Showing posts with label ဗာရာဏသီနေ့ရက်များ. Show all posts
Showing posts with label ဗာရာဏသီနေ့ရက်များ. Show all posts

14 February, 2013

ဇာဂုဒ်မှ ထိခေ သို့ ဟုတ်ပြီဘာသာစကား

(၁)
ဖုန်းခေါ်သံတစ်ခုဝင်လာသည်.. ချမ်းမြေ့ ချမ်းမြေ့ပါစေ တေးသွားအတိုင်း....။ သူ့ထံသို့ ဖုန်းဆက်သူ သိပ်မရှိလှပါ..။အိန္ဒိယနိုင်ငံတက္ကသိုလ်တိုင်းတွင် သူ့ကို သိသော၊ သူက ခင်မင်သော မိတ်ဆွေရဟန်းတော်များစွာ ရှိသည့်တိုင် သူ့ထံသို့ ဖုန်းခေါ်ဆိုမှုကတော့ မရှိသလောက်နည်းပါးလှပါသည်။
မိတ်ဆွေအကြောင်းသိများကတော့ '' င့ါရှင်က ဖုန်းမကိုင်ရသေးဘူး၊ ဟုတ်ပြီ ဆိုတာက အရင်ပဲ '' တဲ့။ ဟုတ်ပြီ ဟူသော ဝေါဟာရသည် လိုရင်းပြော ဟူသော စကားလုံး၏ အခြားပရိယာယ်တစ်ခုအဖြစ် မိတ်ဆွေရဟန်းများက သိနေကြသည်။
တကယ်တော့ သူသည် ဖုန်းများနှင့် ခပ်ဝေးဝေးနေလေ့ရှိသည်တော့ မဟုတ်ပါ။ စိတ်လိုလက်ရ ရှိသည့်အခါမျိုးတွင် လိပ်စာရှိသမျှ ဖုန်းနံပါတ်များကို နှိပ်လေ့ရှိပါသည်။ သို့သော် ခပ်ကြဲကြဲသာဖြစ်သည်။ သူ့ကို အကြောင်းကိစ္စမရှိဘဲ ခဏ ခဏဖုန်းဆက်ခြင်းကို သူက စိတ်ရှည်လေ့မရှိသည့်အတွက် သူကလည်း အခြားတစ်စုံတစ်ယောက်ကို အနှောက်အယှက်မပေးလိုလှပါ..။

''ငါ့ရှင်အား သတိရခြင်းသည်ပင် နီးသောအကြောင်း၊ ဝေးသောအကြောင်း၊ မနီးမဝေးသောအကြောင်းပဲ၊ ကဲ ဘဇာပြောချင်သေးသနည်း"'ဟု ခပ်ရင့်ရင့်ဖုန်းဆက်ကြလေသည့် ဒေလီမှ ဇာကြီး( JL)၊ နာဂပူရမှ မထေရ်ကြီး(TRD) နှင့် မစ္စတာပါရဂူကဲ့သို့သော ပုဂ္ဂိုလ်သူမြတ်များကိုမူကား စကားခုခံ ပြောရန်မရှိချေပြီတည့်..။

ရှည်လျားထွေပြားစွာ စကားအကျယ် ဆိုတတ်လေသည့် မိတ်ဆွေရဟန်းတော်တစ်ပါးကို '' လိုရင်းပြောပါဘိ ငါ့ရှင် '' ဟု တွန်းတွန်းတိုက်တိုက် အဘိယာစကပြုမိလေရာ '' ငါပြောသမျှ လိုရင်ချည်းပဲပ ငါ့ရှင် '' တဲ့၊ သို့နှင့် နှစ်နာရီနီးပါးမျှ ဖုန်းသံသရာဝဋ်ထဲတွင် ဇွဲခတ်၍ ကူးခဲ့ရဖူးသည်။

သူ့မိတ်ဆွေရဟန်းတော်တစ်ပါး၏ ဖုန်းအတွေ့အကြုံက ဖက်ရှင်တစ်မျိုးဟု သိရသည်။ တစ်နေ့တွင် ပစ္စည်းလေးပါးလှူဒါန်းနေသည့် ဒကာမကြီးတစ်ဦးထံ ဖုန်းဆက်ဖြစ်သည် တဲ့..။ '' ဒကာမကြီး နေကောင်းရဲ့လား '' ပဲ စကားစရသေးသည်။ " လူကတော့ နေကောင်းပါတယ် မောင်ပဇင်းရယ် ၊ အမေရိကားရောက်နေတဲ့ သားကြီးက တစ်မျိုး၊ အောဇီးက သမီးလတ်က တစ်ဖုံ၊ အိမ်မှာ ကျန်နေတဲ့ အငယ်မဆရာဝန်က တစ်ဘာသာနဲ့ တပည့်တော်မှာ စိတ်တွေ မအေးဖြစ်ပြီး တရားတောင် မမှတ်နိုင်အောင်ပဲ ဘုရား '' စသည် စသည် မရပ်မနား၊၀ယ်ထားသည့်ကား၊ သွားခဲ့သည့်ဟောင်ကောင် နယ်ပယ်စုံအောင် ပြောတော့ရာ '' ဒကာမကြီးရေ ဘေးမှာ ဧည့်သည်ရှိနေတယ် ထင်တယ်၊ နောက်မှပဲ ဆက်တော့မယ် '' ဟု ဖုန်းချခဲ့ရကြောင်း မိတ်ဆွေရဟန်းက ခပ်သောသော ပြောပြဖူးသည်။။ ဖုန်းကို အသုံးပြု၍ ငြီးကြွားကြွားခြင်း ဖက်ရှင်တစ်မျိုးပေပဲ...။
ဧည့်သည်ရောက်နေသော အချိန် ဖုန်းဆက်ခြင်းဖြင့် ကုသိုလ်ယူကြစေ..။


(၂)
သူနှင့် ရင်းနှီးသည့် ဒကာတစ်ယောက်ကို အမျိုးသမီးမိတ်ဆွေ (Girl friend) က အမြဲတမ်း ဖုန်းတဂွမ်ဂွမ်ဆက်လေ့ရှိပါသည်။
'' တပည့်တော်ကတော့ Under Phone-Arrest ဖြစ်နေတယ် ဘုရား '' ဟု စိတ်မသက်သာစွာ ညီးညူလေ့ရှိပါသည်။
သူနှင့် စကားပြောနေသည့်အခိုက်မှာပင် အမျိုးသမီး၏ ဖုန်းက ၀င်လာတတ်သေးသည်။ အမျိုးသမီးက သူနှင့် ရင်းနှီးသူမို့ ဒကာက သူ့ကိုပါ စစ်ကူတောင်းသည်လား ဒုက္ခကို မျှဝေသည်လား မသိ ၊ ဖုန်းကို လှမ်းထိုးပေးပါသည်။ '' ဘုန်းဘုန်းဆီမှာ ရောက်နေရင်တော့ စိတ်ချပါတယ် " တဲ့။ Womanly woman+Phone= Unlimitted ဒုက္ခသစ္စာ ဟု ဒကာက မှတ်ချက်ပေးသည်။

မကြာသေးမီက ဖတ်ခဲ့ဖူးသည့် စာရေးဆရာကြီးအောင်လင်း၏ မိန်းမဆန်လွန်းသော မိန်းမ ၀တ္ထုထဲမှ ဒိုင်ယာလော့ခ်တစ်ခုကို ခပ်သဲ့သဲ့ကြားလိုက်သလိုပင် ပြုံးမိရသေ၏ ။
'' မိန်းကလေးမှာ ရှိတဲ့အပြစ်က ခွင့်လည်း မလွှတ်နိုင်ဘူး၊ စိတ်လည်း မဆိုးနိုင်ဘူး၊ အင်္ဂလိပ်လိုတော့ Womanly woman ဖြစ်တယ်လို့ ခေါ်ရမှာပဲဗျ၊ ဗမာလိုတော့ မိန်းမဆန်တယ်ပေါ့ဗျာ၊ မိန်းမတစ်ယောက်ဟာ မိန်းမသိပ်ဆန်လာပြီဆိုရင် ယောက်ျားတွေအတွက် ဒုက္ခပဲဗျ၊ မိန်းမဆန်တဲ့ မိန်းမတွေကို ရတဲ့ ယောက်ျားတွေဟာ စိတ်ညစ်ရတာချည်းပဲ..။ အဲဒီလို မိန်းမတွေ သိပ်ချစ်လာရင် ပိုကြောက်စရာကောင်းလာတယ်... သူတို့ချစ်လွန်းတော့ ယောကျားတွေကို သူတို့ရဲ့ လှောင်အိမ်ထဲမှာ ထည့်ထားချင်တယ်၊ ကဗျာဆန်ဆန်ပြောရရင် သူတို့ရဲ့ အချစ်ဆိုတဲ့ မမြင်ရတဲ့ ကြိုးကလေးတွေနဲ့ ယောက်ျားတွေကို တုပ်နှောင်ချင်တယ်...''
သူ့ဒကာက မိန်းမဆန်လွန်းသော မိန်းမနှင့် ဖုန်းတွဲစပ်ထားခြင်း၏ ဒုက္ခသစ္စာကို မြင်ယောင်လေဟန်...။

(၃)
ဖုန်းကို ကောက်ကိုင်လိုက်တော့ ရှည်လျားသော ပြည်ပဖုန်းနံပါတ်တစ်ခု...။
Hallo
Hallo
Guten Tag (ကောင်းသောနေ့ပါ..)
Guten Tag (ကောင်းသော နေ့ပါ)
Wie geht es Ihnen? (နေကောင်းရဲ့လား )
Sehr Gut ( သိပ်ကောင်းတယ်..) Danke ( ကျေးဇူးတင်ပါတယ်)
ဂျာမဏီနိုင်ငံမှ မိတ်ဆွေရဟန်းတော်အရှင်တေဇောဘာသ၏ ဒွိုက်ခ်ျဘာသာဖြင့် နှုတ်ဆက်သံကို သူကလည်း ဒွိုက်ခ်ျဘာသာဖြင့်ပင် အလိုက်သင့် တုန့်ပြန်လိုက်ရသည်။ 

အဟတ်..။ တစ်ဘက်က ဒွိုက်ခ်ျ ဆိုလျင် သူကလည်း ဒွိုက်ခ်ျနိုင်ရပေလိမ့်မည်..။ အင်တာနေရှင်နယ်ကလိယုဂ်ကြီးတွင် ဂလိုဘယ်လ်လုပ်ပြနိုင်ပါမှ အဟုတ် ထင်ကြပေမည်ကိုး...။း)...။ (တကယ်တော့ ထို့ထက်အလွန် မတတ်ပွန်တော့ပြီ..)။

အရှင်တေဇောဘာသက ရွှေပြည်ကြီးမှ ပြန်လည်ဆိုက်ရောက်ပြီဖြစ်ကြောင်း သတင်းပေးလေသည်။ ထေရ၀ါဒသာသနာပြုအစစ်ကြီးဖြစ်ပေဦးတော့မပေါ့ ဟု သူက စကားလုံးဖြင့် ပူဇော်လိုက်သည်..။ မိတ်ဆွေ ရဟန်းတော်၏ သဘောကျစွာ ရယ်မောလိုက်သော ခပ်အုပ်အုပ်အသံကို ကြားရ၏။ ဥရောပမြို့ပြလမ်းများပေါ်တွင် ဆွမ်းခံဝတ်မပျက် ပိဏ္ဍာစာရိကအကျင့်မြတ်ဖြင့် မွေ့လျော်ပေဦးတော့မည့် မြန်မာရဟန်းတော်တစ်ပါး၏ ပုံရိပ်ကို မြင်နေမိသည်။ ခန္တီပါရမီကို လေးစားစွာ..။

မြတ်ရောင်နီဘလော့ဂ်တွင် ဥရောပသာသနာ့အရိပ်ထင်ထင်းများ ဖူးခွင့်ရပေဦးတော့မည်..။ အရှင်တေဇော ဘာသက ဂျာမဏီနိုင်ငံတွင် နေသမျှ ဓမ္မအသိအများဖြန့်ဝေရင်း တတ်ကောင်းရာရာ ဘာသာစကားနှင့် ဗဟုသုတအဖြာဖြာများကိုလည်း ဆည်းပူးချင်သေးသည် ဟု ဆိုသည်..။ 
သူကလည်း ဟိန္ဒီနှင့် တိဘက်ဘာသာစကားများကို ထော့နင်းထော့နင်း လေ့လာရင်းစွဲရှိနေပါကြောင်း အသိပေးဖြစ်သည်။
ထိုအခါမှ မိတ်ဆွေရဟန်းက ဟိန္ဒီဘာသာစကားဖြင့် ' Thi Kai (ကောင်းလေစွ ) Thi Kai (ကောင်းလေစွ) '' ဟု တန်ပြန်အနုမောဒနာစကား မြွက်ကြားလေတော့သည်။။

 အော် ဇာ ဂုဒ်မှသည် ထိခေ ဆီသို့ နှစ်ပါးသွားခဲ့ကြလေပြီကော..။ နောက်ဆုံးတော့ သူက ထုံးစံအတိုင်း '' ဟုတ်ပြီ အရှင်ဘုရားရေ '' ဖြင့်သာ..။
ဓမ္မဂင်္ဂါ
(၃၁-၃-၂၀၁၁)

29 September, 2011

တိဘက်တက္ကသိုလ်ဒိုင်ယာရီ

(၁)

မကြာမီမှာ ဒီဇင်ဘာက ရောက်လာချေတော့မည်။ ဒီဇင်ဘာသည် သူ့အတွက် စိန်ခေါ်မှုတစ်ခုနှင့်အတူ စောင့်နေပါလိမ့်မည်။ လွန်ခဲ့သော သြဂုတ်လနေ့လည်ခင်းတစ်ခုဆီက သူသည် အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့၊ ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်(Central University of Tibetan Studies) ရှိ ဒုတိယအဓိပတိ၏ ရုံးခန်းတွင် ရောက်ရှိနေခဲ့သည်။

ကောလိပ်အဆင့်မှ တက္ကသိုလ်အဆင့်သို့တိုးမြင့်ခြင်းခံရသည်မှာမကြာလှသေးသော မဟာယာနနှင့် တိဘက်လေ့လာရေးအထူးပြုကျောင်းသည် ထေရ၀ါဒဗုဒဘာသာကို လေ့လာရန် မွတ်သိပ်နေလေသည်။ ထေရ၀ါဒကို တို့ထိမည်ဆိုလျှင် ထေရ၀ါဒ၏ မိခင်စာပေဖြစ်သည့် ပါဠိဘာသာစကားမုခ်ဦးမှ ၀င်ရပေလိမ့်မည်။ ထေရ၀ါဒကို ဆာလောင်နေသည့် ကျောင်းတော်သည် ပါဠိရေချမ်းစင်လေးကို မဖြစ်မနေ တည်ဆောက်လေတော့မည်။

ထိုကွက်လပ်ကို ဖြည့်စွက်ရန် တက္ကသိုလ်အဓိပတိရုံးခန်းသို့ သူရောက်ရှိနေခြင်းဖြစ်လေသည်။ ပါဠိဘာသာကို အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားပို့ချပေးနိုင်သည့် မြန်မာရဟန်းတော်တစ်ပါးအဖြစ် ခပ်ရဲရဲ လက်မှတ်ထိုးရပေလိမ့်မည်။

“ ဘန္တေ ပါဠိဘာသာကို ကျွမ်းကျွမ်းကျင်ကျင် သင်နိုင်ပါ့မလား”

“ ကျောင်းသားတွေ နားလည်အောင်တော့ သင်ပေးနိုင်ပါတယ်”

