Showing posts with label ရဟန်း. Show all posts
Showing posts with label ရဟန်း. Show all posts

24 January, 2014

ရဟန်းနှင့် ရတီ


ရဟန်းနှင့် ရတီ
========

“ငါ့ရှင်အာနန္ဒာ သင်သည် မာတုဂါမတို့ကို မြတ်စွာဘုရား၏ ကိုယ်တော်ကို ရှေးဦးစွာ ရှိခိုးစေ၏။ ငိုသော ထိုမာတုဂါမတို့၏ မျက်ရည်သည် မြတ်စွာ ဘုရား၏ ကိုယ်တော်ကို လိမ်းကျံ၏။ ဤသည်လည်း သင်၏ မကောင်းသော အပြုအမူတည်း။ ထိုမကောင်းသော အပြုအမူကို ဒေသနာကြားလော့..။”
--------------------
(စူဠ၀ဂ္ဂပါဠိတော်)
--------------------
(၁)

နိုင်ငံရပ်ခြား တိုင်းတစ်ပါးဟူသော ပင်လယ်တွင် နှစ်အတန်ကြာ ရွက်လွှင့်နေမိရာမှ ရွေှ့ပြည်ကြီး၏ မုဒိတာဆိပ်ကမ်းများဆီ ပြန်လည်ဆိုက်ကပ်ချိန် ခေတ်မီပရိယတ္တိ ပညာရေးစီမံကိန်းနှင့် ဓမ္မအသိဖြန့်ဝေရေးလုပ်ငန်းစဉ်များအတွက် ဓမ္မဂင်္ဂါဗုဒ္ဓဘာသာ ပါဠိကောလိပ်ပရောဂျက်ကို အစပျိုးခဲ့လေသည်။

အမှန်တကယ်တော့ သူက ပညာရေးစဦးတည်ထွင်သူ၊ ကောလိပ်ပရောဂျက်ဖော်ဆောင်သူစသော ဂုဏ်ပုဒ်များထက် အသင့်ရှိပြီးစာသင်ခန်းများတွင်သာ အေးအေးလူလူ ဖြတ်သန်းချင်ခဲ့မိသည်။
သို့သော် အသင့်ရှိနေပြီးသော စာသင်ခန်းအဟောင်းများက ပညာရေးအိုင်ဒီယိုလော်ဂျီအသစ်တစ်ခုကို မိတ်ဆက်ပေးရန် အသင့်ဖြစ်မနေခဲ့ကြပြန်ပါ..။ သို့နှင့် စိတ်မပါလှသော ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ သင်္ကန်းတစ်လွှားလွှားဖြင့် ဖြတ်သွားကူးသန်း စိတ်အလန်းဇယားမကျနိုင်အောင် ဖြစ်နေခဲ့ရသည်။

မိတ်ဆွေဆရာဝန်တစ်ယောက်ကတော့ “အရှင်ဘုရားအနေနဲ့ ပညာရေးအ၀န်းအ၀ိုင်းထဲမှာ ပူပူနွေးနွေးထမ်းပိုးလာတဲ့ အတွေးတွေကို ချပြရမှာဘုရား..ခုတော့ အုတ်သဲကျောက်တွေထဲမှာ အရှင်ဘုရားရဲ့ အတွေးတွေ မှိုတက်ရေစိုကုန်တော့မှာပဲ ”တဲ့..။

စာသင်ခန်းပျောက်နေသော ပရိယတ္တိဝန်ဆောင်ရဟန်းတစ်ပါး၏ နေ့ရက်များကို ကုစားရန် ကမ္ဘာအေးဘုရားလမ်းပေါ်က ကျောင်းထိုင်လောင်းလျာလေးများအတွက် ဖွင့်လှစ်ထားသော သင်တန်းကျောင်းတံခါးထဲ စွပ်ဝင်သွားခဲ့သည်။ သင်တန်းသားရဟန်းတော်များအား ဒုတိယဘာသာစကားတစ်ခုသင်ကြားပေးရန် ကမ်းလှမ်းခြင်းခံခဲ့ရသည်။

ကိုယ့်လမ်းစရိတ်ကိုယ်စိုက်ထုတ်ကာ ပညာရေးကို ဒါနပြုခွင့်ရသော အနစ်နာခံခြင်းမျိုးဖြင့် ဆရာတစ်ပါးဖြစ်ရခြင်း ပီတိကို ပျော်ရွှင်စွာ စားသုံးနိုင်ခဲ့သည်။ လက်ခံရရှိသော ပညာပူဇော်ကြေးက စာသင်ချိန်ဆယ်ရက်ထက်မကပိုသော သူ့အတွက် အငှားယဉ်စီးခနှစ်ရက်စာမျှကိုပင် မကာမိ..။
သို့သော် သူ့စာသင်ချိန်များကို မျှော်နေပါသည် ဟူသော သာဝကများ၏ စကားဖြင့်ပင်
အပျော်လှိုင်းမိနေတော့သည်။

အရှိန်ပြင်းလှသော နည်းပညာယုဂခေတ်နှင့် ရာစုသစ်ကြီးကို တွန်းတွန်းတိုက်တိုက် မျက်နှာချင်းဆိုင်နေ ရသော ရဟန်းတစ်ပါးအနေဖြင့် သမာဓိကျဲပါးလှသော နေ့ရက်တို့ကို ကျော်လွှားရန် စာအုပ်များ၊ သို့မဟုတ် အွန်လိုင်းစာမျက်နှာများပေါ်တွင် စိတ်ကို သတိကျောပိုးအိတ်ဖြင့် ကျောင်းတက်စေခဲ့သည်။

၂၀၁၃ သြဂုတ်လမှစ၍ ရတီမဂ္ဂဇင်း၏ စာမျက်နှာ (၁၇ )တွင် သူ့အတွေးများ ၀ါဆိုခွင့်ရသွားခဲ့ခြင်းကလည်း အမှတ်တရဖြစ်ထိုက်၏။ ရတီသည် သူ့အတွေးများ၏ ၀ါဆိုကျောင်းတစ်ခုဖြစ်လာခဲ့ပါသည်။

(၂)

ရတီဟူသော ဝေါဟာရနှင့်ပတ်သက်၍ သူသိထားနှင့်သော အဓိပ္ပါယ်အမျိုးမျိုးထဲမှ မည်သည့်ဖွင့်ဆိုချက်ပါလိမ့် ဟု အယ်ဒီတာဒကာမလေးကို မေးမိသည်။
စိန်ကို တန်ဖိုးချင့်တွက်သော စံယူနစ်အဖြစ် ဖွင့်ဆိုလိုပါသတဲ့...။
ခရီးအကွာအဝေးကို မိုင်ယူဇနာဖြင့် တွက်ရသလို စိန်တန်ဖိုးကိုလည်း ရတီဖြင့် ဖြတ်ရြုခင်းမျိုးဖြစ်ပေမည်။ သို့သော် သူက ဗဟိဒ္ဓရတနာများနှင့် အလှမ်းဝေးလှသဖြင့် အတွေးအမြင်မရှင်းလှ..။ စိန်ကဲထက် စိတ်အကဲသိဖို့သာ သင်ယူခဲ့သည်မဟုတ်လား..။

လောကီကျမ်းဂန်၊အဘိဓာန်နှင့် ပိဋကတ်အဆူဆူမှာတော့ ရတီက မွေ့လျော်ပျော်ပိုက်ခြင်းအဓိပ္ပါယ်ရှိသည့် ရတိဟူသော စကားလုံးကို အခြေခံသည်။ ရတိနှင့်ပတ်သက်သော ဖွင့်ဆိုချက်စာမျက်နှာများကို တမေ့တမောဖတ်ရ၏။ ဓမ္မအရေးတွင် သမထ၀ိပဿနာနှင့် ယှဉ်သောပီတိသုခ၊ ဈာန်သမာပတ်ချမ်းသာတွင် မွေ့လျော်ခြင်းနှင့် ရဟန်းတစ်ပါး၏ သာသနာတော်၌ ပျော်ပိုက်မှုစိတ်အပျော့ထည် စသောအဓိပ္ပါယ်များကို ကောက်ယူနိုင်သည်။

လောကအရေးမှာတော့ ရတိက လွတ်လပ်ကျယ်ပျောသည်။ ၁)ဒက္ခပဇာပတိနတ်မင်းကြီး၏ သမီးတော်၊ ကာမဒေ၀နတ်မင်း၏ ကြင်ယာ ရတိမည်သော နတ်သမီး၊ ၂)စွဲလမ်းတပ်မက်မှုအချစ်၊ ၃)ကာမဂုဏ်ခံစားခြင်း၊ ၄) အလှတရား ၅) လျှို့ဝှက်ခြင်း ၆) နှစ်သက်ရွှင်လန်းခြင်းနှင့် ၇)ရတိဌာယီဘာဝအလင်္ကာစသော အနက်များစွာကို ပေးသည်။ ထိုရတိ(ပျော်မွေ့ခြင်း) ရှိသော သူကို ရတီ ဟု ဆိုသည်။

သို့ဆိုလျင် ရတီမဂ္ဂဇင်းသည် ပျော်ရွှင်မှု၊ အလှတရား၊ ချစ်ခြင်းမေတ္တာနှင့် လျှို့ဝှက်ချက်များစွာ ရှိသော ဖက်ရှင်နတ်သမီးတို့၏ စံပျော်ရာ ဖြစ်လိမ့်မည်..။ စာဖတ်ပရိသတ်အဖြစ် အမျိုးသမီးထုကို စွဲဆောင်ထားနိုင်သည်။

ရဟန်းတစ်ပါးနှင့် ဖက်ရှင်လောကသည် အလှမ်းဝေးသယောင်ရှိသော်လည်း ဗုဒ္ဓ၏ သမီးပျို ဖက်ရှင်မျိုးဆက်၏ အဇ္ဈတ္တတွင် ဆင်မြန်းရန် တရားဓမ္မ၏ အလှကို
ပုံစံအသစ်ဖြင့် မိတ်ဆက်ပေးဖြစ်ခဲ့ပါသည်။

သို့နှင့် ရဟန်းနှင့် အော်စလို၊ ရဟန်းနှင့် ပင်လယ်၊ ရဟန်းနှင့် အပြုံးတောအုပ်..။
ရဟန်းနှင့် ဗယ်လင်တိုင်ဝဋ်......။ ယခု ရဟန်းနှင့် ရတီ...။

(၃)

သူကိုယ်တိုင်ရေးသော ဓမ္မအတွေးဆောင်းပါးအချို့က ရတီ၏ ခေတ်မီမီ ကမ္ဘာကြည့်ကြည့်နိုင်သော မြန်မာ့အလှ၊ မြန်မာဣနြေ္ဒစာမျက်နှာများ၊ အခြားသုတရသစာ၊ ကဗျာများကြားတွင် သရုပ်ဖော်ပုံလေးများနှင့် သစ်လွင်ဝေဆာနေသည်။ ကျေးလက်က မိခင်ကြီးထံ လစဉ်ပုံမှန် ပို့ပေးဖြစ်သည်။ မျက်စိမှုံသော အမေက သားရဟန်း၏ စာကို ဖက်ရှင် ရုပ်ပုံများကြိုက်နှစ်
သက်သော မြေးမလေးများကို ဖတ်စေသည်။
တရားစာအုပ်ကြီးသက်သက်ဆိုလျင် သူ့တူမလေးများက ယောင်လို့တောင် မကိုင်..။ ခုတော့ ဖက်ရှင်မဂ္ဂဇင်းစာမျက်နှာပေါ်က ဓမ္မအတွေးများ...။
ဖက်ရှင်ကို စိတ်မ၀င်တော့သောအမေနှင့် တရားနံ့မခံနိုင်သော မြေးမလေးများ ပေါင်းစည်းသွားသည်။
အမှန်တကယ်တော့ သူက ပေးချင်သည့် ဓမ္မမက်ဆေ့ခ်ျကို ချောကလက်လုပ်ကာ ကျွေးလိုက်ခြင်းဖြစ်သည်။

မြန်မာ့အမျိုးကောင်းသမီးလေးတို့၏ ဗဟိဒ္ဓအသွင်အပြင်၊ ရှုတိုင်းယဉ်ကြစေသလို အဇ္ဈတ္တအလှတရားအဆင့်မြင့်မားဖို့လည်း ဓမ္မပညာရေးလိုအပ်နေတာပဲ မဟုတ်လား...။

(၄)

ဗုဒ္ဓအရှင်၏ တရားဘဏ္ဍာတော်ထိန်းဖြစ်သူ ရှင်အာနန္ဒာကိုယ်တော်ကြီးသည်လည်း အမျိုးသမီးတို့၏ ဓမ္မပညာရေးနှင့် လောကုတ္တရာအခွင့်အရေးအတွက် အလေးထားရွက်ဆောင်တော်မူခဲ့သည်။
ကောသလတိုင်း၊ သာဝတ္ထိမြို့တော်က ဘုရင့်ရွှေနန်းဆောင်ကို ကြွရောက်ကာ မိဖုရားနှင့် မောင်းမမိဿံများအတွက် ပရိုက်ဗိတ်ဆရာတစ်ဆူအဖြစ် ဓမ္မပညာကို ပို့ချပေးတော်မူခဲ့ရသည်။ မိဖုရားများက တရားဓမ္မပို့ချပေးနိုင်သည့် ရဟန်းတစ်ပါးစေလွှတ်ဖို့ ဘုရားရှင်ကို လျှောက်ထားပေးရန် ကောသလဘုရင်ကြီးကို ပူဆာကြသည် တဲ့..။ 
မည်သည့်ရဟန်းအား ပင့်လျှောက်ရမည်ကို မယ်မင်းတို့ကိုယ်တိုင် ဆုံးဖြတ်ကြပါဘိ ဟု ဘုရင်ကြီးက ဆိုလေသော် မိဖုရားများက
ရှင်အာနန္ဒာ ဟု သံပြိုင် ဆိုမိကြသည်အထိ ရှင်အာနန္ဒာက ပေါ်ပြူလာဖြစ်နေသည်။  ထိုအချိန်မှစကာ အမျိုးသမီးများအတွက် ဓမ္မပညာရေးလမ်းပွင့်သွားသည်။  ကောသမ္ဗီနန်းတွင်းမှာလည်း ဥတေနမင်း၏ မိဖုရားများ၏ ပရိုက်ဗိတ်ဓမ္မကထိကအဖြစ် ပင့်ဖိတ်ခြင်းခံတော်မူခဲ့ရသည်။

ရှင်အာန္ဒာက ဗုဒ္ဓခေတ်မဇ္ဈိမဒေသ ဣတ္ထိယကမ္ဘာတွင် ကျော်ကြားထင်ရှားသည်။
အမျိုးသမီးများ၏ ကိုးစားမှုကို ရရှိခဲ့သည်။
အမျိုးသားများနှင့် တန်းတူ သာသနာ့ဘောင်တွင် ရဟန်းပြုခွင့်ရရှိရန် ရှေ့တန်းမှ ဗုဒ္ဓအရှင်အား အရေးဆိုခဲ့၏။ သို့နှင့် မိထွေးတော် မဟာပဇာပတိဂေါတမီအစပြုသော ဘိက္ခုနီသံဃာ့အဖွဲ့အစည်းကြီးပေါ်လာသည်။

