Showing posts with label ဓမ္မဂင်္ဂါဒိုင်ယာလက်တစ်ခ်. Show all posts
Showing posts with label ဓမ္မဂင်္ဂါဒိုင်ယာလက်တစ်ခ်. Show all posts

02 November, 2011

အညှီအဟောက်ဒီဘိတ်ထ်

(မိတ်ဆက်နိဒါန်းလေးရေးဖို့ ကွက်လပ်ချန်ထားခဲ့တယ်)
တိဿရသေ့
''တရားသဖြင့် ရအပ်တဲ့ မြက်သီးစပါး၊ ဆောင်းမေခါးပွင့်သဏ္ဌာန် အနှံ ရှိတဲ့ စပါး၊ အလေ့ကျပေါက်တဲ့ ပဲနောက်၊ သစ်ရွက်စိမ်းနဲ့ သစ်မြစ်သစ်ဥ၊ သစ်သီးဝလံတွေကို စားသုံးကြတဲ့ သူတော်ကောင်းတွေဟာ ကာမဂုဏ်ချမ်းသာကို အလိုရှိခြင်းဆိုတဲ့ အကြောင်းကြောင်းတော့ ချွတ်ယွင်းတဲ့ စကားကို ဆိုကြမယ် မထင်ပါဘူး..။''

''ကဿပနွယ်ဖွား မြတ်စွာဘုရား ကောင်းကောင်းပြုပြင်ချက်ပြုတ်ပြီး သူတစ်ပါးတို့ ပေးလှူတဲ့ ငါးအမဲ ဟင်းလျာကောင်းတွေကိုလည်း စား, သလေးထမင်းကိုလည်းစားတဲ့ အရှင်ဟာ အညှီ အဟောက်ကို စားနေတယ်လို့ ထင်ပါတယ်။''

''ဗြဟ္မာမင်းအဆွေဖြစ်တော်မူတဲ့ ကဿပမြတ်စွာဘုရား
''အညှီအဟောက်သည် ငါ့အားမအပ်ဘူး'' လို့ အသျှင်ဘုရား ထုတ်ပြန်ထားတာ ရှိတယ် မဟုတ်လား၊ ဒါပေမယ့် အရှင်ဘုရားကိုယ်တိုင် ကောင်းကောင်းချက်ပြုတ်ထားတဲ့ ငှက်သားနဲ့ သလေးထမင်းကို စားခဲ့ပါတယ်။၊ အရှင်ဘုရားကို ဒီအကြောင်းလေး မေးပါရစေ။ အရှင်ဘုရား ပြောတဲ့ အညှီအဟောက်ဆိုတာ ဘာတွေကို ဆိုချင်တာပါလဲ..။''

ကဿပဗုဒ္ဓအရှင်
''တိဿရသေ့ သူ့အသက်ကို သတ်တာ၊ နှိပ်စက်ညှဉ်းဆဲတာ၊ လက်ခြေ ဖြတ်တာ၊ နှောင်ဖွဲ့တာ၊ ခိုးယူတာ၊ မမှန်စကားဆိုတာ၊ စဉ်းလဲကောက်ကျစ်တာ၊ လှည့်ပတ်တာ၊ အကျိုးမရှိတဲ့ ကျမ်းဂန်တွေကို သင်ယူတာနဲ့ သူတစ်ပါးသားမယားကို ပေါင်းဖော်မှီဝဲတာတွေသာ အညှီအဟောက်ဖြစ်တယ်၊ အသားဟင်းဆိုတဲ့ ဘောဇဉ်ဟာ အညှီအဟောက် မဟုတ်ပေဘူး။''

''ဒီလောကမှာ ကာမဂုဏ်စောင့်စည်းမှုမရှိတာ၊ ရသာရုံအမျိုးမျိုးမှာ မက်မောကြတာ၊ မစင်ကြယ်တဲ့ စီးပွာရေးနဲ့ ရပ်တည်ကြတာ၊ နတ္ထိကဝါဒ အယူရှိကြတာ၊ ကာယကံမှုစတာတွေ မညီညွတ်ကြတာ၊၊ အသိခေါက်ခက်အ၀င်နက်ကြတာတွေသာ အညှီအဟောက်ဖြစ်တယ်၊ အသားဟင်းဆိုတဲ့ ဘောဇဉ်ဟာ အညှီအဟောက် မဟုတ်ပေဘူး။ ''

''ခေါင်းခေါင်းပါးပါကျင့်ပြီး မိမိကိုယ်ကိုယ်နှိပ်စက်ကြတာ၊၊ ကြမ်းတမ်းခက်ထန်းကြတာ၊ သူတစ်ပါးရဲ့ ကျောက်ကုန်းသားကို စားသလို ရှေ့မှာ ချီးမွမ်းပြီး နောက်ကွယ်မှာ ကဲ့ရဲ့ကြတာ၊ ၊ မိတ်ဆွေသူငယ်ချင်းတွေကို ပစ်မှားစော်ကားကြတာ၊ သနားညှာတာမှုကင်းကြတာ၊ မာနကြီးကြတာ၊၊ ပေးကမ်းတဲ့အလေ့မရှိကြတာ၊ ဘယ်သူ့ကိုမှ နည်းနည်းလေးတောင် ဖဲ့မပေးနိုင်ကြတာတွေသာ အညှီအဟောက်ဖြစ်တယ်၊ အသားဟင်းဆိုတဲ့ ဘောဇဉ်ဟာ အညှီအဟောက် မဟုတ်ပေဘူး။ ''

''အမျက်ဒေါသကြီးလွန်းတာ၊ မာန်ယစ်တာ၊ ခက်ထန်တာ၊ ဆန့်ကျင်ဘက်ကန့်လန်လုပ်တာ၊ လှည့်ပတ်တာ၊ငြူစူစောင်းမြောင်းတာ၊ ဝါကြွားပလွှား ပြောဆိုတာ၊ မာန်မူလွန်းတာ၊ လူယုတ်မာတွေနဲ့ ပေါင်းသင်းဆက်ဆံတာတွေသာ အညှီအဟောက်ဖြစ်တယ်၊ အသားဟင်းဆိုတဲ့ ဘောဇဉ်ဟာ အညှီအဟောက် မဟုတ်ပေဘူး။''

''ဒီလောကမှာ မကောင်းတဲ့ ဓလေ့ဖြစ်တဲ့ အကြွေယူပြီး ပြန်မဆပ်တာ၊ ဖျက်ဆီးတဲ့အပြင် ကုန်းချောတတ်ကြတာ၊ လာဘ်ယူပြီး တရားစီရင်တတ်တာ၊ သီလရှိသလို ဘာလိုလို ဟန်ဆောင်ကောင်းကြတာ၊ အမိအဖတွေအပေါ်မှာ ကြမ်းတမ်းစွာ ဆက်ဆံကြတာတွေသာ အညှီအဟောက်ဖြစ်တယ်၊ အသားဟင်းဆိုတဲ့ ဘောဇဉ်ဟာ အညှီအဟောက် မဟုတ်ပေဘူး။ ''

''ဒီလောကမှာ သတ္တဝါတွေကို သတ်ဖြတ်ရာမှာ စောင့်စည်းမှုမရှိကြတာ၊ သူတစ်ပါးတို့ရဲ့ ဥစ္စာကို အနုကြမ်းစီးကြတာ၊ အကျင့်သီလမရှိကြတာ၊ ကြမ်းတမ်းတဲ့ အမူအရာ၊အပြောအဆိုတွေ ရှိကြတာ၊ အရိုအသေကင်းကြတာအညှီအဟောက်ဖြစ်တယ်၊ အသားဟင်းဆိုတဲ့ ဘောဇဉ်ဟာ အညှီအဟောက် မဟုတ်ပေဘူး။ ''

''သတ္တဝါတွေအပေါ်မှာ မက်မောကြတာ၊ မုန်းတီးဆန့်ကျင်ကြတာ၊ ပြစ်မှားလွန်ကျူးလွယ်ကြတာ၊၊ အကုသိုလ်ပြုဖို့ပဲ အမြဲမပြတ်အားထုတ်ပြီး တမလွန်ဘဝမှာ အမိုက်လမ်းကိုပဲ သွားကြတာ၊ ငရဲမှာ ဦးခေါင်း စောက်ထိုးကျကြတာတွေသာ အညှီအဟောက်ဖြစ်တယ်၊ အသားဟင်းဆိုတဲ့ ဘောဇဉ်ဟာ အညှီအဟောက် မဟုတ်ပေဘူး။ ''
(ခုဒ္ဒကနိကာယ်၊သုတ္တနိပါတ်၊စူဠ၀ဂ်၊ အာမဂန္ဓသုတ်)

ဓမ္မဂင်္ဂါ
(၂-၁၁-၂၀၁၁)

ဆက်ဖတ်ရန်...

