(၁)
သူ့ဘ၀မှာ လက်သီးတွေ အများကြီးမဖြတ်သန်းဖူးပါ..။
ငယ်စဉ်ကျောင်းသားကိုရင်ပေါက်စလေးဘ၀က ကျောင်းသားကြီး ကိုရင်ကြီးများ၏့
ကြီးနိုင်ငယ်ညှင်းလက်သီးအချို့ကို စပ်ဖျင်းဖျင်းခံစားခဲ့ဖူးသော်လည်း
ယခုအချိန်မှာတော့ မှတ်မှတ်ရရနာကျင်မှုရယ်လို့ မထင်ကျန်တော့..။ ထို့နောက်
ရုပ်ရှင်ပိတ်သားပြင်ပေါ်က ဘရုစ်လီ၏ ဒေါသလက်သီး၊ လက်ဝှေ့ကြိုးဝိုင်းထဲက
မိုဟာမက်အလီ၏ အံ့ဘနန်းလက်သီး...။ မိုက်တိုင်စံ၏ သံမဏိလက်သီး.....။
တရုတ်သိုင်းဝတ္ထုများကို ဖတ်မိချိန်မှာတော့ မဟာအတွင်းအားလက်သီး...။
ထို့သို့လျှင် အနုပညာလက်သီး၊ကိုယ်ခံပညာလက်သီးနှင့် စိတ်ကူးယဉ်လက်သီးများ...။
မင်းတုန်းမင်းကြီးနှင့် ငါးခြောက်ပြားအကြောင်း ဖတ်ရသည့်အခါ သူ့ဘ၀တစ်လျှောက်လုံး အသိဥာဏ်မျက်လုံးမီးပွင့်များ မကြာခဏ
ဖျပ်ကနဲ ဖျပ်ကနဲ လင်းသွားစေလေ့ရှိသော ဗြဟ္မစိုရ်လက်သီးချက်များကို သတိရနေတတ်ပါသည်။
မင်းတုန်းမင်းကြီးကတော့ သိုမှီးသိမ်းဆည်းရန် တာဝန်ပေးထားသည့်
ငါးခြောက်ပြားပျောက်ဆုံးမှုကြောင့်
ဆရာဘုန်းတော်ကြီး၏ ကျောပြင် ဗျောတင်အပြစ်ပေးမှု
ကြိမ်လုံးဝင့်သံတရွှမ်းရွှမ်းအောက်တွင် အလူးလူးအလဲလဲ...။
နိုင်ငံ့ဥသျှောင်ဘုရင်မင်းမြတ်အဖြစ်သို့
ရောက်သည့်တိုင် ကျောပြင်ပေါ်က ကြိမ်လုံးအရှိုးရာများက
ထင်းထင်းကြီးကျန်နေသေးသည်..တဲ့..။ တတိယမြန်မာနိုင်ငံတော်၏ နောက်ဆုံးထွက်သက်ကာလတွင် နယ်ချဲ့ ဗြိတိသျှတို့နှင့်
မတိုးမဆုတ်သာလှသော စစ်ရေး၊သံတမန်ရေး စသည်များသာမက ရှုပ်ထွေးပွေလီလှသော နန်းတွင်းအရေးအရာများကိုပါ
ဆရာဘုန်းတော်ကြီး၏ ကြိမ်လုံးဝင့်သံများကပေးသော သင်ခန်းစာဖြင့်
ကျော်လွှားနိုင်ခဲ့သည်မှာ ထင်ရှားလှပါသည်။
သူကိုယ်တိုင်ကရော.....။
ယခုနှစ်ဆောင်းတစ်ရွာ၊နှင်းတစ်မြို့ရာသီတွင် သက်တော်(၈၀)ပြည့်တော်မူမည့်
မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး၏ ဗြဟ္မစိုရ်လက်သီးချက်များက
ဘ၀နှိုးစက်သံများအဖြစ် လိုက်လံစောင့်ရှောက်နေသလို ခံစားရမြဲဖြစ်ပါသည်။
ငယ်စဉ်က စာသင်ဘက်သီတင်းသုံးဖော်များရှေ့တွင် မျက်နှာပျက်စရာကောင်းသည် ဟု
ထင်မှတ်ခဲ့မိသော်လည်း
ယခုသူကိုယ်တိုင်ဆရာဘ၀ရောက်ချိန်မှာတော့ ဆရာတော်ကြီး၏ လက်သီးချက်များတွင် ဗြဟ္မစိုရ်ရနံ့ကို ရှိုက်မိကာ
ထိုလက်သီးချက်များကိုပင် တမ်းတဂုဏ်ယူနေမိပြန်တော့သည်။
အော် ဗြဟ္မစိုရ်လက်သီးချက်များ...။
သူသည် များသောအားဖြင့် အချိုးပြေလှသော
စာသင်သားငယ်တစ်ပါးမဟုတ်ခဲ့..။ ထောင့်မကျိုးလှသော အမူအရာ၊
အသွင်အပြင်စရိုက်ကို ပိုင်ဆိုင်ကာ
ပိပြားရိုးစင်းစွာ ကျင့်သုံးနေထိုင်ရလေမည့် လောကုတ္တရာပတ်ဝန်းကျင်တွင် တစ်ခုမဟုတ်တစ်ခုတော့ မှားနေတတ်ခဲ့သည်။
