Showing posts with label သြဇီးဥရောပခရီး. Show all posts
Showing posts with label သြဇီးဥရောပခရီး. Show all posts

20 May, 2014

သြစတေးလျပလပ်စ် ဥရောပခရီး (၅)





သြစတေးလျပလပ်စ် ဥရောပခရီး (၅)
========================
နယူးဆော့သ်ဝေးလ်ပြည်နယ်၊ ဆစ်ဒနီမြို့ အောချတ်လေးလမ်း၊အမှတ် (၆၅) ယင်နိုရာမြန်မာဘုန်းတော်ကြီးကျောင်းတွင် နှစ်ညကျိန်းစက်ပြီးကာမှ ဆရာတော်ဘုရားကြီးဒေါက်တာအရှင်ဇာဂရာဘိဝံသနှင့် အရုဏ်ဆွမ်းဘုန်းပေးခွင့်ရခဲ့သည်
ဆရာတော်ကြီး၏ လက်ထောက်ဖြစ်သူ အရှင်ပညိန္ဒက သူ့ဘွဲ့အမည်ကို လျှောက်ထား မိတ်ဆက်ပေးသည်။ ပြုံချိုစွာ အသိအမှတ်ပြုတော်မူ၏။ သက်တော်ကြီးရင့်ပြီဖြစ်သော်လည်း ကျန်းမာရေးက အထုးကောင်းမွန်ဆဲပင်..။

ရဟန်းငယ်တစ်ပါးအတွက် ပရိယတ္တိနယ်ပယ်က ဖြစ်စေ၊ ပဋိပတ်ရပ်ဝန်းကဖြစ်စေ အားကျဖွယ်ရာဆရာတော်ကြီးများ၏ ပုံရိပ်အချို့ ရှိနေခဲ့ပါသည်။ ဒေါက်တာအရှင်ဇာဂရ၏ ကိုယ်ပိုင်ပဋိပတ်က သိုသိပ်အပ်သောအရာဖြစ်၍ မှန်းဆမမြင်နိုင်သော်လည်း ပြောင်ပြောင်ဝင်းဝင်းရှိလှသော ပရိယတ္တိစွမ်းရည်ကတော့ မော့ကြည့်ထိုက်အောင် မြင့်မြင့်မားမားရှိနေခဲ့ပါသည်။

တိဘက်တက္ကသိုလ်တွင် ပါဠိစာပေဆိုင်ရာဧည့်ပါမောက္ခအဖြစ်ထမ်းဆောင်ခွင့်ရခဲ့သည့်အခါ ဆရာတော်ကြီးအရှင်ဇာဂရ၏ တပည့်ဖြစ်သူ ပါမောက္ခ ဆူရိန္ဒရာကူးမားရ်နှင့် တွဲဖက်လုပ်ရသည့်အတွက် ဆရာတော်ကြီးအကြောင်း ပိုမိုသိရသည်။ မစ္စတာဆူရိန္ဒရာက နာလန္ဒတက္ကသိုလ်ကျောင်းဆင်းဖြစ်ပြီး ဆရာတော်ကြီးအရှင်ဇာဂရ၏ ကြီးကြပ်မှုဖြင့် ပါရဂူဘွဲ့ရခဲ့သည်။ ဆရာတော်ကြီးကို သက်ရှိလမ်းလျှောက်အဘိဓာန်ကြီး(Living Walking Dictionary)ဟု တင်စားခေါ်ဝေါ်သည်။ ပိဋကတ်ဆိုင်ရာဝေါဟာရတစ်ခု သို့မဟုတ် ဗုဒ္ဓဓမ္မဆိုင်ရာသုတတစ်ခု မရှင်းလင်းသည့်အခါ ဆရာတော့်အခန်းတံခါးခေါက်လိုက်လျင် အဘိဓာန်နှင့် စွယ်စုံကျမ်းများ လှန်လှောဖွယ်မလိုဘဲ သိနိုင်သည် တဲ့..။

ကမ္ဘာ့သာသနာပြုမြန်မာဆရာတော်ကြီးများတွင် ပညာရောင်ဖြင့် ကမ္ဘာ့စာမျက်နှာတွင် ထွန်းပနိုင်သည့် ဦးသေဋ္ဌိလ၊ ဒေါက်တာအရှင်ရေ၀တဓမ္မတို့နှင့် တွဲဖက်၍ ဒေါက်တာအရှင်ဇာဂရကို သိကျွမ်းခဲ့ရ၏။ နိုင်ငံခြားတွင် ဆင်းရဲပင်ပန်းစွာ အခြေချလျက် ဗုဒ္ဓအဘိဓမ္မာနှင့် ပါဠိပိဋကတ်ပြန့်ပွားရေးကို တစိုက်မတ်မတ်ရွက်ဆောင်တော်မူသည့်ဆရာတော်ကြီးများကို ငယ်စဉ်ကပင် ကြည်ညိုလေးမြတ်ခဲ့ပါသည်။


 

အမှန်တကယ်ပင် ထိုဆရာတော်ကြီးများ၏ ပညာအရည်အသွေးက ရွှေပြည်ကြီးမှာသာ သီတင်းသုံးမည်ဆိုလျင် မြင့်မားပြည့်စုံသောရွှေကျောင်းကြီးများဖြင့် ခမ်းနားဝင့်ထယ်စေနိုင်လောက်သည်.။ သို့သော် ထိုအခွင့်အရေးများကို လွှတ်ချကာ ဘာသာခြားလူမျိုးခြားများအလယ်တွင် စွန့်ဦးတည်ထွင်ရသော သာသနာပြုလမ်းကြောင်းကို ရွေးတော်မူခဲ့ကြသည်။

ဆရာတော်ကြီးအရှင်သေဌိလကိုလည်း ရှင်ငယ်ဘ၀က ခပ်ဝေးဝေးမှ လှမ်းမျှော်ဖူးခွင့်ရခဲ့သည်။ ဒေါက်တာအရှင်ရေ၀တဓမ္မ အင်္ဂလိပ်ဘာသာဖြင့် ပို့ချသော ၀ိပဿနာတရားကိုလည်း ကိုယ်တိုင်နာခဲ့ဖူးပြီ။ ယခုတော့ သူသည် လက်ရှိတာဝန်ထမ်းဆောင်ဆဲပါဠိဧည့်ပါမောက္ခငယ်ဘ၀ဖြင့် နာလန္ဒာတက္ကသိုလ်ပါဠိပါမောက္ခဟောင်းဆရာတော်ကြီး အရှင်ဇာဂရနှင့် အတူ ဆစ်ဒနီအရုဏ်ဆွမ်းကို ဘုန်းပေးခွင့်ရလေပြီ။

အရှင်ဇာဂရက သာယာဝတီခရိုင်၊မင်းလှမြိုအပိုင် အိုးသည်ကုန်းနယ် ကျည်းဖြူရွာဇာတိဖြစ်သည်။
၁၉၂၅ ခု၊ သြဂုတ်လ (၁၀) ရက်တွင် ဖွားမြင်တော်မူသည့်အတွက် သက်တော်ကိုးဆယ်နီးပါးရှိလေပြီ။ မြန်မာနိုင်ငံတွင် အဆင့်မြင့်ပရိယတ္တိစာမေးပွဲများဖြစ်သည့် သကျသီဟ၊ စေတီယင်္ဂဏနှင့် အစိုးဓမ္မာစရိယတန်းများကို ထိပ်တန်းမှ အောင်မြင်ခဲ့သည်။
အစိုးရဓမ္မာစရိယတန်းတွင် ဂုဏ်ထူးဆောင်ကျမ်းများနှင့်တကွ တစ်နိုင်ငံလုံးပထမစွဲကာ အောင်မြင်တော်မူသည့်အတွက် အဂ္ဂမဟာအကျော်ဘွဲ့နှင်းအပ်ခံရသည်။ ဓမ္မာစရိယဆရာတစ်ဆူဖြစ်သော်လည်း ပညာမရောင့်ရဲတတ်သည့် အရှင်ဇာဂရက ပခုက္ကူဆရာအဆူဆူထံတွင် အထက်တန်းပိဋကတ်စာပေများကို အလွတ်သဘောလေ့လာတော်မူခဲ့သည်။