၂၅၂။ ငါး အမဲတို့ကို မစားသော အဖြစ်သည်လည်းကောင်း၊ အဝတ်မဝတ်ခြင်းသည်လည်းကောင်း၊ ဦးပြည်းခြင်းသည်လည်းကောင်း၊ ဆံကျစ်မြူမှုန်အညစ်အကြေးသည်လည်းကောင်း၊ ရသေ့ပရိက္ခရာသစ်နက်ရေတို့သည်လည်းကောင်း၊ မီးကို ပူဇော်ခြင်း မီးကို လုပ်ကျွေးခြင်းတို့သည်လည်းကောင်းယုံမှားခြင်းမှ မကူးမြောက် သေးသော သတ္တဝါတို့ကို မစင်ကြယ်စေနိုင်ကုန်၊ လောက၌ အကြင်သို့ သဘော ရှိကုန်သော မသေရန် (တောင့်တလျက်) ကိုယ်ကို များစွာ ပူပန်စေတတ်သောအကျင့်တို့သည်လည်းကောင်း၊ ဗေဒင်တို့သည်လည်းကောင်း၊ ဟုံးပူဇော်သောအကျင့်တို့သည်လည်းကောင်း၊ ယစ်ပူဇော်ခြင်းသည်လည်းကောင်း၊ နွေဥတု၌ အပူခံခြင်းစသော ဥတုကိုမှီဝဲခြင်းတို့သည်လည်းကောင်း ယုံမှားခြင်းမှ မကူးမြောက်သေးသော သတ္တဝါကို မစင်ကြယ်စေနိုင်ကုန်။ (၁၁)

၂၅၃။ (အကြင်သူသည် ) ထိုဣနြေ္ဒခြောက်ပါးတို့၌ လုံခြုံသည်ဖြစ်၍ ဤဣနြေ္ဒတို့ကို ထင်ရှားသည်တို့ကို ပြုလျက် ကျင့်၏၊ သစ္စာလေးပါးတရား၌ တည်၏၊ ဖြောင့် မတ်သောသူနူးညံ့သောသူ၏ အဖြစ်၌ မွေ့လျော်၏၊ ရာဂစသော ကပ်ငြိခြင်းကို လွန်မြောက်၏၊ ဆင်းရဲအားလုံးကို ပယ်၏၊ ထိုသူသည် ခိုင်မြဲသော ပညာနှင့် ပြည့် စုံသည်ဖြစ်၍ မြင်အပ် ကြားအပ်သော အာရုံတို့၌ ကိလေသာတို့ဖြင့် မလိမ်းကျံ တော့ပေ။ (၁၂)

၂၅၄။ ဤသို့ ကဿပမြတ်စွာဘုရားသည် ဤအနက်သဘောကို အထပ်ထပ် ဟောတော်မူ၏၊ ဗေဒင်တစ်ဖက်ကမ်းရောက်သောတိဿရသေ့သည်လည်း ထိုအနက်ကို သိ၏၊ ကိလေသာအညှီအဟောက် ကင်းတော်မူသောတဏှာဒိဋ္ဌိကိုမှီတော်မမူသောသူတစ်ပါးတို့သည် အယူအားဖြင့်မဆွဲဆောင်နိုင်သော ကဿပ မြတ်စွာဘုရားသည် ဆန်းကြယ်သော ဂါထာတို့ဖြင့် ဟောတော်မူ၏။ (၃၁)

၂၅၅။ ထိုတိဿရသေ့သည် ကဿပမြတ်စွာဘုရား၏ ကောင်းစွာ ဟောတော်မူအပ်သော ကိလေသာအညှီအဟောက်ကင်းသော ဝဋ်ဆင်းရဲအားလုံးကို ပယ်ဖျောက်နိုင်သောတရားတော်ကို ကြားနာရ၍နှိမ့်ချသော စိတ်ရှိလျက် မြတ်စွာဘုရားအား ရှိခိုးကာ ထိုအရပ်၌ပင်လျှင် ရဟန်းအဖြစ်ကို ကြားလျှောက်၏။ (၁၄)
ခုဒ္ဒကနိကာယ်၊သုတ္တနိပါတ်၊စူဠ၀ဂ်၊ အာမဂန္ဓသုတ်

10 May, 2010

ဓမ္မဂင်္ဂါဘဏ့်အကောင့်တ်

ဓမ္မမော်ဒန်“ အဟမ်း အဟမ်း (ချောင်းဟန့်သံ) ငါ့ရှင်ရဲ့ ဓမ္မဂင်္ဂါမော်ဒန်တောရလေးက ငြိမ်းအေးပါဘိသနဲ့၊ မြက်ခင်းလေးက ကျဉ်းပေမယ့် စိမ်းတယ်ဗျ၊ အခန်းလေးက ကြပ်ပေမယ့် လွတ်လပ်တယ်ဗျ။ ဒါပေမယ့် ခမ်းနားထည်ဝါမှုနဲ့ သီးခြားဆန်မှုဟာ ရဟန်းတစ်ပါးနဲ့ မဟတ်လှပေဘူးမှတ်တယ် ငါ့ရှင်။ ”

ဓမ္မဂင်္ဂါ “ အိမ်း ဟုတ်ပေရဲ့၊ မော်ဒန်တောရဇာစ်မြစ်က ကုလားသူဌေးတစ်ယောက်ရဲ့ အပိုချဲ့ထွင်မှုအစိတ် အပိုင်းတစ်ရပ်ပါပဲ ငါ့ရှင်ရယ်။ ဒီတော့လည်း သိင်္ဂါရအငွေ့အသက်ပါတဲ့ ပရိဘောဂနဲ့ အရိပ်အယောင်တွေ ရှိနေတာပါပဲ။ ဒါပေမယ့် ခုလိုမျိုး ရဟန်းတွေနေထိုင်သီတင်းသုံးလိုက်တော့လည်း တောရလေးနဲ့တူအောင်ပဲ မိဂဒါဝုန်ဆေးစက်တွေ လာစင်တော့တာပဲဗျ။

ဓမ္မမော်ဒန် “ ဟုတ်ပ ငါ့ရှင်ရယ်။ အခု မြက်ခင်းစိမ်းလေးမှာ ထိုင်နေရင်း ဥဒေါင်းနဲ့ ဥသြငှက်တွေရဲ့ တွန်သံတွေ ကြားနေရတာကပဲ ဓမ္မစကြာတရားဦးဟောရာနေ့ဆီ စိတ်ကူးလှိုင်းတွေ ဝေ့သွားပါသကောဗျာ။ မော်ဒန်တောရဲ့ အလှတရားနဲ့ ဂီတကို သာ မင်သက်မျောပါနေမိရင်တော့ တရားအမှတ်တောင် ခက်သွားနိုင်ပါ ရောလားငါ့ရှင် ရယ်။

ဓမ္မဂင်္ဂါ “ ဘာပဲဖြစ်ဖြစ် ဒီမှာ နေထိုင်သီတင်းသုံးရတာ ငါ့ရှင်ပြောတဲ့ သီးခြားဆန်မှုလေးအတွက် တံခါးအထပ် ထပ် သော့ခတ်ရတဲ့ ဒုက္ခသစ္စာကိုတော့ ထင်းထင်းကြီး သိနေတာ ခက်သဗျာ။ ဘ၀မှာ ရဟန်းတစ်ပါး အဖြစ်နဲ့ သော့မကိုင်ချင်တော့ဘူးဗျ။ ရဟန်းဆိုတာက ပိုင်ဆိုင်မှုတွေကနေ လွှတ်ချထွက်ပြေးဖို့ပဲ မဟုတ်လား။

ဓမ္မမော်ဒန် “အဟား သိပ်ပြီးတော့လည်း မကြီးကျယ်ပါနဲ့ငါ့ရှင်ရယ်။ ရှေးရှေးဆရာတော်ကြီးတွေရဲ့ ပဋိပတ်မှာ “ပစ္စည်းမသို၊ စိတ်မတို၊ ခင်ပျိုကြီးပွားကြောင်း”ဆိုတဲ့ ကျင့်ဝတ်ဟာ ရဟန်းနဲ့ အတူဆုံးမို့ မြတ်နိုးစရာပါပဲ။ ဒီဘက်ခေတ်မှာ ထင်ရှားတဲ့ မစိုးရိမ်ဆရာတော်ကြီးရဲ့ “သော့မကိုင်” အယူအဆကလည်း ခိုင်မာတယ်။ ဆရာတော်ကြီးသော့မကိုင်တဲ့ ဂုဏ်ရည်ကလည်း လွယ်လွယ်မထင်လေနဲ့ ငါရှင်ရဲ့။

ဓမ္မဂင်္ဂါ “ရဟန်းနဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုဆိုတာ မျက်နှာပူစရာပဲ လို့ ဆရာတော်ကြီးရဲ့ အမြင်က ရှင်းနေလို့သာပဲလေ။