မိတ်ဆွေများထံ အစောပိုင်းရေးသားခဲ့သော ပေးစာများတွင် အမှားများစွာဖြင့် ဟု သူကိုယ်တိုင်က ကျေနပ်စွာ လက်မှတ်ထိုးခဲ့သည်။
ဘယ်လောက်များ ကြောင်လိုက်တဲ့ မောင်ရှင်ငတိလေးပါလဲ.။
မည်သို့ဆိုစေ အမှားနည်းနိုင်သမျှ နည်းစွာ ၀ိနည်းစည်းကမ်းများ၏
ပဲ့ပြင်မှုကို လိုက်နာတတ်သော
အချွန်အမွန်သာသနာ့ဝန်ထမ်းရှင်ရဟန်းတစ်ပါးဖြစ်လာစေရန်
ဆရာမြတ်အဆူဆူတို့ကတော့ နည်းလမ်းအသွယ်သွယ်ဖြင့်
ထိန်းကျောင်းပေးခဲ့ကြသည်သာ..။
ထိုပဲ့ထိန်းပုဂ္ဂိုလ်မြတ်တို့တွင်
မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးကတော့ ခပ်စပ်စပ်သြ၀ါဒ၊ သို့မဟုတ်
ထိထိမိမိလက်သီး..သို့မဟုတ် စူးစူးအောင့်အောင့်ဖနောင့်တို့ဖြင့်
လမ်းကြောင်းတည့်မတ်ပေးတတ်မြဲဖြစ်ပါသည်။
အမေရိကားတွင် နေထိုင်သီတင်းသုံးနေသည့် စာဆိုတော်ရဟန်းတစ်ပါးဖြစ်သူ
အရှင်ဥာဏိကာဘိဝံသကတော့ ဆရာတော်ကြီး၏ ဖနောင့်ကို
လွမ်းစွာ ရွှေဖနောင့်ပိုင်ရှင် ဟူသော အက်ဆေးတစ်ပုဒ်ဖြင့်
မစိုးရိမ်အတိတ်ဆီ ပြန်ပြေးဝင်လာတာ မြင်လိုက်ရသည်။
သူအတွက်ကတော့ လက်သီးမှ တကယ့်လက်သီး...။
ထိချက်မှန်လှသော ၊ စူးစူးနစ်နစ် ရှိလှသော ဗြဟ္မစိုရ်လက်သီးချက်များ..။
(၂)
၁၉၈၈ ခုနှစ် ၀ါဆိုဦးကာလတွင် သူက မစိုးရိမ်တိုက်သစ်၏
နာရီသံချောင်းခေါက်သံနှင့် မန္တလေး၏
နံနက်စောစောဘုံလောင်းဆွမ်းခံချိန်များဆီ ခိုလှုံနေခဲ့သည်။
အသက်(၁၄)နှစ်...။ပရိယတ္တိသာသနဟိတသာသနာလင်္ကာရသာမဏေကျော်ဖြစ်ရေး
အိပ်မက်လမ်းဖောက်ကာ ပိဋကတ်စာအုပ်ထူထူကြီးများကို ထမ်း၊
သင်ရိုးအဆန်းများကို ကျက်မှတ်ပျော်ရွှင်နေခဲ့ပါလေသည်။
သို့သော် ထိုအိပ်မက်က
မလုံခြုံခဲ့ပါ..။ ဆိုရှယ်လစ်မိုးသားတိမ်လိပ်များ ပြိုဆင်းကျလာသည်။ သွေးမြစ်ကြီးက
မျက်ရည်ပင်လယ်အဖြစ် စီးဆင်းလာခဲ့သည်။ ပြည်သူတို့၏ ငိုရှိုက်သံများက
ကျောင်းကန်ဝိဟာပရိဝုဏ်နံရံအတွင်းရှိ စာချစာသင်ရှင်ရဟန်းမြတ်တို့၏
စာအံကျောင်းများဆီ ပဲ့တင်လာခဲ့သည်။
ထိုနှစ်က ဒီမိုကရေစီ ဆိုသော စကားလုံးအသစ်ကို သူ ကြားနာခဲ့ရသည်။
လောကီမပွားစီးဘဲ လောကုတ္တရာမတည်နိုင်...။ လောကီမငြိမ်းချမ်းတော့လ
ျှင် လောကုတ္တရာလည်း နွမ်းပါးသွေ့ခြောက်ရမြဲပင်ဖြစ်တော့သည်။ ပြည်သူနှင့်
ရှင်ရဟန်းတို့ကြားတွင် ပါးလျသော်လည်း မာကျောခိုင်ခံ့သည့်
သာသနာဟူသောဓမ္မကြိုးမျှင်တစ်ချောင်းက နှလုံးသားချင်း..။ ဝေဒနာက္ခန္ဓာချင်း
မြဲမြံအောင် ချိတ်ဆက်ထားလေသည်။
ပြည်သူ့အသံကို အမြဲနားစွင့်လေ့ရှိကာ ပြည်သူ့ဒုက္ခကို
စာနာတော်မူလေ့ရှိသော ဆရာတော်ကြီးများ ဦးဆောင်သည့်
မစိုးရိမ်သည် ပြည်သူများနှင့် သွေးအမျိုးအစား၊ဝေဒနာအမျိုးအစား
တူမျှကြောင်း ပြသခဲ့လေသည်။ သံဃာတော်များ နေပူကြဲကြဲ
လမ်းမများပေါ် ပြည်သူများနှင့် တစ်သွေးတစ်သားတည်း ရောနှောသွားသည်။
သို့နှင့် ပရိယတ္တိစာသင်ခန်းများ ယာယီပိတ်ထားရတော့သည်။( သို့သော် လုံးဝပိတ်လိုက်သည်တော့ မဟုတ်ပေ။