ထိုမှ သီရိလင်္ကာနိုင်ငံတွင် ခြောက်နှစ်တာ ဘာသာစကားနှင့် သာသနာနှင့် ကမ္ဘာ့ဗဟုသုတအထွေထွေကို ဆည်းပူးခဲ့၏။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ဘုရားဖူးသွားးရောက်သည့်အခါမှာတော့ အရှင်ဇာဂရဘ၀တစ်ဆစ်ချိုးပြောင်းသွားတော့သည်။ အသစ်ဖွင့်လှစ်တည်ထောင်လျက်ရှိသော နာလန္ဒတက္ကသိုလ်အသစ်က အရှင်ဇာဂရကို အနာဂတ်ပါဠိဂုရုလောင်းလျာအဖြစ် ကြိုဆိုနေခဲ့သည်။
ထိုတက္ကသိုလ်မှာပင် ၀ိဇ္ဇာတန်း၊ မဟာဝိဇ္ဇာတန်းနှင့် ပါရဂူဘွဲ့တို့ကို အောင်မြင်ဆွတ်ခူးခဲ့သည်။
မြန်မာရဟန်းတော်များတွင် ပထမဆုံးဒေါက်တာဘွဲ့ရရဟန်းတော်များအဖြစ် အရှင်ရေ၀တဓမ္မနှင့်အတူ ထင်ရှားလာပါသည်။ ထို့နောက် ထို့နောက်တွင် တက္ကသိုလ်စာသင်ခန်းများ၊ နိုင်ငံတကာညီလာခံများ၊ ဓမ္မစင်မြင့်များ။ ယခု ဆစ်ဒနီမြန်မာကျောင်းတွင် အေးချမ်းစွာ သီတင်းသုံးတော်မူသည်အထိ ကာလများ...။

ဆရာတော်ကြီး၏ တည်ငြိမ်းအေးချမ်းလှသော မျက်နှာတော်ဖူးရင်း အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတာပဲ ဟု သူကျေနပ်မိသွားသည်။ ကိုယ်မိတ္တူကူးလိုသည့် မူရင်းကြီးကို တွေ့နေရသည်မဟုတ်လား...။ နိုင်ငံခြားသာသနာပြု၊ ဘာသာစကား၊ တက္ကသိုလ်ဆရာ၊ ဒေါက်တာဘွဲ့ စသော ဝေါဟာရအချို့ကို သူ တစ်စွန်းတစ်စ မိတ္တူပွားထားနိုင်ပြီ။ ဆရာတော်ကြီး၏ သီလသမာဓိပညာ သိက္ခာသုံးရပ်ကတော့ ဆိုက်ဒ်ကြီးလွန်းနေသေးသည်။ မိတ္တူကူးဖို့ ဖိုလ်ဒါ(Folder)အသစ်ဖွဲ့ရဦးမည်


22 April, 2014

သြစတြေးလျပလပ်စ်ဥရောပခရီး (၄)

သြစတြေးလျပလပ်စ်ဥရောပခရီး (၄)
====================
ကမ္ဘာကျော်ဆိပ်ကမ်းတံတား(Harbour Bridge)ဆီ စကြာလှေဆိပ်စင်္ကြန်လမ်းအတိုင်း သူ ဆက်လျှောက်လာခဲ့သည်။ ဆစ်ဒနီညနေခင်းက ဆိပ်ကမ်းငေးသူများဖြင့် ပိုမိုသိပ်သည်းလာခဲ့၏။ တစ်နေရာမှာတော့ အဘောရီဂျင်းဂီတလုလင်တစ်ဦးက ထူးဆန်းသော လေမှုတ်တူရိယာတစ်ခုကို မှုတ်ကာ တစ်ကိုယ်တော်ဖျော်ဖြေနေသည်။ ၀ိုင်းအုံစူးစမ်းနေသော လူစုလူဝေးထဲ သူတိုးဝင်လိုက်၏။ 

 

ရှည်လျားထွေပြားလှသော တူရိယာကြီးကို သူ စိတ်ဝင်စားသွားသည်။ ဒီဂျီးရီဒူး (didgeridoo) ဟုခေါ်သော အဘောရီဂျန်းရိုးရာတူရိယာ၏ သက်တမ်းက နှစ်ပေါင်းတစ်ထောင့်ငါးရာကျော်ပြီ တဲ့..။ 



ပစိဖိတ်ဆောင်းကို ဥပေက္ခာပြုနိုင်စွမ်းသည့် အဘောရီဂျန်းကြီး၏ ရင်ဘတ်ပေါ်တွင် ရေးခြယ်ထားသောအကြောင်အကျားများက အိန္ဒိယနိုင်ငံ၊ ဂင်္ဂါမြစ်ကမ်းပေါ်က ခန္ဓာကိုယ်ကို ပြာသုတ်ကာ ၀စ်လစ်စလစ်ကျင့်ကြံနေကြသည့် ဆားဒူးကြီးများနှင့် ရိုးမှားဖွယ်ဖြစ်သည်။ ဆံင်ရှည်နှင့် ထိုအဘောရီးဂျန်းကြီးကို ရုတ်တရက်မြင်လိုက်စဉ်က အမျိုးသမီးတစ်ဦးဟု ထင်မိသော်လည်း ဒီဂျီရီဒူးကို အမျိုးသားများသာ မှုတ်ရသည် တဲ့..။ 


မှုတ်လိုက်တိုင်းတုန်ခါနေသော အဘောရီးဂျန်းကြီး၏ နှုတ်ခမ်းလွှာအလှုပ်သည်ပင် အနုပညာအားထုတ်မှုတစ်ရပ်ဖြစ်သည်။ အသက်ရှုရှိုက်ခြင်းသာ မကျွမ်းကျင်ပါက ဤတူရိယာကို အသုံးပြုနိုင်လိမ့်မထင်ပါ..။ ရိုးရာတေးသွားတစ်ပုဒ်၏ နိဂုံးသို့ ၀ိဥာဉ်များစွာက တွန်းပို့နေရသည် ဟု ထင်ရလောက်အောင် စိတ်လှုပ်ရှားဖွယ်ဂီတကို အားလုံးက မင်သက်နေကြသည်။
သို့သော် သူက တရားခန်းမတစ်ခုဆီ အချိန်မီရောက်ရန် စိတ်စောနေပြန်သည်။ အဘောရီဂျန်းလုလင်၏ လှုပ်ရှားမှုမှန်သမျှကို ဂီတဖျော်ဖြေမှုသဘောထက် သုတစုဆောင်းမှုအဖြစ်ပင် ငေးနေချိန်မရှိတော့ပါ။ သို့နှင့် ဆိပ်ကမ်းတံတားကြီးကို အဝေးမှ ဓါတ်ပုံတစ်ပုဒ်ရိုက်ယူသည်..။

 

နောက်တစ်ခေါက် ရောက်ဖို့ဆိုတာ လွယ်ချင်မှလွယ်မည်..။
အရာရာကန့်သတ်ခံထားရသော ရွှေပြည်ကြီးသားတစ်ဦးအတွက် ကမ္ဘာ့မျက်နှာကို
စိတ်ရှိတိုင်း မြင်ရဖို့ဆိုသည်မှာ ဒုလ္လဘတစ်ပါးဖြစ်နေဆဲပင်...။ လူချင်းတူတူ ခွဲခြားဆက်ဆံနေကြသော အလုံပိတ်တံခါးများ
ရှိနေကြဆဲပင်..။

