Showing posts with label ဒိုင်ယာရီ. Show all posts
Showing posts with label ဒိုင်ယာရီ. Show all posts

09 February, 2013

၂၀၀၆ ဒိုင်ယာရီပြပွဲ(၈)


ဇန်န၀ါရီလ (၁၀) ရက်
အင်္ဂါနေ့

နံနက်ခင်း(၇း၀၀) နာရီမှ အိပ်ရာထဖြစ်သည်။
မထေရ်ကြီး ဦးနန္ဒာစာရ၏ ကောက်ညှင်းပေါင်းအနံ့ကို ရသော်လည်း တပည့်ကျော်ရှင်ဥတ္တမ၏ ပင့်ဖိတ်မှုကြောင့် ကောင်းသန့်လက်ဘက်ရည်ဆိုင်လေးဆီ ကြွဖြစ်ရပြန်သည်။ ရှမ်းခေါက်ဆွဲနှင့် ဒင်ဆမ်...။
ထို့နောက် တက္ကသိုလ်စာသင်ခန်းများဆီ ဘတ်စ်ကား တိုးတိုးဝှေ့ဝှေ့ဖြင့် ရောက်သွားသည်။
ဒေါက်တာဒေါ်မြင့်မြင့်အေး၏ ကျူတိုရီယယ်သင်ခန်းစာ..။ အတန်းဖော်ဖြစ်သူ ဗီယက်နမ်သီလရှင်နှင့် အင်ဒိုမလေးတို့က ဘန္တေ ဘာတွေ ရေးမှာလဲ. တဲ့..။ 
ဝိပဿနာသင်ခန်းစာဆိုရင်တော့ ပေါ်ရာရှု ..။ ဒီမှာတော့ ပေါ်ရာတွေသာ ရေးချလိုက်ပေရော..။
မဟာဝိဇ္ဇာတန်းအတွက် ကျမ်းပြုရန် Format တင်ပြရခြင်းဖြစ်သည်မို့ ပါမောက္ခပေးထားသည့် ခေါင်းစဉ်နှင့်အညီ
မာတိကာခေါင်းစဉ်ငယ်များ စဉ်းစားရသည်ကပင် ခေါင်းကိုက်သည်။

ထို့နောက် တက္ကသိုလ်နားနေခန်းလေးထဲမှာ ထိုင်ရင်း ဖတ်လက်စ မောင်ထွန်းသူဘာသာပြန်သည့် သစ္စာရှင်(A.J. Cronin ၏ The Keys of The Kingdom )  ၀တ္ထုကို ဆက်ဖတ်ဖြစ်သည်။  ခရစ်ယန်ဘုန်းတော်ကြီးတစ်ပါး၏ ပုံရိပ်ကောက်ကြောင်း၊ ခရစ်ယန်ဘုန်းတော်ကြီး ဖရန်စစ်ချစ္စဟိုးလ်၏ငယ်စဉ်ဘ၀မှကြီးရင့်အိုမင်းသည်အထိ ဘ၀..။ဗုဒ္ဓဘာသာရဟန်းအဖွဲ့အစည်းနှင့်တူလှသည့် ဖြစ်ရပ်များ။ ဖွဲ့စည်းတည်ဆောက်ပုံများ..။ ဘုရားသခင်၊ ကောင်းကင်ဘုံစသည် ခန့်ငြားသည့်စကားလုံးများကို သုံးစွဲနေကြသော်လည်း ဘုရားသခင်ကို ဆန့်ကျင်၊ ကောင်းကင်ဘုံနှင့်ဝေးကွာနေကြသော ရဟန်းများ...။

ဖရန်စစ်ကတော့ ဘုရားသခင်အကြောင်းပြောချင်မှပြောမည်။ ကောင်းကင်ဘုံကို မျှော်လင့်ချင်မှ မျှော်လင့်မည်။
သို့သော် သူက လူသားအားလုံးအပေါ်မှာ ဗြဟ္မစိုရ်တရားထားသည်။ အမှန်တရားကို မြတ်နိုးသည်။ အကောင်းဆုံးဖြစ်အောင် နေထိုင်သည်။ ဖရန်စစ်ကို နားလည်ပေးနိုင်သည့် ကျောင်းအုပ်ဆရာဘုန်းတော်ကြီး ရပ်စတီးမက်၊ စိတ်ထားဖြူစင်စွာ အသက်စွန့်၍ သူတစ်ပါးကို ကူညီတတ်သော အရက်သမားဆရာဝန် ဒေါက်တာဝီလီတူးလော့၊ ဖရန်စစ်ကို အထင်သေးရာမှ လေးစားကြည်ညိုသွားသော သီလရှင်လေးမာရီယာ၊ ကျော်ကြားမှု၊ပကာသနနှင့် ကြွယ်ဝပြည့်စုံမှုနောက်သို့ တကောက်ကောက်လိုက်နေသော ဓမ္မကထိက အန်ဆယ်လ်မီလေး။

ဝတ္ထုဆရာ၏ “ အလွန်တရားဟောကောင်းသည့်ပုဂ္ဂိုလ်တစ်ဦးအဖြစ် ထင်ရှားကျော်ကြားလာသော မီလေးအား ကြောင်များနှင့် ဘုန်းကြီးများကို မွေးစားလေ့ရှိကြသော လူချမ်းသာအပျိုကြီးများက မွေးစားခဲ့ကြသည်” ဟူသော အတို့အထောင်လေးက ပြုံးချင်စရာကောင်းသည်။
( စာ-၃၅၇)


ဇန်န၀ါရီလ (၁၁)ရက်
ဗုဒ္ဓဟူးနေ့

ထိုင်နေကျ သမိုင်းဂုံးကျော်တံတားအဆင်းက ဂျီအီးစီလက်ဘက်ရည်ဆိုင်လေးမှာ လူစုံထိုင်ဖြစ်ကြသည်။ မထေရ်ကြီး ဦးနန္ဒာစာရ၊ ကိုဉာဏ်စိုး(အရှင်ဉာဏိန္ဒ (မဟာဝိဇ္ဖာ)တိပိဋကပါဠိမြန်မာအင်္ဂလိပ်အဘိဓါန်ပြုစုရေး)၊ရှင်သကျ (အရှင်သကျ (၀ိဇ္ဇာနှစ်ထပ်ကွမ်း) ယခုပခုက္ကူ)နှင့် ကျိုင်းတုံမှ တပည့်များ။  ထေရ၀ါဒတက္ကသိုလ်ပိတ်သည်ထင်၍ မသွားဖြစ် ။

ကျောင်းတက်ပျင်းတာလည်း ပါသည်။ :D

အခန်းလေးထဲမှာ ယမန်နေ့က မပြီးပြတ်သေးသော ဖရန်စစ်နှင့် ဆရာဝန်ဝီလီတူးလော့တို့၏ နောက်ဆုံးဇာတ်ဝင်ခန်းဆီသို့ ရောက်အောင်သွားလိုက်တော့သည်။

ပလိပ်ရောဂါ ကွယ်ပျောက်လုလု အချိန်လေးမှာမှ လူနာများနှင့် လုံးထွေးရစ်ပတ်ကိုယ်ကျိုးစွန့်ကုသခဲ့သဖြင့် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သော ၀ီလီတူးလော့ထံ ပလိပ်ရောဂါဆိုးကြီးက ကံဆိုးလွန်းစွာ ကျရောက်လာခဲ့ လေသည်။ သူက အရက်ကြိုက်သော်လည်း လူကောင်း၊ စိတ်စေတနာဖြူစင်သူ၊ ပြီးတော့ ဘုရားသခင်ဆိုတာကို နောက်ဆုံးအချိန်ထိ ယုံကြည်မသွားခဲ့၊

ဖာသာဖရန်စစ်ကလည်း သူ့မိတ်ဆွေဆရာဝန်ကို ဘုရားသခင်နှင့် ကောင်းကင်ဘုံအကြောင်းမဖွင့်ဟခဲ့။ သူ့ရင်ခွင်ထဲမှာပင် ၀ီလိတူးလော့ သေဆုံးသွားခဲ့သည်။ ထိုကိစ္စကို မာသာမာရိယာက မကျေနပ်မနှစ်မြို့၊ ဘာသာမဲ့သူတစ်ယောက်ကို မကြည်ဖြူ။ သို့သော် ဖရန်စစ်ကိုတော့ တိတ်တိတ်လေးကြည်ညိုနေမိပြီ။ သူမ၏ မာနနှင့် အစဉ်အလာစွဲစိတ်က ကြည်ညိုခွင့်မပေး.။

မြို့တော်မှ ဘုရားကျောင်းများကို စစ်ဆေးရန် ၀င့်ကြွားလွန်းသည် ဖာသာမီလေးရောက်လာချိန်မှာတော့ နှိမ့်ချတတ်သည့်စိတ်၊ ဖြူသောနှလုံးသားနှင့် သိပ်သည်းလျှို့ဝှက်စွာ ခံစားမှုကို သည်းခံနိုင်စွမ်းရှိသည့် ဖရန်စစ်ကို အမှန်အတိုင်းသိမြင်သွားခဲ့သည်။
ဘုရားသခင်အလိုတော်ကျနေထိုင်သူမှာ ဘယ်သူလဲ သူမတွေ့ရှိသွားခဲ့ခြင်းပင်။ ဖရန်စစ်ရှေ့မှောက်တွင် သူမဒူးထောက်လိုက်ပါသည်။