အရေးပေါ်ကိစ္စများ မရှိလျင် စာအံစာကျက်ခြင်းကိုတော့ အားထုတ်ကြရသည်။ )
အုပ်ချုပ်ရေးယန္တရာများ ပြိုလဲကျနေပြီဖြစ်သော
မန္တလေးမြို့ပြတွင် ပြည်သူတို့၏ အသက်အိုးအိမ်ကို အခြားကျောင်းတိုက်မှ
သံဃာတော်များနှင့် ညီညွတ်တိုင်ပင်ကာ တရားဓမ္မလက်နက်ဖြင့်
ကာကွယ်ပေးခဲ့ရလေသည်။ လေးပြင်လေးရပ်သံဃာတော်များက မန္တလေးမြို့တော်ကြီးကို
နေ့နေ့ညည စောင့်ရှောက်ပေးခဲ့ကြပါသည်။
ထို့ကြောင့်ပင် မန္တလေးသည် ပင်ကိုယ်ဥပဓိမပျက်ဘဲ သံဃာ့အရိပ်ဖြင့် ရှစ်လေးလုံးကာလကြီးကို ဖြတ်သန်းနိုင်ခဲ့သည်။
သို့သော် ရုတ်ရုတ်သဲသဲကာလကြီးတွင် လုံခြုံရေးသတိရှိစွာ အချက်ပြသံချောင်းခေါက်သံများဖြင့် အမှတ်သညာထားရှိရပါသည်။
သံချောင်းခေါက်သံကြားသည်နှင့် သံဃာတော်များ စုဝေးရောက်လာကာ ပြဿနာအရပ်ရပ်ကို တိုင်ပင်ညှိနှိုင်းဖြေရှင်းတော်မူကြရမြဲဖြစ်သည်။
ထိုနှစ်က သူသည် မစိုးရိမ်တိုက်သစ်ဝင်ပေါက်ရှိ ဓမ္မသီတဂူကျောင်းဆောင်(အပေါ်ဆုံးထပ်)တွင် ကျောတစ်ခင်းစာ နေရာတစ်ခု ရပါသည်။
ဆရာတော်အရှင်ရာဇဓမ္မာဘိဝံသက အလယ်ထပ်ရှိ အခန်းလေးတွင်
သီတင်းသုံးလျက်ရှိပါသည်။ ထိုစဉ်က
သီတဂူဆွမ်းစားကျောင်းဆောင်မပြီးသေးသည့်အတွက်
သီတဂူကျောင်းစာသင်သားသံဃာတော်များ၏ သပိတ်စင်ကို
အပေါ်ဆုံးအထပ်၏ လှေကားထိပ်တွင် ထားရှိပါသည်။ စာသင်သားသံဃာနှင့်
သပိတ်စင်က မျှတမှုမရှိ၍ သပိတ်စင်အဆင့်တိုင်းတွင် နံပါတ်ရေးထိုးထားကာ
စီနီယာစာသင်သားများ၏ သပိတ်များကို ပထမဦးစားပေးထားခွင့်ပြုပါသည်။ ကျန်သည့် နေရာလွတ်တွင် ဂျူနီယာစာသင်သားတို့၏ သပိတ်များ ထားကြရသည်။
သူ့လို ကိုရင်ချာတိတ်လေးများ၏ သပိတ်ကိုတော့ သပိတ်စင်၏
ခေါင်မိုးပေါ်တွင် ၀ါရင့်စာသင်သားရဟန်းတော်ကြီးများက တင်ပေးကြသည်။
အကန့်မရှိ..။ နေရာမရှိ..။ သပိတ်ပြန်ချလျင်လည်း ထိုရဟန်းတော်ကြီးများ၏
အကူအညီမပါဘဲ ချဖို့ မလွယ်...။ သပိတ်စင်က အမြင့်ကြီး...။
(မစိုးရိမ်တိုက်သစ်၏ ကျောင်းဒကာကျောင်းဒကာမများက
သံဃာတော်များ နေထိုင်ရန် ကျောင်းဆောင်ဆောက်လုပ်လှူဒါန်းသည့်အခါ
ဆွမ်းစားဆောင်ကိုလည်း ပူးတွဲ ဆောက်လှူမြဲဖြစ်ပါသည်။ ထိုအချိန်က မိမိတို့
သက်ဆိုင်ရာကျောင်းများ၏ ဆွမ်းစားဆောင်တွင် သပိတ်စင်နှင့်
ဆွမ်းစားစားပွဲများ စီစဉ်ထားလေ့ရှိကာ သီခြားဆွမ်းဘုန်းပေးကြရပါသည်။
ယခုလို ကျောင်းတိုက်ကြီိးတစ်ခုလုံးသီတင်းသုံးနေကြသော
သံဃာတော်အပါးသုံးထောင်ခန့် စုပေါင်းဆွမ်းဘုန်းပေးနိုင်သည့်
ဓမ္မမဟိဒ္ဓိကျောင်းဆောင်ကြီးမဆောက်ရသေးပါ။)
ရှစ်လေးလုံးအရေးအခင်းကာလကြီးက နေ့နေ့ညည လှုပ်လှုပ်ခတ်ခတ်ရှိလှသည်။ ကြွပ်ဆတ်ဆတ်နိုင်လှသော အခြေအနေအရပ်ရပ်ကို
မစိုးရိမ်တိုက်သစ်မဟာနာယကဆရာတော်ကြီးများက ထိန်းသိမ်းတော်မူနေကြရသည်။