ဆစ်ဒနီဗဟိုမီးရထားဘူတာရုံကြီးဆီ ဘတ်စ်ကားဖြင့် ပြန်လာရ၏။ ထို့နောက် အဓိပ္ဗါယ် အသီးသီးဖြင့် နှေးလိုက် မြန်လိုက်ခြေထောက်များစွာနှင့် ၀င်ရောက်ရောနှောကာ ဘူတာ ရုံကြီးထဲ လျှောက်ရသည့်အရသာကို သဘောကျနေသေးသည်။
စင်ကာပူကို မကြာခဏရောက်နေကျမို့ ရထားများကို စာမဖွဲ့ချင်တော့ပါ..။ 




သက်သောင့်သက်သာရှိခြင်းနှင့် လူ့ဂုဏ်သိက္ခာကို အရောင်ထွက်စေနိုင်သော ပို့ဆောင်ရေးစနစ်ကိုသာ ရွှေပြည်ကြီးမှာ မိတ္တူပွားထားလိုက်ချင်သည်။ ရွှေပြည်ကြီး၏ နံနက်ခင်း အလုပ်သွားချိန်များနှင့် ညနေခင်းအိမ်ပြန်ချိန်များတွင် လူပီသခွင့်၊ စာနာခွင့်ပျောက်ဆုံးနေကြသောအမျိုးအရင်းကြီးများကို မြင်ယောင်ကာ စိတ်မသက်သာတော့ ဖြစ်ရ၏။ အက်ဖ်တာယူ (After You) မရှိသော နှစ်ကာလများစွာ နာကျင်စွာ ဖြတ်သန်းခဲ့ကြီးပြီပဲ...။
 
ဒေါ်သီတာဆွေ၏ ကားလေးရပ်ထားရာဘူတာရုံတွင် ဆင်းလိုက်ကြ၏။
ပါရမီဟု အမည်ပေးထားသော ဓမ္မရိပ်သာတစ်ခုတွင် တရားနာယူရန် အသင့်စောင့်နေကြသူများကို တွေ့ရသည်။ ဆစ်ဒနီမြို့ပြထဲက ဆိတ်ငြိမ်သောဓမ္မရိပ်သာလေးကို သူ ကျေနပ်သွားသည်။ မြန်မာပြည်ပွားဆရာဝန်ကြီးဇနီးမောင်နှံက မည်သူမည်ဝါအတွက်ဟူသောပုဂ္ဂလိကအဓိဋ္ဌာန်ဖြင့် မဟုတ်ဘဲ သာသနာနှင့် စပ်သော တရားဓမ္မ၀န်ဆောင်မှုအားလုံးအတွက် လှူဒါန်းထားခြင်းဖြစ်သည်။ မြန်မာ့ကျွန်းဖြင့် ပြုလုပ်ထားသောတရားဟောပလ္လင်က ခရီးသွား 
 ဟန်လွဲဓမ္မကထိကကို ဆီးကြိုနေပါသည်။  


ဤပလ္လင်ပေါ်တွင် ဓမ္မကထိကအကျော်အမော်များ၊ တိပိဋကဆရာတော်များ၊ ပရိယတ်နှင့် ပဋိပတ်ဝန်ဆောင်ဆရာတော်ကြီးများ တရားဓမ္မချီးမြှင့်တော်မူခဲ့ကြဖူးသည်။
မြန်မာနိုင်ငံက ဓမ္မာရုံကြီးများလို မကြီးမားသော်လည်း ဖိတ်ကြားထားသည့်တရားနာပရိသတ်အတွက် လုံလောက်သောအကျယ်အ၀န်းရှိသည်။
ဓမ္မကထိကနှင့် ထေရ်ကြီးဝါကြီးဆရာတော်များ နားနေရန် အခန်းများ ရှိသည်။
တရားဓမ္မကို အသံဖမ်းယူရန် ၊ တစ်ကမ္ဘာလုံးက အွန်လိုင်းတရားနာယူလိုသူများကို ဖြန့်ဝေရန် နည်းပညာအကူကိရိယာများလည်း ရှိနေလေသည်။

သူက “ မြတ်ဗုဒ္ဓ၏ ပထမဆုံးဓမ္မခရီး” အမည်ဖြင့် တရားတစ်ပုဒ်ဟောဖြစ်ခဲ့ပါသည်။
ခရီးသွားခြင်းကို ခုံမင်သူဓမ္မကထိကက ဗုဒ္ဓအရှင်၏ မိဂဒါဝုန်သာသနာပြုလမ်းညွှန်စကားကို ကိုးကားကာ ခရီးသွားလုပ်ငန်း (Tourism)ကို ဗုဒ္ဓအရှင်ကိုယ်တိုင်အားပေးတော်မူခဲ့ကြောင်း သက်သေပြကာ ဗုဒ္ဓအရှင်ပထမဆုံးကြွတော်မူရသော သာသနာပြုခရီး၏ လေးနက်မှုကို မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပါသည်။
ဗုဒ္ဓအရှင်က “စရထ ဘိက္ခဝေ စာရိကံ၊ ဒေသေထ ဓမ္မံ (ရဟန်းတို့ ခရီးထွက်ကြ..။ တရားဓမ္မကို ဟောပြောကြလေ ”တဲ့..။
(ဆက်ရန်)

ဓမ္မဂဂင်္ဂါ
၂၃-၄-၂၀၁၄

18 March, 2014

သြစတြေးလျပလပ်စ်ဥရောပခရီး(၃)


(ဆစ်ဒနီကဇာတ်ရုံ)
===========



သြစတြေးလျပလပ်စ်ဥရောပခရီး(၃)
===================
၂၆-၀၅-၂၀၁၂
ညနေ ၅း၀၀ နာရီ
ဆစ်ဒနီကဇာတ်ရုံ
ဆစ်ဒနီမြို့၊သြစတြေးလျနိုင်ငံ

ဂျပ်ဇ်တေးဂီတဖြင့် သက်ဝင်လှုပ်ရှားနေသော ဆစ်ဒနီဆိပ်ကမ်းသည်
ရဟန်းတစ်ပါးနှင့် အကျွမ်းဝင်အပ်သောရပ်ဝန်းတစ်ခု ဘယ်တော့မှ မဖြစ်နိုင်ပါ..။ သို့သော် တရုတ်ခရီးသွားရဟန်းဖာဟီယန်နှင့် ဟူယင်ဆန်တို့ ကို အားကျဖူးသည့် ငယ်စိတ်ငယ်သွေးက စကြာလှေဆိပ်(Circular Quay)ရှိ စင်္ကြန်လမ်းပေါ်တွင် မိနစ်အနည်းငယ်ကြာ ဆိပ်ကမ်းငေးသူဖြစ်လာစေပါသည်။ စက်ဝိုင်းသဏ္ဍာန်လှေဆိပ်က ဆစ်ဒနီနှစ်ကူးညများနှင့် ရာသီအလိုက်ပျော်ပွဲများ
နွှဲကြသည့် သာယာပွင့်လင်းသော ညီမူရာတစ်ခုဖြစ်သည်။
စင်ကာပူမာရီနာဘေးသည် စကြာလှေဆိပ်ကို ပုံတူကူးထားဟန်တူသည်။
ဆစ်ဒနီက လိမ္မောသီးခြမ်း...။
စင်ကာပူက ဒူးရင်းသီးခြမ်း......။

(စကြာလှေဆိပ်(Circular Quay))



အမှန်တကယ်ပင် လိမ္မောသီခြမ်း(၁၄)စိပ်ကို ဆက်စပ်ပုံဖော်ထားသော ခေတ်သစ်ကဇာတ်ရုံသည် အချိန်တိုတွင်းမှာပင် ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စကို၏ အသိအမှတ်ပြုခြင်း ခံရလေသည် တဲ့..။
အခြေ၊ အခွံနှင့် အတွင်းအလှဆင်ခြင်း ဟု သုံးဆင့်တည်ဆောက်ရသော ကဇာတ်ရုံသည်
ခန့်မှန်းတည်ဆောက်ကာလ (၇)နှစ်သတ်မှတ်ခဲ့သည့်တိုင် (၁၇)နှစ်ကြာမြင့်ခဲ့သလို ခန့်မှန်းကုန်ကျစရိတ်(၇)သန်းမျှဟု တွက်ချက်ခဲ့ကြသော်လည်း ဆယ့်လေးဆမျှပိုမိုခဲ့သည်။
အော် လှပေမှာပေါ့...
ဆန်းပေမှာပေါ့...
အံသြဖွယ်ကောင်းပေမှာပေါ့....။
ဒေါ်လာ(၁၀၃)သန်းမျှ ကုန်ကျခဲ့ပေသကိုး....။နှစ်ဆယ်ရာစု၏ အထင်ရှားဆုံး..။ အနုပညာဖျော်ဖြေမှုအားအကောင်းဆုံးဗိမာန်ကြီးတစ်ခုရှေ့တွင် သူ့ရပ်နေခဲ့တာပါပဲလား...။

