Showing posts with label နေရဉ္ဇရာမှတ်တမ်း. Show all posts
Showing posts with label နေရဉ္ဇရာမှတ်တမ်း. Show all posts

05 January, 2010

ရဟန်းတစ်ပါးဆီက ဘာတွေမျှော်လင့်ထားပါလိမ့်

(၁)

နေရဉ္ဇရာမှတ်တမ်းနဲ့တွဲဖတ်ဖို့ပါ။

ခုတစ်လော ဗုဒ္ဓဂယာကပြန်လာကတည်းက နေရဉ္ဇရာမှတ်တမ်းကို တိုစိတိုစိရေးဖြစ်ခဲ့ပါတယ်။ ရေးစရာတွေအများကြီးပါ။ သာသနာတော့်အရေးကို သာသနာထဲက ပုဂ္ဂိုလ်တွေက ပိုသိပါတယ်။ ဒါပေမယ့် ယိုပေါက်ထွက်ပေါက်လေးတွေ သတိမပြုမိတာလေးတွေ ရှိနေတာကိုလည်း ၀န်ခံရမှာပါ။

စိတ်ဝင်စားမိတာက သာသနာပြုတွေအနေနဲ့ မိမိတို့ဉာဏ်အလင်းပွင့်သမျှ။ လက်လှမ်းမီသမျှ သာသနာ့အရေးအရာတွေ မြှင့်တင်ကြရင်း အမျိုးသားရေးနဲ့ လောကအရေးတွေကိုပါ ဆောင်ရွက်နေကြတာ လိုအပ်ချက်နဲ့ ဖြည့်ဆည်းချက်အံဝင်မှုရှိပါသလားဆိုတာပါပဲ။

လွန်ခဲ့တဲ ၂၀၀၈ ခုနှစ်ဆီက ရွှေပြည်ကြီးဆီအပြန်မှာ ရင်းနှီးတဲ့မိတ်ဆွေဒကာတစ်ယောက်နဲ့ “ လိုအပ်ချက်နဲ့ ဖြည့်ဆည်းချက်အံဝင်မှု” အကြောင်းဆွေူးနွေးဖြစ်ခဲ့ပါတယ်။ မိတ်ဆွေဒကာက ဓမ္မရေးရာမှာ နှံ့စပ်သိမြင်သလို သဒ္ဓါအားကြီးတဲ့ ခေတ်ပညာတတ်တစ်ယောက်လည်း ဖြစ်ပါတယ်။ နောက်ဆုံးတော့ “ရဟန်းတစ်ပါးဆီက ဘာတွေမျှော်လင့်ထားပါသလဲ” ဆိုတဲ့ မေးခွန်းလေးကို ရေးပေးလိုက်ပါတယ်။
နောက်တစ်လလောက်မှာတော့ မိတ်ဆွေဒကာရဲ့အဖြေစာရွက်လေးရောက်လာပါတယ်။
အဲဒီအဖြေစာရွက်လေးကို ဖတ်ပြီး စာရေးဆရာမြင့်မြတ်ဆွေကတော့ ၂၀၀၈ ခုနှစ်ထုတ် MMWAI အဋ္ဌမနှစ်ပတ်လည်စာစောင်မှာ“ ဘွဲ့ဒီဂရီနောက်ကွယ်က စာဖြေခန်း” ဆိုပြီး ဆောင်းပါးတစ်ပုဒ်ရေးခဲ့ဖူးပါတယ်။

(၂)

မိတ်ဆွေဒကာရဲ့ အဖြေစာရွက်လေးကို မူရင်းအတိုင်း ဖော်ပြလိုက်ပါတယ်။ စာဖတ်သူတွေအနေနဲ့ မြင်ထားတာလေးတွေ ရှိရင် ပို့ပေးကြဖို့ပါ။ လိုနေတာတွေနဲ့ ပိုသွားတာမျိုးကိုလည်း ထောက်ပြကြဖို့ပါ။

-ဒကာ ဒကာမတို့၏ ကိုးကွယ်ဆည်းကပ်မှုကို ခံယူကြရကုန်သော ရဟန်းတော်တို့သည် ဒကာ ဒကာမတို့အား ပြန်လည်ကျေးဇူးပြုနိုင်ရန်အတွက်-
(၁) ခရီးသွားဟန်လွဲ ပေါ်ပေါက်လာသော သွားလာနေထိုင် စားသောက်ရေး အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ပါသလော။

(၂)လူမှုရေးပဋိပက္ခများကို တရားတော်နှင့် အညီ ဖြေရှင်းပေးနိုင်ပါသလော။(ရွာအမှုဘုန်းကြီးပတ်ခံနိုင်ပါသလော။)

(၃)ရွှင်ပြုံးသောစိတ်နှလုံးနှင့် ချဉ်းကပ်လှူဒါန်းလာသူများကို ပိုမိုရွှင်လန်းလှူဒါန်းလာအောင် ဟောကြားပေးနိုင်ပါသလော။

(၄)နာကျင်သောစိတ်နှလုံးဖြင့် ချဉ်းကပ်လှူဒါန်းလာသူများကို နာကျင်သောခံစားချက်များယူပစ်သလိုပျောက်ကင်းသွားအောာင် ဟောကြားပေးနိုင်ပါသလော။

(၅)လင်မယား၊သမီးရည်းစား၊မောင်နှမစသောကြားဝင်ခက်ခဲသည့် ပြဿနာများကို တင်ပြလာသောအခါ မိမိအယူအဆမပါ တရားသဘောသက်သက်ဖြင့် ယထာဘူတကျအောင် သွန်သင်ဆုံးမပေးနိုင်ပါသလော။

(၆)လောကီကို မမုန်း လောက္တုရာကို မကျင့်သုံးနိုင်သေးသူများအား ရ၄င်းတို့လိုလားသောလောကီကာမဂုဏ်ချမ်းသာများပြည့်စုံနိုင်ပြီး တရားတော်နှင့် ညီညွတ်သည့် မျက်မှောက်အကျိုးပေးနိုင်သော နည်းလမ်းကောင်းများကို ညွှန်ကြားပြသပေးနိုင်ပါသလော။

(၇)လူမျိုးခြားဘာသာခြားနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံနေရသူများအား အယူဝါဒရေးရာ ဖိနှိပ်ခြင်းမခံရလေအောင် ခိုင်မာသည့် အခြေခံအယူအဆများတည်ဆောက်ပေးနိုင်ပါသလော။

(၈)သိပ္ပံဘာသာရပ်များကို သင်ကြားတတ်မြောက်ထားသူများအား သိပ္ပံအယူအဆအရလက်ခံရန်ခက်ခဲသော ဗုဒ္ဓဘာသာအယူအဆများကို သိပ္ပနည်းကျရှင်းလင်းသောဥပမာများဖြင့် ခိုင်မာအောင် ရှင်းပြပေးနိုင်ပါသလော။

