Showing posts with label အငြိမ်းမနေနိုင်သူများ. Show all posts
Showing posts with label အငြိမ်းမနေနိုင်သူများ. Show all posts

12 August, 2012

ဗုဒ္ဓခေတ်အွန်လိုင်းပေးစာတစ်စောင်

ငြိမ်းပေးမယ့် အငြိမ်းမနေနိုင်သူများ(၇)

မှ
အာယသ္မာဂင်္ဂါမောဒန္တော
ရွာဦးကျောင်း
ဝါသဘရွာ
ကာသိဇနပုဒ်
ရက်စွဲ မဟာသက္ကရာဇ်(---------)
 
သို့
ဆက်ကပ်ပါရန် 
အာယသ္မာယောဟနပေါလကုသုမော
ကျောင်းဆောင်အမှတ်(၄၉၉)
ဇေတ၀န်ကျောင်းတိုက်
သာဝတ္ထိမြို့တော်
ကောသလတိုင်းဒေသကြီး

လေက တိုက်လိုက်၊ နေက မြှိုက်လိုက်၊ မိုးကပြိုက်လိုက်နဲ့ ကာသိရဲ့ ကမောက်ကမရာသီကြားမှာ လူးလွန့်လှောင်ပိတ်စွာ ဖြတ်သန်းရင်း သာဝတ္ထိဇေတ၀န်ညဦးယံကာလတွေမှာ ဓမ္မဂီတနဲ့ ချမ်းချမ်းမြမြ ရှိနေမယ့် အရှင်ဘုရားဆီ ဒီသ၀ဏ်လွှာလေး ရေးခြစ်နေမိပါရဲ့..။ တရားဘာဝနာလေး ပွားနေပေါ့ ငါ့ရှင်ရယ် လို့များ ပြောချင်နေပြီလား..။ လျှောက်ထားရရင်တော့ တရားဓမ္မ မပွားနိုင်လောက်အောင် တပည့်တော်တို့မှာ သံဝေဂအပူမီးတွေနဲ့ လောင်မြိုက်နေကြပါပေါ့ အရှင်ရယ်..။
ဒီလို အရှင်ဘုရားရဲ့..။
ခုဆို အရှင်ဘုရားလည်း သိမှာပါ..။  လောကသရဖူအမြတ်ဆုံးအရှင်နဲ့ တပည့်သာဝကတွေရဲ့ သင်္ကန်းအရောင်တွေဟာ မဇ္ဈိမဒေသကြီးတစ်ခုလုံးလွှမ်းခြုံမိပြီဆိုတာလေ..။ မဂဓတိုင်းဧကရာဇ် ဗိမ္ဗိသာရမင်းမြတ် ဗုဒ္ဓသာဝကအဖြစ်ခံယူလိုက်ချိန်က စပြီး အတိုင်းတိုင်းအပြည်ပြည်က ပဒေသရာဇ်၊ ဧကရာဇ်တွေ။ ပညာရှိပရောဟိတ် ဒိသာပါမောက္ခကြီးတွေ၊ သူဌေးသူကြွယ် လူကုန်ထံတွေ ဗုဒ္ဓအရှင်ရဲ့ သစ္စာဓမ္မကို စိတ်ညွတ်လာခဲ့ကြတာလေ။  ခုတော့ လူထုလူတန်းစား ပေါင်းစုံ သာသနာတော်ရဲ့ အရိပ်ကို ခိုလှုံခဲ့ကြတာ..။

ခြိမ့်ခြိမ့်သဲသဲ ဘာသာကူးပြောင်းပွဲကြီးတွေနဲ့ အတူ ရဟန်းသံဃာ့အဖွဲ့အစည်းကြီးဟာလည်း တစ်နေ့တစ်ခြား ကြီးထွားလာခဲ့တော့တာပဲကိုး..။ မဇ္ဈိမရဲ့ ကျေးလက်လမ်းလေးတွေပေါ်မှာပဲဖြစ်ဖြစ် ။ မြို့ပြရဲ့ မင်းလမ်းမကြီးတွေပေါ်မှာပဲဖြစ်ဖြစ် စီတန်းကြွချီနေတဲ့ ရဟန်းသံဃာတော်တွေကို ဖူးမြင်ကြနေကြပြီပဲ မဟုတ်လား.။ အံမခန်းဖွယ် ဇမ္ဗူဒိပ်ရဲ့ သဒ္ဓါတရားက ရာထောင်ချီတဲ့ သံဃာ့အစုအဝေးကြီးအတွက် ပိဏ္ဍပါတ်ဆွမ်းလောင်းလှူဖို့ အဆင်သင့်ဖြစ်နေခဲ့တာပါပဲ..။
သာသနာတော်ဟာ လောက၀န်ထမ်းဖို့သာဖြစ်ရမယ်၊ လောက၀န်ထုပ်ဝန်ပိုးမဖြစ်စေရ ဆိုတဲ့ မူကို ချမှတ်ထားတဲ့ ဗုဒ္ဓအရှင်ဟာ
သစ်တစ်ပင်ရင်း ၀ါးတစ်ပင်ရင်းမှာ ကိုယ်တော်တိုင် စံပြကျင့်သုံးပြခဲ့သလို သာဝကပါရမီပြည့်ဝနေတဲ့ တပည့်ရဟန်းမြတ်တွေကလည်း သစ်ပင်တောတောင် အရိပ်အာဝါသတွေအောက်မှာ ခြိုးခြံစွာ သီတင်းသုံးခဲ့ကြတာ ဘယ်လောက်ကြည်ညိုစရာကောင်းလဲ..။
ဗုဒ္ဓအရှင်နဲ့ သံဃာတော်တွေရဲ့ ဓမ္မအရည်ရွှမ်းနေတဲ့ ကြည်ညိုဖွယ်ရာခြိုးခြံမှုက ရာဇဂြိုဟ်သူဌေးကြီးရဲ့ ရင်မှာ သဒ္ဓါပန်းတွေ ပွင့်ဝေစေခဲ့ပြီး ဗုဒ္ဓသာသနာတော်ရဲ့ ပထမဆုံးကျောင်းဝိဟာတွကို ဆောက်လုပ်လှူဒါန်းခဲ့တာ မဂဓတိုင်းတစ်ခုလုံး ဟိုးဟိုးကျော်ပဲလေ..။
တပည့်တော်တို့ကတော့ ခုမှ ဖြစ်တဲ့ ရဟန်းသစ်တွေမို့ ကျောင်းလွှတ်ပူဇော်ပွဲကြီးကို ကိုယ်တိုင်မတက်ရောက်နိုင်ခဲ့ပေမယ့်
အဲဒီအခမ်းအနားမှာ ဗုဒ္ဓအရှင်ဟောတဲ့ အနုမောဒနာတရားကတော့ ပစ္စုပ္ပန်သာသနာမြှင့်တင်ရေးနဲ့ အနာဂတ်သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအတွက် မြော်ခေါ်သုံးသပ်ပြီး ဟောထားတဲ့ တရားဖြစ်ကြောင်း သံဃာတော်တွေအချင်းချင်းလက်ဆင့်ကမ်းကြလို့ တပည့်တော်တို့လည်း သုတပွားကာ မှတ်သားရပေတာကိုး အရှင်ဘုရားရယ်.။

ကျောင်းဝိဟာတစ်ခုရဲ့ အခြေခံကိုဓဥပဒေတစ်ခုကို ဗုဒ္ဓအရှင်က အခိုင်အမာချမှတ်ပေးခဲ့တယ် လို့ တပည့်တော် နားလည်မိတာပါပဲ..။
ဒီကိုဓဥပဒေကျိုးပျက်သွားတဲ့အချိန်ဟာ သာသနာလည်း ဆိတ်သုဉ်းတဲ့အချိန်ပဲ ထင်ပါတယ်..။

အရှင်ဘုရား လတ်တလောသီတင်းသုံးနေတဲ့ ဇေတ၀န်ကျောင်းတော်ကြီးကို အနာထပိဏ္ဍိကလို့ ထင်ရှားတဲ့ သုဒတ္တသူဌေးကြီးက ကျောင်းလွှတ်ပူဇော်ပွဲကျင်းပပြီး လှူဒါန်းတော့လည်း ဗုဒ္ဓအရှင်က ဒီအနုမောဒနာတရားကိုပဲ ဟောတော်မူပြန်တာပဲ တဲ့။
ဗုဒ္ဓအရှင်ရဲ့ ကျောင်းဝိဟာဆိုင်ရာ အနုမောဒနာတရားမှတ်စုလေး ပြန်သိမ်းထားလို့ရအောင် အရှင်ဘုရား အတွက် အတက်ခ်ျဖိုင်(Attached File) ထည့်ပေးလိုက်ပါတယ်။ အသံဖိုင်ကတော့ သိက္ခာဝါကြီးတဲ့ မထေရ်ကြီးတွေဆီမှာများ ရှိလေမလား..။ (သာဝတ္ထိမှာဆိုတော့ သံဃာတွေ စုံပါတယ်..။ အရှင်ဘုရားစုံစမ်းလို့ ရရင်လည်း တပည့်တော်ရဲ့ ကာသိမုခပေါတ္ထကကွန်ယက် (www.kasi-facebok.com)ဆီကိုသာ တိုက်ရိုက်ပို့လိုက်ပါ.. :D)

 သီတံ ဥဏှံ ပဋိဟန္တိ ၊ တတော ဝါဠမိဂါနိ စ။
သရီသပေ စ မကသေ၊ သိသိရေ စာပိ ဝုဋ္ဌိယော။
 ''တတော ဝါတာတပေါ ဃောရေ၊ သဉ္ဇာတော ပဋိဟညတိ။
 လေဏတ္ထဉ္စ သုခတ္ထဉ္စ၊ ဈာယိတုဉ္စ ဝိပဿိတုံ။
 ''ဝိဟာရဒါနံ သံဃဿ၊ အဂ္ဂံ ဗုဒ္ဓေန  ဝဏ္ဏိတံ။
 တသ္မာ ဟိ ပဏ္ဍိတော၊ ပေါသော သမ္ပဿံ အတ္ထမတ္တနော။

 ''(ကျောင်းသည်) အအေးကိုလည်းကောင်း၊ အပူကိုလည်းကောင်း၊ ထိုမှတစ်ပါး သားရဲတို့ကိုလည်းကောင်း၊ မြွေကင်းသန်းတို့ကိုလည်းကောင်း၊ ခြင်တို့ကိုလည်းကောင်း၊ လေအေးတို့ကိုလည်းကောင်း၊ မိုးပေါက်တို့ကိုလည်းကောင်း ပယ်ဖျောက်နိုင်၏။
ထို့ပြင် ဖြစ်လာသော ပြင်းသောလေ ပြင်းသော အပူကိုလည်း ပယ်ဖျောက်နိုင်၏၊ ကိန်း အောင်းခြင်းငှါ လည်းကောင်း၊ ချမ်းသာခြင်းငှါလည်းကောင်း၊ ဈာန်ဝင်စားခြင်းငှါလည်းကောင်း၊ ဝိပဿနာရှုခြင်းငှါ လည်းကောင်း သံဃာအား ကျောင်းလှူရခြင်းကို မြတ်၏ဟု မြတ်စွာဘုရား ချီးမွမ်းတော်မူ၏။


''ဝိဟာရေ ကာရယေ ရမ္မေ၊ ဝါသယေတ္ထ ဗဟုဿုတေ။
 တေသံ အန္နဉ္စ ပါနဉ္စ၊ ဝတ္ထသေနာသနာနိ စ။
 ဒဒေယျ ဥဇုဘူတေသု၊ ဝိပ္ပသန္နေန စေတသာ။
 ''တေ တဿ ဓမ္မံ ဒေသေန္တိ၊ သဗ္ဗဒုက္ခာပနူဒနံ။
 ယံ သော ဓမ္မံ ဣဓညာယ၊ ပရိနိဗ္ဗာတိ အနာသဝေါ''တိ။