အဓိပတိနှင့် အင်တာဗျူးက စကားအများကြီးမပြောလိုက်ရပါ။

“ ကောင်းပြီလေ မနက်ဖြန် နံနက် ၁၁း၀၀ နာရီ တစ်ခေါက်ပြန်လာစေချင်ပါတယ်၊ ဒီတက္ကသိုလ်မှာ ဂုဏ်ထူးဆောင်ပါမောက္ခကြီးအဖြစ်ခန့်အပ်ထားတဲ့ မစ္စတာထရီပါတီနဲ့တွေ့လိုက်ဦး။”

“ထိကေ ဂုရုဂျီး”

ထို့နောက် အဓိပတိလားမားကြီးနှင့်အတူ ထေရ၀ါဒနှင့် မဟာယာနယှက်နွှယ်ဆက်စပ်မှုများ၊ မြန်မာနှင့် တိဘက်အက္ခရာအရေးအသားစသည်တို့ အလွတ်သဘောပြောဖြစ်ကြသေးသည်။ ပညာရှင်တစ်ဦး၏ ဟန်ပန် အပြည့်ရှိသော လားမားကြီးသည် စကားပြောရာတွင် နုညံ့နွေးထွေးစွာ ပြောဆိုတတ်လေသည်။ နောက်တစ်နေ့ နံနက် ၁၁း၀၀ နာရီတိတိမှာတော့ ပါမောက္ခကြီး မစ္စတာထရိပါတီနှင့်တွေ့ရပါလေသည်။

(၂)

ဂုရုကြီးက ဟင်ဒီဘာသာစကားဖြင့်နှုတ်ဆက်စကားဆိုသည်။ အိန္ဒိယတွင် သုံးနှစ်တာဖြတ်သန်းနေထိုင်ခဲ့ဖူးသည့် တိုင် ဟင်ဒီဘာသာစကားကို ခါနားပီနား(ထမင်းစားရေသောက်)ထက်ပိုအောင် မပြောတတ်သည့်သူ့ကို ကူညီဘာသာပြန်ပေးမည့် ရဟန်းတော်တစ်ပါးက အသင့်ရှိနေခဲ့ပြန်သည်။ ယခင်နှစ်က MMWAI အဖွဲ့ကြီး၏ အထွေထွေအတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့သူ အရှင်စန္ဒိမာက သူ့အနားမှာထိုင်နေသည်။ အင်္ဂလိပ်ဘာသာ(သို့မဟုတ်) ပါဠိဘာသာစကားပြောနိုင်ပါသည်ဟု အရှင်စန္ဒိမာက မိတ်ဆက်ပေးမှသာ ပါဠိဘာသာဖြင့် စကားစသည်။ ရံခါအင်္ဂလိပ်လို ညှပ်ပြော၏။

အသက်ရှစ်ဆယ်ကျော်အဘိုးကြီးဆိုသော်လည်း အာရုံခံကိရိယာများက ထက်မြက်နေကြဆဲပင်ဖြစ်သည်။ အဘိဓမ္မာနှင့်ပတ်သက်သော မေးခွန်းအချို့မေးသည်။ အတိအကျဖြေရသည့်မေးခွန်းများတော့ မဟုတ်။ ဖြေချင်သလိုဖြေ၍ အမှတ်ပေးချင်မှ ပေးလို့ရသော မေးခွန်းများဖြစ်သည်။ အဘိဓမ္မာဆိုတာ ဗုဒ္ဓအရှင်တကယ်ဟောမဟောဆိုတာမျိုးဖြစ်သည်။

သည်ဂုရုကြီးက လွန်ခဲ့သောနှစ်အနည်းငယ်က အင်္ဂလန်နိုင်ငံ ဘာမင်ဂန်မြို့တွင် ခေါင်းချသွားတော်မူသည့် ဒေါက်တာအရှင်ရေ၀တဓမ္မ၏ ဆရာဖြစ်သည်တဲ့။ စကားပြောကြရင်း ဒေါက်တာရေ၀တဓမ္မ ပညာထူးချွန်ကြောင်း၊ အဘိဓမ္မတ္ထသင်္ဂဟ(သင်္ဂြိုဟ်)ကျမ်းကို ဟင်ဒီဘာသာသို့ ပြန်ဆိုစဉ်က သူများစွာကူညီခဲ့ရကြောင်း၊ ထိုဘာသာပြန်စာမူဖြင့် ဒေါက်တာအရှင်ရေ၀တဓမ္မ ကာလီဒါသစာပေဆုကို ဆွတ်ခူးရယူခဲ့ကြောင်း၊ ဒေါက်တာအရှင်ရေ၀တဓမ္မ အင်္ဂလန်ရောက်ပြီးကတည်းက အတွေ့နည်းသွားပြီးဖြစ်ကြောင်း၊ သူကြွလာမှသာ တွေ့ရတော့ကြောင်း စသည် ချိတ်ဆက်မိသမျှ စကားများ......

သူကလည်း ဒေါက်တာအရှင်ရေ၀တဓမ္မ မြန်မာနိုင်ငံသို့ ကြွရောက်ကာ ထေရ၀ါဒတက္ကသိုလ်တွင် အဘိဓမ္မာနှင့် ၀ိပဿနာတရားတော်များလာရောက်ပို့ချစဉ်က ပို့ချချက်များကို နာယူဖူးပါကြောင်း၊ ဆရာတော်လွန်တော်မူသည့်အခါ ဆရာတော်၏ မွေးရပ်မြေတွင် တည်ဆောက်ခဲ့သည့် ဆရာတော့်အထိန်းအမှတ်စာသင်ကျောင်းဆောင်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ရသေးကြောင်း စသည် ဆက်စပ်မိရာ......။ ဒေါက်တာအရှင်ရေ၀တဓမ္မ လွန်သွားပြီကို ဂုရုကြီး သိပါသလား မေးမိတော့ တက္ကသိုလ်ဆီနိတ်ကပင် ၀မ်းနည်းကြောင်းသ၀ဏ်လွှာပေးပို့ခဲ့သေးသည်ဟုဆိုပါသည်။

ဒေါက်တာအရှင်ရေ၀တဓမ္မဆိုသည်က ဗာရာဏသီ ပညာတတ်ဗြဟ္မဏအ၀န်းအ၀ိုင်းတွင် လင်းပခဲ့သူဖြစ်သည်။ ဗာရာဏသီဟိန္ဒူတက္ကသိုလ်၊ ကာသိဝိဒျာပိဌ်(မဟတ္တမဂနီ)တက္ကသိုလ်နှင့် သက္ကတတက္ကသိုလ်တို့တွင် ပါဠိကထိကအဖြစ်တွင်ကျယ်ခဲ့သည်။ သူ၏ မှတ်တိုင်တစ်ခုမှာ သက္ကတတက္ကသိုလ် ဗုဒ္ဓကျမ်းစာဆိုင်ရာ အထွေထွေအယ်ဒီတာချုပ်အဖြစ်တာဝန်ယူကာ ပါဠိစာပေကျမ်းစာများစွာကို ဒေ၀နာဂရီအက္ခရာဖြင့် တည်းဖြတ်ထုတ်ဝေခဲ့ခြင်းပင်ဖြစ်သည်။ ဂုရုကြီးနှင့် ၄၅ မိနစ်ခန့် စကားပြောပြီးသည့်အခါ နောက်ဆုံးမေးခွန်းတစ်ခုကိုတော့ ဂုရုကြီးက မှတ်မှတ်ရရမေးလေသည်။ ဓမ္မာစရိယအောင်ခဲ့တယ် မဟုတ်လား တဲ့။

(၃)

ဂုရုကြီး မစ္စတာထရိပါတီနှင့် တွေ့ဆုံပြီး တစ်ပတ်ခန့်အကြာ တစ်ခုသော တနင်္လာနေ့တွင် တက္ကသိုလ်အဓိပတိရုံးခန်းမှ ဖုန်းခေါ်သံတစ်ချက်ဝင်လာသည်။ အဓိပတိနှင့် နံနက် ၁၁ နာရီတွင် လာရောက်တွေ့ဆုံပါရန်တဲ့။ အဓိပတိရုံးခန်းသို့ ဒုတိယအကြိမ်ရောက်ရပြန်လေသည်။

ဟင်ဒီဘာသာဖြင့် ကုလပတိဟုခေါ်သော တက္ကသိုလ်အဓိပတိတာဝန်ကို ထမ်းဆောင်နေသောပုဂ္ဂိုလ်ကြီးမှာ တိဘက်လားမားကြီးတစ်ပါးဖြစ်သည်။ ဘာသာစကားတော်တော်များများကို ပြောဆိုနိုင်သည်။ ထုံးစံအတိုင်းပင် သူနှင့်အတူ အရှင်စန္ဒိမာလိုက်ပါလာသည်။ အရှင်စန္ဒိမာကိုတော့ လားမားကြီးက ဟင်ဒီဘာသာဖြင့် စကားပြောသည်။ သူနှင့်ကတော့ အန်ဂရေဂျီး(အင်္ဂလိပ်)ဘာသာ။

လားမားကြီးက ချိုမြသောအပြုံးဖြင့် ကြိုဆိုသည်။ လက်အုပ်ကိုယ်စီချီက နှုတ်ဆက်ကြ၏။ မဟာယာနနှင့် ထေရ၀ါဒဟူသည်က အဖေတူသားများပင် မဟုတ်ပါလား။ ပါဠိဂုရုကြီးမစ္စတာထရိပါတီ၏ ထောက်ခံချက်ကို သူအပြည့်အ၀ရခဲ့ပြီဖြစ်ကြောင်းသေချာလှပါသည်။ ဓမ္မာစရိယအောင်ခဲ့တယ် မဟုတ်လား ဟူသောမေးခွန်း၏ အဓိပ္ပါယ်ကို လားမားကြီးနှင့် စကားပြောဖြစ်သည့်အခါမှ သဘောပေါက်သွားရလေသည်။

လာမားကြီးက သူ၏ ကိုယ်ရေးအကျဉ်းကို ပြန်ကောက်ကြည့်ကာ ပါဠိဘာသာနှင့် ပတ်သက်လျှင် ထိပ်တန်းကျလှသော မြန်မာနိုင်ငံမှ ဓမ္မာစရိယရဟန်းတော်တစ်ပါးအနေဖြင့် အိန္ဒိယတက္ကသိုလ်တွင် ပါဠိဘာသာ အထူးပြုတက်ရောက်ဖွယ်မလိုဟု ထင်မြင်မိပါသည်တဲ့။ အိန္ဒိယပါမောက္ခများသည်ပင် မြန်မာဓမ္မာစရိယ ရဟန်းတော်များနှင့် နှိုင်းယှဉ်ဖွယ်မရှိနိုင်ပါ ဟုလည်း ဆိုသေးသည်။ အိန္ဒိယတွင် မြန်မာရဟန်းတော်များ ပါဠိဘာသာလာရောက်သင်ယူနေသည်ကို အံ့သြဟန်လည်း ပြပါသည်။

ရိုးရာစနစ်နှင့်နှိုင်းယှဉ်ကာ နိုင်ငံတကာသင်ကြားနည်းကို လေ့လာရန်ဖြစ်ကြောင်းနှင့် တက္ကသိုလ်ပညာရေးကိုလည်း စောကြောရန်ဆန္ဒတစ်ရပ်လည်း ရှိသေးကြောင်းစသည် စသည် အဖြေတစ်ခုတော့ ပေးရပါလေသည်။ ဟုတ်လည်း ဟုတ်ပေသည်၊ မြန်မာနိုင်ငံတွင် ရဟန်းတော်တစ်ပါးအနေဖြင့် တက္ကသိုလ်ပညာကို သင်ကြားခွင့်ရရန် အခွင့်အလမ်းနည်းပါးလှပေသည်။

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကြီးနှစ်ခုရှိသော်လည်း နှစ်စဉ်တက်ရောက်ခွင့် ရသည့် ရဟန်းတော်က အပါးတစ်ရာပင်မရှိ၊ သူတက်ရောက်ခွင်ရခဲ့သည့်နှစ်က မန္တလေးသာသနာ့တက္ကသိုလ်တွင် ပထမနှစ်သင်တန်းသားက ၇၂ပါးမျှသာ။အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကြီးတွင် တက်ရောက်ခွင့်ရပြန်တော့လည်း သူနှင့်ကျောင်းတက်ဖော် ရဟန်းတော်များက ၁၂ ပါးတိတိမျှသာ။

ယခုတော့ သီတဂူဆရာတော်ကြီဖွင့်လှစ်သည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ဗန်းမော်ဆရာတော်နှင့် ဆရာကြီးဦးမြင့်ဆွေ(မဟာဝိဇ္ဇာလန်ဒန်) တည်ထောင်သည့် ဗုဒ္ဓတက္ကသိုလ်( ရန်ကုန်၊မန္တလေး)၊ ကမ္ဘာအေးကုန်းမြေတွင် ဖွင့်လှစ်ထားသည့် အဘိဓမ္မာမဟာသိပ္ပံ စသည် တက္ကသိုလ်အမည်ခံကျောင်းများ ပေါ်ပေါက်လာခြင်းကိုတော့ ကြိုဆိုရပေမည်။ ရဟန်းတော်များ တက္ကသိုလ်ပညာဆိုတာ ဘာလဲ သိမြင်နိုင်ကြစေ၊ သိသည့်အတိုင်း ဖြန့်ဝေနိုင်ကြစေ။ ကမ္ဘာလုံးလိုက် ပြားလိုက်ကြီးထဲ အလိုက်သင့် စီးမျော သာသနာပြုနိုင်ကြစေပေါ့။

အဓိပတိလားမား ကြီးက ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်အနေဖြင့် ထေရ၀ါဒပိဋကတ်စာပေကို သင်ကြားပို့ချပေးနိုင်သည့် ဌာနတစ်ခုဖွင့်လှစ်ရန်ရည်ရွယ်ထားပါကြောင်း၊ ထေရ၀ါဒပိဋကတ်ကို လေ့လာရန်မှာ ပါဠိဘာသာကို မဖြစ်မနေသင်ယူရမည်ကို နားလည်သဖြင့် ပါဠိဘာသာကို အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပို့ချပေးနိုင်သည့် မြန်မာရဟန်းတော်တစ်ပါးကို ဖိတ်ကြားရခြင်းဖြစ်ကြောင်း ၀မ်းမြောက်ဖွယ် စကားဆိုလေသည်။

ယခုနှစ်တွင်တော့ ပညာသင်နှစ်တစ်ဝက်စွန်းနေပြီဖြစ်သည့်အတွက် မေဂျာဘာသာအဖြစ်မဟုတ်ဘဲ အထူးသင်တန်းတစ်ရပ်အနေဖြင့် ပို့ချပေးစေလိုကြောင်း၊ သင်တန်းကို ဒီဇင်ဘာလတွင် စတင်စေချင်ကြောင်းလည်း မှာကြားပြန်လေသည်။ သူနှင့်ချိတ်ဆက်ပေးသည့် အရှင်စန္ဒိမာကိုလည်း ကျေးဇူးတင်စကားတဖွဖွဆိုလေသည်။

ယခုတစ်ခေါက်ခရီးစဉ်သည် သူ့အတွက် လာခြင်းကောင်းစေခဲ့ပါသည်။ ယမန်နှစ်က လွဲချော်ခဲ့သော ပီအိတ်ခ်ျဒီ ကျမ်းပြုခွင့်ကိုလည်း ဗာရာဏသီ သက္ကတတက္ကသိုလ်တွင် ချောချောမောမော ရရှိခဲ့သည်။ ဗာရာဏသီ ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်တွင်လည်း ပါဠိစာပေဌာနတည်ထောင်သူ ဧည့်ပါမောက္ခအဖြစ် နိုင်ငံနှင့် လူမျိုး၏ ဂုဏ်ကို ဆောင်ခွင့်လည်း ရပြန်သည်။ ကောင်းလေစွ။

အကြွားသန်သောအမျိုးများအတွက် လက်ဆောင်စကားပါးရပေတော့မည်။ ဖခင်ကြီးကတော့ သူစာမေးပွဲတစ်ခုအောင်လေတိုင်း “ ငါ့သားကတော့ အောင်ပြန်ပြီတဲ့ဟေ့” ဟု အားရပါးရ ကြွေးကြော်တတ်သည်ကို လွမ်းဆွတ်မိသေးတော့၏။ အခုလည်း အဖေရေ“ ဖြစ်ပြန်ပြီတဲ့ဟေ့”လို့သာ လုပ်ချလိုက်ပေတော့။ ပီတိကို စား အားရှိပါ၏။

ဓမ္မဂင်္ဂါ

(၂၃-၁၁-၂၀၀၉)

(တိဘက်တက္ကသိုလ်တွင် စတင်၍ ဧည့်ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်ရန် ဖိတ်ကြားခံရစဉ်က ရေးခဲ့သောအဟောင်း...မဖတ်ရသေးသူများအတွက်...)