ဓမ္မမော်ဒန် “အင်း အဲဒါပေပဲပ။ ဒါပေမယ့် မလွယ်ဘူးငါ့ရှင်။ လှပသင့်တဲ့အရွယ်မှာ လှပတယ်လို့လည်း မပြောလေနဲ့ဗျ၊ လှပပေါ့ပါးလွတ်လပ်ရမယ့်ရဟန်းတစ်ပါးရဲ့ ပကာသနဂုဏ်ရည်နဲ့ အခြံအရံပရိသတ်တွေ သည်းသည်းလှုပ်တဲ့ အရွယ်မှာ အထုပ်အပိုးတွေ ပိုပိုလေးလာတတ်တာလေ ငါ့ရှင်ရဲ့၊ အဲဒီအထုပ်အပိုးကို လွှတ်ချနိုင်အောင် ကြိုးစားရတာ လွယ်မှတ်လို့ဗျာ။ ကဲ ငါ့ရှင်မှာ ပတ်စ်ပို့တ်မပျောက်အောင် လုံခြုံရေးသတိ ထားနေ ရတဲ့လေးလံမှုတစ်ခုတည်းနဲ့ပဲ ဆရာတော်ကြီးတွေကို သွားမတုသင့်ဘူးဗျ၊

ဓမ္မဂင်္ဂါ “ အင်း “ရာစုသစ်ကြီးထဲက ရဟန်း”ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အိုင်စီကဒ်တွေ၊ နိုင်ငံကူးလက်မှတ်တွေ၊ ပြီးတော့ ဆာတီဖီကေ့ထ်တွေ။ လေးတော့ လေးတာပဲ။ လေဆိပ်တွေကို ဖြတ်သန်းသွားတိုင်း ရဟန်း တစ်ပါးဟာလည်း မပေါ့ပါးပါလားလို့ စိတ်ညစ်မိပါရဲ့၊ အနော်မာသောင်ကမ်းက ရဟန်းတစ်ပါးရဲ့ စွန့်လွှတ်ခွာ ချမှုတွေကို ဦးညွတ်မိတော့တယ်ဗျာ။

ဓမ္မမော်ဒန် “ အဟမ်း အဲဒါက သိဒ္ဓတ္ထအရှင်ရဲ့ နောက်ဆုံးမဟာနိက္ခမပါရမီတော်ပေပဲဗျ၊ ကဲပါလေ ဘာပဲဖြစ်ဖြစ် ငါ့ရှင်မှာ ဘဏ့်အကောင့်တွေ ဘာတွေ ထူထူထဲထဲ ရှိလာတဲ့အချိန်ကျရင် ပြန်ဆွေးနွေးချင်ပါသေးတယ် ငါ့ရှင်။”

ဓမ္မဂင်္ဂါ “ အဲဒီအတွက်တော့ စိတ်မပူလေနဲ့ဗျ၊ ရှေ့မှာ လမ်းပြနေတစ်ဆူ လတစ်မင်းတွေ ရှိပါတယ်ငါ့ရှင်ရယ် ဖြည့်ဆည်းသူနဲ့ လိုအပ်သူတွေကြားမှာ တရားတမန်အဖြစ်နဲ့ ဘဏ်အကောင့်တွေ စီးဆင်းအောင်။
ဓမ္မပညာရေးရဲ့ ပိဋကတ်ရွတ်ဖတ်သံတွေ နှလုံးသားတွေဆီ စိမ့်ဝင်သွားအောင်၊
ငတ်မွတ်ဆာလောင်နေတဲ့ ထမင်းအိုးလေးတွေ အချိန်မီကျက်အောင်၊
လမ်းဘေးကအသိဉာဏ်နုနုလေးတွေအတွက် စာသင်ခေါင်းလောင်းသံလေးတွေ တညံညံမြည်လာအောင်၊
နောက်ဆုံးနေ၀င်ချိန်ရဲ့ ခိုကိုးရာပုတီးစိတ်ချိန်လေးတွေ လုံလုံခြုံခြုံဖြစ်အောင်။
ချို့တဲ့မှုမှန်သမျှရဲ့ ကွက်လပ်တွေထဲ ကရုဏာမြစ်ချောင်းအင်းအိုင်တွေ စီးဆင်းနိုင်အောင်
အဲဒီလိုမျိုး ခြောက်သွေ့နေတဲ့ဖုန်းဆိုးမြေတွေဆီ ရေလို နေလို အေးမြလင်းပအောင် အားထုတ်နေတဲ့ လမ်းစဉ် လျှောက်သူတွေ ရှိနေတာပါပဲလေ။


ဓမ္မမော်ဒန် “ ပြောတာကတော့ လှပါတယ်၊ အလုပ်ကိုတော့ စောင့်ကြည့်ရဦးမယ် ဓမ္မဂင်္ဂါဂုရုကြီးရယ်။ နောင်တစ်ချိန်ငါ့ရှင်ရဲ့ တံစက်မြတ်ဆီ ချဉ်းကပ်မိရင် အိပ်နေတဲ့ ဘဏ့်အကောင့်တွေနဲ့တော့ ကျုပ်ကို မခြိမ်းခြောက်ပါလေနဲ့ဗျာ။

ဓမ္မဂင်္ဂါ “ အဟေး ဟေး(ရယ်သံ) ရှေ့မှာ လမ်းပြနေတစ်ဆူ လတစ်မင်းတွေ ရှိတယ်လို့ပဲ ပြောရပါသေးလား ငါ့ရှင်ရယ်၊ ဓမ္မဂင်္ဂါ ဦးတည်ချက်တို့၊ ဓမ္မဂင်္ဂါအရေးတို့၊ ဓမ္မဂင်္ဂါအဓိဋ္ဌာန်တို့လည်း လူမြင်သူမြင် မထုတ်ပြန်ရ သေးပါလားဗျာ။

09 May, 2010

ရှင်ဓမ္မမော်ဒန်ကြွရောက်လာခြင်း


(၁)
အမှန်တကယ် ဓမ္မရက္ခိတအရှင်နှင့် စကားထိုင်ပြောနေကြသည်မှာ မိနစ်အနည်းငယ်မျှသာ ကြာသေးသည်။ သို့သော် သူ့ဘလော့တွင် ပြက္ခဒိန်စာမျက်နှာများခြားသွားသည်။ ဓမ္မဂင်္ဂါဒိုင်ယာလက်တစ်ခ်ဟူသော စကားဝိုင်းတွင် မေးခွန်းများစွာကို ပွက်ပွက်ထအောင်ဖြေဆိုရမည်ဟု သူက ယုံကြည်ထားသေးသည်။ ဖွလိုက် ပွလိုက်ဖြင့် အဖြေထွက်နိုင်မည်ဟူသော မျှော်လင့်ချက်မျိုးဖြစ်ပေ၏။

မေလပထမပတ်တစ်ခုလုံး ဗာရာဏသီ၏ ပူလောင်ဆူညံမှုများကြားတွင် သူက တိဘက်တက္ကသိုလ်ပရိဝုဏ်ထဲ ပြေးလွှားကာ ကျောင်းတက် လက်မှတ်ထိုးလိုက်၊ စာဖတ်စာရေးလိုက်၊ အင်တာနက်စာမျက်နှာများကို ဖြတ်သန်းကလိလိုက်ဖြင့် နေပူခံနိုင်အောင် ကြိုးစားနေလေသည်။ သည်ရက်ပိုင်းဖတ်ရသော သတင်းစာများကမူ သူ့ရင်ဘတ်ကို ဒီဂရီလေးဆယ်လွန်နွေအပူရှိန်နှင့်အတူ တလှပ်လှပ်ဖြစ်စေကြသေးသည်။ အင်း ပူလောင်စေကြပါဘိ။

ဓမ္မရက္ခိတအရှင်အနေဖြင့် သူနှင့် အတူထိုင်ကာ နံနက်ခင်းတစ်ခုကို ဖြတ်သန်းနေသည်ဆိုသော်လည်း တရိပ်ရိပ်တိုးမြှင့်ပူလောင်လာသော ဗာရာဏသီနွေအလှကို ခံစားတတ်ဟန်မတူပါ။ ပြောဖြစ်သည့်စကားလက်စ များမပြတ်နိုင်မီမှာပင် ထွက်ခွာလိုဟန်အမူအရာပြနေသည်။ အားလူးနှင့် ချပါတီသာ အကောင်းဆုံးနံနက်စာ အဖြစ် ဧည့်ဝတ်ကျေပွန်နိုင်သည့် မော်ဒန်တောရလေးတွင် ကြာရှည်သီတင်းသုံးဖို့ သူကိုယ်တိုင်ကလည်း မဖိတ်ခေါ်ရက်ပါ။ အော် ပူလောင်သောဗာရာဏသီ၊ ဧည့်ဝတ်မကျေပွန်နိုင်သော မော်ဒန်တောရ။

