Showing posts with label ဖြန့်ဝေခြင်း. Show all posts
Showing posts with label ဖြန့်ဝေခြင်း. Show all posts

26 December, 2013

ဓမ္မဂင်္ဂါဗုဒ္ဓဘာသာပါဠိကောလိပ်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ


ဓမ္မဂင်္ဂါဗုဒ္ဓဘာသာပါဠိကောလိပ်(Dhammaganga Buddhist Pali College
(ဖွင့်ထားတာတော့ ကြာနေပါပြီ..။ အခု အကောင်အထည်ဖော်နေပြီဖြစ်လို့ ဖြန့်ဝေလိုက်ပါတယ်..။ ဓမ္မဂင်္ဂါအွန်လိုင်း ပါဠိသင်ခန်းစာများ ဆက်လက်ရေးသားပို့ချတော့မည်ဖြစ်ကြောင်း ကြေငြာအပ်ပါတယ်..။ ပါဠိကောလိပ်ရဲ့ ဆောင်ရွက်နေမှုများ၊သင်တန်းများကိုလည်း ဖော်ပြပေးသွားမှာဖြစ်ပါကြောင်း..၊)


ဆက်သွယ်ရန်
----------
ဓမ္မဂင်္ဂါဗုဒ္ဓဘာသာပါဠိကောလိပ်
အနော်ရထာလမ်း၊ ရွှေလင်ဗန်းစက်မှုဇုံ
လှိုင်သာယာ (ထန်းတပင်မြို့နယ်) ၊ ရန်ကုန်
ဖုန်း ၀၉ ၄၄၈၀၀ ၇၁၆၁ 
dhammaganga2012@gmail.com

17 December, 2013

ဓမ္မဂင်္ဂါပါဠိကောလိပ်တည်ထောင်မည့်ဆရာတော်နှင့် တွေ့ဆုံခြင်း

“လူတွေ တတ်မြောက်ခွင့်ရှိတဲ့ ပညာရေးကို ရှင်ငယ်ရဟန်းငယ်တွေ သင်ယူခွင့်ရမယ်ဆိုရင် မြန်မာနိုင်ငံအတွက် လူသားအရင်းအမြစ်မဆုံးရှုံးပါဘူး..။”
=======================================
ဓမ္မဂင်္ဂါဗုဒ္ဓဘာသာပါဠိကောလိပ်တည်ထောင်မည့် ဒေါက်တာအရှင်ဝိစိတ္တသာရနှင့် တွေ့ဆုံးခြင်း (The Voice Daily Tuesday October 15,2013)
------------------------------------------------------
(အိန္ဒိယနိုင်ငံ၊ဗာရာဏသီမြို့၊ ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ် သွားရောက်သင်ကြားပေးရင်း မြန်မာနိုင်ငံတွင်လည်း လောကီလောကုတ္တရာပညာနှစ်မျိုးလုံး ပါဝင်မည့် ဓမ္မဂင်္ဂါဗုဒ္ဓဘာာသာ ပါဠိကောလိပ်ကျောင်းကို ရန်ကုန်မြို့တွင် တည်ထောင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေသူဆရာတော်ဒေါက်တာအရှင်ဝိစိတ္တသာရအား အဆိုပါ ကျောင်းဖွင့်လှစ်ရန်စီစဉ်ခြင်း၏ ရည်ရွယ်ချက်နှင့် လက်ရှိမြန်မာနိုင်ငံရှိ ရဟန်းသံဃာများ၏ ပညာရေးအခြေအနေတို့ကို မေးမြန်းဖော်ပြလိုက်ပါသည်။)

Voice;
------
“ရှင်ငယ်ရဟန်းတွေ လောကီပညာသင်ကြားနိုင်မယ့် ဓမ္မဂင်္ဂါဗုဒ္ဓဘာသာပါဠိကောလိပ်ကျောင်းတည်ထောင်ရခြင်းရဲ့ ရည်ရွယ်ချက်ကို ရှင်းပြစေချင်ပါတယ်..။ ”

ဆရာတော်
--------
“ရဟန်းတော်တွေ ခေတ်မီနည်းစနစ်တွေနဲ့ သင်ကြားခွင့်ရဖို့ လမ်းရိုးလမ်းဟောင်းကို လွယ်ကူတဲ့နည်းတွေနဲ့ အစားထိုးနိုင်ဖို့ ရည်ရွယ်ပါတယ်။ နည်းစနစ်ဟောင်းတွေက သူ့တို့ခေတ်သူတို့အခါမှာ အံဝင်နိုင်ပေမယ့် ခုခေတ်မှာတော့ အဆင်မပြေနိုင်တော့ဘူး၊
ပိဋကတ်စာပေရော၊ လောကီပညာရေးပါ သင်ခွင့်ရမယ်။
ဘာကြောင့်လဲဆိုတော့ ရဟန်းဘ၀နဲ့ မြဲသွားရင် လောကီ လောကုတ္တရာနှံ့စပ်သိမြင့်မယ့် ကမ္ဘာ့အဆင့်မီသာသနပြုအကျော်အမော်တွေဖြစ်မယ်။ ရဟန်းဘ၀နဲ့ မပျော်ပိုက်လို့ လူထွက်ခဲ့မယ်ဆိုရင်လည်း ရဟန်းဘ၀က တတ်ခဲ့တဲ့ပညာနဲ့ ဥာဏလုပ်သားတွေအဖြစ် လုပ်ငန်းခွင် ၀င်နိုင်ပြီး နိုင်ငံအတွက် လူသားအရင်းအမြစ် မဆုံးရှုံးတော့သလို သူတို့အတွက်လဲ မဆုံးရှုံးတော့ဘူး။
လက်ရှိအချိန်မှာက သူတို့တတ်ထားတဲ့ပညာက လူ့ဘ၀မှာ ကာယလုပ်သားအဖြစ်သာ အသုံးပြုနိုင်လို့ နိုင်ငံအတွက်ရော သူ့အတွက်ပါ ဆုံးရှုံးရမယ်။ ရဟန်းငယ်တွေကို အဓိကထားတာဆိုပေမယ့် လူပုဂ္ဂိုလ်တွေအတွက်လည်း ဓမ္မစာပေနဲ အတူ ခေတ်ပညာရပ်တွေကို အငြိမ်းစားယူပြီးတဲ့ ပညာရှင်ကြီးတွေရဲ့ အကူအညီနဲ့ ဖြန့်ဝေချင်တယ်။

Voice;
------
အငြိမ်းစားယူပြီးတဲ့ ပညာရှင်ကြီးတွေရဲ့ အကူအညီနဲ့ ဖြန့်ဝေချင်တယ်ဆိုတော့ ဘယ်လိုပုံစံနဲ့ သင်ကြားပေးမှာလဲ ဆိုတာ သိချင်ပါတယ်။။”

ဆရာတော်
--------
“လူတိုင်းတတ်မြောက်ခွင့်ရှိတဲ့ ပညာရေးကို ရဟန်းငယ်၊ရှင်ငယ်တွေ သင်ခွင့်ရအောင် ခု ဓမ္မဂင်္ဂါဗုဒ္ဓဘာသာပါဠိကောလိပ်ရဲ့ သင်ရိုးတွေကို ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ရေးဆွဲမယ်..။ အစိုးရပါဠိပညာရေးကိုလည်း မျက်ကွယ်ပြုလို့ မရတဲ့အတွက် ချိတ်ဆက်ထားရမယ်။ အစိုးရအခြေခံပညာကျောင်းတွေနဲ့ နိုင်ငံတကာကျောင်းတွေမှာ ပြဌာန်းထားတဲ့ သင်ရိုးတွေကိုလည်း သင်နိုင်ရမယ်။ ဂျီစီအီးစာမေးပွဲတွေပါ ဖြေဆိုနိုင်ဖို့ စီစဉ်ပေးမယ်။ ချမ်းမြေ့ဆရာတော်ကြီးဟာ ဂျီစီအီးစာမေးပွဲတွေပါ ဖြေဆိုအောင်မြင်ဖူးတယ် လို့ မှတ်သားရတယ်။ ကိုရင်တွေ ရဟန်းတွေအတွက် အစိုးရပါဠိပထမပြန် အတန်းသုံးတန်းရှိတယ်။ အဲဒါကို ပေါ့ပါးအောင် ခြောက်တန်းခွဲထားမယ်။ အခြေခံမှာ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်းတွေကိုလဲ ပစ်ပယ်လို့မရဘူး။ စာသင်သားတွေက အစိုးရအသိအမှတ်ပြုစာမေးပွဲတွေလည်း ဖြေချင်ကြမှာပဲ.။ ”

Voice;
-----
“ရဟန်းတော်တွေအတွက် သတ်မှတ်ထားတဲ့ အစိုးရပါဠိပထမပြန်အတန်းသုံးတန်းကို ခြောက်တန်းခွဲသင်မယ်ဆိုတာနဲ့ သင်ကြားပေမယ့် ပညာရပ်တွေကရော ဘာတွေဖြစ်မယ်ဆိုတာလဲ သိချင်ပါတယ်..။”

ဆရာတော်
-------
“ခုတည်ထောင်မယ့် ကျောင်းမှာတော့ ပိဋကတ်စာပေနဲ့ ဘက်စုံဘာသာရပ်တွေကို ချဲ့ထွင်သင်ပေးဖို့ နဲ့ စာသင်သားရဟန်းတွေ ၀န်ထုပ်ဝန်ပိုးမဖြစ်အောင် ခြောက်တန်းခွဲထားတာ။ အဲဒီမှာ သိပ္ပံပညာရပ်တွေဖြစ်တဲ့ သင်္ချာ၊ အင်္ဂလိပ်စတဲ့ ဘာသာရပ်တွေထည့်မယ်။ရဟန်းတွေအတွက် ပထ၀ီဝင်ဘာသာရပ်လဲ လိုတယ်။ ဗုဒ္ဓသာသနိက ပထ၀ီဝင်ဆိုတာရှိတယ်။ မော်လမြိုင်တောင်ပေါက် ဆရာတော် ပြုစုထားတာရှိတယ်။ ခေတ်အဆက်ဆက်သာသနာရဲ့ အတက်အကျတွေကို သာသနပြုလောင်းလျာတွေ မဖြစ်မနေသိကြရမယ်။ ဗုဒ္ဓဘာသာပြန့်ပွားခဲ့တဲ့နေရာတွေ ဆုံးရှုံးခဲ့တဲ့နေရာတွေကို ရှင်ငယ်ရဟန်းငယ်တွေ သိဖို့လိုတယ်။ သမိုင်းလိုတယ်။ ဘယ်အချိန်မှာ ပျောက်ကွယ်သွားတယ်၊ ဘယ်အချိန်က ပေါ်ထွန်းခဲ့တယ်။ သာသနာ့တက္ကသိုလ်ရောက်မှ သင်ရတယ်။ ဘာသာစကားတွေကိုတော့ ဆရာပေါ် မူတည်ပြီး ရနိုင်သလောက် သင်ပေးမယ်။ လက်ရှိတော့ ကျောင်းကတည်နေတုန်း။ မြန်မာပြည် ပြန်ရောက်တာ ၂၀၁၂ အကုန်မှ။

Voice;
-----
“လက်ရှိမြန်မာနိုင်ငံမှာ သင်ကြားနေတဲ့ အစိုးရအသိအမှတ်ပြုပါဠိပထမပြန်ပညာရေးစနစ်ကို ဘယ်လိုမြင်လဲဆိုတာ သိချင်ပါတယ်”

ဆရာတော်
-------
“ဒီမှာက သင်ရိုးစနစ်ထက် သင်ရိုး စာအုပ်ကို တွယ်ဖက်နေတုန်းပဲ ရှိသေးတယ်။ ဒီစာအုပ်တွေက စာသင်ခန်းမှာ သင်ရမဲ့ဟာ မဟုတ်ပဲ ပါရဂူဘွဲ့အတွက် အထောက်အကူပြုတဲ့စာအုပ်တွေဆိုတော့ ရှင်ငယ်ရဟန်းငယ်တွေ သဒ္ဒါလန်ပြီး ရှေ့မရောက်အောင် ဖြစ်နေတာ ကိုယ်တိုင်စာချခဲ့ဖူးတော့ သိနေတယ်။ ပြောရင် ယုံမယ်မထင်ဘူး၊ ပါဠိပထမပြန်သင်ရိုးမှာ ဗုဒ္ဓ၀င်စာပေပြဌာန်းမထားဘူး။

အရပ်ထဲက မြတ်မင်္ဂလာတို့ မင်္ဂလာမောင်မယ်တို့ ဖတ်တဲ့ ကလေးတွေက ဗုဒ္ဓ၀င်ကို သိနေပြီး ဆွမ်းခံကြွတဲ့ ကိုရင်က အဲဒါမသိဘူးဖြစ်နေတယ်။ ဗုဒ္ဓ၀င်နဲ့ သာသနာ့သမိုင်းတွေ သင်ပေးရမယ်။ပါဠိပိဋကတ်တတ်ပါရဲ့နဲ့ နိုင်ငံတကာစင်မြင့်တွေမှာ နောက်က ထိုင်နေကြရတာ ဘာသာစကားနဲ့ နိုင်ငံတကာအဆင့်ပညာတွေ သင်ယူခွင့်မရလို့..။

ဒီနေ့ သီတဂူဆရာတော်တို့ ရှေ့ရောက်နေတာ အကင်းပါးပါးနဲ့ အားနည်းချက်ကို အချိန်မီသိပြီး ခေတ်နဲ့ ရင်ဘောင်တန်းလိုက်နိုင်လို့ပဲ..
ခေတ်နဲ့ လျော်ညီတဲ့ ပညာရေးကို ဖော်ဆောင်ရတော့မယ် ။ ကွန်ပြူတာနည်းပညာတွေကလည်း တစ်နေ့တစ်ခြားမြင့်မားလာတယ်. ကိုရင်လေးတွေ ဦးဇင်းလေးတွေကလည်း အဲဒီပညာတွေ တတ်ချင်လာတယ်။

ခေတ်မီပညာရေးကို ကျောင်းပရိဝုဏ်အတွင်းမှာ မဖော်ဆောင်ရင် ကိုရင်လေးတွေ ဦးဇင်းလေးတွေက ကျောင်းပရိဝုဏ်အပြင်ထွက်ပြီး သူတို့ လိုချင်တာတွေ ရှာဖွေသင်ကြတော့မယ်။ အဲဒီမှာ လောကုတ္တရာဘက်မှာ အားနည်းသွားမယ်။ အဲဒီတော့ သူတို့လိုချင်တာလည်း သင်ပေး၊ ကိုယ်သိစေချင်တဲ့ ပိဋကတ်ကိုလည်း မလစ်ဟင်းစေရမယ့် ၀င်းဝင်း (Win-Win) ပေါ်လစီကို မဖြစ်မနေ ကျင့်သုံးကြရတော့မှာပါ။
အစိုးရက ဖော်ဆောင်တဲ့ နိကာယ်စာမေးပွဲဆိုတာ ရှိတယ်။ ဒါပေမယ့် စာသင်သားတွေ လောကမှာ မတွင်ကျယ်ဘူး။ အဲဒီနိကာယ်စာမေးပွဲမှာ နိကာယ်ငါးရပ်၊ ပိဋကတ်သုံးပုံမူရင်းကျမ်းတွေ ပြဌာန်းထားတာ အနှစ်တွေချည်းပဲ.။ ဒါပေမယ့် သံဃာတွေက အခြေပြုစာမေးပွဲပြီးလို့ မွေးရပ်ဒေသ ပြန်နေချိန်၊ နားနေချိန်မှာ ဖြေရတာမို့ ၀င်ဖြေသူနည်းတယ်။ ဒီစာတွေကမှ ဗုဒ္ဓရဲ့တရားတော်တွေကို ရဟန်းတွေ အကုန်သိနိုင်တဲ့ စာမေးပွဲ။

