရရှိနေမည်။ ပို၍ နက်ရှိုင်းရာ ပို၍ ကျယ်ပြောရာဆီသို့ ဦးတည်နေသည့် ထူးကဲသော ရွေ့လျားမှုဖြစ်သည်။

ခိုဝင်မိသည့် ရေသေကန်လေးမှာတော့ ရွေ့လျားမှုဆိုသည်က နတ္ထိ၊ မှော်အတိသာ ပြည့်နေမည်။ ဤအရာသည် ပင် လူအများစုလိုချင်သောအရာဖြစ်နေပြန်သည်။ ဘ၀မြစ်ကမ်းအဝေးက မှော်များဖြင့် ငြိယှက်ရပ်တန့်နေသော ရေသေကန်။ ထိုရေသေကန်လေးတည်ရှိမှုကိုပင် အမှန်တရားဟု ဆုပ်ကိုင်ထားရန် ဒဿနများကို ထွင်ရသည်။ ထိုဒဿနများကို ထောက်ကန်ထားရန် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ဘာသာရေအတွေးခေါ်များကိုလည်း တိုးမြှင့်ချဲ့ထွင်ရသေးသည်။ ရေသေကန်တည်ရှိမှုအတွေးအခေါ်ကိုတော့ မည်သည့်နည်းနှင့်မျှ အထိအခိုက် မခံနိုင်ပါ။ မိမိတို့ ရှာဖွေနေသောအရာကိုယ်တိုင်က ထာဝရတည်ရှိမှုဟူသော အဓိပ္ပါယ်သာ ဖြစ်သည်။

ထာဝရတည်ရှိမှုကို ရှာဖွေခြင်းဆိုသည်မှာလည်း လိုချင်သော ဣဋ္ဌာရုံများ အဆက်မပြတ် ဖြစ်ပေါ်စေလိုခြင်းနှင့် မလိုချင်သောအနိဋ္ဌာရုံများ ချက်ချင်းလက်ငင်း အဆုံးသတ်သွားစေလိုခြင်းပင် ဖြစ်သည်။ လူဆိုသည်က အသိအမှတ်ပြုနာမည်လေးတစ်ခုတော့ လိုချင်သည်။ ရရှိထားသည့် နာမည်လေးကိုလည်း မိသားစုနှင့် အခြားပိုင်ဆိုင်သောအရာများကို အခြေပြုကာ ကြီးထွားရှင်သန်စေလိုသည်။ ဆက်ဆံရေးနယ်ပယ်နှင့် လုပ်ငန်းခွင်များတွင်လည်း ထာဝရတည်ရှိမှုအဓိပ္ပါယ်ကို ရှာဖွေကြသည်။ ဆိုလိုသည်က ရေသေကန် လေးထဲမှာပင် ထာဝရတည်တံ့ကာ အဆက်မပြတ်ရှင်သန်နေလိုခြင်းပင်ဖြစ်သည်။ အမှန်တကယ် ပြောင်းလဲမှု အနိစ္စသဘောကိုတော့ လုံးဝမလိုလားပါ။ သို့နှင့် ပိုင်ဆိုင်မှု၊အမည်နာမနှင့် ကျော်ကြားမှုတို့ ထာဝရတည်ရှိမှုကို အာမခံနိုင်မည့် လူ့အဖွဲ့အစည်းကို တည်ထောင်ကြခြင်းဖြစ်သည်။

ဘ၀သည် မြစ်ဖြစ်၏။ အဆုံးမဲ့ ရွေ့လျားနေသည်၊ ထာဝရရှာဖွေနေသည်၊ စူးစမ်းနေသည်၊ တွန်းလွှတ်နေသည်၊ ကမ်းကို လွန်ကာ စီးဆင်းနေသည်၊ အက်ကွဲကြောင်းမှန်သမျှကို ရေအားဖြင့် ထိုးဖောက်တိုးဝင်နေသည်။ သို့သော် စိတ်ကတော့ ဘ၀ကို စီးချင်တိုင်း စီးခွင့်မပြုပါ။ စိတ်က မမြဲမြံသော ဘေးမကင်းသော အခြေအနေမျိုးတွင် ထင်တိုင်းစီးဆင်းခြင်းသည် အန္တရာယ်ထူပြောသလို စွန့်စားရာလည်း ကျသည်ဟု မြင်သည်၊ ထို့ကြောင့်ပင် စိတ်က ဘ၀ကမ်းနံရံကို တည်ဆောက်လေတော့သည်။

ဘာသာတရားဆိုသည်က ကောင်းမြတ်သောခံစားချက်ဖြစ်သည်။ မြစ်နှင့်တူစွာ ထာဝရရှင်သန်အသက်ဝင် နေသော ချစ်ခြင်းမေတ္တာတရားပင်ဖြစ်သည်။ ဤအခြေအနေတွင် မည်သည့်ရှာဖွေမှုမှ မရှိတော့ပါ။ ဤရှာဖွေမှု ကုန်ဆုံးသွားခြင်းဟူသည် လုံးဝခြားနားသော တစ်စုံတစ်ရာ၏ အစဖြစ်သည်။ (In that state , there is no longer any search at all, and this ending of search is the beginning of something totally different.) ဘုရားသခင်ကို ရှာဖွေခြင်း၊ သစ္စာတရားကို ရှာဖွေခြင်း၊ လုံးဝဥဿုံပြည့်စုံလိုခြင်း၊ (ကောင်းမြတ်မှု၊ နိမ့်ချမှုတို့ကို တည်ဆောက်ခြင်းမျိုးမဟုတ်တော့ဘဲ စိတ်၏ ဖန်တီးမှု၊လှည့်စားမှုများအလွန်က တစ်စုံတစ်ရာကို ရှာဖွေခြင်း (ဆိုလိုသည်မှာ ထိုတစ်စုံတစ်ရာနှင့်ပတ်သက်သော ခံစားမှုရှိခြင်း ထိုတစ်စုံတစ်ရာတွင် နေထိုင်ရှင်သန်ခြင်းနှင့် ထိုတစ်စုံတစ်ရာဖြစ်ခြင်း).. ဤအရာသည်ပင် စစ်မှန်သော ဘာသာတရာဖြစ်သည်။

သို့သော် မိမိတို့ကိုယ်တိုင်တူးထားသည့် ရေသေကန်ကို စွန့်ခွာပြီး ဘ၀မြစ်ပြင်ထဲသို့ ထွက်လာနိုင်မှသာ အမှန်တကယ်ရှာဖွေမှုကို ပြုလုပ်နိုင်ကြပေမည်။

ဂျိဒ္ဒုခရစ်ရှနားမူးရတီး


ယနေ့(၂၂-၀၄-၂၀၁၀)ထုတ် အိန္ဒိယတိုင်းမ်စ်သတင်းစာမှ “စကားပြောသော သစ်ပင်” ကဏ္ဍတွင် ပါရှိသည့် ဂျိဒ္ဒု ခရစ်ရှနားမူးတီး၏ (The River Of Life) ကို ဆီလျော်သလို(၀ါ) ပြန်တတ်သလို ပြန်ဆိုပါသည်။

20 April, 2010

ပိုင်စိုးဝေရဲ့ သမုဒယသစ္စာကို ဖွဲ့တဲ့ကဗျာ

မနက်ခင်းမှာတော့ ကဗျာတစ်ပုဒ်ကို တစ်ခုတ်တရဖတ်ဖြစ်ပါတယ်။ ကိုယ့်နာမည်နဲ့ရောက်လာမယ့် ကဗျာတွေ မဖတ်ရတဲ့အခါ ဖတ်လက်စကဗျာတွေဟာလည်း ချိုပါတယ်။ ဗာရာဏသီနွေက စကားလုံးတွေထက် ပိုအောင် ပူတော့မှာပါ ။ ကဗျာအရိပ်လေးအောက်ကို ခပ်သွက်သွက်လေး ပြေးဝင်ထားလိုက်ပါတယ်။ ပိုင်စိုးဝေရဲ့ “ကိုယ့်ကြောင့်ကမ္ဘာကြီးမနာစေချင်” ကဗျာပါ။ လောကီရောင်သန်းပေမယ့် လောကဓံအနံ့အသက်လေးကို ဖွဲ့ပုံက မွှေးပါတယ်။

ခုတ်ထွင်ရှင်းပြစရာမလိုအောင် လှပြီးသားမို့ ဒကာပိုင်စိုးဝေကြီးရဲ့ ကဗျာအကိုင်းအခက်လေးတွေအတိုင်းပဲ စိမ်းစိမ်းမြမြလေးဖတ်မိပါတော့တယ်။ ရွှေပြည်ကြီးက ဘက်ဆဲလားဓမ္မကထိကအချို့ရဲ့ အချစ်တရားများ ထွန်းကားနေချိန်နဲ့ လိုက်လျောညီထွေဖြစ်စွာ မော်ဒန်တောရထဲမှာ “အချစ်”ဆိုတဲ့ စကားလုံးမပါတဲ့ ကဗျာ တစ်ပုဒ်ကို ဖတ်မိခြင်းပေပဲ။ သမုဒယသစ္စာကို ဖွဲ့မှတော့ ဒုက္ခသစ္စာကိုလည်း မြင်အောင်ကြည့်ပေရော။

ကိုယ့်ကြောင့် ကမ္ဘာကြီးမနာစေချင်

အားကောင်းမောင်းသန် ရူသွပ်ခဲ့စဉ်တုန်းက
ကောင်းကင်ဘုံကို မော့ကြည်ဖို့ ကြိုးစားခဲ့ဖူးတဲ့
သိုးတစ်ကောင်။

သင်ရိုးညွှန်တမ်းပျောက်ဆုံးနေတဲ့နှစ်များ။
အထင်တော်လွဲမှားပြီး
ဘုရားသခင်က လက်ဆောင်တစ်ခု ချီးမြှင့်လိုက်ရဲ့
မင်းကလေးကိုပေါ့ စံပယ်ခင်။

အခုတော့
သူ့သဘောသူဆောင်တဲ့ အာကာသဓါတ်ကြီးကြောင့်
တစ်ကျွန်းစီနေ တစ်မြေစီခြားရပေါ့။
ဗုံတွေဟာ တီးဖို့မဟုတ်တော့ဘူး၊
အိမ်မပြန်တမ်းပေါ့ကွယ်
တိမ်တွေရဲ့ အဆန်လမ်းမှာ
ကိုယ့်ခြေလှမ်းတွေ ပျောက်ဆုံးခဲ့ရ၊
ကိုယ့်ကျောပေါ် အလျားလိုက်စီးတဲ့မြစ်မှာ
ကိုယ့်ရာဇ၀င်ပျောက်ဆုံးခဲ့ရ၊
တစ်စက်မှ ရေမရှိတဲ့မြစ်ကြီးထဲ
လှေနာဝါကို ရွက်လွှင့်ခဲ့ရ။