ဗုဒ္ဓအရှင် ပရိနိဗ္ဗာန်စံဝင်တော်မူလုဆဲဆဲ ကာလမှာပင် အမျိုးသမီးများနှင့် ရဟန်းတော်များဆက်ဆံရေးအတွက် တခုတ်တရမေးမြန်းခဲ့သည်။
အရှင်ဘုရား အမျိုးသမီးများအပေါ် မည်သို့ ပြုမူဆက်ဆံရပါမည်နည်း ဘုရား..။
မတွေ့နဲ့ အာနန္ဒာ..။
မဖြစ်မနေ တွေ့ရမယ်ဆိုရင်ဘုရာ့...။
စကားမပြောနဲ့ အာနန္ဒာ..။
မဖြစ်မနေပြောရမယ်ဆိုရင် ဘုရာ့..။
အမိရင်း၊ အမနှမရင်းများလို အမှတ်သတိထားဆက်ဆံပါလေ အာနန္ဒာ...။

အမျိုးအခွင့်အရေးကို ဆောင်ရွက်သဖြင့် မြတ်စွာဘုရားပရိနိဗ္ဗာန်စံဝင်ပြီးနောက် ကျင်းပသော သံဃညီလာခံတွင် မထေရ်ကြီးအချို့၏ ကဲ့ရဲ့မှုကို ခံယူခဲ့ရသေး၏။

“ငါ့ရှင်အာနန္ဒာ သင်သည် မာတုဂါမတို့ကို မြတ်စွာဘုရား၏ ကိုယ်တော်ကို ရှေးဦးစွာ ရှိခိုးစေ၏။ ငိုသော ထိုမာတုဂါမတို့၏ မျက်ရည်သည် မြတ်စွာ ဘုရား၏ ကိုယ်တော်ကို လိမ်းကျံ၏။ ဤသည်လည်း သင်၏ မကောင်းသော အပြုအမူတည်း။ ထိုမကောင်းသော အပြုအမူကို ဒေသနာကြားလော့..။”

မြတ်စွာဘုရား၏ နောက်ဆုံးအချိန်တွင် အမျိုးသမီးထုအား ပထမဆုံးဖူးမြင်ခွင့် ပေးခြင်းကြောင့် ပစ်တင်ကြခြင်းဖြစ်သည်။ ရှင်အာနန္ဒာက အမျိုးသမီးများအား ဦးစားပေးကျင့်သုံးမှုအတွက် အပြစ်ရှိသည် ဟု မခံယူခဲ့ပါ။ သိုးဆောင်းလူမျိုးတို့၏ အမျိုးသမီးပထမ (Lady First)ကျင့်ဝတ်ကို ရှင်အာနန္ဒာက နှစ်ဆယ့်ငါးရာစုအလွန်က ကျင့်သုံးနှင့်ပြီးဖြစ်နေသည်။

ရှင်အာနန္ဒာက ဤသို့ လျှောက်ထား၏။
“အရှင်ဘုရားတို့ အကျွန်ုပ်သည် ဤမာတုဂါမတို့အား အချိန်မဲ့၌ သွားခြင်းသည် မဖြစ်ပါစေကုန်လင့် ဟု အောက်မေ့လျက် မာတုဂါမတို့အား မြတ်စွာဘုရား၏ ကိုယ်တော်ကို ရှေးဦးစွာ ရှိခိုးစေပါ၏။ အကျွန်ုပ်သည် ထိုအမှုကို မကောင်းသောအပြုအမူဟု မမြင်ပါ။ သို့သော်လည်း အရှင်တို့အား ယုံကြည်သဖြင့် ထိုမကောင်းသော အပြုအမူဟူသည်ကို ဒေသနာကြားပါ၏” တဲ့..။

တပည့်တော်ကတော့ အမျိုးသမီးတွေ အချိန်အခါလင့်သွားတာမျိုး ဖြစ်မှာစိုးလို့ ပထမဆုံးခွင့်ပေးလိုက်တာပါ၊ မကောင်းတဲ့ အပြုအမူလို့တော့ မမြင်ပါဘူး၊ ဒါပေမယ့် အရှင်ဘုရားတို့ကို လေးစားလို့ မကောင်းတဲ့ အပြုအမူဆိုတာကြီးကို ဒေသနာကြားပါတယ် ...တဲ့..။ ..။

သာသနာတော်တွင်းသို့ အမျိုးသမီးများရဟန်းပြုခွင့်ရခြင်းအတွက်လည်း ရှင်အာနန္ဒာက မထေရ်ကြီးတို့၏ ပြစ်တင်မှုကို ကြံ့ကြံ့ခံတော်မူခဲ့သည်။ မိန်းမမြတ်တို့၏ သံသရာအခွင့်အလမ်းနှင့် လောကုတ္တရာဆုဆွတ်ခူးနိုင်ခွင့်ဆောင်ရွက်ခဲ့မှုအတွက် နောင်တတဖန် စိတ်ပူပန်မှုဖြစ်တော်မမူခဲ့..။

“ငါ့ရှင်အာနန္ဒာ သင်သည် မြတ်စွာဘုရားဟောတော်မူသော သာသနာတော် ဓမ္မ၀ိနယ၌ မာတုဂါမ၏ ရှင်ရဟန်းအဖြစ်ကို လုံ့လပြု၏။ ဤသည်လည်း သင်၏ မကောင်းသော အပြုအမူတည်း..။ ထိုမကောင်းသော အပြုအမူကို ဒေသနာကြားလော့..။”

“အရှင်ဘုရားတို့ ဤမဟာပဇာပတိဂေါတမီသည် မြတ်စွာဘုရား၏ မိထွေးတော်တည်း။ ကြီးပွားအောင် ပြုစုသူတည်း၊ မွေးမြူသူတည်း၊ နို့ရည်ပေးသောသူတည်း၊ မယ်တော်နတ်ရွာစံပြီးသော် မြတ်စွာဘုရားကို နို့တိုက်ခဲ့၏ ဟု အောက်မေ့လျက်အကျွန်ုပ်သည် မြတ်စွာဘုရားဟောတော်မူသော သာသနာတော်ဓမ္မ၀ိနယ၌ မာတုဂါမ၏ ရှင်ရဟန်းအဖြစ်ကို လုံ့လပြုမိပါ၏။ အကျွန်ုပ်သည် ထိုအမှုကို မကောင်းသောအပြုအမူဟု မမြင်ပါ..။ သို့သော်လည်း အရှင်တို့အား ယုံကြည်သဖြင့် ထိုမကောင်းသောအပြုအမူဟူသည်ကို ဒေသနာကြားပါ၏။”

သို့ဆိုလျင်သာမန်ရဟန်းတစ်ပါးမျှသာဖြစ်သော သူသည်လည်း ရတီမဂ္ဂဇင်း၏ ပြတင်းတံခါးကိုဖွင့်ကာ ရှင်အာနန္ဒာလျှောက်ခဲ့သော မုဒိတာလမ်းဖုံဖုံတွင် မှုံနေအောင် လျှောက်နေပါဦးမည်..။


ဓမ္မဂင်္ဂါ
(၂၅-၁-၂၀၁၄)
=============================
ရတီမဂ္ဂဇင်း မတ်လအတွက် ရေးသားပြီးစီး၏။
ပုဒိအာနှင့် ပြည့်စုံရပါလို၏။

16 August, 2013

ရဟန်းနှင့် အက်ဖ်အိုစီ


ရဟန်းနှင့် အက်ဖ်အိုစီ
--------------
(၁)
လွန်ခဲ့သော ၀ါဆိုလဆန်းက သူ့ ခန္ဓာတစ်ကိုယ်လုံး တုန်ခိုက်နေသည့်အတွက် အရေးပေါ်ဆေးခန်းလေးတစ်ခုဆီ သူ ပြေးဝင်လာခဲ့သည်။ မြောက်ဥက္ကလာကုန်းကျော်တံတားအဆင်းက မြမြင့်မိုရ် ဆိုသောဆေးခန်းလေး...။
ချမ်းပါတယ်ဆိုမှ ရန်ကုန်မိုးက အနတ္တဖြစ်စွာ ထီးတစ်ချောင်းကို တောင်းဆိုနေသေးသည်။
သူနှင့် အတူ ကပ္ဗိယတစ်ဥိးကို အပါခေါ်လာခဲ့၏။ လူနာငါးယောက်ခန့် စောင့်ရဦးမည်ဖြစ်၍ ကပ္ဗိယကိုယ်တိုင်မောင်းလာသောအငှားယာဉ်ထဲမှာပဲ ထိုင်နေခဲ့သည်။ လူနာတစ်ဦးစီအတွက် ၁၅ မိနစ်ခန့် ထက် အချိန်ပိုယူသော ဆရာဝန်ကို သူ စိတ်ရှည်ရပါမည်။ နောက်ထပ် ဆေးခန်းတစ်ခုခု ဆက်ရှာမည်ဆိုလျင် ဒကာမျိုးကြီး၏ ကျောက်စာကို ပြန်ဖတ်နေရတော့မည်။ ဒီက စောင့်နေသူ...။

သူ့ အလှည့်ကျ၍ ဆေးခန်းလေးထဲ ၀င်သွားတော့မှ “အကူသူနာပြုဆရာမလေး ၀ါဆိုပွဲအမီ မိဘအိမ်ပြန်သွားလို့ တပည့်တော်မတစ်ယောက်တည်း ဖြစ်နေလို့ ကြာနေရတာ ” ဟု ရှင်းပြသော ဆရာဝန်မလေး၏ အချိန်ပိုခြင်းကို နားလည်သွားပါသည်။ လူနာကိုလည်း စမ်းသပ်ရ၊ ဆေးထိုးပေးရသော ဆရာဝန်၏ လုပ်ငန်းစဉ်အပြင်
နေ့နေ့ညညသောက်ရမည့် ဆေးများကို စိတ်ရှည်စွာ ရွေးချယ်ထုပ်ပိုးပေးနေသော ဆရာဝန်အမျိုးသမီးငယ်သည်
သူ မျှော်လင့်ထားသလိုပင် ဆောင်ရွက်တော့မည့် အရိပ်အယောင်တွေ့နေရသည်။
ရောဂါအခြေအနေက ဆေးတစ်လုံးထိုးရုံမျှဖြင့် ပျောက်ကင်းနိုင်မည်ဖြစ်သော်လည်း ဆေးပတ်လည်အောင် သောက်ဖို့ သေချာစွာ မှာနေလေသည်။ ပြီးတော့ သူက သွေး အနည်းငယ်လည်း တိုးနေပြန်သေးသတဲ့..။
ဆရာဝန်မလေးက ဆေးများကို ထုပ်ပိုးကာ ကပ္ဗိယလက်ထဲသို့ ပေးအပ်နေစဉ်မှာပင် သူ ခပ်သွက်သွက် ထွက်လာခဲ့သည်။
ကပ္ဗိယကို အာဏာကုန်လွှဲအပ်ခဲ့ပြီပဲ..။
ကပ္ဗိယက ကားကို စက် နှိုးလိုက်ရင်း “အက်ဖ်အိုစီ တဲ့ ဘုရား” ဟု လျှောက်တော့ သူ့ ထင်မြင်ချက်မှန်ကန်သွားခဲ့ပါသည်။

ယခုနှစ်တစ်ခုလုံး သူ့ ကျန်းမာရေးက ချူချူချာချာမဟုတ်သည့်တိုင် မာမာချာချာဟုလည်း ပြောလို့ မရပါ..။ ရုတ်တရက်ဖြစ်ပေါ်တတ်သော ရောဂါများက အက်ဖ်အိုစီခလုပ်များစွာကို နှိပ်မိလျက်သားဖြစ်နေတတ်ပါသည်။
မျက်စိနာရောဂါစွဲကပ်တော့ ရွှေလမင်းဆေးခန်းမှာ ထိုင်သည့် ဆရာဝန်မလေးကလည်း အက်ဖ်အိုစီ..။
ကျောက်ကပ်နှင့် ပန်ကရိယအတွင်းရန်သူများ နှိပ်စက်၍ မျက်နှာရှုံ့မဲနေသည့်ကြား စမ်းသပ်းပေးသည့် ခွဲစိတ်ဆရာဝန်ကြီးကလည်း အက်ဖ်အိုစီ...။
အစာအိမ်နံရံတွေပေါ်က အဓိပ္ဗါယ်တွေကို ရှာဖွေပေးသည့် ဆရာဝန်ကြီးကလည်း အက်ဖ်အိုစီ...။
ရွှေပြည်ကြီး၏ ကရုဏာရွှန်းစိုလှသောအက်ဖ်အိုစီစာမျက်နှာတို့က များလှပါပကော...။

(၂)

Free of Charge အခမဲ့ ဟုအဓိပ္ဗါယ်ရသော အက်ဖ်အိုစီ (FOC)သည် သူ့လို ရဟန်းတော်များအတွက် အမြဲတမ်းဆက်နွယ်နေရသောဝေါဟာရတစ်ခုဖြစ်ပါသည်။
စင်္ကြန်လမ်းပေါ် ခပ်သုတ်သုတ် လမ်းလျှောက်နေသော သူ့အနားသို့ ကားတစ်စီးထိုးဆိုက်ကာ “အရေးကြီးနေလားဘုရား...။တပည့်တော်ကုသိုလ်ယူပါရစေ” ဟူသော ကြာဖူးလက်အုပ်ကို ကြုံရဖူးသည်။ “သံဃာတော်များ အခမဲ့” တဲ့..။
မသွားဘူးဗျ လမ်းခပ်သွက်သွက်လျှောက်တတ်လို့ .......။

န၀ဒေးရုပ်ရှင်ရုံ လမ်းဝမှတ်တိုင်က ရွှေမင်္ဂလာဆိုင်ကတော့ မနက်ခင်းပထမဆုံးကြွလာသောသံဃာတော်ငါးပါးကို ဒါနပြုလေ့ရှိသတဲ့..။
သူက ကြံကြံဖန်ဖန် သုံးပါးမြောက်လောက် ဖြစ်နေတတ်ပြန်သည်။ န၀ကမ္မချို့တဲ့သောစာသင်သားဘ၀ကဆိုလျင်တော့
သူ့ လိပ်ပြာလုံမည်မထင်..။ တစ်မနက်ခင်းမှာတော့ မိတ်ဆွေရဟန်းတော်တစ်ပါးက အရုဏ်ဆွမ်းကပ်ချင်သည် ဆိုကာ ထိုဆိုင်လေးကို ပင့်ပြန်သည်။ ပထမဆုံးသံဃာတော်ငါးပါးကို လှူသတဲ့င့ါရှင် ဟု အခြားမိတ်ဆွေရဟန်းတစ်ပါးက သတင်းပေးသည်။ ဟုတ်ပ အချိန်က စောနေသေးသည်။ တစ်ပါးပါးတော့ ငြိမှာ သေချာနေသည်။ လိုက်ခဲ့ပါ ဟု ဆို၍သာ လိုက်သွားရသည်။ သူ ဖြေရှင်းပုံက မဆိုးလှ..။ မထိုင်မီ ငွေရှင်းကောင်တာကို သွားသည်။ “ ဦးဇင်းတို့ ကို ဒီနေ့ အရုဏ်ကပ်မယ့်သူက ၀တ္ထုငွေလှူလိုက်လို့ နော် ..။ ငါးပါးစာရင်းထဲ မထည့်ပါနဲ့ ” တဲ့..။