Voice;
-------
ဒါဆိုရင် ဗုဒ္ဓဘာသာဝင်နိုင်ငံတွေကြားမှာ မြန်မာရဟန်းတော်တွေ နောက်ကျကျန်နေခဲ့တယ်ဆိုတဲ့ သဘောလား၊ မြန်မာနိုင်ငံမှာ ရှိတဲ့ သာသနာ့တက္ကသိုလ်တွေကရော ဒီပညာရပ်တွေ သင်ကြားမပေးနိုင်ဘူးလားဆိုတာ သိချင်ပါတယ်..။

ဆရာတော်
-------
“လက်ရှိအချိန်မှာ သာသနာရေးဦးစီးဌာနက စာရင်းတွေအရ သာသနာ့မှတ်ပုံတင်ကိုင်ထားတဲ့ ရဟန်းသံဃာ ငါးသိန်းနီးပါးရှိတယ်။ ရဟန်းတွေရဲ့ ပညာရေးလောကမှာ နှစ်ဘက်မြင် ထူးချွန်တဲ့သူ အရေအတွက် နည်းနေသေးတယ်။ နိုင်ငံတကာစင်မြင့်တွေပေါ်ကို တက်နိုင်တဲ့ မြန်မာရဟန်းတော်အရေအတွက်ဟာ လက်ချိုးရေလို့ ရနေသေးတယ်။ အကြောင်းကတော့ မြန်မာနိုင်ငံမှာ ရဟန်းတော်တွေအတွက် ဖွင့်ထားတဲ့ တက္ကသိုလ်ကျောင်းနည်းလို့ပဲ။ ရန်ကုန်နဲ့ မန္တလေးမှာ သာသနာ့တက္ကသိုလ်ကြီးနှစ်ခုနဲ့ အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကျောင်းကြီးတွေ၊ သီတဂူဆရာတော်ရဲ့ သီတဂူုကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးတွေရှိပေမယ့် အဲဒီမှာ ပညာသင်ခွင့်ရတဲ့ ရဟန်ုးအရေအတွက်က နည်းလွန်းနေပါသေးတယ်။ ၀င်ခွင့်ဖြေဆိုတဲ့ ရဟန်းတွေ ရှစ်ရာ၊တစ်ထောင်နီးပါးရှိပေမယ့် တက်ခွင့်ရတာက ၇၀ ကျော် ပဲရှိတာ။အပြည်ပြည်ဆိုင်ရာ ထေရတက္ကသိုလ်ဆိုလည်း ဆယ်ပါးလောက်ပဲ ရှိတာဆိုတော့ တက္ကသိုလ်ပညာရေးဆိုတာကို မြည်းစမ်းချင်တဲ့ ရဟန်းတော်တွေများစွာ နိုင်ငံခြားတိုင်းပြည်တွေ ထွက်ကြရတယ်

Voice;
-----
“ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကရော ဘာကြောင့်လဲဆိုတာ သိချင်ပါတယ်ဆရာတော်”

ဆရာတော်
-------
“ရိုးရာစာမေးတွေကလည်း ခေတ်ပညာသင်ဖို့ အချိန်မရနိုင်လောက်အောင် ခက်ခဲတဲ့ပညာပြမေးခွန်းတွေနဲ့ ပိတ်ဆို့ထားတယ်လို့ ရဟန်းငယ်တွေစိတ်ထဲမှာ ခံစားချက်ကိုယ်စီရှိကြတယ်။ ဓမ္မာစရိယအဆင့်မှာ ရဟန်းတွေ ကျမ်းရင်းသုံးခုနဲ့တင် အဆုံးသတ်နေတယ်။ အဲဒါကလဲ စာမေးပွဲမှာ ၀ါကျလေး တစ်ခုနှစ်ခုကို ခက်အောင်မေးလို့ဖြစ်နေတာ။ ရဝေနွယ် (အင်းမ) ရေးတဲ့စာအုပ်တွေမှာ အတ္ထုပတ္တိအကျဉ်းလေးလေး ဖတ်ဖူးမယ်ထင်တယ်။ ဓမ္မာစရိယတန်းကို ၁၀ နှစ်ကြာ ဖြေဆိုခဲ့ရသည် လို့ ရေးထားတာ တွေ့ရတယ်။ ခေတ်ရဲ့ စာမေးပွဲကို သရော်ထားတယ်လို့ ထင်တယ်။ သူများနိုင်ငံက ဘုန်းတော်ကြီးကျောင်းတွေမှာ နှစ်မကြာပဲ ပါဠိသင်နိုင်တာတွေ့ရတယ်။ ဒါမျိုးကိုယ့်နိုင်ငံမှာ သင်ကြားပေးရမယ်။



Voice ;
------
“အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။ ရှင်ငယ်ရဟန်းငယ်တွေရဲ့ ပညာရေးစနစ်နဲ့ ပတ်သက်ပြီး မိန့်ကြားချင်တာ ရှိရင်လည်း မိန့်ကြားနိုင်ပါတယ်။”


ဆရာတော်
--------
“ပညာရေးစနစ်ကြီးတစ်ခုလုံးပြင်ဖို့ ဆိုရင်တော့ စာချနေတဲ့ ပညာရှင်တွေ စုဝေးပြီး စာချဆရာတော်များညီလာခံလို ကျင်းပပြီး ပြင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ..။ ခုကတော့ အဲဒီလို စုဝေးပြီးမပြင်နိုင်ခင် မြင်သလောက် လုပ်ကြည့်တာပဲ..။ ပညာစုံရင် အလုပ်အကိုင်အခွင့်အလမ်း ရမယ်ဆိုတာက သံဃာတွေ ရဟနုးဘ၀နဲ့ နေရင်မလိုပေမယ့် လူ့ဘ၀နဲ့ နေထိုင်မယ်ဆိုရင် အခြားသူတွေလို အလုပ်အကိုင် ကောင်းတွေရနိုင်မယ်လို့ ဆိုလိုတာပါ.။
ပြဌာန်းထားတဲ့စာတွေက အစိုးရစာမေးပွဲနဲ့ ချိတ်ဆက်ထားမယ်။ ဒါတွေကို အခြေခံတန်းမှာကတည်းက သင်ပေးနိုင်ရင် သူတို့သိသင့်သလောက် သိသွားမယ်။ သင်္ချာလဲ ဒီလိုပဲ။ သိပ္ပံပညာလိုက်စားချင်ရင် ဒါတွေသိရမယ်။ ကမ္ဘာသုံးစကားတတ်ရမယ်။ ဒါတွေကို အတန်းတွေမှာ ခွဲထည့်မယ်။
စီစဉ်ထားတဲ့ အခြေခံတန်းတွေ ပြီးတာနဲ့ ဓမ္မာစရိယ၊ သို့မဟုတ် တက္ကသိုလ်တစ်ခုခုမှာ တက်ပြီး ၀ိဇ္ဇာသိပ္ပံဘွဲ့တွေ တက်ရောက်ယူနိုင်မယ့် အခွင့်အလမ်းရအောင် လုပ်ပေးချင်တာပါပဲ..။ တကယ်တော့ ဒီအတွေးတွေက အသစ်တော့မဟုတ်ပါဘူး၊ အရှင်အာဒိစ္စ၀ံသတို့ အရှင်ဇနကာဘိဝံသတို့ အာပေါက်အောင် မိန့်တော်မူခဲ့ကြပြီးပါပြီ။”

အောင်အောင်ထွန်း
(The Voice Daily)
====================================
ဖြည့်စွက်ချက်
---------

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာမြန်မာလူငယ်မောင်မယ်များအတွက်
ဓမ္မအသိဖြန့်ဝေရန် အမှန်တကယ်လိုအပ်နေသည်မှာ မှန်သော်လည်း ထိုလူငယ်များထက် အရေးတကြီးလေ့ကျင့်ပျိုးထောင်ပေးရမည်မှာ ရဟန်းငယ်ရှင်ငယ်များဖြစ်နေကြသည်ကို ထင်ထင်ရှားရှားတွေ့မြင်နေရပြီဖြစ်ပါသည်။

ဒီမိုကရေစီခေတ်ပြောင်း မြန်မာနိုင်ငံ၏ အနာဂတ်သာသနာကို ဦးဆောင်ဦးရွက်ပြုတော်မူကြမည့် ထိုသာသနာ့အညွန့် အညှောက်ရှင်ငယ်ရဟန်းငယ်များလောကအရေး၊ဓမ္မအရေး အတွေးအမြင်ကျယ်လာစေရန်
ဤဓမ္မဂင်္ဂါဗုဒ္ဓဘာသာကောလိပ်က ပထမဦးစားပေးပါမည်။

ဒုတိယဦးစားပေးအနေဖြင့် အနာဂတ်နိုင်ငံ့အရေးကို ခေါင်းဆောင်ကြမည့် မျိုးဆက်သစ်လူငယ်မောင်မယ်များ၏ နှလုံးသားတွင် ဓမ္မအသိတရားပန္နက်ချပေးရန် ဦးတည်ချက်ထားပါမည်။

တတိယဦးစားပေးအနေဖြင့် အသက်အရွယ်ကန့်သတ်ချက်မရှိ၊ လူမျိုးဘာသာမရွေး၊ ဗုဒ္ဓ၏ တရားဓမ္မအနှစ်သာရနှင့် ၀ိပဿနာ စိတ်ဝင်စားသူများအတွက် ပိဋကတ်တော်သင်တန်းများ၊ ရိပ်သာစခန်းများလည်း စီစဉ်ပေးပါမည်။
===============

ဓမ္မဂင်္ဂါဗုဒ္ဓဘာသာပါဠိကောလိပ်
Dhammaganga Buddhist Pali College
အနော်ရထာလမ်း၊ ရွှေလင်ပန်းစက်မှုဇုံ၊ လှိုင်သာယာ၊ ရန်ကုန်
ဖုန်း ၀၉ ၃၁၄၇၈၆၈၄
-------------------------------------
ရှယ်ခြင်းဖြင့် ပညာအလင်းကူးကြစေသတည်း...။

08 October, 2013

စတုတ္ထမြောက်စာအုပ် မိဂဒါဝုန်ဂျန်းရှင်း

စတုတ္ထမြောက်စာအုပ် မိဂဒါဝုန်ဂျန်းရှင်း
======================
ပရုဖတ်ပြီးသော စာမူများကို နေရီရီစာအုပ်တိုက်ကို အပ်လိုက်ပြီ။
ဒီစာမူတွေ ဖတ်ရမယ်..။
၁)ဟုပေယျလွဲချော်မှု
၂)သမာနတ္တတာစီးဆင်းမှု
၃)မိဂဒါဝုန်ဂျန်းရှင်း
၎)ဧဟိသွာဂတံ ဆိုင်းဘုတ်လေးတွေဆီ
၅)ဗြဟ္မဒဏ် (သို့မဟုတ်) ဗုဒ္ဓခေတ်ဆန်ခ်ရှင်း
၆)နေက္ခမ္မလရောင်...
၇)မျိုးကြီး၊ဗာရာဏသီသတို့သားနှင့် သူစိမ်းတစ်ယောက်
၈)ဂလိုဘယ်အသုံးချအဘိဓမ္မာ
၉)ရာဇဂြိုဟ်သူဌေး၏ ပုရပိုဒ်မှတ်တမ်း
၁၀)ဗုဒ္ဓခေတ်အွန်လိုင်းပေးစာတစ်စောင်
 
 
အောက်တိုဘာလ ဒုတိယပတ်မှာ ထွက်မယ်လို့ သတင်းရထားပါတယ်..။ 

24 June, 2013

ထမင်းစောင့်ဥပဒေ

ထမင်းစောင့်ဥပဒေ
==========
ဘုန်းဘုန်း...
သမီးတို့အတွက် ထမင်းစောင့်ဥပဒေလေး စီစဉ်ပေးနိုင်ရင်တော့ အမျိုးစောင့်ဖို့ ရဲရဲကြီးအာမခံပါတယ် ဆိုပဲ..။
ဘုန်းဘုန်း အမျိုးချစ်သလို
သမီးတို့လည်း ချစ်တာပါပဲ...။
ထမင်းက နပ်မမှန်...
အနေက ဆင်းရဲ
ပညာက မတတ်တော့ တောင့်မခံနိုင်ကြတာတွေက များပါတယ်..ဘုန်းဘုန်းရယ်...။
အားအားယားယားဆိုတာတွေက (တကယ့်ကို) နည်းပါတယ်...။
ထမင်းနပ်မှန်အောင် ကြွေးနိုင်တဲ့
ပညာတတ်အောင် သင်ပေးနိုင်တဲ့
လူမှုဘ၀လုံခြုံမှုပေးနိုင်တဲ့ အစိုးရတစ်ရပ်ပေါ်လာအောင်
ထမင်းစောင့်ဥပဒေရေးဆွဲနိုင်ဖို့လည်း စောင့်ရှောက်တော်မူကြပါဦး..တဲ့..။
(ဒီရက်ပိုင်းကြားရတဲ့ အတွေးပွားစေသော စကား...)..
(၂၇-၆-၂၀၁၃ အင်းစိန်သံဃာ့ညီလာခံကြီးကို ကြိုဆိုဂုဏ်ပြုလိုက်ပါသည်..။)

10 April, 2012

ဓမ္မဂင်္ဂါကျောက်သင်ပုန်း

ဒီနှစ်လလောက်အတွင်းမှာ ပီအိတ်ခ်ျဒီကျမ်းအတွက် ပြေးလွှားနေရတဲ့အတွက် စာမရေးနိုင်ခဲ့ဘူး။
မနေ့ကတော့ အပြီးသတ် ကျမ်းတင်ပြီးသွားပါပြီ။ စာတွေလည်း ဆက်ပြီးရေးနိုင်တော့မယ်ထင်ပါတယ်။
ဒါပေမယ့် နွေရာသီကျောင်းပိတ်ရက်ကလည်း နီးလာပြီ။ ရွှေပြည်ကြီးကိုလည်း ပြန်ဖြစ်ဦးမှာမို့ ခပ်ကြဲကြဲပဲ စာရေးနိုင်မှာပါ..။
အားလုံးကို ကျေးဇူးတင်ပါတယ်။

ဓမ္မဂင်္ဂါ
၁၁-၀၄-၂၀၁၂

16 February, 2012

ကြားဖြတ်

ဇန်န၀ါရီလ(၁၃) ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဒကာမင်းကိုနိုင်နှင့်တကွ နိုင်ငံရေးအကျဉ်းသားပေါင်းများစွာ လွတ်မြောက်လာသည့် အတွက် ရွှေပြည်ကြီး၏ ပြည်သူများနှင့် အတူ သူလည်း ကြည်နူးခဲ့ရသည်။