 ထို့ကြောင့် မိမိ၏အကျိုးကို မြင်သော ပညာရှိသူသည် မွေ့လျော်ဖွယ် ကျောင်းတို့ကို ဆောက်လုပ်စေရာ၏၊ ဤကျောင်းတို့၌ အကြားအမြင်များသော ရဟန်းတို့ကို နေစေရာ၏၊ ထို ဖြောင့်မတ်သော ရဟန်းတို့အား လျော်သော စားဖွယ်ကိုလည်းကောင်း၊ သောက်ဖွယ်ကိုလည်းကောင်း၊ သင်္ကန်း အိပ်ရာ နေရာတို့ကိုလည်းကောင်း ကြည်ညိုသော စိတ်ဖြင့် လှူရာ၏။
ထိုရဟန်းတို့သည် ထိုကျောင်းဒါယကာအား ဆင်းရဲအလုံးစုံကို ပယ်ဖျောက်တတ်သော တရားကို ဟောကုန်၏၊ ဤသာသနာတော်၌ ထိုကျောင်းဒါယကာသည် ထိုတရားကို သိ၍ အာသဝေါ တရားမရှိဘဲ ငြိမ်းအေးရလေ၏''ဟု (အနုမောဒနာပြုတော်မူ၏)။ ''
(စူဠ၀ါပါဠိတော်မြန်မာပြန်၊ သေနာသနက္ခန္ဓက)

ပထမအနုမောဒနာဂါထာမှာ ကျောင်းတစ်ကျောင်းရဲ့ တန်ဖိုးနဲ့ လုပ်ဆောင်နိုင်တဲ့ ၀န်တွေကို လင်းပြတော်မူထားတာပါပဲ။ အရာရာကို စွန့်လွှတ်ပြီိးတဲ့ ရဟန်းတစ်ပါးအတွက် သစ်တစ်ပင်ရင်း ၀ါးတစ်ပင်ရင်းမှာ နေထိုင်သီတင်းသုံးနို်င်တယ်ဆိုပေမယ့် တကယ် မလွယ်တာတော့ အမှန်ပါပဲ အရှင်ဘုရားရယ်.။။ ရာသီဥတုအမျိုးမျိုးရှိတဲ့ နိုင်ငံနယ်နိမိတ်တွေကို ကျော်ဖြတ်ပြီးသာသနာပြုကြမယ့် ရဟန်းတော်တွေအတွက် အမျှော်အမြင်ကြီးစွာ ခွင့်ပြုတော်မူခဲ့တယ် ဆိုတာ သေချာလှပါတယ်။ ကျောင်းဝိဟာဆိုတာ အပူအအေး၊ လေပြင်းနဲ့ မိုးသက်မုန်တိုင်းလို  သဘာဝဘေးအန္တရာယ်တွေနဲ့ သားရဲတိရိစ္ဆာန်တွေရဲ့ ရန်က ကာကွယ်နိုင်မယ်..။

ပြီးတော့ အေးအေးလူလူသီတင်းသုံးကိန်းအောင်းဖို့၊ ၀ိပဿနာတရားဘာဝနာပွားများဖို့၊ ဈာန်ဝင်စားဖို့ အကောင်းဆုံးနေရာတစ်ခုမို့ ကျောင်းလှူဒါန်းခြင်းဟာ မွန်မြတ်တယ် လို့ ဗုဒ္ဓအရှင်က ချီးမွမ်းတော်မူပါသတဲ့..။
တပည့်တော် လျှောက်ချင်တာက ဒုတိယအနုမောဒနာဂါထာရဲ့ ကျောင်းဝိဟာဆိုင်ရာ လမ်းညွှန်ချက်ပါပဲ။

 ၁)ကျောင်းလှူဒါန်းခြင်းရဲ့ မွန်မြတ်တဲ့ အကျိုးကို သိတဲ့ ပညာရှိအမျိုးကောင်းသား အမျိုးကောင်းသမီးတွေဟာ မွေ့လျော်ဖွယ်ရာ ကျောင်းကို ဆောက်လုပ်ရမယ်။
၂)အကြားအမြင်များတဲ့ ရဟန်းတွေကို ကျောင်းထိုင်တင်မြှောက်ရမယ်။
၃) သီတင်းသုံးနေတဲ့ ရဟန်းသံဃာတွေအတွက် သာသနာနဲ့ လျော်တဲ့ စားဝတ်နေရေးဆိုင်ရာ ပစ္စည်းဝတ္ထုများ ထောက်ပံ့လှူဒါန်းကြရမယ်။
၎)ရဟန်းသံဃာတွေကလည်း ကျောင်းဒကာ ကျောင်းဒကာမတွေကို ဆင်းရဲကင်းကြောင်း တရားဓမ္မများကို ဟောပြောပို့ချပေးကြရမယ်။ တဲ့.။

 ကျောင်းထိုင်ပုဂ္ဂိုလ်ဟာ အကြားအမြင်များရမယ် တဲ့။ ပြီးတော့လည်း ဟောပြောပို့ချ ဓမ္မပညာကို ဖြန့်ဝေရမယ် တဲ့။
ဗုဒ္ဓအရှင်ဟာ သံဃာ့အဖွဲ့အစည်းကြီးကို ပညာအဖွဲ့အစည်းကြီးဖြစ်စေချင်တာ ထင်ရှားတယ်နော်ဘုရာ့။
အဲဒီအကြားအမြင်များတဲ့ ရဟန်းဆိုတာ ဘယ်လိုမျိုးလဲ လို့ တပည့်တော်ရဲ့ ဥပဇ္ဈာယ်မဟာထေရ်ကို မေးလျှောက်မိတော့ အကြားအမြင်လည်း များ (ဗဟုဿုတ) သီလလည်း ရှိ( သီလဝန္တ) ကောင်းသောတရားကိုလည်း ကျင့်သုံး ( ကလျာဏဓမ္မ) တဲ့ ရဟန်းမျိုးလို့ ထပ်ဆင့်ဖွင့်ပြတာ မှတ်သားရသေးတယ် ဘုရား..။

ဒီလမ်းညွှန်ချက်ကို အခြေခံပြီး ပေါ်ထွန်းလာခဲ့တဲ့ ဗုဒ္ဓသာသနာ့ကျောင်းဝိဟာတွေဟာ မဇ္ဈိမရဲ့ ဓမ္မအလင်းဖြန့်ဝေရာ ပညာရေးဌာနကြီးတွေ အဖြစ် တစ်နေ့တစ်ခြား စည်ပင်လာတာ အရှင်ဘုရားလည်းအမြင်ပါပဲ..။
ဓမ္မပညာကို လေ့လာကျင့်သုံးခွင့်ရတဲ့ဒေသတွေ တစ်နေ့တစ်ခြား ငြိမ်းချမ်းယဉ်ကျေးလာကြတာ တကယ့်အသေချာပါပဲ..။

 ဒါပေမယ့် အရှင်ဘုရားရယ် ဗုဒ္ဓအရှင်က ဘယ်လိုပဲ ဟောဟောပါ...။ လမ်းညွှန်ချက်တော်ကို သွေဖီပြီး  ဆရာစွဲ၊ ဂိုဏ်းစွဲ ၊ပုဂ္ဂိုလ်စွဲတွေနဲ့ အရည်အသွေးမရှိ ၊ ပညာမတတ်တဲ့ ရဟန်းတွေကို ကျောင်းထိုင်ဘုန်းကြီးတင်မြှောက်ကြလို့ ပြဿနာတွေ အဖုံဖုံတက်ကြတာလည်း သတင်းတွေ ကြားရပါရဲ့..။ ကီဋာဂိရိဇနပုဒ်က လာတဲ့ သတင်းတွေက မကောင်းဘူး..။ အရှင်ဘုရားလည်း ကြားမယ်ထင်တယ်..။

တပည့်တော်တို့ကိုယ်တိုင်လည်း  ခုရောက်နေတဲ့ ၀ါသဘရွာမှာ ကျောင်းထိုင် ဆရာတော်နဲ့  ပြဿနာကြုံနေရတယ်ဘုရာ့။.. အဟဲ ဒီကိစ္စကတော့ တပည့်တော်တို့ဘက်ကအလွန်ပါ..။ အဲဒါလေး နောက်စာတစ်စောင်ကျမှ လျှောက်ထားတော့မယ်..။
ရွာမှာဆိုတော့ အွန်လိုင်းက ကော်နက်ရှင်းမကောာင်းဘူးအရှင်ဘုရားရေ..။

 အရှင်ဘုရားတို့ သာဝတ္ထိကတော့ မင်းနေပြည်တော်ကြီးဆိုတော့ ကော်နက်ရှင်း သိပ်ကောင်းမှာပေါ့။ ကောသလတိုင်းသူတွေလည်း သတိထားကိုယ်တော်ရေ..။ သူတို့က နိဂဏ္ဍနာဋပုတ္တ(ဂျိန်း)ကိုယ်တော်ကြီးရဲ့ တပည့်တွေဆိုလည်း ကိုးကွယ်လိုက်တာပဲ.။ ပုရာဏကဿပကိုယ်တော်ကြီိးတွေဆိုလည်း ဆည်းကပ်လိုက်တာပဲ..။

တပည့်တော်တော့ သာဝတ္ထိရောက်တုန်းက အဲဒီကိုယ်တော်ကြီးတွေနဲ့ ၀ိသာခါကျောင်းအမကြီး အိမ်ဘက်ကို ဆွမ်းခံအကြွ လမ်းမှာ မျက်နှာချင်းဆိုင်ဆုံတာ မျက်နှာပူလိုက်တာဘုရား..။ (သူတို့ကတော့ မျက်နှာပြောင်တယ်.. ဘာဆိုဘာမှ ပါဝူး.... :D.။ )
ဆွမ်းလောင်းတဲ့ မာတုဂါမလေးတွေကတော့ ရိုးနေပြီးလားမသိဘူး။ တပည့်တော်ကို တောက တက်လာတဲ့ ကိုယ်တော်လေးဆိုပြီး ပြုံးစစနဲ့..။
အရှင်ဘုရားကျောင်းက အမှတ် (၄၉၉) ဆိုတော့ ချောင်ကျကျကျောင်းမို့ အွန်လိုင်ချည်းလည်း ထိုင်မနေနဲ့ဦး။
ပြီးတော့ ဗုဒ္ဓအရှင် ဒေသစာရီကြွနေတယ်ဆိုပြီး ဇေတ၀န်ကျောင်းတော်ကြီးထဲ လျှောက်လည်ပြီး တစ်ကျောင်းဝင်တစ်ကျောင်းထွက် ဓမ္မသာကစ္ဆာယောင်ယောင် ဘာယောင်ယောင် လေပွမနေနဲ့ဦး..။ သာရိပုတ္တရာကိုယ်တော်ကြီးဆို ပြဿနာမရှိဘူး..။မဟာမောဂ္ဂလာန်ကိုယ်တော်ကြီး ကျောင်းစဉ်လှည့်စစ်တာနဲ့ ကြုံလို့ ဟုတ်ပေ့ဖြစ်နေဦးမယ်။
ဒါနဲ့ မဟာဝုန်ဝက်ဘ်ဆိုဒ်က တင်တဲ့ ဗုဒ္ဓအရှင်ရဲ့ မဟာသမယသုတ်ဟောကြားချက်ထဲက နတ်တွေအကြောင်း လင့်ခ်လေး ရှိရင် ပို့ပေးပါဦးဘုရား။။

 မုဒိတာဖြင့်
အာယသ္မာဂင်္ဂါမောဒန္တော
ခေတ္တ
ဝါသဘရွာ
modanto@kasi.mail.com

 (ဆက်ရန်)
ဓမ္မဂင်္ဂါ
(၁၁-၈-၂၀၁၂)

ယခင်ဆောင်းပါးအဆက်တွေ ဖတ်ချင်ရင်တော့ လေဘယ်လ်ကိုသာ ကလစ်တော်မူကြလေကုန်....

01 May, 2011

ရာဇဂြိုဟ်သူဌေး၏ ပုရပိုဒ်စာမှတ်တမ်း......

