Showing posts with label စင်ကာပူစာမျက်နှာ. Show all posts
Showing posts with label စင်ကာပူစာမျက်နှာ. Show all posts

14 July, 2011

စင်ကာပူရောက်မြန်မာများအတွက် ၀မ်းမြောက်ဖွယ်


အမျိုးဘာသာသာသနာအတွက် ဆောင်ရွက်ကြရာတွင် နေရာအခက်အခဲဖြစ်နေကြသည့် စင်ကာပူနိုင်ငံရှိ မြန်မာပရဟိတနှင့် ဘာသာရေးအသင်းအဖွဲ့များအတွက် စင်ကာပူနိုင်ငံ၊ ယူနို့စ် ၊ မင်္ဂလ၀ိဟာရကျောင်းတိုက်မှ အပတ်စဉ်တရားပွဲများကျင်းပရန်၊ ယဉ်ကျေးလိမ္မာသင်တန်းများနှင့် အဘိဓမ္မာစသော ဓမ္မရေးရာသင်တန်းများ ဖွင့်လှစ်ရန်၊ တံခါးဖွင့်လိုက်ပြီ ဖြစ်ကြောင်း ကျောင်းထိုင်ဆရာတော် အရှင်စိတ္တရက အသင်းအဖွဲ့များအား ဖိတ်ခေါ်အသိပေးလိုက်ပြီ ဖြစ်ပါသည်။

စင်ကာပူနိုင်ငံရှိ ထေရ၀ါဒဗုဒ္ဓဘာသာကျောင်းတိုက်များတွင် မင်္ဂလ၀ိဟာရသည် သင်တန်းများဖွင့်လှစ်ရန်နှင့် တရားပွဲများကျင်းပရန် လုံလောက်သော သင်ထောက်ကူပစ္စည်းများ၊ စာသင်ခန်းများ၊ ခန်းမများ အပြည့်အစုံရှိသည် ဟု သိရသည်..။

စိတ်ပါဝင်စားသူများအနေဖြင့် ဆရာတော်ထံ ဆက်သွယ်မေးမြန်းလျှောက်ထားနိုင်ပါကြောင်း..။

ဓမ္မဂင်္ဂါ

(၁၅-၇-၂၀၁၁)

03 July, 2011

MRT Seconds....(အမ်အာတီစက္ကန့်များ..)

သီဟပူရတွင် ရက်သတ္တနှစ်ပတ်ခန့် နေထိုင်မိသောအခါ သူသည် အမ်အာတီရထားနှင့် ကလျာဏမိတ္တဖြစ်သွားသည်။ သူသွားလိုရာကို သယ်ဆောင်သွားနိုင်သည့် အမ်အာတီကို ကျေးဇူးတင်ပါသည်॥။ လွန်ခဲ့သော သီဟပူရခရီးစဉ်များတွင် သူသည် အမ်အာတီရထားစီးရန် တွန့်ဆုတ်ခဲ့လေသည်။ ပြူးပြူးပြောင်ပြောင် အရောင်များထဲတွင် ရဟန်းတစ်ပါး၏ ရိုးစင်းသောအသွင်က ခပ်ကြောင်ကြောင် ခပ်ထင်းထင်းကြီး ဖြစ်နေမည်ဟု ထင်မိသော ကြောင့်ဖြစ်သည်॥။

သို့နှင့် ရွာက အမျိုးများကို ပြသနိုင်ရန် ဓါတ်ပုံရိုက်ယူသင့်သည် ဟုထင်ရသော နေရာအချို့ကိုသာ အငှါးယာဉ်ဖြင့် ခြေဦးလှည့်ဖြစ်သည်။ မိတ်ဆွေရဟန်းတစ်ပါးက စင်ကာပူရောက်နေမှတော့ ဘယ်ကြွဦးမလဲ တဲ့..။ လေဆိပ်အ၀င်အထွက် ဓါတ်ပုံတစ်ပုံရိုက်.. ပြီးရောတဲ့..။

တခုတရ ရိုက်ခဲ့သည့် သူ့မှတ်တမ်းဓါတ်ပုံများ မတော်မဆပျောက်ဆုံးသွားသောကြောင့် ရွာမှအမျိုးများကလည်း သူ သီဟပူရကို ရောက်ခဲ့သည်ဟူသော သတင်းစကားကို အတည်ပြုရန် သံသယဖြစ်ကြပြန်လေသည်॥။ တစ်မိပေါက်တစ်ယောက်ထွန်းဗျို့ ဟု ခပ်ထွားထွားစကားဆိုလေ့ရှိသည့် သူ့ဖခင်ကြီးသည်ပင် သူ့ကို ကျေနပ်လှသည်မဟုတ်ပါ..။ ဓါတ်ပုံလေးတော့ ရိုက်ခဲ့ဦးမှပေါ့ ကိုယ်တော် ..း)..။

အမ်အာတီကို အရဲစွန့်စီးကြည့်မိတော့လည်း ဘာမှ အခက်အခဲမရှိပြန်ပါ..။ သူ့ ဣနြေ္ဒကြီးတစ်ခွဲသားကို ပဲကြီးလှော်နှင့် လဲစားမည့်သူ တစ်ဦးတစ်ယောက်မှ မရှိ..။ သီဟပူရတွင် ပတ်ဝန်းကျင်သည် သူ့အတွက် အနှောက်အယှက်မဟုတ်ကြောင်း သူ ကောင်းကောင်းနားလည်သွားသည်။ မေတ္တာသုတ်တော်၏ ဂါထာပါဒများကို သီဟပူရ၏ အမ်အာတီပေါ်တွင် နှလုံးသားတိုးတိုးဖြင့် ဖြိုးဖြိုးလေး ရွတ်မိသည်..။

နပရော ပရံ နိကုဗ္ဗေထ။
နာတိ မညေထ ကတ္ထစိ နကိဉ္စိ॥။
တစ်ဦးကို တစ်ဦးက မလှည့်ဖျားကြပါစေနဲ့။
တစ်ဦးကို တစ်ဦးက အထင်မသေးကြပါစေနဲ့...။

ဓမ္မဂင်္ဂါ
(၄-၇-၂၀၁၁)

စာကြွင်းများ

၁။ သီဟပူရတွင် ပထမဆုံးဓမ္မဂင်္ဂါပါဠိသင်တန်းကို သပ္ပုရိသတစ်စု၏ အကူအညီဖြင့် အောင်မြင်စွာ ဖွင့်လှစ်ဖြစ်ခဲ့..။နေရာနှင့် အချိန်အခက်အခဲကြောင့် သင်တန်းတက်လိုသည့် ဆန္ဒရှိကြသည့်တိုင် တက်ခွင့်မရကြသူများအတွက် သင်တန်းပို့ချချက်များကို ပျော်ပျော်လွယ်လွယ်သင်ယူနိုင်စေရန် ရေးသားခဲ့။

၂။နေရာအခက်အခဲဖြစ်ခြင်းသည်ပင် သူ မကြာခဏစဉ်းစားမိသည့် ဗုဒ္ဓအရှင်၏ ရွေ့လျားပညာရေး (Mobile Education)ကို ပြန်လည်ပုံဖော်မိသလို ဖြစ်နေသည်..။ ထိုအခက်အခဲတွင် သူနှင့် အမ်အာတီပတ်သက်ရခြင်းဖြစ်သည်။