(၉)ဗေဒင်မေး၊ယတြာချေလုပ်တတ်သူများအား မှန်ကန်သောဒါနမှု၊သီလမှု၊ဘာဝနာမှုတို့ဖြင့် အစားထိုးလုပ်ဆောင်တတ်လာစေဖို့ ညွှန်ကြားပြသဆုံးမပေးနိုင်ပါသလော။

(၁၀)ရဟန်းသံဃာတော်များအား ဖူးတွေ့ရန်စိတ်မ၀င်စားသော(သို့)ကြောက်ရွံ့နေသော(သို့) အချိန်မပေးလိုသောသူများကို ရုပ်ရှင်အနုပညာရှင်များကို တွေ့ချင်မြင်ချင်အားပေးချင်သလို စိတ်မျိုးပေါ်ပေါက်လာအောင် ဆောင်ရွက်ပေးနိုင်ပါသလော။

(၁၁)ရဟန်းသံဃာတော်များနှင့် တွေ့ဆုံခိုက်တွင်မည်သို့မည်ပုံ မေးမြန်းလျှောက်ထားရမည်ကို မသိနားမလည်သူများအား မိမိကိုယ်တိုင် မေးခွန်းဖန်တီးပြဿနာတင်၍ ဖြေကြားရှင်းလင်းဗဟုသုတပေးနိုင်ပါသလော။

(၁၂)ဗုဒ္ဓဘာသာဝင်တို့က တရားတော်ကို ကျင့်သုံးနေထိုင်ရင်း ဆင်းရဲနေကာ ဘာသာခြားတို့က ဒါနမှု သီလမှုမလုပ်ဆောင်ပါဘဲလျက် ချမ်းသာနေကြသည်ကို (အတိတ်ကံကိုသာ တစ်ခုတည်းသော ညွှန်ပြရာမလုပ်ဘဲ) ဓမ္မဓိဋ္ဌာန်ကျကျ ရှင်းလင်းပြသ၍ ဆင်းရဲလွတ်မြောက်အောင် ကျင့်ကြံအားထုတ်လိုစိတ်များ သွတ်သွင်းပေးနိုင်ပါသလော။

(၁၃)သုတ္တန်ဒေသနာလာ ဇာတ်နိပါတ်တော်များကို အတုယူစရာ စံနမူနာများအဖြစ်သော်လည်းကောင်း၊ဇာတ်လမ်းပမာနားဆင်စရာအဖြစ်သော်လည်းကောင်း အမှန်တကယ်တွင်မူ ထိုဇာတ်လမ်းများကို နာကြားပြီးနောက် မဂ်ဖိုလ်အဆင့်ဆင့်ကို ဆိုက်ရောက်သည်မှာ မရေတွက်နိုင်ပါ။ သိုဖြစ်ပါ၍ ထိုဇာတ်လမ်းများတွင် ကိန်းဝပ်နေသော မဂ်ဖိုလ်အနှစ်သာရများကို ယနေ့ခေတ်တွင်မြင်သာလာအောင် အကျယ်တ၀င့် ရှင်းလင်းပြသနိုင်ပါသလော။

(၁၄)ရဟန်းတော်တို့အား ဆည်းကပ်လှူဒါန်းသဖြင့် မဂ်တရားဖိုလ်တရားကို အလွယ်တကူ ကျင့်သုံးနိုင်၍ အကျိုးများရသောမာတိကာမာတာဒါယိကာမကြီးထုံး နှလုံးမူ၍ မိမိကိုယ်တိုင်လည်း ကျင့်သုံး၊ သူတစ်ပါးကိုလည်း အလွယ်တကူ ကျင့်သုံးတတ်အောင် ညွှန်ကြားပြသပေးနိုင်ပါသလော။

(၁၅)မျိုးစေ့အပေါင်း၏ လျှင်မြန်စွာ ဖွံ့ဖြိုးရာ လယ်ယာမြေကောင်းနှင့်တူသည့် သံဃာတော်အရှင်မြတ်တို့သည် ဒါယကာ၊ဒါယိကာမတို့၏ အကျိုးကျေးဇူးကို အမြင့်မားဆုံးပေးနိုင်သူများပင် ဖြစ်သည့်အားလျော်စွာ ထိုသို့သော အကျိုးကျေးဇူးများလျင်မြန်စွာ ပေါ်ပေါက်လာအောင် ရပ်တည်ပေးနိုင်ပါသလော။


(၃)

မိတ်ဆွေဒကာက သူ့ရဲ့မေးခွန်းကို မေးခွန်းနဲ့ပဲ တုန့်ပြန်လိုက်တာပါ။ အားပါးပါး...လိုအပ်ချက်တွေကလည်းများလှပါပကော။
ရဟန်တော်တွေဆီက ဒါတွေ ဒါတွေကိုတော့ မျှော်လင့်မိပါသတဲ့။
မြင့်မြတ်ဆွေရဲ့ နိဂုံချုပ်စကားလေးပဲ ထပ်ဖြည့်လိုက်ပါရစေတော့။

“ထိုမေးခွန်းများကို အစစ်အမှန်ဖြေဆိုနိုင်ကြမှသာ ညှိုးနွမ်းနေဆဲဖြစ်သော နေရာဒေသ၊ပြိုကျနေသော ဗုဒ္ဓသာသနာ၊ကြွေလုဆဲသော ဓမ္မအသံများသည် အောင်လံတံခွန်လွှင့်ထူနိုင်မည်ဖြစ်ပါသည်။ ယခုထိုမေးခွန်းများကို ဝေငှလိုက်ပြီဖြစ်သည်။ ငါ့ရှင်တို့ကိုယ်တိုင်ဖြေဆိုရမည့်စာမေးပွဲကို ငါ့ရှင်တို့ကိုယ်တိုင်ပင် အမှတ်ပေးရပေလိမ့်မည်။”

03 January, 2010

နေရဉ္ဇရာမှတ်တမ်း(၈)

(၁)
ပညာရေးကော်မတီရဲ့ အစည်းအဝေးကို တက်ကြွ အသက်ဝင်နေအောင် ကော်မတီဝင် ရဟန်းတော်တစ်ပါးဖြစ်သူ ဗာရာဏသီဟိန္ဒူ တက္ကသိုလ်ကိုယ်စားပြု အရှင်နန္ဒသာရ (သာသနဓဇဓမ္မာစရိယ B.Sc (Physics)Dip( Buddha-Dhamma) M.A ) ကချိတ်ဆက်ပေးပါတယ်။ ကော်မတီဝင်ရဟန်းတော် များရဲ့ဘွဲ့များကို မိတ်ဆက်ကာ တစ်ပါးချင်းစီရဲ့ အမြင်တွေကို မေးမြန်းခဲ့တာပါ။ သူကတော့တင်ပြလာတဲ့အတွေးအမြင်တွေပေါ်မှာ အကောင်အထည်ဖော်နိုင်ဖို့  အဖွဲ့ဥက္ကဋ္ဌနဲ့အတူ ထပ်ဖြည့်ဆွေးနွေးတာမျိုးပဲ ၀င်လုပ်ဖြစ်ပါတယ်။