ငြိမ်းပေမယ့် အငြိမ်းမနေနိုင်သူများ(၆)

'' တစ်နေ့သ၌ ကျွန်ုပ်သည် ကျွန်ုပ်၏ ဥယျာဉ်ခြံရှိရာသို့ ဝေဠုဝန်တောလမ်းအတိုင်း တစ်ကိုယ်တည်း လမ်းလျှောက်ထွက်ခဲ့လာလေသည်။ ကျွန်ုပ်ထွက်လာသော အချိန်သည် ရာဇဂြိုဟ်စံတော်ချိန်အားဖြင့် နံနက်ခင်းဝေလီဝေလင်းကာလမျှသာ ဖြစ်လေရာ လွန်စွာမှ အေးချမ်းသာယာလှပေသည်။ နံနက်ခင်းတိုင်း ဂိဇ္ဈကုဋ်တောင်ကမ်းပါးကို ဖြတ်သန်းတိုက်ခတ်လာသော လေညင်းကို ရှူရှိက်ရင်း လမ်းလျှောက်ရသည်မှာ နန်းတွင်းသမားတော်ကြီး၏ အဆိုအရ အာယုဒီဃဆေးကို မှီဝဲရသည်နှင့် တူလေသည်။

ထိုသို့ လျှောက်လာသည့်အခိုက် ဝေဠုဝန်တောလမ်းတစ်လျောက်လုံး ဟိုနားတစ်စု၊ သည်နားတစ်စု စင်္ကြန်ကြွရင်း တရားဘာဝနာရှုမှတ်နေကြသည့် ဗုဒ္ဓအရှင်၏ သာဝကရဟန်းများကို ကြည်ညိုဖွယ်ရာ ဖူးတွေ့ရလေတော့၏။ ထိုရဟန်းတို့၏ ဦးပြည်းစိမ်းစိမ်းနှင့် အရဟတ္တဓဇသင်္ကန်းလွင်လွင်သည် ဥဒည်တောင်စွန်းမှ ထွန်းလာသော တက်သစ်စနေရောင်ခြည်တွင် ရွှင်ရွှင်တောက်ပနေလေသည်။

ထို့အပြင် ထိုရဟန်းတို့၏ ပကတိအသွင်အပြင်နှင့် စင်္ကြန်ကြွလှမ်းပုံအမူအရာတို့သည် လွန်စွာမှ ငြိမ်သက်တည်ကြသည်ဖြစ်လေရာ ကျွန်ုပ်၏ အဇ္ဈတ္တကောင်းကင်အကြည်သားတွင် သဒ္ဓါမိုးသားတိမ်လိပ်တို့ တရိပ်ရိပ်တက်လာခဲ့သည်နှင့်အမျှ ထိုရဟန်းတို့၏ လိုအပ်ချက်ကို သွန်းလောင်းဖြည့်ဆည်းလိုသည့် ဆန္ဒသည်လည်း တဖွားဖွား ဖြစ်ပေါ်လာခဲ့လေတော့၏။


ထိုရဟန်းတို့အနေဖြင့် ညကျိန်းစက် အနားယူရန် သီးခြားနေရာမရှိသေးကြောင်း ကျွန်ုပ်သိပါသည်။ နေ့အခါ၌ ဘ၀ရှင် ဧကရာဇ်မင်းတရားကြီးလှူဒါန်းထားသည့် ဝေဠုဝန်ဝါးတောကိုသာ ကျောင်းအမှတ်ဖြင့် ဗုဒ္ဓအရှင်နှင့်အတူ သာဝကရဟန်းများ စုပေါင်းသီတင်းသုံးနေကြရလေသည်။ ညဥ့်အခါ၌မူ တော၊တောင်၊ လိုဏ်ဂူ၊ သစ်ပင် ၊ ကောက်ရိုးပုံနှင့် သုသာန်စသည် ဆိတ်ငြိမ်သည့်နေရာများသို့ ကပ်မှီကာ ဘာဝနာစီးဖြန်းရင်း ညဥ့်သုံးယာမ်ကို ကုန်လွန်စေကြရသည် ဟု ကျွန်ုပ်ကြားသိထားလေသည်။

ဝေဠုဝန်တောကျောင်းတွင်လည်း မည်သည့် အဆောက်အဦမှ မတည်ဆောက်ရသေးသည်ဖြစ်ရာ ဗုဒ္ဓအရှင်ကိုယ်တော်တိုင်ပင် သစ်ပင်ဝါးရိပ်ကို မှီခိုလျက် ခြိုးခြံမျှတစွာ သီတင်းသုံးနေတော်မူရသည်။ ထို့ကြောင့် ဝေဠုဝန်ဥယျာဉ်သည် ဗုဒ္ဓအရှင်ထံမှ မဂဓပြည်သူတို့ တရားဓမ္မ နာယူရန်၊ ဗုဒ္ဓအရှင်နှင့် ရဟန်းသံဃာတို့အား ဖူးမျှော်ရန်၊ တရားဓမ္မဆွေးနွေးလျှောက်ထားရန်၊ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းနည်း နိဿျည်းခံယူရန် စသော ယာယီကိစ္စများအတွက် သင့်လျော်သည့်တိုင် အမြဲတစေ သီတင်းသုံး၍ အေးအေးလူလူ ကမ္မဋ္ဌာန်းဘာဝနာတရား ပွားများအားထုတ်ရန် သီးသန့်ကျောင်းသင်္ခန်းများလိုအပ်သည် ဟု ကျွန်ုပ်ထင်မြင်မိပေသည်။

မည်သို့ဆိုစေ ဝေဠုဝန်သည် ဗုဒ္ဓအရှင်ကြောင့် နေ့ချင်းညချင်း နာမည်ကျော်ကြားလာခဲ့သည်။ ကျွန်ုပ်တို့ခေတ်၏ အကျော်ကြားဆုံး ဘာသာရေးဂုရုကြီး တစ်ဆူဖြစ်သည့် ဥရုဝေလကဿပ သခင် ရသေ့ကြီးသည်ပင် ထိုဗုဒ္ဓအရှင်ထံမှ တရားဓမ္မနာယူခွင့် ရခဲ့သည့်အတွက် ဖန်ရေစွန်းသင်္ကန်းကို ၀တ်ရုံ၍ မြတ်သော ရဟန်းအဖြစ်ကို ခံယူခဲ့ပေသည်။

ကျွန်ုပ်သည်လည်း ဘုရင်ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့သည့် မဂဓနိုင်ငံတော်၏ အထူးမြတ်ဆုံး ဘာသာကူးပြောင်းပွဲ အခမ်းအနားကြီးတွင် မိရိုးဖလာဘာသာရေးကို စွန့်ပယ်ကာ ဗုဒ္ဓ၀ါဒီ တစ်ဦးဖြစ်လာခဲ့လေသည်။ ကျွန်ုပ်တို့ ဆွေးနွေးလေ့ရှိသည့် ဗုဒ္ဓအရှင်မြတ်၏ သစ္စာဓမ္မနှင့် မဂ္ဂင်အကျင့်အမြတ်ကို အစွဲပြုကာ ကျွန်ုပ်တို့ ဗုဒ္ဓ၀ါဒီများကို မဇ္ဈိမပဋိပဒါ ဂိုဏ်းသားများဟု ယနေ့ ရာဇဂြိုဟ်စကားဝိုင်းများတွင် ခေါ်ဝေါ်သုံးနှုံးလျက်ရှိပေသည်။

ဘာသာတရားအသစ်ကို ကူးပြောင်းသူတို့၏ ထုံးစံအတိုင်း မိမိကိုးကွယ်သောဗုဒ္ဓသာသနာ၏ ကောင်းမြတ်သော သတင်းစကားတို့ကို တစ်နေ့တစ်ခြား ကြားနေရသည်မှာ ကျွန်ုပ်ကဲ့သို့သော ဗုဒ္ဓသာဝကသစ်တစ်ဦးအတွက် အားတက်ဖွယ် ခံစားမိကြောင်း ပွင့်လင်းစွာ ၀န်ခံရပေမည်။ လွန်ခဲ့သော လအနည်းငယ်က ခေတ်ပညာတ် ထိပ်တန်းလူရွယ်များဖြစ်ကြသည့် ဥပတိဿနှင့် ကောလိတတို့ ဗုဒ္ဓ၏ သာဝကများအဖြစ် ခံယူလိုက်ပြီဆိုသောအခါ ရာဇဂြိုဟ်မီဒီယာသမားများစိတ်ကြိုက် သတင်းထူးတစ်ခုဖြစ်သွားခဲ့လေသည်။ ကျွန်ုပ်တို့ မဇ္ဈိမပဋိပဒါဂိုဏ်သားများအတွက်မူ ဆိုဖွယ်ရာမရှိတော့ပြီ။

ဥပတိဿနှင့် ကောလိတဆိုသည်က မဂဓနိုင်ငံတော်၏ ဗြဟ္မဏဘာသာရေးလောကနှင့် လူကုန်ထံ အသိုင်းအ၀ိုင်းတွင် အရေးပေးခံရသော လူရွယ်နှစ်ဦးဖြစ်လေသည်။ နယ်ကျေးလက်တွင် မွေးဖွား ခဲ့ကြသော်လည်း ဥစ္စာဓနကြွယ်ဝမှုနှင့် ပညာရေးထူးချွန်ထက်မြက်မှုများကြောင့် ရာဇဂြိုဟ်မြို့ပြတွင်လည်း ၀င်ဆန့်ကြပေသည်။ ကခြင်း၊ သီဆိုခြင်းစသော ကလာအတတ်အမျိုးမျိုး၌ နှံ့စပ်ခြင်း၊ မဂဓပျိုဖြူတို့၏ စိတ်နှလုံးကို ဖမ်းစားနိုင်သည့် ခန့်ညားချောမောသော ရုပ်ရည်ကို ပိုင်ဆိုင်ခြင်း၊ စကားအသုံးအနှုံးချိုသာစွာ မြို့ကြီးသူတို့အကြိုက် လိုက်လျောညီထွေ မွန်မွန်ရည်ရည်ပြောတတ်ခြင်း စသော အရည်အသွေးတို့ကြောင့်လည်း ရာဇဂြိုဟ်ကပွဲများတွင် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်များဖြစ်နေကြပြန်သည်။

ပညာရေးလောကတွင် ဝေဒကျမ်းဂန်တတ်ပါရဂူများ ဖြစ်ကြသည်သာမက စီးပွားရေးနယ်ပယ်တွင်လည်း စွန့်စွန့်ချွံချွံ စီမံဆောင်ရွက်တတ်သူများဖြစ်ကြရာ ဗြဟ္မဏလူငယ်များအတွက် အဖက်ဖက်က အားကျစံထားစရာ ပုဂ္ဂိုလ်များအဖြစ် မျက်နှာပွင့် ကြပါပေသည်။

ကျွန်ုပ်ကိုယ်တိုင်ပင် ထိုလူရွယ်နှစ်ဦးနှင့် နှစ်ကြိမ်သုံးကြိမ်ခန့်မျှ မင်းရေးစိုးခွင် သဘင်ပွဲများ၌ စကားလက်ဆုံကြခဲ့ဖူးလေရာ ဥပတိဿ၏ ကျမ်းဂန်စာပေနှံ့စပ်မှုနှင့် နှုတ်မှုရေးရာလိမ္မာပါးနပ်မှုကို အကဲခတ်မိသည်သောခါ '' ဤသူငယ်ကား အနာဂတ်မဂဓနိုင်ငံတော်၏ အမတ်ချုပ်ကြီးသော်လည်းကောင်း၊ ပရောဟိတ်ကြီးသော်လည်းကောင်း ဖြစ်ထိုက်ပါပေသည် '' ဟု မှတ်ချက်ချမိသည်နှင့်အမျှ ကောလိတ၏ တည်ကြည်ရဲရင့်သောအသွင်အပြင်နှင့် လက်ဝှေ့လက်ပန်းကစားခြင်း၊ ဓါးခုတ်လှံထိုး အမျိုးမျိုးသော အားကစားတို့၌ အကျွမ်းတ၀င်ရှိလှခြင်း၊ ကာကွယ်ရေး စစ်ရေးမဟာဗျူဟာတို့နှင့် စပ်လျဉ်း၍ အမြင်စူးရှခြင်းတို့ကို အားရမိလေရာ '' ဤသူငယ်မှာမူ ဥပတိဿနည်းတူ နိုင်ငံတော်အတွက် စစ်သေနာပတိကြီးတစ်ဦးအဖြစ် အလားအလာကောင်းသူတည်း'' ဟုပင် အမှတ်ပေးခဲ့ဖူးလေသည်။