တစ်ခါတရံတော့ သပြေရိပ်လို..။ ကံကောင်းခွန်နှစ်(Lucky 7)လို..။ ဝေဒနာ(Feel)၊ အရှေ့အိမ် ( Oriental House )ဆိုင်မျိုးတွေမှာ
စိတ်ကြိုက်အလုပ်အလွေးပြုရန် ရောက်နေခိုက် “ ကာလဒါနပါ ဘုရား” ဆိုတာမျိုးလည်း ကြုံရပြန်သေးသည်။
လက်စသိမ်း သြနီတပတ္တပါဏိဖြစ်သွားချိန်မှ လှူဒါန်းသွားလျင်တော့ ကိစ္စမရှိ..။ တ၀က်တပျက်နှုတ်ခမ်းဆီမစိုမီ စားပွဲထိုးလူငယ်တစ်ယောက်က ဘုန်းဘုန်းတို့ ၀ိုင်းအလှူရှင်ရှိပါသည် ဘုရား ဆိုတာမျိုး (သို့မဟုတ်) အလှူရှင်ကိုယ်တိုင်က တပည့်တော်တို့ ရှင်းခဲ့ပါပြီဘုရား ဆိုတာမျိုး ကြုံခဲ့လျင်တော့ မိုးကုတ်ဆရာတော်ကြီး၏ လေသံတော်အတိုင်း “ ဒီနေ့တော့ တော်ကြဦးစို့” လုပ်ခဲ့ကြရပြန်သည်။

သံဃာတော်များအတွက် အက်ဖ်အိုစီအတိအကျ ကျင့်သုံးသော အောင်သုခထမင်းဆိုင်ကိုလည်း သံရုံးတစ်ခုတွင် ဗီဇာအတွက် တန်းစီရင်း ဆွမ်းချိန်မမီ၍ ရောက်သွားခဲ့ရဖူးသည်။ ဖွယ်ဖွယ်ရာရာဟင်းလျာများကို ပျူပျူငှါငှါမေးမြန်း ဆက်ကပ်ပြီးကာမှ “ ဆိုင်က လှူဒါန်းတာပါဘုရား” ဟု ရိုရိုသေသေလျှောက်ထားသည်။ ကာလဒါနအလှူခံဖို့ မဖြစ်မနေလိုအပ်သော သံဃာတော်များ ရှိနေမည်မို့ မကြွဖြစ်တော့..။

(၃)
အက်ဖ်အိုကိစ္စက ဗုဒ္ဓအရှင်လက်ထက် မဂဓတိုင်းတွင် ရှိခဲ့ဖူးသည်။
မဟာဘိသက္ကဆေးပညာကျော် နန်းတွင်းသမားတော်ကြီးဆရာဇီဝက၏ အက်ဖ်အိုစီကို ဗုဒ္ဓအရှင်နှင့် စတုဒ္ဒိသာရဟန်းသံဃာတော်များ တံခါးမရှိ ဓါးမရှိ ခံစားခွင့်ရှိသည်။
သာသနာထွန်းကားလှသော အချိန်မို့ ဆရာဇီဝက၏ တိကိစ္ဆာလယဆေးရုံတွင် ဂိလာနသံဃာများဖြင့်သာ ပြည့်နေတတ်သည်။ ရာဇဂြိုဟ်သားတို့အတွက် ဆရာဇီဝက၏ အမည်နာမဘွဲ့တံဆိပ်တော်များရေးထားသည့် ရွှေရောင်ဝင်းပသော ဆိုင်းဘုတ်တော်ကြီးကို မျှော်ငေးဖတ်ရန်မှတပါး ဆေးနံ့ခံခွင့်မရှိပြီ..။

ဖြစ်ချင်တော့ ရာဇဂြိုဟ်မှာက ရောဂါတွေ ထူပြောလာသည်။ဆရာဇီဝက၏ ဆေးရုံကို တက်ရောက်ကုသမှသာ ပျောက်ကင်းနိုင်မည်။ ဆရာဇီဝကအနေဖြင့် ဗုဒ္ဓအရှင်နှင့် သံဃာတော်များ၏ ကျန်းမာရေးအတွက်သာမက ဘုရင်ဗိမ္ဗိသာရအပါအ၀င်နန်းတွင်းသူနန်းတွင်းသားတို့၏ ကျန်းမာရေးအတွက် လည်း တော်ဝင်သမားတော်ကြီးပီပီ အမှုတော်ထမ်းရသေးသည်။ သည်တော့ ရာဇဂြိုဟ်ရောဂါသည်တို့ မျှော်တလင့်လင့်ဖြစ်ခွင့်ပင် မရှိပြီ။
သည်တော့လည်း ရောင်တစ်ထုံး အဆုံးခံကာ သာသနာ့ဘောင်ထဲဝင်ရောက်ကာ ပဇင်းလက်သစ်ကြီးတွေ ဆေးကုသမှုခံယူဖို့ တန်းစီကြလေပြီ။
အချိန်တန်တော့လည်း ဆေးစွမ်းသည့် အံ့မခန်းသမားတော်၏ လက်တွင် ရာဇဂြိုဟ်သားတို့ နာလံထကြသည်။
ဆရာဇီဝကခမျာမှာတော့ သာသနာဝန်ထမ်းတို့အရေးပေမို့ ချွေးဒီးဒီးကျပေမင့် စိတ်ထားမြင့်ကာ ပီတိဖြာရပေသည်။

သို့သော် ရာဇဂြိုဟ်လမ်းပေါ်မှာ နာလံထရဟန်းလူထွက်များကို ဟိုနားတကွေ့...ဒီနားတကွေ့ ဆရာဇီဝကတွေ့ရသည့်အခါ ဇဝေဇ၀ါ..။ သေချာစုံစမ်းကြည့်တော့ အက်ဖ်အိုစီတန်းစီသူများ...။
သံသရာငြီးငွေ့သူများ ..သံသရာထွက်ရပ်လမ်းရှာသူများ မဟုတ်ချေပြီ..။
အော် ပါရမီကြီးရင့်သူမို့ သည်းခံနိုင်သော်ငြား သဒ္ဓါမပွားနိုင်သူတို့အတွက် ခက်ရချည့်..။

သို့နှင့် သာသနာ့ဘောင်ဝင်သောရဟန်းသစ်များကို စိစစ်လက်ခံရန် ဗုဒ္ဓအရှင်
ဥပဒေတော်ထုတ်ပြန်ရတော့သည်။
ငါ့ရှင်ရဟန်းလောင်း....
ကုဋ္ဌနူနာလက်ပရိုစီရောဂါ ကင်းရှင်းသူ ဟုတ်ပါ၏လော...
ချောင်းဆိုးရောဂါ တီဘီနာကင်းရှင်းသူ ဟုတ်ပါ၏လော
မြင်းဖုအနာ အိုင်းအမာရောဂါ ကင်းရှင်သူ ဟုတ်ပါ၏လော..
ပွေးဝဲညှင်းခရုသင်း ရောဂါ ကင်းရှင်းသူ ဟုတ်ပါ၏လော
ရူးသွပ်အနာ စိတ္တဇရောဂါ ကင်းရှင်းသူ ဟုတ်ပါ၏လော...။

အော် အက်ဖ်အိုစီတန်းစီသူများပေတကား..။

ဓမ္မဂင်္ဂါ
(၁၆-၈-၂၀၁၃)
------------------------------
ရှင်ငယ်ပဇင်းငယ်ဘ၀က စာသင်သားအချင်းချင်း တခုတ်တရပြန်လည် ဖောက်သည်ချကြည်နူးရသော အတွေ့အကြုံဖြစ်ပါသည်--အမှန်တကယ်ကတော့ အက်ဖ်အိုစီကို အလှူခံရသည့်အတွက် ရဟန်းတစ်ပါးအနေဖြင့် သဒ္ဓါတရားကို ချီးမြောက်ရာရောက်ပေသည်။

18 July, 2013

ရဟန်းနှင့် အော်စလို

ရဟန်းနှင့် အော်စလို
===========
မြောက်ဝင်ရိုးစွန်းသည် ပိဋကတ်စာပေပြတင်းပေါက်က လှမ်းမြင်ခွင့်ရသော ဥတ္တရကုရုမြောက်ကျွန်းမဖြစ်နိုင်ကြောင်း စဉ်းစားမိသည့်တိုင် နော်ဝေမင်းနေပြည်၏
အော်စလိုသည် နေပျော်ဖွယ်ရာလူ့ပြည်နတ်ဘုံတစ်ခုအဖြစ် တန်ဖိုးနည်း ရိုင်ယန်လေကြောင်း(Ryanair) ဖြင့် ရစ်ဂျီ(Ryggy)လေဆိပ်ကို ထိုးဆင်းလိုက်သည်နှင့် သေချာသွားပါသည်။

လေဆိပ်နှင့် ကီလိုမီတာခြောက်ဆယ်ခန့်ဝေးကွာသည့် အော်စလိုမြို့တော်သွား ဘတ်စ်ကားခရီးသည် စိမ်းလန်းတောက်ပသော သဘာဝနှင့် ပို့စ်မော်ဒန်မြင်ကွင်းများကြောင့် ရင်သပ်ရှုမောဖို့ ကောင်းလှသည်။

အော်စလိုဘတ်စ်တာမီနယ်သည် ရွှေပြည်ကြီး၏ အပြည်ပြည်ဆိုင်ရာလေဆိပ်ထက် ပိုကြီးနေသလား ထင်ရသည်။
လာကြိုမည့်မိတ်ဆွေရောက်မလာသေးသည့်အတွက် နာရီဝက်ခန့် စောင့်မျှော်နေခဲ့ရသော်လည်း ယောင်ချာချာဖြစ်မနေအောင် စာရွက်စာတမ်းများ၊ အခမဲ့မြေပုံအညွှန်းများက အဆင်သင့်ရှိနေခဲ့သည်။
ခေတ်မီအခပေးအိမ်သာစနစ်ကို စတင်ကြုံရ၏။
ခရိုနာငွေအကြွေစေ့တစ်စေ့သာ လက်ဝယ်မရှိလျင် ကြီးလေးသောဝန်ထုပ်ဝန်ပိုးဖြစ်သွားနိုင်သည်။
သူ့အခက်အခဲကို ချက်ကနဲသိမြင်သော စကင်ဒီနေဗီးယန်းအမျိုးကောင်းသမီးကြီးက
သူ့လက်ထဲသို့ နော်ဝေသုံးဒင်္ဂါးပြားငယ်တစ်ခု ထည့်ပေးလိုက်သည်။


ထိုအမျိုးသမီးကြီးက နောက်တစ်ရက်တွင် ကမ္ဘာ့လက်ခုပ်သံများကို ဆွတ်ခူးမည့် မြန်မာအမျိုးကောင်းသမီးကြီး၏ နာမည်ကို တဖွဖွ
ရွတ်ဆိုနေသေးသည်။ ရွှေပြည်ကြီး၏ တစ်နေ့ရွှေ တစ်နေ့ငွေစိတ်ခံစားမှုနှင့် တုန့်ပြန်မှုအမျိုးမျိုးကို ခံနိုင်ရည်ရှိဖို့ သံမဏိစိတ်ဓါတ်နှင့် ခန္တီတရား မဖြစ်မနေ လိုအပ်ကြောင်း ယခုဝါကျကို ရေးနေခိုက် သူနှလုံးသွေး စစ်ကနဲ တိုးသွားလေသည်။ နိန္ဒံနှင့် ပသံသာဖြစ်စဉ်တွင်
ပေါ့ပါးစွာ ဖြတ်သန်းရတာ မလွယ်ကြောင်း သိကြပါလိမ့်မည်..။ ယနေ့ သူရဲကောင်း မနက်ဖြန်ဗီလိန်...ယနေ့ ကျေးဇူးရှင် မနက်ဖြန် သစ္စာဖောက်ဟူသော လက်ခုပ်သံနှင့် လက်ညှိုးများအကြောင်း ရွှေပြည်ကြီး၏ မှတ်တမ်းက သင်္ကြန်ခဏ ခဏ ကျနေသည်။ ခွေးရေပုရပိုဒ်လား ရွှေသားပုရပိုဒ်လား....။

အော်စလို၏ တက္ကသိုလ်နှင့် စာကြည့်တိုက်များ..အနုပညာရင်ပြင်များတွင် သူလှည့်လှည်ဖြစ်သည်။
ပြည်သူ့ဆန္ဒထုတ်ဖော်ရာ ပါလီမန်ရှေ့တွင် နာရီပေါင်းများစွာ သူထိုင်ဖြစ်ခဲ့သည်။ ဆန္ဒပြသူများကို လက်နက်မကိုင်သောပြည်သူ့ရဲများက ဆန့်ကျင်ဘက်အင်အားစုတို့မနှောက်ယှက်နိုင်အောင် စောင့်ရှောက်ပေးသတဲ့..။
နာရီပိုင်းငြိမ်သက်စွာ ရပ်နေသော မြင်းစီးရဲမေနှင့် ကမ္ဘာလှည့်ခရီးသည်တို့ တွဲကာ ဓါတ်ပုံရိုက်နေကြသည်။

အော်စလိုတွင် အပြုံးစက်ရုံများ နေရာအနှံ့ တည်ဆောက်ထားဟန်ပင် လူတိုင်း၏ နှုတ်ခမ်းဖျားဆီမှ အပြုံးများကို အလွယ်တကူ ထွန်းညှိသွားနိုင်သည်။ သူ့ မြန်မာမိတ်ဆွေက ''အရှင်ဘုရားရယ် ဒီမှာက ကြည့်လေရာရာ သက်မွန်မြင့်တွေချည်းပဲ..။ သက်မွန်မြင်တို့ကမှ ကြော်ငြာရိုက်မှ ပြုံးကြတာဘုရာ့" တဲ့..။ အကူအညီလိုအပ်၍ တစ်ယောက်ယောက်ကို ဟလို လုပ်လိုက်လျင် ပြုံးလက်စထက် ပိုမိုတောက်ပသွားတတ်ကာ စိတ်လိုလက်ရ ကူညီတတ်ကြသည့် စကင်ဒီနေဗီယန်းစိတ်ဓါတ်များကို ဘယ်လိုများ ပြုစုပျိုးထောင်ခဲ့ပါလိမ့်..။ လူသတ်သမားကြီးဘရီဗစ်ခ် (Anders Behring Breivik)ကိုပင် ခွင့်လွှတ်နိုင်စွမ်းသော စိတ်ကို
ဘယ်လိုများ ပေါင်းသင်ခဲ့ပါလိမ့်...။

ရခိုင်အမျိုးသမီလေးမသီတာထွေးနှင့် ဥတိုယ (Utøya) ကျွန်းလေးပေါ်က အော်စလိုအညွန့်အညှောက်များ၏ ဖြစ်ရပ်သည် အကြမ်းဖက်ခံရခြင်းတူညီကြသည်။ သို့သော် နောက်ဆက်တွဲ ဖြေရှင်းချဉ်းကပ်ပုံခြင်း မတူကြ...။
 ရွှေပြည်ကြီးက မသီတာထွေး၏ ပူဆွေးကျန်ရစ်သောမိသားစုအသိုက်အအုံလေးကို ရေလောင်းဖို့ထက်
 ကျူးလွန်သူများဘက်ကို အာဃာတဖြင့် ချွန်မြအဆိပ်ပြင်းသောမြားဦးကို လှည့်ချိန်သည်။ ကတ္တား(Subject)ကို မီးရှို့ကြ၏။
အော်စလိုသားတို့ကတော့ ရက်စက်လေသူကြီးထက်  ''ဘယ်လိုများ နာကျင်စွာ ကျန်ရစ်ခဲ့ကြမှာပါလိမ့် ''အတွေးဖြင့်  သောက၀န်ပိုး လေးလံသော ခံကြရလေသူများဆီ ပုဝါကမ်းပေးကြ၏။ 
မျက်ရည်သုတ်ပေးကြ၏။ ကံ (Object)ကို ရေသွန်းကြသည်။

အပြုံးများဖြင့် လင်းနေသော အော်စလိုသည် လျှပ်စစ်မီးလည်း မပျက်တတ်..။ ည ၁၁ နာရီထိုးသည်အထိ နေမ၀င်သော နော်ဝေသန်းကောင်ယံအလင်းအေးအေးလမ်းမများကို သူက လုံခြုံနွေးထွေးသော အခန်းပြတင်းဝမှ ကြည်နူးချမ်းမြစွာ ငေးနေခဲ့ပါသည်။
 နံနက် ၂ နာရီ အော်စလိုနေထွက်ချိန်မှာတော့ သူက ငိုက်မြည်းနေခဲ့ပြီ။