ဆွေးနွေးချက်များကို နားစွင့်လိုက်ပါတယ်။ နာဂဇုနတက္ကသိုလ်ကိုယ်စားပြု အရှင်သီဟဉာဏာ လင်္ကာရာဘိဝံသ(သကျသီဟသာမဏေကျော်၊စေတီယင်္ဂဏဂဏ၀ါစကဓမ္မာစရိယ၊သာသနဓဇဓမ္မာစရိယ၊ M.A (Delhi), PhD (Thesis)က “ပညာရေးကိစ္စရပ်များဖော်ဆောင်သင်တန်းများဖွင့်တဲ့အခါ ပညာသင်ယူကြမယ့် အဖွဲ့ဝင်ရဟန်းတော်များ ပညာသင်ကြားရန် သင့်လျော်တဲ့ နေရာများသတ်သတ်မှတ်မှတ်ရှိဖို့လိုကြောင်း။ မိမိတို့အဖွဲ့ဝင်အချင်းချင်း ပညာရေးပံပိုးမှုပေးကြရုံသာမက နိုင်ငံခြားသားဆရာများကိုလည်း ဖိတ်ကြားကာ သင်ကြားစေမယ်ဆိုရင် ဘာသာစကားအရည်အသွေးပိုမိုတိုးတက်ပြည့်စုံဖွယ်ရှိသလို တကယ်လို့ အဲဒီုအစီအစဉ်ကိုသာ လက်ခံအတည်ပြုခဲ့ပါက သူကိုယ်တိုင် ကူညီစီစဉ်ကာ ဖိတ်ကြားပေးနိုင်ပါကြောင်း၊” ဆွေးနွေးသွားတာ စိတ်ဝင်စားစရာပါ။

ပူနေးတက္ကသိုလ်ကိုယ်စားပြု အရှင်ရေ၀တ (သာသနတက္ကသီလဓမ္မာစရိယ၊ B.A (Buddhism) ,M.A (Pali) M.A (Buddhism), PhD (Thesis) ကတော့ ပူနေးတက္ကသိုလ်အနေနဲ့ ပညာသင်ကြားပေးဖို့နေရာအခက်အခဲရှိတဲ့အတွက် အဖွဲ့ကြီးက စီစဉ်ပေးတဲ့အဓိကဌာနကြီးသုံးခု (ဗာရာဏသီ၊နာလန္ဒာ၊မဂဓ)မှာ ကျောင်းပိတ်ရက်များနဲညှိပြီး အင်္ဂလိပ်ဘာသာရပ်ကို လာရောက် သင်ကြားပေးနိုင်တဲ့အကြောင်း တင်ပြဆွေးနွေးသွားပါတယ်။

(၂)
ဟုတ်ပေတာပဲ။ အားလုံးက ဓမ္မာစရိယဘွဲ့ရ ရဟန်းတော်တွေဆိုပေမယ့် နိုင်ငံခြားဘာသာ စကားအခြေခံချင်းမတူကြပါဘူး။ ငယ်စဉ်ကတည်းက အဆင့်ဆင့်သင်ယူခဲ့ရသူကနည်းပါတယ်။ ဖုတ်ပူမီးတိုက်အင်္ဂလိပ်စာ(Intensive English)သမားတွေက အများစုပါ။ ဓမ္မာစရိယအောင်မှ မဟာဝိဇ္ဇာနဲ့ ပါရဂူဘွဲ့တွေရဲ့ ဆွဲအားနဲ့ နိုင်ငံခြားသာသနာပြုဆိုတဲ့အိပ်မက်၊ ကိုယ့်မြေကိုယ့်ရေ ကိုယ့်သာသနာဘက်စုံပြန်လည်ဆန်းသစ်ပြုပြင်ရေးအတွေးအခေါ်သစ်တွေက အင်္ဂလိပ်စာသင်တန်း ခန်းမတွေဆီကို တွန်းပို့လိုက်တာပါ။

 ဓမ္မာစရိယတန်းအောင်ဖို့ဆိုတာကလည်းကံမကောင်းအကြောင်းမလှရင် နောက်ဘုရားပွင့်တဲ့အထိဆက်ဖြေပေတော့ ဆိုတာမျိုးထိကြာတတ်ပါတယ်။ ဒီလိုနဲ့ ကိုယ်တော်လေးတွေ မြို့ပြမှာ သောင်တင်နေတော့တာပါ။ ဓမ္မာစရိယဘွဲ့မရဘဲ ရွာကိုလည်း မပြန် လိုကြပေပဲကိုး။  မျှော်တနေတဲ့ အချိန်မှာ မောင်ဖုန်းလေးတွေက ရောက်မလာတော့ ရွာဦးကျောင်းသာသနာကို အရည်အသွေးမဲ့တဲ့ တောထွက်ဦးဇင်းကြီးတွေက နေရာယူလိုက်ကြပါပြီ။ တယ်မိတဲ့ဘုရားမှာ လင်းတနားမှတော့ ရွာလည်းနာတော့တာပါ။တစ်ချို့နေရာမှာတော့ အရည်အသွေးမရှိပေမယ့် သာသနာ ချစ်စိတ်လေးရှိတဲ့ရှားရှားပါးပါးဦးဇင်းကြီးတွေလည်း တွေ့ရတတ်ပါရဲ့။ ကျောင်းကန်ဘုရားလေးတွေ မပျက်စီးအောင် စောင့်ရှောက်ဖော်တော့ ရပေသေးသပလေ။

ငါ့ရှင်တို့ရေ ဓမ္မာစရိယမအောင်လည်း ရွာမှာ သာသနာပြုဖို့တော့ အရည်အသွေးမီပါတယ်။ ပျံသာ ပျံပါ ရွှေဟင်္သာ လို့သာ ပြောလိုက်ချင်မိရဲ့။ သူလည်း ရွှေပြည်ကြီးရဲ့ သာသနာ့အခြေခံဒေသဖြစ်တဲ့ကျေးလက်ကို အာရုံစောနေမိပါရဲ့။ အော် ဓမ္မာစရိယကလည်း နတ်ကြီးသလိုလို ခက်သလိုလိုနဲ့ (မခက်ခက်အောင်မေးပေသကိုး) သာသနာ့အင်အားစုလေးတွေ လွင့်ပါးစေပါသကော။ အလုပ်လုပ်ရမယ့်အချိန်တွေကို ဖဲ့နှုတ်ခဲ့ပါသကော။