ပိဋကတ်ဂန္ထ၀င် တောင်မြို့ဆရာတော်အရှင်၏ မဟာဂန္ဓာရုံကျောင်းသင်္ခန်းပြတင်းတံခါးလေးဆီသို့ ဦးပိန်တံတားဆီမှ တသုန်သုန်ဖြတ်တိုက်လာသည့် တောင်သမန်လေညှင်း၏ သန္တရသဖြင့် အေးငြိမ့်စိမ့်ချိုကာ အနှစ်သာရပြည့်ဝသည့် “တစ်ဘ၀သံသရာ” မေးခွန်းများဖြင့် ဂုဏ်တက်ဖူးလေသော အရှင်ဓမ္မဂုတ္တ၏ သမိုင်းမျိုးကို သူ၏ မော်ဒန်တောရတွင် ရေးထိုးခွင့်မရနိုင်မှန်းသိနေပုံမျိုးဖြင့် ဓမ္မရက္ခိတအရှင်သည် သူ့ကို နှုတ်ဆက်သွားလေတော့သည်။ သူကတော့ လက်ဖြစ်ဒိုင်ယာလက်တစ်ခ် ရောဂါအသစ်ဖြင့် ကျန်ရစ်ခဲ့ရလေတော့မည်။ ပလေတိုးကြီး၏ ရောဂါလက်ကျန်ကား အမြစ်မလှန်နိုင်အောင်ပင် ကပ်ငြိလွန်းပေစွတကား။

(၂)

“ဘန္တေဂျီ ကိုက်ဆေး ဟိုး”
ဓမ္မရက္ခိတအရှင်အား မိဂဒါဝုန်မှ တစ်ဆင့် ဟိမ၀န္တာသို့ဆက်လက်ခရီးထွက်ခွာနိုင်ရန် ဗုဒ္ဓပူရဏိမာ(ဗုဒ္ဓနေ့) အကြိုပြေးဆွဲသည့် အထူးရထားဆိုက်ရောက်ချိန်အမီပို့ဆောင်အပြီး ဗာရာဏသီဘူတာကြီးမှ သူထွက်လာ ချိန်တွင် လွန်စွာညံဖျင်းလှသောဟင်ဒီအသံထွက်ဖြင့် ကျယ်လောင်စွာပင် သူ့အားနှုတ်ဆက်နေသော အမျိုး အမည်မသိရဟန်းတစ်ပါးကို တွေ့ရလေသည်။

“ ဘန္တေဂျီ နမားစကားရ်၊ ကိုက်ဆေးဟိုး” ဟု သူက ယဉ်ကျေးဖွယ်ရာ ဟင်ဒီစကားဖြင့် ပြန်လည်နှုတ်ဆက်လိုက်သည်နှင့် သူ့အနားသို့တိုးကပ်လာကာ သူစီးရန်ငှါးထားသည့် အော်တိုကားလေး ပေါ်သို့ စွေ့ကနဲတက်ရောက်လာတော့သည်။

“ဘန္တေဂျီ ကဟမ် ဂျာယင်ဂေး (အရှင် ဘယ်ကို ကြွမှာပါလိမ့်) ” ဟု သူက မေးရတော့သည်။ ထိုအခါ ရဟန်းတော်သစ်က အံ့သြဖွယ်ရာပင် ရွှေဘိုဗုံကြီးသံကဲ့သို့ အညာသံပါလှသော မြန်မာစကားဖြင့် သူ့အား ဤသို့ပြောဆိုလေတော့သည်။

“လာပါ ငါ့ရှင်ရယ် ။ ငါ့ရှင်ကို ကျုပ်က သိပါတယ် ဓမ္မဂင်္ဂါကြီးရယ်။ ခုပဲ ငါ့ရှင်ရဲ့ အင်တာဗျူးဝါး ဓမ္မရက္ခိတ(ဓာရ်မ ရက်ခရှိတာ)ကြီး ချပါတီနဲ့ အားလူးဒဏ်မခံနိုင်လို့ထွက်ပြေးပြီ မဟုတ်လား။ ငါ့ရှင်ရဲ့ ဓမ္မဂင်္ဂါ လက်ဖြစ်ဒိုင်ယာလက်တစ်ခ်ကြီး ပျက်စီးလုလုဖြစ်နေပြီဆိုလို့ ဟင်ဒီဂုရုဂျီတစ်ဆူဖြစ်ရေး အားသစ်မွေးနေတဲ့ ဘလော့ဂါကိုနောနဲ့ မိတ်ဆွေကြီးမစ္စတာပါရဂူတို့ တိုင်ပင်ပြီး ကိုနောရဲ့ လက်ယားအဘိဓာန်ထဲက ကျုပ်ကို ထုတ်ယူဖန်တီးပြီး ငါ့ရှင်နဲ့မတွေ့တွေ့အောင် အကွက်ချစီမံ စေတမန်လွှတ်လိုက်တဲ့ ဒိုင်ယာလော့ခ်မိတ်ကား (Dialogue maker) လက်သစ်တစ်ပါးပေပဲဗျ။

“ အနို့ ငါ့ရှင်က ”
“မေရာ နာမ် ဓမ္မမော်ဒန်”
ထိုရဟန်းတော်၏ ဘွဲ့အမည်မှာ ဓမ္မမော်ဒန်ဖြစ်လေသတတ်။ ပို၍ ထူးခြားသည်မှာ သေခြာစေငုကြည့်ရှုလေမှ သူနှင့် အပိုအလိုမရှိ ကွက်တိတူနေခြင်းပင်ဖြစ်တော့သည်။ ပုံတူမျိုးပွားထားသော နိမ္မိတရုပ်မျိုး ပင်ဖြစ်ပေလိမ့် မည်။ အော် ဓမ္မဂင်္ဂါကလုန်း(CLONE)ပေလော။

08 May, 2010

ဓမ္မဂင်္ဂါဒိုင်ယာလက်တစ်ခ်(၄)

ဓမ္မရက္ခိတ “ အဘိဓါန်သုံးအုပ် မျက်ခြေပြတ်သွားတယ်။ ဘယ်ရောက်သွားသလဲ ငါ့ရှင်ရဲ့၊”

ဓမ္မဂင်္ဂါ “ အင်း အဘိဓါန်သုံးအုပ်မှာ အထူဆုံး Websters New World Dictionary စာအုပ်ကြီးကတော့ မှတ်မှတ်ရရ သွားလေရာပါတုန်းဗျ။ အဟမ်း သယ်ရတာ လေးလေးပင်ပင် ရှိသကိုးဗျ။ ရှေ့ဆောင် အင်္ဂလိပ်မြန်မာအဘိဓာန်ကြီးကိုတော့ နယ်မှာ ကျောင်းထိုင်နေတဲ့ မိတ်ဆွေဘုန်းတော်ကြီးတစ်ပါးက အလှူခံသွားပါလေရောဗျ။

ဓမ္မရက္ခိတ “ အဲဒီ မောင်ရှင်က ဘာလုပ်ဖို့လဲဗျ၊ ခေါင်းအုံးလုပ်ဖို့လား။ ဒီနေ့ခေတ် သိရသလောက်တော့ ရွာဦးကျောင်းအချို့မှာ ရှေးအစဉ်အဆက် ဆရာတော်ကြီးတွေ ဖတ်ရှုလေ့လာခဲ့တဲ့ သားရေဖုံးစာအုပ်ကြီးတွေနဲ့ စာပုလွေတွေကို ဥပုသ်သည်တွေ ခေါင်းအုံးအိပ်နေကြဆိုပါရောလား။

ဓမ္မဂင်္ဂါ “ အိမ်း နေရာတိုင်းတော့ မဟုတ်ပါဘူးငါ့ရှင်ရယ်၊ ကျေးလက်တောရွာတွေမှာ ရွက်ပုန်းသီး ပိဋကတ်သူရဲကောင်းတွေ ရှိပါသေးတယ်ဗျ။ တိုးတိုးတိတ်တိတ် ခြိုးခြိုးခြံခြံ သာသနာ့ရန်ကို ကာကွယ်စောင့် ရှောက်နေကြတဲ့ ရဟန်းတော်တွေ ကျေးလက်သာသနာ့မျက်နှာစာမှာ ခိုင်ခိုင်မာမာ ရှိနေပါသေးတယ် ငါ့ရှင်ရယ်။