ငယ်ရွယ်တက်ကြွသော မတစ်ထောင်သား ရှင်ငယ်၊ရဟန်းငယ်တို့ ၏
စိတ်ဓါတ်ရေးရာနိုးကြားမှုကို
လမ်းကြောင်းမလွဲအောင် စောင့်ကြည့်ကြပ်မတ်နေရသည့် အချိန်လည်းဖြစ်သည်။
အထိန်းအသိမ်းမတတ်လျင် ပေါက်ကွဲသွားနိုင်သည်ကို
ဆရာတော်အရှင်ရာဇဓမ္မာဘိဝံသက သတိရှိနေခဲ့ပါသည်။ သို့အတွက် သီတင်းသုံးနေကျ
ဓမ္မဒါယာဒကျောင်းဆောင်မှ ကျောင်းတိုက်ကြီးတစ်ခုလုံး၏
အ၀င်အထွက်ကို စောင့်ကြည့်ထိန်းသိမ်းနိုင်မည့် ဓမ္မသီတဂူကျောင်းဆောင်တွင်
ယာယီသီတင်းသုံးတော်မူလျက်ရှိပါသည်။
တစ်ညသ (၁၀ ) နာရီခန့်အချိန် နောက်တစ်ရက်ဥပုသ်နေ့နံနက်
ဘုံလောင်းဆွမ်းတိုးရန်အတွက် သူက စိတ်စောစွာ သပိတ်ပြင်ထားဖို့
ဝီရိယပိုမိသည်။
သပိတ်စင်ခေါင်မိုးပေါ်က သပိတ်ကို ကိုယ့်အားကိုယ်ကိုးကာ
တက်ယူမိလေသည်။ ကံဆိုးချင်တော့ သူ့သပိတ်အနားတွင် နို့
မှုန့်ခြောက်ဗူးကြီးတစ်လုံး ရှိနေခဲ့သည်။
သပိတ်ကို မမှီမကမ်း လှမ်းဆွဲလိုက်သည်နှင့် နိုမှုန်ခြောက်ဗူးကြီးက ပြုတ်ကျလာတော့သည်။
သူ အသက်ရှူရပ်သွားမလား အောင့်မေ့ရအောင် ထိပ်ပြာသွားသည်။ သွားပြီ...။
နို့မှုန့်ခြောက်ဗူးကြီးက သပိတ်စင်ပေါ်မှ လှေကားထိပ်ကွန်ကရိကြမ်းခင်းပေါ်သို့ ဂလွမ် သံ ကျယ်လောင်စွာ ပေးပြီးသည်နှင့်
သီတဂူကျောင်းဆောင်သုံးလွှာလှေကားထစ်များမှ တဆင့် ဂလွမ် ဂလွမ် ဂလွမ်သံများအဆက်မပြတ်မြည်ဟည်းလိမ့်ဆင်းသွားကာ
တိတ်ဆိတ်နေသော စာသင်သားသံဃာတော်များ၏ အိပ်ရာဝင်ညချမ်းကို လှုပ်နိုးလိုက်သည်။ အချက်ပြသံချောင်းခေါက်သံကြားရသည့်ပမာ
အိပ်စက်ရန်ပြင်ဆင်နေကြပြီဖြစ်သော စာသင်သားသံဃာတော်များ ကျောင်းဆောင်အသီးသီး၏ အပြင်သို့ ထွက်လာကြသည်။
ထိုနို့ခြောက်ဗူးကြီးက ဒုတိယအလွှာရှိ ဆရာတော်၏
အခန်းရှေ့ကြမ်းပြင်ပေါ်တွင် ရပ်တံသွားလေသည်။ တတိယအလွှာမှ
စာသင်သားရဟန်းသာမဏေများလည်း ခြေမကိုင်မိ၊ လက်မကိုင်မိ..။ အားလုံး၏
အကြည့်စူးစူးများက တရားခံဖြစ်သော သူ့ထံမှာ....။ သူ့ရင်ထဲတွင်
ထိုအခိုက်အတံ့ကာလလေးမှာပင် ကမ္ဘာဖျက်မိုးကြီးရွာ၊ ကမ္ဘာဖျက်မီးကြီးလောင်၊
ကမ္ဘာဖျက်လေကြီး တိုက်ခတ်နေတော့သည်။ မှောင်အတိကျလျက်..။ ခြေလှမ်းတို့လည်း
မရွေ့..။ ပြေးစရာလည်း မြေမရှိ...။
ထိုအချိန်မှာပင် ဆရာတော် တက်လာတော့သည်။
ဘယ်နွားတုန်း...။
တရားခံက ရှာစရာမလိုပါ..။ လှေကားထိပ်တွင် သပိတ်ပိုက်ကာ ကြောင်အ အ ရပ်နေသော သူ့ကို တွေ့သွားသည်။
ခွပ် ကနဲ မြည်သံစွဲအလင်္ကာသည် သူ့ မျက်လုံးတွင် နာကျင်လင်းပွင့်သွား၏။
ဒီနွားက မနက်မှ လုပ်ရင် ရသားနဲ့....။
လက်သီးတစ်ချက်နှင့် စကားတစ်ခွန်း.....။ ဒီမျှသာ ...။
ပြဿနာကို ပုံကြီးမချဲ့တတ်သော ဆရာတော်၏ ဆုံးမနည်းနာကို ယခုတွေးကြည့်တော့ အလွန်လှပသေသပ်လှသည်ကို ကြည်ညိုဖွယ်ရာမြင်ရသည်။