အနွေးဓါတ်ပါတဲ့ အနမ်းရဲ့ အငွေ့အသက်ဟာ
အမြဲတမ်းပဲ အတိတ်ကို ဆောင်တယ်
သရဖူမဆောင်းဖူးတဲ့ တို့ရဲ့ မာနတရားကတော့
ဘယ်တော့မှ မိုးမလင်းပေဘူး၊

သက်သေပြချက်တွေကို လိုက်ရှာမနေပါနဲ့တော့
ကိုယ့်ကြောင့်
ကမ္ဘာကြီး မနာကျင်စေချင်၊
ကျောက်တုံးတစ်တုံးမှာ
အောက်မေ့အမှတ်ရစရာ ဘာမျှ မရှိ၊
ပန်းတစ်ပွင့်ဟာလည်း
ဝံပုလွေတစ်ကောင်ရဲ့ အိပ်မက်တစ်ခုမဖြစ်နိုင်
မြွေတစ်ကောင်ကတော့
သူ့ကိုယ့်သူလေယာဉ်ပျံတစ်စင်းလို့
စိတ်ကူးယဉ်ခဲ့ဖူးမှာပေါ့။

ကျဆုံးသွားတဲ့ လူယဉ်ကျေးမှုတိုင်းကို
အနမ်းနဲ့ နှုတ်ဆက်ဖို့
ကိုယ့်အနာဂတ်ဟာ
အဝေးက ပြန်လာနေပါပြီ။

ပိုင်စိုးဝေ
(ဖေဖော်ဝါရီ၊ ၂၀၀၁)

(ဣတ္ထိယတောင်တန်းကဗျာများစာအုပ်မှ)


19 April, 2010

အကယ်ဒမီချိုပြုံးကွယ်လွန်ပြီတဲ့လား

နှစ်သစ်ကူး သင်္ကြန်တော်အခါသမယတွင် သူဆက်လိုက်သည့် ဖုန်းမှန်သမျှက “ဦးဇင်းမယ်တော်ကြီး အကယ်ဒမီ ဒေါ်ချိုပြုံးတော့ ကွယ်လွန်သွားရှာပြီတဲ့ ဘုရား”တဲ့။ လွန်ခဲ့သော မတ်လက သူ့ဆီကို မယ်တော်ချိုက ဘုရားဖူး လာသည့် တေးရေးဆရာကြီး ပုဏ္ဏကနှင့်အတူ စာတစ်စောင်နှင့် လှူဖွယ်ဝတ္ထုအချို့ပေးပို့လှူဒါန်း လိုက်သေးသည်။ သို့နှင့်သူက ချိုပြုံးလည်းလွမ်းနေရတဲ့ မစဉ်းစားခြင်းသေတ္တာ စာတိုတိုလေးပင် ရေးဖြစ်ခဲ့သေးသည်။

ခုတော့ နေပြည်တော်သင်္ကြန်တွင် ရုတ်တရက်ကွယ်လွန်သွားခြင်းတဲ့။ အော် သင်္ခါတရားတို့၏ ခြေသံကား တိုးတိတ်လွန်းပေစွ။ သင်္ကြန်မတိုင်မီကပင် သူ၏ တူလေးတစ်ယောက်အတွက် သောကမုန့်ညှင်းစေ့များကို ရှာဖွေခဲ့ရသေးသည်။ လောကီနယ်နိမိတ်မှာ ရပ်နေမိသောရဟန်းတစ်ပါးအတွက် အပူလှိုင်းများက ကျောင်းသင်္ခန်း လေးထိ ဖြတ်စီးတတ်လေသည်ပဲ။

ဘာပဲဖြစ်ဖြစ် ညနေခင်းဆီကတော့ ဖုန်းတစ်ချက် ကောက်ဆက်ရပြန်ပါလေသည်။ ကြားနေကျကြည်မြသော အသံကိုယ်တိုင်က ဖုန်းကိုင် သူဖြစ်နေသည်။ အော် သင်္ခါရတရားတို့၏ သတင်းထုတ်ပြန်မှု အမှားဖြစ်ကြောင်း သေချာသွားလေသည်။ မုဒိတာ ဖြစ်စွာ ကမ္ဘာမြေကျန်းမာပါစေ။ မော်ဒန်တောရသည် သောကရိပ်သာ မဟုတ်ခဲ့ကြောင်း။

18 April, 2010

တစ်ကျော့ပြန်ရာသက်ပန်ဥပါဒါန်ယောဂီ


သင်္ကြန်တော်အပြီးမှာ ရိပ်သာအသီးသီးက ထွက်လာတဲ့ ဘလော့မိတ်ဆွေများ၊ဘလော့ပရိသတ်များအတွက် ရေးခဲ့ဖူးတဲ့ ပို့စ်အဟောင်းလေး ပြန်တင်ပေးလိုက်ပါတယ်။

ရာသက်ပန်ဥပါဒါန်ယောဂီ
ညနေချမ်းတစ်ခုမှာပါ၊ သာသနာနဲ့စပ်လို့တော်ရတဲ့ မယ်တော်တစ်ယောက်က ရိပ်သာတရားစခန်းဝင်မှာမို့ လာနှုတ်ဆက်ကန်တော့ပါတယ်။ တရားအလုပ်လုပ်မှာဆိုတော့ သာဓုခေါ်ရပါတယ်။ ဒါပေမယ့် စိုးရိမ်စိတ်လေးတစ်ခုကလည်း ၀င်လာလို့ စကားလေးတစ်ခွန်းတော့ ပါးလိုက်ရပါသေးတယ်။

ချွတ်ဖို့သွားတဲ့ ဥပါဒါန်ဝတ်စုံအဟောင်းကြီးပေါ်မှာ
ဥပါဒါန်ဝတ်စုံအသစ်တစ်ထည်
ထပ်ဝတ်မလာခဲ့ဖို့ပါ။
ဥပါဒါန်ဆိုတာကိုတော့စွဲလမ်းမှု လို့ရင်းနှီးနေကြမှာပါ။ပဋိစ္စသမုပ္ပါဒ်ဒေသနာကတော့
မျက်နှာမလိုက်ပါဘူး၊
ဥပါဒါနပစ္စယာ ဘဝေါ လို့ ခပ်စပ်စပ်လေးပဲ
ဟောထားပါတယ်။

ဘ၀ကို ကိုယ်က ရွေးနိုင်ရင်တော့ အရတော်မှာပါ။ ဘ၀က ကိုယ့်ကို
ရွေးလိုက်ရင်တော့ မတွေးရဲစရာဖြစ်တတ်ပါတယ်။
ဒါကြောင့်ပဲ မယ်တော်ကြီးကို စကားပြောမိတော့တာပါ။
ပြီးတော့ ကိုယ့်ရင်ဘတ်ကိုလည်း ကိုယ်တိုင်ပွတ်သပ်ရပါသေးတယ်။

ပထမဆုံးအကြိမ်ဝင်မယ့်တရားစခန်းဆိုတော့ မယ်တော်ကြီးအတွက် အချိန်မီဦးမယ်ထင်ပါတယ်။ ရာသက်ပန်----ယောဂီဆိုတဲ့
ရင်ထိုးလေးတစ်ခု ချိတ်ဆွဲထားပြီးရင်တော့ ရာသက်ပန်ဥပါဒါန်ယောဂီဖြစ်ရှာတော့မှာပါ။

ဒီနေခေတ်ဟာ ကမ္မဌာန်းဆရာတွေအလိုအရ ၀ိမုတ္တိယုဂခေတ်ကြီးလို့ဆိုပါတယ်။
သံသရာကို ကြောက်ရွံ့ထိတ်လန့်စွာ ကပ်ငြိနေတဲ့ ဥပါဒါန်တွေ ဆွဲခွာချွတ်ပုံပြီး
အမတမုခ်ဦးဆီ လွတ်လွတ်ကျွတ်ကျွတ် ဦးတည်ထွက်ခွာကြမယ့် ယောဂီတွေရဲ့
ခြေသံတွေကို ကမ္ဘာ့နေရာအနှံ့မှာ ကြားနေရပါတယ်။

အလုပ်ကြီးအကိုင်ကြီးလုပ်ပြီဆိုရင်တော့ မိတ်ကောင်းဆွေကောင်းက အမှန်လိုအပ်ပါတယ်။ ပါဠိဘာသာနဲ့တော့ သပ္ပုရိသူပနိဿယ ပါ။ အညွှန်းမှားရင် ပန်းတိုင်က ဝေးတတ်ပါတယ်။ ဗုဒ္ဓအရှင်ကတော့ ဓမ္မနဲ့ ၀ိနယရယ်လို့ပဲ သာသနာ့အမွေချန်ခဲ့တာပါ။
သာဝကတွေ ဥာဏ်ကွန့် ဥာဏ်လွန့်ကြတာနဲ့ပဲ အရှင်မြတ်ရဲ့ ဓမ္မ ၀ိနယဟာ ဆိုင်းဘုတ်တွေ
အမျိုးမျိုးအောက်မှာ အရောင်အသွေး ကွဲကွဲပြားပြားဖြစ်သွားရရှာတာပါ။
နှစ်ပေါင်းကလည်း နှစ်ဆယ့်ငါးရာစုကျော်ပြီးကိုး။
ကိုယ့်ဆိုင်းဘုတ်ကို စွဲစွဲလမ်းလမ်း ဖက်တွယ်ကြ ကာကွယ်ကြရင်း စီးရမယ့် ဖောင်ကို ပုခုံးထက်မှာ ထမ်းမိရက်သားဖြစ်သွားရတာပါ။ ဒီလိုနဲ့ ကမ်းတွေ ဝေးခဲ့ကြပါတယ်။

ရွှေပြည်ကြီးကတော့ ထေရ၀ါဒဆိုင်းဘုတ်အောက်မှာ ခိုင်ခိုင်မာကြီးကို ရပ်မိနေတာပါ။
လောကသဘောအရ ဘုရားရှင်ရဲ့ အလိုတော်ကျအတိုင်း၊ ဘုရားရှင့်တပည့်အရင်းအချာတွေ
ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့အတိုင်း ဖြူဖြူစင်စင် ကိုးကွယ်ခွင့်ရနေတာမို့ ဂုဏ်ယူစရာကြီးပါ။
ဒါပေမယ့် တစ်ဘက်ကမ်းသွားမယ်ဆိုရင်တော့ ထမ်းထားလို့မဖြစ်ပါဘူး။ စီးကြရမှာပါ။