ဓမ္မရက္ခိတ “ အင်း ဘာပဲပြောပြော ယေဘုယျသဘောဆိုရင်တော့ ကျေးလက်သာသနာဟာ အားနည်းလာတာ အသေအချာပဲ။ အဲဒီစာအုပ်ထူထူကြီးတွေ ဖတ်နိုင်လောက်တဲ့ ပညာတတ်အရှင်မြတ်လေးတွေကလည်း ရွာမပြန်ချင်ကြရှာဘူးမဟုတ်လား။ နန်းတော်ရှေ့ကြီးရဲ့ ကျေးရွာဝါဒ သီချင်းထဲကလို “ နွားချီး(နှောက်ချီး )နဲ့ အိုင်ဗွက်အလယ်မှာ ကျမတို့ စတိုင်လ်ပျက်ပါတယ်ဆိုလို့ ငိုတော့မလို နေတာများ ”ဆိုတဲ့ အပိုဒ်လေးကို ကြားတိုင်း “ အော် မောင်ဖုန်းလည်း စတိုင်လ်ပျက်မှာကို စိုးမိသေးသကိုးလို့ ပြုံးမဲ့မဲ့ဖြစ်ရသဗျ။ အော် တကယ်ပြန်မယ်ဆိုပြန်တော့လည်း ရွာက လက်မခံကြပြန်ဘူးဗျ။ ခက်တော့ ခက်သားလား။

ဓမ္မဂင်္ဂါ “ ဆိုလိုတာက ပညာတတ်တဲ့အခါ ကျေးလက်ကို မပြန်ချင်တဲ့ အုပ်စုနဲ့ ပြန်ချင်ပေမယ့် ပြန်ခွင့်မသာတဲ့ အုပ်စုပေါ့ဟုတ်လား။ ပထမအုပ်စုက မြို့မှာ သီတင်သုံးရတဲ့ အခြေအနေကို မစွန့်လွှတ်နိုင်ကြတော့ (မြို့မှာလည်း မယ်မယ်ရရ အလုပ်မရှိဘဲ) ကျေးလက်ခေါ်သံကို မကြားယောင်ပြုတဲ့ အုပ်စု။ နောက်အုပ်စုကတော့ “အရှင်ဘုရားရဲ့ အရည်အချင်းတွေဟာ တောရပ်ကျေးလက်မှာ အရောင်မတက်၊ အခက်မဝေနိုင်ပါဘူးဘုရား”ဆိုပြီး ဆရာသမားနဲ့ မိဘဆွေမျိုးတွေရဲ့ သံယောဇဉ်နွှယ်တဲ့ အမြင်ကျဉ်းမြောင်းမှုကြောင့် ကျေးလက်တံခါးပိတ်ခံလိုက်ရတဲ့ သာသနာ့လိုအပ်ချက်ကို မျက်ကွယ်ပြုလိုက်ရ တဲ့အုပ်စု။ ဒီလိုနဲ့ ကိုယ်တော်အရှင်လေးတွေခမျာ မြို့မှာလည်း အလုပ်မရှိ၊ ရွာကိုလည်း မပြန်နိုင်၊ ဟိုကျောင်းပြောင်းလိုက်၊ ဒီကျောင်းပြောင်းလိုက်နဲ့ အဟမ်း နောက်ဆုံး ကိုယ့်အတွေ့အကြုံအရ ဆိုရင်တော့ နိုင်ငံခြားထိရောက်လာတော့တာကိုးဗျ။

ဓမ္မရက္ခိတ “ အင်း Brain Drain ဆို ထင်ပါရဲ့ဗျာ ။ ပညာသင်စေလွှတ်တဲ့ ရှေးခေတ်ကျေးလက်သားတွေရဲ့ စိတ်နေစိတ်ထားနဲ့ စာသင်သားရှင်ရဟန်းတွေရဲ့ သဘောထားအမြင်တွေက ဒီနေ့ခေတ်အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်တော့ ကွာခြားပြီးပေါ့လေ၊ ။ ရှေးခေတ်ကတော့ ကိုယ့်ရပ်ကိုယ့်ရွာကနေပြီး အဆင့်မြင့် ပိဋကတ်စာပေသင်ယူဖို့ မင်းနေပြည်မြို့ပြက စာသင်တိုက်ကြီးတွေဆီ ထွက်ခွာမယ့် ရှင်ငယ်ရဟန်းငယ်တွေကို “ ပညာတွေတတ်ပွန်တဲ့အခါ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်သာသနာကို ပြန်လည်မြှင့်တင်ဖို့” ဆရာကရော ဒကာကပါ အမှာစကားတစ်ခါတည်းပါးလိုက်တာဗျ၊

ဓမ္မဂင်္ဂါ “ ဟုတ်ပေရဲ့ ငါ့ရှင် ။ အဲဒီရဟန်းငယ်တွေကလည်း မင်းနေပြည်မှာ ပိဋကတ်စာပေတတ်ပွန်လို့ မင်းမိဖုရား မှူးကြီးမတ်ရာ သူဌေးသူကြွယ် အကိုးအကွယ်ခံဘ၀ကို မတတ်သာလို့ အချို့လက်ခံလိုက်ရပေမယ့် များသောအားဖြင့် ကျေးလက်ကို ပြန်လည်ကြွပြီး သာသနာပြုခဲ့ကြတာပေပဲလေ။ အင်း ခုတော့ စာတတ်ပေတတ်ကိုယ်တော်လေးတွေ ရွာလည်း မပြန်နိုင်၊ မြို့မှာလည်း အလုပ်ပေးမယ့်သူမရှိ။ ရွှေပြည်ကြီးမှာက လူတွေတင် အလုပ်လက်မဲ့မဟုတ်ဘဲ ဘုန်းတော်ကြီးလေးတွေပါ အလုပ်လက်မဲ့ ဖြစ်နေကြတာ ထင်ပါရဲ့ ငါ့ရှင်ရယ်။

ဓမ္မရက္ခိတ “ ဆိုလိုတာက ငါ့ရှင်လည်း ခု နိုင်ငံခြားရောက်နေပုံထောက်တော့ ရွှေပြည်ကြီးမှာ အလုပ်လက်မဲ့ပဲထင်တယ်။

ဓမ္မဂင်္ဂါ “ အာ မေးခွန်းပြင်လိုက်ပါ ငါ့ရှင်၊ နိုင်ငံခြားရောက်နေတာကိုက ရွှေပြည်ကြီးမှာ အလုပ်လက်မဲ့ဖြစ်လို့ ဆိုတဲ့အဓိပ္ပါယ်မျိုးသက်ရောက်သွားနိုင်သဗျ။ ကိုယ့်အတွေ့အကြုံအရ ပြောတာက ဘာပဲဖြစ်ဖြစ် ရွာမပြန်တဲ့ အုပ်စုနှစ်ခုမှာ တစ်ခုခုနဲ့ ငြိနေလေတော့ မြို့ပြမှာ ရပ်တည်နိုင်ဖို့ စာတွေ ဆက်ကြိုးစားရင်း တက္ကသိုလ်တွေ တစ်ခုပြီးတစ်ခုတက်ရင်း နိုင်ငံရပ်ခြားပညာရေးမြည်းစမ်းခွင့်ထိ ရလာတယ်လို့ ဆိုရမှာဗျ။ အရှုံးထဲက အမြတ်လို့ဆိုရမှာပ၊ အဟမ်း အဲဒီအမြတ်ကို ဘယ်နေရာမှာ အသုံးချခွင့်ရမလဲဆိုတာလည်း ခေါင်းတော့ ခဲသဗျာ။

ဓမ္မရက္ခိတ “ အင်း လောသွားတယ် ငါ့ရှင်။ လွန်ခဲ့တဲ့ သင်္ကြန်တွင်း ဗာရာဏသီကို ကြွလာတဲ့ သီတဂူဆရာတော်ကြီးကိုယ်တိုင်ကလည်း နိုင်ငံရပ်ခြားတက္ကသိုလ်အသီးသီးမှာ( အိန္ဒိယ ၄၀၀ခန့်၊ သီရိလင်္ကာ ၃၀၀ခန့်၊ ထိုင်း ၁၀၀ ခန့်နဲ့ အခြားအင်္ဂလန်စသည်မှာ ဒါဇင်ခန့်မျှ) ပညာသင်ယူနေကြတဲ့ သံဃာတော်ပေါင်း ၈၀၀ ကျော်ရဲ့ ဂုဏ်ရည်တွေနဲ့ အနာဂတ်အလားအလာကို အားကိုးတကြီး မိန့်တော်မူခဲ့တာ ကြားခဲ့ရသေးတာပဲ။

ဓမ္မဂင်္ဂါ “ သီတဂူဆရာတော်ကြီးကတော့ ဒီသာသနာ့အင်အားစုကြီးဆီက ဘယ်လိုလုပ်အားတွေ ထွက်လာမလဲ မျှော်တာပဲဗျ၊ အမျိုးဘာသာ သာသနာနဲ့ နိုင်ငံတော်အတွက် ပြန်လည်ပေးဆပ်ကြဖို့လေ။ (ယူထားတွေက များနေပြီးကိုးဗျ) ။ “ရေကြည်ရာမြက်နုရာ မရှာကြပါနဲ့” ဆိုတဲ့ သြ၀ါဒကိုတော့ လေးလေးနက်နက် ပြောသွားတာဗျ၊