ထိုကဲ့သို့ လိုတိုင်းရ၊ တတိုင်းဖြစ်နေကြသော လူရွယ်နှစ်ဦး ရာဇဂြိုဟ်မြို့တော်၏ တောင်ထိပ်ကပွဲည တစ်ညတွင် ရုတ်တရက် လောကီနယ်ပယ်ကို စွန့်ခွာသွားခဲ့ပြီ ဟူသော သတင်းက ကျွန်ုပ်အပါအ၀င် ရာဇဂြိုဟ်မြို့တော်သားတို့စကားဝိုင်းတွင် ရက်ပေါင်းများစွာ ကြာအောင် ဆွေးနွေးခဲ့ရသည့် ဘာသာရပ်တစ်ခုဖြစ်ခဲ့ရပေသည်။ ထိုနောက်တွင် ဥပတိဿနှင့် ကောလိတတို့နှစ်ဦးသား တိုင်းဌာနီအသီးသီး၊ တောတောင်အသီးသီးရှိ ဆရာအဆူဆူထံတွင် ချဉ်းကပ်လျက် တရားရှာဖွေကျင့်ကြံနေကြကြောင်း၊ ထို့နောက် မဂဓတိုင်းသို့ ပြန်ရောက်လာကာ သဉ္စယဂိုဏ်းဆရာကြီးထံတွင် ဂိုဏ်အုပ်တပည့်ကြီးများအဖြစ် ကျင့်ကြံနေကြောင်း စသော သတင်းများကိုလည်း အဆက်မပြတ်ကြားခဲ့ရလေသည်။

ယခုအခါ၌မူ ကျွန်ုပ်တို့ မဂဓတိုင်း၏ ဇာတ်လိုက်ကျော်ကြီးနှစ်ဦး ဗုဒ္ဓသာဝကရဟန်းများ အဖြစ်ခံယူလိုက်ပြီဖြစ်ကြောင်း၊ ၊ဗုဒ္ဓအရှင်ကလည်း ထိုလူရွယ်နှစ်ဦးအား အဂ္ဂမဟာသာဝကကြီးများ အဖြစ် မြင့်မြတ်သောသာသနာ့ရာထူးများခန့်အပ်လျက် ထိုက်တန်စွာ နေရာပေးချီးမြောက်တော်မူကြောင်း သတင်းစကားများကို ၀မ်းမြောက်ဖွယ် ကြားခဲ့ရလေသည်။ ထိုသတင်းစကားများ၏ အကျိုးဆက်အနေဖြင့် မဂဓတိုင်းရှိ လူကုန်ထံအသိုင်းအ၀ိုင်းမှ လူကြီးလူကောင်းများနှင့် ပညာတတ်လူငယ်လူရွယ်များ ဗုဒ္ဓသာဝကများအဖြစ်ခံယူကာ ရဟန်းဘောင်သို့ ၀င်ရောက်ခဲ့ကြလေသည်။

သို့အတွက် ရဟန်းတော်များ၏ ဆွမ်းခံလမ်းတွင် ''ရဟန်းကြီးဂေါတမသည် တောင်ငါးလုံး ခြံရံအပ်သော မဂဓတိုင်း ရာဇဂြိုဟ်ပြည် ကြီးသို့ လာချေပြီ၊ အလုံးစုံသော သိဉ္စည်း၏ တပည့်တို့ကို ယူဆောင်ခဲ့ပြီးနောက် ယခု အဘယ်သူကို ယူဆောင်လတံ္တ့နည်း'' ဟူသော ဂါထာသံချပ်ဖြင့် ရာဇဂြိုဟ်ပြည်သူတို့ ဆန္ဒပြခဲ့ကြသည်ကို စိတ်မကောင်းဖွယ် ကျွန်ုပ် ကြားသိရလေသည်။

မည်သို့ဆိုစေ ဝေဠုဝန်သံဃသမိတိ(သံဃာ့အဖွဲ့)၏
''ကြီးသော လုံ့လရှိကုန်သော မြတ်စွာဘုရားတို့သည်
စင်စစ် သူတော်ကောင်း တရားဖြင့် ဆောင်ယူကုန်၏၊
တရားသဖြင့် ဆောင်ယူသော ပညာရှိတို့ကို
ငြူစူ စောင်း မြောင်းခြင်းဖြင့်
အဘယ်ပြုအံ့နည်း''

ဟူသော တရားဝင်ထုတ်ပြန်ကြေငြာချက်က ဆန္ဒပြသူများ၏ သံသယကို ပယ်ဖျက်နိုင်ခဲ့ပေသည်။
''ရဟန်းတော်တို့၏ သဘောထားအမှန်ကို နားလည်သဘောပေါက်သွားကြပြီးနောက် ဆန္ဒပြမှုများ ငြိမ်းသွားခဲ့သည်မှာ လွန်စွာမှ စိတ်ချမ်းမြေ့ဖွယ်အတိဖြစ်ခဲ့ရလေသည်။

ယခုအခါ မဂဓနိုင်ငံတော်၏ ဗုဒ္ဓသာသနာသည် မြူတိမ်ကင်းသော လကဲ့သို့ ၀င်းပနေလေပြီ၊ တစ်နေ့တစ်ခြားတိုးတက်များပြားလာသော အရိယာအရှင်ကောင်းတို့အတွက် ကျွန်ုပ်အနေဖြင့် ကျောင်းဆောက်လုပ်လှူဒါန်းလိုသော စေတနာသည် ဝေဘာရတောင်ထိပ်မှ စီးကျလာသော ရေအလျဉ်ကဲ့သို့ အားကောင်းလျက် ရှိချေပြီ..။ ဗုဒ္ဓအရှင်မြတ်ကသာ ခွင့်ပြုတော်မူလျင် ဤဘဒ္ဒကမ္ဘာ၏ ဂေါတမသာသနာတွင် ပထမဆုံးကျောင်းဒကာအဖြစ် ဥဒါန်းတွင်ရစ်ပေတော့မည်..။ ကျွန်ုပ်ကား မလှူရသေးမီကပင် ပီတိလွှမ်း၍ ပုဗ္ဗစေတနာတည်းဟူသော ဂန္ဓမာဒနပန်းရနံ့ကို ရှိုက်နမ်းမိချေပြီတည်း..။

ဓမ္မဂင်္ဂါ စာပြီးချိန် (၂၇-၄-၂၀၁၁) နံနက် ၄း၃၀ နာရီ


18 October, 2010

ဂေါတမဗုဒ္ဓနှင့် တပည့်ရဟန်းများ ဆန္ဒအပြခံရ

ငြိမ်းပေမယ့် အငြိမ်းမနေနိုင်သူများ (၅)

လူတို့သည် ရဟန်းတို့ကို မြင်သောအခါ- ''ရဟန်းကြီးဂေါတမသည် တောင်ငါးလုံး ခြံရံအပ်သော မဂဓတိုင်း ရာဇဂြိုဟ်ပြည် ကြီးသို့ လာချေပြီ၊ အလုံးစုံသော သိဉ္စည်း၏ တပည့်တို့ကို ဆောင်ယူခဲ့ပြီးနောက် ယခု အဘယ်သူကို ဆောင်ယူလတ္တံ့နည်း''ဟု ဂါထာဖြင့် ကဲ့ရဲ့ပြစ်တင်ကြကုန်၏။
(၀ိနည်းမဟာဝါမြန်မာပြန်)


ရာဇဂြိုဟ်ရုပ်သံ(RTV)စင်တာမှ
ထုတ်လွှင့်ချက်.....
(မဟာသက္ကရာဇ် ၁၀၃၊ တပိုတွဲလပြည့်ကျော်........)
Breaking News
ဂေါတမဗုဒ္ဓနှင့် တပည့်ရဟန်းများ ဆန္ဒအပြခံရ
လွန်ခဲ့တဲ့ လအနည်းငယ်က မဂဓတိုင်းနိုင်ငံတော်၊ရာဇဂြိုဟ်စီတီးကို ကြွရောက်လာခဲ့ပြီး ဝေဠုဝန်ဥယျာဉ်မှာ သီတင်းသုံနေတဲ့ ဂေါတမဗုဒ္ဓအရှင်နဲ့ တပည့်ရဟန်းတော်များဟာ ရာဇဂြိုဟ်မြို့တော်လမ်းမတွေပေါ်မှာ ပြည်သူတွေရဲ့ ဆန္ဒပြမှုကို ခံနေရပါတယ်။ အဓိကအကြောင်းရင်းကတော့ ဂေါတမဗုဒ္ဓအရှင်ရဲ့ တရားဓမ္မအသစ်ကို နှစ်သက်လက်ခံသူအမျိုးသားတွေက အိမ်ရာကို စွန့်ခွာပြီး ရဟန်းပြုကုန်ကြတာကြောင့် လို့ သိရပါတယ်။ သတင်းအပြည့်အစုံကို ရာဇဂြိုဟ်ရုပ်သံရဲ့ ဝေဘာရသတင်းထောက်က တိုက်ရိုက်တင်ပြပေးပါ့မယ်။

ဝေဘာရသတင်းထောက်ထံမှ တိုက်ရိုက်အသံ...
ဂေါတမဗုဒ္ဓအရှင်ဟာ သကျမျိုးနွယ်စုရဲ့ ဘုရင်တစ်ပါးအဖြစ် ကပိလနန်းကို ကြင်ယာတော်ယသော်ဓရာနဲ့အတူ စံတော်မူခဲ့ပြီး သက်တော်၂၉ နှစ်မှာ ဇနီး၊ မွေးဖွားစသားငယ်နဲ့ နန်းစည်းစိမ်အရပ်ရပ်ကို စွန့်ခွာပြီး ရဟန်းပြုခဲ့တယ်လို့ ဆိုပါတယ်။ ဥရုဝေလတောတောင်အရိပ်ကို ခိုပြီး သစ္စာတရားကို ခြောက်နှစ်ကြာအောင် ဗြဟ္မဏ၊ တပသီ၊ ယောဂီဆရာအမျိုးမျိုးဆီ ချဉ်းကပ်ပြီး ရှာဖွေခဲ့ပေမယ့် ဂေါတမဗုဒ္ဓအရှင်လိုချင်တဲ့ အဖြေနဲ့ ရိုးရာသွန်သင်ချက်၊ အကျင့်တရားတွေဟာ အလှမ်းဝေးခဲ့တယ် လို့ သိရပါတယ်။ လွန်ခဲ့တဲ့နှစ် မဟာသက္ကရာဇ် (၁၀၃) ခုနှစ် ကဆုန်လပြည့်နေ့ညမှာတော့ မည်သူတစ်ဦးတစ်ယောက်ရဲ့ သွန်သင်လမ်းပြမှုမှ မရှိဘဲ ဗောဓိဥာဏ်တော်ကို မျက်မှောက်ပြုနိုင်ခဲ့ပြီလို့ ကြေငြာခဲ့ပါတယ်။

အရှင်မြတ်ရဲ့ အသစ်တွေ့ရှိချက်ဖြစ်တဲ့ မဇ္ဈိပဋိပဒါတရားမြတ်ကို ကာသိရွာအနီးက မိဂဒါဝုန်သမင်တောမှာ ပထမဆုံး မိတ်ဆက်ဟောကြားခဲ့တဲ့ ပွဲမှာ ဝေဒပါမောက္ခဟောင်းများဖြစ်တဲ့ ရသေ့ကြီးငါးဦးဟာ ဗုဒ္ဓအရှင်ရဲ့ သာဝကရဟန်းများအဖြစ် ခံယူခဲ့ကြတယ်။ အဲဒီနောက်မှာတော့ ယသသူဌေးသားနဲ့ မိတ်ဆွေစီးပွားရေး လုပ်ငန်းရှင်ကြီး(၅၅)ယောက်၊ ကောသလတိုင်းက ဘဒ္ဒ၀ဂ္ဂီမင်းညီမင်းသား သုံးကျိပ်တို့ အဆင့်ဆင့် ဗုဒ္ဓအရှင်ရဲ့ သာဝကများဖြစ်လာခဲ့ကြပါတယ်။