ဤ၀တ္ထုကို ဘာသာပြန်ဆိုသည့် မောင်ထွန်းသူအားကျေးဇူးတင်ပါ၏။ သူလည်း ရဟန်းတစ်ပါးပေပဲ။ တစ်ခုခု စွဲထင်ကျန်ခဲ့တာသေချာလှပါသည်။ ၀တ္ထုတစ်ပုဒ်နှင့် တစ်နေကုန်သွားသည်။

ညနေခင်း စနေ တနင်္ဂနွေ ဆွမ်းအမ ဒေါ်ခင်မျိုးသွယ်ပင့်ဖိတ်ချက်အရ တိုက်ခန်းသို့ကြွရသည်။ မနက်ဖြန် သူမခင်ပွန်းဦးခင်မောင်ချိုကွယ်လွန်တာ သုံးနှစ်ပြည့်အလှူလုပ်ရန်ဖြစ်သည်။ သူမခင်ပွန်းက မြန်မာလူမျိုး အမေရိကန်နိုင်ငံသား။ ဆရာမဒေါ်ခင်ထားဆွေနှင့်လည်းတွေ့ရသည်၊ စာအကြောင်းပေအကြောင်း ပြော ဖြစ်သေး၏။

အိမ်ကအပြန်မှာတော့ မန္တလေးသာသနာ့တက္ကသိုလ်မှာ ကျွမ်းခဲ့သည့် မိတ်ဟောင်းဆွေဟောင်းရဟန်းတော်များ။ ၀ဏ္ဏကြီး(အရှင်ဝဏ္ဏဓဇ-စာရေးဆရာအညာမြေမောင်နွေမိုး) ဒူးရှည်ကြီး (အရှင်ဝိစာရဏဉာဏ) ယုကို (အရှင်ယုဇန) တို့ဖြစ်သည်။ဝဏ္ဏကြီးနှင့် ဒူးရှည်ကြီးတို့က မြစ်ကြီးနားနှင့် ပူတာအိုသာသနာပြုဌာနများမှာ ဆက်လက်သာသနာပြုနေကြဆဲ။ယုကိုကတော့ သင်္ကန်းကျွန်းဘက်ဆီက စာသင်တိုက်လေးတစ်တိုက်မှာ စာပေပို့ချလျက် ရှိချေသည်။
လွမ်းမောစရာ မန္တလေးညများဆီ ပြန်ရောက်သွားကြ၏။

ဓမ္မဂင်္ဂါ
(၂၃-၈-၂၀၁၂)

05 February, 2013

၂၀၀၆ ဒိုင်ယာရီ (၇)


ဇန်န၀ါရီလ (၉) ရက်
တနင်္လာနေ့



လူတစ်ယောက်ဘယ်လောက်ရိုးသားသင့်သလဲ...။ အိပ်စက်ရာမှ ထရင်း အခန်းနံရံတွင် ကပ်ထားသော
အဖြူရောင်စက္ကူပေါ်မှ စာသားကို ဖတ်မိသည်။ လွန်ခဲ့သောလက မဂ္ဂဇင်းတစ်စောင်တွင် ရေးထားသော ဆောင်းပါးတစ်ပုဒ်ကို အမှတ်ရစွာ ရေးကပ်ထားခြင်းဖြစ်သည်။ ထိုမဂ္ဂဇင်းတွင် လူတွေဘယ်လောက်ရိုးသားကြသလဲဆိုတာ စစ်တမ်းကောက်ယူသောအဖွဲ့တစ်ဖွဲ့၏ အစီအရင်ခံစာကို တင်ပြထားသည်။ နိုင်ငံအလိုက် ရိုးသားမှု ဘယ်လောက်ရှိမရှိ စမ်းသပ်ရန် ပိုက်ဆံအိတ်များ လမ်းပေါ်တွင် ချထားခြင်း၊ လူစည်းကားရာနေရာများတွင် ပစ်ထားခြင်းဖြင့် စမ်းသပ်ခဲ့ကြသည် ဟု ဆိုသည်။ ပိုင်ရှင်ကို ပြန်ပေးနိုင်ရန်အတွက်လည်း လိပ်စာအပြည့်အစုံထည့်ပေးလိုက်သေးသည်တဲ့..။ စစ်တမ်းကောက်ယူသည့်အဖွဲ့က တစ်နေရာမှာ စောင့်ကြည့်နေကြသည်။
ပိုက်ဆံအိတ်ကိုတွေ့ခိုက် တွေ့ရှိသူ၏ အမူအရာက အစ လေ့လာကြသည်။ ဒုက္ခ..။ အိနြေ္ဒရရသာ ကောက်ကြပေရော..။

ဖြစ်ချင်တော့ ကမ္ဘာ့အပြင်ဘက်ရောက်နေသော ရွှေပြည်ကြီးက စစ်တမ်းတွင် မည်သည့်အခါမှ ပါဝင်လေ့မရှိ..။ သို့အတွက် ရွှေပြည်ကြီးသားတို့ ဘယ်လောက်ရိုးသားသလဲဆိုတာ ကမ္ဘာကြီးက မသိ..။
 သို့သော် ခေတ်သစ်ပုံပြင်လေးတစ်ပုဒ်ကို ဆွမ်းစားကြွရင်း ကြားလာခဲ့ရ၏။
အမေရိကားမှ သမ္မတကြီးဘွှတ်ရှ် အထူးလေယာဉ်(၁)(Air Force One)ကြီးဖြင့် ကမ္ဘာပတ်လာသည်။ တစ်နေရာအရောက်တွင် လေယာဉ်ပြတင်းမှ လက်ထုတ်လိုက်သည်။ ထို့နောက် လက်ကို နမ်းကြည့်သည်။ ရေမွှေးနံ့ကို ရ၏။ အော် ပါရီကို ရောက်ပါပေါ့လား။
နောက်တစ်နေရာတွင် လက်ထုတ်ပြီး နမ်းကြည့်ပြန်၏။ မဆလာနံ့ရသည်။ အော် အိန္ဒိယပေတကား..။
နောက်တစ်နေရာတွင်လည်း လက်ထုတ်ကြည့်ပြန်သည်။ ပတ်ထားသော လက်ပတ်နာရီ ပါမလာတော့..။
သမ္မတကြီး ဇဝေဇ၀ါဖြစ်သွားရှာသည်။ အတွင်းရေးမှူးက ဖြေ၏။။ မြန်မာပြည်ပါ ခင်ဗျား တဲ့..။

နံနက်ခင်း အိန္ဒိယနိုင်ငံကို ပါရဂူဘွဲ့အတွက် ကြွရောက်မည့် အရှင်ဇ၀န( ယခု ပူနေးတက္ကသိုလ်)ကို လိုက်ပို့ကြသည်။ ဗုဒ္ဓဂယာကို ဘုရားဖူးသွားကြမည့် အဖွဲ့နှင့် လေယာဉ်တစ်စီးတည်း..။  အတန်းဖော်ဖြစ်သူဆရာချို( အရှင်အာစိဏ္ဏ ယခု ထေရ၀ါဒတက္ကသိုလ် ၀ိပဿနာဌာန နည်းပြ)ကို လည်း လေဆိပ်မှာ တွေ့ရသည်။အရှင်သီရိန္ဒကို လိုက်ပို့ခြင်းဖြစ်သည်။ အရှင်ဇ၀နနှင့် အရှင်သီရိန္ဒတို့က သာသနာ့တက္ကသိုလ်မှာ ကျောင်းအတူတက်ခဲ့ကြသည့် မိတ်ဆွေများဖြစ်သည်။ သူတို့က နိုင်ငံခြားတက္ကသိုလ်များသို့ ကျောင်းတက်ရန်
ထွက်ခွာသွားကြသည်။ ကိုယ့်မှာသာ လိုက်ပို့သူကြီးအဖြစ် ရန်ကုန်လေဆိပ်တွင် ကျန်ရစ်နေဆဲဖြစ်၏။
ကိုယ့်မှာက စာတွေပဲ ရှိတာကိုး..။
ကပ်လိုက်စနဲ့ ကပ်ဦးဟေ့.( ပလက်ဖောင်းမင်းသား..။)

ညနေဘက်
ဂျွန် (Shin John )နှင့် ရှင်ဥာဏ်စိုးတို့ နှစ်ပါး ထေရ၀ါဒတက္ကသိုလ်ဝင်ခွင့်ဖြေပြီး ပြန်လာကြသည်။ အခြေအနေကောင်းဟန်တူပါသည်.။ ပြုံးလို့ ရွှင်လို့..။

ဓမ္မဂင်္ဂါ
(၂၂-၈-၂၀၁၂)

22 December, 2012

၂၀၀၆ ဒိုင်ယာရီပြပွဲ(၆)

ဇန်န၀ါရီလ(၈) ရက်
တနင်္ဂနွေနေ့

မင်္ဂလာဧည့်ခံပွဲတစ်ခုသို့ ကြွရောက်ကာ မင်္ဂလာဦးတရားချီးမြှင့်ရလေသည်။
သတို့သားသတို့သမီးများအတွက် အမှတ်တရအဖြစ် အမြဲပြောနေကျဝါကျအချို့ကိုပင် ထပ်လောင်းပြောဖြစ်ခဲ့ပါသည်။