ထေရ၀ါဒဆိုင်းဘုတ်အောက်မှာပဲ လက်ညှိုးညွှန်ဆိုင်းဘုတ်သေးသေးလေးတွေ ထပ်ထပ်ညွှန်းကြတာ ဒီနေ့ တွေ့တွေ့လာပါတယ်။ ထေရ၀ါဒချင်းတော့ တူပါတယ်။
ငါ့လိုတော့ နည်းမမှန်သေးဆိုတာမျိုးပါ။
ဒီကြားထဲ ငါတော်၊သူရှော် တရားဟောဆရာတွေ ထွန်းကားလာတာလည်း
ထိတ်ထိတ်ပြာပြာဖြစ်စရာပါ။ စာလို ပေလိုတော့ အတ္တုက္ကံသန၊ ပရ၀မ္ဘန
ဝါဒီတွေပေါ့လေ။ ဘာသာခြားတွေကြား မျက်နှာပူစရာကြီးပါ။

တစ်နေ့မှာတော့ ဓမ္မကထိကများညီလာခံ၊ကမ္မဌာန်းဆရာများမျက်နှာစုံညီအစည်းအဝေးကြီးဆိုတာမျိုးတွေ ပေါ်လာရင် ကောင်းမှာပါ။ဓမ္မကထိကဖြစ်ဖို့ ကမ္မဌာန်းဆရာဖြစ်ဖို့ဆိုတာကလည်း
ဆာတီဖိကေ့ထ်တွေ ဘာတွေမှ မလိုအပ်ဘဲကိုး။
စာတတ်ဖို့ မလိုဘူးလို့ ဟောတဲ့ပုဂ္ဂိုလ်သူမြတ်တွေကလည်း ဟောကြလေတော့ ကျောင်းကကိုရင်လေးတွေ စာကျက်ချင်အောင် ဘယ်လိုများ တို့ပေးထောင်ပေးရပါ့။
ပရိယတ္တိသည်သာ သာသနာ့ အမြစ်၊ သာသနာ့အသက်လို့ ကြွေးကြော်ခဲ့သမျှရှင်မဟာကဿပကိုယ်တော်ကြီးတို့
ရှင်အာနန္ဒာကိုယ်တော်ကြီးတို့ ရှင်ဥပါလိကိုယ်တော်ကြီးတို့ဘုရား
ဘယ်နှယ်လုပ်ကြရမတုန်း မိန့်တော်မူကြပါဦးဖျာ့
(ဇာတ်သံနှောလျက် ငိုချင်းကို
သောလိုက်ရန်။ နှဲသံရှည်ရှည် ထည့်)


အို ယောဂီဘယ်လမ်းလိုက်ရပါ့။ ငါ ငါ့မိသားစုအစွဲတွေက ပူလောင်လွန်းလို့ ရိပ်သာကို ပြေးမိပါတယ်။
အေးစေလိုလို့ တရားနာ ပူဇာစ ဟော ဆိုတာလို ပုဂ္ဂိုလ်အစွဲ၊ တရားအစွဲ ၊
ဆိုင်းဘုတ်အစွဲတွေနဲ့ ထပ်ငြိဦးမှာကို စိုးရိမ်မိတာပါ။

အေးချင်လို့ရေချိုးတာတော့ ချိုးပေါ့။ ပြီးရင်တော့ ရေစင်အောင် သုတ်ပါမှ ။
ရေမစင်ရင်တော့
နှာစေးအအေးမိတတ်ပါသေးတယ်။
ရိပ်သာမ၀င်မီက သံဃာဆိုတိုင်း ကြည်ကြည်မြမြ လက်အုပ်ချီတတ်ပေမယ့်။ တရားဆိုရင်လည်း ဘယ်ဓမ္မကထိကပဲဟောဟော (တရားသာစစ်ပါစေ) ယုံယုံရဲရဲ နာယူတတ်ပေမယ့်
……။
တစ်ခါဆို တစ်ခါဝင်မိတဲ့ ရိပ်သာကလည်း
ရာသက်ပန်----ယောဂီရင်ထိုးလေး ချိတ်ပေးလိုက်ပြန်တော့။


ကဲမယ်တော်ကြီးရေသွားမယ့်ရိပ်သာကို
ဖြောင့်ဖြောင့်သာ သွားပါလေ။
ကံအဆင့်ဆင့် ဥာဏ်အဆင့်အဆင့် မြင့်သည်ထက်
မြင့်ပါစေ။
ဥပါဒါန်ခွာချပေးမယ့် ဆရာကောင်းနဲ့လည်း တွေ့ပါစေ ။


ဓမ္မဂင်္ဂါ

17 April, 2010

ဧဟိသွာဂတံမှ ကြိုဆိုခြင်း

နှစ်သစ်မင်္ဂလာအခါတော်သမယတွင် အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံဖြိုး ရေးအဖွဲ့ ကြီး၏ ၀က်ဘ်ဆိုဒ်မှ ကြိုဆိုပါသည်။ (Bliss Foundation ) ဇနီးမောင်နှံမှ လှူဒါန်းထားသည့် “ဧဟိသွာဂတံ” ဟု ယာယီပေးထားသော ၀က်ဘ်ဆိုဒ် အမည်နှင့် ပတ်သက်၍ ပြုပြင်ရန်၊ဖြည့်စွက်ရန်၊ သို့မဟုတ် ပိုမိုကောင်းမွန်သောအမည်ပေးနိုင်ရန် အဖွဲ့ဝင်ရဟန်းတော် များထံမှ အကြံဉာဏ်များ မျှော်လင့်ပါသည်။ လာမည့်မေလတွင် ကျင်းပမည့် အဖွဲ့ကြီး၏ ပထမလေးလပတ်အစည်း အဝေးတွင် တင်သွင်း အတည်ပြုနိုင်ရန်အတွက် အကူအညီရနိုင်စေရန် ရည်ရွယ်ပါသည်။

အဖွဲ့ကြီး၏ ၀က်ဘ်ဆိုဒ်တွင် ဖော်ပြဓမ္မဒါနပြုရန်အတွက် ဓမ္မရေးရာကဗျာဆောင်းပါးများပေးပို့ကြရန်လည်း အထူးမျှော်လင့်ပါသည်။ ဗုဒ္ဓဘာသာဝင်ရဟန်းရှင်လူတို့၏ ၀က်ဘ်ဆိုဒ်အသီးသီးတွင် လင့်ခ်များချိတ်ဆက် ပေးခြင်းဖြင့် ဓမ္မဒါနကုသိုလ် တော်ယူကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အရှင်ဝိစိတ္တသာရ
အထွေထွေအတွင်းရေးမှူး
အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ ဖြိုးရေးအဖွဲ့
Email; vicitta.modern@gmail.com
Ph-00-91-9621661656

ဓမ္မဂင်္ဂါနှစ်သစ်ဧည့်ခံစကား


မိတ်ဆွေကောင်းဟူသည်
အကျိုးတစ်ဝက်ပြီးစေနိုင်ကြောင်း
အရှင်အာနန္ဒာက လျှောက်ထားသည်။
ဗုဒ္ဓက
ခရီးပန်းတိုင် ဆုံးခန်းတိုင်အောင်
အကျိုးများသည် ဟု မိန့်မြွက်၏။

ထိုသို့ဖြင့်-
ကမ္ဘာ့ရွာဦးထိပ်
ဂလိုဘယ်လိုက်ဇေးရှင်းကုက္ကိုရိပ်တွင်
မိတ်ဆွေများအတွက်
သစ္စာရေချမ်းစင်
အစဉ်အလာမပျက်တည်ထားမည်။

မဇ္ဈိမလမ်းဖုံဖုံတွင်
မှုန်နေအောင်လှနေမည့်
သန္တရသသပြေညိုဖြင့် ကြိုမည်။

ဓမ္မဂင်္ဂါတွင်
သစ်လွင်သောအတွေးသင်္ခါရတို့သာ
လှိုင်းတံပိုးရှိနေမည်။

ဆိုဖူးသောစကားအတိုင်း မြစ်ကတော့ စီးလာမယ် ပင်လယ်တွေကြိုကြ”ဟူလိုသော်ဝ်။

ဓမ္မဂင်္ဂါ

16 April, 2010

သီတဂူဆရာတော်နှင့်ဗာရာဏသီမဟာသင်္ကြန်

သီတဂူဆရာတော်နှင့် ဓမ္မဂင်္ဂါ
မဟာသင်္ကြန်အတက်နေ့(၁၆-၀၄-၂၀၁၀)
ရန်ကုန်မြို့တော်သင်္ကြန်တွင် ဗုံးပေါက်ကွဲခြင်းဟူသော အမင်္ဂလာသတင်းကို ကြားရသော် ၀မ်းနည်းစာနာရ၏။ သီတဂူဆရာတော်ဘုရားကြီး ဗာရာဏသီသို့ ကြွရောက်တော်မူလာသည် ဟူသော မင်္ဂလာသတင်းကို ကြား ရပြန်သော် အားတက်ဝမ်းသာရပြန်၏။ ၀မ်းနည်း ၀မ်းသာ ဝေဒနက္ခန္ဓာတရားတို့သည် အချိန်ကိုက်ကာ ပြိုင်တူ ပွားစည်းခဲ့လေ သည်တကား။

ဗာရာဏသီရဟန်းတော်များစုပေါင်းကာ ကျင်းပမည့် သင်္ကြန်ဆွမ်းကျွေးအစီအစဉ်နေရာတွင် မဇ္ဈိမနွေကို ဆန်တက်ကာ ဘုရားဖူးကြွတော်မူလာသော သီတဂူဆရာတော်ဘုရား၏ သြ၀ါဒကထာကို နာယူကြရန် စုံညီ စည်းဝေးဖြစ်ခဲ့ကြလေသည်။ သီတဂူဆရာတော်သည်ပင် မဟာသင်္ကြန်အတက်နေ့ဆွမ်းအလှူရှင်ဖြစ်ခဲ့၏။ ဗာရာဏသီပညာသင်ရဟန်းတော်များစိတ်နှလုံးအိမ်၌ “သီတဂူဆရာတော်ဘုရားကြီး သက်တော်ရှည်၍ သာသနာ့ဝန်ကို ဆောင်နိုင်ပါစေသော်” ဟု ပတ္ထနာပြုသံများသာ ပဲ့တင်ထပ်နေကြမည်မှာ သေချာလှပါ၏။