သို့အတွက် ၀ိမုတ္တိခြင်တစ်ကောင်ဆောင်းပါးကို ဇန်န၀ါရီလ(၁၄) ရက်နေ့မှာပင် သူ ရေးဖြစ်ခဲ့ပါသည်။ အမှန်တကယ် သူရေးချင်သည်က လွတ်မြောက်မှုဝိမုတ္တိရသကို ခံစားခွင့် ရသွားခဲ့ဖူးသော ခြင်လေးတစ်ကောင်အကြောင်းဖြစ်ပါသည်။ သို့သော် မထင်မှတ်ဘဲ ဆူးလှည်းကြီးများနှင့် ငြိကာ သူ့ခြင်လေးသည် ရက်ပေါင်းများစွာ ဇာတ်မျောသွားခဲ့ရလေသည်။ ခြင်တစ်ကောင်၏ သက်တမ်းမကုန်မီ သူ အပြီးသတ်နိုင်အောင် ကြိုးစားရပေမည်။

အမှန်တကယ်တော့ (၈၈ ) ခုနှစ်နောက်ပိုင်း ရွှေပြည်ကြီး၏ ပုံရိပ်ပျက်လမ်းကြောင်းပေါ်က သာသနာရေးကို ထိုးဆွမိခဲ့ခြင်းဖြစ်ပါသည်။ ထိုးဆွမိသော သာသနာရေးဆိုင်ရာ အမှိုက်ပုံများကို မဆုံးနိုင်သော တစ်ထောင့် တစ်ညပုံပြင်သဖွယ် ရေးခြယ်နေမိစဉ်မှာပင် (၃၈)နှစ်မြောက် မွေးနေ့က ကျရောက်လာခဲ့ပြန်ပါသည်။ မွေးနေ့ကုသိုလ်အတွက် ပြင်ဆင်းရင်း ဘလော့ဂ်စာမျက်နှာနှင့် ခပ်ခွာခွာဖြစ်သွားခဲ့သည်။ မွေးနေ့ပြီးသွားသည့်နောက်ပိုင်းရက်များတွင်လည်း ဗာရာဏသီဆောင်း၏ အအေးလှိုင်းများက သူ့ရင်ဘတ်ပေါ် တက်နင်းကြပြန်သည်။

ရွှေပြည်ကြီးမှာတော့ နှာရည်ယိုရွှဲ တပိုတွဲကာလဖြစ်သည်။ သူက ကွန်ပြူတာကီးဘုတ်လက်ကွက်များဆီ စိတ်ညွတ်မိသေးသော်လည်း ကာသိတိုင်းဖြစ် အင်တာနက်ဆက်ကြောင်းများက ရွှေပြည်ကြီး၏ အင်တာနှေးနှင့် အပြိုင်ဖြစ်နေခဲ့ပြန်သည်။ သို့နှင့် ခန္တီပါရမီ၏ အဓိပ္ပါယ်ကို စိတ်မသက်သာစွာပင် လက်ခံကျင့်သုံးရင်း ၀ိမုတ္တိခြင်တစ်ကောင်၏ ရုပ်လုံးကို မဖော်နိုင်အောင် ဖြစ်နေရတော့သည်။

သို့သော် သူ့ကလောင်ဖျားတွင် ကပ်ငြိနေသော ဆူးလှည်းကြီးကို အခြားသောရဟန်းတော်အချို့နှင့် လူပုဂ္ဂိုလ်ဘလော့ဂါများက ၀ိုင်းဝန်းဆွဲယူကာ တို့ထိဆွေးနွေးတင်ပြနေကြသည့်အတွက် သူ တာဝန်ပေါ့သွားသည်။ ထိုဘလော့ဂါအရှင်များ၊ ဘလော့ဂါဒကာတော်များ၏ ပစ္စက္ခသာသနာရေး ရှုထောင့်များက သူဆွေးနွေးဖွယ်မလိုအောင် ပြည့်စုံနေပြီဟု ယူဆမိပါသည်။

ရွှေဥမင်ဆရာတော်၏ ၀ိနည်းနိဿယငါးကျမ်းကို တွေ့မြင်ပြီးနောက် မိမိ၏ နိဿယကျမ်းစာများကို မီးပူဇော်ပစ်လိုက်သော တောင်ဖီလာဆရာတော်၏ ထုံးကို နှလုံးမူရပေတော့မည်။ ဘာသာရပ်တူမှတော့ (၂) မူဖြစ်ဖွယ်မလိုတော့ပြီ။

ဝိမုတ္တိခြင်တစ်ကောင်ကို သူ အဆုံးသတ်နိုင်တော့မည် ဖြစ်ကြောင်း ကြားဖြတ်အသိပေးအပ်ပါသည်။

ဓမ္မဂင်္ဂါ
(၁၇-၀၂-၂၀၁၂)

25 November, 2011

စင်ကာပူမင်္ဂလ၀ိဟာရနှင့် အဘိဓမ္မာအသင်းကြီးသိစေရန်

သို့

မင်္ဂလ၀ိဟာရနှင့် အဘိဓမ္မာအသင်းကြီး
စင်ကာပူ

ရက်စွဲ ၂၀၀၁၊နိုဝင်ဘာလ(၂၆)

အကြောင်းအရာ၊ အိန္ဒိယနိုင်ငံ၊ဗာရာဏသီမြို့၊ ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်၊ ပါဠိဘာသာဌာနတွင် ပထမဆုံးပိဋကတ်တိုက်တည်ထောင်ရန် ခွင့်ပြုချက်ရကြောင်း အသိပေးခြင်း

၁။ ယနေ့နံနက် ၁၀း၀၀ နာရီတွင် အိန္ဒိယနိုင်ငံ၊ဗာရာဏသီမြို့၊ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်၊ တက္ကသိုလ်ဒုတိယအဓိပတိ(ပါမောက္ခချုပ်)ဒေါက်တာ ဂေရှေ င၀န်ဆန်တင်နှင့် တွေ့ဆုံကာ မင်္ဂလ၀ိဟာရမှ ထုတ်ဝေဓမ္မဒါနပြုသော

(၁)လယ်တီဆရာတော်ဘုရားကြီး၏ ဒီပနီပေါင်းချုပ်(အင်္ဂလိပ်မူ)
(၂)မဟာစည်ဆရာတော်ဘုရားကြီး၏ သမထ၀ိပဿနာ( အင်္ဂလိပ်မူ)နှင့်
(၁)မင်းကွန်းဆရာတော်ဘုရားကြီး၏ မဟာဗုဒ္ဓ၀င်(အင်္ဂလိပ်မူ)တို့ကို လှူဒါန်းခဲ့ရာ တက္ကသိုလ်အဓိပတိကြီးက ၀မ်းမြောက်စွာ လက်ခံရယူခဲ့ပါသည်။

၂။ ထို့နောက် စင်ကာပူမင်္ဂလ၀ိဟာရနှင့် အဘိဓမ္မာအသင်းကြီးတို့ ပူးတွဲလှူဒါန်းသော ထေရ၀ါဒပိဋကတ်စာတော်မူ ပါဠိတော်၊အဋ္ဌကထာနှင့် ဋီကာကျမ်းစာများကို (တက္ကသိုလ်စာကြည့်တိုက်အတွက် ယမန်နှစ်က လှူဒါန်းခဲ့ပြီးဖြစ်၍) ပါဠိဘာသာဌာနအတွက် သီးခြားလှူဒါန်းကာ ပိဋကတ်တိုက်အဖြစ် တည်ထောင်လိုပါကြောင်း ဆွေးနွေးတင်ပြရာ တက္ကသိုလ်အဓိပတိကြီးက ပိဋကတ်တော်များထားရှိရန် နေရာစီစဉ်ပေးမည်ဖြစ်ကြောင်းနှင့် တိဘက်ပါဠိစာသင်သားများအနေဖြင့် ပါဠိပိဋကတ်တော်များကို တိဘက်ဘာသာသို့ပြန်ဆိုရာတွင် များစွာအထောက်အကူရရှိမည်ဖြစ်ကြောင်းလည်း ပြောဆိုကာ အတည်ပြုလက်ခံခဲ့ပါသည်။

၃။ သို့ဖြစ်ရာ စင်ကာပူမင်္ဂလ၀ိဟာရနှင့် အဘိဓမ္မာအသင်းကြီးအနေဖြင့် ၂၀၁၂ ခုနှစ် ဇန်န၀ါလဆန်းပိုင်းတွင် ဖွင့်လှစ်နိုင်မည့် ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်၊ ပါဠိဘာသာဌာနပိဋကတ်တိုက်အလှူတော်အတွက် ၀မ်းမြောက်အနုမောဒနာပြုနိုင်ရန် အသိပေးအပ်ပါသည်။

အရှင်ဝိစိတ္တသာရ
ဧည့်ပါမောက္ခ
ပါဠိဘာသာဌာန
ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်
ဗာရာဏသီမြို၊အိန္ဒိယနိုင်ငံ


27 October, 2011

စင်ကာပူမှာ ဖွင့်မယ့် ပဋ္ဌာန်းဒေသနာတော်သင်တန်းများ

ရည်ရွယ်ချက်
(၁) အဘိဓမ္မာအသင်းသား မဖြစ်သေးသူများလည်း ရွတ်ဖတ်ပူဇော်မှုအခွင့်အရေး
ရရှိစေရန်။
(၂) စနစ်တကျရွတ်ဖတ်တတ်စေရန်။
(၃) လူတွေရွတ်လို့ အသံထွက်မှန်ပါ့မလားဟူသော သံသယပါးလျစေရန်။ ပျောက်ဆုံးစေရန်။

သင်တန်းသား ~ ဤသင်တန်းကိုတက်ရောက်သူသည် ပစ္စယနိဒ္ဒေသကို အတန်အသင့် ချောချောမောမော ရွတ်ဖတ်နိုင်သူ ဖြစ်ရမည်။

သင်ကြားပုံ ~ ပဋ္ဌာန်းကျမ်းငါးကျမ်းမှ ခက်ခဲရှည်လျား၍ ရွတ်ဖတ်ရ ခက်ခဲသောပါဠိပုဒ်များကို သီးသန့် ထုတ်နုတ်ပြီး နှုတ်တိုက်ပို့ ချပေးမည်။ ပဋ္ဌာန်းဒေသနာသည် စက်လည်၍ ဟောသည့် ဒေသနာဖြစ်သဖြင့် အတူများသည်။

ပို့ ချမည့်သူ ~ ဆရာတော်ဦးသုနန္ဒာလင်္ကာရ နှင့် မင်္ဂလဝိဟာရဆရာတော်များ ။

အချိန် ~ ညနေ ၃:၀၀ နာရီမှ ၄:၃၀ နာရီ ။
နေ့ ရက် ~ နိုဝင်ဘာ(၆)ရက်မှ ဒီဇင်ဘာ(၂၅) ရက်နေ့ အထိ
(အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း)။
နေရာ ~ မင်္ဂလ ဝိဟာရကျောင်း ၊30 Jalan Eunos, Singapore 419495
လမ်းညွှန်မြေပုံ
http://www.streetdirectory.com/asia_travel/travel/travel_id_5380/travel_site_56487/

ဆက်သွယ်ရန်
၁။ ဒေါက်တာအရှင်အာစာရ ၊ ☏ ၉၆၄၀ ၉၃၄၄ ၊ ✉ven.acara@gmail.com
၂။ ဦးမြင့်သိန်း ၊ ☏ ၈၁၅၉ ၃၉၈၉ ၊ ✉mtheingeo@gmail.com
၃။ ဦးဇော်မျိုးမင်း ၊ ☏ ၈၂၆၁ ၉၅၈၁ ၊ ✉zawmyomin09@gmail.com
၎။ ဒေါ်ဆုရည်မွန် ၊ ☏ ၉၀၆၆ ၂၄၀၇ ၊ ✉sarsanamyoset@gmail.com

အထူးမှတ်ချက် ☞ ၂၀၁၂ ဇန်နဝါရီလ မင်္ဂလဝိဟာရကျောင်းတွင် ကျင်းပပြုလုပ်မည့် လူပုဂ္ဂိုလ်များ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကြီး အတွက် အရည် အချင်းပြည့်မီသူများကို ဤသင်တန်းအပေါ် အခြေခံပြီး ရွေးချယ်သွားမည်ဟု သိရပါသည်။

21 June, 2011

စင်ကာပူနိုင်ငံတကာပါဠိဘာသာစကားသင်တန်း(update)

နွေရာသီ ဗာရာဏသီဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်တံခါးချပ်တွေ ပိတ်ထားတုန်း အမေ့အိမ်က အပြန် စင်ကာပူမှာ ဓမ္မဒါနပြုဖြစ်မယ့် သင်တန်းပါ..။ စိတ်ဝင်စားရင် ဒီမှာ ကလစ်ခ်ဖို့ပါ

08 May, 2011

ဂလိုဘယ်လ်အသုံးချအဘိဓမ္မာ

(၁)
မာတရံ ပမုခံ ကတွာ၊ တဿ ပညာယ တေဇသာ။
အဘိဓမ္မာကထာ မဂ္ဂံ၊ ဒေ၀ါနံ သမ္ပ၀တ္တယိ။
(အရှင်မဟာဗုဒ္ဓဃောသ)
ငယ်စဉ်ကိုရင်လေးဘ၀က ဆရာဘုန်းကြီး၏ ရှေ့မှောက်တွင် နှပ်တရှုံ့ရှုံ့ဖြင့် ရွတ်အံခဲ့ရသော ဂါထာလေးကို ပြန်လည်တိုးတိုးရွတ်မိသည်..။ အဘိဓမ္မာသမိုင်းကျဉ်းကို ဂါထာလေးတစ်ဂါထာဖြင့် အဋ္ဌကထာကျမ်းပြုဆရာက လက်စွမ်းပြရေးဖွဲ့ထားခြင်းဖြစ်သည်။
'' မိခင်ကို အမှူးပြု၍ (ဗုဒ္ဓအရှင်၏ ) ပညာတန်ခိုးဖြင့် အဘိဓမ္မာကထာဟူသော လမ်းကို နတ်တို့အတွက် ကောင်းစွာ ဖြစ်စေလေပြီ'' တဲ့။
အခြေပြုမူလတန်းဝင်ရောက်ဖြေဆိုကြမည့် ရှင်ငယ်ရဟန်းငယ်တို့အတွက် ပြဌာန်းထားသော ကျမ်းစာသည် အဘိဓမ္မာဒေသနာတော်၏ အဦးအစဖြစ်သော ဓမ္မသင်္ဂဏီ ကျမ်းမြတ် ဘာသာပြန်စကားပြေနှင့် အရကောက်ကျမ်းကြီးဖြစ်နေသည်။

အဘိဓမ္မာစကားပြေ အရကောက်ကျမ်းများကို ညအခါတွင် မီးအမှောင်ချကာ ရွတ်ဖတ်သရဇ္ဈာယ်ရသည့်အတွက် ပရိယတ္တိနယ်ပယ်တွင် ည၀ါကျမ်းများဟု အသိများသည်။ ညပိုင်းအမှောင်ထဲ ရွတ်ဖတ်ရသည်ဆိုသော်လည်း ချောင်ခို၍ မရပါ။ သတိရှိ၍ အကင်းပါးလှသော ဆရာဘုန်းတော်ကြီး၏ နားအကြည်ဓါတ်သို့ ရောက်အောင် အသံပေးကြရသည်..။ တခါတရံ အဓိကအဘိဓမ္မာစာသားများကို အတိအကျ မမှတ်မိသောအခါ အဘိဓမ္မာည၀ါဖော်မြူလာစာပိုဒ်ကိုတော့ အသံမြှင့်ပြီး အော်ခဲ့ဖူးလေသည်။
''ဟောတော်မူသည်၏ အခြားမဲ့၌ .......ဟောတော်မူ၏။
ဟောဟန်ကား........................ဟူသည်တည်း။
အရကား..................................ဖြစ်သတည်း။''