ရွှေပြည်ကြီးက နာမည်ရဓမ္မကထိကစာရေးဆရာကိုယ်တော်လေးတစ်ပါးကတော့ သူထုတ်ဝေတဲ့ ဘုတ်အုပ်လေးတွေရဲ့ တစ်နေရာရာမှာ သူ့ကိုယ်ရေးအကျဉ်းကို ဖော်ပြရာမှာ “ဓမ္မာစရိယတန်းကို ဆယ်နှစ်ကြာအောင်ဖြေဆိုခဲ့ရသည်” ဆိုသဟာလေးကို တခုတ်တရထည့်ရေးလေ့ရှိတာအမှတ်ရပါရဲ့။ ချစ်လို့ပြောတာတော့ ဟုတ်ဟန်မတူ။

ဆိုကြပါစို့ များသောအားဖြင့် ဓမ္မာစရိယဘွဲ့ရရဟန်းတော်တစ်ပါးရဲ့ ပျမ်းမျှသက်တော်ဟာ သုံးဆယ်ဝန်းကျင်တွေများပါတယ်။သုံးဆယ်အရွယ်မှ ရေးရချွတ်ရ၊ ကျက်ရမှတ်ရတဲ့ အင်္ဂလိပ်စာဟာ မချောမွေ့နိုင်တာ သေချာလှပါတယ်။ဒါပေမယ့် ဓမ္မာစရိယရဟန်းတော်များအနေနဲ့ စာသွားစာလာနားလည်သူများပီပီ အချိန်တိုအတွင်းမှာအဓိပ္ပါယ်ပေါက်အောင်တော့ ဖတ်နိုင်ခဲ့ကြပါတယ်။ အရည်အသွေးလေးခုထဲမှာ ဖတ်တတ်ရုံနဲ့ မပြီးသေးတာ လူတိုင်းအသိ၊ အကြားစွမ်းရည်၊ အပြောစွမ်းရည်၊ အရေးစွမ်းရည်တွေလည်းလိုပေဦးမပေါ့၊

ဘာပဲဖြစ်ဖြစ် နိုင်ငံခြားတိုင်းပြည်က နိုင်ငံခြားတက္ကသိုလ်ကိုတော့ ရောက်လာခဲ့ကြပြီ။ တက္ကသိုလ်သင်ခန်းစာဆိုတာက မှတ်စုကောင်းကောင်းလေးရှိတာကို အာပူတိုက်လိုက်ရင် အောင်မှာတော့ အသေအချာ။နိုင်ငံခြားလာရခြင်းရဲ့ ပထမရည်ရွယ်ချက်ဖြစ်တဲ့ မဟာဝိဇ္ဇာကို့ မလွတ်တမ်းရမှာပါပဲ။ အာပူုတိုက်တာလွဲသွားလို့ တစ်နှစ်ကျရင်တောင် နောက်တစ်နှစ်ကတော့ အတည့်ဖြစ်ဖို့များပါတယ်။ ပါရဂူဘွဲ့ကတော့ အားစိုက်ရပါတယ်။ ဒါပေမယ့် ကျမ်းကြီးကြပ်သူတွေနဲ့ ပါမောက္ခတွေရဲ့ လမ်းညွှန်မှုနဲ့ ဖတ်သင့်တာတွေ ဖတ်၊ စုတုပြုနိုင်ရင်တော့ ကျမ်းတစ်စောင်စာတစ်ဖွဲ့ဖြစ်လာမှာပါ။

ဒုတိယ တတိယရည်ရွယ်ချက်တွေဖြစ် တဲ့နိုင်ငံခြား သာသနာပြုဖို့နဲ့  ပြည်တွင်း သာသနာမြှင့်တင်ရေးတွေအတွက်တော့ ပိုပြီး အားစိုက်ရမှာ အသေအချာပါပဲ။ အဲဒီအချိန်မှာ သက်တော်ကလည်း ဒုတိယအရွယ်ထဲ ထဲထဲဝင်ဝင်ရောက်နေခဲ့ပါပြီ။

(၃)
အင်္ဂလိပ်စကားပဲဖြစ်ဖြစ် အခြားနိုင်ငံခြားဘာသာစကားပဲဖြစ်ဖြစ် နိုင်ငံခြားသာသနာပြုခေါင်းစဉ်အောက်ကို ၀င်တော့မယ့်ရဟန်းတစ်ပါးဟာ မဖြစ်မနေ တတ်မြောက်ကြရတော့မှာပါ။ ရွာဘက်က အမျိုး ဘုန်းကြီးတစ်ပါးကတော့ အိမ်နီးချင်းနိုင်ငံက အမျိုးတွေဆီ လိုက်လည်ပြီး အပြန်မှာ နိုင်ငံခြားသာသနာပြုစကားလုံးကြီးကို သူ့ အတ္ထုပ္ပတ္တိတော်ကြီးထဲမှာ ဖော်ကျူးထားတာကို မော်ဖူးခဲ့ဖူးပါရဲ့။ အော် စွမ်းနိုင်သူကြီးပေပ။ သူကိုယ်တိုင်ရောက်လို့ ပရိတ်ကြီးနှစ်သုတ်လောက်ရွတ်ရုံနဲ့ အဆင်ပြေတာတွေ့ရလေမှ အော် ဒီလိုလည်း ဖြစ်သကိုးလို့ အလင်းပွင့်ရပါလေရော။ 

အော် အမျိုးတွေက သာသနာသက်ဝင်ပြီးသူတွေပဲ။ အချိုပေါ်သကာလောင်းဖွယ်မှ မလိုပေပဲကိုး။
ပရိယတ္တိသင်ရိုးညွှန်တမ်းထဲမှာ သင့်တော်ရာဘာသာရပ်တွေ မထည့်သွင်းခဲ့ရာက ကမောက်ကမပညာရေးနယ်ပယ်ကြီးထဲ သူကိုယ်တိုင်လည်း ၀ဲလည်ခဲ့ဖူးပါရဲ့။ နိမ့်သွားလိုက်မြင့်သွားလိုက်ပါ။ ရှင်းပြရတာကိုက ခက်ပါတယ်။ သူတို့ခေတ်မှာ သင်ရိုးညွှန်တမ်းက နည်းနည်းလေးအရောင်တက်လာပါသေးတယ်။ စနစ်သစ်ပရိယတ္တိပညာရေးဆိုတဲ့ အသံကြီးကျယ်ကျယ်လောင်လောင်ကြားလိုက်ရတာပါ။

နိုင်ငံတကာမှာ သင်နေတဲ့ပါဠိသင်နည်းစနစ်တွေကို က၀ိလက္ခဏာဘာသာဆိုပြီး မိတ်ဆက်ပေးခဲ့ပါတယ်။ ပိဋကတ်စာပေထဲက ကောင်းနိုးရာရာ သုတ်ဒေသနာတွေကိုလည်း စာသင်ပျိုနု သားရွှေဥလေးတွေရဲ့ ရင်ထဲရောက်အောင်ပို့ပေးခဲ့ပါသေးတယ်။မြန်မာစာပြဌာန်းချက်ကတော့ ကျေးဇူးအလွန်များခဲ့တာပါ။