သူ့အတွက် နော်ဝေသားတို့၏ အမှတ်တရအောက်မေ့ဖွယ် စိတ်အခင်းအကျင်းတစ်ခုကိုတော့ နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်ပေးအပ်ရာ အော်စလိုမြို့တော်ခန်းမတံခါးဝတွင်
မြတ်နိုးစွာ ထုပ်ပိုးသိမ်းဆည်းခွင့်ရခဲ့သည်။ ဤအခမ်းအနားကြီးကို တက်ရောက်လိုသူတို့အနေဖြင့် တစ်လကြိုတင်အမည်စာရင်းကြိုတင်ပေးအပ်ရသည်။ သို့ဆိုတော့ မနေ့တစ်နေ့ကမှ ရောက်လာသော သူ့အတွက် တက်ရောက်ခွင့်ရဖို့ မလွယ်ကူကြောင်း ကြိုတင်သိနေခဲ့ပါသည်။ ဒါက ရွှေပြည်ကြီးရဲ့  ကြိုးနီကြိုးပြာစနစ်တွေနဲ့ အသားကျနေတဲ့ အတွေးတစ်ခုပါပဲ။

မြို့တော်ခန်းမအပြင်ဘက်ရှိ အစီအစဉ်တိုက်ရိုက်ကြည့်ရှုနိုင်မည့် ပိတ်ကားကြီးရှေ့တွင် သူ ရပ်ငေးနေခဲ့သည်။
ထိုအချိန်မှာပင် ဒိန်းမတ်သူ အမျိုးသမီးတစ်ဦးက နှုတ်ဆက်လာခဲ့သည်။ သူမ လက်ထဲမှာ တီတာခွန်းဖွဲ့တတ်သော အရွယ် ချစ်စဖွယ် သမီးငယ်လေးကိုပွေ့လို့...။
ဒီပွဲတက်ဖို့ လာတာလား...။
မနေ့ကမှ ရောက်တာမို့ တက်ခွင့်မရတော့ဘူး...။
သွားပြောကြမယ်လေ...။ အစီအစဉ်မှ မစသေးတာ...။ ကိုယ့်မှာ ပြောခွင့်ရှိနေတာပဲ..။
အို မလုပ်ပါနဲ့ ..အလုပ်မများစေချင်ပါဘူး...ရမယ်လည်း မထင်ပါဘူး..။
ရတာ မရတာက သူတို့ တာဝန်ပါ...။ ကိုယ့်တာဝန်က ပြောရမယ်လေ...။

သို့နှင့် ကလေးငယ်လေးပွေ့ထားသော ဒိန်းမတ်မိခင်နောက်သို့  သူ လိုက်သွားရသည်။
ဂိတ်တံခါးကို စောင့်သော ၀န်ထမ်းငယ်သည် ပြုံးချိုနေသည်။
ကူညီပါရစေ ခင်ဗျာ...။
ထိုဝန်ထမ်း၏ ကူညီပါရစေက အစစ်ဖြစ်သည်။
ကျွန်တော်က အခွင့်အာဏာမရှိပါဘူး ။ ဒါပေမယ့် ကျွန်တော့်အထက်က အရာရှိကို ပြောပေးပါ့မယ်.။ လိုက်ခဲ့ပါ..။

ဒုတိယအရာရှိကလည်း အပြုံးချိုမြစွာ
ကူညီပါရစေ ခင်ဗျာ..။
ကျွန်တော်က အခွင့်အာဏာမရှိပါဘူး ။ ဒါပေမယ့် ကျွန်တော့်အထက်က အရာရှိကို ပြောပေးပါ့မယ်.။ လိုက်ခဲ့ပါ..။

ကူညီပါရစေ..လေးကြိမ်မြောက်သွားသောအခါ သူသည် အော်စလိုမြို့တော် ညီမူရာခန်းမကြီး၏ နောက်ဆုံးတန်းက
အရေးပေါ်ချန်ထားသော ထိုင်ခုံအလွတ်တစ်ခုတွင် အခန့်သားထိုင်မိလျက်သားဖြစ်နေခဲ့ပြီ။
အရှင်ဘုရားကတော့ မြို့တော်ခန်းမအပြင်ဘက်မှာ နေခဲ့တော့ ဟု စိတ်မကောင်းစွာ ချန်ထားခဲ့သော သူ့မိတ်ဆွေဒကာသည်
သူ့ကို မြင်သည်နှင့် အံ့သြ၀မ်းသာစွာ ပြေးလာသည်။
ကဲ အဲဒါသာ ကြည့်တော့ အရှင်ဘုရားရေ...
တပည်တော်တို့ဆီမှာသာ ဆိုရင် အပေါက်ဝမှ မောင်းထုတ်ခံရမှာပေါ့ တဲ့..။

အခမ်းအနားမစသေး...။ ကျောက်သားနံရံများပေါ်က ပန်းချီကားကြီးများက စိုလက်တောက်ပလွန်းလှသည်။
သူ ခန်းမထဲ လျှောက်ကြည့်မိစဉ် ရိုးရှင်းသောအဖြူရောင်ကုတ်အကျီဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးဝင်လာသည်။
မြင်ဖူးသလိုပဲ...။
ငါက မြန်မာပြည်ကပါ...။
အိုး သိပ်သိတာပေါ့..။
သူ့အသွင်အပြင်ကို ရင်းနှီးကျွမ်းဝင်စွာ တုံ့ပြန်သည်။ ကင်မရာမီးပွင့်များ လက်သွား၏။
ရဟန်းနှင့် ဟောလီဝုဒ်မင်းသမီးမီရှဲယို ဟူသောခေါင်းစဉ်တစ်ခု ထပ်တိုးလာဖို့အထိတော့ အဖြစ်အပျက်က မကြာညောင်း..။
ထိုအချိန်မှာပင် ခေါင်းလောင်းထိုးသံများ ကြားရလေတော့သည်..။


ဓမ္မဂင်္ဂါ
(၁၈-၇-၂၀၁၃)

17 July, 2013

ရဟန်းနှင့် ရောမ

ရဟန်းနှင့် ရောမ
=========
ပုပ်ရဟန်းမင်း၏ ဗာတီကန်နန်းတော်ပရိဝုဏ်အတွင်းရှိ ၀တ်ပြုရာစိန့်ပီတာဘုရားကျောင်းအရိပ်ထဲသို့ သူဝင်ခိုလိုက်ချိန်တွင် လှောင်ပြောင်သရော်လိုသော အကြည့်များ ရှိနေမခဲ့ပါ..။
သူကသာ တမေ့တမော .ကောင်ကင်ဘုံအ၀င်လမ်းများကို ရှာနေခဲ့လေသည်။
အမှန်တကယ်ပင် ဘာသာတရားတစ်ခုကို အပြန်အလှန်မလေးစားလိုသူတို့ရပ်ဝန်းတွင် ဘာသာတရားတစ်ခု၏ အသွင်အပြင်အဆင်အသွေးသည် ပြောင်လှောင်ဖွယ်ရာ ဖြစ်နေတတ်လေသည်။

ဗုဒ္ဓအရှင်မြတ်ကိုယ်တော်တိုင်ပင် ဦးပြည်းယုတ် (မုဏ္ဍက)ဟူသော ဝေါဟာရကို ကရုဏာကြီးစွာ သည်းခံတော်မူခဲ့သေးသည်ပဲ..။
သူကတော့ ထိုအရောင်အသွေးပါသော အကြည့်စူးစူမျိုးကို ပညာအလင်းမှိန်ဖျော့သော လူများကြားတွင် ကြုံခဲ့ရဖူးသည်.။
ဦးပြည်းတုံးထားကာ ပခုံးတစ်ဘက်ဖော်ဝတ်ဆင်ထားသော ရဟန်းတစ်ပါးသည် ရောမသားတို့အလယ်တွင် ထီးတည်းကြီးရှိနေသည့်တိုင် စိတ်နှလုံးလုံခြုံမှုရှိနေခဲ့ပါသည်။

ကော်ဖီဆိုင်ညိုညိုလေးများတွင် ထိုင်ရသည်က နှစ်ခြိုက်ဖွယ်ဖြစ်သည်။
ရောမတွင် သီခြားရေအိမ်ရှာဖို့ မလို..။
ကော်ဖီဆိုင်ညိုညိုလေးသို့ ခပ်သုတ်သုတ်ဝင်ခိုရင်း နှစ်ယူရိုမျှဖြင့် ကော်ဖီတစ်ခွက်နှင့် ရေအိမ်ဝင်ခြင်းကိစ္စကို ဆောင်ရွက်ကြရသည်။

ဂျေလာတိုရေခဲမုန့်(Gelato)ချစ်သူများကြား စိတ်အေးလက်အေး ရောနှောစီတန်းရသည့် အတွေ့အကြုံက ရွှေပြည်ကြီး၏ အရာရာ တိုးဝှေ့ကြသူများကို မကြာခဏ သတိရစေသည်။
အီတလီမုန့်ပြားသလက် (Pizza) နှင့် မုန့်တီ (Spegatti) နေ့လည်စာချိန်က သူ့အတွက် အမြဲတမ်း ခက်နေတတ်သည်။ ရောမသားတို့၏ နေ့လည်စာသည် မွန်းတိမ်း (၁) နာရီကျော်မှ စလေသည်။
သို့နှင့် ဂျပန်ဆူရှီဆိုင်လေးများ၊ ယိုးဒယားထမင်းဆိုင်လေးများကို ရှာဖွေမှတ်သားထားရသည်။
ဗျစ်ရည် (သို့မဟုတ်) ၀ိုင်သည် ရောမ၏ ရေနွေးကြမ်းတစ်မျိုးဖြစ်သည်။
ပဉ္စသီလအကြောင်းတွင် ထိုအရာများကို လျှော့ပေါ့ဆွေးနွေးရမည့်ဟန်ပင်..။

ရောမ၏ လီယိုနာဒိုဒါဗင်စီလေဆိပ်သို့ ပါရီ၏ ချားလ်ဒီဂေါလ်လေဆိပ်မှတဆင့် သူရောက်သွားခဲ့သည်။ ပူဇာစ ပူဇနေယျာနံ သည် အနောက်တိုင်း၏ အလှတရားဖြစ်မည် ။ရွှေပြည်ကြီးမှာတော့ ဦးသန့် သို့မဟုတ် သခင်ကိုယ်တော်မှိုင်းလေဆိပ်သို့  သူတို့ တစ်သက်ဆင်းခွင့်ရဦးမည်မထင်သေး..။
လူဝင်မှုကြီးကြပ်ရေးဂိတ်ကို ရှာဖွေရင်း ရောမမြို့ကြီးကို တိုက်မိသွားသည်။ အခွန်လွတ်ဈေးမှာပင် ဈေးချိုသောအမှတ်တရပစ္စည်းတစ်ခုခု မ၀ယ်လိုက်ရ..။
အော် သူ့ နိုင်ငံကူးလက်မှတ်ထဲက ဗီဇာက အီတလီသီးသန့်ဗီဇာမဟုတ်..။
 Schengen Area ဟုခေါ်သော ဥရောပ ၂၆ နိုင်ငံသို့ ဒိုးယိုပေါက် သွားလာကူးသန်းနိုင်သော ပြည်ဝင်ခွင့်တစ်မျိုးဖြစ်သည်။
ပါရီကို ဖြတ်သန်းခဲ့ပြီးသည့် သူ့ကို ရောမက လှည့်မကြည့်တော့..။

ဈေးနှုံးချိုသာသောမိသားစုဟိုစတယ်လ်တစ်ခုတွင် သူ တည်းခိုသည်။ ဓါးခုတ်လှံထိုးကြရာ ဂလက်ဒီယေတာတို့၏  ခြင်္သေ့သားရဲတွင်းကလော့ဆီယံသည် ကြောက်ရွံ့ထိတ်လန့်မှုဘယာနကရသထက် အံသြဘနန်းဖြစ်ခြင်းအဗ္ဘုတရသကို ပေးစွမ်းသည်။ ငယ်ငယ်ရုပ်ရှင်ထဲက ဘရုစ်လီနှင့် မုတ်ဆိတ် မင်းသားကြီးကို မြင်ယောင်လာသည်။ ကြောင်တစ်ကောင်၏ အော်သံကိုပင် ပြန်ကြားလာသေး၏။

မူဆိုလိနီခေတ်ကျောက်သားအဆောက်အဦးကြီးများကို ပွတ်သပ်ကြည့်မိသည်။
ထရေဗီရေပန်းတွင် ယူရိုအကြွေစေ့တစ်စေ့ကို နှမျောခြင်းကြီးစွာ ပစ်ထည့်လိုက်သည်။ နောက်တစ်ခေါက်ရောက်လာဖို့ ဆုတောင်းခြင်းဖြစ်သတဲ့..။ ခမ်းနားထယ်ဝါသော ခရစ်ယန်ဘုရားရှိခိုးကျောင်းကြီးများ.
နိုင်ငံတကာမော်ဒယ်အမျိးကောင်းသား အမျိုးကောင်းသမီးတို့ ခြေချင်းလိမ်ရာ ရောမ၏ ဖက်ရှင်လမ်းမများ
လက်လှမ်းခြေလှမ်းမမီသော ဈေးများ...။

ဗုဒ္ဓ၏သာဝကရဟန်းတစ်ပါးနှင့် အနောက်တိုင်းနေ၀င်ချိန်များက လိုက်ဖက်မှုမရှိကြောင်း သေချာလာသောအခါ သူက
arrivederci (နှုတ်ဆက်ပါတယ်) ဟု တီးတိုးရွတ်ဆိုမိလေသည်။

ဓမ္မဂင်္ဂါ
(၁၇-၇-၂၀၁၃)

16 July, 2013

ရဟန်းနှင့် ပါရီ

ရဟန်းနှင့် ပါရီ
========
မိုးစက်များကြောင့် အတွေးများ ရေစိုသွားသည်။ လွန်ခဲ့သောနှစ်က ရန်ကုန်မြို့တော်နှင့် ကီလိုမီတာ ရှစ်ထောင်ကျော်ခန့်ဝေးသည့် ပါရီ၏ အအေးမိနေသောလမ်းများပေါ်တွင် သူနှာစေးနေခဲ့သည်။
အမှတ်အသားနည်းလှသော သူသည် လမ်းများနှင့် ပတ်သက်၍ ဘယ်တော့မှ ကျွမ်းကျင်လိမ့်မည်မထင်..။ ပါးစပ်ပါ ရွာရောက်ဥပဒေသနှင့် ကမ္ဘာပတ်လည် ရက်ရှစ်ဆယ်လုပ်ခဲ့သည်က များသည်။

ချားလ်ဒီဂေါလေဆိပ်သည် သူ ပထမဆုံးခြေချဖြစ်သော ဥရောပမြေဖြစ်သည်။ အဖြူထဲမှာ အမဲတွေ ထူထူထပ်ထပ်ရှိသော လူနေမှုအသိုက်အအုံကြီးကို ဘွားကနဲ တွေ့လိုက်ရ၏။ အဖရိကန်ငနဲတို့၏ လက်ကို မှီနွဲ့ချိတ်တွဲထားသော ပါရီသူဖြူဖြူလေးများက ဂေါလတို့၏ အနာဂတ်ကို ခြိမ်းခြောက်နေလေသလား..။
မသီတာထွေးဂယက်နှင့် ဘာသာခြားကမ္ဘာတွင် မထိတ်သာ မလန့်သာအကြည့်များ ရှိနေသလို မသိုးမသန့်ဖြစ်မိသေး၏။ ယခုနှစ်လိုဆိုလျင်တော့ အရှေ့အနောက်ဝဲယာကမ္ဘာ့နံရံတံခါးများကို ရဟန်းအသွင်ဖြင့် ခေါက်ရန် မ၀ံ့ရဲ..။ 