၃။သင်တန်းတွင် ပို့ချသည့် မှတ်စုများကို အွန်လိုင်းပေါ်တွင် ရေးခြစ်မိသောအခါ အဝေးသင်ပညာရေး (Distance Education)ကိုပါ ပုံဖော်ခွင့်ရသွားပြန်သည်။ အင်္ဂလန်၊ အမေရိကန် ၊ဂျပန်၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့မှ သင်ခန်းစာများကို လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီး သင်ယူနေကြသည့်အတွက် သူကိုယ်တိုင်လည်း အံ့သြ ပီတိဖြစ်ရသည်။ လေ့ကျင့်ခန်း မလုပ်နိုင်သေးသည့်တိုင် သင်ခန်းစာများကို လေ့လာနေပါသည် ဆိုသော ပုဂ္ဂိုလ်များအတွက်လည်း မုဒိတာပွားရပါသေးသည်။

၎။ဓမ္မဂင်္ဂါပါဠိသင်ခန်းစာများကို အဆင့်မြင့် ပိဋကတ်ကျမ်းစာများ အဆင့်ဆင့် လေ့လာနိုင်သည်ထိ ကြိုးစားရေးကြည့်သွားပါမည်။ သင်ခန်းစာလေ့ကျင့်ခန်းများကို မေးလ်ဖြင့်သာ ပေးပို့စေလိုပါကြောာင်း။


17 June, 2011

ဗုဒ္ဓဟူးနေ့မှ မိုင်ငါးရာအလွန်

(၁)

နက္ခတ်အမည်မသိ ကြာသပတေးနေ့တစ်နေ့တွင် သီဟပူရသို့ သူရောက်လာခဲ့သည်။ မိတ်ဆွေရဟန်းတော်၏ အခန်းတွင် သူဖတ်ချင်နေသော စာအုပ်များရှိနေခဲ့သည်မှာ ကြည်နူးချမ်းမြေ့ဖွယ်ကောင်းလှသည်။ ဆယ်စုနှစ်ခုနီးပါး ကင်းကွာခဲ့သည့်တိုင် မှတ်သိစိတ်တွင် စွဲထင်နေဆဲ စာအုပ်ဟောင်းလေးတစ်အုပ်ကို သူ ကောက်ကိုင်မိသည်။

ပိုင်စိုးဝေ၏ ဗုဒ္ဓဟူးနေ့မှ မိုင်ငါးရာ..၀တ္ထုတိုများ...

အခြားသော ၀တ္ထုများထက် သူ မကြာခဏ သတိတရရှိလေတိုင်း တခုတ်ရပြန်လည်ဖတ်ချင်နေသည့်
ဝတ္ထုတိုတစ်ပုဒ်ကို သူ ရှာဖွေလိုက်ပါသည်..။ ဦးသောဘိတနှင့် ကျွန်တော်..။ နိဂုံးမှ သူ စဖတ်လိုက်သည်။

'' ဦးဇင်းဘုရား ရင်းနှီးခင်မင်မှုနဲ့ဖြစ်စေ၊ တာဝန်ဝတ္တရားကြောင့်ဖြစ်စေ လောင်းလှူလိုက်ရတဲ့ ဆွမ်းဟာ သန့်ရှင်းစင်ကြယ်မှုမရှိတဲ့ အဆိပ်အတောက်တစ်ခုပဲလို့ ဦးဇင်းခံစားရသလို အစစ်အမှန်ကြိုးစားမှုနဲ့ မဟုတ်ဘဲ တစ်စုံတစ်ယောက်ရဲ့ သြဇာအရှိန်အ၀ါကြောင့် ခင်မင်ရင်းနှီးမှုကြောင့် အသုံးပြုလိုက်ရတဲ့ စာတစ်ပုဒ်ဟာလည်း တပည့်တော် ယုံကြည်မြတ်နိုးတဲ့ စာပေအနုပညာဘ၀ကို အဆိပ်အတောက်ဖြစ်စေတယ်လို့ သိက္ခာတရားကို ထိခိုက်စေတယ်လို့ တပည့်တော်ယုံကြည်တဲ့ အတွက်...''။

ပိုင်စိုးဝေက ဦးသောဘိတသို့ လိပ်မူထားသော ပေးစာတစ်စောင်ဖြင့် ၀တ္ထုကို အဆုံးသတ်ထားသည်။ သူ့ဘ၀တစ်လျောက်လုံး ထိုပေးစာလေးတစ်စောင်၏ လွှမ်းမိုးမှုများစွာ ရှိခဲ့သည်၊ အော် ဦးသောဘိတ ဦးသောဘိတ။

(၂)

တက္ကသိုလ်စာပေးစာယူတက်နေချင်နေသည့် ကိုကံလှနှင့် မြို့ပြရှိ ပရိယတ္တိစာသင်တိုက်များတွင် စာပေသင်ယူလိုသည့် ရဟန်းတော်ဦးသောဘိတတို့ မြင်းခြံမှ မန္တလေးသို့ ထွက်လာခဲ့ကြသည်။ ရဟန်းတော်ဦးသောဘိတ၏ ရဟန်းမယ်တော်ကြီးနှင့် သမီးမမြမြ၀င်းတို့လည်း ဘုရားဖူးရင်း မိမိတို့ရဟန်းကို မန္တလေးရှိမိတ်ဆွေများထံ အပ်နှံရန် လိုက်ပါလာခဲ့ကြသည်။

ငါးရက်တာမျှ မန္တလေး၊ စစ်ကိုင်း၊ မုံရွာအနှံ့ ဘုရားဖူးထွက်ကြသည်..။ ဦးသောဘိတ၏ ရဟန်းအမသမီးက ကိုကံလှအတွက် လမ်းခုလတ်ဝေဒနာတစ်ခု တိုးစေသည်၊ ကိုကံလှက ဗိုလ်အောင်ဒင်လို့ အမည်ပြောင်းချင်ပြန်သတဲ့။ ရဟန်းအမသမီးက '' ကျမနာမည်က မမြ၀င်းမဟုတ်ဘူးနော်၊ မြမြ၀င်း.''..။ ငါးရက်ပြည့်တော့ မြမြ၀င်းတို့ ပြန်သွားကြပြီ၊

ဦးသောဘိတနှင့် ကိုကံလှတို့၏ မန္တလေးဒိုင်ယာရီက ခုမှ စသည်..။ ဘုရားကြီးတိုက်အတွင်း ရပ်ရွာဆွေမျိုးဘုန်းကြီးကျောင်းတွင် ဦးသောဘိတနှင့် ကိုကံလှတို့ နေထိုင်ခွင့်ရကြသည်။ ပရိယတ္တိစာပေသင်ယူမည့် ဦးသောဘိတ မန္တလေးတွင် နှစ်ရှည်လများ ရပ်တည်ဖို့ ဆွမ်းခံထွက်ရမည်..။ ကိုကံလှကတော့ ဦးသောဘိတနှင့် အခြား ရဟန်းတော်များ၏ ဝေယျာဝစ္စကို ဆောင်ရွက်ပေးကာ ဆွမ်းကျန်ကွမ်းကျန်စားရင်း တက္ကသိုလ် စာပေးစာယူ သင်တန်းတက်မည်။ ၀ါသနာပါရာ စာပေနယ်ထဲ ၀င်ရောက်ဖို့ ကြိုးစားမည်.။

ဦးသောဘိတ ဆွမ်းခံထွက်ပါသည်။ ဆွမ်းခံပြန်လာသည့် ဦးသောဘိတ၏ သပိတ်ကို ဆီးကြိုနေရာချထားပေးရသည့် ကိုကံလှ စိတ်မကောင်းဖြစ်ရသည်။ သပိတ်ထဲတွင် ဆွမ်းဟင်းအနည်းငယ်မျှသာ၊ တစ်ပါးစာအတွက်ပင် မလုံလောက်ချင်..။