ဖွင့်ပွဲကျင်းပတော့ ဒုတိယမြောက်အယ်လီဇဘက်ဘုရင်မကြီးကိုယ်တိုင်ကြွရောက်ကာ ရုပ်သံများက မှတ်တမ်းရိုက်ကူးကြ၊ မီးရှုးမီးပန်းတွေ ပစ်ဖောက်ကြ၊ တက်ရောက်ကြသည့် လူထု ပရိသတ်က ၀က်ဝက်ကွဲ......။ ဘီသိုဗင်ရဲ့ န၀မမြောက်ဆင်ဖိုနီက ကဇာတ်ရုံအဖွင့်တေးသွားဖြစ်လေသတဲ့....။
ပစိဖိတ်သမုဒ္ဒရာထဲမှာလည်း ကိုးန၀င်းနိမိတ်ဖြင့် အောင်အတိတ်ယူလေသည်ထင်ရဲ့...။

ကဇာတ်ရုံဖိုင်တွဲကို သူစောကြောမိတော့ စိတ်ဝင်စားဖွယ် အခန်းကိုမှ ကလစ်နှိပ်မိသွားသည်။
အနုပညာနှင့် အာဏာ....။ ကဇာတ်ရုံကြီးကို တည်ဆောက်ဖို့ တောင်ဝေလပြည်နယ်သစ်(New Southwales)အစိုးရက အိပ်မက်မက်ခဲ့တာ ၁၉၄၀ သက္ကရာဇ်များဆီကပင်ဖြစ်သည်။ ဆစ်ဒနီအနုပညာကျောင်းက ကျင်းပနေသည့် သမားရိုးကျကပွဲအတွက် မြို့တော်ခန်းမနှင့် လုံလောက်သော်လည်း မဟာဂီတဖျော်ဖြေမှုများအတွက် ကြီးကျယ်သောခန်းမတစ်ခုအမှန်တကယ်လိုအပ်နေပြီ..။ သို့နှင့် ကမ္ဘာ့ဗိသုကာပညာရှင်များကို ဖိတ်ခေါ်ကာ ဒီဇိုင်းပြိုင်ပွဲကြီးကျင်းပခဲ့သည်။ နိုင်ငံပေါင်း (၃၂)နိုင်ငံ၊ လက်ရာပေါင်း (၂၃၃)ခုထဲမှာ ရွေးချယ်ခံရသည်က ဒိန်းမတ်ဗိသုကာ ယွန်းအိုဘာဂ်အုဒ်ဆန် (Jørn Oberg Utzon)ဖြစ်သည်။

နက်နဲရှုပ်ထွေးလှပြီး တန်ဖိုးမြင့်မိုရ်ဖြစ်နေသည့် ဗိသုကာလက်ရာအတွက် အာဏာပိုင်အဖွဲ့အတွင်း အငြင်းပွားဖွယ်များစွာ ကြုံခဲ့ရသည်။ မကျွမ်းကျင်သောအင်ဂျင်နီယာများက ရေးဆွဲမပြီးသေးသော ဒီဇိုင်းများကို လက်ကိုင်ပြုကာ တည်ဆောက်ရေးလုပ်ငန်းစကြသည်။ အခြေခိုင်ခံ့မှုမရှိသည့်အတွက် ပြန်လည်ဖြိုဖျက်တည်ဆောက်ရသည်ထိ အလေအလွင့်ဖြစ်ခဲ့၏။

ကဇာတ်ရုံကြီးတည်ဆောက်ရေး မူလအဆိုပြုခဲ့သည့် ပြည်နယ်အစိုးရ၀န်ကြီးချုပ် ကွယ်လွန်သွားသည့်အခါ နောက်တက်လာသည့်ပြည်နယ်အစိုးရက အားမပေးချင်...။ သည်စီမံကိန်းကြီးကို ဝေဘန်တိုက်ခိုက်ရင်း မဲအနိုင်ရလာသည်ဟုပင် ဆိုစမှတ်ရှိသည်..။ ပိုဆိုးသည်က တာဝန်ခံရသည့်ပြည်သူပိုင်လုပ်ငန်းဆိုင်ရာဝန်ကြီးဖြစ်သူ မစ္စတာဟူးစ်(Davis Hughes)က အနုပညာ၊ဂီတ၊ဗိသုကာနှင့် အလှတရားဆိုသည်များကို နည်းနည်းလေးမှ စိတ်မ၀င်စား...။ ပြီးတော့ ဘွဲ့ဒီဂရီအတုဖြင့် လူစွာ လုပ်ခဲ့ဖူးသည့် နာမည်ပျက်ရှိသူ...။

အာဏာကို ဆုပ်ကိုင်ထားသော ပညာမဲ့ဝန်ကြီးက ဗိသုကာပညာရှင်၏ အနုပညာလက်ရာများကို မေးခွန်းထုတ်သည်၊ သရော်သည်။ ပြဿနာလုပ်သည်။ ဆောက်လက်စလုပ်ငန်းများအတွက် ငွေကြေးထုတ်ပေးရန် ငြင်းပယ်သည်အထိ အခြေအနေဆိုးဝါးလာသည်။

နောက်ဆုံးတော့
အာဏာလှိုင်းတံပိုးအောက်တွင် စိတ်လှေမှောက်ခြင်းဒဏ်မခံနိုင်သော ပညာရှင်က ဆစ်ဒနီကို တစ်သက်တာထာဝရကျောခိုင်းပြီဖြစ်ကြောင်း ကြေငြာအဓိဋ္ဌာန်ပြုကာ မိခင်နိုင်ငံသို့ ပြန်သွားခဲ့တော့သည်။ မည်သို့ဆိုစေ ၁၉၅၈ မှ စတင်ကာ ဘဏ္ဍာငွေကြေးများစွာ စိုက်ထုတ်ကုန်ကျခဲ့ပြီးသည့် အော်ပရာပရောဂျက်ကြီးကို ၁၉ ၇၃ ခုနှစ်တွင် အောင်မြင်စွာ အပြီးသတ်နိုင်ခဲ့သည်။ သတ်မှတ်ကာလနှင့် ခန့်မှန်းကုန်ကျစရိတ်ထက် အဆပေါင်းများစွာ သာလွန်သွားရသည်။

တစ်ကမ္ဘာလုံးက စိတ်ဝင်စားသော ခမ်းနားလှသည့်ဖွင့်ပွဲအခမ်းအနားတွင် ဗိသုကာကြီးကိုယ်တိုင် ဆင်နွှဲခွင့်မရခဲ့..။ နယူးဆော့သ်ဝေးလ်သားတို့ ပူဇာစ မင်္ဂလာချို့တဲ့ခဲ့ကြသည် ..။
ဂုဏ်ပြုထိုက်သည့် ဗိသုကာပညာရှင်ကြီးကို မဖိတ်ကြားခဲ့သလို အမည်ကိုပင် မကြေငြာခဲ့ကြ..။
အာဏာလက်ကိုင်ရှိနေသေးသည့် ၀န်ကြီး၏ တမင်ညစ်ထားခြင်းဖြစ်မည်..။
မစ္စတာဟူးစ်က ၁၉ ၇၃ အထိ ဗျူရိုကရက်တစ်ဦးအဖြစ် တည်ရှိနေဆဲဖြစ်သည်။
အာဏာ၏ သဘောက တွေးခေါ်ဆင်ခြင်မှုပညာကို ဆန့်ကျင်လိုပြီး သနားကြင်နာမှုကရုဏာနှင့် ဂုဏ်ယူဝမ်းမြောက်မှုမုဒိတာကို အမှောင်ချကာ မနာလိုမှုဣဿာနှင့် ၀န်တိုမှုမစ္ဆရိယများကို မီးမွှေးတတ်ကြမြဲဖြစ်သည်။ ပညာနယ်ပယ်တွင် အာဏာဖြင့် လူတွင်ကျယ်လုပ်ချင်ကြသေးသည်မဟုတ်လား...။
သို့ဖြင့် မစ္စတာဟူးစ်နှင့် အူဒ်ဆန်တို့ ကြား လူမှုရေးတံတားထိုးနိုင်ခဲ့ကြဟန်မတူ...။