23 September, 2011

အိုင်ပက်မရှိ.. ဒုက္ခမရှိ..

မိုးရွာနေတယ်...။ လေညင်းက ခပ်နော့နော့မို့ အခန်းတံခါးကို ပိတ်ပြီး ပြန်အိပ်ဖို့ စဉ်းစားမိတယ်...။ ကျကွဲသွားတဲ့ အိုင်ပက်တူး သင်္ခါရကို ဆင်ခြင်မိတော့ နှမျောတယ်...။ စင်ကာပူဖူနန်မောလ်ထဲမှာ အိုင်ပက်ကို ၀ယ်ပြီးမှ ဗာရာဏသီရောက်ရင် အဆင်ပြေပါ့မလား တွေးပူခဲ့ရသေးတယ်..။ ဗာရာဏသီဆိုတာ ယဉ်ကျေးမှုအရ ဂန္ထ၀င်မြောက်ပေမယ့် နည်းပညာအရတော့ ခပ်နှေးနှေးမို့ ၀ိုင်ဖိုင်စနစ်မရှိရင် အိုင်ပက်ပေမယ့် ငါးရမှာမဟုတ်ပေဘူး..။

ရွှေပြည်ကြီးရောက်တော့လည်း မိတ်ဆွေရဟန်းတော်အချို့က သူ့ကို အားတက်ဖွယ်စကားစနဲ့ ဖေးမကြရှာတယ်..။ ငါ့ရှင်သွားမယ့် တောအရပ်မှာ အိုင်ပက်ဆိုသဟာ ချောင်ထိုးထားရုံသာပတဲ့..။ အိမ်း အိုင်ပက်ရှိ ဒုက္ခရှိ...။ ဗာရာဏသီရောက်တဲ့ တစ်ပတ်လောက်အထိ အိုင်ပက်ကို စာအုပ်စင်ပေါ်မှာ တကယ်ချောင်ထိုးထားရတယ်..။ ဟုတ်တယ် အိုင်ပက်ဆိုတာ ဗာရာဏသီမှာ တကယ့်ကို အသစ်ပါ..။ တိဘက်တက္ကသိုလ်မှာလည်း လုပ်ဖော်ကိုင်ဖက်ဆရာတွေက အိုင်ပက်ဆိုတာကို မမြင်ဖူးကြပေဘူး..။
တိဘက်ပါမောက္ခကြီးတစ်ယောက်ကတော့ သူ့ကို မော်ဒန်ဘန္တေကြီးတဲ့..။

ဖြစ်ချင်တော့ ဗန်ကောက်နည်းပညာဈေးခင်းထဲက အေဆာအမျိုးအစားစမတ်ဖုန်းလေး ၀ယ်ဖြစ်ခဲ့တာဟာ အိုင်ပက်အတွက် သတို့သားရသလိုဖြစ်သွားတယ်..။ Android နည်းပညာသုံးထားတဲ့ ဖုန်းမှာ ၀ိုင်ဖိုင်လွှတ်တဲ့ Wifi Portable Hot Spot လေးထည့်ထားတာကို အမှတ်မထင်နှိပ်ရင်းက တွေ့သွားတယ်..။ ယူရေကား ယူရေကား (Ureka!) ........အားခိမိဒီးကြီးလို ထမပြေးဖြစ်အောင် ကိုယ့်ခြေထောက်ကိုယ် မနည်းဆွဲထားရတယ်..။

ီဝိုင်ဖိုင်စနစ်နဲ့ ချိတ်ဆက်ပြီး အင်တာနက်အသုံးပြုလို့ ရပြီဆိုတာနဲ့ အိုင်ပက်ရဲ့ တန်ဖိုးဟာ မြင့်တက်သွားခဲ့တယ်..။ သူ့ရဲ့ စာသင်ခန်းကို စာအုပ်တွေအများကြီး သယ်သွားဖို့ မလိုတော့ဘူး...။ သူ့ကျမ်းစာတွေကို Google က သိမ်းပေးထားတယ်..။ တက္ကသိုလ်နေ့ရက်တွေဟာ အိုင်ပက်တူးရဲ့ စွမ်းဆောင်ရည်နဲ့ လတ်ဆတ်နေတော့တာပါပဲ..။ တစ်ချို့အကြောင်းအရာတွေကို စကားလုံးနဲ့ ရှင်းပြလို့ အဆင်မပြေရင် အင်တာနက်က ပုံရိပ်တွေကို ကလစ်ပြလိုက်ရုံနဲ့ သူ့တပည့်တွေ သက်ဝင်နားလည်သွားကြတယ်..။ အိုင်ပက်တူးနဲ့ စမတ်ဖုန်းဟာ မော်ဒန်ရဟန်းတစ်ပါးအတွက် မရှိမဖြစ်ပရိက္ခရာဖြစ်လာခဲ့ပါတယ်..။ ညကတော့ လွတ်ကျလို့ အိုင်ပက်တူးရဲ့ ဥပဓိလေးပျက်သွားရရှာပါတယ်...။ အော် ပစ္စည်းသင်္ခါရ အိုင်ပက်သင်္ခါရ...။

မနေ့ကပဲ တက္ကသိုလ်စာသင်ခန်းမှာ ပိဋကတ်သင်ခန်းစာ ၀ိသာခါသုတ်ကို သင်ပေးဖြစ်တယ်..။
ကျောင်းအမကြီးဝိသာခါက ဗုဒ္ဓအရှင်ဆီကို စွပ်စိုနေတဲ့ အ၀တ်၊ ဆံပင်ဖားလျားနဲ့ ရောက်လာတယ်...။ မြေးကလေး သေသွားတဲ့ အတွက် ကြေကွဲဝမ်းနည်းမှုတွေကို အရိယာမကြီးဖြစ်နေပေမယ့် မခံစားနိုင်ရှာဘူး...။ မျက်ရည်မြစ်ထဲ နှလုံးသားနဲ့ ကူးခတ်မိရက်သားဖြစ်နေပါရောလား..။

ဗုဒ္ဓအရှင်နဲ့ ၀ိသာခါတို့ရဲ့ ဒိုင်ယာလော့ကို နားဆင်ကြည့်..

သာဝတ္ထိမြို့ကြီးလောက် သားသမီးတွေ မြေးတွေ ရချင်သလား.။
ဖြစ်နိုင်မယ်ဆိုရင် သိပ်ရချင်တာပေါ့ဘုရား။
တစ်နေ့တစ်နေ့ သာဝတ္တိမှာ လူဘယ်နှစ်ယောက်သေသလဲ ။
တစ်ခါတစ်ရံ ဆယ်ယောက် တစ်ခါတစ်ရံကိုးယောက်.......၊ တစ်ယောက်မှ မသေတဲ့ နေ့ရယ်လို့တော့ မရှိပါဘူးအရှင်။
အဲဒါဆို ညီးခမျာ နေ့တိုင်းငိုနေရတော့မှာပေါ့အေ...။ ဒီမှာ ၀ိသာခါ...အချစ်တစ်ရာ ဒုက္ခတစ်ရာ...အချစ်တစ်ခု ဒုက္ခတစ်ခုပေပဲ...။ အချစ်မရှိ ဒုက္ခမရှိ...( ယေသံ နတ္ထိ ပိယံ၊ တေသံ နတ္ထိ ဒုက္ခံ။)
သောကနဲ့ မျက်ရည်တွေ ကင်းဆိတ်ဖို့ ချစ်မှုရေးရာ မပြုပါလေနဲ့ ၀ိသာခါ ။
(ပိယံ န ကယိရာထ ကုဟိဉ္စိ လောကေ) တဲ့..။

အရှင်ဘုရားရေ...အိုင်ပက်ရှိတော့ ဒုက္ခရှိ..အိုင်ပက်မရှိရင် ဒုက္ခမရှိဘူးပေါ့ဘုရား...။
ဘာပဲဖြစ်ဖြစ် အဲဒီဒုက္ခလေးကိုတော့ဒကာပိုင်စိုးဝေကြီးရဲ့ စကားအတိုင်း ဆက်ပြီး ပျော်ရွှင်နာကျင်ပါရစေဦး..။
ဆားဗစ်စ်မှာ ငါ့နှလုံးသားကို တပ်ဆင်ပေးကြပါကုန်လော့...။ သာဓု သာဓု သာဓု

ဓမ္မဂင်္ဂါ
(၂၄-၉-၂၀၁၁)

18 August, 2011

မိဂဒါဝုန်မုတ်သုံအက်ဆေး



အကယ်၍ ..

ဤ ''အကယ်၍ ''သည် မစ္စတာကစ်ပလင်း သို့မဟုတ် ယူနို့စ်ရှင်အာစာရ၏ အကယ်၍ မဟုတ်ကြောင်း သူကိုယ်တိုင် ရေးလိုက်ခြင်းဖြစ်သောကြောင့် မူပိုင်ခွင့်ပြဿနာကို စကားလုံးနှစ်လုံးခန့်ဖြင့် ရှောင်လွှဲဖွယ်မရှိတော့ပေ..။ အကယ်၍ လောကဥပဒေနှင့် ငြိစွန်းသဖြင့် ပြဿနာကို မီးမြှိုက်နိုင်သော်လည်း ၀ိနည်းဥပဒေတွင် ရင်းနှီးကျွမ်းဝင်၍ ယူငင်သုံးစွဲပါက ၀ိဿာသဂ္ဂါဟဖြစ်သောကြောင့် အပြစ်မရှိဟု ဆိုသည်။ ထို့ကြောင့် သူသည် မိတ်ဆွေများစွာကို ရှာဖွေစုစောင်းထားပြီး ပစ္စည်းများကိုမူ သိမ်းဆည်းလေ့မရှိပေ..။ သွားလေရာယူဆောင်တတ်သည်က Oral B အမျိုးအစားသွားတိုက်တံတစ်ချောင်းနှင့် Gillette သင်တုန်းဓါးတစ်လက်သာ ဖြစ်လေသည်။ (ငါ့ရှင်တို့ရေ တံခါးတွေ ပိတ်လိုက်ကြလေပြီလော ) :)

ဒီနေ့ မိဂဒါဝုန်လမ်းတွင် မိုးရွာနေသည်။ နံနက်ခင်းဆီက သူ့အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် မိုးရေစိုနေသောသရက်ပင်သည် မလုံမလဲဖြစ်စွာ ခိုက်ခိုက်တုံနေရှာသည်။ ဆွေ့ဆွေ့ခုန်နေသော ဖားများက သူ့ကို မော့ကြည့်နေကြ၏။ အိန္ဒိယတွင် ဖားများ စိတ်လုံကိုယ်လုံနေထိုင်ခွင့်ရှိဟန်တူသည်။ ငယ်ငယ်တုန်းက လယ်စောင့်တဲလေးဆီ စိတ်ရောက်သွားသေးသည်။ အော် ကြာဖြူတစ်ပွင့် နီတစ်ပွင့်...။

ဒီတစ်နေ့တော့ သူ့အခန်းရှေ့က လမ်းလေးသည် ရွှံ့နွံထဲတွင် သိမ်မွေ့ချင်တိုင်း သိမ်မွေ့နေတော့မည်..။ ထိုအခါ သူသည်လည်း လမ်းလေး၏ ရွှံ့အိုင်ဗွက်များပေါ် ကျော်ခွ ယိမ်းထိုးလျှောက်လှမ်းရင်း ဗာရာဏသီမြူနီစပယ်လ်ကို မေတ္တာပွားတတ်အောင် အနိုင်နိုင်အားထုတ်ရဦးမည်။ အမှန်တကယ်ပင် သူ၏ မဇ္ဈိမနေ့ရက်များသည် စိတ်မငြိမ်သော မိဂဒါဝုန်လမ်းလေးပေါ်တွင် ကုန်လွန်သွားလေသည်။ မိဂဒါဝုန်လမ်းသည် စိတ်ကူးပေါက်သည့်အခါ နိုင်လွန်ကတ္တရာဖြင့် ချောမွတ်နေတတ်ပြီး စိတ်ရူးပေါက်သည့်အခါ တစ်လမ်းလုံးမွနေအောင် ဖုထစ်နေတတ်ပြန်သည်။ မြောင်းကြီးတွေ ဖော်။ ပိုက်လုံးကြီးတွေ မြှုတ်၊ ထိုနောက် ကျောက်သားလမ်းဖြစ်လိုက်၊ ကတ္တရာလမ်းဖြစ်လိုက်..။ ထို့နောက် ...မြေသားမွမွ..ရွှံဗွက်ရွရွ...။

မိဂဒါဝုန်သည် ဒီမိုကရေစီမှလွဲ၍ ဘာမှ မပြည့်စုံရှာပါ..။ ဒီမိုကရေစီရှိနေတာကိုက ရေငတ်တော့ ပြေသည်။ ဘာမှန်းတော့ မသိ..။ သူလည်း ၀ါကျတွေ ပေါ်သမျှ ကောက်ခြစ်လိုက်သည်။ ပေါ်ရာရှုခြင်းမဟုတ်၍ သတိပဋ္ဌာန်နှင့်တော့ ဝေးလှသည်။

အိုကြီးအိုမဗာရာဏသီကို မုတ်သုံက နွဲ့ဆိုးဆိုးနေသည်။ သူနေခဲ့သော ငါးနှစ်တာကာလအတွင်း ယခုရာသီလို မုတ်သုံ၏ ပွတ်သပ်ကြည်စယ်မှုမျိုး တစ်ရံတဆစ်မျှ မကြုံခဲ့ဖူး..။ငယ်ရွယ်ကျွပ်ဆတ်လွန်းသော မုတ်သုံကို အိုဟောင်းနွမ်းပါးသော ဗာရာဏသီက ချော့မြူနေခဲ့ဟန်ပင်..။ သို့နှင့် မုတ်သုံသည် သူ့အခန်းလေး၏ မှန်ပြတင်းချပ်များကိုပါ မိုးစက်များဖြင့် ပစ်ပေါက်ရမ်းကားနေတော့သည်..။

လက်ရှိနေထိုင်သော အခန်းလေးသည် သူ့အတွက် အသစ်စက်စက်တော့ မဟုတ်ခဲ့..။ တတိယအကြိမ်မြောက်ပြန်လည် ဆုတ်နစ်ရာ ကိုးန၀င်းဆောင်ဖြစ်သည်။ သူ့အခန်းလေးတွင် မိတ်ဆွေ ရဟန်းတော်အချို့ချန်ထာားခဲ့သော အထုပ်အပိုး ၀န်စည်စလယ်များဖြင့် ဖောင်းကားရောင်ရမ်းနေသည်။ သူ ကိုယ်တိုင်သည်ပင် ဟိုလူပေး သည်လူပေး ပစ္စည်းများဖြင့် ကာတွန်းထဲက ကြွက်ဝမ်းပူ တစ်ကောင်လိုဖြစ်နေပြီလား။