ပါရီတွင် သူ သုံးရက်ကြာသွားသည်။ 
အီဖယ်လ်မျှော်စင်တက်ဖို့ သုံးနာရီကြာအောင် စောင့်ရသည့် ၀ဋ်ဒုက္ခသည် ကဗျာ တစ်ပုဒ်ဖြစ်လာဖို့ကောင်းသည်
သို့သော် သူက အက်စ်ပရက်ဆိုကော်ဖီခါးခါးများကိုသာ တစ်ခွက်ပြီးတစ်ခွက်သောက်တတ်လာလေသည်။
ပါရှန်းမျိုးနွယ်မိသားစုနှင့်အတူ အပြုံးချင်းဖလှယ်ထားကာ ရေအိမ်ပြေးဝင်လိုက်၊ ကော်ဖီသောက်လိုက်ဖြင့် အီဖယ်လ်ကိုေ မာ့မော့ကြည့် ရသော စောင့်မျှော်ခြင်း နာရီများကို ဖြတ်သန်းစဉ် နေရာမပျောက်အောင် မိတ်ဖွဲ့ရသည်။ ဘာသာမတူ၊ လူမျိုးကွဲပြားသော ရပ်ဝန်းတွင် ငြိမ်းချမ်းရေးဂျိုးဖြူငှက်များ လွတ်လပ်စွာ  ပျံသန်းကြပါစေ..။

 အီဖယ်လ်မျှော်စင်ထိပ်မှ ပါရီကို ခံစားသည်။
 ပြင်သစ်တော်လှန်ရေးကို သံဝေဂယူသည်။
မေရီအင်တွိုင်းနက်၏ ကိတ်မုန့်ကို ပြန်စားသည်။
ဒါးတညံ့တို့ အဖွဲ့၏ သူရဲကောင်းဝတ်စုံကို ၀တ်ကြည့်သည်။
 နော်တာဒမ်ဘုရားကျောင်းက ခေါင်းလောင်းသံကို စိတ်နားစွင့်သည်။

ရှောင်ဇေးလီဇေးလမ်းမကြီးပေါ်တွင် မိုးတွေ သဲနေတဲ့ကြားက ပါရီမုခ်ဦးဆီ ဦးတည်ကာ ငါးမိနစ်ခန့် လျှောက်ပစ်လိုက်သည်။
စိန်းမြစ်ကမ်းဘေးတွင် ထိုင်မိသော ရဟန်းတစ်ပါးသည် ပါရီ၏ ဖက်ရှင်တစ်မျိုးဖြစ်ကောင်းဖြစ်နိုင်သည်။
လူဗရေးပြတိုက်ထဲ မိုနာလီဇာ၏ အပြုံးကို ဓါတ်ခွဲရှုမှတ်ဖို့ ခပ်သုတ်သုတ်ပြေးဝင်မိချိန်တွင်
''ဒီနေ့အတွက် နောက်ကျသွားပါပြီ မွန်ဆီညော်...။"

ဓမ္မဂင်္ဂါ
(၁၆-၇-၂၀၁၃)

06 April, 2013

ရဟန်းနှင့် အိပ်မက်စတိုး


အိပ်မက်များရောင်းချနေသော စတိုးတစ်ခုရှေ့တွင် သူ၏ လိုင်စင်မပါသောရဟန်းစီးဖိနပ်ကို ရပ်တန့်လိုက်ပါသည်။ 
သင်္ကန်းရောင်လွယ်အိတ်ထဲမှ ကဒ်ဟိုးလ်ဒါ(Card Holder)သားရေအိတ်လေးတစ်ခုကို သူ ထုတ်လိုက်သည်။ အိပ်မက်တစ်ခုကို အပိုင်ဝယ်ဖို့ လိုချင်သောကဒ်တစ်ခုကို သူရှာဖွေသည်။ သာသနာဝင်ကဒ်၊ သာသနာပြုကဒ်၊ ကျောင်းသားကဒ်(တစ်နှစ်တစ်ကဒ်နှုံး)၊ တက္ကသိုလ်ဆရာကဒ်၊ ပန်န်ကဒ်၊ လေကြောင်းတစ်ခုမှ ပေးထားသည့် ကဒ်၊ အမ်အာတီကဒ်..။ ဟူး...ကဒ်တွေကလည်း များလိုက်တာ..။ 

ရာစုသစ်ကြီး၏ အပြောင်းအလဲ(Change)နှင့် အရွေ့ အမ( Shift)ဖြစ်စဉ်ကြီးတွင် ရဟန်းတစ်ပါးသည်ပင် 
ရဟန်းတစ်ပါးဖြစ်ကြောင်း သက်သေများစွာ လိုနေပါပကော...။ 

(လိပ်စာကဒ်များအတွက်တော့ သေတ္တာကြီးကြီးတစ်လုံးလောက်လိုမည်..။ 
ဒါပေမယ့် သူက အလည်အပတ်သွားရမှာ အားနာသဖြင့် ထိုလိပ်စာကဒ်များ သိုးသွားကြပြီထင်သည်။ 
များသောအားဖြင့် သူသည် အိမ်လည်တတ်သူတစ်ဦးမဟုတ်ပါ..။ 
အခန်းတစ်ခုထဲမှာ စာအုပ်ဖတ်စရာမရှိလျင် ခေါင်းမြီးခြုံစစ်ဆင်ရေးက လုံခြုံသေချာသည် ဟု ယုံကြည်သောကြောင့်ဖြစ်သည်။)
နောက်ဆုံးတော့ အသုံးပြုဖန်များ၍ ဥပဓိရုပ်နွမ်းနေပြီဖြစ်သည့် ဗီဇာကဒ်တစ်ခုကို သူ ဆွဲယူလိုက်နိုင်သည်။ 
ထိုဗီဇာကဒ်ထဲမှ လက်ကျန်စိတ်ကူးစိတ်သန်းအချို့ဖြင့် အိပ်မက်တစ်ခုကို ၀ယ်ယူလိုက်သည်။ 

အမှန်တရားတွေ ၀ယ်ကြဦးမလား...။ ၀ယ်ယူမည့် အိပ်မက်ကို လက်ညှိုးထိုးရွေးချယ်နေစဉ်မှာပင် အမှန်တရားရောင်းသည့် ခေါင်းရွက်သည်အဒေါ်ကြီး၏ အော်သံကို ကြားမိသော်လည်း ထိုအမှန်တရားက သမုတိသစ္စာလား ပရမတ္ထသစ္စာလား မသဲကွဲသည့်အတွက် ၀ယ်ယူရန် စိတ်မပါ..။ သို့တည်းမဟုတ် မိတ်ဆွေရဟန်းတော်တစ်ပါးဟောနေကျ ကျက်စာဒေသနာကိုပင် သူက သစ္စာဒေသနာအဖြစ် နားယောင်ကျေနပ်ကာ ၀အီနေတာမျိုးလည်း ဖြစ်နိုင်သည်။ 
အမှန်တရားက ဈေးချိုချိုနှင့် ၀ယ်နိုင်သည့်တိုင် စားသုံးသူနည်းသည်။ အရသာက ခါးသက်သက်...။ 

အိပ်မက်ကောင်တာများပေါ်က အိပ်မက်များကို လိုက်ငေးနေမိသေးသည်။ မက်ခဲ့ပြီးသော အိပ်မက်အဟောင်းများကို ဘောင်အမျိုးမျိုးကွပ်ကာ ရောင်းချနေသလို မမက်ရသေးသော အိပ်မက်အသစ်စက်စက်များကိုလည်း အရောင်အမျိုးမျိုးဖြင့် လိမ်းချယ်ကာ ရောင်းချနေခြင်းဖြစ်သည်။

အိပ်မက်က မက်သူများပြီး မက်ဖို့ ခက်လေလေ ဈေးကြီးလေဖြစ်သည်။ 
အမည်မသိရောင်စဉ်တန်းဘောင်(ပေါင်)ဖြင့် လက်လက်ထနေသော အိပ်မက်တစ်ခုကို သူ အမှတ်မထင်တွေ့လိုက်သည်။
ရှင်သုမေဓာ၏ အိပ်မက် 
လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဟု တန်ဖိုးအတိအကျရေးထားသည်ကို သူ ဖတ်မိသည်။ 
စကြာဝဠာကမ္ဘာမြေမိုးအပါအ၀င်သုံးလောကအရေးလှုပ်ရှားသူမဟာလူသားကြီး...။ 

အဲလ်ဘတ်၏ အိပ်မက်
ကမ္ဘာမြန်နှုံးမြင့်အရွေ့ 

သောမတ်စ်၏ အိပ်မက်...
အလင်းနှစ်သန်းပေါင်းများစွာ....

ယူသန့်၏ အိပ်မက်..
တတိယကမ္ဘာအသစ် ...

မောင်ထိန်လင်း၏ အိပ်မက်... ..
............................
......................

လောကအရေးလှုပ်ရှားသူကြီးနှင့်အတူ ကမ္ဘာ့အရေး၊နိုင်ငံ့အရေးနှင့် ဘာသာရေး၊လူမှုရေးစသော နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်ကျော်တို့၏ အိပ်မက်များကို သူ တစ်ခုချင်း တစ်ခုချင်း ကောက်ထည့်လိုက်... ပြန်တင်လိုက်....။ 

ထိုမဟာလူသားတို့၏ အိပ်မက်တွေကို အစမ်းဖောက်သောက်ကြည့်လို့ ရမလား.....။ 
ဟင့်အင်း....
သို့ပေမယ့် ကြေကွဲဖွယ်ရာပင် ထိုအိပ်မက်ရှင်ကြီးများ၏ သွေးချွေးမျက်ရည်အသင်္ချေဖြင့် မက်ခဲ့သောအိပ်မက်များက အိပ်မက်စားသုံးသူအချို့၏ ဆင့်ကဲအလွဲအိပ်မက်များကြောင့် လမ်းကြောင်းတိမ်းစောင်းခြင်း ခံရသေးသည်။ 

နာဂါစကီမြို့ပျက်ကြီးက သူ့ ရှေ့ ရွေ့လာသည်။ 
ကင်ဂျုံးအန်းဆိုသော မနူးမနပ်ကောင်လေးတစ်ယောက်လက်ထဲက စနက်တံပြုတ်လုဆဲဆဲ အိပ်မက်ပူပူတစ်ခု သူ့  မျက်လုံးအိမ်ထဲ ဖြတ်သွားသည်..။ 

နောက်ဆုံးတော့ သူက မမက်ရသေးသော အိပ်မက်တစ်ခုကို ခပ်လွယ်လွယ်ရွေးချယ်ဝယ်ယူလိုက်ခြင်းဖြစ်ပါသည်။ 
ဝယ်ယူပြီးသည့်အိပ်မက်ကို  အရောင်းစာရေးတစ်ယောက်က သေချာစွာ ထုပ်ပိုးကာ ကောင်တာပေါ်တွင် တင်ပေးလိုက်သည်။ 
သူ့ ဗီဇာကဒ်က ထစ်အ ထစ်အ ဖြစ်နေသေး၍ မိနစ်အနည်းငယ်ခန့် ခန္တီစ နေလိုက်ရ၏။
ရှည်မျောမျောဘောက်ချာစာရွက်လေးသုံးရွက်ခန့်ထွက်လာပြီး “လက်မှတ် ” ဆိုမှ သူ့ စိတ်က အင်လျားလိပ်ခ်ဖြစ်ကာ သူ့နာမည်တွန့်တွန့်ကွေးကွေးများကို ရေးထိုးပေးလိုက်သည်။ 
အဲဒီကဒ်မှ သုံးမရလျင် ၀ယ်ပြီးသားအိပ်မက်ကို ပြန်ပေးရပေမည်..။
ဒါတော့ မဖြစ်..။ 
အိပ်မက်တစ်ခုပိုင်ဖို့ ဆိုတာ လွယ်ကူသောအရာမဟုတ်..။

အလှူခံများ မလာရ ဟူသော ဆိုင်းဘုတ်ထင်းထင်းကြီးကိုလည်း တွေ့ပြီးဖြစ်၍ သပိတ်ကိုပင် ခပ်ကွယ်ကွယ်လွယ်ပြီး အိပ်မက်စတိုးထဲသို့  ၀င်လာခဲ့သည် မဟုတ်လား..။ 

ဘာပဲဖြစ်ဖြစ် ခု အိပ်မက်တစ်ခုကို သူ ပိုင်ထားလေပြီ..။ ရဟန်းတစ်ပါးအတွက် အိပ်မက်ကို ညအိပ်ညနေသိမ်းဆည်းသိုမှီးခွင့်ရှိပါရဲ့လား..။ ၀ယ်ပြီးမှတော့ အိပ်မက်ကို သယ်ဆောင်ရပေမည်။ 
ယနေ့ခေတ်ရဟန်းများနည်းတူ သူ့မှာ သယ်ဆောင်ဖို့  အလိုပရိက္ခရာ၊ အပိုပရိက္ခရာနှင့် ဆင့်ပွားပရိက္ခရာများရှိလာသည်။ 

ကွန်ပြူတာနှင့် ဒစ်ဂျစ်တယ်လ်နည်းပညာတွေသာ ထွန်းကားပြီး သယ်ယူပို့ဆောင်ရေးနည်းပညာတွေသာ မထွန်းကားခဲ့လျင် 
ခရီးထွက်ခွာမည့် ရာစုသစ်ရဟန်းတစ်ပါးသည် ဗုဒ္ဓခေတ်ရဟန်းတစ်ပါးလိုတော့ ပေါ့ပါးလွတ်လပ်လိမ့်မည်မထင်..။ 
သပိတ်ကို လက်ပ်တော့ပ်ကွန်ပြူတာအိတ်နှင့် တွဲလွယ်၊ ဒုကုဋ်နှစ်ထပ်သင်္ကန်းကြီးကို ပခုံးပေါ်တင်၊ နိုင်ငံကူးလက်မှတ်၊ မိုဘိုင်းလ်ဖုန်း၊ စာရွက်စာတမ်းများနှင့် အခြားဝန်စည်စလယ်များကို အိတ်ကြီးတစ်လုံးထဲ စုပြုံထည့်...။

 လေယာဉ်မရှိ..ရထားမရှိ...ကားမရှိသာဆိုလျင်....။
စိတ်ကူးနှင့် အိပ်မက်များကို မောင်းနှင်ကြည့်နေရသည်ကပင် ချွေးပြိုက်ပြိုက်ကျလာသည်..။ 
လိုအပ်ချက်အရ ချထားရမယ့် အရာတွေကို ပြန်ပြန်ထမ်းနေကြရတာလည်း ဖြစ်သည်။ 
သို့မဟုတ် အခြားအကြောင်းကြောင့်လည်း ဖြစ်နိုင်သည်။ 
များသောအားဖြင့် ရဟန်းတော်အများစုက သူ့လို နမော်နမဲ့ အကြောင်းမဲ့ နေထိုင်တော်မူတတ်ကြသည်တော့ မဟုတ်..။
သူကသာ .....




လိပ်ပြာများ ထပြန်သွားချိန် အိပ်မက်ကို သပိတ်ထဲ သို့ မဟုတ် အိတ်ထဲ ထည့်ရမှာလား စဉ်းစားနေမိသေးသည်။
 နောက်မှ သပိတ်ဝင် အိတ်ဝင် ဆိုသော ရွှေပြည်ကြီးသုံးဝေါဟာရကို နှစ်ခြိုက်စွာ 
ကြိတ်ဝါးမိမှ အိပ်မက်ကို မကျိုးမကြေအောင်
လက်က ဆွဲထွက်လာခဲ့တော့သည်။ 

အိပ်မက်က အသစ်........