ဓမ္မရက္ခိတ “အင်း ငါ့ရှင်ပြောတော့လည်း အဟုတ်သားပေပဲ။ ဒါနဲ့ ခုနမေးခွန်းထဲက ငါ့ရှင်လည်း အလုပ်လက်မဲ့ဖြစ်ခဲ့ပုံလေး ပြောပါဦးဗျ။

ဓမ္မဂင်္ဂါ “အလုပ်လက်မဲ့တော့ မဟုတ်ပါဘူးဗျ၊ အလုပ်လက်မဲ့ မဟုတ်ပေမယ့် ကိုယ့်စိတ်နဲ့ ကိုယ်ကပ်တဲ့အလုပ်တွေ လုပ်ခွင့်ရဖို့တော့ တိုးတိုးဝှေ့ဝှေ့ပဲဗျို့။ ရွှေပြည်ကြီးမှာ “အသစ် ” ဆိုတာ အာရုံခံစားမှုနယ်ပယ်အတွက်ပဲ လက်ခံချင်တာကလား၊ လုပ်ငန်းနယ်ပယ်မှာ အိုင်ဒီယိုလော်ဂျီအသစ်တစ်ခု ချခင်းပြတဲ့အခါ လက်ခုပ်တီးမယ့်သူထက် ၀ိုင်းညှပ်တိုက်ခိုက်မယ့်သူတွေက ပိုများလေသကော။

ဓမ္မရက္ခိတ“ ငါ့ရှင် ပထမဆုံးဘွဲ့ကို ရပြီးစအချိန် ရဟန်းငယ်ဘ၀မှာ အလွန်တက်ကြွခဲ့ပုံပဲ။ ငယ်ငယ်ကတည်းက တွေ့သမျှ ဘုတ်အုပ်စာတွေဖတ်ပြီး “ပညာရေးပြုပြင်ပြောင်းလဲရေးတို့၊ ဘက်စုံခေတ်မီရေးတို့ ဆိုတဲ့ အရှင်အာဒိစ္စ၀ံသတို့ အရှင်ဇနကာဘိဝံသတို့ရဲ့ ခေတ်ပြင်စကားလုံးတွေနဲ့ စိတ်ကူးယဉ်ပြီး ကြီးပျင်းလာခဲ့ပေတာကိုး။ တကယ်လက်တွေ့လုပ်ငန်းနယ်ပယ်မှာတော့ ရှေ့ခြေတစ်လှမ်း တိုးခွင့်တောင် မလွယ်ဘူးဆိုတာ သိသွားတယ်မဟုတ်လား၊


05 May, 2010

ဓမ္မဂင်္ဂါဒိုင်ယာလက်တစ်ခ်(၃)

ဓမ္မရက္ခိတ “အော် ဟော ငါ့ရှင်က ဒျွိုက်ခ်ျဘာသာစကားလည်း ရပေသကိုး၊ ကျွန်ုပ်ကတော့ ဇာမဏီပြည်မှာ သာသနာတစ်ခေတ်လင်းနေတဲ့ မြတ်ရောင်နီအရှင်ရဲ့ ပထမဆုံးကွန်ပြူတာပဌာန်းပွဲက ပြန်လာစမို့ နှုတ်တက်ရ နေတဲ့ ဒွိုက်ခ်ျစကားလုံးလေးတွေ ငါ့ရှင်ကို တွေ့တာနဲ့ အလိုလိုထွက်ကျ နှုတ်ဆက်မိတာကလား၊ ကျန်တာတော့ ဘာမှတတ်ဘူးဆရာ။ ”

ဓမ္မဂင်္ဂါ “ အဟမ်း အဟမ်း အချင်းချင်းတွေပဲလို့ မှတ်ပိမ့် ငါ့ရှင်။ ဒျွိုက်ခ်ျစကားလေးတစ်လုံးစနှစ်လုံးစ တတ်ပုံက ထေရ၀ါဒတက္ကသိုလ် ''မဟာဝိဇ္ဇာတန်းပထမနှစ်သင်တန်းသားများအနေနဲ့ အင်္ဂလိပ်ဘာသာအပြင် နိုင်ငံခြား ဘာသာစကားတစ်ခု အပိုသင်ယူရမယ်'' ဆိုလို့ ခပ်တည်တည်နဲ့ ဒွိုက်ခ်ျမည်သော ဂျာမန်ဘာသာအုပ်စုထဲ ၀င်ရောက်ထိုင်မိပါရောလား ငါ့ရှင်။ '' ဥရောပသာသနာ့အရေး စိတ်မအေးသော ငါသည် ဥရောပဘာသာစကားတစ်ခုကို မုချဆတ်ဆတ် တတ်မြောက်အောင် သင်ယူအံ့'' စသည် ဘာညာပေါ့ဗျာ။ ပထမတော့ အုတ်အုတ်ကျက်ကျက် ပြီးတော့ ကြက်ပျောက်ငှက်ပျောက် ဆိုတဲ့ ရွှေပြည်သားတွေရဲ့ ထုံးတမ်းစဉ်လာထဲမှာ ရဟန်းဆိုတဲ့ ပုဂ္ဂိုလ်များလည်း ပါရိုးပါမြဲမို့ သင်တန်းသားဆယ်ဂဏန်းမပြည့်တဲ့ သင်တန်းခန်းမလေးထဲမှာ ဂျာမန်သင်တဲ့ဆရာမလေးရယ် ကျောက်သင်ပုန်းကြီးနဲ့ မြေဖြူခဲရယ်သာ ကျန်ခဲ့ပါရောလားဗျာ။

ဓမ္မရက္ခိတ “ သင်တန်းတစ်ခုရဲ့ အနိစ္စပေပဲကိုးဗျ၊ အင်း သိရသလောက် ငါ့ရှင် သင်ခဲ့တဲ့ ဘာသာစကားတွေ မနည်းဘူး မှတ်တယ်ဗျ။”

ဓမ္မဂင်္ဂါ “ ဟေးဟေး သင်တာမဟုတ်ဘူး၊ ယောင်တာဗျ၊ ရွှေပြည်ကြီးမှာနေတုန်းက “ ဘာသာမျိုးခြား၊ စာစကား ၊သင်ကြားရမည်မှတ်” တို့၊ “လူမဲ လူဖြူ အဆူဆူတို့၏ တိုင်းခြားစကား သင်မထားပါက လူကြားမ၀င် အင်တာနေရှင်နယ် မဖြစ်” ဆိုသဟာမျိုးတွေ နားဝင်တာရော၊ ပြီးတော့ သူတောင်းစားတွေရော နွားကျောင်းသားတွေရော ဘာသာပေါင်းစုံပြောကြဆိုကြတဲ့ ၀တ္ထုဘုတ်အုပ်တွေ ဖတ်မိတာရော၊ ရှိသေးသဗျ “ဒေါက်တာရာဟုလာသံကစ္စည်းလို ပုဂ္ဂိုလ်မျိုးပင် ဘာသာစကားပေါင်း ၃၄ မျိုးကို ကျွမ်းကျင်အောင် တတ်လေ မင့်ဟာ ငါ့လို ကောင်းကင်တမွတ် ကြယ်ကိုဆွတ်ကြီးက ဘယ်မှာလျှင် ၃၄၀ သော ဘာသာစကား မတတ်ခံနိုင်ရိုးလား” ဆိုပြီး တကယ့်ပါရမီရှင် ဂျီးနီးယတ်စ်(Genius)ကြီးကို တုပကပ်မြှောင်ပြီး မာန်လက်တစ် ဆစ်လေး တက်ချင်ယောင်ပြုမိတာရော (တကယ်မာန် တက်တာမျိုးလည်း မဟုတ်ဘူးဗျ)။ အဲသဟာနဲ့ ဟိုဟာတတ်ချင် ဟိုဟာသင် ၊ဒီဟာတတ်ချင် ဒီဟာသင်နဲ့ ဘယ်ဟာမှ မကုန်စင်ခဲ့ပေဘူး ငါ့ရှင်။”

ဓမ္မရက္ခိတ “ငါ့ရှင် မန္တလေး သာသနာ့တက္ကသိုလ်မှာတုန်းကတော့ ငါ့ရှင်အခန်းထဲမှာ မြန်မာဘုတ်အုပ်မှန်သမျှ မရှိရဆိုပါကလား။ ဂျပန်ဘာသာသင်စာအုပ်တွေ၊ အင်္ဂလိပ်အဘိဓါန်အထူကြီးတွေ၊ ပြီးတော့ သက္ကတ ဘုတ်အုပ် တွေနဲ့ တစ်ခန်းလုံးမပွပွအောင် ဖွထားဆိုပဲ။”