'' သတို့သား ငါးသိန်းခန့်  သာသနာ့တာဝန်ထမ်းဆောင်ဖို့ သတို့သမီးငါးသိန်းကို စွန့်လွှတ်လိုက်တဲ့ အချိန်မှာ (ပရိသတ်အချို့ မော့ကြည့်ကြ၏။ အချို့ပြုံးကြ၏။ )
ဒီနေ့သတို့သားနဲ့ သတို့သမီးတို့က လူပျိုကြီးအပျိုကြီးအဖြစ် လောကတာဝန်ကနေ ထွက်ပြေးခြင်းမရှိဘဲ
(အပျိုရံ ဘေးတွင် ကွယ်ထိုင်နေသော အပျိုကြီးများ နှာခေါင်းရှုံ့ကြ၏။ အချို့ ခေါင်းငုံ့သွားကြ၏။ )
ဖခင်လောင်းများ မိခင်လောင်းများအဖြစ် ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား ခံယူလိုက်တာကို အမျိုးဘာသာသာသနာအတွက် များစွာ ကျေနပ်မိကြောင်း ပြောချင်ပါတယ်..။

စင်ကာပူနိုင်ငံတည်ထောင်စမှာ လူပျိုကြီး အပျိုကြီးတွေကို ရှာဖွေပြီး နိုင်ငံတော်စရိတ်နဲ့ အိမ်ထောင်ပြုပေးရတယ် လို့ မှတ်သားရဖူးပါတယ်။ များသောအားဖြင့် လူပျိုကြီး အပျိုကြီးတွေဟာ ပညာတတ်၊ အစဉ်းစားလွန်၊ အတွေးခေါင်ပြီး အိမ်ထောင်မပြုကြတော့ ပညာတတ်မျိုးဆက်အသစ်တွေ မပေါ်ထွက်လာနိုင်တော့ဘူးပေါ့။

မူလတန်းအောင်တဲ့ မိဘက အထက်တန်းအောင်တဲ့ သားသမီးတွေကို မွေးဖွားပေးနိုင်တယ်။ ဒီနေ့ ဘွဲ့ရပြီးသား သတို့သား သတို့သမီးတွေက ဘွဲ့လွန်သားသမီးတွေ ပွားစီလာဖို့ ပျိုးထောင်ဖို့ မခက်တော့ဘူး။။ မွေးဖွားလာတဲ့ သားသမီးရတနာလေးတွေဟာ ဗုဒ္ဓဘာသာအမျိုးကောင်းသား အမျိုးကောင်းသမီးလေးတွေ ဖြစ်လာကြမှာ မလွဲဧကန်မို့ သာသနာပြုမိခင်ဖခင်တွေဘ၀ကိုလည်း ဂုဏ်ယူဖွယ်ရရှိကြမှာဖြစ်ပါတယ်..။  သားသမီးတွေအပေါ်မှာ ဗြဟ္မစိုရ်တရားတွေ ပွားများကြရင်း မိမိတို့ရဲ့ အနန္တကျေးဇူးရှင်မိခင်ဖခင်တို့ရဲ့ ကျေးဇူးတရားကိုလည်း သိမြင်ခံစားနိုင်ကြမယ်။ အိမ်ထောင့်တာဝန် အိမ်ထောင်ဒုက္ခတွေကိုလည်း ကြုံကြရမှာမို့ လောကဓံရဲ့ သဘောကို သေချာနားလည်ကြမယ်။
အဲဒီလို နားလည်ပြီးမှ တရားအားထုတ်ရင် ဒုက္ခသစ္စာသိမြင်ဖို့ မခက်ခဲကြောင်း ၀ိပဿနာဆရာကြီးတစ်ဦးရဲ့ မှတ်ချက်စကားတစ်ခု ကြားဖူးတယ်။ ''

ထို့နောက် လင့်ဝတ္တရားမယားဝတ္တရား ဒေသနာအစဉ်...။
မိတ်ဆွေရဟန်းတော် ရှင်သကျက ''မင်္ဂလာတရားက လွယ်လွယ်လေး ... ငါတို့မြို့က ရပ်မိ ရပ်ဖကြီးတစ်ယောက် အမြဲပြောနေကျစကားတစ်ခု ရှိသဟ '' တဲ့..၊
သူက ဘာပွဲပဲဖြစ်ဖြစ် မင်္ဂလာစကား ပြောရလေ့ရှိသကွ..။
လက်ဘက်ရည်ဆိုင်ဖွင့်လည်း သူပဲ ..။ စတိုးဆိုင်ဖွင့်လည်း သူပဲ..။ အလှူပွဲလည်း သူပဲ..။

အဲဒါ သူပြောတာက
လက်ဘက်ရည်ဆိုင်ဖွင့်တယ် ဆိုတာ စက်ဘီးစီးသင်သလိုပါပဲ..။ စက်ဘီးစီးသင်ရင် အစပထမတော့ ဒူးပွန်း တံတောင်ပွန်း..။ နောက်တော့ စီးလည်း စီးတတ်သွားရော ဘယ်လို ခွလို့ ခွမိမှန်းကို မသိတော့ပါဘူး..။ လေကလေးကို ချွန်လို့  ခုလည်း လက်ဘက်ရည်ဆိုင်ဖွင့်စတော့ အခက်အခဲရှိမှာပေါ့..။ ဘယ်မုန့်လေးကိုတော့ စာသုံးတဲ့ သူတွေက ကြိုက်တယ် မကြိုက်ဘူး ...။ ကိုယ်က မသိဘဲနဲ့ တင်မိတဲ့ မုန့်တွေ ..။ အရှုံးပေါ်ချင်လည်း ပေါ်မှာပေါ့..နောက်တော့ ပရိသတ်က ဘာကြိုက်တယ် ဘာမကြိုက်ဘူး..။ ဆိုတာသိပြီး အဆင်ပြေသွားမှာပါ..စက်ဘီးစီးသင်သလိုပေါ့ကွယ်..။

စတိုးဆိုင်ဖွင့်လည်း ထိုနည်းလည်းကောင်း..။
အစပထမတော့ ဒူးပွန်း တံတောင်ပွန်း...။ နောက်တော့လည်း ဘယ်လိုခွလို့ ခွမိမှန်း မသိတော့ဘူး..။ လေကလေးကို ချွန်လို့ တဲ့..။

မင်္ဂလာပွဲလည်း ထိုနည်းလည်းကောင်း..။
အစပထမတော့......။''

တော်တော်နောက်တဲ့ ကိုယ်တော်..။ :D

နေ့လည်ဆွမ်း စာချဆရာတော် မထေရ်ကြီး (အရှင်နန္ဒာစာရ)၏ ရဟန်းအမအိမ်သို့ ကြွရန် အတန်တန်ဖိတ်သည့်တိုင် မလိုက်ပါဖြစ်တော့..။
ကျောင်းမှာပဲ အေးအေးဆေးဆေး လွတ်လပ်စွာ လွေးရတာ ကြိုက်သည်။ ကျောင်းထိုင်ဆရာတော်နှင့် နိုင်ငံခြားပညာသင်ကြွဖို့ ပြောဖြစ်ကြသည်။
ဘယ်မှာလဲ ဖွတ်ကလိဒင်္ဂါး..။
ဆွမ်းစားလိုက်ရမှာပင် ပျင်းလှသည့်အတွက် န၀ကမ္မ မရှိ..။ကျောင်းတက်ဖို့ ကားခပင် မရှိမှတော့ နိုင်ငံရပ်ခြားကို မည်သို့သွားမည်နည်း..။

ဆရာတော်ပြီးလျင် အားလုံးက မေတ္တာထားဦးစားပေးကြပေမင့်
ဆွမ်းစားကွမ်းစား မကြွဖြစ်..။ မဖြစ်မနေ တရားဓမ္မဟောရမည့် ပွဲမျိုးသာ လိုက်ကြွဖြစ်၏။
အခြားနာယကနှင့် စာသင်သားသံဃာတော်များကိုသာ လွှဲပြောင်းကြွစေခဲ့တာ များသည်။
ဆွမ်းစားပြန်လာသည့် ကိုယ်တော်များထံမှ  ကျောင်းသွားဖို့ ကားခတောင်းလေ့ရှိ၏။
နာယကစာချများက အမြင်ကတ်စွာဖြင့် ပေးကြရ၏။
စာသင်သားများက ဆရာမို့ လေးစားစွာ (အဲ ကြောက်ရွံ့စွာ..) ပေးကြးရ၏။
ဟဲ အများကြီး ဟုတ်ပါဘူးကွယ်..။
ကားခ ငါးဆယ်တစ်ရာတည်းပါ..။...