ကွက်လပ်နေရာတွင် ခပ်ဝါးဝါးလုပ်ပစ်ခြင်းဖြစ်သည်....။

ပထမဆုံးည၀ါကျမ်း၏ အစတွင် မြန်မာစကားပြေ၏ အရှည်လျားဆုံးစာပိုဒ်ဟု မှတ်တမ်းတင်နိုင်သည့် အဘိဓမ္မာသမိုင်းစကားပြေကို သင်ယူကျက်မှတ်ကြရသည်။ ထိုစာပိုဒ်ရှည်ကြီးကို ၍၊လျက်၊ သော်၊ ပြီး၊ စသောစကားဆက်သမ္ဗန္ဓများစွာကို အသုံးပြုကာ ကျမ်းပြုဆရာက လက်စွမ်းပြရေးသားထားသည်။ စဆိုမိလျှင် ဘယ်နေရာမှာ အဆုံးသတ်ရမည်မသိတော့။

'' ဤကမ္ဘာမှ ပြန်၍ ရေသည်ရှိသော် ကမ္ဘာတစ်သိန်းအလွန်ရှိသော လေးသင်္ချေထက်၌ သုမေဓာရှင်ရသေ့ဖြစ်၍ ဒီပင်္ကရာမြတ်စွာဘုရား၏ ခြေတော်ရင်း၌ နိဗ္ဗာန်ဆုကို ယူတော်မူသည်ရှိသော် ရအပ်သောအားအစွမ်းရှိသော ယောက်ျားမြတ်ဖြစ်လျက် ကိုယ်တော်အထီးတည်း နိဗ္ဗာန်ဆုကို ယူသဖြင့် ဘယ်အကျိုးအံ့နည်း ဝေနေယျသတ္တ၀ါ အပေါင်းတို့ကို သံသရာတည်းဟူသောရေအလျဉ်မှ ထုတ်၍ နိဗ္ဗာန်တည်းဟူသော ကျည်းကုန်းထက်သို့ တင်အံ့ဟု ကာမောဃ ဘဝေါဃ ဒိဋ္ဌောဃ အ၀ိဇ္ဇောဃ သြဃလေးဖြာ သံသရာ၌ နစ်မွန်းမျောပါကြကုန်သော သတ္တ၀ါအပေါင်းတို့ကို သနားကြင်နာတော်မူလှသည်ဖြစ်၍........''

အဘိဓမ္မာည၀ါဆရာ၏ ရှည်လျားထွေပြားသည့်တိုင် ဖတ်မငြီးသော အဘိဓမ္မာသမိုင်းဟု ဆိုရမည့် မဟာနိဒါန်းကြီးကို ဆိုကြည့်မိတော့ ခပ်ရေးရေးမျှ....။ အတိအကျလည်း မရတော့ပြီ။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ့်ခြောက်နှစ်ကျော်က ရှေးဟောင်းကျောင်းအိုကြီး၏ ကြမ်းပြင်ပေါ်တွင် ကျုံ့ကျုံ့လေးထိုင်လျက် နှုတ်တက်ရွရွ ဆောင်ခဲ့ဖူးသော စာ...မေ့လောက်ပြီပေါ့..။ သို့သော် စွဲကျန်ရစ်ခဲ့သော ဝေါဟာရများစွာ ရှိသည်။ သုမေဓာရှင်ရသေ့၊ ဒီပင်္ကရာဘုရား၊ ပါရမီဆယ်ပါး၊ စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါး၊ မယ်တော်မိနတ်သား၊ ကျေးဇူးဆပ်ခြင်း၊ တာဝတိံသာစသည်...။

အဓိကစွဲထင်နေအောင် ကျက်မှတ်ရသည်က....
ကုသလာဓမ္မာ(ကုသိုလ်ဖြစ်သော တရားအစု)
အကုသလာဓမ္မာ(အကုသိုလ်ဖြစ်သော တရားအစု)
အဗျာကတာဓမ္မာ(ကုသိုလ်အကုသိုလ်မဟုတ်သော တရားအစု)

ဤသည်ပင် ဘ၀အတွက် အရေးပါလှသော အဘိဓမ္မာဟု မသိခဲ့။ ပုလုကွေးကိုရင်လေးတစ်ပါး၏ အဇ္ဈတ္တမှတ်သိစိတ်တွင် ပါဠိပထမပြန်စာမေပွဲအတွက် ဆယ်မှတ်တန်မေးခွန်းများ၏ အဖြေအဖြစ်မှတပါး အခြားတန်ဖိုးကို မမြင်ခဲ့..။ အရွတ်အဖတ်အဘိဓမ္မာမျှသာ.....။



(၂)
အဘိဓမ္မတ္ထသင်္ဂဟေ၊ သဂြိုဟ်ကို ၀ိုက်သိုင်းလို့၊ ကိုးပိုင်းလုံး မွှေခဲ့မည်၊ စေ့ရေ မူလ၊ ပညာရှိ ငါဟဲ့နော်လို့၊ အာဘော်ကို ပြပြီးလျှင်၊မာနဖိစီး၊ မနှီးမနှော၊ တစ်ယောက်နှင့် တစ်ယောက်၊ အာပေါက်အောင်ပြောကြ၊ သောမနဿသဟဂုတ်၊ လဘက်က သုံးလေးလုပ်၊ ဒိဋ္ဌိဂတ သမ္ပယုတ်၊ ကြက်သွန်ကြော်များများနှင့်၊ ဗိုက်ကားအောင် တုတ်ပြီးလျှင်....။
(ဦးပုည)

မြန်မာနိုင်ငံ၏ ပရိယတ္တိပညာရေးသင်ရိုးညွှန်းတန်းတွင် အဘိဓမ္မာကျမ်းများကို ဦးစားပေးပြဌာန်းထားသည်။
အခြေပြုမူလတန်းတွင် ဓမ္မသင်္ဂဏီကျမ်းစကားပြေနှင့်အရကောက်ကျမ်း
ပထမငယ်တန်းတွင် ဓာတုကထာကျမ်းစကားပြေနှင့်အရကောက်ကျမ်း
ပထမလတ်တန်းတွင် ယမကကျမ်းစကားပြေနှင့် အရကောက်ကျမ်းနှင့်
ပထမကြီးတန်းတွင် ပဋ္ဌာန်းကျမ်းစကားပြေနှင့် အရကောက်ကျမ်း..

ပထမကြီတန်းအောင်မြင်ပြီးသော ရှင်ငယ်ရဟန်းငယ်တစ်ပါးအနေဖြင့် အဘိဓမ္မာကျမ်းကြီး (၄)ကျမ်းကို သင်ယူတတ်မြောက်ပြီးဖြစ်နေသည်။ အတန်းတိုင်းတွင်လည်း ရှင်အနုရုဒ္ဓါ၏ သင်္ဂြီုဟ်ဟု ထင်ရှားသည့် အဘိဓမ္မာအကျဉ်း (အဘိဓမ္မတ္ထသင်္ဂဟကျမ်း)ကို သင်ယူကြရသည့်အတွက် မြန်မာနိုင်ငံ၏ အဘိဓမ္မာပညာရေး သည် အခြားသော ထေရ၀ါဒနိုင်ငံများထက် ပြည့်စုံမြင့်မားမှုရှိသည်ဟု ဆိုနိုင်သည်။ ဓမ္မာစရိယစာချတန်း ရောက်သည့်အခါတွင်မူ သုတ္တန်နှင့် အဘိဓမ္မာကို ဆက်စပ်သင်ယူကြရပြန်သည်။

ဗုဒ္ဓအရှင်ဟောကြားသည့် ပိဋကတ်သင်နည်းသုံးမျိုးတွင် အလဂဒ္ဒူပမာစာသင်နည်းဖြင့် အဘိဓမ္မာကို ချဉ်းကပ်မိလျှင် အဘိဓမ္မာအသိလေးကြွယ်လာသည်နှင့် အမျှ စကားလုံးများ၏ အရိပ်အယောင်ကလည်း ထွားကျိုင်း ၀င့်ဝါလာတတ်သည်။ ပညာပြိုင်ဆိုင်သည့်သဘောဖြင့် ပိဋကတ်ချင်း နှောကြ၊ စကားချင်းသောကြသည်။ သူသည်လည်း ထိုသို့သော စကားဝိုင်းမျိုးတွင် ၀င်ထိုင်ခဲ့ဖူးသည်။ ၀င်ငြင်းခုန်ခဲ့ဖူးသည်။ နောက်ဆုံးကောက်ချက်ချတော့ လူမုန်းသာအဖတ်တင်ခဲ့၏။ အလဂဒ္ဒူပမာစာသင်နည်း၏ အပြစ်ကို သူ မကြာခဏသိရှိဆင်ခြင်ဖူးပါသည်။ ထိုသို့ဆင်ခြင်မိသည့်ကြားမှပင် သူက မြွေဖမ်းချင်နေသည်။

အလဂဒ္ဒူပမာစာသင်နည်းဆိုသည်က အလမ္ပါယ်ဆရာတစ်ယောက်က မြွေဖမ်းသလို ပြောဖို့နှင့် ပြဖို့အတွက် သင်ယူခြင်းမျိုးဖြစ်သည်။ မကျွမ်းကျင်သော အလမ္ပါယ်ဆရာသည် မြွေကိုက်၍ သေတတ်သကဲ့သို့ ပရိယတ်တရားကိုလည်း သူတပါးတို့ အယူဝါဒကို ပြစ်တင်ရှုံ့ချရန်၊ ပြိုင်ဆိုင်ကဲ့ရဲ့ရန်၊သူတပါးတို့ မိမိအယူဝါဒကို ပြစ်တင်လာသော် ဖယ်ရှောင်ရှား၍ ချေပနိုင်ရန်၊ ကျော်စော ထင်ရှား၍ လာစေရန်၊ လာဘ်လာဘပေါများ စေရန်၊ ရည်ရွယ်လျက် သင်ယူလျှင် စိတ်ထား မကောင်းခြင်းကြောင့် အပါယ်ငရဲကျကာ ဆင်းရဲဒုက္ခ ရောက်တတ်လေသည်။

ခေတ်အဆက်ဆက် အဘိဓမ္မာစကားဖောင်ဖောင်ပြောတတ်သော လက်ဘက်ရည်ဝိုင်းများရှိခဲ့သည်ကို ဦးပုည၏ ကဗျာတွင် ဖတ်ရသည့်အခါ ပြုံးမဲ့မဲ့ဖြစ်ရသည်။ ''သောမနဿ သဟဂုတ်၊ လက်ဘက်က သုံးလေးလုပ်၊ ဒိဋ္ဌိဂတ သမ္ပယုတ်၊ ကြက်သွန်ကြော်များများနှင့် ဗိုက်ကားအောင် တုတ်ပြီးလျှင်....'' ။ အော် မြွေဖမ်းကြသူတွေပဲ..။ သို့သော် အဘိဓမ္မာတရားဒေသနာကို ပြန့်ပွားစေလို၊ နားလည်သိမြင်လိုစိတ်ဖြင့် ဆွေးနွေးကြသည်ကိုတော့ ကြိုဆိုရပေမည်။ ဤသို့ဖြစ်သည့်တိုင် အပြောအပြအဘိဓမ္မာနယ်ပယ်တွင်သာ ရှိသေးသည်။

(၃)

ယခုခေတ်၏ အဖြစ်အပျက်ကို လေးနက်စွာ စဉ်းစားသောအခါ များစွာသော လူသတ္တ၀ါတို့၌ မေတ္တာ၊ကရုဏာ၊မုဒိတာဟူသော ဗြဟ္မစိုရ်တရားများ ကွယ်ပျောက်၍ သွေ့ခြောက်နေသကဲ့သို့ ထင်ရလေသည်။ ထိုသူတို့၏ ခြောက်သွေ့သွေ့အပူဓါတ်သည် သူတော်ကောင်းတို့၌ပင် အရှိန်ဟတ်သဖြင့် သွေ့ခြောက်လုမတတ် ရှိရလေပြီ။ ထိုအပူဓါတ်ဟူသည်လည်း တစ်ယောက်နှင့် တစ်ယောက်မညှာတာနိုင်အောင် ဖြစ်နေသော လောဘဒေါသမာန်မာနနှင့် ဣဿာမစ္ဆရိယ စသည်တို့ပင်တည်း။
အရှင်ဇနကာဘိဝံသ (ကိုယ်ကျင့်အဘိဓမ္မာ)

အဘိဓမ္မာထွန်းကားရေးဟူသည် ဗြဟ္မစိုရ်တရားထွန်းကားရေးပင် ဖြစ်သည်။ ၀ိပဿနာ ကျင့်ကြံခြင်း ဟူသည်မှာလည်း ဗြဟ္မစိုရ်တရားကို ခိုင်မာမြဲမြံအောင် ပွားများခြင်းသာ ဖြစ်လေသည်။ အရိယာအဖြစ်ကို ရောက်သည်နှင့် အစမ်းသပ်ခံ ဗြဟ္မစိုရ်တရားပိုင်ရှင်ဖြစ်သွားသည်။ ယဉ်ကျေးသော လူ့အဖွဲ့အစည်းဆိုသည်မှာ မတုန်လှုပ် မဖောက်ပြန်သော ဗြဟ္မ၀ိဟာရတရားများ ထွန်းကားရာနယ်ပင်ဖြစ်သည်။

တောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသက ကိုယ်ကျင့်အဘိဓမ္မာကို နိဒါန်းပျိုးရာတွင် ဗြဟ္မ၀ိဟာရ ချို့တဲ့မှု၏ အပြစ်အနာအဆာကို ဦးတည်ဖွင့်ဆိုခဲ့သည်။ လောဘ၊ဒေါသ၊မောဟနှင့် အကုသိုလ်တရားအစုမှန်သမျှ၏ အပူငွေ့ကြောင့် ကမ္ဘာမြေမငြိမ်းချမ်းမှု၊ ရာသီဖောက်ပြန်မှုနှင့် နျူကလီးယားစစ်ပွဲအထိ စိတ်မချရသော အခြေအနေတွင် အဘိဓမ္မာတရားကို သင်ယူရုံမျှမက နေ့စဉ်လက်တွေ့ဘ၀တွင် အသုံးချခြင်းသည် သာ ဗုဒ္ဓအရှင်၏ အလိုတော်ကျဖြစ်လိမ့်မည်။ နိဿရဏစာသင်နည်း၏ ပြီးပြည့်စုံသော ပန်းတိုင်ကို ဆွတ်ခူးနိုင်ပေလိမ့်မည်။

သီလ၊သမာဓိ၊ပညာ၊ ၀ိပဿနာ တရားအမှန်တို့ကို သိရှိတတ်ကျွမ်းကာ မဂ် ဖိုလ် ရယူနိုင်ရန် ကျင့်ကြံ အားထုတ်ရေး ရည်မှန်းချက်ဖြင့် သင်ယူလျက် မြင့်မြတ်သော စိတ်ထားကြောင့် ၀ဋ်ဒုက္ဓမှ ထွက်မြောက်နိုင်ခြင်းသည် နိဿရဏစာသင်နည်းဖြစ်သည်။