မဂဓတိုင်းနိုင်ငံရဲ့ ဘာသာရေးဥသျှောင်ဖြစ်တဲ့ ဥရုဝေလရသေ့ကြီးနဲ့ ညီနောင်နှစ်ပါးအပါအ၀င် ရသေ့အပါး တစ်ထောင်လုံးကို ဗုဒ္ဓအရှင်မြတ်စည်းရုံးနိုင်ခဲ့တဲ့ သတင်းဟာ မဂဓနိုင်ငံတော်၊ ဧကရာဇ်ဘုရင်မင်းမြတ်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ ပါမောက္ခပညာရှင်ကြီးတွေနဲ့ လူကုံထံအသိုင်းအ၀ိုင်းကို စွဲဆောင်နိုင်ခဲ့တဲ့အတွက် ဗုဒ္ဓအရှင်ထံ ချဉ်းကပ် တရားနာယူပြီး ဂေါတမဗုဒ္ဓအရှင်ရဲ့ တပည့်သာဝကများအဖြစ် ခံယူလိုက်ကြပြီဖြစ်ကြောင်း ဘုရင်မင်းမြတ်ရဲ့ မဂဓတော်ဝင်သတင်းဌာနက အတိအလင်း ကြေငြာပြီး ဖြစ်ပါတယ်။ ခုဆို ဗုဒ္ဓသာသနာဟာ မဂဓတိုင်းမှာ ရေပန်းအစားဆုံးပေါ်ပြူလာဘာသာတရားအသစ်အဖြစ် တစ်နေ့တစ်ခြား ထင်ရှားလာတယ် လို့ စစ်တမ်းများက ဆိုပါတယ်။

စင်တာမှ မေးမြန်းချက်...
ခု ရာဇဂြိုဟ်စီးတီးမှာ ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေက ဘယ်လို စတင်ခဲ့တာလဲ ပြောပြပေးပါဦး။

ဝေဘာရသတင်းထောက်....
လွန်ခဲ့တဲ့ လက သိဉ္ဇည်းဆရာကြီးရဲ့ ထင်ရှားတဲ့ တပည့်ကြီးနှစ်ဦးဖြစ်တဲ့ ဥပတိဿနဲ့ ကောလိတအပါအ၀င် ပရိဗိုဇ်ဂိုဏ်းဝင် (၂၅၀) ဗုဒ္ဓအရှင်ထံမှာ သာဝကအဖြစ်ခံယူပြီး ရဟန်းပြုသွားတာက စတာပါ။ လွန်ခဲ့တဲ့ တပိုတွဲလပြည့်နေ့က ကျင်းပပြီးစီးသွားတဲ့ သာဝကသန္နိပါတလို့ခေါ်တဲ့ ပထမအကြိမ်ဗုဒ္ဓသာဝကများ ညီလာခံမှာ ဗုဒ္ဓအရှင်က သံဃာ့အဖွဲ့အစည်းကြီးကို အောင်မြင်စွာ ထူထောင်နိုင်ခဲ့ပါတယ်။ အဲဒီညီလာခံကြီးမှာပဲ ဥပတိဿနဲ့ ကောလိတတို့ကို လက်ျာတော်ရံနဲ့ လက်ဝဲတော်ရံရာထူးများ ခန့်အပ်ပြီး တာဝန်အသီးသီး ခွဲဝေပေးခဲ့တဲ့ အတွက် သဃာ့အဖွဲ့အစည်းကြီးဟာ အချိန်တိုတိုအတွင်းမှာ ကျစ်လျစ်ခိုင်မာ စုစည်းမှုရှိတဲ့ အဖွဲ့ အစည်းကြီး တစ်ရပ်ဖြစ်လာခဲ့ပါတယ်။ တစ်ခြားဘာသာတရားများထက် ဓမ္မအင်အားကြီးမားလာပြီ လို့ ဘာသာရေး စောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။

အဲဒီညီလာခံကြီးပြီးတဲ့ အချိန်ကစပြီး ရာဇဂြိုဟ်စီးတီးရဲ့ လူကုံထံလောကမှာ ရဟန်းပြုသူတွေ၊ ရဟန်းပြုလိုသူတွေ တစ်နေ့ တစ်ခြား များပြားလာခဲ့တယ် လို့ သိရတယ်။ အဲဒီအတွက် ရာဇဂြိုဟ်စီးတီးက လင်သားအစွန့်အပစ်ခံရတဲ့ အိမ်ရှင်မတွေ၊ အမွေဆက်ခံသူသားသမီးကင်းမဲ့သွားမှာကို စိုးရိမ်တဲ့ မိဘတွေ၊ မောင်ဘွားအကိုတွေနဲ့ မခွဲနိုင်တဲ့ အမနှမတွေက ဂေါတမဗုဒ္ဓအရှင်ရဲ့ တပည့်သာဝကတွေ ဆွမ်းခံကြွတဲ့လမ်းမှာ ဆန္ဒပြနေကြတာပါ။

စင်တာမှ မေးမြန်းချက်...
ဆန္ဒပြသူတွေက ဘယ်လို ကြွေးကြော်သံတွေနဲ့ ဆန္ဒပြကြတာလဲ ကျေးဇူးပြုပြီး...

ဝေဘာရသတင်းထောက်..
ဆန္ဒပြသူတွေက
"ရဟန်းကြီး ဂေါတမရောက်လို့လာ
သဉ္ဇည်းဆရာတွေ အကုန်ပါသွား၊
တောင်ငါးလုံးရံတဲ့ ရာဇဂြိုဟ်
ခုဆို ဘယ်သူ့ကို သူခေါ်မတုန်း "ဆိုပြီး ဂါထာသံချပ်ထိုးပြီး ကြွေးကြော်ကြတာပါ။ ဆန္ဒပြသူတွေရဲ့ သဘောထားအမှန်ကို သိဖို့တဲ့ အတွက် ဝေပုလ္လရပ်ကွက်က အိမ်ရှင်မတစ်ဦးကို မေးမြန်းကြည့်တဲ့အခါ....
'" ဘယ်လို ပြောရမလဲ ပေါ့နော်၊ ရဟန်းကြီးဂေါတမ ကျမတို့ ရာဇဂြိုဟ်စီးတီးကို ရောက်လာတော့ ဘာသာရေးလွတ်လပ်ခွင့် အနေနဲ့ ကြည့်ရင် ဘာမှ ကန့်ကွက်စရာ မရှိဘူးပေါ့နော်..။ ဘာသာတရားလွတ်လပ်ခွင့်ဆိုတာ မဇ္ဈိမရဲ့ အစဉ်အလာပဲလေ။ ဒါပေမယ့် ဘယ်လိုပြောမလဲပေါ့နော် (ပေါ့နော်တွေအများသား)။ ကျမတို့ လင်တွေ၊ သားတွေ ရဟန်းပြုကုန်ကြတာတော့ ကျမတို့ ဘယ်ကျေနပ်မလဲနော်။ ခုဆို ကျမတို့ ရာဇဂြိုဟ်က အိမ်ရှင်မတွေ တစ်ခုလပ်တွေ ၊လင်ပစ်မတွေ ဖြစ်ကုန်ပြီ။ မိသားစုအသိုက်အအုံလေးတွေ ပြိုကွဲကုန်ပြီ။ တစ်ချို့မိသားစုတွေဆိုရင် အမွေခံသားလေး တစ်ယောက်တည်း ရှိတာမျိုး ရဟန်းဝတ်သွားတော့ မျိုးဆက်ပြတ်ပြီပေါ့နော် ။ သတို့သားပျောက်သွားရှာတဲ့ သတို့သမီးလောင်း လေးတွေဆို အိပ်မက်တန်းလန်းနဲ့ မျက်ရည်စက်လက်ဖြစ်ကြရတယ်ပေါ့နော်။ အဲဒါကြောင့် ကျမတို့က ဆန္ဒပြရတာပါ။"

စင်တာမှ ထုတ်လွှင့်ချက်...
ရာဇဂြိုဟ်စီးတီးက ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဝေဘာရသတင်းထောက်ပေးပို့တဲ့ သတင်းပါ။

14 October, 2010

မိဂဒါဝုန်သာသနာပြုမိန့်ခွန်းတော်


ငြိမ်းပေမယ့် အငြိမ်းမနေနိုင်သူများ (၄) 

မိဂဒါဝုန်သာသနာပြုမိန့်ခွန်းတော်
(မဟာသက္ကရာဇ် ၁၀၃ ခုနှစ် သတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့)

'ရဟန်းတို့
ငါဘုရားသည် လူ နတ်တို့၌ ဖြစ်သော (ကိလေသာ) ကျော့ကွင်း အားလုံးတို့မှ လွတ်တော်မူပြီ။
ရဟန်းတို့
သင်တို့သည်လည်း လူ နတ်တို့၌ ဖြစ်သော (ကိလေသာ) ကျော့ကွင်းတို့မှ လွတ်ကြကုန်ပြီ။
ရဟန်းတို့
များစွာသော လူတို့၏ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ လောကကို စောင့် ရှောက်ရန်အလို့ငှါ နတ် လူတို့၏ အကျိုးစီးပွါး ဖြစ်ခြင်း ချမ်းသာခြင်းငှါ ဒေသစာရီ လှည့်လည်ကုန် လော့၊
ခရီးတစ်ကြောင်းလျှင် နှစ်ပါးမသွားကြကုန်လင့်။

ရဟန်းတို့
အစ၏ကောင်းခြင်း အလယ်၏ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့် ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောကုန်လော့၊ အလုံးစုံပြည့်စုံသော ထက်ဝန်းကျင် စင်ကြယ်သော မြတ်သော အကျင့်ကို ပြကုန်လော့။
ပညာမျက်စိ၌ ကိလေသာ မြူနည်းသော သဘောရှိကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ တရားတော်ကို မကြားနာရသဖြင့် ဆုတ်ယုတ်ကြရကုန်၏၊ တရားတော်ကို သိလွယ်သော သူတို့ ရှိကုန်လတံ္တ့။

ရဟန်းတို့
ငါဘုရားသည်လည်း ဥရုဝေလမှ သေနနိဂုံးသို့ တရားဟောရန် ချဉ်းကပ်တော်မူပေအံ့''

(၀ိနည်းမဟာဝါမြန်မာပြန်)

နောက်ခံစကားပြော.....

အော်ဒီယို(၅)

ဗုဒ္ဓအရှင်က ပထမ၀ါတော်မှာပဲ စွမ်းရည်မြင့်သာသနာပြုရဟန္တာအရှင်မြတ် အပါးခြောက်ဆယ်ကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့တာပါ။ သာသနာ့တပ်ဦးမှာ အရဟတ္တဓဇလို့ခေါ်တဲ့ အရိယာအလံတော်တွေ တလူလူလွှင့်နိုင်ခဲ့တာ အားတက်စရာပါပဲ။ သီတင်းဝါလကျွတ်တာနဲ့ မိဂဒါဝုန်ပြန်တမ်းလို့ ခေါ်ဆိုနိုင်တဲ့ သာသနာပြုမိန့်ခွန်းတော်ကို ထုတ်ပြန်ပြီး မဇ္ဈိမနယ်ပယ်အရပ်ရပ်ဆီ သာသနာပြုစေလွှတ်တော်မူခဲ့ပါတယ်။ သာသနာပြုအင်အား မပြုန်းတီးဖို့ လမ်းကြောင်းတစ်ခုကို တစ်ပါးတည်းသာ ကြွကြလေ တဲ့။

ဗုဒ္ဓအရှင်က မိဂဒါဝုန် သာသနာပြုမိန့်ခွန်းတော်ကို ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးခဲ့တာပါ။ " ရဟန်းတို့ ငါဘုရားသည်လည်း ဥရုဝေလမှ သေနနိဂုံးသို့ တရားဟောရန် ချဉ်းကပ်တော်မူ ပေအံ့'' တဲ့။ အဖော်မမှီး ကိုယ်တော်တစ်ပါးတည်း ကြွတော်မူတဲ့ သာသနာပြုခရီးဟာ မိုးမြေသိမ့်တုန် အောင်မြင်ခဲ့ပါတယ်။ ဘဒ္ဒ၀ဂ္ဂီညီနောင် သုံးကျိပ်။ ဥရုဝေလညီနောင်သုံးပါးအပါအ၀င် ရသေ့မြတ် ရှင်တစ်ထောင်ကို သာသနာအင်အားစု အရိယာ အရှင်မြတ် များအဖြစ် ချီးမြှောက်နိုင်ခဲ့ပါတယ်။ အော်ဒီယို (၃) နဲ့ (၄)မှာ တင်ပြခဲ့တဲ့အတိုင်း မဂဓတိုင်းနိုင်ငံတော်ကြီးမှာလည်း ဗုဒ္ဓအရှင်ရဲ့ ဓမ္မတံခွန်တော် လွှင့်ထူနိုင်ခဲ့ပါတယ်။