မစ္စတာဟူးစ်လွန်ကာလများမှာတော့ ကဇာတ်ရုံကြီးမွမ်းမံရေးလုပ်ငန်းစဉ်များအတွက် ဗိသုကာကြီးကို ပြန်လည်ဖိတ်ခေါ်ခဲ့ပါသည်။ ၂၀၀၄ ခုနှစ်မှာတော့ အူဒ်ဆန်ခန်းမကြီးတစ်ခု ဖွင့်လှစ်ကာ ဗိသုကာကြီးအား ဂုဏ်ပြုခဲ့ကြ၏..။ အော် ကောင်းလေစွ...။


သူ ဆစ်ဒနီဆိပ်ကမ်းကို ငေးနေမိဆဲဖြစ်သည်..။ ဆိပ်ကမ်းစင်္ကြန်ပေါ်တွင် နိုင်ငံတကာခရီးသွားများ၊ အပန်းဖြေလမ်းလျှောက်ကြသူများ၊ ဗျစ်ရည်မွတ်သူများဖြင့် စည်းကားနေသည်။ မြေအောက်စင်္ကြန်ဆည်ဆာဘားဆီက ဂျဇ်တေးသွားများ လွင့်ပျံလာသည့်အတွက် ဓမ္မဂီတဝေ့စည်လှသော ရွှေပြည်ကြီးဆီက ဆည်းလည်းခတ်သံများကို လွမ်းဆွတ်မိသေးတော့သည်..။








(ဆစ်ဒနီဆွမ်းကျွေးအလှူ)


အမှန်တကယ်တော့ မစ္စတာအူဒ်ဆ်၏ အနုသုခုမဗိသုကာလက်ရာကို မြည်းစမ်းရန်
သူတည်းခိုရာယူနိုရာမြန်မာဘုန်းတော်ကြီးကျောင်းမှ
အချိန်လုကာ အရောက်လာခဲ့ရခြင်းဖြစ်သည်..။
မနက်ခင်းကတည်းက သူနားရသည်မရှိ...။ ရွှေပြည်ကြီးသားသံဃာတော်တို့ ကြွရောက်လာခိုက် ကုသိုလ်စိုက်ခင်းပျိုးလိုကြသည့် ရွှေပြည်ကြီးနွယ်ဝင်အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ ပင့်ဖိတ်ရာအိမ်ဂေဟာများသို့
အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းများ ဘုန်းပေးရန် ကြွရောက်ခဲ့ရသည်..။

ထေရ်ကြီးဝါကြီးဆရာတော်တစ်ပါးဦးဆောင်ရာနောက်သို့ လိုက်ရ၏။

ရာသီက ချမ်းလှသမို့ အနွေးထည်အထပ်ထပ်အောက်ခံထားကာ သင်္ကန်းကို အ၀န်းညီစွာ ၀တ်ရုံရ၏။

သို့သော် ပွယောင်းယောင်း...။

ထိုကုသိုလ်ပွဲများပြီးကာမှ လောကီထုပ္ဗါတ်တို့ကို ဖော်ညွန်းရာ ဆစ်ဒနီကဇာတ်ရုံသို့....။

ဒေါ်သီတာဆွေက အိမ်က ကားကို ထုတ်ယူကာ ရထားဘူတာရုံလေးတစ်ခုဆီ မောင်းပို့သည်။

“ ကဇာတ်ရုံကိုတော့ ရထားစီးသွားမယ်ဘုရာ့...။ ဒီမှာက ကိုယ်ပိုင်ကားဆိုတာ ဖိနပ်တစ်ရံလိုပါပဲ ...။ ဘူတာရုံနဲ့ ဘတ်စ်ကားဂိတ်တွေဆီ သွားဖို့ အသုံးပြုကြတာပဲ...။ နေရာလွတ်တစ်ခုမှာ

ကားကို ထိုးထားပြီး လိုရာခရီးကို ရထား သို့မဟုတ် ဘတ်စ်ကားစီးသွားကြရုံပဲ..”




(ဆက်ရန်)

ဓမ္မဂင်္ဂါ

ဆစ်ဒနီမြန်မာဘုန်းတော်ကြီးကျောင်းနှင့် ကျောင်းကမ္ဗည်း

17 June, 2012

သြစတေးလျပလပ်စ်ဥရောပခရီး (၂)


 
၂၅-၀၅-၂၀၁၂
ညနေ ၄း၀၀ နာရီ
ဘလူးမောင်တိန်းစ်၊ညီအမသုံးဖော်ကျောက်ဆောင်၊
သြစတေးလျနိုင်ငံ၊ဆစ်ဒနီမြို့

ကြည့်လေရာရာတောင်ပြာပြာများကို အံ့သြမင်သက်စွာ ငေးမောနေမိသည်။ ထင်းရှုးတောများကို ဖြတ်သန်းတိုက်ခတ်သော လေက ထက်ထက်ရှရှရှိသည်။ တုန်ခိုက်နေ၏။  အတူပါလာသော သြစတေးလျရဟန်းတော်ရှင်ဒမိတက သူ့ကို ကြည့်ကာ ရယ်မောနေသည်။
အရှင်ဒမိတက သူနှင့်အတူ ရန်ကုန်၊အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် ဓမ္မ၀ိဇ္ဇာတန်းအတူတူတက်ခဲ့ကြဖူးသည်။
ဆစ်ဒနီတွင် ၀ိပဿနာသုတေသနဌာနတစ်ခုဖွင့်ထားသည်။ ဘလူးမောင်တိန်းစ် သို့ မလာမီ ရှင်ဒမိတ၏ ကျောင်းလေးသို့ ၀င်လည်ကြည့်ရှုရင်း အပါခေါ်လာခဲ့ခြင်းဖြစ်သည်။


ဗာရာဏသီနှင့် ရန်ကုန်အပူဇုန်ကို ဖြတ်သန်းလာရသော သူ့ခန္ဓာကိုယ်သည့် ဆစ်ဒနီဆောင်းနှင့် အသားမကျ..။ ဓမ္မစစ္စတာဒေါ်သီတာဆွေ အသင့်စီမံပေးထားသော သိုးမွှေးစောင် ထူထူတစ်ထည်ကြောင့်သာ တောင်ကြားလေကို ခုခံနိုင်ခြင်းဖြစ်သည်။

ကမ္ဘာ့အမွေအနှစ်တစ်ခုအဖြစ် အသိအမှတ်ပြုထားသော ညီအမသုံးဖော်အမည်ရှိ သဘာဝကျောက်ဆောင်များဆီ သူ ရောက်ရှိနေခြင်းဖြစ်ပါသည်။ သွားလိုရာရာ(သို့) သွားသင့်ရာရာသို့ ဒေါ်သီတာဆွေက ကားမောင်းကာ လိုက်ပို့ပေးသည်။
ညီအမသုံးဖော်ကျောက်ဆောင်များက ဘလူးမောင်တိန်းစ်တောင်ပြာပြာနောက်ခံထားကာ ပဲ့တင့်သံပွိုင့်( Echo Point)တွင် ထီးတည်းလွမ်းမောဖွယ် တည်ရှိနေသည်။ နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် သန်းနှင့်ချီ၍ လာရောက်လည်ပတ်ကြသော ဤနေရာတွင် ယနေ့တော့ ရာသီဥတုကြောင့် ပရိသတ်ထူထူထဲထဲ ရှိမနေခဲ့ပါ။