ဓမ္မဂင်္ဂါ
(၁၈-၂၀၁၂)

02 December, 2012

၂၀၀၆ ဒိုင်ယာရီပြပွဲ(၅)



ဇန်န၀ါရီလ (၇) ရက်
စနေနေ့

ကွန်ပြူတာအသုံးပြုရန် စိတ်အားထက်သန်မှု ဖြစ်လာသည်။ စာရေးရန် လက်ယားလာသောကြောင့်ဖြစ်သည်။ ဘောလ်ပင်နှင့် ရေးသည့်အခါ ပြင်ရာဖျက်ရာပါလျင် မကြိုက်..။ ထပ်ခါ ထပ်ခါ အချောသတ်ရသည့် ဒုက္ခကို ကွန်ပြူတာကီးဘုတ်က အလွယ်တကူဖြေရှင်းနိုင်သည်။
လှည်းတန်းက TIMES ကွန်ပြူတာသင်တန်းလေးမှာ
တစ်ပတ်ခန့်သွားတက်ဖူးသည်။ ပထမနေ့တွင် ဆရာမလေးတစ်ယောက်က ကွန်ပြူတာအသုံးပြုပုံကို ရှင်းပြသည်။
ကြွက်ကလေးကို ဘယ်လို ကိုင်တွယ်ရမည်ကို ညွှန်ပြ၏။

သင်တန်းလိုက်အပ်ပေးသော တပည့်ကျောင်းသားက '' အရှင်ဘုရား
ကွန်ပြူတာဆရာမလေးက လှတယ်နော်ဘုရား '' တဲ့..။
''အဲဒါ ငါနဲ့ ဘာဆိုင်တုန်းကွ" ဟု ငေါက်ဆတ်ဆတ်အာလုပ်ပြုရသည်။
'' အဟဲ တပည့်တော်ဆိုင်ချင်တာ ပြောတာပါ...''
သို့သော်
ထိုကွန်ပြူတာဆရာမလေးက အမေးအမြန်းထူလှသော ကျောင်းသားကြီးကို လက်မြှောက်သွားဟန်တူသည်။
နှစ်ရက်ခန့်အကြာတွင် သင်တန်းဆရာကိုယ်တိုင် လာရောက်သင်ပြတော့သည်။ :D

မောင်ထွန်းသူ၏ သစ္စာရှင်ကို ကောက်ကိုင်မိသည်။ အေဂျေခရိုနင်၏ The Keys of The Kingdom ၀တ္ထုကြီးကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ 
နိဒါန်းဖတ်ကြည့်ရုံနှင့် ဆွဲငင်အားကောင်းသော စာအုပ်ဖြစ်ကြောင်း သေချာသွားသည်။ ခရစ်ယန်ဘုန်းတော်ကြီးတစ်ပါး၏ ပုံရိပ်ကောက်ကြောင်း။ 

သင်ရိုးပိဋကတ်ကျမ်းစာများ၊ဖတ်လက်စစာအုပ်များ၊တက္ကသိုလ်ပြဌာန်းစာအုပ်များ၊တစ်ပါတ်လုံးလုံး ကျောင်းတက်ရင်း ၀တ်ထားသော သင်္ကန်းများဖြင့် အခန်းသည် နောက်ကျိဖွယ် ရှုပ်ပွနေသည်။ စာအုပ်ကို အသာချကာ အခန်းသန့်ရှင်းရေးလုပ်ဖြစ်သည်။

ကိုရင်ဦးဇင်းလေးများက ဆရာ့အခန်းကို မကြာခဏလာရောက်ရှင်းကြ၊ သင်္ကန်းလျှော်ဖွပ်ပေးကြပါသော်လည်း ဆရာ၏ ရှုပ်အားကို အလျင်မီအောင် မလိုက်နိုင်ကြ..။ (အခုထိလည်း ရှုပ်နိုင်အားက မြင့်မားတုန်း..။ ):D
သို့နှင့် တခါတရံ စိတ်လိုလက်ရ ရှိသည့်အခါ ကိုယ်တိုင်ရှင်းဖြစ်သည်။ တပည့်များကတော့ ဘယ်လို တွေးမည်မသိ။။ ကိုယ်ရှုပ်တာ ကိုယ်ရှင်းကြည့်မှ တော်တော်ရှုပ်နိုင်သားဟု ပြုံးမိရသေး၏။
တကယ်တော့ အရှုပ်ထဲမှာ ရှင်းအောင်နေနိုင်ဖို့က မလွယ်..။
ကျုပ်တို့ကတော့ ကြိုက်သလောက်ရှုပ်.။ အိပ်ဖို့ရာ ကျောတစ်ခင်းစာလောက်လေး ရှင်းပြီး စာအုပ်လေးတစ်အုပ်ဖတ်ရင်း အိပ်တတ်ဖို့ တစ်သံသရာလုံးကျင့်ထားတာ..။ အဟဲ..။

ညနေဘက် ဒေါက်တာအရှင်ရေ၀တဓမ္မအထိမ်းအမှတ်စာစောင် The Joyful Traveler  ဘာသာပြန်မူကြမ်းများကို မရမ်းကုန်းမြို့နယ် စာနယ်ဇင်းမှ ဦးခင်လှိုင် လာပို့သည်။ အချောသတ်ဖတ်ပေးဖို့ ဖြစ်သည်။

ဓမ္မဂင်္ဂါ
(၁၇-၈-၂၀၁၂)

15 September, 2012

၂၀၀၆ ခု ဒိုင်ယာရီ(၄)ပြပွဲ

ဇန်န၀ါရီလ(၆) ရက်
သောကြာနေ့
ပါရမီလမ်းပေါ်က ကောင်းသန့်လက်ဘက်ရည်ဆိုင်လေးတွင် ရှင်ဥတ္တမ၏ ကုသိုလ် ရှမ်းခေါက်ဆွဲ..။
တက္ကသိုလ်စာသင်ခန်းထဲရောက်တော့ ပါဠိပါမောက္ခ ဆရာကြီးဦးတင်လွင်၏ ဘာသာဗေဒပို့ချချက်...။ သာသနာ့တက္ကသိုလ်မှာကတည်း စိတ်ပါဝင်စားစွာ အားစိုက်လေ့လာခဲ့ဖူးသည်မို့ အသစ်အဆန်းမဟုတ်တော့။ သာသနာ့တက္ကသိုလ်စာမေးပွဲများတွင် ပါဠိနှင့် သက္ကတတန်းစဉ် ဂုဏ်ထူးထွက်ခဲ့၏။

(မိတ်ဆွေရဟန်းတစ်ပါးကတော့ '' ရှင်မော်ဒန်တို့ သက္ကတဂုဏ်ထူးထွက်မှာပေါ့ကွ..။ သက္တတဆရာကြီး (ဦးမြင့်ဆွေ မဟာဝိဇ္ဇာလန်ဒန်)က ဘာသာဗေဒရုပ်တွက်တွေ မှန်ရင် အမှတ်ခြစ်တာဆိုတော့ ရှင်မော်ဒန်တို့က အမှတ်နှစ်ဆယ်မေးရင် ဆယ်မှတ်ဖိုးပဲ ရတဲ့ဟာကို  ဒီဘက်စာမျက်နှာမှာ အမှန် (၁၀) လုံးဖြေလိုက်၊ ပြီးတော့ အဲဒီ (၁၀) လုံးကို ဟိုဘက်စာမျက်နှာမှာ သွားကူးရေးတာ။ အဲဒါ ဆရာကြီးက ပြန်မကြည့်ဘူးကွ။ မှန်တယ် မှန်တယ်.ဆိုပြီး. အကုန်အမှတ်ပေးသွားတော့ ဂုဏ်ထူးထွက်ပြီပေါ့ကွာ..''တဲ့..။  သူမို့ ပေါက်ကရတွေးပြီး ပြောတတ်ပေရဲ့..။ )

 ခဏတာမျှ စာသင်ခန်းတွင် ထိုင်ရင်း ကျောင်းခေါ်ချိန်ဇယားရောက်လာသည်နှင့် လက်မှတ်ထိုးကာ ရှင်အာလေးတို့ရှိရာ အမျိုးသားဆောင်(အေ)ဘက်သို့ ထွက်လာခဲ့သည်။ ဆွမ်းစားဆောင်နားတွင် ဓမ္မဒူတအရှင်ဆေကိန္ဒနှင့်တွေ့၍ ၀ိနယဘာသာယူထားကြောင်း လျှောက်ဖြစ်တော့ သူ့ဝိပဿနာဌာနမှာ လူနည်းနေကြောင်း ပြောသည်။ ဗုဒ္ဓဓမ္မ၀ိဇ္ဇာတန်းနောက်ဆုံးနှစ်တက်နေစဉ်က  ၀ိပဿနာဘာသာအဓိက ယူဖို့ မှာခဲ့ဖူးသည်။
 
အမှန်တကယ် ဆရာတော်ထင်သလို ၀ိပဿနာဌာနမှာ သင်တန်းသားမနည်းလှပါ။ ဆရာတော်က တပည့်ရဟန်းတော်များနှင့် ညီအကိုဆက်ဆံရေးမျိုးကျင့်သုံးလေ့ရှိသည်။ (ဒီတစ်ခေါက် သြစတေးလျသွားခါနီး နှုတ်ဆက်ကန်တော့ဖြစ်တော့ အောဇီဒေါ်လာ (၂၀၀) လှူလိုက်သေး၏၊ မိတ်ဆွေရဟန်းများက ဒါမျိုးတစ်ခါကန်တော့ နှစ်ရာနှုန်းဆိုရင် အဆင်ပြေသကွာ တဲ့..။။ '' အောဇီးမို့ နှစ်ရာပေးတာ အိန္ဒိယဆို တစ်ရာပဲ ဆရာ'' လို့ အတွေ့အကြုံရှိသော မိတ်ဆွေရဟန်းက မှတ်ချက်ပေးသည်။ မောင်ရင်တို့ ဒါက လျှို့ဝှက်ချက်ဗျို့..ဆရာတော်မသိစေနဲ့..။ :D)