ဆွမ်းစားပြီးသည်နှင့် ကြုံခဲကြုံခိုက်စွာ ဖူးတွေ့ခွင့်ရသော သီတဂူဆရာတော်ဘုရားထံမှ သြ၀ါဒကထာ များကိုလည်း အမိအရနာယူခဲ့ကြပါလေ၏။( သီတဂူဆရာတော်ဘုရားကြီး၏ သြ၀ါဒအသံဖိုင်ကို ကော်နက်ရှင်း ကောင်းသောအခါ တင်ပေးပါမည်။) သြ၀ါဒမပေးမီ ဆရာတော်က ပြုအပ်သော ဆုတောင်းပတ္ထနာသည် မဟာသင်္ကြန်တော်အခါသမယနှင့် တိုက်ဆိုင်စွာ အသိအကျင့်များဖြင့် တောက်ပလင်းလက်လေးနက်လှပါသည်။ မျှဝေလိုက်ပါ၏။ သီတဂူနှစ်သစ်ဆုတောင်းပတ္ထနာအစစ်ဖြစ်ပေသတည်း။

“ ပူရေန္တု သမ္မာသင်္ကပ္ပါ။

ဘိဇ္ဇန္တု မိစ္ဆာသင်္ကပ္ပါ”
“မှန်ကန်သော အတွေးအကြံများပြည့်စုံကြပါစေ။
မှားယွင်းသော အတွေးအကြံများ ပျက်စီးကြပါစေ။”
သီတဂူဆရာတော်

15 April, 2010

ရန်ကုန်ဗုံးပေါက်ကွဲမှုဗုဒ္ဓအလိုတော်မကျ

န ဟိ ဝေရေန ဝေရာနိ၊
သမ္မန္တီဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ၊
ဧသ ဓမ္မော သနန္တနော။

Hatred is never appeased by hatred in this world;
it is appeased by love. This is an eternal law.

ဤကမ္ဘာတွင် အကြမ်းဖက်မှုကို
အကြမ်ဖက်မှုဖြင့် ဘယ်သောအခါမှ မငြိမ်းသတ်နိုင်၊
မေတ္တာတရားဖြင့်သာ ငြိမ်းနိုင်၏။
ဤသည်လျှင် ထာဝရဥပဒေဖြစ်တော့၏။

ဗုဒ္ဓ
(ဓမ္မပဒ-၅)

မင်္ဂလာယူရမည့် နှစ်ကူးသင်္ကြန်တော်အခါသမယတွင် ကြေကွဲဖွယ်ရာအဖြစ်ဆိုးကြုံ၍ ဘ၀ကူးကြရ၊ ဘ၀နာကြရသူများအတွက် ထပ်တူစာနာမိပါကြောင်းနှင့် လိုရင်းပန်းတိုင်မရောက်နိုင်သော အကြမ်းဖက်မှုမှန်သမျှအား ကန့်ကွက်ရှုံ့ချလိုက်ပါကြောင်း။

ဓမ္မဂင်္ဂါ

ကန်တော်ကြီး ဗုံးပေါက်၊ အနည်းဆုံး ၉ ဦး သေဆုံး

မော်ဒန်တောရရိုးရိုးသင်္ကြန်(၆)


မဟာသင်္ကြန်တော်အကြတ်နေ့(၂၀၁၀ ဧပြီလ ၁၅ ရက်)

နံနက်ခင်းအိပ်ရာထသည်နှင့် အင်တာနက်စာမျက်နှာထဲသို့တိုးဝင်ဖြစ်သည်။ အချိန်နှင့် တစ်ပြေးညီ သင်္ကြန် တော်ကျနေသည့် မော်ဒန်တောရသင်္ကြန်စာမျက်နှာတွင် ဤသို့သော မှတ်ချက်လေးများကို ဖတ်ရသည်။

ကိုနော said..

ဟောဗျာ..အခုပဲသုံးဖြစ်လိုက်...အခုပဲလေးဖြစ်လိုက်..
ဘယ့်နှာတွေတုန်း...။

မိနစ်ပိုင်းနာရီပိုင်းအတွင်းမှာပင် မော်ဒန်တောရရိုးရိုးသင်္ကြန်နံပါတ်များတိုးသွားသည်ကို မျက်စိနောက်ကျိ တော်မူဟန်ရှိသည့် ကိုနောက ကလောင်ရှည်ဖြင့် လှမ်းခြစ်လိုက်ခြင်းဖြစ်သည်။

Ashin Acara. said..

တောရသင်္ကြန်ဆိုတာ မဟုတ်မဟုတ် လုပ်ထားတာတွေကို ရေမျှောပစ်တဲ့ပွဲနဲ့ တူလား။

သူ့မိတ်ဆွေ သီဟပူရ၀ါသီရဟန်းတော်အရှင်ကတော့ သိသိကြီးနှင့် ကလိလိုက်ခြင်းဖြစ်သည်။ တောရသင်္ကြန်တော်သည် ရွှေပြည်ကြီး၏ အကိုင်းအခက်သင်္ကြန်မျှသာဖြစ်၍ “မဟုတ်မဟုတ် လုပ်ထားတာ တွေကို ရေမျှောပစ်တဲ့ပွဲနဲ့ တူလား။” ဟူသော မေးခွန်းနှင့် တိုက်ဆိုင်စွာပင် မဇ္ဈိမဒေသ၏ အကြီးအကျယ် ဆုံးသော ကုမ္ဘမေလာ(kumbh mela)ပွဲတော်ကြီးကျင်းပနေသည့် သတင်းပုံရိပ်များကို ကောက်တင် လိုက်ပါသည်။

မြန်မာသင်္ကြန်တော်အကျနေ့က လူပေါင်းကုဋေနှင့်ချီကာ တိုးဝှေ့ရေချိုးနေကြပုံများကား သည်းထိတ်ရင်ဖို ကောင်းပေစွ။ အကြောင်းမလှသော် အသက်ပျောက်အောင် တိုးဝှေ့ရတတ်သည်။ အ၀တ်မပါသော ဆာဒူးများ ကြီး၏ အယဉ်ကျေးဆုံးပုံကို ရွေးချယ်ရသည်မှာ မလွယ်ကူလှပေ။


နောက်ဆုံးဖတ်ရသည့်မှတ်ချက်က မဇ္ဈိမသို့ ဘုရားဖူးရောက်နေသည့် ဒကာတော်ရွှေလမ်းငွေလမ်းဝင်းကြည်၏ မှတ်ချက်လေးဖြစ်သည်။

ရွှေလမ်းငွေလမ်းဝင်းကြည် ဆရာရှင်မော်ဒန်သင်္ကြန်အုပ်စုအဖွဲ့ကို လာရောက်ရေလောင်းချင်လိုက်တာ..
ဆရာတို့အိန္ဒိယမှာ သင်္ကြန်မှန်းကို မသိရပါလား.ဆရာတို့ရေ...

သူ့ခမျာကုမ္ဘမေလာပွဲတော်ရက်အတွင်းရောက်ရှိလာသော်လည်း ပွဲတော်ကျင်းပနေ သည့် ဟရိဒွါရ်နှင့် ခရီးကြုံဟန်မတူ၊ ကြုံများကြုံလျှင်တော့ သင်္ကြန်မှန်းမသိရဆိုသော ရွှေလမ်းငွေလမ်းကြီးအတွက် ဘလော့ ရေးကွက် ကုန်ကြမ်းကုန်ချောများ တနင့်တပိုးဖြစ်သွားနိုင်သည်။ အဖော်အချွတ်ကြမ်းလှသော ဆာဒူးကိုယ် တော်ကြီးများကို ဖူးရပေမကိုး။


ဆာဒူးများ

Kumbha Mela 2010


HaridwarDates of Kumbh Mela in Haridwar, India, 2010

January 14 to April 28, 2010

Kumbha Mela
The largest religious gathering in the world! According to astrologers, the 'Kumbh Fair' takes place when the planet Jupiter enters Aquarius and the Sun enters Aries.

Kumbha (Kumbha means pot) Mela (means fair) is a sacred Hindu pilgrimage that takes place at the following four locations of India:

Prayag, Allahabad (in the state of Uttar Pradesh) at the confluence of three holy
rivers - Ganga (Ganges), Yamuna and Saraswati
Haridwar (in the state of Uttar Pradesh) where the river Ganga enters the plains from Himalayas
Ujjain (in Madhya Pradesh), on the banks of shipra river, and
Nasik (in Maharashtra) on the banks of Godavari river.

The pilgrimage occurs four times every twelve years, once at each of the four locations. Each twelve-year cycle includes the Maha (great) Kumbha Mela at Prayag, attended by millions of people, making it the largest pilgrimage gathering around the world.

Thousands of worshippers line up to take a holy   dip in the Ganga, during “shahi snan” (the main royal bath) at the   Kumbh Mela in Haridwar on Wednesday.
AP Thousands of worshippers line up to take a holy dip in the Ganga, during “shahi snan” (the main royal bath) at the Kumbh Mela in Haridwar on Wednesday.



မှတ်ချက်၊ မြန်မာသင်္ကြန်ပွဲတော်တွင် ဆင်နွှဲ၍ အားမရသေးပါက ဧပြီလ (၂၈) ရက်ထိ ကျင်းပနေဦးမည့် ကုမ္ဘမေလာရေချိုးပွဲတော်ကြီးတွင် လာရောက်ကာ ကဲနိုင်ပါသေးကြောင်း။( အသက်နှင့် အရှက်အတွက် အာမ မခံ)။

14 April, 2010

မော်ဒန်တောရရိုးရိုးသင်္ကြန်(၅)

ဒေါက်တာဘီမရောင်အမ်ဘေဒကာ
ဗာရာဏသီသင်္ကြန်တော်အတွေးဖြင့် ဆက်စပ်ရာဖုန်းနံပါတ်များကို နှိပ်ဖြစ်သွားသည်။ ဗာရာဏသီရှိရဟန်းတော် များစုပေါင်းတွေ့ဆုံကာ သင်္ကြန်တော်အထိမ်းအမှတ်ဆွမ်းကပ်ကြမည်။ နွေရာသီပူပြင်းလာပြီမို့ အပူဒီ ဂရီမြင့်မားလာမည့်နေ့ရက်များတွင် ရဟန်းတော်အချင်းချင်းစုံညီတွေ့ဆုံဖို့ မလွယ်ကူတော့ပါ။ သင်္ကြန် တော်သည် ရဟန်းတော်များစုံညီတွေ့ဆုံနိုင်သည့် သံဃသန္နိပါတပွဲတော်မျိုးဖြစ်သွားနိုင်သည်။