ယခင်က သူသည် စာရွက်စာတမ်းအနည်းငယ်ထည့်ထားသော ပေါ့ပေါ့ပါးပါး လက်ဆွဲအိတ်လေးတစ်လုံးဖြင့် မေတ္တာသုတ်ထဲက အတိုင်း''သုဘရော စ သုဟုဇူ စ''လုပ်နေသေးသည်။ သူ့အမည်ဖြင့် ငှါးရမ်းထားသော ကိုယ်ပိုင်အခန်းလည်း မရှိ..။ သူ့မိတ်ဆွေများရှိရာဆီ တစ်ခန်းဝင် တစ်ခန်းထွက်..။ သူက ဆွမ်းဟင်းလည်း မချက်တတ်။ (အမှန်တကယ်တော့ ရွှေပြည်ကြီးတွင် သပိတ်ရှိလျှင် ဆွမ်းရှိသောရဟန်းတော်များ၏ သဘာဝအရ မည်သူမျှ မီးဖိုချောင်ကိစ္စတွင် စွမ်းဆောင်ရှင်များမဟုတ်ကြ။ တစ်ပါးစနှစ်ပါးစသာ ၀ါသနာနှင့် ပါရမီလက်ပါလာကြသည်။ မဇ္ဈိမရောက်လျှင်တော့ မဖြစ်မနေသင်ယူကြရသည်။ စမ်းသပ်ချက်ပြုတ်ကြရသည်။ ''ကဲ လိုက်ဆိုကြ ..ဣဒံ မေ ပုည''ံ ဖြင့် ဆွမ်းတစ်နပ်လွယ်လွယ်ကူကူ မဖြစ်နိုင်တော့သည့် အခြေအနေက ပွင့်လင်းမြင်သာရှိလွန်းလှပေသည်။

အသစ်ရောက်လာစ ရဟန်းများအား ဟင်းချက်နည်းသင်ပေးသော မိတ်ဆွေရဟန်းတော်တစ်ပါးကို သတိရနေသည်။ ''ကဲ ငါ့ရှင်တို့ ဒီစင်ပေါ်တင်ထားတဲ့ ဗူးတွေ မြင်လား၊ ။ ဆားဗူး၊ နနွင်းဗူး၊ ငရုတ်သီးမှုန့်ဗူး...ဒီစင်ပေါ်မှာ တင်ထားသမျှ ဗူးတွေထဲက အနည်းငယ်စီကို သိလ္လာစိုးရဲ့ စားကြမယ်ဟေ့ ကောင်းကောင်းထဲက အတိုင်းထည့် ။ သားစိုးလို ရောသမမွှေ ....။

သူ့ကိုတော့ (လက်ရာကြိုတင်အနံ့ရနေကြသည့်အလား) စမ်းသပ်ခွင့်ပင် မပေးဘဲ မီးဖိုးချောင်ကင်းလွတ်ခွင့်ပြုလိုက်ကြသည်..။

သူကလည်း ဗာရာဏသီရောက်ဦးစနေ့ရက်များတွင် မီးဖိုချောင်ကြီးကို မြင်ရတိုင်း ထိတ်လန့်တုန်လှုပ်နေသည်။ ဘယ်တော့ချက်ရလေမလဲ..။ စားချိန်ရောက်မှသာ ရယ်ရယ်မောမောဖြစ်တတ်သည်။ (တော်တော်လည်း တရားပါပေ့..။)

သို့လျှင် သူ့အား နားလည်သည်းခံနိုင်စွမ်းရှိကြသော မိတ်ဆွေရဟန်းတော်များကို သူ့ဘက်က ဟူးဟူးငြားငြား ပြန်ပေးနိုင်သောအရာမရှိ..။

ယခုသူုနေထိုင်လျက်ရှိသော ကိုးန၀င်းဆောင်တွင်လည်း သူ၏ သီတင်းသုံးဖော်ရဟန်းတော်သုံးပါးက အလှည့်ကျချက်ပြုတ်နေကြသည်။ ညနေပိုင်းတွင် ထိုရဟန်းတော်များဘာသာပြန်ပြသော မစ္စတာဟာမန်းဟက်စ်၏ သိဒ္ဓတ္ထ၀တ္ထုကို နားထောင်ပေးရုံသာ သူ့ကို တာဝန်ပေးထားသည်။

''ယခုပင်လျှင် မစားခင်က ကြိုတင်ချက်မှု လုံ့လပြုလော့..။''း) သံပေါက်ကို သူ့အားရွတ်ခွင့်မပေး..။ ကောင်းလင့်တေးပေတည်း..။

လွန်ခဲ့သောနှစ်က မိတ်ဆွေရဟန်းတော်အချို့ ပညာရေးကိစ္စများပြီးဆုံး၍ အပြီးပြန်ကြလေသော အခါ ကျန်ရှိသော ပစ္စည်းများကို သူ့အား လက်ဆင့်ကမ်းခဲ့ကြသည်။ သုံးရာသီစာ စောင်ခြင်ထောင်များ၊ စားပွဲကုလားထိုင်များ။ စာအုပ်များ။ မီးဖိုချောင်သုံး အိုးခွက် ပုဂံများ၊ ဓါတ်ငွေ့အိုးကြီးများ။ ကာသိတိုင်းဖြစ်လေအေးစက် (အဲယားကွန်း မဟုတ်)။ ရေခဲသေတ္တာတစ်လုံး..။ တီဗီနှင့် ဂြိုဟ်တုစလောင်း၊ (တီဗီကတော့ သူ့အခန်းထဲမှာ ထားသည်ထက် ပိုမိုအဆင်ပြေမည့် ဘုန်းတော်ကြီးကျောင်းသို့ ပို့လှူလိုက်ကြသည်။ )

ဤပစ္စည်းများမှာ လိုအပ်ချက်များက တောင်းဆို၍ ဖြည့်တင်းလာသော အပိုပရိက္ခရာများဖြစ်လေသည်။ သို့တည်းမဟုတ် မလိုအပ်ဘဲ ရောက်လာသောအရာများလည်း ရှိနေနိုင်ကြောင်း ၀န်ခံရပေမည်။

သာသနာ့တက္ကသိုလ်နှစ်များဆီက ဒုတိယ ပါမောက္ခချုပ်ဆရာတော်သည် သူတို့၏ အဆောင်များ၊အခန်းများကို ၀င်ရောက်စစ်ဆေးလေ့ရှိသည်။ သင်တန်းသားရဟန်းတော်များနှင့် မသက်ဆိုင်သည့် အသုံးအဆောင်များကို သိမ်းဆည်းကာ ပညာသင်နှစ်ကုန်မှ ပြန်လည်ပေးအပ်တတ်သည်။ သို့နှင့် ပါမောက္ခချုပ်အဆောင်တွင် တံဆိပ်မျိုးစုံ ကက်ဆက်ပလေယာများ စုပုံနေတတ်သည်။

တစ်နေ့သားမှာတော့ ဒု-ပါမောက္ခချုပ်ဆရာတော်က (အရပ်တော်က ပုသော်လည်း) တက္ကသိုလ်မင်းလမ်းမကြီးပြည့်အောင် မြောက်မြောက်မော့မော့ကြွလာသည်ကို ဖူးရသည်။ နောက်တော်ပါးမှာက ထောင်ထောင်မောင်းမောင်းနာယကဆရာတော်ကြီးတစ်ပါးက ဂစ်တာကြီးကို ထမ်းလို့..။ .မြင်ကွင်းက ပြုံးချင်စရာကောင်းလှသည်။ စုံစမ်းကြည့်တော့ သင်တန်းသားရဟန်းတော်များ အဆောင်အနီးမှာ နေထိုင်ကြသည့် ထမင်းချက်ဆောင်ဝန်ထမ်းလူငယ်များဆီက သိမ်းလာသည် တဲ့..။ သာသနာ့တက္ကသိုလ်စာမေးပွဲနီပြီမို့ ဒေါင်ဒေါင်ဒင်ဒင်ဂစ်တာကြီးကို ဆွဲလာခဲ့ခြင်းဖြစ်ပေမည်။။

ကဗျာဆရာဒကာပိုင်စိုးဝေကြီးကတော့ မိဝင်းဖို့ ကဗျာတွင်

''ရူးစမ်းပါစေ ဆိုပြီး

နင်ပစ်ပေးခဲ့တဲ့ အထုပ်ကြီးကို

ရတဲ့နေကစလို့

ငါတစ်ညမှ အိပ်မရခဲ့ဘူး ..။ '' ဟု ဖွဲ့ဆိုသည်။

သူကတော့ရော သူ့မိတ်ဆွေများ ချစ်သမျှ အထုပ်ကြီး အထုပ်ငယ်များရသည့်နေ့ကတည်းက အခန်းတစ်ခန်းကို ကိုယ်ပိုင်အမည်ဖြင့် ငှါးရတော့သည်။ အိမ်ရှင်နှင့် အဆင်မပြေ၍ တစ်နေရာမှ တစ်နေရာပြောင်းရွှေ့ရန် စဉ်းစားမိသည့်အခါတွင်လည်း အတောင်သာ ၀န်ရှိသော ငှက်ကဲ့သို မပေါ့ပါးတော့။ ပြီးတော့ သူ့မှာ သော့တစ်ချောင်းမဖြစ်မနေ သွားလေရာရာ ဆောင်ရသည့် ဒုက္ခလည်း ပိုလာသည်။ ဘယ်မှာ ရဟန်းနှင့် တူတော့လို့လဲ..။ အရှင်ဇနကာဘိဝံသလို တောင်သမန်အင်းစောင်းက ကျောင်းမျိုးလေးမှာ စာအုပ်များနှင့်သာ အေးချမ်းစွာ ဘယ်တော့များမှာမှ နေခွင့်ရလေမလဲ..။ အရှင်ဝိစိတ္တသာရာဘိဝံသလို မင်းကွန်းဓမ္မနာဒက အခန်းကျဉ်းလေးမှာ လက်နှိပ်စက်လေး တစ်ချောက်ချောက်ရိုက်ရင်း ပေစာပရပိုဒ်များနှင့် ဘယ်အချိန်မှာမှ မွေ့လျော်ခွင့်ရလေမလဲ..။

သည်ဝါကျကို ဖတ်ပြီးသောအခါ သူ့သာဝကအချို့က အမွေတောင်းခန်းရိုက်ဖို့ အိုက်တင်လေ့ကျင့်နေကြတော့မည်။ ဟိုးထား..ငါ့ရှင်တို့ မောင်တို့မယ်တို့.. နောက်ထပ်အခန်းကျယ်ကျယ်ကြီးတစ်ခုငှါးဖို့ ကြံစည်နေပြီကို အသိပေးလိုက်သည်..။

အကယ်၍...

ဓမ္မဂင်္ဂါ

(၁၉-၈-၂၀၁၁)

(စာမရေးဖြစ်သည့်နေ့ရက်များကို ဘယ်လိုဖြည့်ဆည်းအစပျိုးရမည်ကို မသိရာမှ ကောက်ခြစ်မိသော ၀ါကျများဖြစ်သည်..။ )

20 March, 2011

မဇ္ဈိမဟိုလီ၊အညာလွမ်းချင်း၊နွေစာသင်ခန်းများဆီ

(၁)

ဗာရာဏသီလမ်းမများပေါ်တွင် '' ရေ..ရေ ..ရေတွေ ရွှဲကုန်ပြီ.. ဟော့ တော့ '' ဖြစ်နေလောက်ပြီ။ အော် မဇ္ဈိမသင်္ကြန်တော်အခါကျချေပြီ..။

မဇ္ဈိမသင်္ကြန်ကို ဟိုးလီပွဲတော်ဟု ခေါ်သည်။ ဟိုလီ(HOLI) ဆိုသည်က နွေဦး ဟု အဓိပ္ပါယ်ရသည်။ တပေါင်းလပြည့် ဖဂ္ဂုဏမာသပုဏ္ဏိမာတွင် နှစ်စဉ်ကျင်းပလေ့ရှိသည်။ သင်္ကြန်တော်အကြိုနေ့(၁၉-၃-၂၀၁၁)တွင် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်း၊ လမ်းဆုံလမ်းခွတွင် ထင်းများပုံကာ မီးရှို့ခြင်းဖြင့် နတ်ဆိုးမ ဟိုလီကာကို ဗိဿနိုးနတ်ဘုရား၏ သာဝကဖြစ်သူ ပရဠှဒက အနိုင်ရသည့် အထိမ်းအမှတ်ပွဲပြုကြသည်။ ဟိုလီသင်္ကြန်တော်အခါသမယ (၂၀-၃-၂၀၁၁) တွင် အိန္ဒိယတစ်နိုင်ငံလုံး ဆေးရောင်စုံရေများဖြင့် ပက်ဖြန်းပျော်ရွှင်ကာ နှစ်သစ်ကို ကြိုဆိုကြပေလိမ့်မည်..။

လွန်ခဲ့သော သောကြာနေ့နံနက်ခင်းက သူသည် စောစီးစွာ အိပ်ရာထကာ တိဗက်တက္ကသိုလ်ပရိဝုဏ်ဆီ ထွက်လာခဲ့သည်။ တက္ကသိုလ်ဂိတ်တံခါးစောင့်က '' ဂုရုဂျီ နမာစတေး '' ဟု အလေးပြုနှုတ်ဆက်တော့ သူကလည်း " နမာစကာရ် '' ဟု လက်ပြခဲ့သည်။ တက္ကသိုလ်မြက်ခင်းပြင်နှင့် မြေသွားအုတ်စီလမ်းလေးပေါ်မှာ ခပ်သွက်သွက် ဖြတ်သန်းပြေးလွှားကာ စာသင်ခန်းများဆီ ဦးတည်နေသော တွေ့နေကျကျောင်းသား ကျောင်းသူများကို မတွေ့ရ..။

သူ့နောက်မှ ရုတ်တရက် ဝေါကနဲ ပေါ်လာကာ ဟီးရိုးဟွန်းဒါဆိုင်ကယ်လ်ကြီးကို ကျော်ဖြတ်မောင်းနှင်ရင်း '' ဘန္တေဂျီး တရှိ ဒေလေ့ '' ဟု အပြေးနှုတ်ဆက်သွားလေ့ရှိသော တိဘက်စာပေသမိုင်းဆရာကိုလည်း မတွေ့။ ဘာဖြစ်ပါလိမ့်...။ ဘာပဲဖြစ်ဖြစ် စာသင်ဆောင်ရှိရာ အတိရှခန်းမကြီးဆီကိုတော့ ရောက်အောင် သွားခဲ့သည်။ သူ့အား ခပ်ဝေးဝေးမှ လက်အုပ်ချီလေ့ရှိသည့် စာသင်ခန်းအကူလုပ်သား လက္ချမန်းလည်း ရှိမနေခဲ့ပါ..။

သေချာပါပြီ... သည်နေ့ ကျောင်းပိတ်ရက်ဖြစ်မည်..။ ဆရာများအတွက် တက္ကသိုလ်ပြက္ခဒိန်တစ်ခုစီ ဝေငှထားသော်လည်း သူက ဘယ်သောအခါမှ အလေးမမူမိခဲ့..။ အိန္ဒိယနိုင်ငံ၏ ထုံးစံအရ တနင်္ဂနွေနေ့တစ်ရက်သာ အများသူငါ အားလပ်ရက်(Public holiday) ဖြစ်သည်ကိုသာ မှတ်သားထားခဲ့သည်..။

အော် နွေဦးပေါက်ပြီဆိုတော့ မဇ္ဈိမသင်္ကြန်တော်ရောက်လာပြန်ပြီပဲ...။

(၂)

မဇ္ဈိမသကြန်တော်က လောကီပွဲပေမို့ သူ့လို ရဟန်းတစ်ပါးအတွက် အလှမ်းဝေးလှသည်။. အပြင်လည်း မထွက်ရဲ..။ ဆေးရောင်စုံများဖြင့် သူ့မျက်နှာကို ဖြန်းပက်လိုက်မှဖြင့် ကြောင်ဋီကာ သစ်ကျမ်းပြုအစစ်ဖြစ်သွားပေမည်..။ တကယ့် ကြောင်ကြောင်ကြားကြား..။

သည်တော့လည်း နွေဦးဂျိုးကူသံလွှမ်းနေသော အခန်းလေးကျဉ်းလေးတွင်သာ သူ ခပ်ကုပ်ကုပ်နေထိုင်ဖြစ်ပါသည်။ အင်တာနက်အွန်လိုင်းပေါ်သို့ တက်ဖြစ်သည့်တိုင် မည်သူ့ကိုမှလည်း ဧည့်ဝတ်မပြုဖြစ်..။

တိုးတိတ်စွာ ဘာသာရပ်ဆိုင်ရာစာမျက်နှာများကို သူ ကလစ်ခ်နေခဲ့သည်..။ သူ့တွင် လုံလောက်သော စာအုပ်များ မရှိလေတော့ အင်တာနက်ပိဋကတ်တိုက်ကိုသာ အားကိုးနေရသည်။ စာအုပ်တွေသာ မရှိရင် ပညာရှင်လုပ်ဖို့ အခက်သားပဲ...။

နှုတ်မဆက်မိ၍ နားလည်မှုလွဲမှားလေသော မိတ်ဆွေများ ....ပလီးဇ် ...ကျေးဇူးပြု၍...နားလည်ပေးပါ.။ (ဧည့်ပါမောက္ခဆိုသူကြီး စာကျက်နေသဗျာ..)