ညက ဓမ္မသာကစ္ဆာစင်တာတွင် ဟောဖြစ်ခဲ့သောတရားကို ရှင်အာလေးက CD ကူးပေးသည်။ များသောအားဖြင့် ဟောဖြစ်သည့်တရားများကို မဖြန့်ဝေဖြစ်။ (၂)နာရီဝိနယဘာသာမစမီ ဒီပလိုမာကျောင်းသူအချို့ စာမေးနေ၍ ဖြေပေးရသေးသည်။ အခမဲ့ကျူရှင်ဆရာ..။ တခါတရံမှာတော့ တစ်ဦးစ နှစ်ဦးစ သင်တန်းသားအသစ်များကို အချိန်ပို စာသင်ပေးရတတ်၏။

ပါဠိသင်နေသည့် ဆရာမဒေါ်မြစမ်းက မောင်ထွန်းသူဘာသာပြန် သစ္စာရှင်ဝတ္ထုစာအုပ်ထူထူကြီးပေးလိုက်၍ အိတ်ထဲ ထည့်လာခဲ့သည်။ ပါမောက္ခဆရာတော်၏ ကမ္မ၀ါဖတ်ခြင်းဆိုင်ရာပို့ချချက်အဆက်..။ ကမ္မ၀ါဖတ်ရာတွင် အသံထွက်ပြဿနာ..။ ဋ၀ဂ်နှင့် တ၀ဂ်ဘယ်လို ကွဲပြားအောင် ဖတ်ကြမလဲ..။ ၀ဂ်မတူလျင် ဌာန်မတူ၊ ဌာန်မတူလျင် အသံကွဲရပေမည်။ သို့သော် မြန်မာတစ်နိုင်ငံလုံး အသံတူ ဖတ်နေကြသည်ကို ငြင်းမရ..။
 
၃း၀၀ နာရီ အင်တာနက်ခန်းမ။

ထို့နောက် ပန်းဝတ်မှုံ (အပူငြိမ်းဆေး)မိသားစုအိမ်သို့ ရောက်သွားသည်။  ကျောင်းအတွက် လိုအပ်မည့် တံမြက်စည်းနှင့် ခြေသုတ်ခုံများလှူဒါန်းလိုက်သည်။ ပန်းဝတ်မှုံညီအမနှစ်ယောက်ကို စာသင်ပေးဖူး၍ ဆရာဘုန်းကြီးအဖြစ် မကြာခဏဆွမ်းပင့်ကပ်တတ်သည်။ ဘယ်နှစ်ပါးကြွပါဘုရားလည်း မဟုတ်..။ ဘယ်နှစ်ပါးကြွမလဲ ဟုမေးတတ်၏။
 
ပန်းဝတ်မှုံဒကာမကြီးက ဟင်းမျိုးစုံအောင် ချက်တတ်သည်။ကိုယ်တိုင်ချက်ရမှ ကျေနပ်၏။
မြန်မာ၊ ထိုင်း၊ တရုတ်၊ ကိုရီးယား၊ ဂျပန်ဟင်းမျိုးစုံ မရိုးအောင် စားရလေ့ရှိသည်။
ဆွမ်းကောင်းကောင်းဘုန်းပေးနိုင်သော ရဟန်းတော်များကို ပင့်သွားရတတ်သည်။ တကယ့် သဒ္ဓါဆွမ်း..။
ဆွှမ်းသာများများ ဘုန်း..။ ဘာပရိတ်မှ ရွတ်မပေးလည်း ကျေနပ်မယ့် သဒ္ဓါတရား.။ ဒါပေမယ့် ဒကာက ဒကာအလုပ်လုပ်..။
ဘုန်းကြီးကလည်း ဘုန်းကြီးအလုပ်လုပ်..။ မေတ္တသုတ်လေး ချီးမြှင့်တော်မူကြပါဘုရား..။
 ဓမ္မဂင်္ဂါ
(၁၆-၈-၂၀၁၂)

07 September, 2012

၂၀၀၆ ဒိုင်ယာရီပြပွဲ (၃)


ဇန်န၀ါရီလ (၄)ရက် ဗုဒ္ဓဟူးနေ့
မြန်မာ့လွတ်လပ်ရေးနေ့

မြတ်စံတို့ မိသားစုအိမ်တွင် အန္တရာယ်ကင်းပရိတ်တရားဟောခြင်းဖြင့် နံနက်ခင်းအသစ်ကြီး ဟင်းလင်းပွင့်သွားခဲ့သည်။ သဒ္ဓမ္မဇောတိကဆရာကြီးဦးဝင်းကြိုင်နှင့် စကားပြောဖြစ်သည်။
အင်္ဂလန်ကြွရမယ် ကြားရတယ် ဘုရား တဲ့။
အိပ်မက်တစ်ခု၏ အနံအလျားများအကြောင်း ဆက်မပြောဖြစ်။ ပြုံးရုံမျှသာ ပြုံး၍ ငြိမ်ဆိတ်နေလိုက်သည်။
ဆရာကြီးက ရဟန်းဘ၀ဖြင့် သိရီပ၀ရဓမ္မာစရိယ သိရောမဏိဘွဲ့ထူးကို ဆွတ်ခူးခဲ့ပြီး လူဝတ်ကြောင်ဘ၀တွင် B.A B.L ဘွဲ့များကို ဆက်လက်အောင်မြင်ရယူနိုင်ခဲ့သည်။ ယခု အသက် (၈၂) အရွယ်သို့ ရောက်သည့်တိုင် ကျန်းမာစွာ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ပိဋကတ်ဆိုင်ရာမြန်မာစာဌာနတွင် ကထိကတာဝန်ထမ်း၍ စာပေပို့ချနေဆဲဖြစ်သည်။

ဆရာကြီး၏ အိမ်တွင် ဓမ္မသာကစ္ဆာစင်တာဖွင့်လှစ်ကာ အငြိမ်းစားအရာရှိကြီးများနှင့် ဘာသာရေးစိတ်ဝင်စားသူများအား ဓမ္မဖြန့်ဖြူးပေးနေသည်။ မနက်ဖြန်ဖွင့်လှစ်မည့် ဓမ္မသာကစ္ဆာ ၀ိပဿနာသင်တန်း၏ နာယကဆရာတော်အဖြစ် ဒိုင်ယာရီရှင်၏ အမည်ကို ထည့်သွင်းထားကြသည်။
ဆရာကြီးနှင့် ၂၀၀၀ ခုနှစ် ရန်ကုန်သို့ စာချဆရာအဖြစ် ခြေချကာစ ယခုလို ဆွမ်းစားတစ်ခုတွင် ဆုံဖြစ်ကြရင်း
ဒိုင်ယာရီရှင်ဟောကြားသည့် တရားတစ်ကွက်ကို သဘောကျနှစ်ခြိုက်ရာမှ ရင်းနှီးခဲ့ကြရခြင်းဖြစ်သည်။

နေ့လည်ဆွမ်း... ရှစ်မိုင် AMTT ကုမ္ပဏီ၏ နှစ်ပတ်လည်အခမ်းအနားသို့ ကြွရောက်ကာ ရေစက်ချတရားဟော..။

နေ့ခင်းဘက်မှာတော့ လွတ်လပ်ရေးနေ့ ဂုဏ်ပြုအစီအစဉ် မြို့မလှသီတာဖလား W ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲ။ တတိယလုပွဲနှင့် ဗိုလ်လုပွဲမစမီ ချစ်ကြည်ရေးပွဲစဉ်တစ်ခု ကျင်းပသည်။ များသောအားဖြင့် ဘောလုံးပွဲများကို မကြည့်ဖြစ်သော်လည်း
အသင်းပေါင်းလေးဆယ်ကျော်ခန့်(ယခုနှစ်ဆို အသင်းတစ်ရာခန့်ရှိပြီဟုသိရ)ကို ဖြတ်သန်း လာရခဲ့သည့် နောက်ဆုံးဗိုလ်လုပွဲရောက်အသင်းတို့၏ အရည်အသွေးကိုတော့ စိတ်ဝင်စားမိသည်။
သို့နှင့် ၀င်ငေးဖြစ်ပါသည်။

W ဘောလုံးပွဲများ၏ စွဲဆောင်မှုက အံ့မခန်းဖြစ်သည်။ မျက်စိတမှိတ်လျှပ်တပြက်အတွင်းမှာပင် ရလဒ်တွေ ချက်ချင်းပြောင်းလဲသွားနိုင်သည်မို့ ရင်တမမနှင့် အားပေးရသည့် အားကစားနည်းတစ်မျိုးဖြစ်သည်။ တတိယလုပွဲနှင့် ဗိုလ်လုပွဲဆက်ကျင်းပ..။
ပွဲကြည့်ပရိသတ်က ကွင်းအပြည့်..။ နာယကဆရာတော်များနှင့် ပဇင်းပျိုအချို့က စည်းကမ်းထိန်းသိမ်းရေးဆောင်ရွက်နေကြသည်။
Five Stars Vs FC Crow ... ။ ဗိုလ်လုပွဲနှင့် တူအောင် ပညာသားပါပါ ခွန်အားအပြည့်နှင့် ကစားသွားကြ၏။ လက်ရှိချန်ပီယံ FC Crow ကပင် (၂-၁)ဖြင့် အနိုင်ယူသွားခဲ့၏။ ပျော်စရာ မောစရာ...။ မြန်မာ့အားကစား ကမ္ဘာမလွှမ်းတောင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ကြစေသော်..။

