ငြိမ်းပေမယ့် အငြိမ်းမနေနိုင်သူများ (၁)
“မောဂ္ဂလာန်၊ ကောင်းလေစွ ကောင်းလေစွ။ မောဂ္ဂလာန်၊ ငါသည်လည်းကောင်း သာရိပုတြာ၊ မောဂ္ဂလာန်တို့သည်လည်းကောင်း ရဟန်းအပေါင်းကို ဦးဆောင်ကြကုန်အံ့။ (မဇ္ဈိမပဏ္ဏာသမြန်မာပြန်-၁၃၂)
ပိဋကတ်ရှုမျှော်ခင်းပေါ် စိတ်ကင်မရာမီးပွင့်များ တဖျပ်ဖျပ်လက်သွား.......
ပြကွက်(၁)
စာတုမရွာက သျှစ်သျှားတောကျောင်းလေးမှာ ဗုဒ္ဓအရှင်က ရဟန်းတော်အချို့နဲ့ အတူ ငြိမ်းချမ်းစွာ သီတင်းသုံးနေခဲ့ပါတယ် ။ ဗုဒ္ဓအရှင်ရဲ့ ဓမ္မဂီတ၊ ရဟန်းမြတ်တို့ရဲ့ ဘာဝနာမယနဲ့ စာတုမရွာခံတော ကျောင်းလေးက စိမ်းလန်းငြိမ်းအေးလို့ပါပဲ..။
အဲဒီအချိန်မှာပဲ တောကျောင်းလေးရဲ့ အရိပ်ရသစ်ပင်တွေမှာ ခိုနားနေတဲ့ ရောင်စုံတေးဆိုငှက်တွေ တအုပ်တမကြီး ရုတ်တရက် ထပျံသွားကြလေရဲ့။ သစ်ရွက်ခြောက်တွေကို တချွတ်ချွတ်ဖိနင်းလိုက်တဲ့ ခြေသံများ...။ အော်ဟစ်နှုတ်ဆက်သံများ......။ ဆိတ်ငြိမ်အေးချမ်းတဲ့ တောကျောင်းလေးရဲ့ ၀ိဝေကကြမ်းခင်းလေး ကျိုးပဲ့သွားခဲ့ပါတော့တယ်။
အရှင်သာရိပုတြာနဲ့ အရှင်မောဂ္ဂလာန်တို့ ခေါင်းဆောင်ပြီး အရေအတွက် ငါးရာရှိတဲ့ ရဟန်းတွေ အုပ်စုလိုက်ကြီး တောကျောင်းလေးဆီ ရောက်လာခဲ့ကြတာပါ။ ရည်ရွယ်ချက်က ဘုရားဖူးဖို့ ဖြစ်ပေမယ့် ဘုရားအလိုတော်နဲ့ ကိုက်ညီတဲ့ အပြုအမူမျိုးကိုတော့ မဖော်ဆောင်နိုင်ခဲ့ကြပါဘူး။
ဗုဒ္ဓအရှင်က ဆူဆူဝေေ၀ အသံတွေကို နှစ်ခြိုက်တော်မမူဘဲ ၀ိဝေကရပ်ဝန်းကိုသာ ဂုဏ်တင်လေ့ရှိတာပါ။ ဧည့်သည်ရဟန်းတွေက စာတုမရွာတောကျောင်းလေးကို ရောက်တာနဲ့ ကျောင်းခံရဟန်းတွေကို အော်ဟစ်နှုတ်ဆက်ကြ၊ နေရာထိုင်ခင်း ပြင်ဆင်ကြ၊ သပိတ် သင်္ကန်းတွေ သိမ်းဆည်းကြနဲ့ ခုတော့ တောကျောင်းလေးရဲ့ မူလအရောင်တွေ ပျယ်လွင့်သွားခဲ့ပါပြီ။ ဆူညံပူလောင်မှုတွေသာ တံလျှပ် ထနေပါတော့တယ်။
ပြကွက် (၂)
'' အာနန္ဒာ တံငါရွာက ငါးစိမ်းသည်တွေလို ဆူညံသံတွေက ဘာသံတွေလဲ''။''အရှင်သာရိပုတြာနဲ့ အရှင်မောဂ္ဂလာန်တို့ ဦးဆောင်လာတဲ့ ဘုရားဖူးရဟန်းတွေပါ ဘုရား ''။
ဗုဒ္ဓအရှင်က အဂ္ဂမဟာသာဝကကြီးနှစ်ပါးကို ခေါ်ပြီး တောကျောင်းလေးက နှင်ထုတ်ခဲ့ပါတယ်။
''ရဟန်းတို့ သင်တို့အဖွဲ့ကို ငါနှင်ထုတ်ပြီ၊ သင်တို့ ငါနဲ့ နေဖို့ မထိုက်တန်ပေဘူး " တဲ့။
အဂ္ဂမဟာသာဝကကြီးနှစ်ပါးက အမိန့်နာခံတဲ့ နေရာမှာ စံပြဖြစ်လေတော့ ဘုရားရှင်ကို နှုတ်ဆက်ကန်တော့ပြီး ချက်ချင်းပဲ ဘုရားဖူးရဟန်းတွေနဲ့အတူ စာတုမရွာလေးက ထွက်ခဲ့ကြပါတယ်။
ဒါပေမယ့် စာတုမရွာ အစည်းအဝေးခန်းမမှာ ရပ်ရွာကော်မတီအစည်းအဝေးထိုင်နေတဲ့ သာကီဝင်မင်းတွေက ရဟန်းတော်တွေ တပြုံကြီးပြန်ထွက်လာတာ မြင်သွားခဲ့ကြတယ်။ အကြောင်းစုံသိသွားတော့ ရဟန်းတော်တွေရဲ့ ကိုယ်စား ဘုရားရှင်ကို တောင်းပန်ပေးကြလို့ ဘုရားရှင်က ရဟန်းတော်တွေကို ပြန်လက်ခံပါတယ်။ (သဟမ္ပတိဗြဟ္မာကြီးလည်း လာပြီး တောင်းပန်ပေးတယ်လို့ ကျမ်းစာမှာ ဆိုပေမယ့် စာတုမရွာသားတွေနဲ့ လုံလောက်နေပြီမို့ ဒီမှာ ချန်လှပ်ခဲ့ပါတယ်။ )