ဒီနေ့ခေတ်စာနယ်ဇင်းမျက်နှာစာပေါ်မှာ ဓမ္မစာရေးဆရာရဟန်းတော်လေးတွေ တလက်လက်လင်းနေတာ စနစ်သစ်ပညာရေးမြန်မာစာရဲ့ အသီးအပွင့်လို့ ပြောရင်လွန်မယ်မထင်ဘူးပ။ ပြည်တွင်းသာသနာကို ဦးဆောင်မယ်ဆိုရင်တော့ မြန်မာစာမဖြစ်မနေတတ်ကို တတ်ကြရမှာပါ။ ဖတ်ကို ဖတ်ကြရမှာပါ။ ဒါပေမယ့် စနစ်သစ်ပညာရေးဆိုတာ အိပ်မက်ယောင်ခြင်းမျှသာပါ။ ဆယ်စုနှစ်တစ်ခုတောင်မခံပဲ တခေါခေါ အိပ်မောကျသွားရပါတော့တယ်။ ဘာပဲဖြစ်ဖြစ် စနစ်သစ်ပညာရေးက မွေးပေးလိုက်တဲ့ သာသနာ့တက္ကသိုလ်ကြီးနှစ်ခုကတော့ အဖတ်တင်ကျန်ခဲ့ပါသေးတယ်။

သူတို့တက်တဲ့နှစ်တွေတုန်းကတော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ ၀ိနည်း၊ သဒ္ဒါ၊ အဘိဓမ္မာ၊ ပါဠိ၊ မြန်မာစာနဲ့ အထွေထွေဗဟုသုတဘာသာရပ်တွေ ဖြေခဲ့ရတာမှတ်မိနေပါသေးတယ်။ တက္ကသိုလ်ရောက်မှ အေဘီစီဒီတွေ သရဇ္ဈာယ်ရတာပါ။ ဒါပေမယ့် ခုဒီနှစ်ပိုင်းတွေမှာတော့ အဲဒီဘာသာရပ်တွေအပြင် ၀င်ခွင့်စာမေးပွဲမှာ အင်္ဂလိပ်ဘာသာပါ ဖြေဆိုရနေရပြီ ကြားရပါတယ်။

အလယ်တန်းအင်္ဂလိပ်စာအဆင့်ရှိရမှာဆိုလားတက္ကသိုလ်ဝင်တန်းအဆင့်ရှိရမှာဆိုလားပဲ။ ကြိုဆိုရမှာလိုလို ဘာလိုလိုပေမယ့် ၀င်ခွင့်ဖြေမယ့်မောင်ရှင်လေးတွေကို ဘယ်သူက သင်ပေးလို့ ဘယ်မှာသင်ခွင့်ရလို့ဒီအလယ်တန်းအဆင့် တက္ကသိုလ်ဝင်တန်းအဆင့်ရောက်နေရသတုန်း။ ခက်ခက်ရချေသေးရဲ့။

ပြီးတော့ ပြဿနာက အင်္ဂလိပ်စာသင်ရမယ် ကွန်ပြူတာနဲ့ အင်တာနက်ကို နားလည်ရမယ် ဆိုတဲ့ ရောဂါက ရှင်ငယ်ရဟန်းငယ်လေးတွေရဲ့ ရာစုသစ်ဦးနှောက်ထဲမှာ ထုတ်ပယ်မရအောင်စွဲနေပါပြီ။ သူတို့မဖြစ်ဖြစ်အောင် သင်တော့မှာပါ။ ဒီတစ်ခေါက် သူရွှေပြည်ကြီးကို ပြန်တော့ ဟိုနားတစ်စ ဒီနားတစ်စ တပည့်မောင်ကိုရင် မောင်ပဉ္ဇင်းလေးတွေကို ပြန်တွေ့ရပါတယ်။

စာသင်တိုက်ထဲမှာ ရှိနေရမယ့်အရွယ်မှာ သူတို့ မြို့ထဲက သင်တန်းခန်းမတွေဆီ စုပြုံတိုးနေကြတာပါ။ ပရိယတ္တိကို ပြတ်ပြတ်သားကျောခိုင်းလိုက်တဲ့အထိ နားလည်မှုလွဲနေကြရှာပါပြီ။ သူတို့ဘာအတွက် ဘာတွေကို သင်ကြမှာပါလိမ့်။ ဘာလုပ်နေကြတာတုန်းလို့ မေးကြည့်တော့ ကွန်ပြူတာသင်တန်းတက်သူတက်။ အင်္ဂလိပ်စကားပြောသင်တန်းတက်သူတက်ပါ။ ဘာလုပ်ဖို့လဲလို့ ထပ်မေးကြည့်တော့ နိုင်ငံခြားသာသနာပြုဖို့ဆိုပဲ၊ တစ်ခုခုထက်မက နှစ်ခုသုံးခု လွဲလေပြီ။

အင်္ဂလိပ်စကားပြောတတ်ပါပြီတဲ့။ ကွန်ပြူတာအင်တာနက်ကြီးကို အသုံးချတတ်ပါပြီတဲ့။ အဘယ်တရားကို ဟောပြီး အဘယ်ဓမ္မကို ဖြန့်ကြကုန်မည်နည်း ငါ့ရှင်လေးတို့။ ဘယ်လိုတရားဓမ္မအသိဉာဏ်ကိုယ်ခံအားတွေနဲ့ သာသနာဝန်ကြီးကို ထမ်းကြမှာတုန်း။ အော် ဘုရား ဘုရား ။ 

တစ်ခုခုတော့ တစ်ခုခုလုပ်ရတော့မှာပါ။ ကျောင်းထဲမှာ သင်မပေးရင်တော့ အပြင်ထွက်သင်မှာပါပဲ။ ရှင်ရဟန်းဆိုပေမယ့် အိုင်တီခေတ်ကြီးထဲက သင်္ကန်းဝတ်ထားတဲ့ လူငယ်လေးတွေဆိုတာ မေ့ထားလို့မရပါဘူး။ ပေလေးပင်ရှင်လေးပါးတို့ခေတ်တုန်းကလည်း တောင်တွင်းကြီးက ကိုယ်တော်လေးတွေ အင်းဝကို ခေတ်ပညာသင်ဖို့ဆိုပြီး ထွက်ခွာသွားခဲ့ကြဖူးလေရဲ့။
(၄)
သူအနေနဲ့ ပညာရေးဝင်ပေါက်မှန်သမျှ တိုးဝင်ချင်တဲ့ညဉ်လေးရှိပြန်တော့ ရန်ကုန် အပြည်ပြည်ဆိုင်ရာထေရ၀ါဒတက္ကသိုလ်ကြီးရဲ့ ၀င်ခွင့်စာမေးပွဲကို ဖြေခဲ့ဖူးအောင်ခဲ့ဖူးပါတယ်။ အင်္ဂလိပ်စာက အဆင့်မြင့်ပါတယ်။ ဒါပေမယ့် ပြောစရာက သူတို့လို ဓမ္မာစရိယအဆင့်ရှိတဲ့ရဟန်းတွေနဲ့ ခုမှ မေတ္တာပွားနည်းတို့ ပရမတ္ထတရားလေးပါးတို့ စသင်မယ့် သင်တန်းသားတွေကြား သင်ရိုးညွှန်းတမ်းမညီမျှမှုပါ။

