Showing posts with label ဘကြီးဘုန်းကြီး. Show all posts
Showing posts with label ဘကြီးဘုန်းကြီး. Show all posts

19 April, 2015

မောင်ပြောလိုက်လေ



မောင်ပြောလိုက်လေ
------------------------
ဘကြီးဘုန်းကြီးခမျာ ခေတ် ခေတ် ဟုသာ ငြီးချင်းအမှု ပြုမိပေတော့သည်။ ရုပ်မြင်သံကြား၊ မိုဘိုင်းလ်၊ လူမှုကွန်ရက်စသော ဆက်သွယ်ရေးနည်းပညာတို့သည် အသိငယ်သူတို့အား အသိကြီးစေ၏။ အသက်ကြီးသူတို့အား အသက်ငယ်စေပြန်သေး၏။ အနာဂတ်ကလေးငယ်တို့အတွက်မူ အတုမြင်အတတ်သင်စကောင်းသောအရာများစွာ ရှိသကဲ့သို့ ဆိုးသောအမူအကျင့်တို့ကိုလည်း မထောင့်မချင့်ဘဲ လွဲမှားစွာ သင်ယူတတ်ကြလေတော့သည်။
တစ်ခါသား ဘကြီးဘုန်းကြီးပေါက်စ၏ နွေရာသီအင်္ဂလိပ်စာသင်ခန်းလေးတွင် ကြုံရလေသည်ကား....။
မွေးဖွားသည်မှ အသက်ဆယ့်ခြောက်နှစ်အတွင်း ကလေးငယ်တို့ကို ပါဠိဘာသာဖြင့် ဗာလ ဟု ခေါ်ဆိုရပေ၏။ အမိုက်အမဲလေးများ အရိုင်းတုံးလေးများ ဟု အဓိပ္ဗါယ်ဖွင့်ဆိုရပေမည်။ သို့အတွက် ပညာရှိ ပဏ္ဍိတလေးတွေဖြစ်အောင် မိဘဆရာတို့သည် သွန်သင်ရ၏။ ဆုံးမရပေ၏။ ခေတ်မီဖွံ့ဖြိုးသော လူကြီးလူကောင်းတိုင်းကြီးပြည်ကြီးတို့တွင် ထိုအသက်အရွယ်အပိုင်းအခြားအတွင်း မသင်မနေရပညာရေးကို စနစ်တကျစီမံဖန်တီးပေးကြပေ၏။ ကလေးငယ်နှင့် မိဘတို့က မသင်ချင်သော်လည်း မရ..။ နိုင်ငံ့အနာဂတ် စာမတတ်လို့ မရ မူကိုင်စွဲကာ မုန့်ဖိုးလည်း ပေး၊ ပေါင်မုန့်ကျွေး၍ ဇွတ်သင်ပေးကြလေသော ဟူ၏။ သို့ရကား ကမ္ဘာလှည့်အတွေးတို့ဖြင့် ကလေးတို့ကို ချစ်သော ဘကြီးဘုန်းကြီးသည်လည်း နွေရာသီရောက်တိုင်း အင်္ဂလိပ်စာသင်ခန်းလေးကို တစ်နိုင်တစ်ပိုင်ဖွင့်ပေးခဲ့သည်ချည်းသာတည့်..။
 
ကလေးတို့သဘာဝက ဆော့၏။ အော်၏။ ခုန်၏၊ က၏။ တက်၏၊ ဆင်း၏။ ငို၏၊ ရယ်၏။ တစ်ဦးနှင့် တစ်ဦး တိုင်တောကြပေ၏။ ခဲတံပျောက်လို့ ခေါင်းခေါက်လို့ စသော အမှုတွဲတို့သည် ဘကြီးဘုန်းကြီး၏ စားပွဲသို့ မကြာခဏဆိုသလို ရောက်လာတတ်ပေတော့၏။
ယခုအမှုကား ခေါင်းကိုက်ဖွယ်ကောင်းလှတော့၏။ စတုတ္တတန်းကျောင်းသားလေးနှင့် တတိယတန်းကျောင်းသူလေးတို့ သည် ဘကြီးဘုန်းကြီးရှေ့တော်မှောက်သို့ ခပ်ယို့ယို့လေးရောက်လာကြလေပြီ။
အမှုကား ရည်းစားလုပ်တန်း ကစားကြလေသတဲ့..။
ကဲ ပြောပါဦး သားတို့ သမီးတို့..။
သားက အကြီးဆိုတော့ အရင်ပြော..။ ဘယ်လိုမျိုးကစားကြတာတဲ့လဲ..။
မောင်ကျောင်းသားကား ခေါင်းငိုက်စိုက်ချ စကားဆွံ့အလျက် ရှိလေသည်။
ဘကြီးဘုန်းကြီးကား စိတ်ရှည်စွာ စောင့်၏။
ကဲ ပြောပါဦး ဘုန်းဘုန်းက သားတို့ကို မရိုက်ပါဘူးကွဲ့..။
ထိုရောအခါ တတိယတန်းကျောင်းသူသမီးငယ်သည် ကျောင်းသားကို ပုခုံးဖြင့် တွန်းလိုက်ကာ
“ မောင် ပြောလိုက်လေ “ ဟူ သတတ်..။
ဘကြီးဘုန်းကြီး ပက်လက်လန်...။