ပြကွက် (၃)
ဒိုင်ယာလော့ခ် (၁)
"သာရိပုတြာ၊ ရဟန်းအပေါင်းကို ငါဘုရားနှင်ထုတ်စဉ် သင့်အား အဘယ်သို့သော စိတ်အကြံ ဖြစ်လေသနည်း"
“မြတ်စွာဘုရားသည် ရဟန်းအပေါင်းကို နှင်ထုတ်တော်မူပြီ၊ ယခုအခါ မြတ်စွာဘုရားသည် မျက်မှောက်ဘ၀၌ ကြောင့်ကြမဲ့စွာ ချမ်းချမ်းသာသာနေခြင်းကို အားထုတ်တော်မူလျက် နေတော်မူလတ္တံ့။ ယခုအခါ ငါတို့သည်လည်း မျက်မှောက်ဘ၀၌ ကြောင့်ကြမဲ့စွာ ချမ်းချမ်းသာသာ နေထိုင်မှုကို အားထုတ်ကုန်လျက် နေကြကုန်တော့အံ့” ဟူသော အကြံဖြစ်ပါ၏ ဘုရား''
“သာရိပုတြာ ဆိုင်းငံ့ဦးလော့၊ သာရိပုတြာ မျက်မှောက်ဘ၀၌ ချမ်းသာစွာနေခြင်းကို ဆိုင်းငံ့ဦးလော့ ''။ (မဇ္ဈိမပဏ္ဏာသမြန်မာပြန်-၁၃၂)
ဒိုင်ယာလော့ခ် (၂)
''မောဂ္ဂလာန် ရဟန်းအပေါင်းကို ငါဘုရားနှင်ထုတ်စဉ် သင့်အား အဘယ်သို့သော စိတ်အကြံ ဖြစ်လေသနည်း"
“မြတ်စွာဘုရားသည် ရဟန်းအပေါင်းကို နှင်ထုတ်တော်မူပြီ။ ယခုအခါ မြတ်စွာဘုရားသည်မျက်မှောက်ဘ၀၌ ကြောင့်ကြမဲ့စွာ နေတော်မူခြင်းကို အားထုတ်လျက် နေတော်မူလတ္တံ့။ ယခုအခါ ငါသည်လည်းကောင်း၊ အရှင်သာရိပုတြာသည် လည်းကောင်း ရဟန်းအပေါင်းကို ဦးဆောင်ကြကုန်တော့အံ့” ဟူသောအကြံ ဖြစ်ပါ၏ဘုရား''
“မောဂ္ဂလာန်၊ ကောင်းလေစွ ကောင်းလေစွ။ မောဂ္ဂလာန်၊ ငါသည်လည်းကောင်း သာရိပုတြာ၊ မောဂ္ဂလာန် တို့သည်လည်းကောင်း ရဟန်းအပေါင်းကို ဦးဆောင်ကြကုန်အံ့။" (မဇ္ဈိမပဏ္ဏာသမြန်မာပြန်-၁၃၂)

3 comments:
လေးလေးနက်နက်ထားပြီးဖတ်ကြည့်မိပါတယ်။
ဒီနေရာမှာသတိထားမိတဲ့အချက်ကမြတ်စွာဘုရားရှင်က
'' အာနန္ဒာ တံငါရွာက ငါးစိမ်းသည်တွေလို ဆူညံသံတွေက ဘာသံတွေလဲ''။ လို့ မေးပြီးနောက်မှာ
''ရဟန်းတို့ သင်တို့အဖွဲ့ကို ငါနှင်ထုတ်ပြီ၊ သင်တို့ ငါနဲ့ နေဖို့ မထိုက်တန်ပေဘူး " တဲ့။
အဲလိုပြောပြီးနှင်ထုတ်ခံရတာကို အရှင်မောဂ္ဂလာန်
နဲ့ အရှင်သာရိပုတြာတို့ ကဘုရားရှင်အပေါ်မြူမှုန်လောက်
တောင်ငြိုငြင်စိတ်မရှိပဲ မေးတဲ့အခါပြန်ဖြေပုံ......
(ဆရာမော်ဒန်ရဲ့အခေါ်ဒိုင်ယာလော့ခ် (၂))
ကိုရင်သပ်ရူ့ မောမိ၍ ထိုရဟန္တာမြတ်သူတော်
စင်တို့ ၏စိတ်ဓါတ်မျိုး အကျွနှ်ပ်၏နှလုံးသားတွင်လည်း
ဘ၀အဆက်ဆက်ကိန်းဝပ်တည်ရှိနိုင်ပါစေ...
ဟူ၍ဆုတောင်းမိကြောင်းပါအရှင်ဘုရား...။
ကျေးဇူးအနန္တပါ။
ဒီတရားတော်ကို နာကြားထားတာ သိထားတာ သိပ်မကြာခင်မှာပဲ တရားစာလေးကို ထပ်မံဖတ်ရှုရပြန်သော်အခါ.....။
တာဝန်များအကြောင်းကို ထပ်မံတွေးတောမိပြန်သည်။
သာဓု။
နှစ်ခါထပ်ဖတ်ပြီး သေချာ စဉ်းစား သုံးသပ် မိပါကြောင်း
Post a Comment