''အရှင်ဘုရား ရဟန်းမယ်တော်ကြီး အပ်နှံပေးသွားတဲ့ ဒကာ ဒကာမတွေက လူချမ်းသာတွေချည်းပဲဘုရား ..။ သူတို့က ဆွမ်းမလောင်းကြဘူးလား ''

'' ငါ အဲဒီအိမ်တွေ မကြွဘူးကွ ''

(၃)

မန္တလေးရောက် ရဟန်းတော်များအတွက် ဆွမ်းဟင်းက များစွာ အခက်အခဲရှိသည်။ မန္တလေးသူ မန္တလေးသားများကတော့ သံဃာတော်များအတွက် ခေတ်အဆက်ဆက် ဂရုစိုက်ခဲ့ကြမြဲပင်..။ သို့သော် ၀န်နှင့် အားမမျှတာလည်း ဖြစ်မည်။ သို့ မဟုတ် ကံစမ်း မန်းတက် ဟု ဆိုးရိုးအတိုင်း မိမိဘုန်းကံဘယ်လောက်ရှိသလဲ စမ်းသပ်ရန် မန္တလေးကွင်းသို့ တက်လာသော ရဟန်းတော်များအတွက် အစမ်းသပ်ခံနေ့ရက်များက စောင့်နေတာမျိုးလည်း ဖြစ်နိုင်သည်။

မန္တလေးသူ မန္တလေးသားများကလည်း ရဟန်းတော်များကို အဆင့်ဆင့်နေရာပေးကိုး ကွယ်တာမျိုးလည်း ရှိသည်။ မန္တလေးရောက်ရှင်ရဟန်းတစ်ပါးအနေဖြင့် ဆွမ်းခံကြွခွင့်ပေးရန် အိမ်ပေါက်စေ့အောင် လိုက်လံဖိတ်ကြားရသည်။ ကံကောင်းလျှင် ထိုင်ကိုယ်တော်အဖြစ် ကြွခွင့်ရမည်။ ကံမကောင်းလျှင်တော့ ကန်တော့ဆွမ်းပါ ဟု တိုးတိုးဆိုကာ အိမ်တံခါးကို ပိတ်ပစ်လိုက်ကြမည်။

ကံမကောင်းတကောင်းဆိုလျှင်တော့ အိမ်ရှေ့မှာ ရပ်ကြွမယ်ဆို ဆွမ်းတော့ လောင်းနိုင်ပါသည် ဟူသော အာမခံချက်ရမည်..။

(အင်း ကိုယ့်လုပ်စာမှ မပါတာ သည်းခံပေါ့..။ ပျော်ဘွယ်က မိတ်ဆွေရဟန်းကတော့ ရွာက မြင်ကွင်းလေးတစ်ခုကို ပြောပြသည်။ ခပ်ငယ်ငယ်ကိုရင်ဘ၀က ရွာထဲကို ဆွမ်းခံကြရသည်။ ရှေ့ဆုံးက ကြေးစည်တီးသည့် ကျောင်းသား၊ အလယ်က သပိုက်ပိုက်သည့် ကိုရင်၊ နောက်ဆုံးက ဆွမ်းအိုးထမ်းသည့် ကျောင်းသားများ.။ အိမ်တစ်အိမ်ရှေ့ရောက်တော့ ကြေးစည်တီးသည်။ အချိန်တော်တော်ကြာ သည့်တိုင် ကြေးစည်တီးမရသောအခါ ဆွမ်းတော်ဗျို့ သံပြိုင်အော်ကြသည်။ ထိုအခါကျမှ အိမ်ရှင်အမျိုးသားကြီး အိပ်မှုံစုံမွှားထွက်လာသည်..။ လွယ်ပါ့ကွာ တဲ့..။;) )

အိပ်ရှေ့တွင် ကြွရပ်လာသော ရှင်ရဟန်းကို အခါကြီးရက်ကြီးနှင့် ဥပုသ်နေ့များတွင် ဆွမ်းဟင်းတစ်ခွက်လှူသည်မှအပ ဆွမ်း(ထမင်း)သက်သက်ကိုသာ ပုံမှန်လောင်းကြသည်။

နှစ်ရှည်လများ အိပ်ရှေ့တွင် ဆွမ်းရပ်သောရှင်ရဟန်းကို အိမ်ရှေ့တွင် ခုံလေးတစ်ခုံချ၊ နေရာထိုင်လေး ခင်းကာ ဆွမ်းနှင့် ဆွမ်းဟင်းပုံမှန်လောင်းစပြုသည်၊ သို့သော် အကန့်အသတ်ဖြင့်သာ..။ (ထိုသို့ အိမ်ရှေ့တွင် ရပ်ရ.. ထိုင်ရသည့် နှစ်ကာလက တစ်နှစ်ဖြစ်ချင်ဖြစ်မည်..။ နှစ်နှစ်ဖြစ်ချင်ဖြစ်မည်..။ ထို့ထက်လည်း ကြာချင်ကြာသွားနိုင်သည်၊ ထိုနှစ်များအတွင်း စကားလည်း မပြောကြပါ..။ ဘွဲ့အမည်ပင် မမေးကြပါ၊ အံ့သြစရာကောင်းသော စမ်းသပ်မှုများဖြစ်လိမ့်မည်..။ )

ထိုနှစ်များကို လွန်မြောက်ကာမှ ဆွမ်းခံမြဲသော ရှင်ရဟန်းတစ်ပါးကို မန္တလေးက စကားပြောပါသည်၊

ဘယ်အတန်းဘယ်စာဝါတက်နေပါသလဲ မေးမြန်းတတ်ကြသည်။ ထိုအချိန်မျိုးတွင် အမေးမြန်းခံရသည့် ရှင်ရဟန်းကလည်း ပရိယတ္တိစာပေ နယ်ထဲ လေး စားလောက်ဖွယ်နေရာ ရောက်နေပြီဆိုလျှင် အိမ်ဦးခန်းသို့ပင့်ကာ ကိုးကွယ် တတ်ကြသည်။ ရဟန်းဒကာရဟန်းအမအဖြစ် ချီးမြောက်ကြသည်၊ ကျောင်းဒကာ ကျောင်းဒကာမအဖြစ်လည်း ခံယူတတ်ကြသည်..။

သံယောဇဉ်နှင့် အနှောင်အဖွဲ့ကင်းလိုသော၊ သို့မဟုတ် ရပ်ကိုယ်တော်အဖြစ်ပင် ဆွမ်းမရနိုင်သော ရှင်ရဟန်းတို့အတွက် အများသူငါလောင်းလှူသော ဘုံဆွမ်းကို ရှာဖွေကြရသည်။

ရှင်စွဲ ရဟန်းစွဲ ကျောင်းစွဲ ဂိုဏ်းစွဲမထားသော မန္တလေးသူ မန္တလေးသားကြီးများက အိုးကြီးအိုးငယ်အသွယ်သွယ်ဖြင့် ချက်ပြုတ်ကာ နေ့စဉ်သော်လည်းကောင်း သို့မဟုတ် အဖိတ်ဥပုသ်နေ့သော်လည်းကောင်း ကြွလာသမျှ ရှင်ရဟန်းတို့ကို ဘုံဆွမ်းလောင်းလှူတတ်ကြသည်။ လပြည့်လကွယ် အခါကြီးနေ့ကြီးများတွင်တော့ ဘုံဆွမ်းလောင်းလှူသူတွေ စည်စည်ကားကားရှိတတ်ကြသည်။ ဘုံဆွမ်းကြွသည့် ကိုယ်တော်က ၀ီရိယရှိရသည်။ မနက်စောစော လေးနာရီလောက်တွင် အိပ်ရာထ မျက်နှာသစ်ကာ ပြေးပြေးလွှားလွှားကြွကြရသည်။

ဘုံဆွမ်းဆိုသည်ကလည်း အကန့်အသတ်(Limited)နှင့် ဖြစ်သည်။ နောက်ကျလျှင် အပေါက်ဝက လှည့်ပြန်....