မနက်ခင်းဆီက လွတ်လပ်ရေးနေ့ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များနှင်းအပ်ခြင်း သတင်းတွင် ကျိုင်းတုံသာသနာပြုဗဟိုမှ သာသနာပြုဘက်မိတ်ဆွေများဖြစ်ကြသည့် ရှင်ပညာနန္ဒ (ဂျီအီးစီ) နှင့် သာသနာပြုရဟန်းတော်လေးပါးခန့် သဒ္ဓမ္မဇောတိက ဘွဲ့ခံများအဖြစ် စာရင်းဝင်သွားသည်။ တပေါင်းလပြည့်မှာ တွေ့ကြသေးတာပေါ့ ငါ့ရှင်တို့ရေ..။
ဗိုလ်စိတ်(Ashin Cittara MV)  စင်ကာပူမှ ပြန်ရောက်နေကြောင်း သတင်းရ..။ ရွာဘက်ကို တိုက်ရိုက်ပြန်သွားပြီထင်သည်။

ဇန်န၀ါရီလ(၅)
ကြာသပတေးနေ့

အိပ်ရာက ထဖြစ်တော့ ၈း၀၀နာရီ ကျော်လွန်နေပြီ။ အရှင်ဇ၀နလေး (ယခု ပူနေးတက္ကသိုလ်) နှင့် ရွေှ့မိုးလက်ဘက်ရည်ဆိုင်လေးမှာ..။ ထို့နောက် ၈၁ ဘတ်စ်၏ သယ်ဆောင်ရာ ထေရ၀ါဒတက္ကသိုလ်ဆီ..။ Dr R နှင့် ရှင်ဥာဏိန်တို့၏ အခန်းတံခါးများမပွင့်သေး..။
ဝိနယဌာနနည်းပြဖြစ်သူ ရှင်အာလေးက ပါရဂူဘွဲ့ကျမ်းတော်ကြီးအတွက် ခဲတံတပြင်ပြင်ရေးချွတ်နေဆဲကာလဖြစ်၍ အိပ်ရေးပျက်ဟန်တူသည်။ တိပိဋကအဘိဓာန်အင်္ဂလိပ်ဘာသာပြန်အဖွဲ့ဝင်ဖြစ်သူ ရှင်ဥာဏိန်ကတော့ ကွန်ပြူတာချန်ပီယံမို့ ညည စောစော အိပ်လေ့မရှိ..။ ကွန်ပြူတာအဟောင်းအမြင်းများနှိုက်တတ်သည်။ ဆော့ဖ်ဝဲများနှင့် ပတ်သက်လျင် အကူအညီတောင်းသမျှ အမြဲတမ်း တံခါးဖွင့်ထားသည်။ သို့နှင့် တစ်နေ့တစ်ခြားခေါင်းပြောင်လာခြင်းဖြစ်မည်။ :D...

အားနာစွာ တံခါးမခေါက်တော့ဘဲ သုတ္တန္တဌာန နည်းပြ ဘုန်းကြီးပဏ်( အရှင်ပဏ္ဍ၀ံသ)အခန်းတွင် အချိန်ဖြုံးဖြစ်သည်။ ရယ်စရာပြောတတ်ပြီး တွေးစရာဖန်တီးတတ်သည့် ထိုပုဂ္ဂိုလ်ကြီးက ဘုန်းကံကြီးမားသူဖြစ်သည်။
ဘုန်းကြီးပဏ်အခန်း ရောက်တိုင်း ခွင့်မတောင်းဘဲ စားစရာတွေ ရှာဖွေစားနေကျ။ (ခုအချိန်ထိပဲ..။ :D )
ဘုန်းကြီးပဏ်က သူကိုယ်တိုင်ရိုက်ကူးထားသည့် သူ့ဖခင်ကြီး၏ မယ်ဒလင်တီးခတ်နေပုံကို ဗီဒီယိုကင်မရာဖြင့် ပြ၍ ကြည့်ခဲ့ရသေးသည်။

တက္ကသိုလ်မှာပဲ နေ့လည်စာ ..။ မြန်မာရဟန်းတော်များအတွက် တက္ကသိုလ်တွင် အဆောင်မပေးပါ။ နိုင်ငံခြားသားများကိုသာ နေရာထိုင်ခင်း စီစဉ်ပေးသည်။
မြန်မာရဟန်းတော်များကို နေ့လည်စာတစ်နပ်တော့ ဆက်ကပ်သည်။ တစ်ခါတစ်ခါ မြန်မာရဟန်းတော်များ ဆုံသည့်အခါတိုင်း '' မြန်မာပြည်မှာ နိုင်ငံခြားသားဖြစ်ရတာ ကောင်းပြီး နိုင်ငံခြားမှာ မြန်မာဖြစ်ရတာ မနိပ်ဘူး '' ဟု ပြောဖြစ်ကြ၏။
ဘာပဲဖြစ်ဖြစ် အာဝါသိက၀တ်ကြေပွန်တယ်လို့ပဲ မှတ်လိုက်ကြ ငါ့ရှင်တို့..။

နေ့လည်စာ ပြီးသည်နှင့် ရှင်သကျ၊ ရှင်ညာဏိန်တို့နှင့် အတူ အင်တာနက်ခန်းမသို့ ချီိတက်..။ ၂း၀၀ နာရီတိတိမှာတော့ အဓိကဘာသာရပ်ဖြစ်သည့် ၀ိနယဌာနသို့ အပြေးအလွှား..။ မဟာဌာနမှူး ကျိုက္ကလော့ဆရာတော်ဒေါက်တာအရှင်စန္ဒာဝရာဘိဝံသ
(ယခု ဒုတိယပါမောက္ခချုပ်)၏ ပို့ချချက်များ..။ ၀ိနယဌာနမဟာပထမနှစ်တွင် သင်တန်းသားက ပဲခူးက ဦးပညာသာမိနှင့်မှ နှစ်ပါးတည်း..။ အတန်းလစ်ချင်သော်လည်း လစ်မရ..။ ဒါတောင် နှစ်ကြိမ်လောက် လစ်ပြီးပြီ။ ဆရာတော်က သဘောကောင်းစွာ '' အတန်းတက်ဦးနော် '' ဟု လေချိုချိုဖြင့် မိန့်သဖြင့်
ခုတလော ကျောင်းမှန်အောင် ကြိုးစားနေရသည်။
အတန်းလစ်ရင်း ဗုဒ္ဓဓမ္မ၀ိဇ္ဇာတန်းတွင် အေပလပ်စ် (A+)ဖြင့် အောင်ခဲ့၊
(Outstanding Student)အဖြစ် ဂေဇင်ဝင်ခဲ့သည်ကို ကျောင်းတက်မှန်သော မိတ်ဆွေများက မကျေနပ်..။
သည်းခံကြ ငါ့ရှင်တို့..။ ကျုပ်လို ရွှီးတတ်လို့လား..။
စာစစ်သည့် ဆရာတော်များနှင့် ဆရာဆရာမကြီးတွေကို မျက်စိလည်အောင် ရေးရတာ လွယ်မှတ်လို့..။
( ၀ိဇ္ဇာတန်းတွင် ဂုဏ်ထူးမထွက်၍ ရွာပြန်သွားသော မိတ်ဆွေကြီးတစ်ပါးကတော့ '' ဒီလူနဲ့ ကျူပ်က ဥာဏ်မကွာလှဘူး၊ ဒါပေမယ့် ဒီလူက ညစ်ဥာဏ်သာတယ်..။ ပေါက်ကရတွေ ခေါင်းက ထွက်တတ်တယ် '' ဟု လမ်းခွဲခါနီး မှတ်ချက်ပေးသွား၏။ ကောင်းလင့်တေးပေတကား..။ )

မဟာဌာနမှူးဆရာတော်က Formal Acts နှင့် သက်ဆိုင်သည့် ကမ္မ၀ါဖတ်ခြင်းဆိုင်ရာအသံစနစ်များကို ပို့ချသည်ကို မှတ်သားရသည်။
နိဂ္ဂဟိတန္တနှင့် မကာရန္တပြဿနာကလည်း သေးသေးမွှားမွှားမဟုတ်..။ စူဠ၀ဂ္ဂ ကမ္မက္ခန္ဓကနှင့် ပရိဝါရ ကမ္မ၀ဂ္ဂကို ဦးတည်၍ အဋ္ဌကထာနှင့် ဋီကာအဖွင့်ကျမ်းများကို ကိုးကားပို့ချခြင်းဖြစ်သည်။အမှန်တကယ်တော့ အဓိပ္ပါယ်သိပြီး ရွတ်ဖတ်ခြင်းကသာ အဓိပ္ပါယ်ရှိလိမ့်မည် ထင်ပါသည်။ဗဟုသုတကြွယ်ပိုးကြွယ်ဝ ရှိလှသော ဆရာ၏ ပို့ချချက်များက နှစ်လိုဖွယ်ကောင်းပါသည်။