လွန်ခဲ့သော လများဆီက ဆေးရုံပေါ်တွင် ဂိလာနအဖြစ် ဆေးကုသခံနေခဲ့ရစဉ်က အကြွေးများကို သူ ဆပ်နေရသည်။ တိဗက်တက္ကသိုလ်အတန်းတင် စာမေးပွဲများက မေလ (၅) ရက်တွင် စတင်ကျင်းပတော့မည်။ သူ ပို့ချရမည့် သင်ရိုးညွှန်းတန်းသင်ခန်းစာများက ခုမှ စလုံးရေး စ..ရှိသေးသည်။

အပြည်ပြည်ဆိုင်ရာတိဗက်ကျမ်းစာများဘာသာပြန်ဆိုရေးညီလာခံနှင့် ၀ိနည်းညီလာခံ၊ ညီလာခံနှစ်ရပ် ကျင်းပဖြစ်ခဲ့သည့် ဇန်န၀ါရီလဆီကလည်း ဘုန်းတော်ကြီးဒလိုင်လားမား၏ တရားပွဲများကို တက္ကသိုလ်ပရိဝုဏ်တွင် ကျင်းပခဲ့သည်မို့ တက္ကသိုလ်စာသင်ခန်းများ ပိတ်ပေးခဲ့သည်။ တစ်လနီးပါးခန့် စာမသင်ခဲ့ရ..။ ညီလာခံများပြီးသည်နှင့် သူက ဆေးရုံတက်လိုက်ရပြန်သည်။နောက်တစ်လ...။

ဆေးရုံကဆင်းသည်နှင့် စာသင်ခန်းများကို သူက ဆာလောင်မွတ်သိပ်လှပြီ..။ သို့နှင့် သူ့စာသင်ခန်းလေးဆီ ပြေးလာခဲ့သည်။ သို့သော် တပည့်များနှင့် နှုတ်ခွန်းဆက်စကား ဆိုကာ သင်ခန်းစာအသစ်များနှင့် မိတ်ဆက်ဖွင့်ဆိုရှင်းပြဆဲမှာပင် တိဗက်နှစ်သစ်ကူးကာလနှင့် မဇ္ဈိမသကြန်တော်က ကျရောက်လာပြန်သည်။


(၃)

ကျောင်းသားဘ၀က သူသည် ကျောင်းပြေးနာမည်ကြီးလှသော်လည်း ဆရာဘ၀မှာတော့ ကျောင်းမှန်လွန်းနေပြန်သည်ကို အံ့သြမိရသေးသည်။ သင်္ချာပါမောက္ခကြီးဒေါက်တာခင်မောင်ဝင်းရေးသည့် ဆရာဘ၀အတွေ့အကြုံလေးကို သတိရမိသည်။ တပည့်တစ်ယောက်က ဆရာကြီးကို '' ဆရာကြီးက ကျွန်တော်တို့ကို သိအောင် တတ်အောင် သင်ချင်တာ၊ ကျွန်တော်တို့က စာမေးပွဲပဲ အောင်ချင်တာ။ အဲဒါ သိပ်ခွကျတာပဲ ဆရာကြီးရယ် '' တဲ့..။ သူလည်း ကျောင်းသားဘ၀က တစ်မိနစ်လောက် စာပိုသင်သည်ကိုပင် သည်းမခံနိုင်..။ စာသင်ခန်းထဲက ထွက်ပြေးချင်သည်။

တစ်နေ့လျှင် သင်တန်းချိန်( ၆) ကြိမ်တက်ရသည့် မန္တလေးသာသနာ့တက္ကသိုလ်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ နွေဦးပေါက်ရာသီ စာသင်ခန်းများကို ပြန်စဉ်းစားမိတော့ လတ်တလော ခါးပူ နားပူလာသယောင် ခံစားရသေးသည်။ ချွေးဒီးဒီးကျစာသင်ခန်းများထဲ သင်တန်းပို့ချချိန် (၄၅) မိနစ်အပြီး အနားရသည့် ၁၅ မိနစ်လေးသည် တဒင်္ဂနိဗ္ဗာန်ဖြစ်သည်..။ စေတနာပိုလေသော ဆရာက ပို့ချချိန်ထက် ပိုလွန်၍ နောက်သင်တန်းနှင့် ဆက်သွားသည့် အခါမျိုးတွင်တော့ ငရဲကျသလို ခံစားရသည်..။

ဟာဗဒ်တက္ကသိုလ်ကျောင်းဆင်းဆရာကြီးဦးစ၀်ထွန်းမှတ်ဝင်းကတော့ အသက် (၈၀) နားနီးသည့်တိုင် စာသင်ရာတွင် တက်ကြွတုန်း..။ ပို့ချချိန်လွန်သော်လည်း မှတ်ဖွယ်မှတ်ရာများက ပြောဟော၍ မကုန်သေး..။ ဆရာကြီး အချိန်ပြည့်ပါပြီ ဆိုတော့ '' အိမ်မှာဆို အရှင်ဘုရားတို့ ဒကာမကြီးက တပည့်တော်ပြောတဲ့ စကားနားထောင်တာ မဟုတ်ဘူး ဘုရား.. အရှင်ဘုရားလေးတို့နဲ့ တွေ့တုန်း ပြောရတာ '' တဲ့၊ မှတ်ကရော..။

မိတ်ဆွေရဟန်းတစ်ပါးက '' အင်း သတ်မှတ်ချိန်ထက် လွန်သွားပြီဆိုရင်တော့ သောတာပန်ဖြစ်မယ်ဆိုရင်တောင် အဲဒီတရားကို နာဖို့ ခက်ခက်ပါကွာ'' တဲ့..။ ထိုမိတ်ဆွေရဟန်းကပင် "' ရှူး တိုးတိုး...ငါ့ရှင်တို့ရေ ဆရာတွေ ကြားရင် အားနာစရာ '' ဟု ပြောရင်း ပြုံးပြုံးကြီး လုပ်နေသေးသည်။

ခုတော့လည်း ဆရာအရှင်များကို စာနာနားလည်စွာ တက္ကသိုလ်ကြီးနှစ်ခုက ရဟန်းပညာရှင် လူပညာရှင်ပုဂ္ဂိုလ်ကြီးများကို အမှတ်ရနေသေးတော့သည်။

(၄)

သည်ရက်ပိုင်းများတွင် သူ စာလည်း မရေးဖြစ်...။ စာဖတ်ပရိသတ်တစ်ဦးကတော့ စိတ်လိုလက်ရရှိမှသာ ရေးစေချင်ပါသည် တဲ့..။ စင်ကာပူမှ မကြာသေးမီက ပြန်လာသော မိတ်ဆွေရဟန်းတော်နှစ်ပါးကတော့ ဓမ္မဂင်္ဂါပရိသတ်တွေကို ဘယ်နေရာသွားသွား မလွဲဘူး ဆိုပဲ..။ မလွဲတဲ့နေရာတွေကို ကြွရောက်ခဲ့ကြတယ် ထင်ပါရဲ့...။ ကောင်းလေစွ..။

ရေးလက်စ ကြောင်ဋီကာသစ်ကိုလည်း ဂျပန်ငလျင်ကာလတွင် သူ ရေးချင်စိတ်မရှိ..။ ကြေကွဲသော စိတ်နှလုံးများကို စာနာသည့်တိုင် မနောကံကရုဏာသာ သူ စွမ်းနိုင်သည်။ တိဗက်တက္ကသိုလ်ကလည်း ဂျပန်ငလျင်အထိမ်းအမှတ်ဆုတောင်းပွဲပြုလုပ်ပေးခဲ့သည်။ အော် ဒုက္ခာ မုစ္စန္တု....။


ဓမ္မဂင်္ဂါ

(၂၀-၃-၂၀၁၁)

မဇ္ဈိမသင်္ကြန်တော်

24 February, 2011

နာလန်ထစာအုပ်စင်

ဗောဇ္ဈင်သုတ်တော် နာဖြစ်တယ်.....။ ပရိတ်ဒေသနာဟာ စိတ်ကို လုံခြုံစေတာ ကိုယ်တွေ့တရား..။ လေးဖြူရဲ့ တောင်ပံများနဲ့သီချင်းက တယ်လီဖုန်းမြည်သံဖြစ်နေတာ ကြားကြားနေရတယ်..။ စာအုပ်တွေ အခန်းထဲရောက်အောင် စီစဉ်ပေးထားတဲ့ မစ္စတာပါရဂူ၊ကိုရင်နဲ့ အောင်မိုးသစ်တို့ကို ကျေးဇူးတင်ပါတယ်...။ ဆေးရုံက အဆင်း..မီးရောင်မှိန်မှိန်အောက် ဖျော့တော့ငြိမ်ဆိတ်နေရစဉ်...စာအုပ်များ...

၁။ကာတွန်းမောင်စိန် လူကြီးခန်း
၂။ဆန်းလွင်(ရှင်အာဒိစ္စရံသီ) ဥာဏ်လမ်းပေါ်လျှောက်လူတစ်ယောက်အကြောင်း
၃။မြသန်းတင့် ၂၀ ရာစုကမ္ဘာ့ဂန္ထ၀င်ဝတ္ထုတိုများ
၎။ခင်ခင်ထူး မအိမ်ကံ
၅။ခင်ခင်ထူး ဆံရစ်ဝိုင်းဝတ္ထုတိုများ
၆၊ခင်ခင်ထူး လှည်းယာဉ်ကြော့ဝတ္ထုတိုများ
၇။ခင်ခင်ထူး ဖက်စိမ်းကွမ်းတောင်ဝတ္ထုတိုများ
၈။ နေ၀င်းမြင့် တောကျီးကန်းဝတ္ထုတိုများ
၉။ နေ၀င်းမြင့် ရေသွန်မြစ်ဝတ္ထုတိုများ
၁၀။နေ၀င်းမြင့် ဂနိုင့်ကျက်သရေစာပေဆောင်းပါးများ
၁၁။ဂျာနယ်လ်ကျော်စီးဆင်းမှု
၁၂။မျိုးငြိမ်းဆွေ(မျိုးဆွေသန်း) ကြည်လင်သောရေ
၁၃။စာရေးသူစိတ်ကြိုက်
၁၄။ဖန်တီးသူစိတ်ကြိုက်
၁၅။ခံစားသူစိတ်ကြိုက်
၁၆။စိတ်ကူးချိုချို မြန်မာဝတ္ထုတို၂၀၀၈
၁၇။ဗိုလ်ထွန်းကြည်(မုံရွာ) နှစ်ငါးဆယ်ကိုယ်တွေ့များ
၁၈။နေဇင်လတ် ဝေလည်းဝေ ကြွေလည်း ကြွေ..
၁၉။ရုပ်ရှင်ဒါရိုက်တာစာရေးဆရာမောင်ဝဏ္ဏ သူလိုကိုယ်လူ၊တက္ကသိုလ်ကျောင်းသား၊ ယောင်ပေယောင်ပေနှင့် အူကြောင်ကြားမောင်ဝဏ္ဏ(လေးအုပ်)
၂၀။ရုပ်ရှင်ဒါရိုက်တာကြည်စိုးထွန်း တောကြောင်မောင်ကြောက်ခဲ
၂၁။အရှင်ဥာဏိကာဘိဝံသ မကြီးရင့်သေးပေမယ့် အသီးအပွင့်လေးတွေနဲ့ ဝေဆာနေခဲ့သူ
၂၂။စောနေလတ် လူလားမမြောက်သေးသောအတွေးများ
၂၃။ ရွှေဥဒေါင်း မေတ္တာသောကဗျာပါဒ၀တ္ထုတိုများ
၂၄။ပီမိုးနင်း ၀တ္ထုတိုပေါင်းချုပ်(၃)
၂၅။မောင်ဝဏ္ဏ လို၍မရသောဆင်းရဲ
၂၆။ဗန်းမော်တင်အောင် ဒေါက်တာရေချမ်း
၂၇။ဂျူး ကျွန်မချစ်သောယောက်ျားများနှင့် ၀တ္ထုတိုများ
၂၈။မစန္ဒာ ၀တ္ထုတိုများ (၁-၆)
၂၉။အတွေးအမြင်ဒဿနခေါင်းကြီးများ(၁၊၂)
၃၀။ဒေါ်ခင်မျိုးချစ် ပြောလိုက်စမ်းမယ် သောင်းပြောင်းထွေလာ....
၃၁။ စာရေးဆရာ ကိုအောင်ဆန်း (နောက်ဆုံးလက်ဆောင်ရထားတဲ့ စာအုပ်..)

စာအုပ်စင်ပေါ်က အင်္ဂလိပ်မြန်မာပိဋကတ်စာအုပ်ထူထူကြီးတွေကိုတော့ လက်အုပ်ချီပူဇော်ရုံမျှသာ ...။ လယ်တီဆရာတော်ဘုရားကြီးရဲ့ ဒီပနီပေါင်းချုပ် (လေးအုပ်တွဲ) ဘုတ်အုပ်အသစ်စက်စက်ကြီးတွေကလည်း အခန်းထဲ အခန့်သားရောက်လာတာ နှစ်ရက်ပဲ ရှိပါသေးတယ်..။

ရနိုင်မယ်ဆိုရင်တော့ ကာတွန်းဦးအောင်ရှိန်ရဲ့ ဦးကပ်စီး၊ဦးရှံစားနဲ့ ဖိုးဆိတ်ဖြူ၊ ကာတွန်းသော်ကရဲ့ အရိုင်း။ တင်အောင်နီရဲ့ ကိုလေးပွ၊ ပြာဂလောင် သာဂလောင်၊ကာတွန်းစာအုပ်တွေ ဖတ်ချင်နေမိသေး...

အော် မရင့်သေး မမှည့်သေး...