(၄)

ဦးသောဘိတက ရဟန်းအမကြီးမိတ်ဆက်ပေးထားသော လူကုန်ထံအသိုင်းအ၀ိုင်းသို့ မကြွခဲ့ပါ။ ဆွမ်းခံအိမ်လည်း မဖိတ်ခဲ့ပါ။ အများသူငါ လောင်းလှူသော ဆွမ်း (ဘုံဆွမ်း)ကိုသာ ခံယူခြိုးခြံခဲ့ခြင်းဖြစ်သည်။ တစ်စုံတစ်ဦးနှင့် ပတ်သက်တာဝန် ယူရ၍ ဒကာ ဒကာမများက အားနာမှုဖြင့် နေ့စဉ်ဂရုစိုက်နေရမည်ကို မလိုလား..။ ကိုယ့်ဆရာ ကိုယ့်ဒကာဟူသော အစွဲဖြင့် ရရှိသောဆွမ်းကို မလိုချင် ဟု ဆိုသည်။ ကိုကံလှက ဦးသောဘိတကို ဆွမ်းကွမ်းပြည့်ပြည့်စုံစုံဖြင့် ပရိယတ္တိစာပေကို ပျော်ပျော်ကြီး အားထုတ်စေချင်သည်။ သို့သော် ဦးသောဘိတကတော့ အစွဲကင်းသော ဘုံဆွမ်းဖြင့်သာ ခေါင်းမာစွာ ရောင့်ရဲခဲ့သည်။

ထိုနှစ်များအတွင်း ဦးသောဘိတ စာမေးပွဲများတစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်အောင်မြင်ခဲ့သည်။ ဦးသောဘိတ၏ ဥပဓိနှင့် ကြည်ညိုဖွယ်အရာအသွင်အပြင်ကြောင့် ဆွမ်းလောင်း လှူမည့်သူများ ပေါများလာသည်။ အိမ်အတွင်းသို့ပင့်ကာ ဆွမ်းကပ်သူများ၊ သီလယူမည့်သူများ၊ ရပ်ကွက်ဥပုသ်ဇရပ်များတွင် တရားနာယူလိုသူများဖြင့် ဘုန်းကံတောက်လာသည်။

ကိုကံလှတစ်ယောက်လည်း တက္ကသိုလ်စာပေးစာယူဖြေရင်း ဘွဲ့တစ်ခုရသည်။ အစိုးရရုံးတစ်ရုံးတွင် အောက်တန်းစာရေးလေးဝင်လုပ်သည်။ ဘုန်းကြီးကျောင်းမှ ပြောင်းကာ ရပ်ကွက်ထဲတွင် အခန်းလေးငှါးနေခဲ့သည်။ တစ်နေ့ ဦးသောဘိတ ကိုကံလှအခန်းလေးသို့ ကြွလာသည်၊ ယခု ဓမ္မာစရိယတန်းအောင်မြင်ပြီးသည့်အတွက် ရန်ကုန်မြို့တော်သို့ဆင်းကာ အခြားလေ့လာစရာရှိတာများ ဆည်းပူးရန် ကြွတော့မည်ဖြစ်ကြောင်း ပြောဆိုနှုတ်ဆက်သည်။ ကိုကံလှအတွက်လည်း စာအုပ်များ ၀ယ်ပေးကာ ကြိုးစားဖို့၊ အသိအလိမ္မာနှင့် ဆင်ခြင်သုံးသပ်ပြီးနေတ်ဖို့ သြ၀ါဒစကားလည်း ချိးမြောက်ခဲ့သေးသည်။

ကိုကံလှကတော့ မန္တလေးတွင် ကျန်ရစ်ကာ စာတိုပေစများဆက်လက် ရေးသည်။ မဂဇင်းတိုက်များသို့ စာမူပေးပို့သည်။ တစ်ပုဒ်မှ အရွေးမခံရပါ..၊ သို့နှင့် သုံးနှစ်ကြာသွားသည်။ ဦးသောဘိတ မန္တလေးသို့ ခဏတာ ကြွလာခိုက် ကိုကံလှထံ ၀င်ဖြစ်အောင် ၀င်သည်။ တပည့်မောင်ကျောင်းသား၏ မအောင်မြင်သေးသော အခြေအနေကို ကရုဏာသက်မိသည်။ ယခုအချိန်မှာ ဥိးသောဘိတက နယ်ပယ်အစုံတွင် ၀င်ဆန့်သော ရဟန်းတော်တစ်ပါးဖြစ်နေပြီ။ စာပေနယ်တွင်လည်း အယ်ဒီတာများစွာနှင့် ကျွမ်းဝင်မှုရှိနေသည်။

သို့နှင့် ဦးသောဘိတက မိတ်ဆွေဒကာအယ်ဒီတာများထံ တပည့်ကျောင်းသားအတွက် မိတ်ဆက်စာတွေ တစ်စောင်ပြီးတစ်စောင် ထိုင်ရေးပေးခဲ့သည်မှာ ထို့နေ့ ညနေစောင်းသည်အထိဖြစ်သည်။ ကိုကံလှက ဦးသောဘိတ၏ စာများကို အမှတ်တရသိမ်းဆည်းထားပါသည်။ ထိုမိတ်ဆက်စာများကို ကိုင်ပြီး မည်သည့်အယ်ဒီတာထံသို့ မှ ကိုကံလှ မသွားခဲ့ပါ..။ ကိုကံလှ၏ ဒိုင်ယာရီတွင် ရေးခြစ်ထားသော ပေးစာလေးဖြင့် ပိုင်စိုးဝေက ၀တ္ထုကို အဆုံးသတ်ထားလေးသည်။

'' ဦးဇင်းဘုရား ရင်းနှီးခင်မင်မှုနဲ့ဖြစ်စေ၊ တာဝန်ဝတ္တရားကြောင့်ဖြစ်စေ လောင်းလှူလိုက်ရတဲ့ ဆွမ်းဟာ သန့်ရှင်းစင်ကြယ်မှုမရှိတဲ့ အဆိပ်အတောက်တစ်ခုပဲလို့ ဦးဇင်းခံစားရသလို အစစ်အမှန်ကြိုးစားမှုနဲ့ မဟုတ်ဘဲ တစ်စုံတစ်ယောက်ရဲ့ သြဇာအရှိန်အ၀ါကြောင့် ခင်မင်ရင်းနှီးမှုကြောင့် အသုံးပြုလိုက်ရတဲ့ စာတစ်ပုဒ်ဟာလည်း တပည့်တော် ယုံကြည်မြတ်နိုးတဲ့ စာပေအနုပညာဘ၀ကို အဆိပ်အတောက်ဖြစ်စေတယ်လို့ သိက္ခာတရားကို ထိခိုက်စေတယ်လို့ တပည့်တော်ယုံကြည်တဲ့ အတွက်...''။


(၅)

ဝတ္ထုဖတ်ပြီးသောအခါ သူ အိပ်စက်လိုက်ပါသည်..။ ဗုဒ္ဓဟူးနေ့မှ မိုင်ငါးရာအလွန်...ကြာသပတေးနေ့မှသည်.....။