ဒီပလိုမာက ပြန်စရပြန်ပါတယ်။ ငယ်ငယ်တုန်းက ကျက်ခဲ့တဲ့စာတွေပဲ ထပ်တလဲလဲ ရွတ်အံရပြန်တာပါ။ စာမေးပွဲခန်းထဲက ထွက်လိုက်တာနဲ့ “ ဖြေနိုင်လား”မေးရင် မျက်နှာပူပါတယ်။ မူလတန်းတုန်းက ဖြေခဲ့တဲ့စာတွေ ဘွဲ့လွန်မှာ လာဖြေရတာကိုး။ သင်္ချာနဲ့ ဘွဲ့ရပြီးကာမှ (၂) အလီရေးပြရတာမျိုးပါ။ ဘာသာစုံဂုဏ်ထူးတွေထွက်တော့လည်း မပျော်ခဲ့ပေဘူး။

ဒီပလိုမာပြီးရင် ၀ိဇ္ဖာဘွဲ့၊ ပြီးတော့ မဟာဝိဇ္ဇာပေါ့လေ။ သာသနာ့တက္ကသိုလ်က ၀ိဇ္ဇာဘွဲ့တစ်ဘွဲ့ရပြီးတဲ့ သူ့အတွက် နှစ်ထပ်ကွမ်းဝိဇ္ဇာဆိုတော့ ဂုဏ်ယူရမှာလိုလို ဘာလိုလိုကြီးပါ။ ဓမ္မာစရိယအဆင့်ရဟန်းတော်များကို ကြားခံအင်္ဂလိပ်စာဒီပလိုမာသင်တန်းတစ်ခုကို တစ်နှစ်တာ ဖိဖိစီးစီးသင်ပေးပြီး အရည်အချင်းစစ်ပြီးတာနဲ့ မဟာဝိဇ္ဇာတန်းကို တိုက်ရိုက်တက်ခွင့်ပေးလိုက်ရင် ဘွဲ့ထပ်တာ သင်ရိုးထပ်တာတွေ မရှိနိုင်တော့ဘူးပေါ့။ အမှန်တကယ်က အိန္ဒိယနဲ့ သီရိလင်္ကာတက္ကသိုလ်တွေမှာ ဓမ္မာစရိယဘွဲ့ရရဟန်းတစ်ပါးကို မဟာဝိဇ္ဇာတန်းကို တိုက်ရိုက်တက်ခွင့်ပေးပါတယ်။
(၅)
ကဲ အခု နာဂဇုနတက္ကသိုလ် အရှင်သီဟဉာဏာလင်္ကာရကတော့ အဖွဲ့ဝင်ရဟန်းတော်တွေရဲ့ ဘာသာစကားအရည်အသွေးမြင့်ဖို့ နိုင်ငံခြားဆရာများကို ဖိတ်ကြားပြီး သင်ကြားစေရမယ်တဲ့။ ဖိတ်လည်း ဖိတ်ပေးမယ်တဲ့။ ပူနေးအရှင်ရေ၀တကလည်း အင်္ဂလိပ်စာမြှင့်တင်ရေးအစီအစဉ်တွေမှာ သူကိုယ်တိုင်ပါဝင်ဆောင်ရွက်ပါမယ်တဲ့။ သင်တန်းနေရာကိုတော့ အဖွဲ့ကြီးကသတ်မှတ်ပေးပါတဲ့။

အဖွဲ့ဝင်ရဟန်းတော်တွေဟာ အိုင်တီခေတ်ကြီးထဲက မျိုးဆက်သစ် ရှင်ငယ်ရဟန်းငယ်လေးတွေကို ပြန်လည်ငဲ့စောင်းကြည့်ကြဖို့ လိုနေပြီ။ သူတို့ကတော့ သူတို့လိုရာတိုးဝှေ့ယူသွားကြမှာပဲ။ သူတို့လေးတွေရဲ့ အသိဉာဏ်ဆာလောင်မှုကို ပဲ့ထိမ်းပေးကြဖို့ပါပဲ။ ဒီလိုမှ မဟုတ်ရင်တော့ သာသနာဟာ နောက်မျိုးဆက်ဘယ်နှစ်ဆက်ခံမလဲ။ စုလစ်မွန်းချွန်ကျောင်းတော်ကြီးတွေနဲ့ ရွှေရောင်စေတီကြီးတွေ ရှေးဟောင်းသုတေသန လက်အောက်ရောက်သွားမှာပါ။ သမိုင်းဆရာတွေလည်း အလုပ်တော့များသွားမှာပေါ့လေ။ 

ဘာပဲဖြစ်ဖြစ် ပရိယတ္တိသမားတွေဟာ သာသနာထိန်းတွေဆိုတာ မေ့မပစ်ဖို့ပါပဲ။ ဓမ္မဂင်္ဂါဗုဒ္ဓဘာသာကောလိပ်အိပ်မက်ကတော့ ပိုပြီးခိုင်မာလာပါတယ်။သစ်ပင်အောက်မှာတောင် သျှန္တိနိကေတန်တက္ကသိုလ်ကြီးအစပျိုးခဲ့သေးတာပဲ။
အစည်းအဝေးက မပြီးသေး။ နွေးနေတုန်းပင်။

02 January, 2010

နေရဉ္ဇရာမှတ်တမ်း(၇)

မဟာဗောဓိလမ်း



(၁)


ဆယ်နှစ်မြောက်နှစ်ပတ်လည်အစည်းအဝေးကြီး

ဒုတိယနေ့ဟာ မဟာဗောဓီစေတီတော်ကို

ဦးခိုက်ပူဇော်ခြင်းနဲ့ အောင်မြင်စွာ ပြုံးဆုံးခဲ့ပါပြီ။


အဖွဲ့ဝင်ရဟန်းတော်တွေ မနက်ဖြန် သို့မဟုတ် တစ်ပတ် အတွင်းခွဲခွာကြရတော့မှာမို့ စကားလက်ဆုံပြောမကုန်အောင် နွေးထွေးနေကြတော့တာပါ။ အနာဂတ် ရွှေပြည်ကြီးရဲ့သာသနာ့ အခင်းအကျင်းမှာ ဒီလိုပဲ ဂိုဏ်းဂဏမကွဲ ဆက်လက်ညီညွတ်ကြဖို့သာ ဆုတောင်းမိတော့တယ်။