တစ်ခါတစ်ခါတော့ အစိမ်းသက်သက်ကလည်း ရသတစ်မျိုးပေပဲ..။


ဓမ္မဂင်္ဂါ

(၂၄-၂-၂၀၁၁)

(စာမရေးဖြစ်ပေမယ့် စာတွေ ဖတ်ခွင့်ရနေတာ ကျေနပ်ဖွယ်ရာပါပေ...။ )

29 December, 2010

၂၀၁၀ ဓမ္မဂင်္ဂါနောက်ဆုံးဝိကီလိခ်

(၁)

စာသင်ခန်းထဲက ထွက်လိုက်သည်နှင့် နှင်းဦးထုပ်ပျော့ပျော့ဆောင်းထားသော မိဂဒါဝုန်လေညှင်းသည် တက္ကသိုလ်ပရိဝုဏ်မြက်ခင်း စိမ်းစိမ်းများပေါ်နားနေသည့် ငှက်ငယ်များကို တိုးဝှေ့ကာ သူ့ရင်ဘတ်ကို ဖွဖွလေး ပုတ်လေသည်။ သူက အမိန့်ကြော်ငြာစာ စာရွက်လေး တစ်ရွက်ကို ပြန်လည် ဖတ်ရှုနေမိပြန်သည်။ ၂၀၁၁ ဇန်န၀ါရီလတွင် ကျင်းပမည့် နိုင်ငံတကာသံဃာ့ညီလာခံကြီးကျင်းပရေးကော်မတီဝင် အဖြစ် သူ့ကို ခန့်အပ်ကြောင်း ကြေငြာချက်ဖြစ်သည်။

ထိုကြေငြာချက်မထွက်မီ လွန်ခဲ့သော ရက်ကပင် ညီလာခံကျင်းပရေး ကော်မတီ ဥက္ကဋ္ဌြ့ဖစ်သူ ပါမောက္ခဒေါက်တာရှဆကြိက သူ့ကို ဖိတ်ကြားကာ ၀ိနည်းဆိုင်ရာ ပိဋကတ်ဝေါဟာရများကို သက္ကဋ၊ အင်္ဂလိပ်စကားလုံးများနှင့် ညှိနိုင်းပေးဖို့ အကူအညီတောင်းထားသေးသည်။ နေ့လည်ပိုင်းမှာတော့ တက္ကသိုလ် ဒုတိယ-အဓိပတိ(ပါမောက္ခချုပ်) ရုံးခန်းက ဖုန်းဆက်ဖိတ်ကြားကာ ကော်မတီအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ပေးဖို့ အဆိုပြုခန့်ထားခဲ့တော့သည်။ ယနေ့နံနက် တရားဝင် အမိန့် ကြော်ငြာစာ ထွက်လာခြင်းဖြစ်သည်။

သူသည် နိုင်ငံတကာသံဃာ့ညီလာခံကြီးတွင် စာတမ်းဖတ်ကြားသူအဖြစ်သာမက မင်္ဂလာပါဠိဂါထာရွတ်ဆိုကာ အခမ်းအနားဖွင့်ရန်လည်း တာဝန်ယူထားရသေးသည်။ သူ့မိတ်ဆွေများကတော့ ညီလာခံပြီးလျှင် သူ့ဘလော့ကို မဖွင်တော့ဟု အတိအလင်းကြေငြာထားကြသည်။ အခမ်းအနားတွင် ၁၊ ဒလိုင်လားမား ရဟန်းမင်းကြွရောက်လာခြင်း၊ ၂၊ ဆီမီးညှိထွန်းခြင်း ၃၊ ဘဒ္ဒန္တ၀ိစိတ္တသာရ (ပါဠိဌာန ဧည့်ပါမောက္ခ)က ပါဠိဘာသာဖြင့် မင်္ဂလာဂါထာရွတ်ဆိုခြင်း ဟူသော အစီအစဉ်များကို သူ့မိတ်ဆွေများအား သူက ကြိုတင်ကြွားစနစ်ဖြင့် ချပြထားခြင်းကြောင့် ဖြစ်သည်။ ကမ္ဘာကျော်မည့်ကိစ္စ မနာလိုမဖြစ်ကြလေနှင့် ငါ့ရှင်တို့ ..;)

မင်္ဂလာပါဠိဂါထာရွတ်ဆိုရာတွင် သူတစ်ဦးတည်း ရွတ်ဆိုခြင်းထက် သူ့တပည့်ကျော် တိဘက် ဘုန်းကြီးလေး များနှင့် တွဲဘက်ရွတ်ဆိုရလျှင် ပါဠိဌာနဖွင့်လှစ်ထားခြင်း၏ အသီးအပွင့်ကို ဒလိုင်လားမား ရဟန်းမင်းကြီးကိုယ်တိုင် မြင်တွေ့ခွင့် ရသွားနိုင်ပါသည် ဟူသော သူ့အဆိုကို ကော်မတီက လက်ခံသည့်အတွက် မင်္ဂလာဂါထာရွတ်ဆိုနည်းကို သင်ပေးနေရသည်။ မြန်မာသံဖြင့် မဟုတ်ဘဲ နိုင်ငံတကာအသံဖြင့် ပူဇော်ရွတ်ဖတ်ရန်သာ သင်ကြားပေးမိသည်က နိုင်ငံတကာကို ကိုယ်စားပြုသော မြန်မာရဟန်းတစ်ပါးအဖြစ် သူနှစ်ခြိုက်ပျော်ဝင်မိ၍ ဖြစ်သည်။

(၂)

ဒီဇင်ဘာ ၂၆ ရက်နေ့က ဗုဒ္ဓဂယာတွင် ကျင်းပခဲ့သည့် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ကြီးဧကာဒသမနှစ်ပတ်လည် အစည်းအဝေးတွင် အဖွဲ့ကြီး၏ အထွေထွေအတွင်းရေးမှူး တာဝန်မှ အနားယူပြီးဖြစ်ကြောင်းနှင့် ဒွါဒသမနှစ်ပတ်လည် သက်တမ်းအတွက်လည်း ရွေးကောက်ပွဲ မ၀င်တော့ကြောင်း သံဃာတော်များထံ ခွင့်ပန်လျှောက် ထားခဲ့ပြီးဖြစ်သည်။ (မိတ်ဆွေရဟန်းတစ်ပါးကတော့ ပြန်ရွေးမယ် ထင်လို့လား ဟု ပြုံးပြုံးလေး မေးသည်။ အဟမ်း အဟမ်း )

အိန္ဒိယသို့ ထွက်လာခြင်း၏ အဓိကခေါင်းစဉ်ဖြစ်သည့် ပညာရေးလမ်းကို တစိုက်မတ်မတ် ပြန်လည် လျှောက်လှန်းရန် အရေးတကြီးလိုအပ်လာသည်။ ကံကောင်းထောက်မစွာ တိဘက် တက္ကသိုလ်တွင် ဧည့်ပါမောက္ခ ဖြစ်လာခြင်းက သူ့အတွက် တစ်ခါတစ်ရံ ကံဆိုးနိုင်သောကြောင့်လည်း ဖြစ်သည်။ တက္ကသိုလ် ဒုတိယ အဓိပတိက အစ ပါမောက္ခများအလယ် ကျောင်းသားများအဆုံး သူသည် တစ်ဦးတည်သော ထေရ၀ါဒ ပိဋကတ်နားလည်သူဟု ယုံမှတ်ထားကြပြီဖြစ်သည်။ အချိန်မရွေး ပိဋကတ်ဆိုင်ရာ မေးခွန်းများ တက်လာနိုင်သည်။ တကယ်လည်း မေးကြသည်။ ယခုအချိန်ထိတော့ တည့်နေသေးသည်။ တစ်ချိန်ချိန် ထူးအိမ်သင်၏ အလွဲများတွင် သူ့အမည်မပါအောင် ၀မ်းစာဖြည့်ရချေဦးမည်။ (ဖြီးသော ပါမောက္ခမဖြစ်ရေး ဒို့အရေးးး )

မည်သို့ဖြစ်စေ သူ အိန္ဒိယနိုင်ငံကို ရောက်သည့်နှစ်မှ စတင်ကာ အဖွဲ့ကြီးက ပေးအပ်သည့် တာဝန်အရပ်ရပ်ကို ထမ်းဆောင်ခွင့်ရခဲ့သည်က လောကုတ္တရအမြတ်အစွန်းဖြစ်သည်။ အယ်ဒီတာချုပ်အဖြစ် သုံးနှစ်ထမ်းဆောင် ခဲ့သည်။ အဖွဲ့ကြီး၏ ဒုတိယ ဥက္ကဋ္ဌအဖြစ် နှစ်နှစ်တာ ထမ်းဆောင်ခဲ့သည်။ လွန်ခဲ့သော ဧကာဒသမ နှစ်ပတ်လည်မှာတော့ အဖွဲ့ကြီး၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ထမ်းဆောင်ခွင့်ရခဲ့လေသည်။ ထိုနှစ်တွင် ဖွဲ့စည်းလိုက်သည့် ပညာရေးကော်မတီအတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူကာ အဖွဲ့ကြီး ပညာ ရေးမြှင့်တင်မှုအစီအစဉ်များကို မိတ်ဆက်ပေးနိုင်ခဲ့သည် ဟု ယုံကြည်မိပါသည်။ (ယုံချင်ယုံ မယုံချင်နေ မစ္စတာရစ်ပလေ)

(၃)

စင်ကာပူနိုင်ငံ အဘိဓမ္မာဖောင်ဒေးရှင်းမှ အဖွဲ့ဝင်ဥပါသိကာမလေး တစ်ဦးနှင့် အွန်လိုင်းတွင် ဓမ္မမိတ်ဆွေအဖြစ် ကြုံကြိုက်ရာမှ သူ ပါဠိစာပေသင်ကြားပို့ချနေသည့် တိဘက်တက္ကသိုလ်တွင် မြန်မာထေရ၀ါဒပိဋကတ် အစုံလှူဒါန်းရေးဟူသော စိတ်ကူးစိတ်သန်းတစ်ခု ရရှိခဲ့ကြသည်။ သူမက စိတ်အားထက်သန်စွာ သူမတို့၏ အဖွဲ့ဦးဆောင်ပုဂ္ဂိုလ်များ၊ အဖွဲ့ဝင်များကို တင်ပြရာမှ ယခု အခါ လက်တွေ့အကောင်အထည် ဖော်လှူဒါန်းနိုင်မည့် အဆင့်ရောက်နေပြီ ဟု အားတက်ဖွယ်ရာ သတင်းစကား ယမန်နေ့က ရောက်လာသည်။

ဗာရာဏသီတိဘက်တက္ကသိုလ်သည် အမှန်တော့ မဟာယာနဗုဒ္ဓဘာသာဂိုဏ်းဝင်ကျောင်းဖြစ်သည်။ သို့သော် ထေရ၀ါဒပိဋကတ် ကျမ်းစာများကို မြတ်နိုးခုံမင်စွာ သင်ယူလေ့လာရန် တက်ကြွနေကြသည်။ ရဟန်းမင်းကြီး ဒလိုင်လားမားကိုယ်တိုင်က တိုက်တွန်းအားပေးနေခြင်းဖြစ်၍လည်း အထင်ကရတိဘက် တက္ကသိုလ်က ပါဠိဌာနတစ်ခု အပီအပြင်ဖွင့်လှစ်ရန်ကြိုးပမ်းနေခြင်းဖြစ်သည်။ ယခု လောလောဆယ်ဆယ်တော့ ဌာနစိတ်လေး တစ်ခု အဖြစ်သာ မိတ်ဆက်နိုင်သေးသည်။ မကြာမီတွင် ထေရ၀ါဒပိဋကတ်ကျမ်းစာများကို တိဘက်ဘာသာ စကားသို့ ပြန်ဆိုနိုင်တော့မည် ဟု မျှော်လင့်နေကြပြီ။

သို့အတွက် ရည်ညွှန်းကိုးကားစရာ ထေရ၀ါဒပိဋကတ်အစုံလိုအပ်လှသည်။ ထိုကွက်လပ်ကို အ ဘိဓမ္မာဖောင်ဒေးရှင်း မြန်မာလူငယ်များက ဖြည့်ဆည်းပေးကြပါလိမ့်မည်။ တိဘက်တက္ကသိုလ် စာကြည့်တိုက်တွင် ထေရ၀ါဒ ပိဋကတ်ကျမ်းစာများ ထားရှိခြင်းဖြင့်လည်း သူအပါအ၀င် တက္ကသိုလ် ပညာသင်မြန်မာရဟန်းတော်များ အားလုံးအတွက် ပါရဂူဘွဲ့သုတေသနလုပ်ငန်းတွင် ရည်ညွန်းကိုးးကား ကျမ်းများ ရှာဖွေရန်လည်း များစွာ အထောက်အကူပြုပါလိမ့်မည်။

ဤအလှူဒါနမဖြစ်ပေါ်မီက သူကြိုတင်မှာထားချက်တော့ ရှိခဲ့သည်။ တက္ကသိုလ်အမည်ကိုသော်လည်းကောင်း သူ့အမည်ကိုသော်လည်းကောင်း ဖော်ပြကြော်ငြာပြီး အလှူမခံရန်ဖြစ်သည်။ အမှန်တကယ်လည်း ကြော်ငြာမပါဘဲ အလှူက အားရဖွယ်ပြည့်စုံခဲ့ပါသည် တဲ့...။ ကောင်းလေစွ..။ ညီလာခံအမီလှူဒါန်းရန် မြန်မာနိုင်ငံက မည်သို့ သယ်ဆောင်မည်နည်း ဟူသော အရေးသာ ကျန်တော့သည်။

(၄)

သူသည် ငယ်စဉ်က အလုပ်များချင်ဟန်ဆောင်ဖူးသည်။ ဆရာဘုန်းကြီးအကြိုက် စာကြက်ချင်ဟန်ဆောင်သည်။း) ပိဋကတ်သင်ရိုးစာအုပ်ကြားတွင် ကာတွန်းအောင်ရှိန်၏ ဦးရှံစားနှင့် ဦးဒိန်းဒေါင်တို့ ပဲပြုတ်ဝယ်နေကြသည်ကို ဆရာဘုန်းကြီး မသိ..။ သူက လိုအပ်ချက်အရ ဟန်ဆောင်ခြင်းကို ကြိုက်သည်။ မကြားချင်ဟန် မမြင်ယောင်ပြုခြင်းမျိုးဖြစ်သည်။း)

သို့သော် သူက ဟန်လုပ်ခြင်းတော့ မနှစ်ခြိုက်ပါ။ ခုတော့ သူသည် တကယ်အလုပ်များနေကြောင်း ရေးနေသည်လား မသိ။ ပြန်ဖတ်ကြည့်ဦးမှ..။ ဤသည်လည်း ဟန်ဆောင်ခြင်းသော်လည်းကောင်း ဟန်လုပ်ခြင်းသော်လည်းကောင်း ဖြစ်ကောင်းဖြစ်ဖွယ်ရာပေတကား။ သာဓု သာဓု သာဓု မီလျံ..။

ဓမ္မဂင်္ဂါ

(၃၀-၁၂-၂၀၁၀)


11 December, 2010

ကူးဇစ်ဆရာ၏ တရှိဒေလေ့

(၁)

သူ အိပ်ရာမှ စောစီးစွာ နိုးထလာခဲ့သည်။ ဗာရာဏသီဆောင်းသည် ငွေ့ငွေ့လေးသာ အေးနေပြန်သည်။ သူ မျက်နှာသစ်လိုက်တော့လည်း ချမ်းစိမ့်စိမ့်..။ ဇန်န၀ါရီလတွင် ကျင်းပမည့် ဂိုဏ်းပေါင်းစုံ ဗုဒ္ဓဘာသာဝိနည်းညီလာခံကြီးအတွက် စာတမ်းတစ်စောင်ကို ကူးလိုက်ခြစ်လိုက် ရေးနေခဲ့သည်။ မိတ်ဆွေ တစ်ဦးပြောသည့် ကူးဇစ် ကို အမှတ်ရကာ ပြုံးလိုက်၏။