အဘိဓမ္မာကို ဗုဒ္ဓနည်းကျ နိဿရဏစာသင်နည်းဖြင့် အမှန်တကယ် သင်ယူတတ်မြောက်ခဲ့ပြီဆိုလျင် ငြိမ်းချမ်းမှုကို လိုလားသည်နှင့် အမျှ ပဋိပက္ခနှင့် ၀ိရောဓိပြဿနာများကို တရားနည်းလမ်းကျစွာ ကျော်လွှား ဖယ်ရှားနိုင်သည့် တန်ဖိုးရှိသောနိုင်ငံသား၊ သို့မဟုတ် ကမ္ဘာသား တစ်ဦး မွေးဖွားလာခြင်းပင်ဖြစ်လိမ့်မည်။

မစိုးရိမ်ဆရာတော်ဘုရားကြီးသည်လည်း အဘိဓမ္မာပြန့်ပွားရေးကို စိတ်အားထက်သန်လှသည်။ မင်းကွန်း တိပိဋကဆရာတော်ကြီးက အစ လမ်းဘေးဂွေလှိမ့်နေသည့် ကလေးများအဆုံး အဘိဓမ္မာကို သင်ပေးလေ့ရှိသည်။ (မင်းကွန်းတိပိဋကဆရာတော်ကြီးက မစိုးရိမ်ဆရာတော်ဘုရားကြီးခြေတော်ရင်းတွင် အဘိဓမ္မာပဋ္ဌာန်းဒေသနာ သင်ယူခဲ့ဖူးသည်။ ) မစိုးရိမ်ဆရာတော်ဘုရားကြီး၏ သင်ပြမှုကြောင့် ကလေးသူငယ်များ အဘိဓမ္မာစကားလုံးများနှင့် ရင်းနှီးလာသည်။ ကလေးသူငယ်များက အဘိဓမ္မာကို နေစဉ်ဘ၀တွင် လက်တွေ့အသုံးချသုံးစွဲ ပြောဆိုသည့်အတွက် လူကြီးသူမများ မျက်နှာပူကြရသည်အထိပင်..။

လူကြီးများ၏ မျက်နှာရိပ်မျက်နှာကဲနှင့် ဟန်ပန်အမူအရာကို အကဲခတ်ကာ အရမ်းကာရော စားနေပြီဆိုလျင် လောဘကြီးနေပြီ၊ စကားများငြင်းခုန်ကြပြီဆိုလျင် ဒေါသကြီးနေပြီ၊ တမေ့တမောအိပ်နေပြီဆိုလျင် မောဟကြီးနေပြီ စသည်ဖြင့် အဘိဓမ္မာဝေဘန်ရေးလုပ်ကြခြင်းဖြစ်သည်..။ ရင်းနှီးသော ဒကာတစ်ယောက်က
'' ဆရာတော် ကလေးတွေကို အဘိဓမ္မာသင်တာတော့ ကောင်းပါရဲ့၊ ဒါပေမယ့် ကလေးတွေက လူကြားထဲ ထထပြောတော့ အခက်သားဘုရား'' ဟု ဆရာတော်ကြီးအား လျှောက်ထားသည့်အခါ ''အေး ကလေးတွေ အပြောမခံချင်ရင် မင်းတို့ကောင်းအောင်နေကြပေါ့ကွ '' ဟု မိန့်သော ဟူ၏။ အော် အသုံးချအဘိဓမ္မာ..။


(၄)
မင်းတို့ရှင်ဘုရင်ကို ပြောလိုက်ကြ..စိတ္တံ၊ စိတ်တဲ့ကွယ်
(ညောင်ကန်ဆရာတော် ဦးဗုဓ်)

ယခုရက်ပိုင်းတွင် သူနေထိုင်လျက်ရှိသော ဗာရာဏသီမြို့ပြသည် နွေရာသီအပူငွေ့ဖြင့် တရိပ်ရိပ် လောင်မြိုက်နေသည်။ သူကတော့ မကြာမီ ရွှေပြည်ကြီးသို့ ပြန်ရလေမည်ဖြစ်၍ မဇ္ဈိမနွေကို မျက်ကွယ်ပြုကာ စီစဉ်ဖွယ်ရှိသည်များကို အပြေးအလွှားစီမံနေခဲ့သည်။ လေယာဉ်လက်မှတ်၊ ခြောက်လတာ မပျက်မကွက်သောက်ရမည့် ဆေး၊ တက္ကသိုလ်ရေးရာများ..စသည်..။

ထိုအချိန်နှင့် တိုက်ဆိုင်စွာ စင်ကာပူနိုင်ငံမှာ ဖွဲ့စည်းတည်ထောင်ထားသည့် အဘိဓမ္မာအသင်းကြီး၏ ပန္နက်တင်မင်္ဂလာပွဲတော်ကို ကဆုန်လပြည့်ဗုဒ္ဓပုဏ္ဏိမာအခါတော်သမယတွင် မြန်မာနိုင်ငံ၊ရွှေတိဂုံ စေတီတော်မြတ်ကြီး၌ သိုက်မြိုက်စွာ ဆင်ယင်ကျင်းပကြမည်..ဟူသော ဓမ္မသတင်းစကားကို ကြားရသည်။ ထိုနေ့မှာပင် အဘိဓမ္မာအသင်းကြီး၏ အင်တာနက်ဝက်ဘ်ဆိုဒ်တစ်ခုကိုလည်း အချိန်ကိုက် ဖွင့်လှစ်ကာ အဘိဓမ္မာသာသနာကို အချိန်နှင့် နေရာ (Time and Space) မှန်သမျှသို့ ရောက်ရှိပြန့်ပွားအောင် လွှတ်တင် သာသနာပြုကြပေလိမ့်မည်။ ဗုဒ္ဓအရှင်၏ အဘိဓမ္မာဟောကြားတော်မူသည့် အသံတော်သည် လည်း စကြာဝဠာနံရံများတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်။

အဘိဓမ္မာအသင်းသူတစ်ဦးဖြစ်သူ မဆုရည်မွန်က သူ့ထံမှ အဘိဓမ္မာအကျဉ်းချုပ်ဆောင်းပါးတစ်ပုဒ် ရလိုပါကြောင်း လျှောက်ထားသည့်အခါ ဤစာစုကို ထရေးဖြစ်သည်။ ယခုရေးနေသော ၀ါကျများသည် အဘိဓမ္မာအကျဉ်းချုပ်ကို ဖော်ပြနိုင်သော စာတမ်းတစ်စောင်မဟုတ်၊ အဘိဓမ္မာဒေသနာကို ဖွင့်ဆိုနိုင်သည့် ဒီပနီ သို့မဟုတ် ဋီကာလည်း မဟုတ်ပေ..။ အဘိဓမ္မာအသင်းကြီးကို ဂုဏ်ပြုလိုသည့်အတွက် စိတ်နှလုံးကို ဖွင့်ချရာမှ ထွက်ကျလာသော စကားလုံးအချို့၏ စုစည်းမှုသာ ဖြစ်ပေလိမ့်မည်။

မည်သို့ဆိုစေ အဘိဓမ္မာအကျဉ်းချုပ်ဟူသော အတွေးစကို ဆွဲထုတ်မိတော့ ဆရာတော်ဦးဗုဓ်၏ စကားအလင်္ကာကို နောက်ဆုံးကိုးကားဖြစ်သွားသည်။ ညောင်ကန်ဆရာတော်ဦးဗုဓ်က နန်းမတော် မယ်နုလှူဒါန်းသည့် အုဋ္ဌ်ကျောင်းကြီးတွင် စံပျော်သည့် ကျမ်းပြုအကျော် ဆရာတော်တစ်ပါးဖြစ်သည်။ ပိဋကတ်အဖွင့်ကျမ်းများစွာကို ရေးသားပြုစုနေသည်နှင့်အမျှ အချိန်ကို တန်ဖိုးထားတတ်သော ဆရာတော်တစ်ပါးလည်း ဖြစ်သည်။

တစ်နေ့တွင် နန်းတော်သို့ ဆွမ်းစားကြွရသည်။ ဘုရင်မင်းမြတ်က အချိန်မီထွက်မလာပါ..။ သို့နှင့် အချိန်မဖြုန်းလိုသော ဦးဗုဓ်က ''မင်းတို့ရှင်ဘုရင်ကို ပြောလိုက်ကြ..စိတ္တံ၊ စိတ်တဲ့ကွယ်" ဟု မှာကြားကာ ကျောင်းတော်သို့ ပြန်ကြွသွားလေသည်။ ဘယ်လောက်များ တိုတောင်းလှသော အဘိဓမ္မာတရားပါလဲ..။

သာမန်ပုထုဇဉ်တစ်ဦး၏ နေ့စဉ်ဘ၀တွင် ကုသိုလ်နှင့် အကုသိုလ်တရားနှစ်ပါး၏ အဖြူအမဲ စုတ်ချက်များကို ပုံဖော်နေရသည်။ ကုသိုလ်ဖြစ်လိုက်၊ အကုသိုလ်ဖြစ်လိုက်...။ ကုသိုလ်က အပြစ်ကင်းသော အန၀ဇ္ဇတရား။ ကောင်းသော အကျိုးကို ပေးခြင်းလက္ခဏာရှိသည်။ အကုသိုလ်က အပြစ်မကင်းသော သာဝဇ္ဇတရား၊ မကောင်းသော အကျိုးကို ပေးခြင်းလက္ခဏာရှိသည်။

ကုသိုလ်၊ အကုသိုလ်ဖြစ်ပွားခြင်းကို အဘိဓမ္မတ္ထသင်္ဂြီုဟ်ဆရာ အရှင်အနုရုဒ္ဓါက လဒ္ဓပစ္စယံ (အကြောင်းအားလျော်စွာ)ဟူသော ပါဠိဝေါဟာရလေးဖြင့် ဖွင့်ပြသည်။ ယောနိသောမနသိကာရ ဟူသော အကြောင်း၊ အယောနိသော မနသိကာရဟူသော အကြောင်း..။ သင့်သောအားဖြင့် နှလုံးသွင်းသော စိတ်၊ မသင့်သောအားဖြင့် နှလုံးသွင်းသော စိတ်....။ ကုသိုလ်ပဲ ဖြစ်ဖြစ် အကုသိုလ်ပဲ ဖြစ် သည်စိတ်သာ ပြဌာန်းသည်..။ သည်တော့လည်း ဆရာတော်ဦးဗုဓ်က အဘိဓမ္မာကို ချုပ်လိုက်ပြီ၊ စိတ္တံ စိတ်တဲ့ကွယ် တဲ့။

ယနေ့ အဘိဓမ္မာအသင်းကြီးကတော့ ဗုဒ္ဓအရှင်၏ ထူးမြတ်လှသော အဘိဓမ္မာသာသနာအတွက် ပေါ်ထွန်းလာခဲ့ပြီ။ နိဿရဏစာသင်နည်းဖြင့် အဘိဓမ္မဒေသနာကို ချဉ်းကပ်ကာ အရွတ်အဖတ် အဘိဓမ္မာ(Memorization and oral recitation of Abhidhamma) အပြောအပြအဘိဓမ္မာ( Talk and Discussion on Abhidhamma) နှင့် အသုံးချအဘိဓမ္မာ (Applied Abhidhamma) အဆင့်ဆင့်ဖြည့် ကျင့်နိုင်ကြသည့် အမျိုးကောင်းသားအမျိုကောင်းသမီးတို့ ပေါ်ထွန်းလာရေး ဆောင်ရွက်ကြစေလိုကြောင်း ဆုတောင်းလျက် ညောင်ကန်ဆရာတော်ဘုရားကြီး ဦးဗုဓ်၏ သြ၀ါဒစကားအတိုင်း. ဂလိုဘယ်လ်ခေတ်ကြီး၏ နေ့စဉ်ဘ၀လှိုင်းတံပိုးကြားထဲ '' စိတ္တံ၊ စိတ်တဲ့ '' ဟုသာ..။


ဓမ္မဂင်္ဂါ အရှင်ဝိစိတ္တသာရ
(၉-၅-၂၀၁၁)

မှတ်စု
(၁) အလဂဒ္ဒူပမာ ပရိယတ္တိ၊ မြွေဖမ်းသူသည် (အဖမ်း မတတ်လျှင်) ထို မြွေကိုက်၍ ဒုက္ခရောက်ရသလို ပရိယတ်တရားကိုလည်း သူတပါးတို့ အယူဝါဒကို ပြစ်တင်ရှုံ့ချရန်, ပြိုင်ဆိုင်ကဲ့ရဲ့ရန်, သူတပါးတို့ မိမိအယူဝါဒကို ပြစ်တင်လာသော် ဖယ်ရှောင်ရှား၍ ချေပနိုင်ရန်, ကျော်စော ထင်ရှား၍ လာစေရန်, လာဘ်လာဘပေါများ စေရန်, ရည်ရွယ်လျက် သင်ယူလျှင် စိတ်ထား မကောင်းကြောင့် အပါယ်ငရဲကျ-ဆင်းရဲဒုက္ခရ၍ အလဂဒ္ဒူ ပမာ-ပရိယတ္တိဟုခေါ်ဆိုသည်။

(၂) နိဿရဏတ္ထ- ပရိယတ္တိ၊ သီလ-သမာဓိ- ပညာ။ ၀ိပဿနာ တရားမှန်တို့ကို သိရှိတတ်ကျွမ်း၍ မဂ် ဖိုလ် ရယူနိုင်ရန် ကျင့်ကြံအားထုတ်ရေးအတွက် သင်ယူလျက် မြင့်မြတ်သော စိတ်ထားကြောင့် ၀ဋ်ဒုက္ဓမှ ထွက်မြောက်ရာ နိဿရဏတ္ထ- ပရိယတ္တိမျိုးမည်၏။

(၃) ဘဏ္ဍာဂါရိက- ပရိယတ္တိ၊ မြတ်စွာဘုရားသခင်၏ ဓမ္မက္ခန္ဓာအပေါင်း တိမ်းစောင်း ပျောက်ပျက်ခြင်း မရှိရအောင် ထိန်းသိမ်း စောင့်ရှောက်ရန် သင်ကြားမှုမျိုးကို မင်း၏ ဘဏ္ဍာစိုးနှင့် တူသောကြောင့် ဘဏ္ဍာဂါရိက ပရိယတ္တိမျိုးမည်၏။



18 April, 2011

အသောကဖောင်ဒေးရှင်းအင်္ဂလိပ်ဘာသာစကားသင်တန်းများ

အသောကဖောင်ဒေးရှင်း၏ အင်္ဂလိပ်ဘာသာစကားသင်တန်း ဖွင့်လှစ်ပွဲ ဖိတ်ကြားလွှာ

လူတိုင်းမျှဝေခံစားနိုင်မည့် ပညာရပ်ဝန်းတစ်ခု ဖန်တီးရန် ရည်မှန်းကာ
အသောကဖောင်ဒေးရှင်း၏ အင်္ဂလိပ်ဘာသာစကားသင်တန်းများကို
ဖွင့်လှစ်သွားမည်ဖြစ်ရာ တစ်ဖက်ပါ အစီအစဉ်အတိုင်း တက်ရောက်ပါရန်
ဖိတ်ကြားအပ်ပါသည်။
လေးစားစွာဖြင့်