“ကဲ ငါ့ရှင်တို့ သင့်သလိုသာ စီမံကြပေတော့။” အလှူငွေကောက်ခံကြမည်။ (ရဟန်းတော် အချင်း ချင်းအလှူခံခြင်းဖြစ်သည်။) ဆွမ်းနှင့်အခြားဖွယ်ဖွယ်ရာရာဆွမ်းဟင်းလျာများလှအောင်တော့သူက လိုဖြည့် သဘောမျိုးတာဝန်ယူလိုက်သည်။ (အမှန်က သူက ပွဲတော်ဖြစ်မြောက်ဖို့အတွက် မတည်အလှူရှင် သဘောမျိုး စာလုံးကြီးကြီးဖြင့်ရေးရန် ရွယ်စူးထားသည့် အကြံကို အကြောင်းသိမိတ်ဆွေရဟန်းတော်များက လက်မခံကြပါ။) အလှူရှင်ကို အမာထည်ဟု မမြင်ခြင်းဖြစ်သည်။ ဓမ္မဂင်္ဂါသင်္ကြန်တော်ဟု နာမည်ပေးဖို့လည်း သူက မတောင်းဆိုပါ။ ကုသိုလ်များကိုတော့ ဓမ္မဂင်္ဂါပရိသတ်များဆီ သံသရာအီးမေးလ်ဖြင့် ပို့ပေးလိုက်ပါမည်။

သင်္ကြန်တော်အကြတ်နေ့မှာ မဇ္ဈိမသုခကျောင်းတွင် ကြာဆံကြော်နှင့် သာကူကျိုဖြင့် စတုဒိသာ ဧည့်ခံကျွေးမွေးပါမည်တဲ့။ ရွှေပြည်ကြီးသင်္ကြန်တော်ကို အလွမ်းဖြေကြခြင်းသာဖြစ်သည်။ နှစ်ဆန်းတစ်ရက် နေ့မှာတော့ ဗာရာဏသီဆေးဝင်္ကဘာကျောင်းတွင် အလှူရှင်တစ်ဦးက ဗာရာဏသီသံဃဒါနဆွမ်းကပ်မည်တဲ့။ သတင်းဒေတာများတစ်ခုပြီးတစ်ခုဝင်လာ၏။ အော် ၀မ်းမြောက်ဖွယ်ကောင်းပေစွ။

နံနက်စာ စာပြီးသည်နှင့် တက္ကသိုလ်ဆီထွက်လာခဲ့သည်။မိဂဒါဝုန်လမ်းသည် ယခင်နေ့များလို မရှုပ်ထွေး၊ တက္ကသိုလ်ပရိဝုဏ်ထဲ ၀င်လိုက်သည့်အခါ ဆိတ်ငြိမ်နေသည်။ သူက သင်္ကန်းကို သေချာစွာရုံကာ ထီးကိုလည်း ဆောင်းထားသေးသည်မို့ ထင်းထင်းကြီးဖြစ်နေသည်။ ရွှေပြည်ကြီးမှာ ထီးဆောင်းခြင်းသည် အထူး အဆန်းမဟုတ်၊ မဇ္ဈိမမှာတော့ ထီးဆောင်းခြင်းသည် ထူးခြားသောအသွင်အပြင်ဖြစ်နေတတ်သည်။ မဇ္ဈိမသားတို့က အလွယ်တကူထီးဆောင်းလေ့ရှိသူများမဟုတ်ပါ။ လွန်ခဲ့သောနှစ်များဆီက ဂျဝါဟလာ နေရူးကြီး၏ မွေးရပ်မြေအေလာဟဗဒ်မြို့က တက္ကသိုလ်ကျောင်းသူလေးများ ထီးဆောင်းပြီးကျောင်း တက်ကြ သည်ကို သတင်းတစ်ရပ်အနေဖြင့် ဖော်ပြဖူးသေးသည်။

စာသင်ဆောင်ရှေ့သူရပ်လိုက်သည့်အခါမှာတော့ သူသိလိုက်ပြီ၊ သည်နေ့ တစ်နိုင်လုံးကျောင်းများရုံးများ ပိတ်သည်။ အမ်ဘေဒကာမွေးနေ့။ သူက သင်္ကြန်တော်အလွမ်းမပြေဖြစ်နေရသည်မို့ အမ်ဘေဒကာကြီးကို မေ့နေခြင်းဖြစ်ပါသည်။ သည်နေ့သည်ကား မဇ္ဈိမဒေသတွင် အသောကခေတ်ကဲ့သို့ သာသနာ ထွန်းတောက်စေရမည်ကြွေးကြော်ကာ ဗုဒ္ဓဘာသာပြန်လည်ထွန်းလာအောင် အားထုတ်ခဲ့သော ဇာတ်နိမ့် ခေါင်းဆောင်ကြီး၊ အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးဆောင် ရေးဆွဲခဲ့လေသော လွတ်လပ် ရေးရပြီးခေတ်ပထမဆုံးတရားရေ၀န်ကြီး၊ ယနေ့ခေတ် အိန္ဒိယဗုဒ္ဓဘာသာများ၏ ခေတ်သစ်ဘုရား လောင်း (Modern Bodhisatva)ဒေါက်တာဘီမရောင်း အမ်ဘေဒကာကြီး၏ ၁၁၉ နှစ်မြောက် မွေးနေ့အခါ သမယပေတကား။

သူသည် တက္ကသိုလ်မုခ်ဦးက ၀င်လာခဲ့သော်လည်း လာရင်းလမ်းအတိုင်း ပြန်မလှည့်တော့ဘဲ မလွယ် ပေါက်လေးတစ်ခုမှ ခပ်တည်တည်ပင် ထွက်လာခဲ့ပေသတည်း။

မော်ဒန်တောရရိုးရိုးသင်္ကြန်(၄)

စာသင်ခန်းမှ ပြန်ထွက်လာသည်အထိ နေပူချိန်က မကျတတ်သေး။ ပါဠိကျောင်းသားချင်ချင်ဘေး၏ တိုးတက်မှုကို တွေးတောကာ သူမျှော်လင့်နေသည့် ခေတ်မီပါဠိသင်တန်းတစ်ခုဖွင့်လှစ်ရေးအတွက် အားတက်သွားပါသည်။ ဓမ္မစကြာ၊ပရိတ်ကြီးနှင့် ပဌာန်းဝတ်ရွတ်စဉ်သင်တန်းများနှင့် ရောနှောကာ လူပုဂ္ဂိုလ် များအတွက် အချိန်တိုတိုဖြင့် ခရီးရောက်စေနိုင်သည့် ပါဠိသင်တန်းများဖွင့်လှစ်ရေးအတွေးများ လင်းသွားရ သည်။ တစ်လခွဲမျှဖြင့် ပါဠိဘာသာကို အခြေခံရအောင်သင်ပေးနိုင်သည့်နည်းစနစ်ကို သူရလိုက်ပြီ။

မော်ဒန်တောရသို့ မပြန်မီ ကိုနော၏ အခန်းလေးသို့ ၀င်ခိုလိုက်သည်။ ကိုနောအဆိုအရ “စိတ်အနေ ထူးခြားသည့်သူများသည် တစ်ဦးတည်း နေလေ့ရှိသည်”တဲ့။ ကိုနောက တစ်ကိုယ်တည်းနေခြင်းဖြစ်သည်။ သူ့လွယ်အိပ်ထဲမှ သဒ္ဓမ္မပုဏ္ဍရိကကျမ်း ဟိန္ဒီဘာသာပြန်စာအုပ်လေးကို ထုတ်ကာ ကိုနောကို ကမ်းပေး လိုက်သည်။ နံနက်ခင်းဆီက ရှင်လာဘသာမိက ကိုနောအတွက် ရည်စူးရှာဖွေလာသော စာအုပ်လေးကို သူက အလွယ်တကူကောက်ထည့်လာခြင်းဖြစ်သည်။

“ ရှိပြီးသားဗျ၊ ငါ့ရှင်ပဲ ယူလိုက်ပါတော့။ ”
“အဲဒါဆိုလည်း ငါ့ရှင်ပဲ လင်းပေတော့။”

သို့နှင့် ကိုယ်စီစာအုပ်ဖွင့်လိုက်ကြသည်။ သဒ္ဓမ္မပုဏ္ဍရိကာဆိုသည်က မဟာယာနသံဂါယနာဝင် ကျမ်းမြတ်တစ် ဆူဖြစ်သည်။ “ပရာက်ကထန်”ပထမဆုံးအမှာစကားကို ဖတ်ကြသည်။ ကိုနော၏ ရှင်းပြချက်များတွင် သူမျှောလိုက်သွား၏။ “Sadharma ki shakti paradarshi hai” (သူတော်ကောင်းတရား၏ သတ္တိကား ကမ်းကို ပြခြင်းမြင်စေခြင်းပေတည်း)။ နှစ်မျက်နှာခန့်ရှိသော အမှာစကားဖြင့်ပင် နွေအပူငြိမ်းသွားသည်။ ကြာပန်း တရားပေကိုး၊ ဤသို့ဖြင့် သင်္ကြန်တော်ကို ကြိုသတည်း။

မော်ဒန်တောရသို့ရောက်သော် “ မော်ဒန်တောရရိုးရိုးသင်္ကြန်”ပွဲတော်ကို ဘလော့မှာ နွှဲဖြစ်တော့၏။ မစ္စတာ ပါရဂူ၊ ကိုနော၊ မော်ကွန်သစ်၊မြတ်ရောင်နီ၊ရှင်သစ္စာစသောအထူးဧည့်သည်တော်ကြီးများက ရိုးသင်္ကြန်ပွဲတော် သို့ တက်ရောက်ကြ၏။ မစ္စတာမာဃနှင့် သူ၏ လေဒီများရှိုးပွဲ၊ စတုမဟာရာဇ် မော်ဒယ်လ် ယိမ်းများဖြင့် ဖျော်ဖြေရန်စီစဉ်ထားသည့်တိုင် “ပင်လယ်ကသစ်” သင်္ကြန်က ပွဲကြမ်းနေသဖြင့် မော်ဒန်တောရသင်္ကြန်သည် ရိုးရိုးဖြစ်သွားရခြင်းပင်။ ညပိုင်းတွင် အစီအစဉ်များကြေငြာ၍ မပြီးမီမှာပင် သူအိပ်ပျော်သွားခဲ့ပါတော့သည်။

မဟာသင်္ကြန်တော်အကျနေ့(၂၀၁၀ ဧပြီလ ၁၄)