မိတ်ဆွေက ရေးလက်စပါရဂူကျမ်း သီးဇစ်( Thesis) ကို ကူးဇစ်ပါဗျာ ဟု ခပ်ဖော့ဖော့ ရယ်သွမ်းသွေးပြောခြင်းဖြစ်သည်။ ကူးဇစ်ပဲ ဖြစ်ဖြစ် သီးဇစ်ပဲ ဖြစ်ဖြစ် ကျမ်းကြီးကြပ်သူ ပါမောက္ခ စိတ်ကြိုက်ဖြစ်အောင် ဖန်တီးရသည်က မလွယ်ကူကြောင်း သူနားလည်ထားပါသည်။ ကူးသာ ကူးငါ့ရှင်...။ ကူးရင်းနဲ့ တးစ်ဘက်ကမ်းရောက်သွားလိမ့်မယ်။ တစ်ဘက်ကမ်း (ပါရ) ရောက်သွားခြင်း (ဂူ) သည်ပင် ပါရဂူ ဖြစ်လေသည်မဟုတ်လား..။ သူ့ပါရဂူဘွဲ့ယူကျမ်းက ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင်မှ တင်ရမည်မို့ အေးအေးလူလူရှိနေသေးသည်။ အချိန်တန်တော့လည်း တစ်ဘက်ကမ်းရောက်ဖို့ ကူးရချေဦးမည်တည့်...။

ယခုတော့ ညီလာခံတွင် ဖတ်ကြားဖို့ စာတမ်းတစ်စောင် ရေးနေရသည်။ အမှန်တကယ်တော့ သူက စာသင်ကြားရေးတစ်ဘက်နှင့်မို့ ညီလာခံကို ရှောင်ကွင်းသွားဖို့ ကြိုးစားသေးသည်။ သို့သော် မြားဦးသည် သူ့ရင်ဘတ်ကို တည့်တည့်ပြန်စိုက်သည်။

(၂)

ယခု (၂၀၁၀-၂၀၁၁) ပညာသင်နှစ် စဦးပိုင်းကပင် တက္ကသိုလ် အဓိပတိကြီးက မြန်မာနိုင်ငံ ကိုယ်စားပြုပါဠိပညာရှင်ရဟန်းတော်ဆယ်ပါး ဖိတ်ပေးဖို အဆိုပြုခဲ့သည်။ သူပျော်ရွှင် ဂုဏ်ယူစွာပင် ရွှေပြည်ကြီးဆီက အထင်ကရတက္ကသိုလ်ပါမောက္ခပညာရှင်များကို ဖိတ်ကြားပေးခဲ့သည်။ သို့သော် ထိုထိုပါမောက္ခ ဆရာတော်ကြီးများက နိုင်ငံတကာအပင့်အဖိတ်များလှသည့်အတွက် ကြွမလာနိုင်ကြောင်း ပြန်ကြားကြလေသည့်အခါ သူကြေကွဲအားငယ်သွားရသည်။ သို့နှင့် သူနှင့်နီးစပ်ရာ အင်္ဂလိပ်စာတတ် ပေတတ်မိတ်ဆွေရဟန်းတော်များကို အပူကပ်ရတော့သည်။ သူ့ဆရာအရှင် ပါမောက္ခမဟာဌာနမှူး ဆရာတော်ကြီးတစ်ပါးတော့ သူ့ကို ချီးမြှောက်ရန် ကြွလာမည် ဟူသော အသံကတော့ သူ့အတွက် ကျယ်လောင်သော အောင်စည်အောင်မောင်းဖြစ်ပေချိမ့်မည်။

(အိန္ဒိယနိုင်ငံတက္ကသိုလ်အသီးသီးတွင် တက်ရောက်နေသည့် အင်္ဂလိပ်စာတတ်ပေတတ် ပိဋကတ် အိုးကွဲမိတ်ဆွေရဟန်းတော်များ ရှိကြောင်း သူ တကယ်သိပါသည်။ သို့သော် မြန်မာနိုင်ငံမှ လေယာဉ်ပျံကြီးစီးနင်းကြွလာမည့် ပညာရှင်ကြီးများကို ကြိုဆိုလိုလှသော ညီလာခံကျင်းပရေးကော်မတီဥက္ကဋ္ဌ၏ တိုက်တွန်းချက်ကို သူလစ်လျူရှု၍ မရချေပြီ တကား။)

မြန်မာကိုယ်စားပြုပါဠိပညာရှင်များထဲမှ စာတမ်းဖတ်ကြားရန် လေးပါးရွေးချယ်ထားသည်။ နှစ်ပါးက ကြွမလာနိုင်လေသောအခါ သူ့ကို စာတမ်းတစ်စောင် ဖတ်ရန် ကော်မတီက ထိုးအပ်လိုက်သည်။ အခြားစာတမ်းတစ်စောင်ကိုတော့ သူ့မိတ်ဆွေရဟန်းတော်တစ်ပါးက တာဝန်ယူထားလေသည်။ အော် ကျေးဇူးကြီးပေစွ..။ သို့နှင့် သူ စာတမ်းတစ်စောင်ကို ရေးခြစ်နေရခြင်းဖြစ်သည်။

နံနက် ၅း၀၀ နာရီကတည်းက စတင်ထိုင်မိသည်မို့ ညောင်းညာကိုက်ခဲသွားသည်။ ၀ါး...။ နံနက်ကော်ဖီဆွမ်းလေးတော့ ဘုန်းလေဦးမှ..။ ရေနွေးကြိုရန် လျှပ်စစ်ရေနွေးအိုးထဲ ရေဖြည့်လိုက်သည်။ ကံဆိုးလှစွာ ဖျပ်ကနဲ မီးပျက်သွားသည်။ ငတ်ပြီ...။ သူက အကောင်းမြင်တတ်သူ မဟုတ်သလို အဆိုးမြင်တတ်သူလည်း မဟုတ်..။ အင်း ခက်တာက အမှန်လည်း မမြင်တတ်သေး။ ဘာပဲဖြစ်ဖြစ် မနက်စာဟောင်းလောင်းဗာရာဏသီနံနက်ခင်းနှင့် မိဂဒါဝုန်ဒွန္နယာကြီးကို တိဘက်လိုပဲ နှုတ်ဆက်လိုက်ပါသည်။ တရှိဒေလေ (မင်္ဂလာပါ)

(သို့သော် ခပ်တိုးတိုး..မိတ်ဆွေတစ်ယောက်က ပြောသည်.. ပါမောက္ခဆိုတာ ခပ်တည်တည်ပေါ့ တဲ့ ..။)

ဓမ္မဂင်္ဂါ

(၁၁-၁၂-၂၀၁၀)


01 October, 2010

ငါဂေါ နာဂီ ဒု အောက်တိုဘာ

(၁)
သူ တိဘက်တက္ကသိုလ်ပရိဝုဏ်အတွင်းမှ ထွက်လာတော့ ညနေလေးနာရီခွဲရှိပြီ။ ထီးတစ်ချောင်းကို ထမ်း လွယ်အိတ်တစ်လုံးကို လွယ် ကွန်ကရိလမ်းလေးအတိုင်း သူလျှောက်လာခဲ့သည်။ တက္ကသိုလ်စာကြည့် တိုက်ရှေ့မှ ဖြတ်လျှောက်လာသည့်တိုင် စာကြည့်တိုက်ထဲသို့ မ၀င်ဖြစ်။ ဒီနေ့တစ်နေ့လုံး စာဖတ်ရတာတွေ များသွားပြီ။

စက်တင်ဘာလ တစ်ခုလုံး စာရေးဖို့ တွန့်ဆုတ်နေခဲ့သည် သို့မဟုတ် ငြီးငွေ့နေသည်။ နံနက်ခင်းတိုင်း သူသည် စောစီးစွာ အိပ်ရာနိုးထစေရန် မိုဘိုင်းဖုန်းမှ နှိုးစက်နာရီကို အားကိုးရမြဲဖြစ်သည်။ ဗာရာဏသီတွင် သူက အိပ်ရာမြဲလေသူတစ်ဦးတော့ မဟုတ်ခဲ့။ သူနေထိုင်ရာ မိဂဒါဝုန်လမ်းရှိ အခန်းလေးနှင့် (၇) ကီလိုမီတာခန့် ဝေးကွာသည့် သက္ကတတက္ကသိုလ်အဆောင် သို့မဟုတ် ဗာရာဏသီမီးရထား ဘူတာရုံကြီးအနီးရှိ ဆေးဝင်္ကဘာမြန်မာ ဘုန်းတော်ကြီးကျောင်းတွင် အိပ်စက်တတ်လေသည်။ (ဗာရာဏသီတွင် မြန်မာ ဘုန်းတော်ကြီးကျောင်း ငါးကျောင်းရှိသည်၊ မိဂဒါဝုန်မြန်မာကျောင်း၊ ဆေးဝင်္ကဘာ မြန်မာကျောင်း၊ မဇ္ဈိမသုခ ဖောင်ဒေးရှင်းကျောင်း၊ ဓမ္မစကြာရိပ်သာကျောင်းနှင့် ဆီဂရာမြန်မာကျောင်းတို့ ဖြစ်သည်။)

ဆေးဝင်္ကဘာ(သို့) သက္ကတတက္ကသိုလ်အဆောင်တွင် အိပ်စက်မိပြီဆိုလျှင် မနက်စောစော မိဂဒါဝုန်လမ်းဆီ တိဘက်တက္ကသိုလ်စာသင်ချိန်အမီ ထပြေးရတတ်သည်။ အော်တိုသုံးဘီးကားလေးတစ်စီး အဆင်သင့်ငှါးရမ်းခွင့် ရဖို့ ဆုတောင်းရသေးသည်..။


ရွှေပြည်ကြီးမှာ နေစဉ်က သူသည် ဤမျှ ၀ီရိယကောင်းခဲ့သည်တော့ မဟုတ်ခဲ့။ မဟာယာနဗုဒ္ဓဘာသာ အ၀ိုင်းအ၀ိုင်းထဲရောက်နေသည့် ထေရ၀ါဒရဟန်းတစ်ပါးဟူသော တွန်းအားကြောင့်သာ သူ့ကိုယ်သူ ရှေ့တိုး နေမိခြင်းသာ ဖြစ်သည်။ သူ့အကြောင်းသိသူများ၏ စကားဝိုင်းတွင် သူသည် ပျင်းရိလေးတွဲ့သော ခပ်ညံ့ညံ့တစ်ဦးအဖြစ် စာရင်းပေါက်ခဲ့ပြီး ဖြစ်ပါသည်။

လွန်ခဲ့သော နှစ်က သူကိုယ်တိုင် နှစ်ခြိုက်လိုလားစွာ ဘလော့လေးတစ်ခုကို ဖွင့်မိခဲ့သည်။ သူသည် ဂင်္ဂါကို ဧရာဝတီလောက် မမြတ်နိုးသည့်တိုင် ဗာရာဏသီနေ့ရက်များနှင့် လိုက်လျောညီထွေဖြစ်စေရန် ဓမ္မဂင်္ဂါ ဟူသော အမည်ကို ရွေးချယ်ဖြစ်သွားသည်။ နောက်များမှာတော့ ဓမ္မဂင်္ဂါသည် သူ အဦးအစအသုံးပြုသော အမည် မဟုတ်မှန်း သိသွားရပြန်သည်။ ကာလကတ္တားအခြေစိုက် ၀ိပဿနာဂုရုကြီး အက်စ်ဂိုအင်ကာ၏ ကမ္မဋ္ဌာန်း ရိပ်သာ ခွဲအမည်ဖြစ်နေခဲ့လေသည်။

မည်သို့ဆိုစေ သူသည် ဂင်္ဂါကို ကူးခတ်မိခဲ့ပြီ။

(၂)

နေ့စဉ်ပင် တစ်နေ့တာပါဠိသင်တန်းသုံးကြိမ်အတွက် သင်ခန်းစာပြင်ဆင်ရသည်။ မနက် (၈း၀၀)နာရီတွင် ဥပစာတန်း (က)အတွက် ခုဒ္ဒကနိကာယ်၊ ခုဒ္ဒပါဋ္ဌပါဠိကို ပို့ချသည်။ ရွှေပြည်ကြီးတွင် အကြိမ်ကြိမ်ရွတ် ဖတ်ခဲ့ရသော မင်္ဂလသုတ်၊ ရတနသုတ်၊ မေတ္တသုတ်၊ တိရောကုဋသုတ်၊ နိဓိကဏ္ဍသုတ်များကို ပို့ချရသည် ဆိုသော်လည်း ဂါထာများကို စစ်စစ်ပေါက်ပေါက် အင်္ဂလိပ်ဘာသာဖြင့် ရှင်းပြရသည်က ချွေးပြန်သည်။ သင်တန်းသားက ငါးယောက်သာဖြစ်သည်။ လားမားရဟန်းတော်သုံးပါး၊ ရုရှားကျောင်းသားတစ်ယောက်နှင့် ဂျမူးကက်ရှမီးယားပြည်နယ်က လာဒက်ကျောင်းသူလေးတစ်ယောက်ဖြစ်သည်။ သည်ရက်ပိုင်းမှာ တုတ်ကွေး ရောဂါကြောင့် လားမားရဟန်းတစ်ပါးနှင့် လာဒက်ကျောင်းသူလေးက ကျောင်းမတက်နိုင်။ သို့နှင့် သင်ခန်းစာအသစ်လည်း မပို့ချဖြစ်။ မေတ္တသုတ်ကိုပဲ ပြန်နွှေးပေးဖြစ်သည်။

၈း၄၅ နာရီတွင် တက္ကသိုလ်စာသင်ခန်းမှ သူ့အခန်းလေးရှိရာသို့ ပြန်လာမြဲဖြစ်သည်။ အင်္ဂလိပ်စာ သင်တန်းတက်မည့် မိတ်ဆွေမြန်မာရဟန်းတော်များက သူငှါးရမ်းနေထိုင်ရာ အဆောင်ရှေ့တွင် အဆင်သင့် စောင့်နေကြသည်။ သူ့အခန်းလေးက သင်တန်းသားရဟန်းတော်များအတွက် ကျဉ်းမြောင်းသည်မို့ အဆောင်ရှေ့မြက်ခင်းပြင်သည်ပင် သင်တန်းခန်းမဖြစ်သွားသည်။

ကမ္ဘာကျော်ဘင်္ဂါလီစာဆိုကြီး ရာဗိန္ဒြာနတ် တဂိုး၏ သျှန္တိနိကေတန်တက္ကသိုလ်ကြီးနှင့် နိုဘယ်ဆုရ မဟာကရုဏာ ရှင် မာသာထရီဆာ၏ ကိုလ်ကတ္တားမြို့တော်ရှိ လူမှုဝန်ထမ်းပညာရေးစင်တာကြီးသည် သစ်တစ်ပင်ရင်း ၀ါးတစ်ပင်ရင်း စာသင်ခန်းမှ စတင်ခဲ့သည်ဟု ဆိုပါသည်။

တနင်္ဂနွေနေ့မှ လွဲ၍ အခြားအကြောင်းထူးမရှိလျှင် သင်တန်းဖျက်လေ့မရှိပါ။ ၉း၄၅ နာရီတွင် သူ့အင်္ဂလိပ်စာ သင်တန်းပြီးသွားသည်။ ၁၀း၀၀ နာရီမှ ၁၁း၀၀ နာရီအထိ သူ့ကိုယ်ပိုင်အချိန်ဖြစ်သည်။ ၀က်ဘ်ဆိုဒ်အချို့ကို ဖွင့်ကာ သတင်းစာမျက်နှာများကို ၀င်ရောက်ဖတ်ရှုဖြစ်သည်။ ပြုံးလိုက် မဲ့လိုက်....သံဝေဂယူဖြစ်သော အချိန်ဖြစ်သည်။

၁၁း၀၀ နာရီထိုးသည်နှင့် သီတင်းသုံးဖော်ရဟန်းတို့ လက်စွမ်းလက်စရှိသမျှ ချက်ပြုတ်ထားသော နေ့လည်စာ ကို စားခွင့်ရပါသည်။ (သူနှင့် အတူနေထိုင်ကြသည့် ရဟန်းတော်များက ဟင်းချက်ဂုရုကြီးများဖြစ်သည်။ သူကတော့ နာမည်ပျက်မည့်အတူတူ နာမည်အပျက်မခံတော့ပါ။ အိမ်း အိမ်း။)