ဓမ္မဂင်္ဂါ “ အဟဲ ဒါတော့ ပြောတဲ့လူက ဖွလွန်းတာပါပဲ ငါ့ရှင်ရယ်၊၊ သာသနာ့တက္ကသိုလ်မှာတုန်းက ၀ယ်ထားတဲ့အင်္ဂလိပ်အဘိဓာန်က သုံးအုပ်လောက်ရှိတယ်ဗျ၊ ရှေ့ဆောင်အင်္ဂလိပ်အဘိဓါန် စာအုပ်ထူ ထူကြီးရယ်၊(အဲဒီစာအုပ်ကြီးကို ဘုရားကြီးအရှေ့ဘက်မုခ်က ကိုသိန်းထိုက် မတင်ရီ စာအုပ်ချုပ်ဆိုင်မှာ သားရေ ဖုံးပြီး ရွှေစာလုံးတွေနဲ့ ကမ္ဗည်းထိုးထားတာဗျ)၊ ပြီးတော့ Collin Cobuild English Dictionary စာအုပ်လေးရယ်၊ နောက်တစ်အုပ်ကတော့ Websters New World Dictionary စာအုပ်ကြီးရယ်၊

ဓမ္မရက္ခိတ “ငါ့ရှင် စာအုပ်စင်မှာ အင်္ဂလိပ်ဘုတ်အုပ်တွေကလည်း များပါဘိသနဲ့။”

ဓမ္မဂင်္ဂါ “ အိမ်းအိမ်း မျက်နှာလည်း ပူမိပါရဲ့ ။ နုစဉ်ကကိုး ။ကိုယ်ပိုင်အဘိဓာန်တွေအပြင် တက္ကသိုလ်ပိဋကတ် တိုက်က နှစ်ပေါက်ငှါးလို့ရတဲ့ အင်္ဂလိပ်ဘုတ်အုပ်ထူထူတွေကြီးလည်း အခန်းစာအုပ်စင်ပြည့်အောင် ထောင်ထားမိသေးတာကိုးလေ။ အဲဒီစာအုပ်ကြီးတွေ ဘယ်မှာဖတ်နိုင်လို့လဲဗျ၊ အမှန်တကယ်တော့ ဓါတ်ယူတဲ့သဘောပါ၊ တစ်နေ့တစ်နေ့ အဲဒီစာအုပ်ကြီးတွေ လှန်လှောပြီး မာတိကာလေး ဖတ်လိုက်၊ စကားချီး ဆိုတာလေး ကြံဆအနက်ဖော်လိုက်နဲ့ တစ်နေ့နေ့တော့ အကုန်ဖတ်နိုင်ရမယ်ပေါ့လေ။

ဓမ္မရက္ခိတ “သိရသလောက်တော့ ငါ့ရှင်တို့ သာသနာ့တက္ကသိုလ်ကျောင်းတော်သားရဟန်းကြိးတွေဟာ ပထမနှစ်မှာမှ အင်္ဂလိပ်စာသင်ပုန်းကြီး စပြီးသင်ကြရတာပါ၊ ငါ့ရှင်က တက္ကသိုလ်ပထမနှစ်မှာပဲ မြန်မာအလင်း အင်္ဂလိပ်သတင်းစာကြီးယူပြီးဖတ်သေးဆိုဗျ၊

ဓမ္မဂင်္ဂါ “ အဟမ်း လေ့ကျင့်ခန်းဆင်းတာပါဗျာ။ သာသနာ့တက္ကသိုလ်မ၀င်ခင်ကပဲ အင်္ဂလိပ်စာထော့နဲ့ထော့နဲ့ ဖတ်နေပြီဗျ၊ ပြီးတော့ အသက်နှစ်ဆယ်ကျော်ရဟန်းနှစ်ဝါသုံးဝါမှ အင်္ဂလိပ်စာ သင်ရပေမယ့် ပိဋကတ်စာပေ အသွားအလာနားလည်ပြီးသား ရဟန်းတော်တစ်ပါးအတွက် အင်္ဂလိပ်စာရဲ့သဘောကို သိမြင်ဖို့က သိပ်မခက် လှဘူး ငါ့ရှင်ရဲ့။ အဓိကကတော့ စကားလုံးဆင်းရဲတာဗျ၊ ဒီတော့ သတင်းစာတစ်စောင်ယူပြီး စကားလုံးစု တာပါဗျာ။

ဓမ္မရက္ခိတ “ကောင်းတာတစ်ခုက မြန်မာအလင်းသတင်းစာက လူရှေ့သူရှေ့အသံထွက်ဖတ်လို့ အဆင်ပြေမယ် ထင်တယ်နော်။ သတင်းအခြင်းအရာတွေထက် ရာထူးအဆောင်ယောင်တွေကို ဖော်ပြတာကိုက တစ်မျက်နှာမကဘူးလေ။ တစ်ရက်လောက်မှတ်ထားလိုက်ရင် နောက်နေ့လည်း ဒီလူတွေနဲ့ ဒီရာထူးဒီ အဆောင် အယောင်တွေပဲဆိုတော့ ဒေါင်းဒေါင်းပြေးဖြစ်နေတော့မှာပါပဲ။

ဓမ္မဂင်္ဂါ “ဟုတ်ပေ၏ ငါ့ရှင် ။အဲဒီသတင်းစာဖတ်တာကို အဆောင်အတူနေ ရင်းနှီးတဲ့မိတ်ဆွေရဟန်းတစ်ပါးက “မဖတ်တတ်သော အင်္ဂလိပ်စာအုပ်ကြီးများကို လူမြင်သူမြင် စာအုပ်စင်မှာ ထောင်ထားခြင်း၊ အင်္ဂလိပ်သတင်း စာတစ်စောင်ကို လပေးယူကာ အခန်းရှေ့ထွက်၍ ဖတ်ချင်ယောင်ပြုခြင်းများသည် စတုတ္ထပါရာဇိကနှင့် ငြိစွန်းစေနိုင်ပါကြောင်း ”ဆိုပြီး ကျယ်ကျယ်လောင်လောင် လှောင်လေ့ရှိသေးကိုး ငါ့ရှင်ရယ်။

ဓမ္မရက္ခိတ“ လူအထင်ကြီးအောင် မိမိမှာ မရှိတဲ့ ဈာန်မဂ်ဖိုလ်အကျင့်မြတ်တွေကို ကြွားဝါပြောဆိုရင်တော့ စတုတ္ထပါရာဇိကပေပဲပ။ အခုခေတ်ရဟန်းတော်များလောကမှာ အင်္ဂလိပ်စာနဲ့ အခြားဘာသန္တရစာပေအရပ်ရပ် တတ်မြောက်ခြင်းဟာလည်း လူမြင်သူမြင်ဂုဏ်ပုဒ်တစ်ခုမို့ မရှိကို အရှိလုပ်ရင်တော့ ဥတ္တရိမနဿဓမ္မကို ဖြီးဖြန်းခြင်းမဟုတ်လို့ စတုတ္ထပါရာဇိကပုဒ်မနဲ့ မငြိစွန်းသော်လည်း အဟမ်း အဟမ်း။ ငါ့ရှင်ရေ ရိုးသားကြဖို့ပါပဲ။”

04 May, 2010

ဓမ္မဂင်္ဂါဒိုင်ယာလက်တစ်ခ်(၂)

ဓမ္မရက္ခိတဆိုသော ရဟန်းတော်ကား နှယ်နှယ်ရရ ဟူးဟူးငြားငြား အင်တာဗျူးဝါး(Interviewer) မဟုတ်ပါချေခဲ့။

ခေတ်သစ်သာသနာ့နွယ်အစဉ်တွင် စံဝင်တော်ဝင် အမြော်အမြင်သစ်များဖြင့် ကွန်ဆာဗေးတစ် လမ်းညစ်ကို ဖျက်ကာ လစ်ဗရယ်လ်လမ်းသစ်ကို ဖောက်၍ သာသနာဟူသော တစ်ကြောင်းတည်းသော လမ်းကိုသာ လျှောက်ခဲ့ လေသည့် တောင်မြို့ဆရာတော်ဟု တဖုံ၊ မဟာဂန္ဓာရုံဆရာတော်ဟုတစ်သွင်၊ အရှင် ဇနကာဘိဝံသ ဟု တစ်မင်း ထွန်းထွန်းပပလင်းခဲ့ဖူးလေသည့် ဘာသာဋီကာနှင့် အခြားအခြားသော ဂန္ထန္တရ ကျမ်းအသွယ် သွယ်ကို အနာဂတ်သာသနာ့ဆည်ကြီးတစ်မျှ ကာရံကာ လှခဲ့ဖူးလေသည့်အရှင်မြတ်ကြီးကို အင်တာဗျူးခဲ့ဖူး လေသည့် အရှင်ဓမ္မဂုတ္တ၏ အနွယ်အဆက် အကိုင်းအခက်ပီပီ အဖုအဆစ် တစ်ရစ်ရစ်သော မေးခွန်းတို့ကို မေးတတ် လေသူတည်း။