အိပ်ရာနိုးသည်နှင့် သင်္ကြန်တော်ကျပစ်လိုက်သည်။ တဗွမ်းဗွမ်းရေချိုးလိုက်ပါသည်။ “ဗာရာဏသီသင်္ကြန်ပွဲတော် မကျင်းပတော့ဘူးလား” ဖုန်းသံအချို့ဝင်လာသည်။ “ အင်း စဉ်းစားတုန်းပါပဲ” ။ သူ့အသံကို တစ်ဖက်က အားရဟန်မတူပါ။ “ တစ်နိုင်ငံလုံးရဲ့ ထွေချုပ်ကြီးက သင်္ကြန်တော်လေးတော့ စီစဉ်ပေးသင့်တာပေါ့” “ အင်း ဒုက္ခပဲ”။

မော်ဒန်တောရရိုးရိုးသင်္ကြန်(၃)

သူ၏ ပါဠိအထူးသင်တန်းတွင် သင်တန်းသားတစ်ဦးသာရှိတော့သည်။ လွန်ခဲ့သော တစ်ပတ်က သူ့သင် တန်းသားများကို စာမေးပွဲနီးပြီမို့ စာမေးပွဲအတွက်သာ အားထည့်ကြိုးစားကြစေလိုကြောင်း သူက အကြံပြု လိုက်ပြီးသည့်နောက် ရုရှားနိုင်ငံသား မွန်ဂိုလူမျိုးကျောင်းသား ချင်ချင်ဘေးတစ်ယောက်သာ အခိုင်အမာ သင်တန်းသားအဖြစ် ကျန်ရှိတော့သည်။ ချင်ချင်ဘေးကတော့ စာမေးပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီတဲ့။

်မွန်ဂိုကျောင်းသားချင်ချင်ဘေး၏ ပါဠိဘာသာတိုးတက်မှုက အံ့သြဖွယ်ကောင်းသည်။ တစ်လခွဲမျှသော အချိန်အတွင်းမှာပင် ကိုယ်ပိုင်ပါဠိဝါကျများကို ရေးဖွဲ့နိုင်နေပြီ။ မြန်မာအက္ခရာဖြင့်လည်း ပါဠိဘာသာကို ရေးနိုင်ဖတ်နိုင်နေပြီ။ ပိဋကတ်သုံးပုံပါဠိတော်များကို မြန်မာဘာသာဖြင့် ဖတ်နိုင်စေရန်ရည်ရွယ်ကာ မြန်မာအက္ခရာရေးနည်းဖတ်နည်းကို သူက သင်ကြားပေးခဲ့ခြင်းဖြစ်သည်။

လူငယ်လေးတစ်ဦးမျှသာ ဖြစ်သော ချင်ချင်ဘေးက စစ်စစ်ပေါက်ပေါက်လည်း မေးတတ်သေးသည်။ သည်နေ့ သူရောက်ပြီး ၅ မိနစ်ခန့်ကြာမှ ချင်ချင်ဘေးက ရောက်လာသည်။ “ ခွင့်လွှတ်ပါ” ဆိုတာကို ပါဠိလို ဘယ်လိုပြောရမလဲ မေးသည်။ နေ့စဉ်သင်တန်းမစမီ ဓမ္မပဒဂါထာတစ်ပုဒ်ကျသင်ပေးဖြစ်သည့်အခါ “ မနော မယာ(စိတ်ဖြင့်ပြီးကုန်၏)” ဟူသော စကားလုံးကို မှီး၍ ချင်ချင်ဘေးက Hand-made ကို ဟတ္ထမယဟု ရေးနိုင်ပါသလား မေးသည်။ ဓမ္မပဒဂါထာအချို့ကို မိတ်ဆက်ပြီးသည့်အခါ လူ့ဘ၀၏ မြေပုံလမ်းပြဖြစ်သည့် မင်္ဂလသုတ်သင်ပေးဖြစ်သည်။

သည်နေ့ မင်္ဂလသုတ်၏ နောက်ဆုံးဂါထာကို အပြီးသတ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ ရိုးရာနှစ်သစ်ကူးဓလေ့နှင့် မင်္ဂလာတရားတော်အကြောင်း ရှင်းပြဖြစ်သည်။ “ဒီနေ့ နှစ်သစ်ကူး အကြိုနေ့ပဲ” ဟု သူက ပြောပြသောအခါ ချင်ချင်ဘေးက “ နှစ်သစ်မင်္ဂလာဖြစ်ပါစေ ဘန္တေ” ဟု ဆုတောင်းသည်။ မည်သို့ဖြစ်စေ မင်္ဂလသုတ်တစ်ခုလုံးကို အစမှ အဆုံးထိ တရားတစ်ပုဒ်သဖွယ်ဟောဖြစ်သည်။ ချင်ချင်ဘေးတော့ ခံပေရော။ အော် သင်္ကြန်အထူး တရားပွဲနှင့်တွေ့လေမှကိုး။

လွန်ခဲ့သောနှစ်က သင်္ကြန်တော်အတွင်းနေ့ရက်များတွင် ရိုးရိုးဖြစ်လိုက် အထူးဖြစ်လိုက်တရားပွဲများ ဟောဖြစ်သေးသည်။ ဒီနှစ်တော့ ရှေ့ရောက်လာတဲ့ ချင်ချင်ဘေး ပြေးမလွတ်အောင် ဟောတော့မည်။ဖြစ်ချင်းဖြစ်လျှင် သည်နေ့ဟောသောမင်္ဂလာတရားက အထူးတရားဖြစ်ထိုက်သည်။ မြန်မာနိုင်ငံသား ထေရ၀ါဒရဟန်းတော်က အင်္ဂလိပ်ဘာသာဖြင့် ဟောကြားသည့် ပါဠိဘာသာဖြင့်ရှိနေသော မင်္ဂလာတရားတော်ကို မဟာယာနတိဘက်တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ ရုရှားနိုင်ငံသား မွန်ဂိုလူမျိုး တစ်ဦးက နာယူနေခြင်းဖြစ်လေသည်မဟုတ်လား။


13 April, 2010

မော်ဒန်တောရရိုးရိုးသင်္ကြန်(၂)

“ဒီနေ့ဟာ ငါတို့ရဲ့ နှစ်သစ်ကူးအကြိုနေ့ပဲ” ဟု သူက ပြောပြသောအခါ “ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ”ဟု တိဘက်လားမားရဟန်းက ဆုတောင်းသည်။ ၁၁း၀၀ နာရီတွင် ၀ိဇ္ဇာနောက်ဆုံးနှစ်သင်တန်းခန်းမထဲ ရောက်တော့ သင်တန်းသားမရှိ။ လာဒက်သီလရှင်တစ်ပါးနှင့် တိဘက်ကျောင်းသားတစ်ယောက်သာ ရှိသော ပါဠိအထူးပြုဝိဇ္ဖာတန်းနောက်ဆုံးနှစ်တွင် အဘိဓမ္မတ္ထသင်္ဂဟ(သင်္ဂြီုဟ်)သင်ရသည်မှာ တစ်ခါတစ်ရံ တိဘက် ကျောင်းသား၏ ကတ်သီးကတ်သတ်မေးခွန်းများနှင့် ကြုံရတတ်သော်လည်း သူ့အတွက် ဉာဏ်အလင်း ပွင့်စေသည်။ သည်နေ့တော့ သူစောစောပြန်ထွက်လာခဲ့သည်။ စာမေးပွဲနီးပြီဆိုတော့ ကျောင်းသားများက ကိုယ်ပိုင်စာကြည့်ချိန်ဇယားကို ကိုယ်တိုင်ဆွဲနေကြပြီ။

မော်ဒန်တောရနေ့လည်စာကတော့ ချဉ်ရေဟင်း၊ အာလူးနှင့် ကြက်ဟင်းခါးသီးချက်များဖြစ်သည်။ ရှင်လာဘ သာမိနှင့် ရှင်ဣဿရတို့၏ လက်ရာဖြစ်သည်။ အင်း ခေါင်းပါးစွာ ကျင့်ကြံကြပေရော။ ရှင်လာဘသာမိက “ တောရဆိုတော့ တောရနဲ့ တူအောင်စားရမယ်” ဟု မှတ်ချက်ပြုသည်။ ဆင်းရဲလွန်း၍တော့ မဟုတ်၊ ဈေးဝယ်ရ သည့်အခက်အခဲကြောင့်ဖြစ်သည်။ ဗာရာဏသီတွင် ဣနြေ္ဒမပျက်ဈေးဝယ်နိုင်သည့် စီးတီးမတ်က ရှားပါးဖြစ် သည်။ ၊သို့နှင့် ဈေးဝယ်ထွက်ရသော ရဟန်းတစ်ပါး၏ မှတ်စုတွင် လူမြင်ကောင်းနိုင်သည့် ပင်တိုင်အာလူး၊ ပဲနှင့် အခြားဟင်းသီးဟင်းရွက်ဆိုတာမျိုးများသာ အကြိမ်အရေအများဆုံးရေးမှတ်ရတော့သည်။ (တကယ်တော့ သူက ဈေးတစ်ခါမှ မ၀ယ်ဖူး၊)

နေ့လည်စာပြီးသည်နှင် အီးမေးလ်စာအ၀င်အထွက် စစ်ဖြစ်သည်။ ဘလော့ဂါဇနီးမောင်နှံ (Bliss Foundation) ပေးပို့ထားသော MMWAI အဖွဲ့ကြီးတွင် ပြုလုပ်မည့် ပညာရေးမြှင့်တင်ရေးဆိုင်ရာသင်တန်းများအတွက် ပညာ ဒါနပို့ချပေးမည့် စာရေးဆရာ ဒေါက်တာနေဇင်လတ်၏ အကြောင်းပြန်စာကို ဖတ်ရသည်။ စီမံခန့်ခွဲမှု၊ ခေါင်း ဆောင်မှုအတတ်ပညာစသောဘာသာရပ်များတွင် နာမည်ရနေသည့် စာရေးဆရာနှင့် ဟောပြောပို့ချသူ ဆရာနေဇင်လတ်၏ စာများကို ရွှေအမြုတေမဂ္ဂဇင်းတွင် စောင့်ဖတ်ခဲ့ဖူးသည်။

အရေးအသားတင်ပြပုံနှင့် ခပ်ပြတ်ပြတ်အတွေးအခေါ်များကို နှစ်ခြိုက်ခဲ့သည်။ မဇ္ဈိမရောက်မှသာ လစဉ်ထုတ် မဂ္ဂဇင်းများနှင့် ဝေးသွား၍ ဆရာနေဇင်လတ်စာများနှင့် ဝေးသွားသည်။ ဆရာနေဇင်လတ်က အဖွဲ့ကြီး၏ ရဟန်းတော်များအတွက် ပညာဒါနအဖြစ် လာရောက်ပို့ချနိုင်ကြောင်းနှင့် အကယ်၍ ဖိတ်ကြားမည် ဆိုလျှင် တစ်လကြိုတင် အကြောင်းကြားစေလိုကြောင်းတဲ့။