အော်ဒီယို (၆)

သာသနာပြုရဟန္တာအရှင်မြတ် အပါးခြောက်ဆယ်ရဲ့ သာသနာပြုခရီးလမ်းကြောင်းတွေကို ပိဋကတ်မှာ အပြည့်အစုံ မှတ်တမ်းမတင်နိုင်ခဲ့ပေမယ့် ဗုဒ္ဓအရှင်ရဲ့ သစ္စာဓမ္မကို နှစ်ခြိုက်စွာ ကျင့်သုံးလိုသူတွေကို ရဟန်းပြုပေးဖို့ အခွင့်အာဏာတစ်ရပ်ကို နှင်းအပ်ခဲ့ကြောင်းတော့ မှတ်သားရပါတယ်။

သာသနာတော်ရဲ့ စဦးမျက်နှာအဖွင့်မှာ ဗုဒ္ဓအရှင့်ပါးကို ချဉ်းကပ်ရောက်လာသူမှန်သမျှဟာ သံသရာကို တကယ်ငြီးငွေ့နေသူ (ထွင်ပြီး ငြီးငွေ့သူများ မဟုတ်) အရင့်အမာပါရမီရှင်ကြီးတွေပဲ ဖြစ်ပါတယ်။ အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့် ဆိုသူများ တစ်ဦးတစ်လေမှ ပါဝင်မလာလေတော့ ဗုဒ္ဓအရှင်ကလည်း " လာကွဲ့ ရဟန်း " ဆိုပြီး ရဲဝံ့စွာ နေရာပေးချီးမြှောက်ခဲ့တာပါ။ ၀င်ခွင့်စာမေးပွဲ ဖြေစရာမလိုတဲ့ အမြတ်ဆုံးပါရမီရှင်အုပ်စုပဲ ဖြစ်ပါတယ်။ သာသနာတော်မှာ ဧဟိ ဘိက္ခုရဟန်းများ လို့ ထင်ရှားတဲ့ အရိယာသူတော်ကောင်းကြီးတွေပါပဲ။

ဒုတိယအုပ်စုကတော့ ဗုဒ္ဓအရှင်နဲ့ တိုက်ရိုက်မတွေ့ရဘဲ သာသနာပြုရဟန္တာအရှင်မြတ်ကြီးတွေနဲ့ ဆုံပြီး သာသနာ့အရေတော်ကို ခြုံခွင့်ရသူတွေပါ။ သူတို့ကတော့ သရဏဂုံသုံးပါးလို့ ထင်ရှားတဲ့ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ပါ၏ လို့ အဓိဋ္ဌာန်ပြုရုံနဲ့ မြင့်မြတ်တဲ့ ရဟန်းဘ၀ကို ရရှိကြသူတွေပါပဲ။
(အစောပိုင်းကာလမှာတော့ သာသနာပြုရဟန္တာကိုယ်တော်ကြီးတွေဟာ ရဟန်းပြုရေးနဲ့ ပတ်သက်ပြီး အခက် အခဲကြုံခဲ့ကြရတယ် လို့ဆိုပါတယ်။ သာသနာပြုလမ်းကြောင်းပေါ်မှာ ရဟန်းဘ၀ကို တောင်းဆိုကြတဲ့ ဝေနေယျမှန်သမျှကို ဗုဒ္ဓအရှင်ဆီ ပြန်ပြီး ပို့၊ ဗုဒ္ဓအရှင်က "လာကွဲ့ ရဟန်း" လို့ခေါ်၊ ရဟန်းဖြစ်။ ဒီခရီးမတွင်လှတဲ့ ဖြစ်စဉ်ကို ကျော်လွှားဖို့ ဗုဒ္ဓအရှင်က သရဏဂုံသုံးပါးနဲ့ ရဟန်းပြုခွင့်ပေးတော်မူခဲ့ရပါသတတ်။) ဗုဒ္ဓအရှင်ဟာ ကိုယ်တော်မြတ် နောက်ကို လိုက်ပြီး ရဟန်းပြုခွင့်တောင်းရတဲ့ ရဟန်းလောင်းတွေနဲ့ သာသနာပြုအရှင်မြတ်တွေရဲ့ ပင်ပန်းနွမ်းနယ်မှုကို မဟာကရုဏာကြီးစွာ သာသနာပြု အထူးအခွင့် အာဏာတစ်ရပ်ကို အပ်နှင်းခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဗုဒ္ဓအရှင်ဆိုတာကလည်း (၀ါဆိုဝါကပ်ချိန်ကလွဲရင်) ဘ၀သက်တမ်းတော် တစ်လျှောက်လုံး ဒီနေ့ဂလိုဘယ်လ်ခေတ်မှာ ရေးကြီးခွင်ကျယ်ပြောနေကြတဲ့ ရွေ့လျားပညာရေး(Mobile Education) ရဲ့ လမ်းပြလို့ ဆိုရမယ့် မိုဘိုင်းလ်ဓမ္မတက္ကသိုလ်တွေကို မဇ္ဈိမဒေသအနှံ့အပြားမှာ ဖွင့်လှစ်ဟောကြားပြီး ဓမ္မပါမောက္ခတွေကို မွေးထုတ်ပေးနေခဲ့တာပါ။ ဗုဒ္ဓခေတ်မဇ္ဈိမပညာရေးဟာ သစ္စာဓမ္မကို ဗဟိုပြုပြီး နက်နဲကျယ်ပြန့်စွာ ထွန်းကားခဲ့တာ ငြင်းလို့ ရမယ်မထင်ဘူး။

အရှင်သာရိပုတြာနဲ့ အရှင်မောဂ္ဂလာန်ရယ်လို့ ကြီးမြင့် ထင်ရှားလာမယ့် ဥပတိဿနဲ့ ကောလိတဆိုတဲ့ သစ္စာရှာဖွေကြသူ သူငယ်ချင်းကောင်းနှစ်ဦးဟာ ပဉ္စ၀ဂ္ဂီငါးဦးထဲမှာ အငယ်ဆုံးဖြစ်တဲ့ အရှင်အဿဇိရဲ့ သာသနာပြုစိုက်ခင်းထဲက သိက္ခာသုံးရပ်အရည်ရွှမ်းလှတဲ့ ဓမ္မအသီးအပွင့်ကြီးများပဲ ဖြစ်ပါတယ်။

ဗာရာဏသီအော်ဒီယို

ငြိမ်းပေမယ့် အငြိမ်းမနေနိုင်သူများ(၃)

အော်ဒီယို(၃)

ဗုဒ္ဓအရှင်က သာသနာ့အရေးနဲ့ သံဃာ့တာဝန်တွေကို ထမ်းဆောင်ဖို့ အရည်အချင်းပြည့်ရဟန်းတွေကို နေရာပေးရမယ်ဆိုတာ ဥာဏ်တော်စူးရှစွာ သိနေခဲ့ပါတယ်။ ဒါကြောင့်လည်း အရှင်သာရိပုတြာနဲ့ အရှင် မောဂ္ဂလာန်တို့ကို တိတိကျကျနေရာပေးခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ရဟန်းမဖြစ်မီ အရှင်မြတ်ထံတော်ကို လှမ်းဝင်လာကတည်းက ယောက်ျားမြတ်တစ်စုံတော့ ရောက်လာပြီ၊ ငါ့ရဲ့ လက်က်ျာ၊ လက်ဝဲနေရာပေးရမယ့် သူတွေပဲ လို့ အတိအလင်းကြေငြာခဲ့တာပါ။ တကယ်လည်း နေရာပေးခဲ့ပါတယ်။

မဟာသက္ကရာဇ် (၁၀၃) ခုနှစ် ကဆုန်လပြည့်နေ့မှာ ဘုရားအဖြစ်ကို ရောက်တော်မူခဲ့တဲ့ အရှင်ဟာ အဲဒီနှစ် ၀ါဆိုလပြည့်နေ့မှာ ပထမဆုံး တရားဦးဒေသနာကို အဲဒီခေတ်မဇ္ဈိမရဲ့ ဒဿနပညာရှင်နဲ့ တပဂုရုကြီးများ အလယ်မှာ ကြေငြာနိုင်ခဲ့ပါတယ်။ ပဉ္စ၀ဂ္ဂီငါးဦးလို့အသိများတဲ့ လေးစားဖွယ်ဝေဒပါမောက္ခကြီးတွေ ဗုဒ္ဓအရှင်ရဲ့ သာဝကကြီးတွေ ဖြစ်ကုန်ကြတာပါ။

ဗာရာဏသီဆိုတာက ယခင်က ကာသိနိုင်ငံဟောင်းပါ၊ ဗုဒ္ဓခေတ်မှာတော့ စူပါပါဝါနိုင်ငံတွေ ဖြစ်တဲ့ မဂဓနဲ့ ကောသလကြားက အငြင်းပွားဖွယ်ဒေသတစ်ခု ဖြစ်နေခဲ့ပါပြီ။ ဗုဒ္ဓခေတ်မတိုင်မီကတော့ ကောသလနဲ့ ကာသိဆိုတာက စစ်ပြိုင်နိုင်ငံကြီးတွေပါပဲ။ တစ်ဘက်စီ နိုင်လိုက်ရှုံးလိုက်ရှိခဲ့ပေမယ့် ဗုဒ္ဓအရှင် လက်ထက် တော်မှာတော့ ကာသိဆိုတာ ကောသလတိုင်း လက်အောက်ခံလုံးလုံး ဖြစ်သွားခဲ့ပါပြီ။ ကိုယ်ပိုင်အုပ်ချုပ်ရေး ယန္တရားတွေ မရှိတော့ပါဘူး။ ဒဿနပညာရှင်တွေနဲ့ အယူသည်းဗြဟ္မဏတွေ ကြီးစိုးရာ ပြီးတော့ စီးပွားရေးအရ ပိုးထည်လုပ်ငန်းထွန်းကားရာ ကာသိရွာကြီးဖြစ်နေခဲ့ပြီ။ ကာသိတိုင်းဖြစ် အဖိုးတစ်သိန်းထိုက်တန်သော ၀တ်လဲတော်ဆိုတာမျိုး ဖတ်ဖူးကြမှာပါ။ ငယ်ငယ်က သင်ခဲ့တဲ့ ရှေးသရောခါ ပြည်ဗာရာဝယ်ဆိုတာနဲ့ ဗြဟ္မဒတ်မင်းကြီးဆိုတာ မရှိတော့ပါဘူး။

ဒါပေမယ့် ကောသလတိုင်းဘုရင် ပေဿနဒီကောသလက မဂဓတိုင်းဘုရင်ဗိမ္ဗိသာရနဲ့ လက်ဆက်ခဲ့တဲ့ သူ့ရဲ့ နှမတော်ဝေဒေဟီ( အဇာတသတ်၏ မယ်တော်) အတွက် ကာသိရွာကို မင်္ဂလာလက်ဖွဲ့အဖြစ် အပ်နှင်းခဲ့တယ်လို့ ဆိုပါတယ်။ နောက်တော့ မဂဓနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှု (အဇာတသတ်နဲ့ သူ့ရဲ့စစ်တပ်က ဖခင်အရင်းဆီက အာဏာသိမ်းခဲ့မှု) တွေကြောင့် ကောသလတိုင်းက ကာသိကို ပြန်လိုချင်တဲ့အတွက် ရေတိုစစ်ပွဲလေးတွေ နွှဲခဲ့တာမျိုးရှိခဲ့လို့ မငြိမ်မသက်ကာလတွေ ကြုံခဲ့ရပါသေးတယ်။

အော်ဒီယို (၄)

ပဉ္စ၀ဂ္ဂီရဟန်းမြတ်တွေ အရိယာအဖြစ် လွတ်မြောက်မှုကို ခံစားရပြီးတဲ့အချိန် မိဂဒါဝုန်ညချမ်းတစ်ခုမှာ ယသလို လူကုံတန်တစ်ယောက်ကို ဓမ္မအရိပ်အောက် ရောက်အောင် စည်းရုံးနိုင်ခဲ့တာက အစ ယသရဲ့ မိတ်ဆွေ ကုန်သည်ပွဲစား သူဌေးသူကြွယ်တွေ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ (၅၄) ဦးဟာလည်း ရဟန်းဘ၀ကို ခိုလှုံလာခဲ့ကြပါတယ်။ ဗုဒ္ဓအရှင်ရဲ့ ဗာရာဏသီမိုးရာသီမှာ သာသနာပြုနိုင်တဲ့ ရဟန္တာအရှင်မြတ် အပါး(၆၀)ကို စည်းရုံးနိုင်ခဲ့ပါပြီ။ မြင့်မြတ်တဲ့ အရိယာသံဃာ့အဖွဲ့အစည်းကြီးရဲ့ ရဲဘော်ခြောက်ကျိပ်လို့များ ကမ္ပည်းထိုးရ လေမလား။