ပဋိပတ်အမည်ခံ ဂိုဏ်းဆရာတွေနဲ့ ဓမ္မကထိကလက်သစ်တွေရဲ့ လက်ဖြစ်တရားတွေအတွက်
အယူလည်းလွဲလူလည်းမွဲ ဖြစ်နေရရှာတဲ့ ရွှေပြည်ကြီးရဲ့ ယွင်းပျက်နေတဲ့ အကွင်းအကွက်တွေမှာ ပြန်လည်နေရာယူဦးဆောင်မှုတွေ အတူလက်တွဲဆောင်ရွက်ကြရဦးမှာပါ။ “ကမ္ဘာ့သာသနာပြုဖို့ထက် မြန်မာ့သာသနာမပျက်ဖို့ပဲလုပ်စမ်းပါဦးကွာ” ဆိုတဲ့ ရွာဦးကျောင်းဘုန်းတော်ကြီးရဲ့သြ၀ါဒစကား နားထဲမှာထင်းထင်းကြီးကြားခဲ့မိပေါ့။

(၂)


အဲဒီနေ့ညနေ ၇း၀၀ မှာတော့ ပညာရေးကော်မတီအစည်းအဝေးကို အဖွဲ့ရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။ ဗဟိုဥက္ကဋ္ဌအရှင်ပညာသာမိကဒီလိုအဖွင့်အမှာစကားပြောကြားခဲ့ပါတယ်

“အဖွဲကြီးဖြစ်တည်လျှောက်လှမ်းလာခဲ့တာ ဆယ်စုနှစ်သို့ တိုင်ခဲ့ပြီဖြစ်သလို အဖွဲ့ကြီးအတွက် လိုအပ်တဲ့အခြေခံအဆောက်အဦများလည်း ပြည့်စုံသလောက် ဖြစ်နေတဲ့အတွက် အဖွဲ့ဝင်ရဟန်းတော်များမျှော်လင့်တောင့်တနေတဲ့ ပညာရေးကဏ္ဍကို ဖော်ဆောင်ကြဖို့နဲ့ အဖွဲ့ကိုယ်စားပြုရဟန်းတော်များ နိုင်ငံတကာစင်မြင့်ပေါ်သို့ တက်ရောက်နိုင်ရေးအားပေးကြရမှာဖြစ်ပါတယ်၊



အနာဂတ်ကာလမှာ အဖွဲ့ကြီးရဲ့ ပညာဂုဏ်ရောင်ကို ထွန်းလင်းပြောင်စေမယ့်အရည် အသွေးပြည့်အဖွဲ့ဝင်ရဟန်းတော်များပေါ်ထွက်လာတာနဲ့အမျှ ပြည်တွင်းပြည်ပဗုဒ္ဓသာသနာပြု လုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက်နိုင်ကြမှာဖြစ်ပါတယ်၊ယခင်က ပညာရေးကော်မတီများဖွဲ့ စည်းခဲ့ဖူးပေမယ့် ယာယီမျှသာ ဖြစ်ခဲ့တဲ့အတွက် အဖွဲ့ဝင်ရဟန်းတော်များရဲ့ ပညာရေးရည်မှန်းချက်တွေကို ရေရှည်မဖော်ဆောင်နိုင်ခဲ့ပါဘူး။



ယခုအခါ ပညာရေးကော်မတီကို အသစ်ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်တဲ့အတွက် ပညာရေးကဏ္ဍကို တိုးမြှင့်ဆောင်မြှင့်ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။ အဖွဲ့ဝင်ရဟန်းတော်များအနေနဲ့ ဘာသန္တရစာပေများအပါအ၀င် သာသနာပြုရဟန်းတော်တစ်ပါးမှာ ရှိသင့်ရှိထိုက်တဲ့အရည်အသွေးများပြည့်စုံစေရေးအတွက် အရှင်ဘုရာများရဲ့ အတွေ့အကြုံဗဟုသုတနဲ့ အကြံဉာဏ်များကို ပွင့်လင်းစွာ ဆွေးနွေးတင်ပြပေးတော်မူကြပါဘုရား”



(၃)


ဟုတ်တော့လည်း ဟုတ်ပါပေတယ်။

ပညာရေးလိုအပ်ချက်ဖြည့်ဆည်းမှုနဲ့ ပြုပြင်ပြောင်းလဲမှုဆိုတာက ရွှေပြည်ကြီးရဲ့သာသနာမှာ အမှန်တကယ်လိုအပ်တယ်ဆိုတာ တော်တော်များများက သိနေကြပေမယ့် ဘယ်က စပြောင်းရမှန်းမသိဖြစ်နေသလို မျိုးဆက်ကွာဟချက်ကိုလည်း စေ့စပ်မရဖြစ်နေရတာပါ။



ပရိယတ္တိသမားတွေ သွေးအေးပြီး နှေးကွေးနေကြတာနဲ့ ၀ါဒအသစ်သမားတွေ လက်ဦးမှုရယူကုန်ကြတာပါ။ သင်ယူသင့်တဲ့ သင်ရိုးညွှန်တမ်းတွေ မရေးဆွဲနိုင်ရတာနဲ့ ရှင်ငယ်ရဟန်းငယ်လေးတွေ အအလေးတွေ တစ်နေ့တစ်ခြားဖြစ်လာရတာ ကြေကွဲစရာ ကောင်းပါတယ်။ လောကီလည်းမမှီ လောကုတ်လည်း မပေါက် ဟိုမရောက် ဒီမရောက်နဲ့ နောက်ကောက် ကျရတော့တာပါ။



“ ဆွမ်းခံကြွတဲ့ ကိုရင်လေးတွေကလည်း ဘုရားခမည်းတော်မယ်တော်တောင် မသိဘူး” လို့ ရင်းနှီးတဲ့ ဒကာကြီးတစ်ယောက်က လျှောက်ဖူးတာကို စိတ်မသက်မသာ နားထောင်ခဲ့ရဖူးပါတယ်။ ပြောရင်ယုံမယ်မထင်ဘူး၊ ကိုရင်လေးတွေရဲ့ သင်ခန်းစာမှာ ဗုဒ္ဓ၀င်မပါရှာဘူး။ သူတို့ငယ်ငယ်တုန်းကတော့ မြန်မာစာပြဌာန်းလို့ လယ်တီဆရာတော်ကြီးရဲ့ ခုနှစ်နေ့ ဘုရားရှိခိုးသင်ခဲ့ရလို့ ဗုဒ္ဓ၀င်နဲ့ ရင်းနှီးခဲ့ရသေးရဲ့။ ကိုယ်တိုင်လည်း စာဖတ်ဝါသနာပါလို့ လက်လှမ်းမီရာ ဆွဲဖတ်ပြီး ကိုယ်ပိုင်သင်ရိုးညွှန်တမ်းဆွဲခဲ့ရပါတယ်။