အရှင်ဒမိတက ညီအမသုံးဖော်နှင့် ပတ်သက်သော  သြစတေးလျနိုင်ငံ၏
မူလလူမျိုးစုဖြစ်သော အဘောရီဂျင်းဒဏ္ဍာရီကို  ရှင်းပြသည်။

ဂျမီဆင်တောင်ကြားတွင် ကတူးမ်ဘလူမျိုးစုဝင်များဖြစ်ကြသည့် မီးနီ၊ ၀င်းလ နှင့် ဂုနေဒူး ညီအမသုံးဖော်နေထိုင်ကြလေသည်။ လှပသော ညီအမသုံးဖော်သည် နေပီယင်လူမျိးစုဝင် ညီနောင်သုံးဖော်နှင့် ချစ်ကျွမ်းဝင်ခဲ့ကြသည်။ သို့သော် လူမျိုးစုဥပဒေက မောင်နှံသုံးစုံကို လက်ထပ်ခွင့်မပေးခဲ့ပါ။  ညီနောင်သုံးဖော်က ချစ်သောသူနှင့် ကွေကွင်းရမည့် ထိုဥပဒေကို လက်မခံလိုကြ။ ထို့ကြောင့် လူမျိုးစုစစ်ပွဲဆင်နွှဲကာ ညီအမသုံးဖော်ကို လုယူရန် ဆုံးဖြတ်ခဲ့ကြသည်။

အန္တရာယ်ကို ကြိုတင်မြင်သော ကတူးမ်ဘမျိုးနွယ်စုမှော်ဆရာက ညီအမသုံးဖော်ကို ကယ်တင်ရန် ကျောက်ဆောင်များအဖြစ် ဖန်ဆင်းခဲ့သည်။ စစ်ပွဲပြီးသွားလျှင် မူလပကတိအတိုင်း ပြောင်းလဲရန် ကြံရွယ်ချက်ရှိသော မှော်ဆရာသည်  တိုက်ပွဲတွင် ကျဆုံးသွားခဲ့၏။ မှော်ဆရာက နောက်ဆုံးအချိန်တွင် ညီအမသုံးဖော်၏ လှပသောအသွင်သဏ္ဍာန်မျှကိုသာ ပြန်လည်ပြောင်းလဲနိုင်ခဲ့ပြီး လူသားအဖြစ် မပြောင်းလဲနိုင်မီမှာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ 

ဒဏ္ဍာရီကို ကြားနားပြီးချိန်မှာတော့ ကျောက်ဆောင်များက သက်ဝင်ယိမ်းထိုးလာသလို ခံစားရသည်။ သို့မဟုတ် လေတ၀ူးဝူးတိုးတိုက်သံသည်ပင် ညီအမသုံးဖော်၏ ကြေကွဲတေးဖြစ်နေမလား နားစွင့်မိ၏။ အခြားသောမူကွဲပုံပြင်များလည်း ရှိသေးသည် ဟု မိတ်ဆွေရဟန်းတော်က ဆိုသော်လည်း သူ့ဝေဒနာက္ခန္ဓာနံရံတွင် ယခုနားထောင်ခဲ့ရပြီးသော ညီအမသုံးဖော်ဒဏ္ဍာရီတစ်ခုတည်းဖြင့် လုံလောက်နေပါပြီ။


ထို့နောက် ဘလူးမောင်တိန်းစ်မှာပင် တဆက်တည်း တည်ရှိသော Senic World သို့ ကားဖြင့် ဆက်သွားကြသည်။ အရှင်ဒမိတက ဦးဆောင်လိုက်ပို့ရင် ရှင်းပြသည်။ အဖိုးခများလှသော ၀င်ခွင့်လက်မှတ်ကို ကောင်တာတစ်ခုတွင် ဒေါ်သီတာဆွေက ၀ယ်ယူနေသည်။
တစ်ကြိမ်တစ်ခါဆီက ကျောက်မီးသွေးတွင်းဟောင်းများဆီသို့ အထူးစီမံထားသော ရထားဖြင့် ဆင်းရသည်။ 
ရထားဖြင့် မဆင်းမီမှာ အမှတ်တရဓါတ်ပုံဆရာတစ်ယောက်က အသင့်စောင့်နေသည်။ ဆင်းပြီး ပြန်တက်လာလျင် ဓါတ်ပုံရမည် တဲ့.။ ရိုက်ပေါ့..။

 မတ်စောက်သောအဆင်းလမ်းက အသည်း ထိတ်စရာကောင်းသည်။ တောင်အောက်ခြေသို့ရောက်သောအခါ   ကျောက်မီးသွေးတွင်းဟောင်းများ တွေ့ရသည်။ သို့သော် မှောင်စပျိုးပြီမို့ ကြည့်ရန် အချိန်မရှိတော့။  ကြီးမားသောသစ်ပင်များကြားရှိ လူသွားသစ်သားတံတားလေးအတိုင်း မိနစ်အနည်းငယ်လျှောက်ကြရသည်။ တံတားအဆုံးမှာတော့ ကောင်းကင်ကြိုးရထားက အသင့်စောင့်နေလေသည်။ ကောင်းကင်ကြိုးတံတားစီးရင်း တောင်တန်းပြပြာများကို ရှုမျှော်မဆုံး ငေးရသည်။




 သြစတေးလျလူမျိုးဝန်းထမ်းများ၏ ၀န်ဆောင်မှုက ဖော်ရွေမှုရှိလှသည်။ ကိုယ်က ထိုက်တန်သော ငွေးကြေးပေးရသော ဧည့်သည်ဖြစ်နေမှကိုး.. ။ သည်တစ်နေ့တာအတွက် သူတို့အဖွဲ့က နောက်ဆုံးဖြစ်သည်။ မကြာမီမှာ တံခါးများပိတ်တော့မည်။
တစ်နေ့ခင်းလုံး သူဆစ်ဒနီ၏ စိမ်းလန်းသော တောတောင်ရေမြေကို သူ မြည်စမ်းကြည့်ခွင့်ရသည်မှာ မျက်လုံးချမ်းချမ်းရှိလှ၏။ 

ယနေ့ နံနက်ခင်းဆီက ဆစ်ဒနီလေဆိပ်တွင် ယောင်နနဖြစ်နေရသေးသည်ကို တွေးကာ ပြုံးမိသွားသည်။ 
ဒေသစံတော်ချိန် ၆း၄၀ နာရီတွင် လေယာဉ်ဆိုက်ရောက်ခဲ့သဖြင့် ပုံမမှန်လေယာဉ်ဆိုက်ရောက်ချိန် ၇း၂၀ ထက်စောခဲ့ခြင်းပင်။ သူ၏ ဓမ္မစစ္စတာဖြစ်သူ ဒေါ်သီတာဆွေ အကြိုရောက်မလာသေး၍  ဗိုဒါဖုန်းကောင်တာတွင် ဖုန်းကဒ်တစ်ခုကို ဒေါ်လာသုံးဆယ်ဖြင့် ၀ယ်ယူလိုက်သည်။ အင်တာနက်ပါ အသုံးပြုလို့ ရသည်တဲ့..။ တကယ်ဆက်လိုက်တော့ ဖုန်းကဒ်ပွင့်ရန် မိနစ်အနည်းငယ်စောင့်ရဦးမည် တဲ့။ ထိုအချိန်မှာပင် ဒေါ်သီတာဆွေရောက်လာခဲ့ပါသည်။