ဓမ္မဂင်္ဂါ
(၁၇-၀၆-၂၀၁၁)
တစ်လ စင်ကာပူ

04 June, 2010

စင်ကာပူမင်္ဂလာဝိဟာရဓမ္မအမေးအဖြေများ(၂)

အရှင်ဘုရား တပည့်တော်ဟာ ဗုဒ္ဓဓမ္မကို ဆရာတွေ၊ မိတ်ဆွေတွေဆီက သင်ယူနေပါတယ်။ မကြာသေးမီကမှ သင်ယူမိသမျှတွေက Meditation တွေချည်း ဖြစ်နေတာ သတိပြုမိတယ်ဘုရား။ အံ့သြစရာလည်း ကောင်းပါတယ်။ တပည့်တော်က Meditationနဲ့ စိမ်းနေတာကိုး။ တစ်ချို့ကပြောတယ်၊ Meditation ဆိုတာ စိတ်ကို ငြိမ်းအောင်လုပ်တဲ့နည်းပဲ တဲ့။ တစ်ချို့ကတော့ meditation ဆိုတာ လေ့ကျင့်ခန်းတစ်ခု တဲ့၊ တစ်ချို့ကတော့ Meditation ဆိုတာ အရာဝတ္ထု သဘောသဘာဝတွေကို ရှုမှတ်တာ တဲ့ ။

တပည့်တော်ရဲ့ စိတ်ထဲမှာ နည်းနည်းတော့ ရှုပ်သွားပါတယ်။ Meditation အားထုတ်နည်းအချို့ကို တပည့်တော် သိပေမယ့် Meditation ဆိုတဲ့ အဓိပ္ပါယ်ကတော့ မရှင်းဘူးဘုရား။ တပည့်တော်ကို Meditation ရဲ့ အဓိပ္ပါယ်လေး ရှင်းပြစေလိုပါတယ် အရှင်ဘုရား။

ကျေးဇူးတင်စွာ မေတ္တာဖြင့်

ဝီရိယာ

အင်း Meditation ဆိုတာက ဘာဝနာဆိုတဲ့ ပါဠိစကားလုံးရဲ့ ဘာသာပြန်ဆိုချက် ဖြစ်တဲ့အတွက် Meditation ရဲ့ အဓိပ္ပါယ်နဲ့ပတ်သက်ပြီးတော့ ရှုပ်ထွေးတာကို နားလည်ပေးလို့ရပါတယ်။ ဘာဝနာ သို့မဟုတ် Meditation ဆိုတာကို ဖော်ပြဖို့ ပါဠိစကားလုံးတွေ ရှိပါတယ်။ ဥပမာ မေတ္တာဘာဝနာ ဗုဒ္ဓါနုဿတိနဲ့ ကာယာနုပဿနာ ဆိုတာမျိုးပေါ့။ အဲဒီမှာ ဘာဝနာ၊ အနုဿတိနဲ့ အနုပဿနာဆိုတဲ့ ပါဠိစကားလုံးတွေက Meditation ကိုပဲ ရည်ညွှန်းကြတာပါ။ အဲဒီတော့ Meditation ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ချဉ်းကပ်ပုံအမျိုးမျိုးရှိနေတာဖြစ်ပါတယ်။

ကျင့်သုံး လိုက်နာတဲ့ Meditation နည်းလမ်းကို အခြေခံပြီး ဖွင့်ဆိုပုံ ကွာသွားနိုင်ပါတယ်။ မေးခွန်းမှာ ဖော်ပြထားတဲ့ ဖွင့်ဆိုချက်တွေဟာ တကယ့်အနှစ်သာရအတိုင်း ကွဲပြားနေတဲ့ နည်းလမ်းကျင့်စဉ်တွေ ပါပဲ။

“Meditation ဆိုသည်မှာ ကျင့်စဉ်နည်းလမ်းဖြစ်၏” ဆိုတဲ့ အဖွင့်စကားလေးကို သတိပဋ္ဌာန် ကမ္မဋ္ဌာန်းဆရာတွေ မကြာခဏ အသုံးပြုလေ့ရှိပါတယ်။ သမထကမ္မဋ္ဌာန်းဆရာတွေကတော့ “စိတ်ငြိမ်းကြောင်းနည်းလမ်း”လို့ ညွှန်းကြပါတယ်။ နောက်ဆုံး “Meditation ဆိုတာ အရာဝတ္ထု သဘောသဘာဝတွေကို ရှုမှတ်ရတယ်” ဆိုတာကတော့ ၀ိပဿနာဆရာတွေရဲ့ ရှင်းပြချက်ပါပဲ။ ယောဂီအနေနဲ့ Meditation ရဲ့ သတိပဋ္ဌာန်၊ သမထ၊ သမာဓိနဲ့ ၀ိပဿနာဆိုတဲ့ နာမည် အမျိုးမျိုးတွေကို နားရှုပ်ပါလိမ့်မယ်၊

တကယ်တော့ လောကုတ္တရာတရားမှာ သတိ၊ သမာဓိနဲ့ ပညာဆိုတဲ့ တိုးတက်မှုအဆင့်တွေ ရှိပါတယ်။ အသိသတိနောက်ကို တည်ကြည်မှုသမာဓိကလိုက်ပါတယ်။ သမာဓိနောက်ကိုတော့ (သမာဓိက ယူထားတဲ့ အာရုံရဲ့ မှန်ကန်တဲ့သဘာဝကို ထိုးထွင်းသိမြင်တဲ့ ) ပညာက လိုက်ပါတယ်။

အဲဒီတော့ သတိဘက်ကို အလေးအနက်ဇောင်းပေးတဲ့ ဆရာအချို့က Meditation ကို သတိပဋ္ဌာန်ကမ္မဋ္ဌာန်းလို့ ပြောပါတယ်။ သမာဓိဘက်ကို အားသန်တဲ့ ဆရာအချို့ကတော့ သမာဓိဘာဝနာလို့ ခေါ်ဝေါ်ကြပါတယ်။ ပညာကို အာရုံစိုက်တဲ့ ဆရာများကတော့ ၀ိပဿနာလို့ နာမည်ပေးကြပြန်တာပါ။ ကမ္မဋ္ဌာန်းနည်းအသွယ်သွယ်ကို လိုက်ပြီး Meditation ကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြတော့တာပါ။ ဖွင့်ဆိုချက်အားလုံးက သူ့အဓိပ္ပါယ်နဲ့သူ ကိုက်ညီနေတာပါပဲ၊

ဝီရိယာရေ

မိမိနဲ့ လိုက်ဖက်သင့်လျော်မယ်ထင်တဲ့ ကမ္မဋ္ဌာန်းတစ်မျိုးမျိုးကို ရွေးချယ်ပြီး ကျင့်သုံးလိုက်နာပါလို့ပဲ အကြံပြုပါရစေ။ အဲဒီလို ကျင့်သုံးလိုက်နာမယ်ဆိုရင် မိမိကိုယ်တိုင်ရဲ့ တရားအတွေ့အကြုံနဲ့ Meditation ရဲ့ အဓိပ္ပါယ်ကို နားလည်လာပါလိမ့်မယ်။ အဲဒီလိုဆိုရင် ၀ီရိယာကိုယ်တိုင်ရဲ့ Meditation ဖွင့်ဆိုချက်အသစ်တစ်မျိုးတောင် တိုးလာနိုင်ပါလိမ့်ဦးမယ်။