ဓမ္မဂင်္ဂါ
(၆-၄-၂၀၁၃)


(ဆေးရုံပေါ်တွင် နာကျင်မှုကို ကျော်လွှားရန် သောက်နေရသော ဆေးများကြောင့် နိုးတစ်ဝက်အိပ်မောကျကာလများတွင် စိတ်လက်ကွက်ဖြင့် တဖျောက်ဖျောက် ရိုက်နေသောဝါကျများသာဖြစ်ပါသည်။ ရွှေပြည်ကြီး၏ ဒဂုံမြိုတော် လမ်းဆုံမဟာဈေး(ဆူပါမားကက်)တစ်ခုအ၀င်က အေတီအမ်ကို ဖြတ်ကနဲစောင်းငဲ့ကြည့်မိရာ Out of Service ဟူသော စာတမ်းပြူးပြူးကြီးကို မြင်လိုက်ရခြင်းသည်လည်း နီးသောအကြောင်းတစ်ခုဖြစ်ပေလိမ့်မည်။)

20 February, 2013

ရဟန်းနှင့် သေခြင်းရဲ့ တံခါးများ..



ရဟန်းနှင့် သေခြင်းရဲ့ တံခါးများ..
----------------------
နှစ်ညတာ တရားပွဲ စော်ဘွားမြေကအပြန်...
အမေ့အိမ်လေးကို ၀င်မည်...။
အမေကျွေးတဲ့ တောဟင်းတောမုန့်လေးတွေ စားမည်..။
ကားဆရာလေးက အမေ ပါတဲ့ သီချင်းတွေ ဖွင့်သည်..။
ကပ္ဗိယက အမေ့အကြောင်းပြောသည်..။
ခရီးသွားတိုင်း အမေ့ကို ရှိခိုးဦးချနှုတ်ဆက်ပြီးမှ ခရီးထွက်လေ့ရှိသတဲ့..။
ပြန်လာရင်လည်း အမေ့ကို အရင် ဦးတိုက်ပါသတဲ့...။
ကောင်းလိုက်တာဗျာ...။
ကျုပ်လည်း ခု အမေနဲ့ တွေ့ရတော့မယ် ...ဗျ..။

ထိုစဉ်မှာပင်....
ကားဘီးပေါက်..။ ထိန်းမရ...။ လမ်းကျဉ်း..
ချောက်ထဲကျ...၊ ဂျွန်းပြန်.. ကားပက်လက်လန်...။
သေပြီ ဟု တွက်လိုက်မိ...။
ဘယ်လိုဖြစ်ပါလိမ့်....။ ငါသေနေပြီလား....။
ခန္ဓာကိုယ်က ဇောက်ထိုး...။ မှန်ကွဲနေသော ကားပြတင်းမှ တိုးထွက်ခဲ့ကြ..။ ဒရိုင်ဘာ..
နဲ့ ကပ္ဗိယက ကိုယ့်ကို စိတ်ပူ...။
ကိုယ်က သူတို့အတွက် စိတ်ပူ...။
မင်းတို့ ဘာဖြစ်ကြလဲ..။
ဘာမှမဖြစ်ဘူး..။
ဘုန်းဘုန်းဘာဖြစ်လဲ ...
ဘာမှ မဖြစ်ဘူးဟ...။
ကားကြီးကိုလှည်ကြည့်လိုက်တော့ ..... အားလားလား....
ငါတို့ လူတွေရော ဟုတ်ကြသေးရဲ့လား....။
ပြေးထွက်လာသော ရွာသားများအသံကြား...
ဘုရား ဘုရား....
(သေခြင်းရဲ့ တံခါးများ ....
ငါ့ည အသက်ရှင်ခွင့်ကို ပေး.....)

အမေစောင့်မျှော်နေမည့် ဆွမ်းဝိုင်းလေးဆီတော့ အချိန်မမီခဲ့...။
သို့သော် စိတ်ပူနေတဲ့ အမေ့ကို မျက်နှာပြဖို့ ဆိုင်ကယ်လ်တစ်စီး နောက်မှီးမှာ ခိုလို့ မိနစ်အနည်းငယ်မျှ ရောက်ခဲ့...။
အမေ့ကို သတိရတဲ့ စိတ်က ကယ်လိုက်တာဖြစ်မှာပါ အမေ.....။

ဓမ္မဂင်္ဂါ
(၁၉ -၂-၂၀၁၃)

အပြည့်အ၀ကူညီကြလေသော ကောလင်းမြို့၊ ဆိုင်တူးကျောင်းဆရာတော်၊ကန့်ဘလူမြို့နယ်၊ ၀က်တူးရွာသူရွာသားများနှင့်
ထန်းကုန်း သဟပုညကာရီအသင်းသားများ၊ ဘာအညီအညီပေးရမလဲ ဟု မေးကြရှာလေသော ဖြတ်သွာဖြတ်လာကားများကို အထူးမှတ်တမ်းတင်အပ်ပါသည်..။ ပျောက်ကွယ်နေပြီဟု ပြောပြောနေကြလေသည့် ကူညီရိုင်းပင်းတတ်မှု
မြန်မာ့စိတ်ရင်း၊ မြန်မာ့ရှုခင်းလေးကို အရင်းပကတိအတိုင်း
တွေ့လိုက်ရသည့် ကြည်နူးဝမ်းသာ...။
ထို့ထက်အလွန်....ခရီးစဉ်တလျောက်လုံး၏ ကောင်းကျိုးဆိုးကျိုးများကို စီစဉ်ဖြေရှင်းပေးခဲ့သည့် ပုလဲပရဟိတဖောင်ဒေးရှင်းဆရာတော်ကို ကျေးဇူးစကားမည်သို့ မည်ပုံဆိုရမည်ပင် မသိတော့ပြီ..။ 

14 February, 2013

ရဟန်းနှင့် ဗယ်လင်တိုင်းဝဋ်


ရဟန်းနှင့် ဗယ်လင်တိုင်းဝဋ်

by Dhamma Ganga on Thursday, February 14, 2013 at 4:13pm ·

 'မာ ပိယေဟိ သမာဂဉ္ဆိ၊ အပ္ပိယေဟိ ကုဒါစနံ။ပိယာနံ အဒဿနံ ဒုက္ခံ၊ အပ္ပိယာနဉ္စ ဒဿနံ။
'တသ္မာ ပိယံ န ကယိရာထ၊ ပိယာပါယော ဟိ ပါပကော။ဂန္ထာ တေသံ န ဝိဇ္ဇန္တိ၊ ယေသံ နတ္ထိ ပိယာပ္ပိယံ။

ချစ်သောသူတို့နှင့်လည်း မပေါင်းဖော်လင့်၊ မုန်းသောသူတို့နှင့်လည်း တစ်ရံတစ်ဆစ်မျှ မပေါင်းဖော်ပါလင့်၊ ချစ်သောသူတို့ကိုလည်း မမြင်ရခြင်းသည် ဆင်းရဲ၏။ မုန်းသောသူတို့ကို မြင်ရခြင်းသည်လည်း ဆင်းရဲ၏။

ထို့ကြောင့် (လူကိုဖြစ်စေ ပစ္စည်းဥစ္စာကိုဖြစ်စေ) ချစ်ခင်စွဲလမ်းခြင်းကို မပြုရာ၊ ချစ်ခင်စွဲလမ်းဖွယ်ရာတို့နှင့် ကွေကွင်းရခြင်းသည် မကောင်းသည်သာတည်း၊ ချစ်ခြင်း မုန်းခြင်း မရှိသောသူတို့အား အနှောင်အဖွဲ့ 'ဂန္ထ' တို့ မရှိကြကုန်။
ဗုဒ္ဓ
(ဓမ္မပဒပါဠိတော်၊ပိယ၀ဂ်၊တယောဇနပဗ္ဗဇိတဝတ္ထု...မှ...)

နံနက်ခင်းတံခါးချပ်များကို တွန်းဖွင့်လိုက်သည်နှင့် နှင်းဆီပန်းခင်းကြီးတစ်ခုလုံးတင်ဆောင်လာသော ချောကလက်လှေကြီးတစ်စီး ဖြတ်မောင်းသွားသည်ကို မြင်လိုက်ရသည်..။ ဂျက်ခ်စ်ဖီလ်မ်စ်၏ သီချင်းအပိုင်းအစများက သူ့အခန်းလေးရှေ့တွင် ပဲ့ကျန်မွကြေနေကြ၏။


“If you find yourself alone on Valentine's Day,
No box of chocolates to open, no roses in your vase or vase.
If you find yourself alone on Valentine's Day,Just remember,
Cupid's arrow is on its way.”

“ဗယ်လင်တိုင်းနေ့မှာ မင်းတစ်ကိုယ်တည်း အထီးကျန်နေမယ်ဆိုရင်...
 ချောကလက်ဗူးလည်း ဖွင့်စရာမရှိဖြစ်နေမယ် ဆိုရင်....
ပန်းအိုးထဲမှာ နှင်းဆီပန်းတွေလည်း ရှိမနေဘူးဆိုရင်...
သတိရလိုက်ပါကွယ်..။
ကျူးပစ်ရဲ့ မြားဟာ လမ်းခုလတ်မှာ ရောက်နေပါပြီကွယ်...။”

ချစ်သူများနေ့ဆိုပါလား..။
တဏှာပေမမြစ်ဖျားမှ စီးလာနိုင်သည့် ရိုမန္တိကနာရီများက ရဟန်းတစ်ပါး၏ ဒိုင်ယာရီတွင် ခိုကပ်ခွင့်မရှိ..။ 

သို့ဆိုသော်  ရဟန်းတစ်ပါးအတွက် ဗြဟ္မစိုရ်မေတ္တာအရည်ရွှမ်းသောချစ်သူများနေ့သည် ဖေဖော်ဝါရီလ ၁၄ ရက်မျှ မဟုတ်ပြီ...။ 
၂၄ နာရီချစ်သူများ....၁၂ ရာသီချစ်သူများ......။ 
ပွားများချဲ့ထွင်နိုင်သလောက် ကျယ်ပြန့်စေနိုင်သော မေတ္တာနိုင်ငံတော်..မေတ္တာကမ္ဘာ...မေတ္တစကြာဝဠာ......
ဗြဟ္မစိုရ်ချစ်ခြင်းမေတ္တာဖြင့်
ကမ္ဘာမြေ စိမ်းလန်းပါစေ..။
ကမ္ဘာရေ စီးဆင်းပါစေ..
ကမ္ဘာလေ လတ်ဆတ်ပါစေ...။
မျက်နှာသစ်ရင်း သူ မေတ္တာပို့လိုက်သည်..။ 
ဤသို့ဖြင့် ရဟန်းတစ်ပါး၏ ကျောင်းသင်္ခန်းပရိဝုဏ်သည် ဗြဟ္မစိုရ်နေ့များစွာဖြင့် စိမ်းလန်းခဲ့ပါသည်။ 

အရုဏ်နံနက်စာပြီးသည်နှင့် အွန်လိုင်းစာမျက်နှာအချို့ကို ကလစ်မိသည်..။
ချစ်ခြင်းမေတ္တာဖြင့် ကမ္ဘာမြေကို ငြိမ်းချမ်းစွာ ရွေ့လျားစေသူများနှင့် အမုန်းဒေါသနှင့် အာဃာတလက်ကြမ်းကြီးများဖြင့် ကမ္ဘာ့နံရံများကို ထုခွဲတွန်းဖြိုနေသူများကြား သူ စိတ်ချွေးထွက်နေသည်...။ 
ထို့နောက် အမှတ်မထင် အိပ်ရာဘေးရှိ ဒိုင်ယာရီအဟောင်းလေးကို ဖွင့်ဖတ်မိသည်..။
၂၀၀၆ ခုနှစ်က ဒီနေ့မှာ ဘာတွေများ ရေးခြစ်မိပါလိမ့်...။

“အတ္တဆိုသည်မှာ ဘာတွေထည့်ထားမှန်းမသိဘဲ လွယ်ပိုးထားရသည့် ကျောပိုးအိတ်တစ်လုံးပဲဖြစ်လိမ့်မည်..။
ဘယ်တော့မှလည်း ဖွင့်ကြည့်ရန် စိတ်မ၀င်စားခဲ့ကြ..။ သို့သော် တပ်မက်စွာ....။
အရိယာပုဂ္ဂိုလ်မွန်များကတော့ ပြတ်သားစွာ ဖွင့်ကြည့်ခဲ့ကြသည်။ အနတ္တအမှိုက်များကိုသာ တွေ့သွားခဲ့ကြလေသည် တဲ့..။ 
ကိုယ်တိုင်ကရော....။
အတ္တထဲမှာ အတ္တတွေကိုပဲ ထိုးထိုးထောင်ထောင်...။
ငါရှိနေကြောင်း ကမ္ဘာမြေကြီးအသိအမှတ်ပြုပေးပါ...။
သည်လိုဥမ္မတ္တကောနှင့် နှစ်သုံးဆယ်....။ 
သည်နေ့ဟာ ကမ္ဘာ့ချစ်သူများနေ့ဆိုပဲ...။
 သည်နေ့မှမဟုတ်၊နေ့တိုင်း ငါ့ချစ်သူများနေ့ပဲ ဖြစ်ရမယ် တဲ့..။
ကမ္ဘာမြေဟာ ငါ့ချစ်သူတွေရဲ့  နေရာ .......
စိုက်ပျိုးကြစို့......”