အမြင်မကျယ်ပြောတဲ့ဆရာနဲ့တွေ့လို့တော့ နာပြီ။ ပါဠိစာလုံးမပါတဲ့စာမဖတ်ရ ဆိုသဟာမျိုးပ။



တကယ်ပါဠိသင်တော့လည်း ပါဠိမသင်ဘဲ သဒ္ဒါပဲ သင်ကြလေတော့ သဒတ်လည်း မတာ စပ်လည်း မတာ။ သဒ္ဒါမတတ် စာမတတ်ဖြစ်ရရှာတော့တာ။ ရှေးဆရာတော်ကြီးတွေ ဒီလိုပဲ တတ်ခဲ့တာပဲလို့ ရမ်းအုပ်ကြသေး။ အဝေးကြီးမဟုတ်ဘူး၊ အရှင်ဇနကာဘိဝံသရဲ့ တစ်ဘ၀သာသနာကိုပဲ ကြည့်၊ နှပ်တရှုံ့ရှုံ့ပထမပြန်ဝင်ဖြေမယ့်ကိုရင်လေးက ပါဠိတော်စာအုပ်ကြီးကိုကိုင်လို့၊ မြန်မာစာကိုလည်း မြောင်းမြဆရာတော်ကြီးကိုယ်တိုင် ကြီးကြပ်သင်ပေးလို့။ ရှေးဆရာတော်တွေနည်းက ရေးကူးနည်းလေး နည်းနည်းပြောပြပြီး ရေကန်ထဲ ကန်ချတဲ့နည်းကိုး။ ကူးပေရော။ ကူးရင်းနဲ့မှ နည်းတွေချဲ့ထွင်ပြောပြသွားတာမျိုးကလား။


နိုင်ငံခြားဘာသာစကားနဲ့ လောကီစာပေသင်တော့လည်း လူထွက်မှာ စိုးပြန်သတဲ့ လုပ်ပြန်ရော။

မပျော်လို့ထွက်တာ သာသနာအတွက် အေးတာပဲလေ။ သဒ္ဓါရဟန်းတွေချည်းကျန်တော့ သာသနာပိုသန့်သွားတာပ။ ထွက်ချင်တဲလူတွေကတော့ ထွက်မှာပဲ။ ဘိုးတော်ဘုရားလက်ထက်ကဆိုရင် သာသနာပိုင်တောင် လူထွက်သေးတာကလား၊



(၄)


တကယ်က လူထွက်ထွက် မထွက်ထွက် သာသနာအတွက်ရော နိုင်ငံအတွက်ပါ အသုံးဝင်မယ့်ပညာရပ်တွေ သာသနာဝန်ထမ်းတွေသင်ယူထိုက်ကြောင်း အရှင်အာဒိစ္စ၀ံသတို့ကအစ အရှင်ဇနကာဘိဝံသတို့အလယ် ယနေ့ခေတ်မျိုးဆက်ရဟန်းတွေအဆုံး အကုန်လုံးနားလည်နေကြပြီ။



တကယ်ပါ ခေတ်ပညာကို သူတကာတွေ ကန့်ကွက်တဲ့ကြားထဲက ရွံရွံ့ချွန်ချွန် သင်ယူခဲ့ပြီး လူ့ဘ၀ကို ကူးပြောင်းသွားတဲ့ ဆရာကြီးဦးအောင်မြတ်ထွဋ်ကို ဆုံးရှုံးခဲ့ကြပါသလား။ ပါဠိဆရာကြီး ဒေါက်တာလင်း၊ လယ်တီပဏ္ဍိတဦးမောင်ကြီး၊ ဆရာကြီးပါရဂူ။ ဓမ္မာစရိယဦးဌေးလှိုင်၊ ဦးရွှေအောင်၊ နည်းသစ်အင်္ဂလိပ်စာဦးသောင်းလွင်စတဲ့ လူပြန်တော်ပညာရှင်များစွာကို သာသနာတော်ကရော နိုင်ငံကပါ ဆုံးရှုံးခဲ့ကြပါသလား။



ကမ္ဘာ့ပါဠိပညာရှင်များအလယ်မှာ လယ်တီဒီပနီတွေနဲ့ အတူတွဲဘက်လူသိများတဲ့ မစိုးရိမ်ပထမကျော်အရှင်ဉာဏဟာ ရဟန်းဘ၀နဲ့ သာသနာမှာ ခေါင်းချခဲ့ပါတယ်။ ဘာသာခြားစကားသင်ရကောင်းလားဆိုပြီး ဆွမ်းမလောင်းလှူရလို့ အရင်းအခြာရဟန်းဒကာကတောင်သပိတ်မှောက်ခဲ့ပေမယ့် နောက်မဆုတ်ဘဲ ယုံကြည်ရာလမ်းကို လျှောက်ခဲ့တဲ့ အရှင်သေဋ္ဌိလကို နောင်တစ်ချိန်မှာတော့ ကန့်ကွက်ခဲ့တဲ့သူတွေကိုယ်တိုင်ကပဲ ကမ္ဘာ့သာသနာပြုကြီးရယ်လို့ သဲသဲလှုပ်ကြပြန်ပါရော။



ထေရ၀ါဒနိုင်ငံတစ်ခုက မိတ်ဆွေရဟန်းတော်တစ်ပါးက ” မင်းတို့နိုင်ငံက ဓမ္မာစရိယရဟန်းတော်တစ်ပါး တကယ်လို့ သာသနာ့ဘောင်မှာ မပျော်မွေ့လို့ လူ့ဘောင်ကို ကူးပြောင်းမယ်ဆိုရင် နိုင်ငံဝန်ထမ်းဖြစ်စေ အခြားကုမ္ပဏီစီးပွားရေးလုပ်ငန်းမှာဖြစ်စေ အလုပ်လုပ်ခွင့်ရပါသလား” တဲ့။ လောကီဘွဲ့တစ်ဘွဲ့ကိုသာ တွဲဖက်ပြီးရအောင်လုပ်မထားရင် ဓမ္မာစရိယဆိုတာ ရေးတတ်ဖတ်တတ်ထက် မပိုဘူးလို့ ပြောပြလိုက်တဲ့အခါမှာ မိတ်ဆွေရဟန်းတော်က အံသြ၀မ်းနည်းဖြစ်ဟန်ပါ။ “ မင်းတို့နိုင်ငံအတွက် အသိပညာရှင်တစ်ယောက်ဆုံးရှုံးသွားတာပါလား”တဲ့။ သြော်သူတို့ကား မြင်တတ်ပါပေစွ။



ဘာပဲ ဖြစ်ဖြစ် သူကတော့ ထင်ပါတယ်။ “ဒို့ခေတ်ကို ရောက်ရမည်မလွဲပါ” ဂါထာကို ရွတ်လက်စ မပျက်ဆက်ရွတ်ရင်း ပညာရေးကော်မတီအစည်းအဝေးထဲပြန်ရောက်သွားပါတယ်။