မေတ္တာဖြင့်

ဦးစိတ္တရ



မူရင်းစာမျက်နှာ

30 May, 2010

စင်ကာပူမင်္ဂလာဝိဟာရဓမ္မအမေးအဖြေများ

နွေရာသီကျောင်းပိတ်ရက်တွေမှာ ဗုဒ္ဓဂယာရဲ့ မဟာဗောဓိစေတီအရိပ်မှာ ခိုရင်း သမာဓိထူ ထောင်ဖြစ်ပါတယ်။ စာရေးခြင်း၊စာဖတ်ခြင်းနဲ့ စာသင်ခြင်းဆိုတဲ့ ပရိယတ္တိလုပ်ငန်းစဉ်ထဲမှာ နစ်ဝင်ပျော်ပိုက်နေခဲ့တာပါပဲ။

ဝေသာခ ဗုဒ္ဓနေ့မှာ ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ အင်တာနက်သတင်းစာမျက်နှာတွေကို ရှာဖွေဖတ်ရှုရင်း ဓမ္မဂင်္ဂါပရိသတ်တွေအတွက် ယနေ့ဗုဒ္ဓဘာသာဆိုတဲ့ ခေါင်းစီးလေးတပ်ပြီး ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ဗုဒ္ဓဘာသာသတင်းတွေကို မျှဝေဖို့ ကြိုးစားဖြစ်ပါတယ်။ တစ်ချို့ သတင်းတွေကိုတော့ အချိန်ဆင်းရဲ တဲ့အတွက် အနှစ်ချုပ်မိတ်ဆက်ရုံမျှပဲ တတ်နိုင်မှာပါ။ မူရင်း စာမျက်နှာတွေကို သွားရောက် ဖတ်ရှုကြဖို့ပါပဲ။

ဗုဒ္ဓဘာာသာနဲ့ပတ်သက်တဲ့သတင်းတွေ ဖတ်ရင်းနဲ့ လွန်ခဲ့တဲ့နှစ်က ခဏတာခိုခဲ့ဖူးတဲ့ စင်ကာပူမင်္ဂလာဝိဟာရရဲ့ အင်တာနက်စာမျက်နှာထဲ ၀င်ဖြစ်သွားပါတယ်။ အဲဒီမှာ စင်ကာပူ မင်္ဂလာဝိဟာရရဲ့ ကျောင်းထိုင်ဆရာတော်နဲ့ လက်ထောက်ဆရာတော်တွေ ဖြေဆိုထားတဲ့ ဗုဒ္ဓဓမ္မနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အမေးအဖြေလေးတွေကို တွေ့ရပါတယ်။

ဆရာတော်အရှင်စိတ္တရနဲ့ လက်ထောက်ဆရာတော်အရှင်အာစာရတို့ဆိုတာ မန္တလေး နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်နေ့ရက်တွေမှာ သန္ဒိဋ္ဌ သမ္ဘတ္တအဖြစ် ရင်းနှီးကျွမ်း ခဲ့ရတဲ့ ကမ္ဘာ့ သာသနာပြုစာမျက်နှာပေါ်က ဂုဏ်ယူဖွယ်မိတ်ဆွေရဟန်းတော်များပါပဲ။

မိတ်ဆွေ အရှင်မြတ်တွေ ဖြေဆိုထားတဲ့ ဓမ္မစကားများကို ဘာသာပြန်ဆိုဖြန့်ဝေလိုက်ပါတယ်။ ရင်းနှီးမှုကို အကြောင်းပြုပြီး ခွင့်မတောင်းတော့ပါ။

မေး။ သတိပဋ္ဌာန်တရားအားထုတ်ဖို့ ဗုဒ္ဓဘာသာဖြစ်ဖို့ လိုအပ်ပါသလား ဘုရား။ (ဥပါသကာတစ်ဦး)

ဖြေ။ လုံးဝ မလိုအပ်ဘူး။ အင်္ဂလိပ်စကားပြောနိုင်ဖို့ အင်္ဂလိပ်လူမျိုးဖြစ်ခြင်း အမေရိကန်လူမျိုးဖြစ်ခြင်းတွေ မလိုအပ်သလိုပဲ။ အင်္ဂလိပ်စကားပြောဖို့သင်ထားတဲ့လူဟာ အင်္ဂလိပ် စကားပြောနိုင်မှာပဲ။

ဂုရုကြီးအက်စ် ဂိုအင်ကာ ဆိုတာ သက်ရှိထင်ရှားကျော်ကြားတဲ့ ၀ိပဿနာ ဆရာကြီး တစ်ဆူပဲ။ သူ့ရဲ့ ၀ိပဿနာစခန်းပွဲတွေကို လူပေါင်းများစွာဟာ သူတို့ရဲ့ ကိုယ်ပိုင်ဘာသာ တရား၊ ကိုယ်ပိုင် ယုံကြည်မှုတွေ ဆုပ်ကိုင်ပြီးရောက်လာကြပါတယ်။ သူတို့ဆုပ်ကိုင်ထားတဲ့ ဘာသာတရား၊ ယုံကြည်မှု တွေနဲ့အတူပဲ အိမ်ပြန်သွားခဲ့ကြတာပါ။

ဒါပေမယ့် သူတို့အများစုဟာ သူတို့ကိုယ်သူတို့ ပိုမိုတိုးတက်ကောင်းမွန် တဲ့လူတွေဖြစ် သွားကြတယ်လို့ ယုံကြည်ကြသလို စိတ်ပိုင်းဆိုင်ရာအားနည်းမှုတွေကို အရင်ကထက် ပိုမိုထိန်းချုပ်နိုင် လာတာကို အသိမှတ်ပြုသွားကြပါတယ်။ ၀ိပဿနာကို လူတိုင်းအားထုတ်လို့ ရပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ လမ်းညွှန်မှုတော့ လိုပါလိမ့်မယ်။ ( မေတ္တာဖြင့် ဦးစိတ္တရ)

28 February, 2010

စလုံးက ခွာခဲ့တယ်

သြ... ဖေဖော်ဝါရီလကုန်ရက်ပဲ။ အိန္ဒိယတစ်ခွင်လုံးမှာတော့ ဟိုးလီလို့ခေါ်တဲ့ ရိုးရာသင်္ကြန်ပွဲ ဆင်နွှဲနေကြပြီ။ ရောင်စုံဆေးတွေနဲ့ ပက်ဖြန်းကြတာပါ။ ခပ်ပျော်ပျော်ဦးဇင်းလေးတစ်ပါးကတော့ ပြောပါတယ်။ အနေအထိုင် ညစ်ပတ်လှတဲ့ ကုလားတွေ ရေမချိုးဘဲ မနေနိုင်အောင် ဆေးတွေနဲ့ ပက်ကြတာတဲ့။ လွန်ခဲ့တဲ့နှစ်ကတော့ ဒီနေ့စွဲဟာ စင်္ကာပူချန်ဂီလေဆိပ်ကနေ အမေ့ရွာကို ပြန်ထွက်တဲ့နေ့ပါပဲ။ ဒိုင်ယာရီမှာ တိုတိုလေး ရေးခြစ်ထားတာ ပြန် ဖတ်ဖြစ်တယ်။ ဘာရယ်တော့ မဟုတ်ပါဘူး။

(၂၀၀၉-ခှုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် စနေနေ့
အားလုံးပြင်ဆင်ပြီးပြီ၊ အဓိကအနေဖြင့် ဓမ္မဒါနဖြန့်ဝေကြသည့် ဘာသာရေးစာအုပ်များကို ထုပ်ပိုးဖြစ်သည်။ မိတ်ဆွေဟန်းတော်တစ်ပါးက “ နိုင်ငံရပ်ခြားက ပြန်လာတဲ့အခါ သော့ချိတ်လိုမျိုးတွေ လက်ဆောင်ပေးတာ ထက်စာရင် မြန်မာပြည်မှာမရှိတဲ့ စာအုပ်တွေသယ်လာနိုင်ရင် ပိုပြီး တန်ဖိုးရှိပါတယ်”တဲ့။ ဖုန်းကဒ် တစ်ခု ၀ယ်ကာ အရှေ့နှင့် အနောက်သို့ ဖုန်းဆက်ဖြစ်သည်။ တကယ်တော့ သူရောက်နေသည့် နေရာမှ မျက်နှာမူ လိုက်လျှင် နေ၀င်ရာ အရပ်တွေချည်းဖြစ်သည်။