ဘာပဲဖြစ်ဖြစ် ပထမ၀ါတော်အတွင်းမှာ တင်းပြည့်အရိယာမဟာသာဝကကြီးအပါး(၆၀)နဲ့ သာသနာ့ စာမျက်နှာကို ဖွင့်နိုင်ခဲ့တာဟာ ဗုဒ္ဓအရှင်ရဲ့ စည်းရုံးရေးစွမ်းရည်မြင့်မားမှုပဲ ဖြစ်ပါတယ်။ သီတင်းဝါလ ကျွတ်တာနဲ့ ရဟန္တာမြတ်အပါးခြောက်ဆယ်ကို သာသနာပြုမိန့်ခွန်းပေးပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ သံသရာ အေးကြောင်းလမ်းကို ပြဖို့ စေလွှတ်တော်မူခဲ့ပါတယ်။

သာသနာပြုမိန့်ခွန်းတော်မှာပါတဲ့ ခရီးလမ်းကြောင်း တစ်ခုကို နှစ်ပါးမသွားကြလေနဲ့ဆိုတဲ့ သြ၀ါဒတော်ကို ကိုယ်တော်လည်း လိုက်နာပြီး တစ်ပါးတည်း သာသနာပြုလမ်းကြောင်း ရွေးချယ်ခဲ့ပါတယ် (ပြီးတော့ ငါဘုရားဆိုပြီး ခိုဝင်လာသမျှ တပည့်တွေ ခြံရံပြီး ဟန်ရေးမပြဘဲ နေရာပေးခဲ့တာ၊ သစ္စာတရားကို နားလည်ပြီးတဲ့ ရဟန်းတော်တွေကို ကိုယ်တော်နဲ့ ထပ်တူပြုပြီး သာသနာပြုခွင့်ပေးခဲ့တာ အံ့သြကြည်ညို စရာဖြစ် နေပါတော့တယ်)

ပထမ၀ါတော်ဆိုပြီး ဒုတိယ၀ါတော်မတိုင်မီကာလမှာ ဗာရာဏသီ၊ မိဂဒါဝုန်ကနေ ဥရုဝေလတောကို ပြန်ကြွခဲ့ပါတယ်။ (အိန္ဒိယမရောက်ခင်ကတော့ ဘုရားရှင်ကြွခဲ့တဲ့ ခရီးက နီးနီးလေးပဲ ထင်ရပေမယ့် ဒီနေ့ခေတ် ကားနဲ့ အပြင်းနှင်ရင် ငါးနာရီခရီး ရှိပါတယ်)။ သာသနာပြုလုပ်ငန်းတွေကို အခိုင်အမာ အုတ်မြစ်ချဖို့ မဂဓနိုင်ငံဘက်ကို ပြန်ကူးလာတာပါ။ လမ်းခရီးမှာ မိန်းမပျောက်ရှာနေတဲ့ (ကောသလဘုရင်ရဲ့ သားတွေဖြစ်တဲ့) ဘဒ္ဒ၀ဂ္ဂီညီနောင်သုံးကျိပ်နဲ့တွေ့လို့ သစ္စာအလင်းပြလို့ မြင့်မြတ်တဲ့ ရဟန်းဘ၀ကို ရောက်စေခဲ့ပါသေးတယ်။

ဥရုဝေလတောကို ရောက်တော့လည်း မဂဓနိုင်ငံရဲ့ ဘာသာရေးခေါင်းဆောင်ကြီးတစ်ဆူဖြစ်တဲ့ ဥရုဝေလကဿပ ရသေ့ကြီးကို ခဲခဲကတ်ကတ် သာသနာပြုတော်မူခဲ့ရပါတယ်။ ဗုဒ္ဓ၀င်စာမျက်နှာမှာ ဖတ်ရှုရသမျှ သာသနာပြုလုပ်ငန်းတွေထဲမှာ ဥရုဝေလရသေ့ကြီးအတွက် အချိန်ပေးရတာက အများဆုံးပဲ ဖြစ်ပါတယ်။ (ပြန်ဖတ်ကြည့်ကြပါ။ အကျယ်ရေးရင် လက်ညောင်းလို့)။ ပင်ပန်းရကျိုးလည်း နပ်ပါတယ်။ ဥရုဝေလကဿပရသေ့ကြီးနဲ့ အတူ သူ့နောက်မှာရှိတဲ့ ညီတော်နှစ်ပါးနဲ့ တပည့်ပရိသတ်တစ်ထောင်လုံးက ရဟန်းဘ၀ကို တောင်းဆိုခဲ့ကြတာပါ။ ဒုတိယ၀ါမဆိုမီ ခိုင်မာတဲ့ သံဃာ့အဖွဲ့အစည်းကြီးကို တည်ထောင်မိပါပြီ။

ဘာသာရေးခေါင်းဆောင်ဥရုဝေလကဿပရသေ့ကြီးကို ကြည်ညိုနေတဲ့ မဂဓဘုရင်ဗိမ္ဗိသာရနဲ့ မှူးမတ်ပညာရှိ သူဌေးသူကြွယ်တွေ၊ တိုင်းသူပြည်သားတွေ ဗုဒ္ဓအရှင်ရဲ့ အရိပ်အောက်ကို ခိုလှုံလာကြတာပါ။ ဥရုဝေလကဿပကြီးရဲ့ အရှိန်အ၀ါကြီးပါတယ်။ ဗုဒ္ဓအရှင်ရဲ့ သာသနာပြုမစ်ရှင်ဟာ တိုင်းပြည်ရဲ့ ဘာသာရေးခေါင်းဆောင်၊ တိုင်းပြည်ရဲ့ အစိုးရမင်းနဲ့ မှူးမတ်ပညာရှိ၊ သူဌေးသူကြွယ်၊ တိုင်းသားပြည်သူတွေ အုတ်အုတ်ကျက်ကျက်ပါဝင်လာတဲ့ အထိ လူထုလူတန်းစား ပေါင်းစုံကို ထိုးဖောက်နိုင်ခဲ့တာဟာ အံ့သြစရာကြီးပါပဲ။

ပြီးတော့ မိဂဒါဝုန် သာသနာပြုမစ်ရှင်အဖြစ် စေလွှတ်လိုက်တဲ့ ရဟန္တာအပါးခြောက်ဆယ်ကလည်း မဇ္ဈိမဒေသကြီးတစ်ခုလုံးဆီ ဓမ္မတံခွန်လွှင့်ထူဖို့ တရွေ့ရွေ့ကြွချီနေကြပါပြီ။

13 October, 2010

ဓမ္မခေတ်အော်ဒီယို

ငြိမ်းပေးမယ့် အငြိမ်းမနေနိုင်သူများ(၂)


နှလုံးသားဖြင့် နားထောင်နိုင်သည့် နောက်ခံစကားပြော......

အော်ဒီယို (၁)

ဗုဒ္ဓအရှင်နဲ့ အဂ္ဂမဟာသာဝကကြီးနှစ်ပါးတို့ရဲ့ စကားဝိုင်းဟာ ပစ္စက္ခသာသနာ့အရေးနဲ့ အနာဂတ်သာသနာ့ ၀န်ဆောင်မှုတာဝန်များအတွက် ဓမ္မပရိယာယ်ပါဝင်တဲ့ အချက်ပြ မက်ဆေ့ခ်ျပဲ ဖြစ်ပါတယ်...။ အရိယာအရှင်မြတ်တို့ရဲ့ ဝေါဟာရမှာ အဓိပ္ပါယ်တွေအများကြီး ကျယ်ပြန့်နက်ရှိုင်းနေတာကို နမ်းရှိုက်လိုက်မိပါတယ်။

အရှင်သာရိပုတြာရဲ့ စကားကို ဗုဒ္ဓအရှင်တုန့်ပြန်ပုံက ဘုရားမြတ်တို့ရဲ့ မြို့ပြယဉ်ကျေးမှုဆန်တဲ့ နှုတ်ရေးကြွယ်ဝမှု ဂုဏ်တစ်မျိုးပါပဲ။ ပိဋကတ်စာပေမှာတော့ ပေါရီလို့ ဖွင့်ဆိုပါတယ်။ မဂ်ချမ်းသာ ဖိုလ်ချမ်းသာနဲ့ အေးအေးလူလူပဲ နေတော့မယ် ဆိုတဲ့ လက်ျာရံကိုယ်တော်ကြီးရဲ့ စကားကို မှားတယ်၊ မှန်တယ်၊ ကောင်းတယ်။ မကောင်းဘူး လို့ မှတ်ချက်မပေးဘဲ "နေပါဦးကွယ် "တဲ့။

မှားတယ်၊မှန်တယ်၊ ကောင်းတယ်၊ မကောင်းဘူး လို့ မှတ်ချက်ပေးလိုက်ရင် အရှင်မြတ်တော်တိုင် ချီးမွမ်းတော်မူတဲ့ သံသရာမှ လွတ်မြောက်ငြိမ်းချမ်းမှု မဂ်ဖိုလ်ချမ်းသာနဲ့ အမြိုက်နိဗ္ဗာန် ၀င်ပေါက်ကို ပိတ်လိုက်သလို ဖြစ်သွားပေလိမ့်မယ်။ လောကဓမ္မသဘာဝကို ကွဲပြားအောင် နားမလည်သူတွေအတွက် အငြင်းပွားဖွယ်ရာ ဖြစ်ပေလိမ့်မယ်၊ ဒီတော့'' နေပါဦးကွယ် " တဲ့။


ဒီနေရာမှာ ဗုဒ္ဓအရှင်ရဲ့ အစွန်းလွတ် နှုတ်ရေးကြွယ်မှုကို ပြောချင်ပါသေးတယ်။ ဗုဒ္ဓအရှင်နဲ့ လာရောက် တွေ့ဆုံသူတွေက ဗုဒ္ဓအရှင်ကို ပြန်တော့မယ် ဘုရား လို့ နှုတ်ဆက်ကြတဲ့ အခါ "သင်တို့အချိန်အခါကို သင်တို့ သိကြကုန်လော့" တဲ့။ ပြန်လို့လည်း မနှင်၊ မပြန်ပါနဲ့ လို့လည်း မတား။ အရိယာသာဝကကြီးတွေ ပရိနိဗ္ဗာန်စံဝင်ခါနီး နောက်ဆုံးနှုတ်ဆက်ကန်တော့ခွင့်ပန်ကြတဲ့ အခါ "ဘယ်မှာ ပရိနိဗ္ဗာန် စံမှာလဲကွယ်ရို့ " လို့ပဲ မေးတော်မူလေ့ရှိပါသတဲ့။ ပရိနိဗ္ဗာန်ပြုတော့လို့ ခွင့်ပေးလိုက်ရင် သေခြင်းတရားကို ချီးမွမ်းရာရောက်ပြီး မပြုပါနဲ့ဦးလို့ တားရင်လည်း သံသရာကို အားပေးရာ ရောက်လေသတဲ့။

အော်ဒီယို (၂)

ဒီစာတုမရွာဒိုင်ယာလော့ခ်မှာ အရှင်သာရိပုတြာကလည်း သူ့အတွက် ရည်ရွယ်ထားတဲ့ မေးခွန်းကို ဗုဒ္ဓအရှင်မြတ်ရဲ့ အလိုတော်ကျ ဖြေဆိုလျှောက်ထားခဲ့တယ် လို့ပဲ ထင်ပါတယ်။ "အငြိမ်းပဲ နေတော့မယ် ဘုရား" တဲ့။ ဗုဒ္ဓအရှင်ကလည်း "နေပါဦးကွယ်၊ အငြိမ်းနေချင်တာလေး စောင့်ပါဦး" တဲ့။