ဓမ္မဂုတ္တဆိုသည်ကား ယနေ့မဇ္ဈိမတွင် ဓာရ်မ ဂုပ်တာ(Dharma Gupta)ဟု မြတ်မြတ်နိုးနိုး အမည်သညာ မှည့်ခေါ်ရိုးဝေါဟာဖြစ်သည့်နည်းတူ ဓမ္မရက္ခိတသည်လည်း ဓာရ်မ ရက်ခရှိတာ(Dharma Rakhshita) ဟုပင် ပေါ်ပြူလာဖြစ်ဆဲ ဆာနိမ်း(Sir Name) ခပ်ရှိန်းရှိန်းကြီးပေတည်း၊ ဓမ္မ(ဓာရ်မ)သည် တရား၊ ဂုတ္တ(ဂုပ်တာ) သို့မဟုတ် ရက္ခိတ(ရက်ခရှိတာ)သည် စောင့်သူဟူရကား အမည်သညာနှစ်ရပ်လုံးပေါင်းသော် တရားစောင့်သူ ဟူလိုသော်။

အရှင်ဓမ္မဂုတ္တ၏ မေးခွန်းဆစ်ပိုင်း အပြိုင်းပြိုင်းရှိပုံကား စကားလုံးကြွယ်ဝ ဂန္ထန္တရပါရဂူကြီးပင် ကြပ်ကြပ်တည်း တည်း မဖြီးမဖြန်း အဟုတ်တမ်းဖြေရလေအောင် စွမ်းဆောင်ခဲ့သည်ကို အကဲခတ်နိုင်ပါပေ၏။ ထိုအရှင်၏ မေးခွန်းများကြောင့်ပင် အရှင်ဇနကာဘိဝံသ၏ “တစ်ဘ၀သံသရာ”ကို သေချာစေ့ငု ဖတ်ရှုရလေတိုင်း စိတ်ဝယ်ဖြူဆွတ် ကိုင်းညွှတ်ကြည်ညိုမိရလေသည်ချည်းသာတည်း။

ယခုလည်း သူရှိရာ ဓမ္မဂင်္ဂါ မည်သာနာမ ၀ိသေသထူးလှသော မော်ဒန်တောရသို့ အင်တာဗျူးရန် စိတ်အကြံ ပေါက်ကာ ရောက်ရှိလာသော ဓမ္မရက္ခိတအရှင်ကား ဓမ္မဂုတ္တအရှင်၏ ဂိုဏ်းတူ ညီအကိုပီပီ စီအင်အင်(CNN)မှ လာရီကင်းင်ကြီးပမာ ပေါက်ပေါက်ရှာရှာ မေးတတ်ပါလေသည်တကား။

ိထိုဓမ္မရက္ခိတအရှင်ရောက်လာသော အချိန်ကား မိဂဒါဝုန်၏ လှပစိမ်းလန်းသော နွေနံနက်ခင်းဖြစ်လေ၏။ သူသည် ဧည့်သည်အာဂန္တုကတို့အား ချစ်တတ်သူပီပီ တံခါးခေါက်သံကြားသည်နှင့် ဖွင့်ပေးတတ်မြဲဖြစ်လေရာ အရှင်ဓမ္မရက္ခိတသည် ပီသကြည်မြလှသော ဒွိုက်ခ်ျ(ဂျာမန်)ဘာသာစကားဖြင့် နှုတ်ဆက်လေတော့သည်တည့်။

“Hallo
Guten Morgen

သူသည်လည်း ရောယောင်ကာ “ဂုတင် မော်ဂန်န်” လုပ်မိပါချေ၏။ မဇ္ဈိမ၏ မိဂဒါဝုန်နံနက်ခင်းတွင် ဒွိုက်ခ်ျ ဘာသာစကားဖြင့် မင်္ဂလာယူရလေသည်တကား။ အော် ယာဂု(တ်) ယာဂု(တ်)။ ကောင်းလင့်တေး ကောင်းလင့်တေး။

(ဗာရာဏသီ၏ မီးအခက်အခဲနှင့် အင်တာနက်ကော်နက်ရှင်းနှေးကွေးမှုကိုသာ စောကြော ဝေဘန်ကြစေ လိုကြောင်း၊ ဓမ္မဂင်္ဂါဒိုင်ယာလက်တစ်ခ်များကား ဆက်လက်စီးဆင်းရန် ကြိုးစားပါဦးမည်၊)

03 May, 2010

ဓမ္မဂင်္ဂါဒိုင်ယာလက်တစ်ခ်(၁)

(၁)
သူသည် ထိုင်နေရသည်ကို အလွန်ကျေနပ်နေသည်။ ဆက်ထိုင်သည်၊ ဆက်ထိုင်ရသည်ကိုလည်း သူက အလွန်ကြည်နူးနေပြန်လေသည်။ ငြိမ်းချမ်းပေစွ။ သို့သော် သူ့ကို ဆက်ထိုင်ခွင့်မပေးပါ။ သူထိုင်နေရင်းမှ ထရပြန်လေသည်။ သူ ဘလော့ရေးခြင်းသည် ပုဂ္ဂလိကဆန်သည်ဟု မိတ်ဆွေအချို့က စွပ်စွဲကြသည်။ “ခံစားမှုဝါဒီ၊ ဝေဒနာက္ခန္ဓာဦးစားပေးသမားကြီးလို့ ခပ်တည်တည်နာမည်တပ်ဦးမှ” ဟုလည်း သူ့ရှေ့မှာပင်ဲပြုံးရွှင်ကြည်မြစွာ တံဆိပ်ကပ်ကြသေးသည်။ “ငါ့ရှင်က ဟုတ်ဟုတ် မဟုတ်ဟုတ် လှုပ်နေသေးသည်၊ ငါတို့က ဘေးထိုင်းဘုပြောထဲ မပါသော် သင့်ပေရာအံ့လော”တဲ့။

အမှန်စင်စစ် သူ့ဘလော့တွင် ဖန်တီးမိသမျှသည် ရှေးရှေးသောဘုရားရဟန္တာ အရိယာသူတော်ကောင်းကြီးများ ကဲ့သို့ တောင်းပန်သူရှိမှ တရားဒေသနာကို တသွင်သွင် ချွေရသည်မျိုးလည်း မဟုတ်၊ ကျမ်းစာပေဘုတ်အုပ်ကို တကုတ်ကုတ် ရေးထုတ်ရသည်မျိုးလည်း မဟုတ်ပေတကား။ စိတ်ကူးပေါက်ရာ ဖတ်မိသမျှကို ပိဋကတ် စာမျက်နှာများနှင့် မတူတူအောင် ညှိနိုင်း ကာ ဘလော့ဂါမည်ရုံမတ္တ ရေးချမိခြင်းပါပေ။

အမှန်စင်စစ် အခြားအခြားသောလောကီထုပ္ပါဒ် လူတို့ဇာတ်(ရန်ကုန်သင်္ကြန်တွင် မုန့်ဟင်းခါးတ၀တပြဲစားခြင်း၊ မတော်တရော် ထော်လော်ကန့်လန့် ရေပက်ခံမဏ္ဍပ်ဗုံးအသေအချာကွဲခြင်း၊ သင်္ကြန်ပြီးနောက် ဦးထုတ်ပြုတ် ကျခြင်းစသည်)ကို အစမှ အဆုံးဖွဲ့နွဲ့ကြလေသည့်ဘလော့ဂါတို့နှင့် မနှိုင်းယှဉ်အပ်ဖွယ် သူ့ ဘလော့သည် လူစည်ကားသည်လည်းမဟုတ်။ ဖတ်သူလည်း ထူးထူးကဲကဲ မရှိ၊ ဝေဘန်သူလည်း မပါ၊ တရားထောက်သူလည်း နတ္ထိမို့ ဓမ္မကထိကညဉ်ရှိသော သူ့အတွက် အခက်ကြီးခက်ကာ အိပ်ရေးသာ ၀အောင် အိပ်ခဲ့ပါလေ၏။

ဤသည်ပင် ဓမ္မဂင်္ဂါအမှား၊ ဓမ္မဂင်္ဂါအမိုက်၊ ဓမ္မဂင်္ဂါစရိုက်၊ ဓမ္မဂင်္ဂါအကြော၊ ဓမ္မဂင်္ဂါမနောဟု ပြောလည်း ပြော၊ စောလည်းစောကြောကြပေသော ပုဂ္ဂိုလ်သူမြတ်တို့သည်ကား သူပုန်းအောင်းရာ၊ သူ့အင်တာနက်ပဋိပတ်ဖြင့် ပျော်မွေ့အပ်ရာ တောရ၀ိဟာရ်သို့ ရှင်ဓမ္မရက္ခိတကို သာသနာအသိုင်းအ၀ိုင်းဟန်ဖြင့် စပယ်ရှယ်အင်ဗွိုင်း (Special Envoy)တမန်စေလွှတ်ခြင်း အကြောင်းဖြစ်သတည်း။

(၂)

ရှင်ဓမ္မရက္ခိတဆိုသူကား