နေ့ဆွမ်းစားပြီးသည်နှင့်ကျောင်းထိုင်ဆရာတော်ဖြစ်သည့် မိတ်ဆွေရဟန်းကိုနှုတ်ဆက်သည်။ မိတ်ဆွေရဟန်း တော်က သူ့အိမ်ပြန်ခရီးလှပအောင် စီစဉ်ပေးလေသည်။ လေဆိပ်သို့ မင်္ဂလာဝိဟာရ စနေဆွမ်း အလှူ ရှင်များဖြစ်ကြသည့် ဒေါ်ကြည်ကြည်ဝေတို့ ဇနီးမောင်နှံနှင့် ကိုသန့်ဇင်အောင်+မမေသက်စု စုံတွဲက ကားနှစ် စီးဖြင့် လိုက်ပို့ကြသည်။ လေဆိပ်သို့ အသွား ကားပေါ်တွင် ဆွမ်းဒကာမ မေသက်စုမေးသည့် မဂ္ဂင်ရှစ်ပါးနှင့် ပဋိစ္စသမုပ္ပါဒ်ကို ရှင်းပြရသေးသည်။ ဒေါ်ကြည်ကြည်ဝေတို့ဇနီးမောင်နှံကလည်း သူ့အတွက် လက်ဆွဲတန်ဆာ အဆင်ပြေစေရန် စီမံပေးကြသည်။

ချန်ဂီလေဆိပ်ထွက်ခွာဆောင်တွင် သီတဂူညီလာခံတက်ရောက်မည့် အမေရိကားမှ သီဟိုဠ်ဆရာတော်ကြီး ဒေါက်တာဂုဏရတနနှင့် အယ်လ်အေမှ မိတ်ဆွေရဟန်းတော်အရှင်အာစာရတို့ကို တွေ့ဆုံရသည်။ ရန်ကုန် လေဆိပ်ရောက်တော့ ကျောင်းမှ စာချဘုန်းကြီးလေးရှင်ရာဇိန်က ဒကာကိုတင်သန်းကားဖြင့် လာကြိုသည်။ ပြန်မရောက်သည့် (၂)နှစ်နှစ်တာအတွက် အလွမ်းပြေသွား၏။ သမိုင်းမြို့မပရိဝုဏ်သည် သူ့အတွက် နွေးထွေးနေတော့သည်။ ညနေခင်းမှာတော့ ထေရ၀ါဒတက္ကသိုလ်ရှိ မိတ်ဆွေရဟန်းတော်များ၏ တံခါးချပ် များကို ခေါက်ဖြစ်လေသည်။)

အင်းတိုက်ဆိုင်မှုပဲလားတော့ မသိဘူး။ မနေ့ကပဲ အိမ်ရှင်က အိမ်အသစ်ရှာပါတော့တဲ့။ နေ့စွဲတစ်ခု ထပ်တိုး ပြန်ဦးပေမပေါ့။ အဲဒီအကြောင်းလေးကိုတော့ ကြုံတဲ့အခါကျမှ “ရဟန်းတစ်ပါးနှင့် အိမ်ငှါးပြဿနာ” ဆိုပြီးရေးဦးမှ။ ဆွာဆတိကနဲ့တော့ ကံမဆုံပြန်ဘူးထင်ပါ့။

ဆက်စပ်ဖတ်ရန်
သီတဂူလမ်း
ကိုးန၀င်းမှဆွာဆတိကသို့
များခွင့်ရှိတုန်းများထားရမယ့်နေ့များ

20 January, 2010

ဆောင်းရာသီထဲက ရဟန်းတစ်ပါး

လွန်ခဲ့သောနှစ်က ယခုလို ဆောင်းနှင်းမြူတွေ အေးခဲအုံ့မှိုင်းနေစဉ်ဝယ် သူသည် ဒေလီမြို့တော်၊ အင်ဒီရာ ဂန္ဓီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်ကာပူသို့ ထွက်ခွာလာခဲ့သည်။ တိတိကျကျ ၂၀၀၈ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးညဖြစ်သည်။ ဒိုင်ယာရီတွင် ဤသို့ရေးမှတ်ဖြစ်ခဲ့၏။

မကြာမီမှာ နှစ်သစ်ကူးလေတော့မည်။ ယခုသူသည် နယူးဒေလီမြို့တော်၊အင်ဒီယာဂန္ဓီလေဆိပ်ရှိGate (1)တွင် အိန္ဒိယလေကြောင်းဖြင့် စင်္ကာပူနိုင်ငံသို့ ခရီးထွက်ခွာရန် စောင့်ဆိုင်းနေလေသည်။ မိတ်ဆွေရဟန်းတော်များကို တယ်လီဖုန်းဖြင့် နှုတ်ဆက်စကားဆိုချင်သော်လည်း လေဆိပ်အ၀င်တွင် တယ်လီဖုန်းက ကျပျောက်ခဲ့လေသည်။ တည်းခိုရာဒေလီတက္ကသိုလ်မှ အင်ဒီရာဂန္ဓီလေဆိပ်သို့ လာရာလမ်းတစ်လျှောက်လုံး မိတ်ဆွေရဟန်းတော် များက တခုတ်တရ ဖုန်းဆက်ကြလေသည်။

MMWAI အဖွဲ့ကြီး၏ ကိုးနှစ်မြောက်နှစ်ပတ်လည်အစည်းအဝေးကြီးတွင် တက်ရောက်နေကြသည့် မိတ်ဆွေရဟန်းတော်များကတော့ ဗုဒ္ဓဂယာမှာ နှစ်သစ်ကူးကြတော့မည်။ ယမန်နေ့ကပင် အစည်းအဝေးကြီးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ။ ယခင်နှစ်များ(၂၀၀၇-၂၀၀၈)ဆီက သူသည် အဖွဲ့ကြီးမှ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ယခုနှစ်တော့ သူ့မှာ နေထိုင်ခွင့်ဗီဇာလည်းကုန်လေပြီ။ ပါရဂူ ကျမ်းပြုခွင့် ရပါမှ သုတေသနဗီဇာဖြင့် ပြန်လာနိုင်လေမည်။ စင်ကာပူနေ့ရက်အသစ်များကလည်း အသင့်စောင့်နေကြမည်။

နှစ်လည်အစည်းအဝေးကြီး၏ အခမ်းအနားမှူးအဖြစ် ပထမနေ့တစ်ရက်နှင့် ဒုတိယနေ့(နံနက်ပိုင်း)များတွင် ဆောင်ရွက်ပြီးသည်နှင့်အစည်းအဝေးဒုတိယနေ့(နေ့လည်ပိုင်း)ကျင်းပဆဲတွင်ပင်အဖွဲ့ကြီးနှင့်မိတ်ဆွေရဟန်း
တော်တို့ကို နှုတ်ဆက်ထွက်ခွာခဲ့ရသည်။
ဂယာမှ ဒေလီသို့ ရထားဖြင့် ထွက်ခွာခဲ့၏။ သူသည် အစုအဝေးမှ ဖဲ့ထွက်လာရသော အပိုင်းအစတစ်ခုဖြစ်သွားပြီ။ ပျင်းရိဖွယ်ကောင်းတော့၏။