စာသင်ခန်းလေးတွင် ဆရာတပည့် သုံးပါးတည်းသာ ရှိ၍ ငြိမ်းချမ်းလှသည်။
သို့တည်းမဟုတ် အိပ်ငိုက်၍ ရစကောင်းသော စာသင်ခန်းလည်း မဟုတ်..။ အဘိဓမ္မာ၊ သုတ္တန်နှင့် ၀ိပဿနာဘာသာအဓိက ယူကြသော မိတ်ဆွေရဟန်းတော်များကတော့ လူပုဂ္ဂိုလ်သင်တန်းသားများလည်း ရှိသည်မို့ ချောင်ဟန်တူသည်။ :D
ဝိနယကိုတော့ လူဝတ်ကြောင်သင်တန်းသားများက စိတ်မ၀င်စား..။ 
ထိုထိုမေဂျာများမှ မိတ်ဆွေရဟန်းတော်များက ''ကဲ ကိုမော်ဒန်ကြီး ဘယ်နှယ်ရှိစ'' ဟု ကျောင်းပုံမှန်လစ်လေ့ရှိသော ဒိုင်ယာရီရှင်ကို လှောင့်ထေ့ကြသည်။ အဟဲ ကိုယ်လည်း ၀ိနယဌာနမှာ ဆရာလေး ဘာလေးခန့်ရင် ( ကျောင်းသားနည်းတာမို့) ချောင်ချောင်ချိချိ ရမလား လို့ ..။
ဖြစ်ချင်တော့ ကိုယ် ၀ိဇ္ဇာတန်းအောင်တဲ့နှစ်ကျတော့ ဆရာအသစ်မခန့်တော့..။ သေပြီဆရာ..။

ညနေဘက် ကျိုင်းတုံမှ တပည့်မများ ရောက်လာကာ ရှမ်းပြည်လက်ဆောင်ဖြင့် ကန်တော့ကြသည်။ ငါးဒုက္ခ တဲ့..။ မျှစ်ဒုက္ခတဲ့..။
ည ၇း၃၀ နာရီခန့်မှာ ဓမ္မသာကစ္ဆာစင်တာ သဒ္ဓမ္မဇောတိက ဓမ္မဂေဟာဝိပဿနာတရားစခန်းဖွင့်ပွဲတွင် ဗုဒ္ဓအရှင်၏ ပထမဆုံးစကားတော်နှင့် နောက်ဆုံးစကားတော်အကြောင်း ရှင်းပြဖြစ်ခဲ့သည်။

ဓမ္မဂင်္ဂါ
(၁၅-၈-၂၀၁၂)
အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့

21 August, 2012

၂၀၀၆ ဒိုင်ယာရီပြပွဲ (၂)

ဇန်န၀ါရီလ(၂) 
တနင်္လာနေ့

နံနက်ခင်း တီဗီချန်နယ်လ်အသီးသီး၏ ကမ္ဘာ့အရေး အရာများတွင် ငေးမောနေခိုက် ဒေါက်တာ အရှင်ဥတ္တရဥာဏပြုစုသည့် ကမ္ဘာ့သာသနာပြုအင်္ဂလန်နိုင်ငံ ဘာမင်ဂန်ဆရာတော်ဒေါက်တာ အရှင်ရေ၀တဓမ္မ၏အတ္ထုပ္ပတ္တိ(မူကြမ်း)စာအုပ်ထူထူကြီး ရောက်ရှိလာသည်။ 

ပျံလွန်တော်မူခဲ့ပြီဖြစ်သော ဘာမင်ဂန်ဆရာတော်ကြီး၏  (၁) ဘာမင်ဂန်ဗုဒ္ဓတက္ကသိုလ်တည်ထောင်ခြင်း 
(၂) မွေးရပ်မြေ ဇလွန်မြို့နယ်၊ သမန်းကုန်းရွာတွင် တွဲဘက်အလယ်တန်း ကျောင်းဆောင် တည်ဆောက်လှူဒါန်းခြင်းနှင့်  (၃)အတ္ထုပ္ပတ္တိ စာအုပ်ထုတ်ဝေခြင်းစီမံကိန်းများကို ဆရာတော်၏ တူဖြစ်သူ လှသီတာ ကျောင်းဒကာမိသားစုက အားစိုက်နေကြသည့်အတွက် ဒိုင်ယာရီရှင်ကိုယ်တိုင်လည်း ပါဝင်ပတ်သက်နေရသည်။ ဘာမင်ဂန်ဆရာတော်၏ မွေးရပ်မြေသို့ပင် နှစ်ကြိမ်တိတိ လိုက်ပါခဲ့ဖူးပြီ။ ယခု အတ္ထုပ္ပတ္တိစာမူကြမ်းကိုတော့ စာလုံးအကျအပေါက်များ မကျန်အောင် ဖတ်ပေးရခြင်းဖြစ်ပါသည်။

ကျောင်းဝင်းအတွင်း၌ ကျင်းပနေလျက်ရှိသော မြို့မလှသီတာဖလား လွတ်လပ်ရေးနေ့ အကြိုဂုဏ်ပြု ဘောလုံးပွဲ (ဆီမီးဖိုင်နယ်)မှ လွင့်ပျံ့လာသည့် အုံ့အုံ့ခြိမ့်ခြိမ့် အသံများကို ကြားနေရသည်။ အားကစားကွင်းပျောက်ဆုံးနေသော လူငယ်များအတွက် ကွက်လပ်ဖြည့်ပေးခဲ့သည်မှာ လေးနှစ်ပင် ရှိချေပြီ။ လူငယ်နှင့် အားကစား တွဲဖက်ပေးလိုက်ခြင်းဖြင့် စာရိတ္တနှင့် စိတ်ဓါတ်ကြံ့ခိုင်မှုကို အထောက်အကူ ဖြစ်စေပေလိမ့်မည်။

နေ့လည်ဘက်တွင် မဟာဝိဇ္ဇာတန်းများအတွက် အတန်းတက်ရန် မရှိသော်လည်း ထေရ၀ါဒတက္ကသိုလ်ဆီ ရောက်ဖြစ်သေးသည်။ 

ဘွဲ့လွန်ကျောင်းသားများအတွက် ဖွင့်ပေးထားသည့် အင်တာနက်ခန်းမတွင် သတင်းများ တစ်ခုပြီးတစ်ခု ကလစ်ကာ ဖတ်ဖြစ်၏။ အသုံးပြုစဖြစ်၍ ကျွမ်းကျင်မှုမရှိသေးသော်လည်း ဒေါက်တာ Rလေး (Ashin Acara ယခု နိုင်ငံတော်ပရိယတ္တိသာသနာတက္ကသိုလ်(မန္တလေး)၊ပိဋကတ်ဆိုင်ရာအင်္ဂလိပ်စာဌာန၊ ဌာနမှူးနှင့် ရာဟုလာသင်တန်းကျောင်းတည်ထောင်သူ) နှင့် ရှင်ညာဏိန် ( Ashin Nyaninda ITBU) တို့၏ ဆိုဆိုဆဲဆဲ ကူညီမှုများက များစွာ အထောက်အကူရပါသည်။

ကျောင်းသို့ အပြန်တွင် အရှင်နှစ်ပါး လိုက်ပါလာခဲ့ကြ၏။ ဘောလုံးပွဲစဉ်များကား မပြီးသေး။ မနက်ခင်းတစ်ကြိမ် ညနေခင်းတစ်ကြိမ်ကျင်းပနေခြင်းဖြစ်သည်။
ညနေပိုင်းတွင် တာမွေ၊မလွှကုန်း စိမ့်စမ်းရည်ဘော်ဒါမှ ဆရာမကြီးဒေါ်မြစမ်းရောက်လာသည်။ Sony အမျိုးအစားအသံဖမ်းကက်ဆက်ပလေယာသေးသေးလေးတစ်လုံး၊ ယခုရေးနေသည့် ဒိုင်ယာရီနှင့် စာဖတ်ရာတွင် အက္ခရာအစဉ်အတိုင်းမှတ်ရန် မှတ်စုစာအုပ် (၃၃) အုပ်တိတိ လှူဒါန်းသည်။ မှတ်ပေးရော..။ ရေးပေရော..။ သူမက ထေရ၀ါဒတက္ကသိုလ်တွင် ဒီပလိုမာတန်းတက်နေသည်။

သူမက ဖတ်စေချင်သည့် စာအုပ်များငှါးပေးတတ်သည်။ ယခုရက်ပိုင်း မောင်ထွန်းသူဘာသာပြန်သည့် (Citidal by A.J. Cronin ) ရဲတိုက်ဝတ္ထုကြီးကို အပြီးသတ်ဖတ်နေရသည်။
အပြန်တွင် ငယ်စဉ်က နေထိုင်ခဲ့ဖူးသည့် ကျောက်မြောင်းဓမ္မ၀ိဟာရလမ်းရှိ၊ ဗြဟ္မ၀ိဟာရကျောင်းလေးဆီ ခရီးကြုံလိုက်ဖြစ်ခဲ့သည်။ နောင်တော်ကြီးသဖွယ်စောင့်ရှောက်လေ့ရှိသည့် အရှင်ဇိတိန္ဒြိယနှင့်အတူ တရံရောအခါဆီက ရှေးဟောင်းနှောင်းဖြစ်များဆီ စကားလုံးများကို စီးရင်း ရောက်အောင် သွားဖြစ်ခဲ့ကြလေသည်။