မဇ္ဈိမနွေရာသီတွင်တော့ မည်သည့်သင်တန်းမျိုးမှ အဆင်ပြေလိမ့်ဦးမည်မဟုတ်ပါ၊ ဒီဇင်ဘာမတိုင်မီတော့ ရဟန်းတော်များအတွက် အမှန်တကယ်လိုအပ်သော စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုအတတ်ပညာများဆိုင်ရာ သင်တန်းတစ်ခုဖွင့်ဖြစ်ပါလိမ့်မည်။ ရဟန်းတော်များ ကတော့ ဗုဒ္ဓဘာသာမြန်မာ့လူ့အဖွဲ့အစည်းတွင် သဘာဝအရ ခေါင်းဆောင်ဖြစ်ကြမည်သာ၊ သို့သော် ခေါင်းဆောင်တတ်ဖို့နှင့် စီမံခန့်ခွဲတတ်ဖို့တော့ ဖြည့်ဆည်းကြရပေဦးမည်။

နေ့လည် ၀၂း၂၀ နာရီ အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ် မဇ္ဈိမနွေအခင်းအကျင်းကြီးထဲ ထီးတစ်ချောင်းအကူဖြင့် တက္ကသိုလ်စာသင်ခန်းသို့ ထွက်လာခဲ့ပြန်သည်။ တစ်သံသရာလုံးပူခဲ့တာ ပူစမ်း၊ သံဝေဂကြောင့် ရေရွတ်မိ သည်တော့ မဟုတ်၊ အခြားရေရွတ်စရာ နေပူပျောက်ဂါထာမရှိ၍သာ ကြုံသလို ရွတ်လိုက်မိခြင်းသာ။

မော်ဒန်တောရရိုးရိုးသင်္ကြန်

မော်ဒန်တောရ
မဟာသင်္ကြန်အကြိုနေ့(၂၀၁၀ ဧပြီလ ၁၃ ရက် )
အိပ်စက်ရာက ထလာသောအခါ နံနက် ၀၈း၄၅ နာရီရှိပြီ။မျက်နှာသစ်ခြင်း၊ရေချိုးခြင်းစသော နံနက်ခင်း ကရိကထများ၊ အရုဏ်ဆွမ်းအဖြစ် ဆန်ပြုတ်တစ်ခွက်နှင့် ကော်ဖီတစ်ကျိုက် မှီဝဲရသည်။ ဥပုသ်သည်များ ရောက်မလာနိုင်သော မိဂဒါဝုန်မဟာသင်္ကြန်တော်အကြိုနေ့မြင်ကွင်း၊ မည်သည့်`တူးပို့ တူးပို့´ သီချင်းမှ လည်း မကြားရ၊ အတူနေရဟန်း ရှင်လာဘသာမိဖွင့်နေကျ အင်္ဂလိပ်ဘာသာအစီအစဉ် ဒီဗီဒီခွေမှ ထွက်ကျလာသော ကွိကွိကွကွ ၀ူးဝူးဝါးဝါး ဘိုသံများကြားရ၏။အရှင်လာဘသာမိက နေ့စဉ်အိပ်ရာမှ ထသည်နှင့် အင်္ဂလိပ်ဘာသာသင်ခန်းစာတစ်ခုခုကို ဖွင့်ကာ နားထောင်လေ့ရှိပါသည်။

သူငယ်စဉ်က နေခဲ့သည့်မြို့လေးတွင်တော့ နံနက် ၃ နာရီအချိန်ကစပြီး တစ်မြို့လုံးက ဘုန်းတော်ကြီးကျောင်း များသို့ အရုဏ်ဆွမ်းပို့သွားကြမည့် မြို့သူမြို့သားများဖြင့် မြို့လေး၏ လမ်းများသည် ဆူညံတက်ကြွ နေလေ့ရှိသည်။ ထိုအချိန်က ကိုရင်ပေါက်စလေးမျှသာဖြစ်သည့် သူကတော့ မြို့လေး၏ သင်္ကြန်တော်ချိန်များကို မျှော်လင့်ပျော်ရွှင်နေတတ်သော်လည်း အရုဏ်ဆွမ်းအတွက် အစောကြီးထရသည့် နံနက်ခင်းများကိုတော့ လုံးဝ မကြိုက်ပါ။ အခြေအနေမကောင်းလျှင် ဆရာဘုန်းတော်ကြီး၏ ဖနောင့်စာမိသွားတတ်သေးသည်မဟုတ်လား။

ခုတော့ မြန်မာ့ရိုးရာဆွမ်းပို့မည့်သူကင်းမဲ့သော ဗာရာဏသီသင်္ကြန်တော်ဦးတွင် အိပ်ရေး၀၀ အိပ်ပစ် လိုက်ပါ သည်။ နွေရာသီအပူချိန်က ၄၅ ဒီဂရီစင်တီဂရိတ်မို့ ညနက်သည်ထိ အိပ်ပျော်လေ့မရှိပါ။ နံနက်ခင်း အေးအေးလေးကို ခို၍ အမိအရအိပ်စက်ရခြင်းဖြစ်သည်။

နံနက် ၀၉း၅၀ နာရီတွင် တိဘက်တက္ကသိုလ်မုခ်ဦးဆီ ထွက်ခဲ့၏။ လုံခြုံရေ၀န်ထမ်းဖြစ်သူ မစ္စတာနန္ဒက စောပရာဆဒ်က “ နမာစတေး ဂုရုဂျီ” ဟု အလေးပြုကာ နှုတ်ဆက်လိုက်သည်။ ဆရာများနားနေခန်းတွင် လက်မှတ်ထိုးကာ သူ့စာသင်ခန်းလေးထဲသို့ ၀င်လိုက်သည်။ သင်တန်းသားဖြစ်သူ လားမားရဟန်းတော် ရစ်ဂဆန်ဆန်ဖဲလ်က “ ဂုရုဂျီ ပရဏမ်” ဟု နှုတ်ဆက်လိုက်သောအခါ ပြိုင်တူ လက်အုပ်ချီဖြစ်ကြသည်။

ပါဠိပိဋကတ်စာပေကောက်နှုတ်ချက်သင်ရသည်မှာ သူ့အတွက် များစွာ အကျိုးရှိသွားသည်။ သက္ကဋစာပေကို ပြန်လည်နွှေးခွင့်ရသောကြောင့်ဖြစ်သည်။ ပြဌာန်းစာအုပ်တွင် ပါဠိ သက္ကတ ဟိန္ဒီသုံးဘာသာဖြင့် ရေးသားထားသည်ကို သူက အင်္ဂလိပ်ဘာသာဖြင့် ရှင်းပြရသည်။ သင်တန်းသားလားမားရဟန်းတော်က အင်္ဂလိပ်ဘာသာအားနည်းသည်။ ထို့ကြောင့် သက္ကတဘာသာအခြေခံအနည်းငယ်ကျွမ်းဝင်ဖူးသော သူက ပါဠိစကားလုံးများကို ဘာသာဗေဒနည်းဖြင့် ရှင်းပြဖြစ်သွားသည်။

(သာသနာ့တက္ကသိုလ်မှာတုန်းက အမြင်ကတ်ဖွယ်ကောင်းစွာ ရှုပ်ထွေးလှသော ပါဠိနှင့်သက္ကတဆက်နွှယ်မှုကို စိတ်ဝင်စားမိရာက ပေပေတေတေလုပ်ပစ်မိသဖြင့် တန်းစဉ်ဂုဏ်ထူးထွက်ဖူးသည်။ )

(ဆက်လက်ဖတ်ရှုရန်)

12 April, 2010

သင်္ကြန်ကလစ်


ပိတောက်နဲ့ငြိရုံလေးပဲ
ဖြန်းပက်
တက်လာသမျှ
ဘာဝနာ

အသိတရားမပါဘဲ
ထိုင်ကြဖို့တော့
သဘောတူခဲ့ရပါတယ်

ဟူး ရိုးရာလေးကို
အ၀သောက်လိုက်ကြပြီကိုး
သီတင်းကျွတ်ဗျောက်အိုးလေးက
သင်္ကြန်ရေပြွတ်လေးကို
ပုခုံးပုတ်လိုက်ရဲ့

“တစ်နေ့နေ့”ဆိုတာ
လူသုံးအများဆုံးဝေါဟာရ

မဏ္ဍပ်တွေကို
စိတ်ထဲခင်းကျင်းလိုက်တော့
ရိပ်သာဝင်လက်စသီချင်းတွေ
နေပူခံဖို့ပဲ
ပြေးထွက်လာ

ရာသီစာအသစ်ကလည်း
မနှစ်ကအတိုင်း
ကတိတွေယိုင်ထိုးလို့
အမျိုးတွေချည်းပါပဲလေ

“သင်္ကြန်အစစ်လေးတော့
မြင်သွားချင်စမ်းပါဘိ”တဲ့
ဆယ်စုနှစ်မုန့်လုံးရေပေါ်သုံးနပ်စာ
ငါတို့သာ
အသည်းကွဲတော့တယ်။

ဓမ္မဂင်္ဂါ
၁၂-၀၄-၂၀၁၀

(သင်္ကြန်တော်အတွင်း စာတွေအများကြီးမဖတ်ချင်ဘူးဆိုတဲ့ အမျိုးတွေအတွက်)

10 April, 2010

သောကမုန်ညှင်းစေ့များ


“ချစ်သမီး ကိသာဂေါတမီ သင်၏ သားကို ဆေးကုရန် အတွက် လူ မသေဖူးသော သူ၏ အိမ်ထောင်မှ မုန်ညှင်းစေ့ ကို ရအောင် ရှာခဲ့လော့”
ဗုဒ္ဓ

၀၇-၀၄-၂၀၁၀ နံနက် ၁၀း၁၅ နာရီ
တိဘက်တက္ကသိုလ်စာသင်ခန်း
သူသည် တိဘက်လားမားရဟန်းတစ်ပါးသာ သင်တန်းသားအဖြစ်ရှိနေသည့် စာသင်ခန်းလေးတွင် အဋ္ဌကထာ ကောက်နှုတ်ချက်အဖြစ် ကိသာဂေါတမီဝတ္ထုကို သင်ပြနေခဲ့သည်။ သာဝတ္ထိမြို့တော်လမ်းမ များပေါ်တွင် သားသေကို ရင်မှာပိုက်၍ သွေးပျက်ရူးသွပ်စွာ ဆောက်တည်ရာမဲ့ ပြေးလွှားနေသော အမျိုးသမီးတစ်ဦး၏ ကြေကွဲဖွယ်ပုံရိပ်နောက်သို့ ထေရ၀ါဒနှင့် မဟာယာန ရဟန်းတော်နှစ်ပါးလုံး မျောပါသွားခဲ့ကြ၏။