ဘာမှမဟုတ်ဘူး...ကိုယ့်နေရာကိုယ်ပြန်အိပ်ကြ....။
သံဃာတော်များ ကျောင်းဆောင်အသီးသီးသို့ ငြိမ်ဆိတ်စွာ ပြန်လည်ဝင်ရောက်ကျိန်းစက်သွားကြသည်။
အော် ကျေးဇူးကြီးမားလှသော ဗြဟ္မစိုရ်လက်သီး...။

(၃)
ရှစ်လေးလုံးအရေးတော်ပုံကြီး၏ အညွန့်ကို ချိုးလိုက်သည့်နှယ်
စစ်အုပ်ချုပ်ရေးအောက်သို့ မန္တလေးမြို့ကြီး ပြားပြားဝပ်ကျရောက်သွားသည်။
စစ်မြေပြင်ကြီးသဖွယ် မြို့လုံးအနှံ့ စစ်သားများ၊ စစ်ယန္တရားများဖြင့်
ဖုံးလွှမ်းနေတော့သည်။ သူ့ဘ၀တွင် သည်လို ထူထပ်များပြားသော
စစ်အရောင်အသွေးကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။
မစိုးရိမ်တိုက်သစ်ကျောင်းပရိဝုဏ်၏ တံတိုင်းအပြင်ဘက်တွင်
ရုပ်ရှင်မြင်ကွင်းထဲမှ ရန်သူ့စခန်းသိမ်းတိုက်ပွဲဆင်နေကြဟန် စစ်သားများ
တရွေ့ရွေ့ချဉ်းကပ်နေကြသည်ကို သီတဂူကျောင်းဆောင်အပေါ်ထပ်မှ လှမ်းမြင်နေရသည်။
ကျောင်းတိုက်ကြီး၏ မလှမ်းမကမ်းမှ အသံချဲ့စက်ဖြင့် မခုခံကြဖို့
သတိပေးကြေငြာချက်များ ဖတ်ကြားနေသည်ကို မကြာခဏကြားနေရသည်။ ထိုအချိန်
ဆရာတော့်သြ၀ါဒက ကိုယ့်အလုပ် ကိုယ်လုပ်ကြ...။
သံဃာတော်များကတော့ မိမိတို့ နေ့စဉ်တာဝန်ကိုသာ
ပုံမှန်မပျက်ဆောင်ရွက်နေကြသည်။ စစ်သားများ ထူထူထပ်ထပ်ဝိုင်းရံပတ်ထားသော
လမ်းများကို ဖြတ်ကာ ဆွမ်းခံကြွမြဲကြွနေကြသည်။ အစစ်အဆေး
အတားအဆီများကတော့ မြို့လုံးအနှံ့သံဃာတော်များ ကြုံတွေ့နေရသည်။
အရေးအခင်းကာလသပိတ်စခန်းဦးဆောင်ခဲ့ကြသူများကို
ရှာဖွေဖမ်းဆီးနေကြပြီ။ ကျောင်းတိုက်ကြီးများကိုလည်း
ဝင်ရောက်ရှာဖွေကြတော့မည် ဟု သတင်းထွက်နေပြီ။ နေ့နေ့ ညည ဘယ်တော့
ဝင်မည်မသိ..။
ရပ်ရွာက မိဘဆွေမျိုးများကလည်း စိတ်ပူနေကြရော့မည်။ သို့နှင့် မစိုးရိမ်တိုက်သစ်အပါအ၀င် စာသင်တိုက်ကြီးများက
စာသင်သားသံဃာတော်များ မိမိတို့ ရပ်ရွာသို့ ပြန်လိုက ပြန်ကြရန် ခွင့်ပေးတော်မူခဲ့ကြသည်။
မန္တလေးမြို့ရှိ စာသင်သားသံဃာတော်များ ရပ်ရွာသို့
တရုန်းရုန်းပြန်ကြလေပြီ။ရထားလမ်းများ ပိတ်ထားသဖြင့်
ကားဖြင့်သာ ပြန်ကြရမည်။ ကားခတွေက ဈေးကြီးနေပြီ။ သူ့လက်ထဲတွင်
ဘတ်စ်ကားစီးဖို့ ဖွတ်ကလိဒင်္ဂါးက မရှိ..။ ဆိုရလျင် သူ့ကို ခေါ်လာသော
ဆရာ့လက်ထဲမှာလည်း မရှိ..။ အခြားစာသင်သားများ သိမ်းဆည်းထုပ်ပိုးနေချိန်မှာ
သူတို့ အဖွဲ့ (ဆရာ၊ဆရာ့ညီကိုရင်နှင့် သူ)က ငြိမ်ကုပ်နေကြရသည်။
အိမ်လွမ်းဂါထာရွတ်ပွားခွင့် မရှိ..။ စာသင်သားသံဃာတော်
ရာနှင့်ချီသီတင်းသုံးနိုင်သည့် ဓမ္မသီတဂူကျောင်းဆောင်ကြီးတစ်ခုလုံးတွင်
သူတို့နှင့် ဘ၀တူ လက်ကျန် (၁၅)ပါးမျှသာ ယောင်ချာချာ..။ အပေါ်ဆုံးထပ်မှာ
ငါးပါးမျှသာ..။
စာအံသံ၊ စာပို့ချသံတို့ ဖြင့် အသံမစဲခဲ့သော
မစိုးရိမ်တိုက်သစ်ကြီးသည် တဒင်္ဂငြိမ်ဆိတ်နေသလို
ဆွမ်းခံကိုယ်တော်များဖြင့် ဥဒဟိုစည်ကားလှသော စိန်ပန်းရပ်ကြီး၏