လွန်ခဲ့သောနှစ်က စင်ကာပူနိုင်ငံတွင် ပါဠိသင်တန်းဖွင့်လှစ်ကာ သင်ခန်းစာများကို အွန်လိုင်းမှ တဆင့်ဖြန့်ဝေဖြစ်သည်တွင် ဒေါ်သီတာဆွေက အွန်လိုင်းပါဠိသင်တန်းသူအဖြစ်တက်ရောက်ခဲ့သည်။ ပြည်တွင်းရှိ သာသနာနှင့် ပတ်သက်သော အရေးအရာများအတွက် လှူဒါန်းလေ့ရှိသော ဥပါသိကာမသည် ပြည်ပရောက်ပညာသင်ရဟန်းတော်အချို့ကိုလည်း ထောက်ပံ့လှူဒါန်းတတ်ပါသည်။ ယခုလဆန်းပိုင်းကပင် သီရိလင်္ကာသို့ ဘုရားဖူးသွားရင်း ပညာသင်ရဟန်းတော်များအား ဆွမ်းဆက်ကပ်သည်ကို မုဒိတာပွားရလေသည်။ ဓမ္မဆွေမျိုး၊ဓမ္မသင်တန်းသူအဖြစ်  ခံယူထားသော ဒေါ်သီတာဆွေက သြစတေးလျသို့ ကြွရောက်လည်ပတ်ရန် သူ့ကို ပင့်ဖိတ်ခဲ့ခြင်းဖြစ်ပါသည်။

လေယာဉ်ပေါ်မှာကတည်းက အသင့်ပါလာသော ဆွယ်တာနှင့် ရှူးဘိနပ်ကို အသင့်ထုတ်ဝတ်ခဲ့မိ၍ ဆစ်ဒနီဆောင်းထဲ ရဲရဲတိုးဝင်နိုင်ခဲ့သည်။ လေဆိပ်အထွက်တွင် အမှတ်တရဓါတ်ပုံတစ်ပုံရိုက်ကာ ဖေ့စ်ဘွတ်ခ်မိတ်ဆွေများဆီ မက်ဆေ့ခ်ျပို့လိုက်သည်။  ဆစ်ဒနီနေ့လည်စာကိုတော့ ဒေါ်သီတာဆွေ၏ အိမ်မှာပင် သုံးဆောင်ရလေသည်။ စံတော်ချိန်အမျိုးမျိုးကို ဖြတ်သန်းနေရသည်မို့ ဆာလောင်မှုက အချိန်ကိုက်ဖြစ်မနေတတ်သေးပါ..။ ဒေါ်သီတာဆွေ၏ ဓမ္မမိတ်ဆွေ ဒေါ်နီနီဘွင့်နှင့် ဒေါ်ချောတို့က ဝေယျာဝစ္စကုသိုလ်ယူခဲ့ကြသည်။

ညပိုင်းမှာတော့ နာမည်ကျော်ပါဠိပညာရှင်ဆရာတော်ကြီး အရှင်ဇာဂရာဘိဝံသသီတင်းသုံးရာ ယူနိုရာမြန်မာဘုန်းတော်ကြီးကျောင်းရှိ နွေးထွေးလှသော အခန်းလေးတွင် နှစ်ခြိုက်စွာ အိပ်စက်ရလေသည်။

ဓမ္မဂင်္ဂါ


07 June, 2012

သြစတေးလျပလပ်စ် ဥရောပခရီး(၁)


၂၃-၀၅-၂၀၁၂ နံနက် ၁၀း၃၀ နာရီ
အီတလီသံရုံး၊အင်းယားမြိုင်လမ်း၊ရန်ကုန်

သူ၏ နိုင်ငံကူးလက်မှတ်တွင် စတေကာတစ်ရွက်အပိုကပ်လိုက်ခြင်းဖြင့်  Schengen ဧရိယာအတွင်း ဥရောပတိုက်နိုင်ငံများသို့ သွားရောက်နိုင်သော  ဗီဇာရပြီဖြစ်ကြောင်း သေချာသွားတော့သည်။ သြစတေးလျနိုင်ငံဝင်ခွင့်ကိုတော့ လွန်ခဲ့သောသောကြာနေ့က သူရရှိထားပြီးဖြစ်ပါသည်။ သြစတေးလျနိုင်ငံတွင် နှစ်ပတ်ခန့်သာ နေထိုင်ခွင့်ပြုမည်ဖြစ်သောကြောင့် လေယာဉ်လက်မှတ်ကို လတ်တလောစီစဉ်ရပါလိမ့်မည်။ တရားဟောကြွမည့် အခြားအခြားသောဆရာတော်ကြီးများကို သုံးလဗီဇာထုတ်ပေးသော်လည်း လေ့လာရေးခရီးဟု ခေါင်းစဉ်တပ်လျှောက်ထားလိုက်သော သူ့ကိုတော့ နှစ်ပတ်ခန့်သာ နေထိုင်ခွင့်ပြုလေသည်။ နှစ်ပတ်ခန့်ဖြင့် သူ့ခရီးစဉ်ကို တန်ဖိုးရှိအောင် စပွန်ဆာအလှူရှင်ဒေါ်သီတာဆွေက စီစဉ်ပေးပါလိမ့်မည်။

သို့နှင့် ညနေ ၃း၀၀ နာရီတွင် ဒေါ်သီတာဆွေ၏ ညီမဖြစ်သူ ဒေါ်နီနီနိုင်( နေရီရီစာအုပ်တိုက်)က ရန်ကုန်-ဗန်ကောက်-ဆစ်ဒနီ-ဗန်ကောက်-နယူးဒေလီခရီးစဉ်အတွက် လေယာဉ်လက်မှတ်များ စီစဉ်ပေးခဲ့သည်။ ဥရောပခရီးစဉ်နှင့် ချိတ်ဆက်ဝယ်ယူရခြင်းဖြစ်သည်။ နယူးဒေလီမှ အီတလီသို့ ပြင်သစ်လေကြောင်း (Air France) ဖြင့် ဆက်လက်ထွက်ရမည်ဖြစ်သည်။

တကယ်တော့ ထိုနေ့က သူသည်  အပြေးအလွှားနာရီများကို ဖြတ်သန်းရခြင်းဖြစ်သည်။ မိတ်ဆွေရဟန်းတော် အရှင်ဥာဏိန္ဒသာ အဖော်အကူမပါလျှင် ပို၍ ပန်းကာ နွမ်းပေလိမ့်မည်။
သူ့တစ်နေ့တာ အချိန်ဇယားကို ငဲ့စောင်းကြည့်လိုက်သည်။

နံနက် ၉း၀၀ နာရီတွင် ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဓမ္မဥယျာဉ်ကျောင်းဆရာတော်များနှင့် တွေ့ဆုံ။
၁၀း၀၀  အီတလီသံရုံးမှ နိုင်ငံကူးလက်မှတ်ထုတ်ယူ..
၁၀း၃၀  ကမ္ဘောဇလမ်း။ ကောင်းမှုတော်သင်္ကန်းတွင် နေ့လည်စာ..
၁၁-၃၀ သိမ်ကြီးဈေးကုန်ဈေးတန်းမှ Daimond Luck ခရီးသွားလုပ်ငန်းတွင် လေယာဉ်လက်မှတ်နှင့် ပြည်ပထွက်ခွာခွင့်လျှောက်လွှာတင် .. (ညနေ ၀၃း၀၀နာရီချိန်း)
၁၂း ၄၀  နေရီရီစာအုပ်တိုက်တွင် စာအုပ်အချို့ အလှူခံ..
၀၁း၃၀  ပန်ထူးသာသင်္ကန်းတိုက်...
၀၂း၀၀ လေယာဉ်လက်မှတ်နှင့် ဒီဖောင်ရယူ...။........