သူ့အခန်းရှေ့ကို အမှတ်မထင်ငေးကြည့်မိတော့ မနက်ခင်းဆီက ဖြတ်မောင်းသွားသော နှင်းဆီတင် ချောကလက်လှေကြီး သူ့ဆီ တည့်တည့်မတ်မတ် ထိုးဆိုက်လာလေသည်..။


ဓမ္မဂင်္ဂါ
(၂၀၁၃ ဖေဖော်ဝါရီလ (၁၄)ရက်)

20 January, 2013

ရဟန်းနှင့် အပြုံးတောအုပ်

(၁)
ကျေးငှက်တေးသီသံတွေကို နာပျော်မှုမရှိတော့တာ ဘယ်လောက်ကြာပြီတဲ့လဲ..။
ဗာရာဏသီရောက် ရဟန်းတစ်ပါးရဲ့ သွေ့ခြောက်လှတဲ့ နေ့ရက်တွေအတွက် နောင်တရဖို့ လိုလေမလား...။
သူသည် အခန်းကျဉ်းလေးထဲတွင် ထိုင်ကာ ကွန်ပြူတာကီးဘုတ်ကို တချက်ချက်ရိုက်ရင်း ၀ါကျအချို့ စရေးဖြစ်သည်။
မကြာမီ ရွှေပြည်ကြီး၏ အပြုံးတောအုပ်တွင် သူ့စိတ်နှလုံးကို ပြန်လည်ရောနှောစိုက်ပျိုးခွင့်ရတော့မည်။

အပြုံးငတ်သူအတွက် အမဲ့တဒင်္ဂသည် ကြာရှည်၏။
မဇ္ဈိမတွင် ခြောက်နှစ်တာအပြုံးမဲ့နေ့ရက်များကို သူ ဖြတ်သန်းခဲ့ရပြီးပြီပဲ..။
ပိဋကတ်စာမျက်နှာများပေါ် ဖြတ်သန်းရစဉ်က ခံစားမြင်သိခဲ့ရသော ဘီစီခြောက်ရာစုမဇ္ဈိမ၏ ခမ်းနားသော အသွင်အပြင်နှင့် သိမ်မွေ့သော စိတ်နှလုံးပိုင်ရှင်တို့၏ သိတ၊ဟသိတအပြုံးများက ကာလကတ္တားမြို့တော် ဆူဘတ်ချန္ဒရာဘို့စ်လေဆိပ်မှ ထွက်သည်နှင့် ပျောက်ရှသွားပြီးဖြစ်ကြာင်း သေချာခဲ့သည်။

မူလပကတိရွှေပြည်ကြီးသားမြန်မာတစ်ယောက်၏ စိတ်အခြေခံနှင့် တိုက်ဆိုင်မှုမရှိ၊ ကွဲပြားခြားနားလှသော ခေတ်သစ်မဇ္ဈိမ၏ ဖော်ရွေမှုကင်း၊ ရိုင်းပင်းမှုမရှိသည့် ယဉ်ကျေးမှုအခင်းအကျင်းကို သူ ဘ၀င်မကျခဲ့...။
ခုတော့ မဇ္ဈိမ၏ မပျော်ခြောက်နှစ်၊ပျော်ခြောက်နှစ်ကာလ ကုန်ဆုံးသွားခဲ့ပြီ..။
Yeah ...Freedom from the Smile-less days! :D

သို့ပေမင့် ရွှေပြည်ကြီး၏ ပစ္စက္ခအရေးအရာအသိုက်အမြုံအပြောင်းအလဲများက
အဲဒီအပြုံးတွေကို ခုတ်ထွင်ထားခဲ့လျှင်ရော...။
သိုက်ဆရာတွေက လှေပေါ်မှာ တဲ..။ ရွှေပြည်ကြီး၏ အသွေးအသားမှန်သမျှကို တူးဆွနေကြသည်။
အပြုံးငုတ်တိုများဖြင့် ဗြဟ္မစိုရ်စိမ်းလန်းမှုပြုံးတီးနေသော တရံရောဆီကအပြုံးတောအုပ်ကြီး..။
သူ နည်းနည်းတော့ ပူစပ်စပ်ဖြစ်သွားသည်။ ဝေဒနာက္ခန္ဓာများလည်း မလုံမခြုံဖြစ်သွားရ၏။

ရွှေပြည်ကြီးက ပြောင်းလဲနေသည် နှင့် ပြောင်းလဲနေပြီကြားထဲ ခပ်မူးမူးလျှောက်နေရဟန်တူသည်။
သတင်းစာမျက်နှာများကို ဖတ်ကြည့်မိလေတိုင်း မနာလိုဝန်တိုမှု၊ ပဋိပက္ခ၊ ၀ိရောဓိနှင့် ရန်လိုချင်သော စကားလုံးတို့ဖြင့် ရွှေပြည်တော်ကို မျှော်နေကြသည်။
ရွှေပြည်တော်ရယ် မျှော်လေတိုင်း ဝေး........
ဓူဝံကြယ်စင် မြင်နေလည်း ဝေး........။

ဗြဟ္မစိုရ်တန်ဖိုးများနဲ့ ဘာဖြစ်လို့များ အုတ်မြစ်မချနိုင်ကြသေးပါလိမ့်...။
ကိုယ့်ကိုယ့်ကိုယ် ခွင့်မလွှတ်တတ်တော့ သူတစ်ပါးကိုလည်း ခွင့်မလွှတ်တတ်တော့လေပြီလား...။
အိပ်ရာက နိုးထလေတိုင်း အကြိတ်အခဲတစ်ခုက ရင်ဘတ်တိုင်းကို ဆောင့်တိုးနေကြဆဲပဲ ထင်သည်..။
အာဃာတတရားဆိုတာ အနှောင်အဖွဲ့တစ်မျိုးပါပဲလေ...။

ဗုဒ္ဓအရှင်ရဲ့ အက္ကောဓေန ဇိနေ ကောဓံ ရန်လိုမှုကို မေတ္တာနဲ့ အနိုင်ယူ  ဒေသနာဆိုတာ
ဓမ္မကထိကနှုတ်ဖျားက ထွက်ကျလာတဲ့အခါသာ သာဓုခေါ်ကောင်းရုံပဲ ဖြစ်မယ် ထင်ရဲ့...။
တကယ်တော့ မိတ်ဆွေရဟန်းတော်တစ်ပါးပြောဖူးသလို ငါတို့ အမျိုးတွေက
စက္ကူပေါ်က ဗုဒ္ဓဘာသာဝင်တွေ (Buddhists on the paper) တဲ့..။

လွန်ခဲ့သောနှစ်က မြောက်ဝန်ရိုးစွန်းက စကင်ဒီနေဗီယန်းနိုင်ငံများကို နှံ့လုနီးပါးရောက်သွားခဲ့သည်။
ဗုဒ္ဓတရားတော်နှင့်ညီညွတ်သည့် နေထိုင်မှုအနုပညာ( The Buddhist Art of Living) ထွန်းကားသီးပွင့်နေတာ ငြိမ်းချမ်းပျော်ရွှင်ဖွယ်ရာ ကိုယ်တိုင်မြင်ခဲ့ရသည်။
ဗုဒ္ဓဘာသာဆိုသော ဆိုင်းဘုတ်ကြီးများ မတွေ့ခဲ့ရ...။

ထိုနိုင်ငံ၊ ထိုလူမျိုးတို့က ဗုဒ္ဓအရှင်၏ မင်္ဂလာတရားတော်များကို လက်တွေ့ကျင့်သုံးဆောက်တည်နေကြသည်။
မင်္ဂလာတရားတော်များသည် ထိုနိုင်ငံများတွင် လမ်းပြမြေပုံ(Road Map) အစစ်
ဖြစ်နေသည်။  အေးချမ်းလှသော စကင်ဒီနေဗီယန် အပြုံးများကို  သူ မမေ့..။ After you ကျင့်ဝတ်ကို သူ မြတ်နိုးခဲ့ရသည်။
ဒီကမ္ဘာပေါ်မှာ လူသားတစ်ဦးနဲ့ တစ်ဦး နူးညံ့ခြင်းပြိုင်ပွဲမရှိတာကိုတော့ ကျနော်က ရယ်သွမ်းသွေးလိုလှပါတယ် ဟု ရေးဖွဲ့ခဲ့သောကဗျာဆရာကြီး မောင်ချောနွယ် သည် ရွှေပြည်ကြီး တစ်ခုတည်း၏ အခင်းအကျင်းကိုသာ စိတ်မောစွာ  မြင်သွားတာပဲဖြစ်ပေမမည်။။
(မော်ဒန်ကဗျာ က၀ိကြီးခမျာ ကျားတံဆိပ်တစ်လုံးနဲ့ မြောက်ဝင်ရိုးစွန်းမှာ မုဒိတာ စကားလုံးေ တွ ရေးဖွဲ့ မသွားရရှာ..။)

နော်ဝေနိုင်ငံသားတို့၏ စိတ်ရှုခင်းကို ကြည့်ပါလေဦး..။ နိုင်ငံအညွန့် အညှောက်လူငယ်မျိုးဆက်လေးများကို အစုအပြုံလိုက်သတ်ဖြတ်ခဲ့သည့် လူသတ်သမားကိုပင် ခွင့်လွှတ်နိုင်ကြလေသည် တဲ့ ။ ဥပဒေကသာ အပြစ်ကို သုတ်သင်ပေးလိမ့်မည်..ဟူသောအတွေးအခေါ်ဖြင့်
တိမ်းပါးသွားကြရှာသည့် လူငယ်မျိုးဆက်လေးများ၏ ကျန်ရစ်သူမိသားစုများကို ဘယ်လိုနှစ်သိမ့်ကြမလဲ ဆိုသည်ကိုသာ ဦးတည်ခဲ့ကြသည်.။ ကျန်ရစ်သူတို့၏ မျက်ရည်များကိုသာ သောကစင်အောင် သုတ်ပေးဖို့ ကြိုးစားခဲ့ကြသည်..။

နောက်ထပ်သေနတ်သံများ မကြားရလေအောင် လူသတ်သမား၏ နောက်ကြောင်း ဘ၀ကို ခြေရာခံကြသည်။။ ဘယ်လိုစိတ်ဒဏ်ရာတွေနဲ့များ ကြီးပြင်း ခဲ့ပါသလဲ...။ ဒီလို စိတ်အနာမျိုး လူဘယ်နှစ်ဦးဆီ ကူးစက်နေခဲ့ပြီလဲ...။
ကြိုတင်ကာကွယ်ဖို့ ပြင်ဆင်ကြသည်။

ရွှေပြည်ကြီးမှာလည်း စိတ်အနာတွေက များလှပါပကော...။
စိတ်အနာတွေပေါ် ဖိဖိမနင်းကြဖို့.....။
နာနေသူတွေကိုယ်တိုင်လည်း မေတ္တာဆေးဝါးသောက်သုံးကုသကြဖို့...။

မလွယ်မှန်းသိပေမယ့်
တစ်ခြားနည်းလမ်းတွေက မိးခိုးတွေ အူလွန်းတယ်..။
ထမင်းအိုးလေးတွေ မှောက်လွန်းတယ်...။
စာသင်ခန်းလေးတွေ မှောင်လွန်းတယ်...။

ဘာပဲဖြစ်ဖြစ်.. ရွှေပြည်ကြီး၏ ပျောက်ဆုံးလောင်ကျွမ်းနေသော အပြုံးေ တာအုပ် များကို ပြန်လည် စိုက်ပျိုးကြရပါဦးမည်။
သူကိုယ်တိုင်မှာရော... အပြုံးအခက်အလက်တွေ ဝေဆာနေပါသေးရဲ့လား..။
သစ်ပင်တစ်ပင်၏ ရယ်သံကို ကြားမိသလိုလို....။

ဓမ္မဂင်္ဂါ
(၂၀-၁-၂၀၁၃)

08 November, 2012

ရဟန်းနှင့် ပင်လယ်


၁)
ပြာလွင်စူးလက်သော ပင်လယ်သည် အမောတကောစီးလာသည့် မြစ်တစ်မြစ်ကို ဘယ်လို ကြိုလေ့ရှိသလဲ သူ မသိပါ။ သူကတော့ ပင်လယ်ဝတွင် ရပ်နေမိပြီ။ လှိုင်းမောက်မောက်လေးများ သူ့ခြေဖ၀ါးအောက် ရောက်လာသည့် ရသကို နှစ်သက်မိသလို မျက်နှာကို ဖွဖွပုတ်ကာ တိုက်ခတ်လေသော လေညင်းရှရှကိုလည်း ခုံမင်နေမိသည်။ အမြင်တဆုံး ပင်လယ်...။ ကောင်းကင်နှင့် ချုပ်စပ်ထားသော ပင်လယ်...။ အဓိပ္ဗါယ်တွေ အများကြီး ၀ါးမြိုပြီးလေသော ပင်လယ်...။ 

အညာကျေးလက်တွင် မွေးဖွားခဲ့သော သူ့အတွက် ပထမဆုံး ပင်လယ်ယောင်ယောင်လေကို မြင်ဖူးသည်မှာ စင်ကာပူကမ်းခြေတွင် ဖြစ်သည်။ ထို့နောက်တွင်တော့ ကံကောင်းထောက်မစွာ ပင်လယ်နဲ့ သမုဒ္ဒရာအချို့ကို မြည်းစမ်းခွင့်ရခဲ့သည်။ သြစတေးလျတိုက်၊ မဲလဘုန်းကမ်းခြေဆီက ပစိဖိတ်သမုဒ္ဒရာ..။ အီတလီတောင်ပိုင်း အော်တရန်တိုကမ်းခြေမြို့လေးဆီက မြေထဲပင်လယ်နှင့် လဗ်ဗီယားနိုင်ငံမြို့တော် ရိဂ၏ ဘော်လတစ်ခ်ပင်လယ်..။ ခုတော့ 
ရွှေပြည်ကြီး၏ ပင်လယ်ကို သူ ငေးနေမိသည်။ 

သူသည် ပင်လယ်ကို မြင်နေရပါလျက် ပင်လယ်ကို မရောက်သေးကြောင်း သိနေခဲ့ပြန်သည်။ သူ မကြာခဏ ကြွေးကြော်လေ့ရှိသော မြစ်ကတော့ စီးလာမယ် ပင်လယ်တွေ ကြိုကြ သည် အစစ်မှန်စီးဖို့ မှ ဟုတ်ပါရဲ့လား..။

(၂)

ဂင်္ဂါမြစ်ကမ်းပါးတွင်  ဗုဒ္ဓအရှင်နှင့် တပည့်သာဝကရဟန်းတို့၏ ပုံရိပ်ပေါ်လာသည်။ ဂင်္ဂါမြစ်ရေကြောတွင် မျောလာသော သစ်တုံးကြီးကို အရှင်မြတ်က သာဝကတို့အား ညွှန်ပြကာ 
ရဟန်းတို့ ဂင်္ဂါမြစ်ရေအလျဉ်ဖြင့် မျော၍ လာသော ကြီးစွာသော သစ်တုံးကို သင်တို့ မြင်ကြကုန်၏လော''ဟု မေးမြန်းလေသည်။
အသျှင်ဘုရား မြင်ကြပါကုန်၏..။

ရဟန်းတို့ အကယ်၍ သစ်တုံးသည် ဤမှာဘက်ကမ်းသို့ မရောက်ခဲ့ပါလျှင်၊ ထိုမှာဘက်ကမ်းသို့မရောက်ခဲ့ပါလျှင်၊ အလယ်၌ မနစ်မြုပ်ခဲ့ပါလျှင်၊ ကြည်းကုန်း၌ မတင်ခဲ့ပါလျှင်၊ လူတို့ မဆယ်ယူခဲ့ပါလျှင်၊ နတ်တို့ မဆယ်ယူခဲ့ပါလျှင်၊ ဝဲမစုပ်ယူခဲ့ပါလျှင်၊ အတွင်း၌ မဆွေးမပုပ်ခဲ့ပါလျှင် ထိုသစ်တုံးသည် သမုဒ္ဒရာသို့ ညွတ်သည် သမုဒ္ဒရာသို့ ကိုင်းသည် သမုဒ္ဒရာသို့ ရှိုင်းသည် ဖြစ်လတ္တံ့။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ဂင်္ဂါမြစ်၏ ရေအလျဉ်သည် သမုဒ္ဒရာသို့ ညွတ်သည် သမုဒ္ဒရာသို့ ကိုင်းသည်သမုဒ္ဒရာသို့ ရှိုင်းသည် ဖြစ်သောကြောင့်တည်း။

ရဟန်းတို့ ဤအတူ သင်တို့သည်လည်း ဤမှာဘက်ကမ်းသို့ မရောက်ခဲ့ပါလျှင်၊ ထိုမှာဘက်ကမ်းသို့မကပ်ရောက်ကြပါလျှင်၊ အလယ်၌ မနစ်မြုပ်ကြပါလျှင်၊ ကြည်းကုန်း၌ မတင်ကြပါလျှင်၊ လူတို့ မဆယ်ယူကြပါလျှင်၊ နတ်တို့ မဆယ်ယူကြပါလျှင်၊ ဝဲမစုပ်ယူကြပါလျှင်၊ အတွင်း၌ မဆွေးမပုပ်ကြပါလျှင် သင်တို့သည် နိဗ္ဗာန်သို့ ညွတ်ကုန်သည် နိဗ္ဗာန်သို့ ကိုင်းကုန်သည် နိဗ္ဗာန်သို့ ရှိုင်းကုန်သည် ဖြစ်လတ္တံ့။ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ ကောင်းစွာ မြင်ခြင်း 'သမ္မာဒိဋ္ဌိ'သည် နိဗ္ဗာန်သို့ညွတ်သည် နိဗ္ဗာန်သို့ ကိုင်းသည် နိဗ္ဗာန်သို့ ရှိုင်းသည် ဖြစ်သောကြောင့်တည်း။