နံနက်ခင်းများသည်လည်း သာသနာရောင်ပါးလျကာ ခြောက်ကပ်နေတော့သည်။ သည်တော့
သူတို့လို လက်ကျန်ကိုယ်တော်ကြီး ကိုယ်တော်လေးများကို စုပြုံကာ
ဆွမ်းလောင်းကြသဖြင့် သပိတ်လျှံနေသည်။ သို့သော် မပျော်...။
ရွာပြန်ချင်နေကြသည်။
ဆရာတော်အရှင်ရာဇဓမ္မာဘိဝံသကတော့ ဆွမ်းခံပြန်လာသည့် တပည့်များ၏ ဆွမ်းလျှံသပိတ်များကို ကြည့်ကာ
အေး ခေတ်မကောင်းပေမယ့် ဆွမ်းတော့ လောင်းကြသား ဟု မုဒိတာစကားမြွက်ကာ အားပေးတော်မူလေ့ရှိ၏။
မည်သို့ဆိုစေ သူ့နိသျည်းဆရာက မည်သို့မည်ပုံ ၀တ္ထုငွေရှာဖွေလာသည်မသိ၊
ဆရာတပည့်များ ငွေစကြေးစလေးကို စစ်စစ်ကုပ်ကုပ်သုံးစွဲကာ
ရွာပြန်ခွင့်ရခဲ့ကြသည်။
မန္တလေးမှ ရွှေဘိုလိုင်းကား၊ ရွှေဘိုမှ ခင်ဦးကြုံကား.။ ခင်ဦးမှ
ကန့်ဘလူသို့..ခြေလျင် ။ ကားစုတ်ကို လမ်းပဲ့ပေါ်တွင် စီး၊
ခရီးမတွင် ခြေလျင်တသွယ် လွမ်းဖွယ်မကောင်းချေတကား..။
သို့နှင့် မစိုးရိမ်နှင့် ဝေးနေခဲ့သည်မှာ
ပထမကြီးတန်းအောင်မြင်ပြီးသည်အထိပင်..။ သည်ကြားကာလတွင် မစိုးရိမ်သို့
တစ်ခေါက်ပြန်ရောက်သေးသော်လည်း နိုင်ငံ့အရေးအရာများက တစ်နေ့ထက်တစ်နေ့
တိမ်တောင်သဖွယ် မင်းရေးကျယ်ဖြစ်နေခဲ့ကာ မိဘများကလည်း မြို့ပြတွင်
စာဆက်လက်သင်ရန် စိတ်မချသဖြင့် နယ်စာသင်တိုက်လေးများမှာသာ
ကျင်လည်နေခဲ့ရသည်။ သာမဏေကျော်အိပ်မက်လည်း ပျက်ခဲ့တော့၏။ ပထမကြီးတန်းကိုပင်
တဘုန်းဘုန်းကျပြီးမှ အောင်လာခြင်းဖြစ်သည်။

(၄)
နယ်မြို့လေးတွင် ပထမကြီးတန်းအောင်မြင်ပြီးမှ ငယ်သံယောဇဉ်ဖြင့် မစိုးရိမ်တိုက်သစ်သို့ ပြန်လည်ခိုဝင်ခဲ့ပါသည်။
အသက် (၁၈)နှစ်...။
ထိုအချိန်တွင် ဆရာတော်အရှင်ရာဇဓမ္မာဘိဝံသက နရသိန်တောရတွင်
ဝိပါက်ကြမ္မာ မလွတ်သာခဲ့ ဖြစ်နေတော်မူရရှာဆဲ..။
သူ ရဟန်းခံရန် ရက်နီးကပ်လာသောအခါမှသာ ဆရာတော့်ခမျာ ၀ိမုတ္တိသုခကို ခံစားတော်မူရခြင်းဖြစ်ပါသည်။
သူ့ရဟန်းခံပွဲသို့ ဆရာတော့်ကို တခုတ်တရပင့်ဖိတ်ခဲ့သေးသည်။ သို့သော်
အကြောင်းမတိုက်ဆိုင်၍ ဆရာတော်မကြွနိုင်ခဲ့။ ရဟန်းခံဖိတ်စာမှာတော့
အရှင်ရာဇဓမ္မာဘိဝံသ၏ တပည့် ဟု ထည့်ခွင့်ရသည်ကိုပင် ဂုဏ်ရည်သတ္တိကြီးမားလှပါပြီ။
သူ့ရဟန်းခံပွဲတွင် ရွှေကျင်သာသနာပိုင်ညောင်ရွှေကံကြီးဆရာတော်ဘုရားက
ပထမကမ္မ၀ါစာဆရာအဖြစ် ချီးမြှောက်တော်မူခဲ့၏။ သာသနာပိုင်ဆရာတော်ကြီးက
မစိုးရိမ်တိုက်သစ်ဆရာတော်၏ တပည့်မှန်းသိတော်မူသည့်အတွက် ''
ဦးဇင်းတို့ ဆရာ ဦးရာဇဓမ္မကို မစိုးရိမ်ဆရာတော်ကြီးဦးသုရိယနောက်က
လိုက်လိုက်လာတာ တွေ့ဖူးတယ်.။ လူပုံချောခပ်ထက်ထက်ပဲ'' ဟု
မိန့်မြွက်ချီးကျူးတော်မူပါသည်။
ထိုရဟန်းခံမှ အပြန် ၀ါဆိုဦးကာလတွင် ဆရာတော်၏ အခြားလက်သီးဆုကို ဆွတ်ခူးခွင့်ရခဲ့ပြန်ပါသည်။
သူ နယ်မြို့လေးမှ မန္တလေးသို့ ပြောင်းရွှေ့လာသောအခါ စိန်ပန်းရပ်ထဲတွင်