၂၄-၀၅-၂၀၁၂ ညနေ ၇း၂၀ နာရီ
သုဝဏ္ဏဘူမိလေဆိပ်၊ထိုင်းနိုင်ငံ ဗန်ကောက်မြို့

သြစတေးလျနိုင်ငံဆစ်ဒနီမြို့သို့ ထွက်ခွာမည့်  ထိုင်းလေကြောင်းပိုင် ဘိုးအင်း ၇၄၇  TG 745 လေယာဉ်ပေါ်တွင် သူတိတ်ဆိတ်စွာ ထိုင်နေခဲ့လေသည်။ ကြီးမားကျယ်ပြန်လှသော နှစ်ထပ်လေယာဉ်ပျံကြီးပေါ်တွင်  သူနှင့် တူသော အသွင်ဆိုလို့ သူတစ်ဦးတည်းသာ ရှိနေလေသည်။ သူထိုင်လျက်ရှိသော ခုံအမှတ် ကေ ၅၂ နှင့် ကပ်လျက်အလယ်ထိုင်ခုံသို့ စီးနင်းသူ ရောက်မလာသောကြောင့် ချောချောင်ချိချိရှိသည်။ တတိယထိုင်ခုံတွင် သြစတေးလျသူ ဟု မိတ်ဆက်လာသော အမျိုးသမီးကြီးက ၈ နာရီကြာမည့် ခရီးစဉ်တလျောက် မည်သို့ အိပ်စက်ရမည်ကို အစမ်းလေ့ကျင့်နေလေသည်။

လေယာဉ်ပျံကြီး မြေပြင်မှ ထွက်ခွာလိုက်သည်နှင့် မီးပုံကြီးနှင့် တူသော ဗန်ကောက်ညရှုခင်းကို လှပစွာ ဖြတ်သန်းရလေသည်။ သူက ပြတင်းတံခါးထိုင်ခုံမှာ ထိုင်ခွင့်ရသည်မို့ လျှပ်စစ်ပန်းများပန်ဆင်ထားသည့် ဗန်ကောက်မြု့ကြီး၏ လက်လက်ထ ပျိုရည်ပျိုသွေးကို ငေးရင်း ရွှေပြည်အိုအိုဆီက ဖယောင်တိုင်မီးမှိန်မှိန်ညိုညိုများဆီ ကရုဏာဗြဟ္မစိုရ်အတွေးများ ပို့လွှတ်မိတော့သည်။ အော် လင်းစေ လက်စေ.......

ယနေ့နံနက်ပိုင်းက ရန်ကုန် ဗန်ကောက်ခရီးစဉ်အတွက် မိတ်ဆွေရဟန်းတော်အချို့က တက္ကစီအငှါးယာဉ်ဖြင့် လိုက်ပို့ကြသည်။
ထေရ၀ါဒတက္ကသိုလ်နည်းပြ အရှင်အာစိဏ္ဏ၊ ဓမ္မဒူတ ဒေါက်တာအရှင်ကဉ္စန၊ အဘိဓာန်ကျမ်းပြု အရှင်ဥာဏိန္ဒနှင့် အသောကဖောင်ဒေးရှင်းမှ အရှင်ဝေပုလ္လ၊ အရှင်သီလာနန္ဒနှင့် အရှင်ရာဇိန္ဒတို့ကို ကျေးဇူးစကား ဆိုလိုက်ပါမည်။ မည်သူ့ကိုမှ အလုပ်မများစေလိုသော်လည်း မိတ်ဆွေရဟန်းတော်များ၏ စိတ်လိုလက်ရကူညီမှုကိုတော့ ကြည်နူးမိလေသည်။
ဝန်စည်စလွယ်နည်းပါးနိုင်သမျှ နည်းပါးစွာဖြင့် ခရီးသွားတတ်သော သူ့အတွက် မည်သည့်ခရီးမျှ လေးလေးပင်ပင်ဖြစ်မနေခဲ့ပါ.။
(ပိုင်ဆိုင်မှုနည်းပါတာကြောင့်လည်း ဖြစ်နိုင်သည်။)

အညိုရောင်လွယ်အိတ်နှင့် အနီရောင်လက်ဆွဲသေတ္တာတစ်လုံးကတော့ လွန်ခဲ့သောနှစ် ဗန်ကောက်၊ စင်္ကာပူခရီးစဉ်ကတည်းက သူနှင့် တစ်ပါတည်း ရှိနေခဲ့ခြင်းဖြစ်သည်။ အခြားသော ပိုင်ဆိုင်သမျှ ကွန်ပြူတာနှင့် အီလက်ထရောနစ်ပစ္စည်းများကိုတော့ မိတ်ဆွေရဟန်းတော်အချို့ သုံးစွဲနေကြပေတော့မည်။ လိုရမယ်ရ တယ်လီဖုန်းလေးတစ်လုံးသာ သူကောက်ထည့်လာခဲ့သည်။
လေယာဉ်ထွက်ခွာချိန်နီးသည်အထိ သူ ဖုန်းက အသံမည်နေဆဲဖြစ်သည်။

နံနက် ၉း၅၀ တွင် ထွက်ခွာမည့် လေယာဉ်ပျံကြီးသည် ပြေးလမ်းကြောင်းနည်းပါးလှသော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး၏  နွမ်းပါးမှုကို စာနာစွာ အချိန်အနည်းငယ် ပြေးလမ်းကြောင်းရှင်းသည်ထိ စောင့်ဆိုင်းနေခဲ့ရသေးသည်။ အော်.... ဘယ်သောအခါမှ......။

လေယာဉ်ပျံ ကောင်းကင်လမ်းကြောင်းပါ် တည့်မတ်စွာေ ရာက်သည်နှင့် သူ့အတွက် နေ့လည်စာက ပထမဦးစားပေးအဖြစ် ရောက်လာခဲ့ပါသည်။ ထိုင်းလေကြောင်းက ရဟန်းတော်များကို ဦးစားပေးလေ့ရှိပါသည်။

သူက ထိုသို့ ဦးစားပေးသည်ကို မကြိုက်တတ်၍ များသောအားဖြင့် နိုင်ငံကူးလက်မှတ်ထဲက အတိုင်းသာ နာမည်ကို ရိုးရှင်းစွာပေးလေ့ရှိပါသည်။ အခြားခြားသောဘာသာရေးခေါင်းဆောင်များကြားတွင် ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးအဖြစ် ပထမဆုံးတန်းစီရသည်က ဂုဏ်ယူဖွယ်ဖြစ်သည့်တိုင် မျက်နှာပူစရာကောင်းသည်ဟု မြင်မိတတ်ခြင်းဖြစ်သည်။  ခရီးသွားသည့်အခါ သာမန်ခရီးသည်တစ်ဦးအခွင့်အရေးထက် ပိုပြီး မယူလို...။

ဗန်ကောက်လေဆိပ်ရောက်တော့ ၁၂း၀၀ နာရီဝန်းကျင်သာ ရှိသေးသည်။ သြစတေးလျသို့ ထွက်ခွာမည့် လေယာဉ်က ညနေ ၇း၂၀ နာရီမို့ ကျန်ရှိနေသေးသော အချိန်ကို ဖြိုခွဲရန် သုဝဏ္ဏဘူမိလေဆိပ်ထဲတွင် လက်ဆွဲသေတ္တာကို ဆွဲကာ ယောင်ချာချာ လျှောက်ငေးသည်။

ရေဆာသည့်အခါ ရေ၀ယ်သောက်သည်။ ငွေလဲကောင်တာတွင် လဲစရာမလိုဘဲ မည်သည့်ငွေကြေးနှင့် မဆို ဈေးဝယ်နိုင်သည်ကို သူ သဘောကျသည်။  နေရာအနှံ့ ရှိနေသည့် အခမဲ့အင်တာနက်ကို ၀င်ရောက်သုံးစွဲသည်။  ကြာတော့ ခေါင်းတွေ မူးနောက်လာသည်။ ရောင်စုံထက် ပိုသော အာရုံများကြားတွင် ညောင်းညာကိုက်ခဲစွာပင်
ထရန်ဇစ်ဧည့်သည်များနားခိုရာ ဆိုဖာမှီခုံတစ်ခုတွင် အနားယူရသည်။ သို့နှင့် သူ့လေယာဉ်ချိန်နီးကပ်လာခဲ့ခြင်းဖြစ်သည်။

(ဆက်ရန်)

ဓမ္မဂင်္ဂါ