အသောကဖောင်ဒေးရှင်း

အချိန် ၂၀၁၁ ခုနှစ်၊ ဧပြီလ ၂၀ ရက် (ဗုဒ္ဓဟူးနေ့)
နံနက် ၁၀း ၀၀ နာရီ မှ ၁၂း ၀၀ နာရီ အထိ
နေရာ ဒုတိယထပ်၊ အသောကဗိမာန်၊ သမိုင်းမြို့မ ပရိယတ္တိစာသင်တိုက်၊ သမိုင်းဘူတာရုံလမ်း၊
အမှတ် (၂) ရပ်ကွက်။ (ဦးဘဟန် မှတ်တိုင်အနီး) မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
ဖုန်း– ၀၁ ၆၆၅၂၃၈


05 December, 2010

ဗုဒ္ဓဂယာက စောင့်မယ်

အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့ ရဲ့ ဧကာဒသမနှစ်ပတ်လည် အစည်း အဝေးကြီးကို အိန္ဒိယနိုင်ငံ၊ ဗီဟာပြည်နယ်၊ ဗုဒ္ဓဂယာမှာ တည်ရှိတဲ့ အဖွဲ့ပိုင်မြန်မာဗုဒ္ဓဘာသာ ပညာရေး ဗိမာန်တော်ကြီးမှာ ဒီဇင်ဘာလ (၂၅-၂၆-၂၇) သုံးရက်တိုင်တိုင် ကျင်းပမှာ ဖြစ်တဲ့ အတွက် (၂၄-၁၂-၂၀၁၀) ည ကျိန်းစက်မီ ကြွတော်မူကြပါဘုရား. (သံဃာအရေအတွက်များလျင် နေရာထိုင်ခင်း ဦးရာလူစနစ်း)).။ (နိုင်ငံရပ်ခြားမှာမို့ ကိုယ့်ဆွမ်းကိုယ်ကပ်စနစ်ဖြင့်) ဆွမ်းအလှူရှင်များလည်း ပြည့်စုံပါနေပါပြီ ဘုရား...။ မိတ်ဆွေရဟန်းတော်တွေ အဟောင်းအသစ် စုံညီစွာ တွေ့ရမှာမို့ ကြွလာသင့်ကြောင်းပါ...။

ဗုဒ္ဓဂယာက စောင့်နေမယ် ဘုရား...။

25 November, 2010

အင်္ဂလန်က မြန်မာဆရာနဲ့ မဇ္ဈိမရောက်မြန်မာရဟန်းတော်များရဲ့ အိုင်တီသင်တန်းဓါတ်ပုံများ

အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့ကြီးရဲ့အိုင်တီနည်းပညာဓမ္မဒါနသင်တန်းကို အင်္ဂလန်ရောက် မြန်မာလူငယ်ကွန်ပြူတာပညာရှင် ကိုအောင်လင်းက ပို့ချပေးခဲ့တာဖြစ်ပြီး မဇ္ဈိမဒေသရောက် တက္ကသိုလ်ပညာသင် မြန်မာရဟန်းတော်များက တက်ရောက်သင်ယူခဲ့ကြတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ အောက်တိုဘာလကလည်း စာရေးဆရာနဲ့ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာနေဇင်လတ်က စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုအတတ်ပညာသင်တန်းကို ဓမ္မဒါနပို့ချခဲ့ပါသေးတယ်။

အိုင်တီနည်းပညာသင်တန်းဆင်းပွဲမှတ်တမ်းဓါတ်ပုံများကို ဒီမှာ ကြည့်နိုင်ကြပါတယ်။

ဓမ္မဂင်္ဂါအလုပ်များနေလို့ စာမရေးနိုင်သေးပါကြောင်း....
(မြန်မာနဲ့ နိုင်ငံတကာ ဘုရားဖူးများကို ဗာရာဏသီနဲ့ မိဂဒါဝုန်အကြောင်း ဓမ္မဒါန ရှင်းပြရင်း ယာယီ အမြိုက်လမ်းညွှန်(Dhamma Tour Guide) လုပ်နေခြင်းသာ..)

22 November, 2010

နှစ်ပတ်လည်သံဃာ့အစည်းအဝေးကြီးအတွက် ဆွမ်းအလှူရှင်ပြည့်စုံပြီ

အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့
ဧကာဒသမအကြိမ် နှစ်ပတ်လည်အစည်းအဝေးကြီးတွင်
လှုဒါန်းကြသော ဆွမ်းဘောဇဉ် သောက်ရေသန့် အလှုရှင်များစာရင်း
၁။ ၂၅ ၊ ၁၂ ၊ ၂၀၁၀ နေ့တွင် မိဘနှစ်ပါးကို အမှုးထား၍ ဦးဥာဏောဘာသ ရာဇဂြိုဟ်မြန်မာကျောင်းမှ အာရုံဆွမ်း နေ့ဆွမ်း အချိုပွဲ အအေး တစ်နေ့စာအတွက် ရူပီးငွေ သုံးသောင်းငါးထောင် လှုဒါန်းပါသည်။
၂။ ၂၆ ၊ ၁၂ ၊ ၂၀၁၀ နေ့တွင် ဓမ္မဂင်္ဂါ အရှင်ဝိစိတ္တသာရ ( အထွေထွေအတွင်းရေးမှူး) မှ အာရုံဆွမ်းနှင့် အချိုပွဲအတွက် ရူပီး တစ်သောင်း လှုဒါန်းပါသည်။
၃။ ၂၆ ၊ ၁၂ ၊ ၂၀၁၀ နေ့တွင် ဦးမျိုးဆွေ ဒေါ်မြရှင် သမီးမြဖူးနွယ် မိသားစုမှ နေ့ဆွမ်းအတွက် ရူပီး နှစ်သောင်း လှုဒါန်းပါသည်။
၎။ ၂၆ ၊ ၁၂ ၊ ၂၀၁၀ နေ့တွင် ဦးသံဝရ ဗာရာဏသီမြို့ ဆန်စကရစ်တက္ကသိုလ်မှ အအေးအတွက် ရူပီးငွေ ငါးထောင်လှုဒါန်းပါသည်။
၅။ ၂၇ ၊ ၁၂ ၊ ၂၀၁၀ နေ့တွင် ဦသီလာစာရ ဗာရာဏသီမြို့ ဆန်စကရစ်တက္ကသိုလ်မှ အာရုံဆွမ်းအတွက် ရူပီးငွေ ငါးထောင်လှုဒါန်းပါသည်။
၆။ ၂၇ ၊ ၁၂ ၊ ၂၀၁၀ နေ့တွင် ဦးမျိုးဆွေ ဒေါ်မြရှင် သမီးမြဖူးနွယ်မိသားစုမှ နေ့ဆွမ်းအတွက် ရူပီးငွေ နှစ်သောင်းလှုဒါန်းပါသည်။
၇။ ၂၇ ၊ ၁၂ ၊ ၂၀၁၀ နေ့တွင် ဦဧသိက ဗာရာဏသီမြို့ဆန်စကရစ်တက္ကသိုလ်မှ အချိုပွဲအတွက် ရူပီးငွေ ငါးထောင်လှုဒါန်းပါသည်။
၈။ ၂၇ ၊ ၁၂ ၊ ၂၀၁၀ နေ့တွင် ဒေါ်မြင့်မြင့် ဒေါ် ညွန့်ညွန့် မိသားစုမှ အအေးအတွက် ရူပီးငွေ ငါးထောင်လှုဒါန်းပါသည်။
၉။ သုံးရက်စာ သောက်ရေသန့်အလှုအတွက် ဦးပညာသာမိ( ဥက္ကဋ္ဌဆရာတော်)မှ လှုဒါန်းပါသည်။

19 October, 2010

ဒေါက်တာနေဇင်လတ်သင်တန်းအောင်မြင်စွာပြီးဆုံး

ယမန်နေ့(၁၉-၁၀-၂၀၁၀)က အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေး အဖွဲ့ကြီးရဲ့ မြန်မာဗုဒ္ဓဘာသာပညာရေး ဗိမာန်တော်ကြီးမှာ ဆရာကြီးဒေါက်တာနေဇင်လတ် သင်ကြားပို့ချခဲ့တဲ့ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု အတတ်ပညာ (၁၀)ရက် သင်တန်းဟာ အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။ သင်တန်းပိတ်ပွဲအခမ်းအနားမှာ ဆရာကြီးဒေါက်တာနေဇင်လတ်ကို အဖွဲ့ဥက္ကဋ္ဌဆရာတော်ဦးပညာသာမိက ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဓမ္မလက် ဆောင်များ အပ်နှင်းခဲ့ပါတယ်။ (၁၅) ရက်ကြာအောင် ကြီးမားတဲ့ စီးပွားရေးလုပ်ငန်တာဝန်တွေကို ကျောခိုင်ပြီး ဒီသင်တန်းကို ဓမ္မဒါနအဖြစ် မိမိစရိတ်နဲ့ မိမိ လာရောက်ပို့ချပေးခဲ့တဲ့ ဆရာကြီးဒေါက်တာနေဇင်လတ်ကို အဖွဲ့ကြီးက မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။

သင်တန်းတက်ရောက်ခဲ့ကြတဲ့ ရဟန်းတော်တွေက သင်တန်းအတွေ့အကြုံများ၊ အတွေးမြင်များလည်း သင်တန်းပိတ်ပွဲမှာ ပွင့်လင်းနွေးထွေစွာ ဖွင့်ဟပြောဆိုခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် အိန္ဒိယ ရောက်မြန်မာ ပညာသင်ရဟန်းတော်အတွက် စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုအတတ်ပညာကို အစုအဝေးလိုက် သင်ယူတက်ရောက်ခွင့်ရတဲ့ မှတ်တမ်းဝင်သင်တန်းတစ်ခုဖြစ်ခဲ့တာတော့ သေချာလှပါတယ်။ ဒီသင်တန်းကြီးဖြစ် ပေါ်လာဖို့အတွက် ကျေးဇူးတင်ထိုက်တဲ့ ဒကာဝိမုတ္တိသုခ၊ သင်တန်းကာလနေ့ရက်အချို့မှာ သင်တန်းသားရဟန်းတော်များကို ဆွမ်းဆက်ကပ်ကြတဲ့ အလှူရှင်များ၊ အထူးအားဖြင့် ပညာရေး ကော်မတီပဒေသာပင်စိုက်ထူလှူဒါန်းကြတဲ့ သြစတေးလျနိုင်ငံနဲ့ စင်ကာပူမှ အလှူရှင်များ (ပညာရေးကော်မတီအလှူရှင်များကို ဧဟိသွာဂတံဝက်ဘ်ဆိုဒ်တွင် ဖော်ပြပြီး) နဲ့ သင်တန်းကာလ (၁၀)တာ စိတ်အားထက်သန်စွာ တက်ရောက်ခဲ့ကြတဲ့ ဥက္ကဋ္ဌဆရာတော်နဲ့ အဖွဲ့ဝင်များအားလုံး ကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။

သင်တန်းပို့ချချက် ဗီဒီယိုဖိုင်လ်တွေကို ကော်နက်ရှင်းကောင်းမွန်တဲ့ အချိန်မှာ အဖွဲ့ဝက်ဘ်ဆိုဒ်မှာ တင်ပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းကာလမှတ်တမ်းဓါတ်ပုံလေးတွေကိုတော့ အဖွဲ့ကြီးရဲ့ ဧဟိသွာဂတံစာမျက်နှာမှာ ကြည့်ရှုနိုင်ပါတယ်။ ဒီမှာ ကလစ်လိုက်ပါ..။

08 October, 2010

သင်တန်းဖွင့်ပွဲ ဆွမ်းကျွေးမှတ်တမ်းဓါတ်ပုံများ

(၇-၁၀-၂၀၁၀)နေ့က အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့ကြီးရဲ့ ပညာရေးကော်မတီက ဖွင့်လှစ်ခဲ့တဲ့ ဒေါက်တာနေဇင်လတ်ရဲ့ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု အတတ် ပညာသင်တန်းဖွင့်ပွဲမှာ သင်တန်းတက်ရောက်လာတဲ့ ပညာသင်ရဟန်းတော်တွေကို ဆွမ်းဆက်ကပ် လှူဒါန်းနေတဲ့ မှတ်တမ်းဓါတ်ပုံတွေပါ။

တစ်နေ့တာဆွမ်းအလှူရှင်ကတော့ ဖခင်ကြီး ဦးကျော်ငြိမ်းအားရည်စူး၍ သားရဟန်း အရှင်ဇာဂရာလင်္ကာရ (ဒေလီ) မယ်တော်ကြီး ဒေါ်ခင်လေးညို၊ သမီး မမိုးစန္ဒာကျော် ရန်ကုန်ဖြစ်ပါတယ်။

သင်တန်းတက်ရောက်လာကြတဲ့ ပညာသင်ရဟန်းတော်တွေ စုစုပေါင်း (၁၀၅) ပါး ရှိပါတယ်။ သိုက်သိုက်ဝိုင်းဝိုင်း စုစုစည်းစည်းမို့ အားတက်စရာကြီးပါပဲ။ ရွှေပြည်ကြီးမှာတော့ ခုလို သံဃာတော်တွေ စုဝေးပွဲမှာ ဆွမ်းအလှူရှင်တွေ စည်ကားတတ်ပေမယ့် ဘာသာရပ်ခြား တိုင်းတစ်ပါးမှာတော့ ကိုယ့်စရိတ်ကိုယ်ရှင်း၊ ကိုယ့်ဝေယျာဝစ္စကိုယ်ဆောင်ရွက်၊ ကိုယ်ဆွမ်းကိုယ်ချက်မို့ ခုမှပဲ Team Work ရဲ့ သဘောကို စောကြောမိကြတော့တာပါ။ ကောင်းလေစွ။

သင်တန်းနဲ့ ပတ်သတ်လို့ စုံစမ်းဆက်သွယ်မယ်ဆိုရင်တော့
ဥက္ကဌဆရာတော် ဦးပညာသာမိ
Ph. 00-91-9934266298
Email; pannasami2005@gmail.com

12 September, 2010

မဇ္ဈိမရောက်မြန်မာရဟန်းတော်များအတွက် နေဇင်လတ်



ပညာရေးကဏ္ဍဆွေးနွေးကြရာတွင် မြန်မာပြည်မှ မိမိစရိတ်ဖြင့် လာရောက်ကာ Management and Leadership Course သင်ကြားပို့ချပေးမည့် ဆရာကြီးဒေါက်တာနေဇင်လတ်အတွက် သင်တန်းကာလအတွင်း နေရာထိုင်ခင်းစီစဉ်ပေးရန်၊ သင်တန်းပြီးဆုံးလျှင် ဆရာကြီးအား သာသနာတော်နှင့်လျောက်ပတ်သည့် ဓမ္မလက်ဆောင်တစ်ခုပေးအပ်ရန်၊ သင်တန်းအတွက်သာမက အဖွဲ့ကြီးအတွက် လိုအပ်မည့် ပရော်ဂျက်တာတစ်ခု ၀ယ်ယူရန်၊ သင်တန်းကာလမှာ (၁၀) ရက်ဖြစ်ပြီး သင်တန်းကို အောက်တိုဘာပထမပတ်တွင် စတင်နိုင်ရန် သင်တန်းတက်ရောက်ကြမည့် ရဟန်းတော်များအတွက် ဆွေးနွေးကြရာတွင် အိန္ဒိယနိုင်ငံတက္ကသိုလ်အသီးသီးရှိ အဖွဲ့ဝင်ရဟန်းတော် များအားလုံး မည်သည့်ပုဂ္ဂိုလ်မဆို တက်ရောက်ဖို့ ဖိတ်ကြားရန်၊ သင်တန်းတက်ရောက်ကြမည့် ရဟန်းတော်များအား အဖွဲ့ကြီးမှ ခရီးစရိတ်တာဝန်ယူနိုင်မည် မဟုတ်သော်လည်း စာရွက်စာတမ်းနှင့် အခြားလိုအပ်မည့် အရာများကို တတ်နိုင်သမျှ ပံ့ပိုးပေးရန် အတည်ပြုခဲ့ကြပါသည်။
(အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့ ၊ ဧကာဒသမနှစ်၊ ဒုတိယလေးလပတ်အစည်းအဝေးမှတ်တမ်း)