ဆွမ်းခံကြွခဲ့သည်။ စိန်ပန်းရပ်ကြီးက ကျယ်၊ နှစ်ပေါင်းလည်း ကြာပြီမို့
ရပ်ကွက်အမည်များကို သေချာမမှတ်မိတော့..။
နေမင်းကျောင်းတိုက်ထဲမှ ဖြတ်ကာ သီတဂူကျောင်းအမကြီးအိမ်ရှေ့ကို ကျော်၊
လမ်းကြားလေးထဲသို့ တိုးဝင်၊ ထိုမှ စိန်ပန်းလမ်းမကြီးတလျှောက်ရှိ
ရပ်ကွက်လေးထဲ ကြွ..။ နောက်ဆုံး
ဝိဇ္ဇာလင်္ကာရကျောင်းပေါက်တည့်တည့်သို့ ပြန်ခေါက်..။ ဒီလောက်ပဲ
မှတ်မိတော့သည်။
သူ့သပိတ်ကို ဂရုစိုက်သော ဆွမ်းခံအိမ်နှစ်အိမ်ရှိသည်။ ကုန်သည်
ဦးစောကိုလေး+ဒေါ်သိန်းသိန်းဌေးနှင့် တွင်ခုံလုပ်ငန်းလုပ်သည့်
ဦးအေး+ဒေါ်ကြည်တို့ဖြစ်သည်။
ကံကောင်းထောက်မစွာ နောက်ဆုံးအိမ်နှစ်အိမ်လည်း ဖြစ်နေသဖြင့်
သူ့ဆွမ်းဟင်းခွက်များ လစ်ဟင်းနေလျင် ဖြည့်စွက်လောင်းလှူတတ်ကြသည်။
မိုးရာသီ သရက်သီးများလှိုင်လှိုင်သီးသော တစ်နေ့တွင် ဖြစ်သည်။
သူ့ဆွမ်းခံအိမ် (၈)အိမ်ရှိရာ ပထမ(၆)အိမ်က ပေါ်ဦးပေါ်ဖျားသဘောဖြင့်
ဆွမ်းတစ်ယောင်းမနှင့် သရက်သီးတစ်လုံးစီလောင်းလိုက်ကြသည်။ ဒီသရက်သီးတွေနဲ့
ဆွမ်းဘယ်လို စားရပါ့...ဒုက္ခ..။
သတ္တမမြောက်အိမ်ရောက်တော့ ဒေါ်သိန်းသိန်းဌေး၏ မိခင်ကြီးက
ဆွမ်းပုဂံပြားတစ်ချပ်နှင့် သရက်သီးလှလှတစ်လုံး
ကိုင်ကာ ရောက်လာပြန်တော့သည်။ ဘုရားရေ..။
အရှင်ဘုရား ဦးဦးဖျားဖျား ဘုန်းပေးရအောင် သရက်သီးချိုတယ်ဘုရာ့ တဲ့..။
ဒီနေ့ တော့ အံ့သြစရာပဲ တစ်ခြားဒကာမကြီးတွေလည်း ဒကာမကြီးနဲ့ အတွေးချင်းထပ်နေကြပြီဗျ... ဟု သူက စကားဖွင့်ရလေတော့၏။
သို့မှသာ သပိတ်ကို ဖွင့်ကြည့်... အဲ ဟုတ်ပေသား ဟု..အိမ်တွင် ချက်သော ဆွမ်းဟင်းအချို့ကို ခူးခပ်လောင်းလှူသော ဟူ၏။
နောက်ဆုံးဖြစ်သည့် ဦးအေးတို့ အိမ်ကတော့ သူ့အတွက် လက်ဘက်ရည်ပူပူတစ်ခွက်နှင့် ကွမ်းတစ်ယာအသင့်ပြင်ပေးထားမြဲဖြစ်ပါသည်။
သတ္တမဆွမ်းခံအိမ်မိသားစုသည် သာမဏေဘ၀ဖြင့် ဓမ္မာစရိယတန်းတက်နေသော သူ့ကို ရဟန်းဒကာအဖြစ် ချီးမြှောက်ထောက်ပံ့လိုကြ၏။
သို့သော် ကြိုတင်မလျှောက်ထားခဲ့ကြ..။ တောင်ကြီးမြို့မှ
ရွာဆွေမျိုးရပ်ဆွေမျိုးမိသားစုကို ရဟန်းဒကာဒကာမများအဖြစ်
အသိအမှတ်ပြုလက်ခံလိုက်သဖြင့် နေ့ကောင်းရက်သာရွေးချယ်၊
ပရိက္ခရာပစ္စည်းများပင် ၀ယ်ယူပြီးကြလေပြီ။ ထိုအချိန်မှာမှ ထိုမိသားစုက
ရဟန်းးခံခွင့်တောင်းကြခြင်းဖြစ်သည်။ သင်္ကန်းပရိက္ခရာများလည်း
ဝယ်ယူပြီးဖြစ်ကြောင်း၊ အရှင်ဘုရားအံ့သြသွားအောင် ခုမှ
ခွင့်တောင်းကြကြောင်း စသည် လျှောက်ထားကြလေသည်။ သို့သော် ချဉ်ပေါင်ကို
ကာပြန်၊ ၀က်သားကို ခြေကန်ရုန်းလို့ မဖြစ်တော့ပြီ။
စိတ်မကောင်းကြီးစွာ ငြင်းပယ်ရတော့သည်။
သို့နှင့် ရဟန်းခံပွဲအတွက် ၀ယ်ယူထားသော ပရိက္ခရာသင်္ကန်းများသည် ၀ါဆိုသင်္ကန်းများအဖြစ် ပြောင်းလဲသွားရ၏။