အရှင်မောဂ္ဂလာန်ကိုယ်တော်ကြီးကတော့ ''ရှင်တော်မြတ်ဘုရား အေးအေးလူလူနေမယ် ဆိုရင် သံဃာတွေကို အရှင်သာရိပုတြာနဲ့ တွဲပြီး ဦးဆောင်မယ် ဘုရား "တဲ့။ ဒီတစ်ခါတော့ ဗုဒ္ဓအရှင်က သိပ်ကောင်းတယ် သိပ်ကို ကောင်းတာပဲ၊ ငါတို့သုံးပါးပေါင်းပြီး သံဃာတွေကို အတူတူ ဦးဆောင်ကြမယ် တဲ့။

အငြိမ်းအနေဘဲ သံဃာတွေကို ဦးဆောင်မယ်ဘုရားဆိုတဲ့ လက်ဝဲတော်ရံကြီးရဲ့ စကားကိုတော့ သိပ်ကောင်းတာပဲ လို့ ထပ်တလဲ ချီးမွမ်းတော်မူပြီး သာသနာတော်ရေးအတွက် သွေးနွေးကြဖို့ ဗုဒ္ဓအရှင်က ဆော်အောလိုက်ပါတယ်။ အငြိမ်းနေလိုသူတွေ စောင့်ကြဦး။

ပြီးတော့လည်း အတူတူ ဦးဆောင်ကြမယ်လေ တဲ့။ ဒီနေ့ခေတ်မှာ ကျယ်ကျယ် လောင်လောင်ကြားနေရတဲ့ Team Work ကို ဗုဒ္ဓအရှင်က လမ်းပြလိုက်တာပါ။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနဲ့ တစ်ဦးတစ်ယောက်တည်းက ဦးဆောင်ကွပ်ကဲမှုသဘောတရားကို တော်လှန်လိုက်တာပါ။


တကယ်လည်း ဗုဒ္ဓအရှင် ကျင့်သုံးခဲ့ပါတယ်။ ဒုတိယ၀ါတော်မှာပဲ အရှင်မြတ်ထံတော်ပါးကို ချဉ်းကပ်လာတဲ့ ဥပတိဿနဲ့ ကောလိတဆိုတဲ့ ဗြဟဏလူရွယ် အမျိုးကောင်းသားနှစ်ဦးကို အဂ္ဂမဟာသာဝကကြီးနှစ်ပါးရယ်လို့ နေရာပေးပြီး ပုခုံးအနားမှာ ထားခဲ့တာပါ၊ လကျာ်တော်ရံ အရှင်မဟာသာရိပုတြာ၊ လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလာန်တဲ့။ ဘယ်လောက်များ ပုခုံးနဲ့ နီးလိုက်ပါသလဲ....။ ရွှေပြည်ကြီးက ပရိယတ် ပဋိပတ်ကျောင်းတိုက်ကြီးတွေ၊သာသနာရေးဆိုင်ရာလုပ်ငန်းဆောင်တာကြီးတွေ တစ်ခုပြီး တစ်ခု ပြိုလဲသွားတော့" အော် ပခုံးနားမှာ တစ်ဦးတစ်ယောက်မှ မထားခဲ့ကြတာပဲ " လို့ မြင်နေမိပါတယ်။

11 October, 2010

ပိဋကတ်ရှုမျှော်ခင်းပေါ်က စိတ်ကင်မရာ

ငြိမ်းပေမယ့် အငြိမ်းမနေနိုင်သူများ (၁)


“မောဂ္ဂလာန်၊ ကောင်းလေစွ ကောင်းလေစွ။ မောဂ္ဂလာန်၊ ငါသည်လည်းကောင်း သာရိပုတြာ၊ မောဂ္ဂလာန်တို့သည်လည်းကောင်း ရဟန်းအပေါင်းကို ဦးဆောင်ကြကုန်အံ့။ (မဇ္ဈိမပဏ္ဏာသမြန်မာပြန်-၁၃၂)

ပိဋကတ်ရှုမျှော်ခင်းပေါ် စိတ်ကင်မရာမီးပွင့်များ တဖျပ်ဖျပ်လက်သွား.......

ပြကွက်(၁)

စာတုမရွာက သျှစ်သျှားတောကျောင်းလေးမှာ ဗုဒ္ဓအရှင်က ရဟန်းတော်အချို့နဲ့ အတူ ငြိမ်းချမ်းစွာ သီတင်းသုံးနေခဲ့ပါတယ် ။ ဗုဒ္ဓအရှင်ရဲ့ ဓမ္မဂီတ၊ ရဟန်းမြတ်တို့ရဲ့ ဘာဝနာမယနဲ့ စာတုမရွာခံတော ကျောင်းလေးက စိမ်းလန်းငြိမ်းအေးလို့ပါပဲ..။

အဲဒီအချိန်မှာပဲ တောကျောင်းလေးရဲ့ အရိပ်ရသစ်ပင်တွေမှာ ခိုနားနေတဲ့ ရောင်စုံတေးဆိုငှက်တွေ တအုပ်တမကြီး ရုတ်တရက် ထပျံသွားကြလေရဲ့။ သစ်ရွက်ခြောက်တွေကို တချွတ်ချွတ်ဖိနင်းလိုက်တဲ့ ခြေသံများ...။ အော်ဟစ်နှုတ်ဆက်သံများ......။ ဆိတ်ငြိမ်အေးချမ်းတဲ့ တောကျောင်းလေးရဲ့ ၀ိဝေကကြမ်းခင်းလေး ကျိုးပဲ့သွားခဲ့ပါတော့တယ်။

အရှင်သာရိပုတြာနဲ့ အရှင်မောဂ္ဂလာန်တို့ ခေါင်းဆောင်ပြီး အရေအတွက် ငါးရာရှိတဲ့ ရဟန်းတွေ အုပ်စုလိုက်ကြီး တောကျောင်းလေးဆီ ရောက်လာခဲ့ကြတာပါ။ ရည်ရွယ်ချက်က ဘုရားဖူးဖို့ ဖြစ်ပေမယ့် ဘုရားအလိုတော်နဲ့ ကိုက်ညီတဲ့ အပြုအမူမျိုးကိုတော့ မဖော်ဆောင်နိုင်ခဲ့ကြပါဘူး။

ဗုဒ္ဓအရှင်က ဆူဆူဝေေ၀ အသံတွေကို နှစ်ခြိုက်တော်မမူဘဲ ၀ိဝေကရပ်ဝန်းကိုသာ ဂုဏ်တင်လေ့ရှိတာပါ။
ဧည့်သည်ရဟန်းတွေက စာတုမရွာတောကျောင်းလေးကို ရောက်တာနဲ့ ကျောင်းခံရဟန်းတွေကို အော်ဟစ်နှုတ်ဆက်ကြ၊ နေရာထိုင်ခင်း ပြင်ဆင်ကြ၊ သပိတ် သင်္ကန်းတွေ သိမ်းဆည်းကြနဲ့ ခုတော့ တောကျောင်းလေးရဲ့ မူလအရောင်တွေ ပျယ်လွင့်သွားခဲ့ပါပြီ။ ဆူညံပူလောင်မှုတွေသာ တံလျှပ် ထနေပါတော့တယ်။
ပြကွက် (၂)

'' အာနန္ဒာ တံငါရွာက ငါးစိမ်းသည်တွေလို ဆူညံသံတွေက ဘာသံတွေလဲ''။''အရှင်သာရိပုတြာနဲ့ အရှင်မောဂ္ဂလာန်တို့ ဦးဆောင်လာတဲ့ ဘုရားဖူးရဟန်းတွေပါ ဘုရား ''။

ဗုဒ္ဓအရှင်က အဂ္ဂမဟာသာဝကကြီးနှစ်ပါးကို ခေါ်ပြီး တောကျောင်းလေးက နှင်ထုတ်ခဲ့ပါတယ်။
''ရဟန်းတို့ သင်တို့အဖွဲ့ကို ငါနှင်ထုတ်ပြီ၊ သင်တို့ ငါနဲ့ နေဖို့ မထိုက်တန်ပေဘူး " တဲ့။

အဂ္ဂမဟာသာဝကကြီးနှစ်ပါးက အမိန့်နာခံတဲ့ နေရာမှာ စံပြဖြစ်လေတော့ ဘုရားရှင်ကို နှုတ်ဆက်ကန်တော့ပြီး ချက်ချင်းပဲ ဘုရားဖူးရဟန်းတွေနဲ့အတူ စာတုမရွာလေးက ထွက်ခဲ့ကြပါတယ်။

ဒါပေမယ့် စာတုမရွာ အစည်းအဝေးခန်းမမှာ ရပ်ရွာကော်မတီအစည်းအဝေးထိုင်နေတဲ့ သာကီဝင်မင်းတွေက ရဟန်းတော်တွေ တပြုံကြီးပြန်ထွက်လာတာ မြင်သွားခဲ့ကြတယ်။ အကြောင်းစုံသိသွားတော့ ရဟန်းတော်တွေရဲ့ ကိုယ်စား ဘုရားရှင်ကို တောင်းပန်ပေးကြလို့ ဘုရားရှင်က ရဟန်းတော်တွေကို ပြန်လက်ခံပါတယ်။ (သဟမ္ပတိဗြဟ္မာကြီးလည်း လာပြီး တောင်းပန်ပေးတယ်လို့ ကျမ်းစာမှာ ဆိုပေမယ့် စာတုမရွာသားတွေနဲ့ လုံလောက်နေပြီမို့ ဒီမှာ ချန်လှပ်ခဲ့ပါတယ်။ )


ပြကွက် (၃)

ဒိုင်ယာလော့ခ် (၁)
"သာရိပုတြာ၊ ရဟန်းအပေါင်းကို ငါဘုရားနှင်ထုတ်စဉ် သင့်အား အဘယ်သို့သော စိတ်အကြံ ဖြစ်လေသနည်း"
“မြတ်စွာဘုရားသည် ရဟန်းအပေါင်းကို နှင်ထုတ်တော်မူပြီ၊ ယခုအခါ မြတ်စွာဘုရားသည် မျက်မှောက်ဘ၀၌ ကြောင့်ကြမဲ့စွာ ချမ်းချမ်းသာသာနေခြင်းကို အားထုတ်တော်မူလျက် နေတော်မူလတ္တံ့။ ယခုအခါ ငါတို့သည်လည်း မျက်မှောက်ဘ၀၌ ကြောင့်ကြမဲ့စွာ ချမ်းချမ်းသာသာ နေထိုင်မှုကို အားထုတ်ကုန်လျက် နေကြကုန်တော့အံ့” ဟူသော အကြံဖြစ်ပါ၏ ဘုရား''

“သာရိပုတြာ ဆိုင်းငံ့ဦးလော့၊ သာရိပုတြာ မျက်မှောက်ဘ၀၌ ချမ်းသာစွာနေခြင်းကို ဆိုင်းငံ့ဦးလော့ ''။ (မဇ္ဈိမပဏ္ဏာသမြန်မာပြန်-၁၃၂)

ဒိုင်ယာလော့ခ် (၂)

''မောဂ္ဂလာန် ရဟန်းအပေါင်းကို ငါဘုရားနှင်ထုတ်စဉ် သင့်အား အဘယ်သို့သော စိတ်အကြံ ဖြစ်လေသနည်း"
“မြတ်စွာဘုရားသည် ရဟန်းအပေါင်းကို နှင်ထုတ်တော်မူပြီ။ ယခုအခါ မြတ်စွာဘုရားသည်မျက်မှောက်ဘ၀၌ ကြောင့်ကြမဲ့စွာ နေတော်မူခြင်းကို အားထုတ်လျက် နေတော်မူလတ္တံ့။ ယခုအခါ ငါသည်လည်းကောင်း၊ အရှင်သာရိပုတြာသည် လည်းကောင်း ရဟန်းအပေါင်းကို ဦးဆောင်ကြကုန်တော့အံ့” ဟူသောအကြံ ဖြစ်ပါ၏ဘုရား''
“မောဂ္ဂလာန်၊ ကောင်းလေစွ ကောင်းလေစွ။ မောဂ္ဂလာန်၊ ငါသည်လည်းကောင်း သာရိပုတြာ၊ မောဂ္ဂလာန် တို့သည်လည်းကောင်း ရဟန်းအပေါင်းကို ဦးဆောင်ကြကုန်အံ့။" (မဇ္ဈိမပဏ္ဏာသမြန်မာပြန်-၁၃၂)