အိန္ဒိယနိုင်ငံဗုဒ္ဓဂယာရှိ အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့၊ မြန်မာဗုဒ္ဓ ဘာသာ ပညာရေးဗိမာန်တော်တွင် အဖွဲ့ဝင်မြန်မာရဟန်းတော်များအား ဓမ္မဒါနသင်တန်းပို့ချပေးမည့် ဆရာကြီး ဒေါက်တာနေဇင်လတ်သည် အောက်တိုဘာလ (၆) ရက်နေ့တွင် မြန်မာနိုင်ငံမှ ဗုဒ္ဓဂယာလေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်မည့် ရဟန်းတော်များ ကြိုတင်သိရှိနိုင်စေရန် ဆရာကြီး ဒေါက်တာနေဇင်လတ်၏ ကိုယ်ရေးအကျဉ်းနှင့် ဆရာကြီး၏ ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြအပ်ပါသည်။ (သင်တန်းရက် မကြာမီကြေငြာပါမည်။)

ဒေါက်တာနေဇင်လတ်

ဒေါက်တာနေဇင်လတ် (၁၉၅၂)
၁။ အမည်ရင်း နေဇင်လတ်
၂။မိဘအမည်-ဦးယုထော်+ဒေါ်ကြင်နု
၃။မွေးသက္ကရာဇ်-၁၉-၁၂-၁၉၅၂
၎။မွေးဖွားရာဒေသ- ရန်ကုန်

ကိုယ်ရေးဖြစ်စဉ်

နေဇင်လတ်ကို ၁၉၅၂ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အဖဦးယုထော် အမိ ဒေါ်ကြင်နုတို့က ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ နေဇင်လတ်ဖြစ်သည်။

၁၉၅၈ ခုနှစ်တွင် St। John Diocesan Boy's School (လမ်းမတော် အထက -၁) မှ မူလတန်းအောင်မြင်ပြီး ၁၉၆၆ ခုနှစ်တွင် အလယ်တန်းကို အထက(၁) တောင်ဥက္ကလာပတွင် သင်ယူခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ အထက (၆) ဗိုလ်တထောင်မှ အထက်တန်းအောင်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်မှ ဗိသုကာဘွဲ့(B।Arch) ရရှိခဲ့သည်။ MBA (ADAM University, US), Doctor of Business Administration ကို (Brookes University, UK) မှ ရရှိခဲ့သည်။ H।G।P।, D।A., Dip in English, DL 101, Cert: Advance Diplomatic Skill သင်တန်းများအောင်မြင်ခဲ့သည်။

၁၉၈၀ ပြည့်နှစ်တွင် ဗိုလ်လောင်းသင်တန်းအပတ်စဉ် (၆၁) သို့ တက်ရောက်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် အမှတ်(၉၀၁) စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲ၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာန၊စစ်အင်ဂျင်နီယာပြန်ကြားရေးရုံး၌ တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် အမှတ်(၉၅၅) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။

နေဇင်လတ်သည် ၁၉၇၃ ခုနှစ်မှ စ၍ ရန်ကုန်စက်မှုတက္ကသိုလ်မဂ္ဂဇင်း၊တံခွန်မဂ္ဂဇင်း၊ သပြေမဂ္ဂဇင်းများတွင် စာပေများကို စတင်ရေးသားခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ပုလဲမြို့ပြမဂ္ဂဇင်းတွင် စာပေများကို ပြန်လည်ရေးသားခဲ့ပြီး စက်မှုတက္ကသိုလ်မဂ္ဂဇင်း၊ တံခွန်၊ သပြေ၊ ရွှေအမြုတေ၊ ပန်၊ သဇင်၊ ၊ Executive၊ CEO၊ Life Style၊ Ecovision၊ Fashion Image၊ Perfect စသည့် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားခဲ့သည်။

၁၉၇၃ ခုနှစ်မှ စ၍ ခေတ်သစ်လူသားတို့ ကျင်လည်လှုပ်ရှားရသည့် စီးပွားလူမှုဆိုင်ရာ၊ ဗဟုသုတဆိုင်ရာ ဆောင်းပါးများကို ရွှေအမြုတေမဂ္ဂဇင်း၊ CEO မဂ္ဂဇင်းတို့တွင် အဆက်မပြတ် ရေးသားခဲ့သည်။ ယခုအခါ AMBO Co। Ltd। နှင့် AMBO Hotel Group ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ADAM University တွင် Principal အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူးအဖြစ် လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

နေဇင်လတ်ရေးသားပြုစုခဲ့သော စာအုပ်များ
၁။ ပညာခေတ်နှင့် မြန်မာ့စံနှုန်း၂၀၀၄)
၂။ လူ သို့မဟုတ် အနာဂတ်ဖြင့် ရှင်သန်သူ(၂၀၀၄)
၃။ 10 Days, MBA (၂၀၀၅)
၎။ ပညာမတတ်သော ပညာရှိ၊ ပညာမရှိသော ပညာတတ်( ၂၀၀၅)
၅။ ခေါင်းဆောင် - ခေၝင်းဆောင်မှုနှင့် ကမ္ဘာ့အမြင်( ၂၀၀၇)
၆။ စိန်ခေါ်မှုများနှင့် မဟာဗျူဟာစီမံခန့်ခွဲမှု (၂၀၀၇)
၇။ လုပ်ပိုင်ခွင့်ရှိသူ လုပ်ပိုင်သူ( ၂၀၀၈)
၈။ လူတော်လား လူကောင်းလား (၂၀၀၈)
၉။ ဦးဆောင်သူ ဘယ်လောက် အရေးကြီးသလဲ (၂၀၀၈)
၁၀။ အမွေပေးသူဆိုရာမှာ(၂၀၀၈)
၁၁။ ဦးဆောင်ခြင်းသည် ခေၝင်းဆောင်မဟုတ် (၂၀၀၈)
၁၂။ စီးပွားဖျက်သူလျှို (၁) (၂၀၀၈)
၁၃။ New 10 Days, MBA (၂၀၀၉)
၁၄။ ပီတာဒရပ်ကာ (၂၀၀၉)
၁၅။ ယုံကြည်မှုအပေါ် နားလည်ခြင်းနှင့် လက်တွေ့လုပ်ငန်းခွင်အင်တာဗျူး(၂၀၀၉)
ဤဆိုဒ်မှ ကူးယူဖော်ပြပါသည်။


ဆရာဒေါက်တာနေဇင်လတ်၏ ဆောင်းပါးတစ်ပုဒ်ကိုလည်း ဖော်ပြအပ်သည်။



ပေးဆပ်ကြရာတွင်
by နေဇင်လတ်

ဦးရွှေအောင်၏ ဗုဒ္ဓ၀ါဒ ပေါ်ထွန်းခြင်း စာအုပ်သည် ဘာသာရေး လေ့လာလိုသူများ သာမက အတွေးအခေါ်ပိုင်း လေ့လာလိုသူများ၊ လူ့အဖွဲ့အစည်း တစ်ရပ်အတွက် စဉ်းစားကြသူများ၊ ဖတ်ရှုလေ့လာဖို့ ကောင်းသည်။ ဗုဒ္ဓက လောကနှင့် ပတ်သက်၍ လောကအပေါ် ကြင်နာတတ်ဖို့ လိုသည်။ ၎င်းမှ မဟာကရုဏာတော်ကို ရရှိသည်။ အနစ်နာခံတတ်ဖို့ လိုသည်။ ၎င်းမှ အရဟတ္တမဂ် ဉာဏ်တော်ကို ရသည်။ သူတစ်ပါး အကျိုးကို ဆောင်ရွက်တတ်ဖို့ လိုသည်။ ၎င်းမှ သဗ္ဗညုတ ဉာဏ်တော်ကို ရသည်ဟု ဆိုထားပါသည်။

ဗုဒ္ဓတို့ ပေါ်ထွန်းခဲ့သော ဘီစီ (၆) ရာစု ခေတ်သည် ၀ိဇ္ဇာရှုထောင့်မှ ထူးထူးခြားခြား ဖြစ်ခဲ့၏။ စရဏရှု ထောင့်မှလည်း ထူးထူးခြားခြား ဖြစ်ခဲ့၏။ ထိုစဉ်က သူတို့သည် လောကအကြောင်း ပို၍ စူးစမ်းခဲ့ကြသည်။ လောကအကျိုး ပို၍ ဦးထိပ်ထားခဲ့ကြ သည်ဟု ယူဆနိုင်သော် ရနိုင်ကောင်း၏။ အရဟတ္တမဂ်ဉာဏ်နှင့် သဗ္ဗညုတ ရွှေဉာဏ်တော် ရ၊ မရသည် အဓိက မဟုတ်။ မဟာကရုဏာတော် မဟုတ်ဘဲ သာမန် ကရုဏာဖြင့်ပင် လူတို့သည် လောကနှင့် ဆက်စပ်သော မိမိ တို့၏ လူမှု အဖွဲ့အစည်း တစ်ရပ်အတွက် ကြင်နာတတ်ဖို့၊ အနစ်နာခံတတ်ဖို့၊ အများ အကျိုးအတွက် တစ်စုံတစ်ရာ ဆောင်ရွက်တတ်ဖို့ လိုအပ်ပေသည်။

လူတိုင်းကသာ အတ္တကို အခြေခံ၍ ရယူလိုသူချည်း ဖြစ်လျှင် လောကသည်လည်း ပျက်စီး၍ မိမိတို့၏ အမျိုးဘာသာ၊ သာသနာ တို့သည်လည်း ကွယ်ပျောက်ကြမည် ဖြစ်ပါသည်။ အနည်းဆုံး လူတိုင်းသည် 'ရယူလိုမှု' နှင့် 'ပေးဆပ်လိုမှု' နှစ်ခုကြား မဇ္ဈိမ ပဋိပဒါဖြင့် ရှိသင့်ကြသည်။

အကျိုးပေး
အနောက် ကမ္ဘာထက် အရှေ့ကမ္ဘာက အကျိုးပေးတို့ အကြောင်း ပို၍ လေ့လာခဲ့ကြပြီး ဖြစ်သည်။ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တို့က 'အကျိုးပေး' 'တူသောအကျိုးပေး'တို့ အကြောင်း ယုံကြည်ချက်ပို၍ ထားခဲ့ကြသည်။ အကျိုးပေးနှင့် ပတ်သက်လျှင် အဆင့် (၃) ဆင့်ကို တွေ့နိုင်သည်။

ပထမအဆင့်တွင် အလိုဆန္ဒ (ကာမ)၊ ဒုတိယအဆင့်တွင် အလိုဆန္ဒနှင့် လျှော်ညီသော ကြံစည်မှု (ကြတု)၊ တတိယအဆင့်တွင် ကြံစည်သည့် အတိုင်း ဆောင်ရွက်မှု (ကမ္မ) ဟူ၍ အဆင့် (၃)ဆင့်ရှိပြီး ထိုသုံးဆင့်လုံးဖြင့် ပြည့်စုံသောအခါ အကျိုးပေး (ဖလ)ဟူ၍ ရပေသည်။ ဤတွင် ဆောင်ရွက်သူသည် ဆန္ဒမှန်လျှင် လည်းကောင်း၊ ကြံစည်မှုမှန်လျှင် လည်းကောင်း၊ ဆောင်ရွက်မှုမှန်လျှင် လည်းကောင်း၊ လောကအတွက် ကောင်းသော အကျိုးကျေးဇူးများ ထွက်ပေါ်လာသလို ဆောင်ရွက်သူ အတွက်လည်း တူညီသော အကျိုးပေးကို ပြန်လည်ခံစားရမည် ဖြစ်သည်။ ဆန္ဒမှား၊ ကြံစည်မှုမှား၊ ဆောင်ရွက်မှုမှားလျင်ကား လောကအတွက် ဆုတ်ယုတ်ကျိုးပေးသလိုဖြစ်၍ ဆောင်ရွက်သူ အတွက်လည်း တူသော အကျိုးပေးကိုသာ ပြန်လည် ရရှိမည် ဖြစ်သည်။ ဆောင်ရွက် ကြံစည်မှု များသည် ခေတ်သစ်စကားဖြင့် ဆိုလျှင် စွမ်းအင်တစ်ခုသာ ဖြစ်၍ စွမ်းအင်များသည် ပျောက်ပျက်မှု မရှိကြပေ။ စွမ်းအင်တည်မြဲခြင်း နိယာမကို ကောင်းစွာ လိုက်နာကြ၏။ စွမ်းအင်တည်မြဲခြင်း နိယာမကို ကောင်းစွာ လိုက်နာကြကြောင်းလည်း ခေတ်သစ်သိပ္ပံဖြင့် ထုတ်ဖော်ခဲ့ကြပြီး ဖြစ်သဖြင့် ကောင်းကျိုးလုပ်လျှင် ကောင်းကျိုးရ၍ ဆိုးကျိုးပြုခဲ့လျင် ဆိုးကျိုး ပြန်ရမည်ဟု ယုံမှားသံသယ မရှိအပ်တော့ချေ။

ဝိဘဇ္ဇ၀ါဒ
ဗုဒ္ဓ၏ ၀ိဘဇ္ဇ၀ါဒသည် ပိုင်းခြား ဝေဖန်ရသော ၀ါဒ ဖြစ်သည်။ ယနေ့ Analytical Thinking, Critical Thinking, Vertical Thinking တို့၏ အစုအပေါင်းလည်း ဖြစ်သည်။ ကာလမ ရွာသားများအားဟောကြားခဲ့သော 'ကာလမသုတ်' သည် အယူဝါဒ၊ အ ကြောင်းတရား တစ်ခုအပေါ် မျက်ကန်း မယုံကြည်ရန်နှင့် ကိုယ်ပိုင် အသိတို့ဖြင့် ခွဲခြမ်းစိတ်ဖြာ ဝေဖန်ပိုင်းခြားနိုင်ရန် များစွာ အထောက်အကူ ပေးခဲ့ပါသည်။

ပစ္စက္ခသိဒ္ဓခေါ် မျက်မျက်လက်တွေ့ သိနိုင်သော အချက်များ ရှိပါသည်။ ထို့အတူ အနုမာနသိဒ္ဓ၊ အာကပ္ပသိဒ္ဓခေါ် ဆင်ခြင်တွေးတော၍ ဖြစ်နိုင်သည်များကို ဆက်ဆံရသော အကြောင်းချင်းရာများလည်း လောကတွင် များပြားစွာ ရှိနေပါသည်။ သိဒ္ဓေ ယျသိန္ဓ ခေါ် မြတ်စွာဘုရား၏ ဉာဏ်တော်ကို ယုံကြည်၍ လက်ခံရသော အချက်များလည်း ရှိနေပြန်ပါသေးသည်။