ဇန်န၀ါရီလ (၃)
အင်္ဂါနေ့


နံနက်ခင်း မျက်နှာသစ်နေစဉ်မှာပင် ဆရာမကြီးဒေါ်မြစမ်း ရောက်လာခဲ့သည်။ မောင်ထွန်းသူ၏ ရဲတိုက်ဘာသာပြန်စာအုပ်များကို ပြန်ပေးရင်း ရင်ကို ထိရှစေသည့် ဆရာဝန်လေး အင်ဒရူးမေဆန်၏ လူသားဆန်မှုများကို ပြောဖြစ်ကြသည်။ သွေးပျက်ဖွယ်ခေတ်ပျက်ကြီးထဲက ရှေးရိုးစွဲဥပါဒါန်များကို မလွန်မြောက်ဘဲ အသစ်တွေ့ရှိချက်မှန်သမျှကို ငြင်းဆန်လိုသည့် အဖွဲ့အစည်းလိုက်ယိုယွင်းမှုက နှာခေါင်းရှုံ့ချင်စရာ။ သည်သို့ဖြင့် လူတွေ အိုမင်းရင့်ရော်သွားခဲ့ကြသည်။ အတွေးတွေ တိမ်ကောသွားခဲ့ကြသည်။ ဘယ်လို ဂုဏ်သိက္ခာတွေကများ အရောင်တက်လာခဲ့ကြပါလိမ့်။

(၅၉) ဒိုင်နာဘတ်စ်နှင့် (၄၃) မိနီဘတ်စ် ဖြတ်ကျော်ပြီးကာမှ စွယ်တော်ဘုရား မုခ်ဦးဝသို့ ရောက်ရှိလာခဲ့သည်။ ထေရ၀ါဒတက္ကသိုလ်စာသင်ခန်းဆီ ခြေလျင်ခရီး....။
ပါမောက္ခ ဆရာမကြီးဒေါက်တာဒေါ်မြင့်မြင့်အေး၏ သုတေသနပြုခြင်းနှင့် ကျမ်းစာရေးသားမှု ဆိုင်ရာပို့ချချက်များက ပြန့်လွင့်ဝေ့၀ဲနေသည့် အဇ္ဈတ္တတွင် မတိကျသည့် ဒေတာများဖြစ်လာခဲ့ကြသည်။

အင်္ဂါနေ့ ဆွမ်းအလှူရှင်များကို ငဲ့ကွက်ကာ တက္ကသိုလ်ဆွမ်းစားဆောင်သို့ မ၀င်တော့ဘဲ
သမိုင်းကို ပြန်လှည့်လာခဲ့သည်။
နေ့ပိုင်း (၁း၀၀) နာရီတွင် အင်တာနက်ခန်းမသို့ ရောက်ဖြစ်ပြန်သည်။ ထုံးစံအတိုင်း ဒေါက်တာRနှင့် ရှင်ညာဏိန်တို့ ဆရာကြီးလုပ်သမျှကို ငြိမ်နားထောင်ရသည်။

ညနေဘက်မှာတော့ ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသအခန်းသို့ မထေရ်ကြီး (အရှင်ထေရိန္ဒ ယခု ဗန်ကောက်ဓမ္မကာယဖောင်ဒေးရှင်း) နှင့်အတူ ရောက်ဖြစ်သည်။ မထေရ်ကြီးက မနက်ဖြန် သီရိလင်္ကာသို့ ပညာသင်ကြွရောက်တော့မည်ဖြစ်၍ တာဝန်ထမ်းဆောင်နေသည့် တိပိဋကအင်္ဂလိပ်ဘာသာပြန်အဖွဲ့ဝင် အဖြစ်မှ နှုတ်ထွက်လွှာကို ပါမောက္ခချုပ်ဆရာတော်ထံ ဆက်ကပ်သည်။
ညမှောင်ရီပျိုးကာမှ အငှါးယာဉ်တစ်စီးဖြင့် ကျောင်းပြန်လာခဲ့သည်။

ဓမ္မဂင်္ဂါ
(၁၄-၈-၂၀၁၂)

19 August, 2012

၂၀၀၆ ခု ဒိုင်ယာရီပြပွဲ(၁)

၂၀၀၆ ခု ဒိုင်ယာရီပြပွဲ
လွန်ခဲ့တဲ့နှစ်က အခန်းပြောင်းရွှေ့ရင်း ဒိုင်ယာရီအဟောင်းလေးနှစ်အုပ်ပျောက်ရှသွားခဲ့တယ်။ ခု မိတ်ဆွေတစ်ပါးရဲ့ အခန်းထဲမှာ မွှေရင်း ပြန်တွေ့ရတော့ လှိုက်ကနဲ ၀မ်းသာမိ..။ ပြန်ဖတ်ကြည့်မိတော့ လွမ်းစရာ..။ ကိုယ်ရေးထားတာ ကိုယ်ပြန်ကူးကြည့်တော့ လက်ညောင်းတယ်..။ ဘာပဲဖြစ်ဖြစ် ရှင်သစ္စာ ရှင်မော်ကွန်းတို့အတွက် ရည်ညွှန်းကျမ်းအဖြစ် ကီးဘုတ်လက်လှည့်ဆရာပီပီ မျှဝေလိုက်တယ် ...:D (တစ်ချို့လျှို့ဝှက်ချက်လေးတော့ မသိချင်ကြနဲ့ပေါ့ကွယ်.. ငါ့ရှင်တို့ရယ်.. ;)..

ဇန်န၀ါရီလ (၁)
ပုံမှန်အချိန်ထက်စောလွန်းစွာ နိုးထလာရသည့်အတွက် နှစ်သစ်တစ်ခု၏ နံနက်ခင်းသည် အိပ်ချင်မူးတူးဖြစ်နေခဲ့သည်။
၂၀၀၆ ခုနှစ် အသစ်စက်စက်ကြီးကတော့ သူ့ကျောကုန်းပေါ်တွင် စွန်းထင်းစွဲကျန်ရစ်မည့် ဒိုင်ယာရီရှင်၏ အဆိုးအကောင်းဆေးစက်များကိုသာ ရင်တမမစောင့်ကြည့်နေပေလိမ့်မည်။ ဒိုင်ယာရီရှင်ကလည်း မင်္ဂလာရှိအောင် နေထိုင်ကြည့်မယ် ဟု ယခင်နှစ်များ၏ စဥိးနေ့ရက်များလိုပင် မရဲတရဲ တွေးထားနှင့်ပြီး ဖြစ်သည်။ HAPPY NEW YEAR နှုတ်ဆက်သံများ တယ်လီဖုန်းကြိုးမျှင်ထဲမှ စီးဆင်းလာသည်။

ငယ်စဉ် နေခဲ့ဖူးသော မြို့လေးဆီက '' ညယ်'' သံဝဲ၀ဲများနှင့် ကျေးဇူးရှင် တို့က လည်း ကောင်းသောနှစ်သစ်ပါ လုပ်ကြရှာသည်။ ထိုမြို့လေးတွင် စာတွေ အာပူအောင်အော်ကျက်ခဲ့ရစဉ်က ကျေးဇူးတင်ထိုက်စွာ နွေးထွေးခဲ့ဖူးသောမိသားစု...။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်နီးပါးခန့်ကာလသည် လွမ်းဝေ့လွင့်မျောဖွယ်ရာ ဖြစ်လာခဲ့ပြန်သည်။ ထိုမြို့လေးတွင် ဆယ်ကျော်သက်သက္ကရာဇ်များ ပေါ့ပါးစွာ လွန်မြောက်ခဲ့ပါသည်။

သင်္ကန်းမနိုင့်တနိုင် ကိုရင်လေးတစ်ပါး၏ ညစ်ကျယ်ကျယ်ပုံရိပ်များ၊ ပျင်းရိငိုက်မျဉ်းစွာ စာကျက်နေသည့် သုန်မှုန်မျက်နှာများက ဒစ်ဂျစ်တယ်လ်ကင်မရာပြကွက်များလိုပင် တလက်လက်တောက်ပကြည်ရှင်းလာခဲ့၏။

Leo Tolstoy ၏ War and Peace စာအုပ်ထူထူကြီးကို မနိုင်မနင်းဖွင့်ကြည့်မိသောအခါ
'' There is no greatness where simplicity, goodness , truth are absent.''
''ရိုးသားမှု ကောင်းမြတ်ခြင်းနှင့် အမှန်တရားတို့ ဆိတ်သုဉ်းရာ၌ ကြီးကျယ်မှုမရှိ '။' ဟူသောပထမဆုံးစာမျက်နှာဖြင့်
www.modernmonk.com ကို စတင် Inter ခေါက်လိုက်မိတော့သည်။

ဓမ္မဂင်္ဂါ(၁၄-၈-၂၀၁၂