ဗုဒ္ဓအရှင်၏ လေးနက်လှသော ဒေသနာသည် ပုထုဇဉ်တို့ ၏ ထူးပိန်းသော နားအတွက် ရှုပ်ထွေးလှသည့် ခက်ဆစ်များဖြစ်နေခဲ့ပါသည်။
။ သစ်ပင် သို့မဟုတ် မြစ်ကမ်းတစ်ခုသည်ပင် ဗုဒ္ဓအရှင်၏ ဓမ္မစာသင်ခန်းတစ်ုခု ဖြစ်နေသည်။ လွတ်လပ်စွာ မေးမြန်းခွင့် ဆွေးနွေးခွင့် ရှိလေသည်။ ယနေ့ ကမ္ဘာ့တက္ကသိုလ်ပရိဝုဏ်များတွင် ကျင့်သုံးလျက်ရှိသော နည်းနိသျများသည် ဗုဒ္ဓသာသနာတွင် အသစ်အဆန်းမဟုတ်ပြီ။ ရဟန်းတစ်ပါးက အရှင်မြတ်အားလျှောက်ထား မေးမြန်း၏
'မြတ်စွာ့ဘုရား ဤမှာဘက်ကမ်းဟူသည် အဘယ်ပါနည်း၊ ထိုမှာဘက်ကမ်းဟူသည် အဘယ်ပါနည်း၊ အလယ်၌ နစ်မြုပ်ခြင်းဟူသည် အဘယ်ပါနည်း၊ ကြည်းကုန်း၌ တင်မှုဟူသည် အဘယ်ပါနည်း၊ လူတို့ ဆယ်ယူမှုဟူသည် အဘယ်ပါနည်း၊ နတ်တို့ ဆယ်ယူမှုဟူသည် အဘယ်ပါနည်း၊ ဝဲစုပ်ယူမှုဟူသည် အဘယ်ပါနည်း၊ အတွင်း၌ ပုပ်ဆွေးမှုဟူသည် အဘယ်ပါနည်း '' တဲ့...။ 

 အရှင်မြတ်က ဤသို့ ဝေါဟာရခက်ဆစ်ကို ဖွင့်တော်မူခဲ့သည်။
ရဟန်း '' ဤမှာဘက်ကမ်း'' ဟူသော ဤအမည်သည် အတွင်းဖြစ်သော တည်ရာ 'အဇ္ဈတ္တိကာယတန'ခြောက်ပါးတို့၏ အမည်တည်း။
ရဟန်း ''ထိုမှာဘက်ကမ်း'' ဟူသော ဤအမည်သည်အပဖြစ်သောတည်ရာ 'ဗာဟိရာယတန' ခြောက်ပါးတို့၏ အမည်တည်း။
ရဟန်း ''အလယ်၌ နစ်မြုပ်ခြင်း'' ဟူသော ဤအမည်သည် နှစ်သက်စွဲမက်မှု 'နန္ဒီရာဂ'၏ အမည်တည်း။
ရဟန်း'' ကြည်းကုန်း၌ တင်မှု ''ဟူသော ဤအမည်သည် ငါဟူသော ထောင်လွှားသည့် 'မာန'၏ အမည်တည်း။
ရဟန်း ''လူတို့ ဆယ်ယူမှု ''ဟူသည် အဘယ်နည်း။
ရဟန်း ဤသာသနာတော်၌ ရဟန်းသည် လူတို့နှင့်ရောနှောသည် ဖြစ်၍ နေ၏၊ အတူတကွ နှစ်သက်မှုရှိ၏၊ အတူတကွ စိုးရိမ်မှုရှိ၏၊ လူတို့ချမ်းသာသည်ရှိသော် ချမ်းသာ၏၊ လူတို့ ဆင်းရဲသည်ရှိသော် ဆင်းရဲ၏၊ ပြုဖွယ်ကိစ္စတို့ ပေါ်ပေါက်လာကုန်သည်ရှိသော် မိမိသည်ပင် ထိုကိစ္စတို့၌ အားထုတ်ခြင်းသို့ ရောက်၏။ ရဟန်း ဤသို့ ဖြစ်မှုကို 'လူတို့ဆယ်ယူမှု'ဟု ဆိုအပ်၏။
ရဟန်း ''နတ်တို့ ဆယ်ယူမှု ''ဟူသည် အဘယ်နည်း။
ရဟန်း ဤသာသနာတော်၌ အချို့သောရဟန်းသည် ''ငါသည် ဤသီလအားဖြင့်လည်းကောင်း၊ ဤခြိုးခြံမှုအကျင့်အားဖြင့်လည်းကောင်း၊ ဤအကျင့် မြတ်အားဖြင့်လည်းကောင်း ထင်ရှားသော နတ်သော်လည်းကောင်း၊ မထင်ရှားသောနတ်သော်လည်း ကောင်း ဖြစ်ရလိမ့်မည်''ဟု တစ်ခုခုသော နတ်အဖြစ်ကို တောင့်တ၍ အကျင့်မြတ်ကိုကျင့်သုံး၏။ ရဟန်း ဤသို့ တောင့်တမှုကို 'နတ်တို့ ဆယ်ယူမှု'ဟု ဆိုအပ်၏။
ရဟန်း ''ဝဲစုပ်မှု'' ဟူသော ဤအမည်သည် ကာမဂုဏ်ငါးပါးတို့၏ အမည်တည်း။
ရဟန်း ''အတွင်း၌ ပုပ်ဆွေးမှု'' ဟူသည် အဘယ်နည်း။ ရဟန်း ဤသာသနာတော်၌ အချို့သောရဟန်းသည် သီလမရှိ၊ ယုတ်ညံ့သော သဘောရှိ၏၊ မစင်ကြယ်သည် ဖြစ်၍ ယုံမှားအပ်သောအကျင့်ရှိ၏၊ ဖုံးလွှမ်းအပ်သော အမှုရှိ၏၊ ရဟန်း မဟုတ်ဘဲလျက် ရဟန်းဟု ဝန်ခံ၏၊ အကျင့်မြတ်ကိုကျင့်သုံးသူ မဟုတ်ဘဲလျက် အကျင့်မြတ်ကို ကျင့်သုံးသူဟု ဝန်ခံ၏၊ အတွင်းပုပ်၏၊ ကိလေသာဖြင့်စိုစွတ်၏၊ အမှိုက် သရိုက်ကဲ့သို့ ဖြစ်၏။ ရဟန်း ဤသည်ကို 'အတွင်း၌ ပုပ်ဆွေးမှု'ဟု ဆိုအပ်၏။

(၃)

နံနက်ခင်း အိပ်ရာထသည်နှင့် မြစ်က ရေစီးရေလာ မကောင်းချင်..။ မှန်တစ်ချပ်သည် ဤမှာဘက်ကမ်း၏ ကျောက်ချရာဖြစ်၏။ မှန်တစ်ချပ်ရှေ့တွင် ဘယ်လောက်ကြာကြာထိုင်ဖူးသလဲ။ ရပ်နေခဲ့ဖူးသလဲ..။
မျက်စိ၊ နား၊ နှာ၊ လျှာ၊ကိုယ် စိတ် ဟူသော ဤမှာဘက်ကမ်းတွင် အစွဲအလမ်းကြီးစွာ ဆိုက်ကပ်နေမိတတ်ကြသည်။ အတွင်းခန်း(အဇ္ဈတ္တိက)ထဲက တော်ရုံနှင့် ရုန်းမထွက်နိုင်၊မစီးဆင်းနိုင်တော့.။
လောကုတ္တရာနယ်ထဲက ရဟန်းတစ်ပါးဖြစ်သော သူသည်ပင် ဤမှာဘက်ကမ်းမှာ ရံခါ ကပ်မိတတ်ရသေးသည်ဆိုလျင် လောကီနယ်၏ ဤမှာဘက်ကမ်းဆီမှာ ပိတ်မိနေတတ်သူများကို အပြစ်မဆိုသာ..။ ခရီးတစ်ခု အတူသွားကြည့်မိလျင် ဤမှာဘက်မှာပင် မြုတ်နေတတ်သော လူများစွာကို သူတွေ့မြင်စိတ်ပျက်ဖူးသည်။
မပြီးနိုင် မစီးနိုင်..။
ဖက်ရှင်လောကကြီး ခေတ်အဆက်ဆက် အောင်မြင်ခဲ့သည်မှာ ဤမှာဘက်ကမ်းကပ်လိုမှု အားကောင်းလှသောကြောင့်ပဲ ဟု မိတ်ဆွေရဟန်းတစ်ပါးက ခပ်ဟဟ မိန့်ဖူးသည်။ 

အရုပ်၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့နှင့် အတွေးအမြင်နယ်ပယ်ဆိုသည်က ဟိုမှာဘက်ကမ်းဟုဆိုပါလျင် သိပ္ဗံနည်းပညာနှင့် ယဉ်ကျေးမှုပေါက်ကွဲနေသော ရာစုသစ်တွင် ဟိုမှာဘက်ကမ်းက ဆိုက်ကပ်ချင်စရာ ဆွဲအားပြင်းလှသည်။ ရာစုသစ်ကြီးထဲ ရဟန်းတစ်ပါးလုပ်ရဲတဲ့ သတ္တိကိုတော့ အံ့သြမိတယ် တဲ့..။ မိတ်ဆွေအနောက်တိုင်းသားတစ်ဦးက မှတ်ချက်ပေးဖူးသည်။ အရှေ့အလယ်ပိုင်းသားတစ်ဦးကတော့ မိတ်ဆွေရဟန်းတစ်ပါးကို  ဗြဟ္မစရိယအကျင့်ကျင့်သုံးနေခြင်းအတွက် အံ့သြမိကြောင်း အထပ်ထပ်ပြောဖူးသည် တဲ့.။ 
အော် ဆိုက်ကပ်ချင်စရာ ဆိပ်ကမ်းတွေ.....။
အင်တာနက်ကွန်ယက်ကမ်းခြေတွင် နာရီပေါင်းများစွာ ဆိုက်ကပ်နေမိတတ်သည်။ အာရုံခြောက်ပါး (ဗာဟိရ)အပြင်သားတွေက ကြိုးမျှင်အထပ်ထပ်...။ ကလစ်ခ်လေးတစ်ချက်..။ ကွန်မင့်လေးတစ်ခုတွင် အသက်ဓါတ်ပါနေသလို ခံစားတိုးဝင်နေတတ်မြဲပင်..။ 

ခံစားတိုးဝင်မိတော့ စွဲလမ်းမှု၊ တွယ်တာမှုများက မိုးရေစက်တွေလို စိုလာကြပြန်သည်။ သည်လိုနှင့် နေ့စဉ်ဘ၀၀ဲဂယက်ထဲမှာ သိပေမယ့်လည်း နစ်မြုတ်ချင်နေတတ်တာမျိုးပါပဲ..။
ကုန်းပေါ်တင်နေသည့် ငါးတစ်ကောင်၏ ဖျပ်ဖျပ်လူးနေမှုမျိုးကို မြင်ဖူးကြလိမ့်မည်။
 ဗုဒ္ဓအရှင်ကတော့ မာနတရား၏ ပုံရိပ်အဖြစ် ကုန်းပေါ်တင်ခြင်းကို ဆိုသည်။ သစ်တုံးကြီး မစီးနိုင်တော့ ..။ ပင်လယ်ကို ဘယ်လို သွားမလဲ...။ မောက်ကြွသောလူ့သစ်တုံးကြီးများကို မြင်ယောင်လာသည်။ ပင်လယ်သီချင်းဆိုခွင့်မရတော့အောင် ခြောက်သယောင်းထကာ မာနအပူလှိုင်းမိသွားသည်။  ငါ ငါ  ငါ ဆိုတာတွေက ကမ်းတင်နေတာတဲ့လား...။

နေ့စဉ်ဘ၀ထဲမှာ ပေါလောမျောရင်း လူမှုနယ်ပယ်၏ ၀င်္ကပါက ဆယ်ယူလိုက်ပြန်သတဲ့..။ နစ်မွန်းပိတ်ဆို့ခံလိုက်ရသော ရဟန်းတစ်ပါးရဲ့ စီးကြောင်း..။ ပစ္စည်းဝတ္ထုလာဘ(Gain)ဂုဏ်သက္ကာရ(Honour) ကျော်စောမှုသိလောက(Fame)တရားတွေကလည်း တပ်မက်စရာကောင်းလှသည်။ ပင်လယ်လမ်းကို မေ့သွားစေတော့၏။ မြစ်ကျဉ်းထဲမှာ လွင်လွင်ပျော်ပျော်လေး စီးနေရတာကိုပဲ ပန်းတိုင်အဖြစ် ထင်မှတ်သွားသည်။  သူ့ကို ဘယ်သူတွေက ဆယ်ယူနေပါလိမ့်..။ဒါမှမဟုတ် သူကိုယ်တိုင်က အဆယ်ခံချင်နေတာလည်း ဖြစ်နိုင်သည်။
သူဟာ မျောနေသော သစ်တုံးတဲ့...။ 
နတ်တွေ ဆယ်ယူတာကို မျှော်တတ်သော မိတ်ဆွေရဟန်းများကိုလည်း တွေ့ဖူးသည်။ သံသရာက မလွတ်ကျွတ်သေးလျှင် သုဂတိဘ၀တစ်ခုခုကို တပ်မက်တာ သဘာဝကျပါသည်။ နတ်တွေ ဆယ်ကြ..။ 

အဓိက ပြဿနာက မနစ်မြုတ်ဖို့ ဖြစ်သည်။ သစ်တုံးကြီး စီးပါစေ..။ ပြီးတော့ အတွင်းပုပ်မသွားဖို့  တဲ့..။
ကြေမွဆွေးမြေ့သွားလျင် ပင်လယ်ဆီ ရောက်တော့မည်မဟုတ်..။
နိဗ္ဗာန်သည် ဗုဒ္ဓအရှင် ရည်ညွန်းတော်မူသော ပင်လယ်ဖြစ်ပါသည်။ 


(၄)

တကယ်တော့ ရဟန်းဆိုသည်က ကျန်းမာသန်စွမ်းစွာ စီးဆင်းနေရမည့် သစ်မာတစ်တုံးဖြစ်သည်။
သို့သော် သစ်တုံးအကန်းကြီးတော့ မဖြစ်စေရ..။ သမ္မာဒိဋ္ဌိမျက်လုံးစူးစူးများ တပ်ဆင်ထားဖို့ လိုအပ်ကြောင်း ဗုဒ္ဓအရှင်၏ သတိပေးနှင်တံဝင့်သံကို ကြားရ၏။
သူသည် ပင်လယ်ကို မြင်နေရပါလျက် ပင်လယ်ဆီ မရောက်သေးကြောင်း သိနေခဲ့ပါသည်။
ပင်လယ်ဆီ သွားမည်ဆိုလျင်
စီးရပေလိမ့်မည်။
စီးရုံသက်သက်နှင့်လည်း မလုံလောက်...။
သမ္မာဒိဋ္ဌိမျက်လုံးစူးစူးများကိုလည်း သူ ပိုင်ဆိုင်ရပါဦးမည်။


မည်သို့ဆိုစေ
မြစ်ကတော့ စီးလာမယ်..။ ပင်လယ်တွေ ကြိုကြ...။
ဓမ္မဂင်္ဂါ
(၈၊၁၁၊၂၀၁၂)
(ဒါရုက္ခန္ဓောပမသုတ်ကို ဖတ်ရင်း တွေးမိသည်များ....။)