ငယ်စဉ်က မိဘများ၏ 'ဒါမလုပ်နဲ့' ဟု ဆုံးမမှုများကို မျက်မြင် လက်တွေ့ မဟုတ်သေးသည့်အတွက် မလိုက်နာခဲ့မှုများ ရှိခဲ့ဖူးကြမည် ဖြစ်သည်။ သူတို့၏ အတွေ့အကြုံ၊ အဆင်အခြင်ဖြင့် ဆိုဆုံးမခဲ့ခြင်း ဖြစ်၍ 'နောင်မှမှန်' ကြောင်း ကြုံဖူးနိုင်ကြပေ မည်။ 'ကိုင်တွယ်၍မရ' 'မြင်၍မရ' သောကြောင့် 'လေ' မရှိဟူ၍ ငြင်းမရသည်မျိုးများလည်း လောကတွင် အပုံအပင် ဖြစ်ပါသည်။

ဗုဒ္ဓ၏ ၀ိဘစ္စ၀ါဒဖြင့် အရာအားလုံးကို ပိုင်းခြားဝေဖန် နိုင်ခဲ့လျှင် 'အကောင်း' 'အဆိုး' တို့ကို ကောင်းစွာ ခွဲခြားနိုင်မည် ဖြစ်ပါသည်။ အဆိုးများကို ဖြစ်ပေါ်စေမည့် 'အတ္တ'၏ အကြောင်းအရာများကိုလည်း ဖယ်ထုတ်နိုင်မည် ဖြစ်သည်။ အကောင်းများကို ၀ိဘစ္စ၀ါဒ ဖြင့် ရှာဖွေပြီး ဆောင်ရွက်နိုင်ကြလျှင် လောကအကျိုးကို သယ်ပိုးပြီးသား ဖြစ်ကြပါလိမ့်မည်။

လူ၏ စိတ်ဓာတ်၊ ကျင့်ဝတ်၊ သိက္ခာနှင့် ပညာ တို့သည် လူ၏တန်ဖိုးများသာ ဖြစ်သည်။ ဤအရည်အချင်းများ အရ 'အသက်ရှူ' မတူဟု ရှေးလူကြီးများက ဆိုခဲ့ကြခြင်း ဖြစ်သည်

ခံစားမှုမှအသိသို့
သက်မဲ့ဖြစ်သော ကျောက်တုံးတစ်တုံးတွင် ခံစားမှုမရှိ၊ အမှားအမှန်ကို မသိနိုင်။ သက်ရှိ ဖြစ်လာသော တိရစ္ဆာန်ကောင် တစ်ကောင်သည်လည်း ခံစားမှုရှိသော်လည်း အမှားအမှန်ကို ကောင်းစွာ ခွဲခြားနိုင်သော ဉာဏ်ရည် အသိဆင့် နည်းပါးပါသေးသည်။ ထို့ကြောင့် တိရစ္ဆန်များတွင် လိုအပ်ချက် (Necessity)ဟူသော ရှင်သန်ရေး (Survival)အတွက်သာ ရှင်သန်ကြရသည်။ လောကအကြောင်း မစဉ်းစားတတ်၊ မစဉ်းစားနိုင်၊ မျိုးဆက်သစ်တို့ အကြောင်း မစဉ်းစားနိုင်၊ မစဉ်း စားတတ်ကြချေ။

အမှားအမှန်ကို စဉ်းစားဝေဖန် ပိုင်းခြားနိုင်မှုသည် ခံစားမှု ရှိကြသော အရေအတွက် အနန္တရှိသော သတ္တလောကကြီး တစ်ခုလုံးတွင် 'လူ' တစ်မျိုးတည်း၌သာ တည်၏။ ထို့ကြောင့် ဗုဒ္ဓက လူ့ဘ၀ကို ရခဲလှသောဘ၀ဟု ဆိုခြင်းဖြစ်သည်။ လူတွင် ခံစားမှု ကောင်းစွာရှိ၏။ ထို့ထက်ပိုသော စွမ်းရည်ကား အမှားအမှန်ကို ဝေဖန်ပိုင်းခြား နိုင်ခြင်းပင် ဖြစ်သည်။

လူ၏စိတ်ဓာတ်၊ ကျင့်ဝတ်၊ သိက္ခာနှင့်ပညာ တို့သည် လူ၏ တန်ဖိုးများသာ ဖြစ်သည်။ ဤအရည်အချင်းများအရ 'အသက်ရှူ' မတူဟု ရှေးလူကြီးများက ဆိုခဲ့ကြခြင်း ဖြစ်သည်။ လူတို့နှင့် ပတ်သက်၍ ကျင့်ဝတ်ဟူသော Ethics အကြောင်းကို ဗုဒ္ဓက ကျယ်ပြန့်စွာ ဟောကြားခဲ့ပြီး ဖြစ်သည်။ အတ္တခွာ ကျင့်ဝတ်တို့ကိုသာ လိုက်နာနိုင်ပါက လောကအကျိုး၊ အမျိုးဘာသာ၊ သာသနာအကျိုး ဆောင်ရွက်ကြသူတို့ အလိုအလျှောက် ဖြစ်လာကြမည် ဖြစ်သည်။

အချို့ပညာနည်း၊ အသိနည်းသူများက Determinism သို့မဟုတ် Predestination ဟူသော ကံကြမ္မာကို ကြိုတင်ဆုံးဖြတ်သည် ဟူသည့် ၀ါဒအပေါ် မျက်လုံးမှိတ် ယုံကြည်ထားကြသူများ ရှိကြသည်။ ဗုဒ္ဓဖြစ်စေလိုသော ပညာကို လုံးဝမသုံးရာ ရောက် နေပါသည်။ သံသရာတစ်လျှောက် ဘ၀ပေါင်းများစွာက စုတေလာသော ကံကံ၏ အကျိုးဆက်က တစ်ပိုင်းရှိသလို ယခုဘ၀ ဉာဏ်၊ ၀ီရိယ၊ စိတ် တို့၏ အပိုင်းကလည်း တစ်ပိုင်း ရှိနေပါသေးသည်။ ရှင်ဘုရင် ဖြစ်မည့်သူက ရှင် ဘုရင် ဖြစ်လာရသော်လည်း ပုဂံမင်းလို ရာဇ၀င်မကောင်းသော ဘုရင်အဖြစ် ထိုစဉ်က သူလုပ်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား ကဲ့သို့ ရှင်ဘုရင် များမှာလည်း သူတို့၏ ထိုစဉ်က ဆောင်ရွက်ချက်များကြောင့်သာ သမိုင်း ဖြစ်ခဲ့ခြင်း ဖြစ်သည်။

သူတောင်းစားချင်း တူသော်လည်း တောင်းကြသော ခွက်ထဲ ငွေအနည်းအများရခြင်း မတူသည်ကို သတိထားမိနိုင် ကြပါလိမ့်မည်။ ထည့်သူ၊ မထည့်သူ အားလုံးကို ကောင်းစွာ ဆုတောင်းပေးသော သူတောင်းစားခွက်က မထည့်သူအား မျက်စောင်းထိုးတတ်သော သူတောင်းစား ခွက်ထက် ပို၍ သဒ္ဓါကြေး ပိုနေတတ်သည်မှာ သူတို့၏ လုပ်ရပ်ကြောင့်သာ ဖြစ်ပါသည်။

ငွေအရနည်းသော သူတောင်းစားက ခံစားမှု သက်သက်ကိုသာ ခံစားသူဖြစ်ပြီး ငွေအရများသော သူတောင်းစားမှာ ခံစားမှုထက်ပိုသော အမှားအမှန် တို့ကို ဝေဖန်ပိုင်းခြားနိုင်မှု တစ်စုံတစ်ရာ ရှိလာခြင်းကြောင့် ဖြစ်သည်။ လူမှတစ်ပါး အခြား သတ္တ ၀ါတို့သည် 'သိစိတ်' နှင့် 'ခံစားမှု' ရှိကြသော်လည်း 'အဆင့်နိမ့် သိစိတ်'များသာ ဖြစ်ကြ၏။ အမှားအမှန် မဝေဖန်၊ မပိုင်းခြားနိုင်၍ သဒ္ဓါ၊ စေတနာတို့ ပါးလျကြသည်။ လူသည် 'အဆင့်မြင့် သိစိတ်' ရှိသူဖြစ်ပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း ကောင်းစွာရှိကြသူများ ဖြစ်သည်။ သဒ္ဓါ၊ စေတနာ၊ ကရုဏာ တို့ကို ထားနိုင်ကြ၏။

အကယ်၍ တစ်ဦးတစ်ယောက်သည် အမှားအမှန်တို့ကို ကောင်းစွာ ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိဘဲ စေတနာ၊ သဒ္ဓါ၊ ကရုဏာတို့ ကင်းမဲ့သည် ရှိသော် ထိုသူတို့၏ အဆင့်မှာ အဘယ်သို့ ရောက်ရှိသွားနိုင်ပါမည်နည်း။

တန်ဖိုး
ခေတ်သစ်တွင် တန်ဖိုးဟူသော Value ကို ရှေ့တန်းတင်၏။ ထိရောက်မှု (Effectiveness)ဖြင့်လည်း အရာရာကို တိုင်း၏။ ရလဒ်ကောင်း (Positive Result)သည် အလုပ်တို့၏ နောက်ဆုံး အဖြေသာ ဖြစ်၏။ ရလဒ်မကောင်းလျှင် မအောင်မြင်၊ ရလဒ် ကောင်းလျှင် အောင်မြင်၏။ အခြား ဘာမှ ထူးထွေသည့် အံရော်သော် မကြည့်တတ်ကြချေ။ ဗုဒ္ဓက တန်ဖိုး နှင့်ပတ်သက်၍ ပြည့်စုံရမည့် အကြောင်းတို့ကို အသိဖွင့် ပေးခဲ့ပြီး ဖြစ်ပါသည်။

ကာလသမ္ပတ္တိ ဟူသော အချိန်အခါနှင့် ပြည့်စုံမှု ရှိရမည်ဟု ဆိုသည်။ ကာလ၏ အထောက်အပံ့ကောင်းကို ရရှိခြင်းဖြင့် ပြည့်ဝသော တန်ဖိုးဖြစ်စေခြင်းကို ဆိုလိုပါသည်။ ထမင်းတစ်လုံး၊ ရေတစ်ကျိုက်သည် သာမန်အ ချိန်တွင် များစွာ တန်ဖိုး မရှိသော်လည်း ဆာလောင်မွတ်သိပ်ချိန်တွင် ကြီးစွာသော အထောက်အပံ့ကို ဖြစ်စေပါသည်။

ဂတိသမ္ပတ္တိဟူသော ဒေသ၏ ပြည့်စုံမှုလည်း ရှိရမည် ဖြစ်သည်။ ဒေသ၏ အထောက်အပံ့ကြောင့် တန်ဖိုး ပို၍ ပီပြင်ခြင်း ဖြစ်သည်။ အုတ်ချပ်တို့ကို စေတီ၊ လမ်းခင်း၊ အိမ်ဆောက်ရာ၌ တန်ဖိုးတို့ ကွဲပြားကြသည်ကို အလွယ်တကူ တွေ့နိုင်ပေမည်။

ဥပဓိသမ္ပတ္တိဟူသော ပင်ကိုယ် အရည်အသွေးဖြင့် ပြည့်စုံမှုကို ရည်ညွှန်းပါသည်။ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးနှစ်ပါး ကောင်းစွာပြည့်စုံလျှင် တန်ဖိုးကို များစွာ အထောက်အပံ့ ဖြစ်စေပါသည်။

နောက်တစ်ခုမှာ ပယောဂသမ္ပတ္တိ ဟူသော ဆောင်ရွက်ပုံ ထိရောက်မှု ဖြစ်သည်။ ယနေ့ ဆိုနေကြသော Effectiveness သဘောဖြစ်ပါသည်။ ရလဒ်ကောင်းထွက်အောင် ဆောင်ရွက်နိုင်ခြင်းသည် ထိရောက်သော ဆောင်ရွက်မှုဖြစ်ပြီး မည်မျှ ကြိုးစား၊ အပင်ပန်းခံ၍ ဆောင်ရွက်သော်လည်း ရလဒ်ကောင်း မထွက်လျင် ဆောင်ရွက်ပုံ မထိရောက်ဟုသာ သတ်မှတ်ပါသည်။

နီးကပ်သော ကာလတစ်ခုတွင် မြန်မာ့နိုင်ငံရေး အခင်းအကျင်းသစ်သို့ ရွေ့လျားပြောင်းလဲရာ၌ ကောင်းမွန်သော တန်ဖိုး တစ်စုံတစ်ရာ ပါဝင်ရန် မျှော်လင့်ကြပါသည်။ အပြောင်းအလဲတစ်ရပ် ဆိုသည်မှာ သာမန်ဖြစ်စဉ် တစ်ခု မဟုတ်ပါချေ။ တန်ဖိုးရှိသော အပြောင်းအလဲတစ်ခု၊ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်မျိုးဆက်သစ်များအတွက် အကျိုးတစ်စုံတစ်ရာကို ဆောင်ကြဉ်းပေးနိုင်မည့် ပြောင်းလဲမှုမျိုး ဖြစ်ရန် ဆန္ဒပြုရသည်။

သိမှု၊ သိခြင်း
လူသည် သိတတ်သော စွမ်းရည်၊ ခံစားနိုင်သော စွမ်းရည်တို့ ရှိသော သတ္တ၀ါဖြစ်၏။ မည်သို့သော အသိ၊ အသိ ပမာဏ မည်မျရှိသည်မှာ တစ်ဦးနှင့်တစ်ဦး ကွဲပြားကြသော အရည်အချင်း တစ်ပါး ဖြစ်ပါသည်။ သိလျက်နှင့် မသိသူများ ရှိကြပါသည်။ ရှုထောင့်တစ်ခုမှရှုလျင် လူကို

မသိခြင်း (အပ္ပဋိပတ္တိ)
ဖောက်ပြန်စွာသိခြင်း (၀ိပ္ပဋိပတ္တိ)
မှားယွင်းစွာသိခြင်း (မိစ္ဆာဋိပတ္တိ) ဟူ၍ ခွဲခြားနိုင်မည် ဖြစ်သည်။
မသိခြင်းအတွက် အထူးအထွေ မရှိသော်လည်း ဖောက်ပြန်မှုစွာ သိသူများ၊ မှားယွင်းစွာ သိသူများသည် မိမိတို့အသိကို အမှန်သိဟုပင် ယုံမှတ် မှားတတ်ကြသည်ဖြစ်ရာ မိမိတို့၏ အသိကို ကောင်းစွာ ဆန်းစစ်နိုင်ခြင်း မရှိကြဘဲ ပြုပြင်မှု မရှိကြလျှင် မှားသော အသိတို့သည် လောကကို အကျိုးတစ်စုံတစ်ရာ ဖြစ်စေမည် မဟုတ်ပါချေ။

(ပေးဆပ်ကြရာတွင် ) by Nay Zin Latt (နေဇင်လတ် )
http://www.first-11.com/