ဒေလီဆောင်းသည် အေးစိမ့်တုန်ခိုက်နေသည်။ ဂယာမှ ၀တ်လာသော ဆွယ်တာတစ်ထည်သည် ဒေလီဆောင်း ကို မခုခံနိုင်။ တည်းခိုရာဒေလီတက္ကသိုလ် နိုင်ငံတကာကျောင်းသားဆောင်ရှိ မိတ်ဆွေရဟန်းတော် အရှင်ကောလိနိယ(အဂ္ဂမဟာကျော်)၏ အခန်းမှဆွယ်တာတစ်ထည်ဆွဲဝတ်ရခဲ့သေးသည်။

ဒေလီတက္ကသိုလ်မှ လေဆိပ်သို့ အသွားခရီးကိုတော့ မဟာဝိဇ္ဇာတန်းတက်နေသည့်
သီတဂူ-အရှင်သီဟဉာဏာ လင်္ကာရ(သဲကုန်း)က လိုက်ပို့ပေးလေသည်။ ကားများရှုပ်ထွေးလှသည့် ဒေလီမြို့ကြီးကို တိုးဝှေ့ရစဉ် လေယာဉ်ထွက်ခွာချိန်မှီရေးအတွက် နာရီကိုမကြာခဏ ကြည့်ရသည်။ အငှါးယာဉ်မောင်းသမားကတော့ ခေါင်းတရမ်းရမ်းဖြင့် အေးဆေးတည်ငြိမ်လှသည်။ ဘုရား ဘုရား။ မှီတော့မှီပါသည်၊ သို့သော် ပြာပြာဝေေ၀မှီခြင်းမျိုးဖြစ်၏။ ကွင်းချိန်းသတ်မှတ်ချိန်လွန်ပြီးမှသာ ရောက်ခဲ့သည်။

အိန္ဒိယအမျိုးသားလူဝင်မှုကြီးကြပ်ရေးအရာရှိတို့၏ စိတ်အေးလက်အေးနိုင်ပုံများကြားတွင် သူက ပူလောင်နေ သည်။ဆောင့်ကြီးအောင့်ကြီးထုပေးလိုက်သောတံဆိပ်တုံးသံကပင် သူ့အတွက် ချိုမြိန်သွားရသည်။ လွတ်ပြီ ကျွတ်ပြီ။ ကဲ ဘယ်မှာလဲ ထွက်ခွာရမယ့်ဂိတ်။အင်ဒီရာဂန္ဓီလေဆိပ်သည် ဂိတ်ပေါင်းများစွာဖြင့် ရှုပ်ထွေးလှသည်ဖြစ်ရာ သူထွက်ခွာရမည့် ဂိတ်ကို ရှာဖွေရသည်ကပင် စိတ်မောဖွယ်ရာဖြစ်ခဲ့ရသေးသည်။

၂၀၁၀ ခုနှစ်တွင်ကျင်းပမည့် ဓနသဟာယနိုင်ငံများအားကစားပွဲတော်ကို အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပမည့် ဟိန္ဒူစတန်နိုင်ငံ(သို့မဟုတ်) ဘာရတ်နိုင်ငံတော်ဟု ဂုဏ်ယူရည်ညွှန်းလေ့ရှိသော အိန္ဒိယသည် နယူးဒေလီ မြို့တော်ကိုဘက်စုံပြုပြင်ခြယ်သနေသည်။ အိန္ဒိယ၏ နိုင်ငံတကာဝင်ပေါက်ဖြစ်သော အင်ဒီရာဂန္ဓီလေဆိပ် ကိုတော့ အထူးအလေးထားပြင်ဆင်နေလေသည်။

တိုးချဲ့နေသော ဂိတ်များစွာတွင် မွမ်းမံဆဲဖြစ်သောစင်ကာပူထွက်ခွာဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင် အကာအရံများကြားတွင် မပေါ်မလွင်ဖြစ်ကာ ရှာလေလေ ဝေးဖြစ်ခဲ့ရပါလေသည်။ တွေ့သမျှအိန္ဒိယလူမျိုးများကို မေးပါသော်ငြား တိကျသောအဖြေမရခဲ့။ မသိဘူးဟုလည်း မငြင်းဆန်တတ်သောလူမျိုးမို့ တွေ့မိတွေ့ရာ လက်ညှိုးထိုးပြကြလေသည်။ သို့နှင့် ထိုနေ့က အထုပ်အပိုးများနှင့် မပေါ့ပါးလှသော ရဟန်းတစ်ပါးသည် အင်ဒီရာဂန္ဓီလေဆိပ်ထဲတွင် ၀ဲကတော့ ထိုးနေလေသည်။ ခက်ခဲလှပေစွ။

နောက်ဆုံးတော့ လေဆိပ်တာဝန်ကျရဲအရာရှိတစ်ယောက်ကို သွားမေးရသည်။ ရဲအရာရှိကလည်း လက်ညှိုးထိုးရန် အားယူပြန်လေသည်။ ဒီတစ်ခါတော့ မရပြီ။ လိုက်ပြပါလုပ်ရတော့၏။ လားလား စင်ကာပူ ထွက်ပေါက် Gate (1) ကား မြေလျှိုးနေပါပကော။

ခရီးသည်နားနေခန်းရောက်မှ မိတ်ဆွေရဟန်းတော်များကို နှုတ်ဆက်မည်အကြံဖြစ်သည်တွင် တယ်လီဖုန်းကား မရှိပြီ။မေးရင်းမြန်းရင်း ပြေးရင်းလွှားရင်း တယ်လီဖုန်းကျပျောက်ခဲ့ခြင်းဖြစ်ပေမည်။ သဗ္ဗေသတ္တာ မင်းသိင်္ခသာ ဖြစ်ပါစေတော့။ အထုပ်အပိုးတွေ များချင်တဲ့ ရဟန်း ပျောက်စမ်း။

အိန္ဒိယလေကြောင်းပိုင် လေယာဉ်ထွက်ခွာတော့ ၂၀၀၉ ခု ဇန်န၀ါရီလဆန်း (၁)ရက်ထဲအ၀င် ၀၀း၃၀ နာရီတိတိ။ဘန်ကောက်မြို့တော်၊သုဝဏ္ဏဘူမိလေဆိပ်တွင်ခရီးတစ်ထောက်နားကာစင်ကာပူသို့ခရီးဆက်ခဲ့လေ
သည်။ သုဝဏ္ဏဘူမိလေဆိပ်တွင် ဆိုက်ရောက်စဉ် ဆွယ်တာအနွေးထည်တစ်ထည်ကို ချွတ်လိုက်ရပြီ။ ဒေသစံတော်ချိန် ၁၀း၁၀ နာရီခန့်တွင် စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်ကို ဆိုက်ရောက်၏ ။ ဆောင်း အငွေ့အသက်တို့ ပျောက်လွင့်လေပြီ။ ၀တ်ထားသော လက်ကျန်ဆွယ်တာကို အပြီးသတ်ချွတ်လိုက်ရတော့၏။


လေဆိပ်ထဲမှ ထွက်လာချိန်မှာတော့ ၁၁း၀၀ နာရီထိုးလုပြီ။တက္ကစီတစ်စီး၏ သယ်ဆောင်ရာကား ယူနို့စ် မင်္ဂလာဝိဟာရဆီ။ကျောင်းတော်၏။ နှစ်သစ်ကူး Chanting အမီရောက်သွားသည်။ သက်သတ်လွတ် နေ့ဆွမ်းသည် အမှတ်တရဖြစ်တော့၏။”