ထိုဝါဆိုသင်္ကန်းကပ်လှူပွဲသို့ မစိုးရိမ်ကျောင်းတိုက်(ဟောင်း)၊
ပိဋကနျူပဒေသဆရာတော် ဦးကောဝိဒါဘိဝံသ(အမေရိကားမှာ ပျံလွန်တော်မူသော
သာသနာ့ဥသျှောင်ဆရာတော်ကြီး)နှင့်
မစိုးရိမ်တိုက်သစ်ဆရာတော်အရှင်ရာဇဓမ္မာဘိဝံသတို့ကိုယ်တိုင်
ကြွရောက်တော်မူကြမည်။
ကြွရမှာက မနက်စောစောအရုဏ်ဆွမ်း...။
သူ အိပ်ရာ မနိုးမှာ စိုးသွားသည်။ ညဦးကတည်းက အဆင်သင့်ဖြစ်စေရန် ၀တ်ရုံသင်္ကန်းတစ်စုံကို အသင့်ပြင်ထားသည်။
လာပင့်သည့်အချိန်မှာ သူ မနိုးသည့်တိုင် အခြားတစ်ပါးပါးက အလွယ်တကူ
နှိုးနိုင်စေရန် ကြပ်ညပ်နေသောကျောင်းဆောင်အတွင်းခန်းထဲ ၀င်မအိပ်ဘဲ
အပြင်ဘက်လသာဆောင်တွင် ဖျာတစ်ချပ်ခင်းကာ အိပ်သည်။ နိုးမှ နိုးပါ့မလား အတွေးက
နှိပ်စက်၏။ ထင်သည့်အတိုင်း တကယ်လည်း မနိုးခဲ့...။
လာရောက်ကြိုသော ကားကလည်း ကျောင်းရှေ့ ပိတောက်ပင်အောက်သို့ ရောက်နေပြီ၊
ဆရာတော်ကလည်း အသင့်ဖြစ်နေပြီ။ သူ့ကို လိုက်ရှာသည့် ကိုယ်တော်တွေက
ခါတိုင်းအိပ်နေကျ နေရာမှာ ရှာကြသည်။ မတွေ့..။ ဖြစ်ချင်တော့
လသာဆောင်မှာလည်း အိပ်တုန်းက သူတစ်ပါးတည်းပေမယ့် သူအိပ်ပျော်သွားသည်နှင့်
သူ့ဘေးမှာ သင်္ကန်းခေါင်းမြီးခြုံကာ
ဝင်ထိုးအိပ်သည့် မောင်ရှင်များက လေးငါးပါးဖြစ်နေပြန်သဖြင့်
ရှာရဖွေရခက်သွားသည်။
နောက်ဆုံးသင်္ကန်းခြုံတွေ ဆွဲခွာ ရှာပါမှ သူ့ကို တွေ့သွားကြသည်။
သူ့ကို နှိုးသည့် ကိုယ်တော်ကြီးက
ထ ထ...ဟကောင်...မင်းတော့မလွယ်ဘူး...။ ဆရာတော် စောင့်နေတာ ကြာလှပေါ့..။
ဘေးမှာ အသင့်ချထားသည့် သင်္ကန်းကို အိပ်ချင်မူးတူးလဲကာ ပြေးရသည်။
ပိတောက်ပင်အောက် ရောက်ရောက်ချင်း
ခွပ် ကနဲ အခါမဲ့လျှပ်စီးလက်သွားသည်။
မျက်နှာတွင် ပူထူသွားကာ တရားဓမ္မတစ်ခုခု ရလိုက်သည် ထင်၏။ ဆာတိုရီ(
Satori)....:D
ဒီ နွားက ဘယ်ရောက်နေတုန်း...။ အဆင်သင့်ပြင်မထားဘူး..။ ကဲ ကြွ...။
လက်သီးတစ်ချက် စကားတစ်ခွန်း...။
ထိုနေ့က အခြားဂိုဏ်းမှ ဆရာတော်များက ဆွမ်းတစ်ဝိုင်း၊ သူကတော့ သာသနာ့အကျော်အမော်ဆရာတော်ကြီးနှစ်ပါးနှင့် ဆွမ်းတစ်ဝို်င်းတည်း...။
ကြောက်ရွံ့ရိုသေလွန်းသော စိတ်ဖြင့် နောက်တော်ပါးက
ရုတ်တရက်လိုက်ခဲ့ရသောကြောင့် မျက်နှာသစ်ချိန်မရလိုက်ဘဲ
ဆရာတော်ကြီးများနှင့် ဆွမ်းတစ်ဝိုင်းတည်း
ထိုင်စားခဲ့ရသည်ကို တွေးမိတိုင်း ကြက်သီးထနေဆဲ...။
မည်သို့ဆိုစေ...
ဆရာတော့်လက်သီးများ၏ အရှိန်အဟုန်တွင် ဗြဟ္မစိုရ်ထိချက်များပါနေသည်ကို ခံစားရဆဲပင်။
ဆရာတော်ဘုရား၏ ဗြဟ္မစိုရ်လက်သီချက်များအား ပူဇော်ဂါရ၀ဖြင့်
တပည့်
ဓမ္မဂင်္ဂါ
@အရှင်ဝိစိတ္တသာရ
ဧည့်ပါမောက္ခ
ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်
ဗာရာဏသီမြို့၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်
အိန္ဒိယနိုင်ငံ
(၄၊၁၂၊၂၀၁၂)