တစ်ဦးတည်းသော သားကို ဆုံးရှုံးရလေသည့် မိခင်တစ်ယောက်၏ သောကမီးတောက်များက စာသင်ခန်း လေးထဲထိ တောက်လောင်မသွားအောင်တော့ သတိကြီးစွာ ထားလိုက်ရ၏။
ကိသာဂေါတမီရှာဖွေသည်က ရင်သွေးငယ်၏ သေခြင်းတရားကို ရှင်သန်ထမြောက်လာအောင်ကုသပေးမည့် မသေဆေးဖြစ်သည်။ ဗုဒ္ဓအရှင်က သောကပျောက်ဆေးပေးလိုက်သည်။

၀၈-၀၄-၂၀၁၀

မော်ဒန်တောရ

နောက်တစ်ပတ်လေယာဉ်ဖြင့် ပြန်ကြမည့် မိတ်ဆွေများက သူ့နေထိုင်ရာတောရလေးသို့ ရောက်လာကြသည်။ အိမ်ပြန်ခြေလှမ်းများအတွက် တက်ကြွနေကြသည်က သူ့အိမ်လွမ်းစိတ်ကို အညှောက်ပေါက်သွားစေ တော့ သည်။ သို့နှင့် ရဟန်းတစ်ပါးရဲ့အိမ်ကို ကောက်ရေးဖြစ်သည်။ မိတ်ဆွေရဟန်းတစ်ပါး၏ ကွန်မင့်စာ သားလေးက ပိုပြီးဆွေးသွားစေ၏။
မောင်စိတ်ကောင်း said...

ခုမှ အိမ်ကို သတိရနေပေါ့။
ဟိုက ဖေတို့မေတို့လည်း အိုလှပေါ့။ လွမ်းဖော်ရနေသေးတာပဲ အိမ်လွမ်းသူဖြစ်သွားရောပေါ့။


၀၉-၀၄-၂၀၁၀ ညနေ ၀၅း၂၀ နာရီ

မိဂဒါဝုန်အိမ်သစ်

မောင်စိတ်ကောင်းရှိရာ မိဂဒါဝုန်အိမ်သစ်ဆီ သူရောက်သွားခဲ့သည်။ ကျေးဇူးတင်စကားပြောဖြစ်သည်။ သူက အိမ်ကိုသာ လွမ်းနေတာ ဖုန်းတော့ ပုံမှန်ဆက်လေ့ရှိသူမဟုတ်။ ရဟန်းတစ်ပါး၏ ညာဉ်ပင်ဖြစ်လိမ့်မည်။ ဘာပဲဖြစ်ဖြစ် ရွာလေးဆီ ဖုန်းဆက်ဖြစ်သွားသည်။ ဖခင်ကြီးနှင့် စကားပြောခွင့်ရသည်။

သာကြမာကြပါရဲ့လား မေးခွန်းများအဆုံးတွင်“ အဖေတို့ အမေတို့တော့ မာကြပါရဲ့၊ မောင်ပဉ္ဇင်း တူတော် မောင် အငယ်ဆုံးကောင် မောင်ဝေဖုန်းကတော့ မန္တလေးဆေးရုံကြီးမှာ ရောက်နေပြီ။ ဖျာပုံက ရွာပြန်လာတာ ရာသီကြမ်းတာ မခံနိုင်လို့ ရုတ်တရက်ဖြစ်တာပဲ၊ ထန်းတပင်ဆေးခန်းကနေ ရွှေဘိုဆေးရုံ၊ အဲဒါ သတိပြန် မလည်လို့ ဒီနေ့ပဲ မန္တလေး ဆေးရုံကြီးကို ပို့လိုက်ပြီ။ မောင်ပဉ္ဇင်းနှမဆီကို ဖုန်းဆက်ပြီး အားပေး စကားပြော လိုက်ပါဦး။”

မောင်ဝေဖုန်း ကျန်းမာရေးဆိုပါလား။ သူ့နှမဆီသို့ ဖုန်းဆက်နှိပ်လိုက်သည်။ တစ်ဆွေလုံးတစ်မျိုးလုံးများမှ တစ်လုံးတည်းသာရှိသော ဖုန်းလေးကို သူ့နှမက ပိုင်ဆိုင်ထားပါလေသည်။ သူ့နှမက မြစ်ဝကျွန်းပေါ် ဖျာပုံမြို့လေးတွင် စီးပွားရေးအသေးစားလေးလုပ်နေသည်ဟုတော့ ကြားရသည်။ သူ့နှမလေးက စီးပွားရေး အဆင်ပြေဟန်လည်း တူပါသည်။ သားလေးနှစ်ယောက်နှင့် ပျော်နေသောမိခင်တစ်ယာက်အဖြစ် လွန်ခဲ့သော နှစ်က မုဒိတာဖြစ်စွာ သူတွေ့ခဲ့ရသည်။

သားလေးနှစ်ယောက်၏ အမည်များကိုတော့ သူကိုယ်တိုင်မှည့်ပေးခဲ့ရသည်။ နက္ခတ်ဗေဒင်များနှင့် မကျွမ်းဝင် သော်လည်း သူ့နှမ၏ တောင့်တချက်ကိုငြင်းပယ်မရခဲ့။ သူ့နှမက မွေးသမျှကလေးများ၏ နာမည်ကို အကိုဘုန်းကြီးသာ ကမ္ဗည်းထိုးရမည်တဲ့။ သို့နှင့် ဆန်းကျမ်းလာနည်းနိသျများဖြင့် အမည်ကင်ပွန်းတပ်ပေး ခဲ့ရသည်။

စနေသားဦးအကြီးကောင်ကိုတော့ မောင်ထင်ညီမင်းစံ၊ ဗုဒ္ဓဟူးသားအငယ်ကောင်ကိုတော့ မောင်ဝေဖုန်းညီညီစံ၊ အဖေက ညီညီထွန်း အမေက စန္ဒာဆိုတော့ မိဘနှစ်ပါး၏ ဗြဟ္မစိုရ်အရိပ်ထိုးကျစေနိုင်သည့်နာမည်လေးများကို သူရွေးချယ်ပေးခဲ့သည်။ အငယ်ကောင်ကို နာမည်ပေးရမည့်အချိန် လွန်ခဲ့သောနှစ်က စင်ကာပူတွင် ရောက်နေခဲ့သည့်သူ့ကို သူ့နှမက မျှော်နေခဲ့ပါသည်။ သူပြန်မလာမချင်း မည်သည့်နာမည်ကိုမှ အတည်မပြု၊ သူပြန်လာသည့်အချိန်ထိစောင့်မည်။ အော် မောင်ဝေဖုန်းညီညီစံ ကျန်းမာပါစေ။ ကလေးက ခုမှ တစ်နှစ်ခွဲသာ သာလောက်ပဲ ရှိဦးမည်ထင်သည်၊ ရောဂါအမြန်ပျောက်ပါစေ၊

“ ဟလို ”
“ဟလို”
“အေး ကလေးအခြေအနေဘယ်လိုလဲ ငါ့နှမ”
“ မကောင်းလောက်တော့ပါဘူး ဦးဇင်းရယ်”
စိတ်အားလျှော့သည့်အသံဖြစ်သော်လည်း နှမငယ်၏ မိခင်သောကတွင် ခွန်အားတစ်ရပ်ကိုတော့ ခံစားမိသည်။ ငြင်းပယ်ခွင့်မရှိသော၊ခုခံကာကွယ်ခြင်း၏ အခြားတစ်ဘက်တွင် ရှိသော သဘာဝခေါ်သံများနှင့်ပတ်သက်လျှင် သူသည်လည်း မျှဝေစာနာခြင်းမှအပ မည်သို့မှ အစွမ်းအစမရှိ၊ မေတ္တာပို့ဆုတောင်းခြင်းသည်လည်း အချိန် နှောင်းလျှင် အားကောင်းလှသော မှီခိုရာမဖြစ်နိုင်ပြန်ပါ။
အော် မောင်ဝေဖုန်းလေး ပြန်လာကျန်းမာပါစေ...။

၁၀-၀၄-၂၀၁၀ နံနက် ၀၅း၃၀ နာရီ
မော်ဒန်တောရ

မမျှော်လင့်ချင်သောတယ်လီဖုန်းခေါ်သံဖြစ်သည်။ နှမငယ်နှင့်အတူ ရှိနေသော အမကြီး၏ အသံဖြစ်သည်။ ပထမဆုံးကြားရသော ရှိုက်သံသည် လက်နက်ချလိုက်ပြီဖြစ်ကြောင်းသေချာခဲ့ပါပြီ။ “ ဦးဇင်းရေ ဝေဖုန်းလေး မရှိတော့ဘူး” ။
လူ့ဘ၀ရာသီတွင် ပြက္ခဒိန်နှစ်ပတ်မလည်လိုက်ရရှာသော၊ လူ့ဘ၀၏ တန်ဖိုးကို အသိတရားရှိစွာ တို့ထိခွင့်မ ရခဲ့လေသော မောင်ဝေဖုန်းလေး ကောင်းရာသုဂတိလားပါစေ၊

သူစိုးရိမ်သွားသည်က ကျန်ရစ်ခဲ့သည့်သူ့နှမငယ်ဖြစ်သည်။ ကိသာဂေါတမီလိုမျိုး သောကမုန့်ညှင်းစေ့တွေ လိုက်ကောက်နေလေမလား၊ တစ်ဘက်မှရှိုက်သံများဖြင့် ရုတ်တရက်ဖုန်းချသွားသည့်အခါ သူက ဖုန်းကို ပြန်ကိုင်လိုက်ရပြန်ပါသည်။
“ အမကြီးရေ
မိဒါလေးကိုပဲ ဂရုစိုက်လိုက်ပါဟာ”။
သူကသာ ပြောလိုက်ရသည်။ ဖြစ်နိုင်လျှင် မောင်ဝေဖုန်းလေးအတွက် မုန့်ညှင်းစေ့လေးတွေ နှမငယ်နှင့် အတူ ရှာဖွေပေးချင်မိသေးတော့သည်။ အော် သောကမုန့်ညှင်းစေ့များ။

(မောင်ဝေဖုန်းညီညီစံ သံသရာခရီးဖြောင့်ပါစေသား)