၁၁း၃၀ နာရီတွင် တက္ကသိုလ် ဥပစာအကြိုတန်း(က)တွင် အခြေခံပါဠိသဒ္ဒါနှင့် ဇာတက၀တ္ထုမိတ်ဆက်ပို့ချရန် အပြေးသွား ရပြန်သည်။ ပါဠိဘာသာကို ပထမဆုံးမိတ်ဆက်ပေးရသော အတန်းဖြစ်၍ ဂရုစိုက်ရသည်။ ကျောင်းသားက လေးယောက်သာ ရှိသည်။ နီပေါလ်ကျောင်းသားတစ်ယောက်၊ အရုဏာချယ်လ်ပြည်နယ်သား ကျောင်းသားတစ်ယောက်နှင့် တိဘက်လားမားနှစ်ပါးတို့ဖြစ်သည်။ ယနေ့တော့ သူသည် ရွှေပြည်ကြီးမှ ထေရ၀ါဒရဟန်းတော်များဆွမ်းခံချိန်အကြောင်းကို ပြောပြဖြစ်သည်။ သပိတ်ဟူသော ဝေါဟာရကို ရှင်းပြရာမှ ဆင့်ပွားသွားခြင်းဖြစ်သည်။ မဟာယာနကျောင်းသားများအတွက် အထူးအဆန်းဘာသာရပ်တစ်ခုဖြစ်နေသည်။ ၁၂း၃၀ တွင် သင်တန်းပြီးသွားသည်။

၁၂း၃၀ သင်တန်းပြီးသည်နှင့် သူ့ပါဠိဌာနပါမောက္ခ ဆူရိန္ဒြာကုမားရ်ကြီးက စောင့်နေသည်။ ယနေ့ တက္ကသိုလ်ပထမခြောက်လပတ်အတွက် မေးခွန်းများအပြီးသတ် တင်သွင်းရမည့်နေ့ဖြစ်သည်။ သူ့စိတ်ဝယ် ထင်မြင်နေမိသည်က သူပို့ချသည့်အတန်းကို သူကိုယ်တိုင်မေးခွန်းထုတ်ခွင့်ရမည် ဟုပင်။ သို့သော် သူ့နာမည်ဖြင့် လိပ်မူရောက်ရှိလာသည်က ပါမောက္ခ ဆူရိန္ဒြာကူးမားရ်ပို့ချနေသည့် ဥပစာတန်း(ခ)အတွက် မေးခွန်းထုတ်ရန်ဖြစ်နေသည်။ သူ့ပို့ချနေသည့် ဥပစာအကြိုတန်း(က)အတွက် ပါမောက္ခ ဆူရိန္ဒြာကူးမားရ်က မေးခွန်းထုတ်မည်။ ဥပစာတန်း(က)အတွက်တော့ ဗာရာဏသီဟိန္ဒူတက္ကသိုလ်မှ ပါမောက္ခတစ်ဦးက မေးခွန်းထုတ် မည်ဟု သိရသည်။ အားလုံးဖြေနိုင်ကြပါစေ။ စာမေးပွဲက ဒီဇင်ဘာမှာ ကျင်းပမည်မို့ နှစ်လခန့်လိုပါသေးသည်။

(၂)

၁း၃၀ နာရီတွင် သူတက်ရောက်နေသော တိဘက်ဘာသာစကားသင်တန်း စတင်ပါသည်။ တိဘက်သင်တန်းက တစ်ပတ်လျှင် သုံးရက်ဖြစ်သည်။ တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များဖြစ်သည်။ သင်တန်းပို့ချသည့် ပါမောက္ခတိဘက်လားမားကြီးက လေ့ကျင့်ခန်းလုပ်ခိုင်းသည်။ '' ဂုရုဂျီး ငါ့ဂေါ နာဂီ ဒု'' ( ဂုရုကြီးရေ ငါ့ခေါင်းတော့ သိပ်ရှုပ်သွားပြီ) ဟု သူပြောသောအခါ ခင်မင်ဖွယ်ကောင်းသည့် လားမားကြီးက တသိမ့်သိမ့်ရယ်မောလေသည်။ (တိဘက်လားမားကြီးက လူရွှင်တော်အကယ်ဒမီဦးမိုးဒီကြီးနှင့် တူလှသည်။)

(ငါက ငါ၊ ဂေါက ခေါင်း-ဂေါင်းဖြစ်သည်) တိဘက်ဘာသာစကားက မြန်မာနှင့် သင်ပုန်းကြီးတူလှသည်။ မြန်မာဆိုရိုးလိုပင် ဆိုရသည်။ မြန်မာက က ငသတ်ဆိုသလိုပင် တိဘက်ကလည်း က ငတတ် ဟုဆိုရသည်။ မြန်မာက က ၀ဆွဲဆိုသလိုပင် တိဘက်ကလည်း က ၀ဆိုး ဟု ဆိုရသည်။မြန်မာက က ယပင်း ကျ ဆိုရသလိုပင် တိဘက်က က ယတတ် ကျ ဆိုရသည်။ မြန်မာက က လုံးကြီးတင် ကိ ဆိုရသလို တိဘက်က က ဂေကု ကိ ဟု ဆိုရသည်။

တိဘက်စာသင်ဘက်များက ဒဿနိကဗေဒပါမောက္ခဟောင်းဆရာကြီးတစ်ဦး၊ နိုင်ငံရေးသိပ္ပံကထိက ဆရာတစ်ဦးနှင့် အင်္ဂလိပ်စာတွဲဘက်ပါမောက္ခဆရာမတစ်ဦးတို့ဖြစ်သည်။ တိဘက်လားမားကြီးက ဟိန္ဒီလို ပို့ချလိုက် အင်္ဂလိပ်လို ရှင်းပြလိုက်ဖြစ်သည်။ အင်္ဂလိပ်ဘာသာစကားကတော့ သူ့အတွက် ရည်ရွယ်သည်။ လားမားကြီးက ရိုးသားပွင့်လင်းစွာပင် အင်္ဂလိပ်ဝေါဟာရအချို့ မသိသောအခါ ဆရာမနှင့် ပါမောက္ခ ဟောင်းကြီးကို မေးမြန်း လေ့ရှိသည်။ နွေးထွေးသော စာသင်ခန်းဖြစ်သည်။

ဤတက္ကသိုလ်တွင် ဆရာ ဆရာမများကြား ခွဲခြားဆက်ဆံမှုမျိုးရှိသည်ကို ယနေ့အထိ မတွေ့ရ။ ပါမောက္ခများ၊ ကထိကများကြားဆက်ဆံရေးသည် ပွင့်လင်းလွတ်လပ်သည်။ ဟိတ်ဟန်းလည်း နည်းပါးကြသည်။ အမှန်တကယ် ဆိုလျှင် သူက ဧည့်သည်မျှသာ ဖြစ်သည်။ ဆရာမက အိမ်ထောင်သည် ဘင်္ဂါလီ အမျိုးသမီးတစ်ဦးဖြစ်သည်။ သူ့ကို '' ဘန္တေဂျီး ဟဆ်မုခ်ဟဲ '' ဟု အမြဲပြောတတ်သည်။ မျက်နှာချိုသည်ဟု ဘာသာပြန်ခွင့်ပြုကြပါ။ ရင်းနှီးသူများဘာသာပြန်လျှင် တစ်မျိုးအနက် ထွက်နိုင်သောကြောင့်ဖြစ်သည်။

သင်တန်းချိန်က တစ်နာရီသတ်မှတ်ထားသော်လည်း အမြဲတမ်း နှစ်နာရီခွဲခန့်ကြာတတ်လေသည်။ မဇ္ဈိမသား တို့ကတော့ ပြောလည်း ပြောနိုင်ကြသည်။ နားလည်း နားထောင်နိုင်ကြပေသည်။ သူ့မှာသာ ရွှေပြည်ကြီး သားပီပီ အတိုကြိုက် အမြန်ကြိုက် အလွယ်ကြိုက်...။ တိဘက်သင်တန်းတက်နေစဉ်မှာပင် သူပို့ချရမည့် ပါဠိအထူးသင်တန်းချိန်ရောက်လာသည်။ ၂း၃၀ နာရီ ။

သင်တန်းသားက စာရင်းအရ (၇)ယောက်ရှိသော်လည်း တကယ့်သင်တန်းသားက သူ့တပည့်ရင်း နှစ်ယောက်သာ မြဲနေသည်။ ဥပစာကြိုတန်း က နီပေါလ်ကျောင်းသားနှင့် ဥပစာတန်းက ရုရှားကျောင်း သားဖြစ်သည်။ တပည့်ကျောင်းသားနှစ်ယောက်၏ ပါဠိဘာသာစိတ်ဝင်စားမှုနှင့် အားထုတ်မှုကို အသိအမှတ်မပြုဘဲ နေ၍ မရတော့ပါ။ အချိန်တိုတိုအတွင်းမှာပင် ပါဠိဝါကျတည်ဆောက်ပုံများကို နားလည် သွားကြသည်။ တပည့် ချွန်ထက်လျှင် ဆရာအနေဖြင့် မချောင်လည်ကြောင်း သိကြလိမ့်မည်။ ငယ်စဉ်က ဆရာဘုန်းတော်ကြီး၏ "သံသယများတဲ့ တပည့်ကို ဂရုစိုက်ရတယ်'' ဆိုသော သြ၀ါဒကို အမှတ်ရသည်။ ဘာသာရပ်တစ်ခုကို စူးစိုက်လေ့လာသည့် တပည့်အတွက် သံသယများ တိုးပွားသည်။ သိလိုသော အရာတို့ များလာသည်။ ဆရာက အဆင်သင့်ဖြစ်ဖို့ အရေးကြီးသည် တဲ့။

ပါဠိဝါကျများနှင့် ရင်းနှီးကျွမ်းဝင်လာပြီဖြစ်သော ဤကျောင်းသားနှစ်ယောက်အတွက် ယခုတစ်ပတ်မှ စတင်ကာ ဓမ္မပဒအဋ္ဌကထာကို သူပို့ချဖြစ်ခဲ့သည်။ ယခုအထိတော့ အခက်အခဲ မရှိသေး။ လွန်ခဲ့သောတစ်ပတ်ကတော့ ဗာရာဏသီဟိန္ဒူတက္ကသိုလ်တွင် တက်ရောက်နေသည့် မိတ်ဆွေရဟန်းတော်စွန်းလွန်း အရှင်သော ဘနာလင်္ကာရထံမှ အမရပူရမဟာဂန္ဓာရုံဆရာတော်ကြီး၏ အဋ္ဌကထာအခြေပြုဖိုင်လ်လေးတစ်ခု ပို့ထားသည်။ ကိုးကားရည်ညွှန်းနိုင်ရန်ဖြစ်သည်။

ပထမဆုံး ယမက၀ဂ်၊ စက္ခုပါလမထေရ်ဝတ္ထုကို စတင်ဖတ်ကြသည်။ ထေရ၀ါဒနှင့် မရင်းနှီးသော တပည့်ကျောင်း သားများကို ပါဠိဘာသာ စကားကိုသာမက ထေရ၀ါဒနောက်ခံသမိုင်းကိုပါ ပြန်လှန်နေရသည်။ စက္ခုပါလ၀တ္ထုဖွဲ့တည်ရာ သာဝတ္ထိမြို့ကြီးအကြောင်း၊ အနာထပိဏ်သူဌေးကြီးနှင့် ၀ိသာခါဒကာမကြီးတို့၏ ဇေတ၀န်နှင့် ပုဗ္ဗာရုံကျောင်းတော်ကြီးများ။ ပုထုဇဉ်နှင့် အရိယာသာဝကတို့၏ ထူးခြားချက်။ ဘုရားရှင်တို့ ဖြည့်ဆည်းရသည့် ပါရမီဆယ်ပါးနှင့် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအရေအတွက်ကာလများ..။

သာဝတ္ထိမြို့၏ လူဦးရေ (၇)ကုဋေရှိကြောင်းနှင့် (၅)ကုဋေက အရိယာသာဝကများဖြစ်ကြောင်း၊ ပုထုဇဉ်မှာ (၂)ကုဋေမျှသာ ရှိကြောင်း ရှင်းပြသောအခါ ကျောင်းသားနှစ်ဦးလုံးက သူ့ကို မော့ကြည့်သည်။ အနာထပိဏ် သူဌေးကြီးနှင့် ၀ိသာခါဒကာမကြီးတို့ ဘုရားကျောင်းတော်သို့ လာသည့်အခါ ကိုရင်ငယ်လေးများ ပြေးလွှားကာ မုန့်တောင်းနေကြသည့်မြင်ကွင်းကိုတော့ ကြည်နူးစွာပင် စာသင်ခန်းထဲမှ ဆရာတပည့်များ လှမ်း မျှော်ကြည့်ဖြစ်ကြသည်။


(၄)
စာမရေးတာ ကြာပြီနော် ဟု ဆိုလာကြသည့် မိတ်ဆွေအချို့အတွက် ကောက်ခြစ်မိသော ၀ါကျအချို့သာ ဖြစ်သည်။ တစ်ဘက်ဆည်ကန်တွင် ဆောင့်တိုးဝင်ရောက်လာသည့် တောင်ကျချောင်းရေလိုပင် စကားလုံးအချို့ သူ့နှလုံးသားဗဟိုချက်တွင် တဒုတ်ဒုတ်ထိနေသည်။ သို့သော် သူသည် ယမန်နှစ်က စီးဆင်းအားကို လိုက်မမီနိုင်အောင် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို သိမ်းဆည်းနေရသည်။ ခေါင်းတွေ ရှုပ်လိုက်တာ...(ငါဂေါ နာဂီ ဒု)

ဓမ္မဂင်္ဂါ
၁-၁၀-၂၀၁၀

တကယ်ပါ (ဂေါ နာဂီ ဒု)

06 September, 2010

ဂင်္ဂါလမ်းအကြို

ဒီရက်ပိုင်းတွေမှာ ဗာရာဏသီရဲ့ မုတ်သုံက နောက်ဆုတ်သွားခဲ့ပြန်ပါတယ်။ အစွမ်းကုန်စိမ်းလန်းဖို့ အားယူမိတဲ့ မိဂဒါဝုန်က သစ်ရွက်တွေ ယောင်ချာချာဖြစ်ကျန်ရစ်ခဲ့ပါရော။ ဘာပဲဖြစ်ဖြစ် သူ့အတွက် စာသင်ခန်း တွေကတော့ တိုးတိုးလာပါတယ်။ သင်ပေးလိုက်ရ၊ သင်ယူလိုက်ရပါပဲ။ ကိုယ်ပိုင်ပါဠိသင်တန်းတွေကို ပုံမှန်စီးဆင်းနိုင်အောင် အားထုတ်ရသလို သူတက်ရောက်နေတဲ့ တိဘက်ဘာသာစကားသင်တန်းကိုလည်း လွတ်မသွားအောင် ပြေးလွှားရပြန်ပါတယ်။

အမေးအမြန်းထူပြီး အငြင်းသန်တဲ့ မဇ္ဈိမသားတွေနဲ့ အတူ သင်ရတာ သူ့အတွက် နည်းနည်းစိတ်ရှည်နိုင်အောင် ကြိုးစားရတာကလွဲပြီး အကျိုးများတယ် လို့ဆိုရမှာပါ။ သင်တန်းသားတွေက ဘာသာရပ်ဆိုင်ရာ ပါမောက္ခတွေချည်းပဲမို့ ထောင့်(ဒေါင့်) စေ့အောင် မေးတတ်ကြလေတော့ သင်တန်းပို့ချတဲ့ ပါမောက္ခ တိဘက်လားမားကြီးရဲ့ အဖြေကို စောင့်ပြီး မှတ်သားရုံပါပဲ။ သူက တစ်ခုမှ ထမေးစရာမလိုတော့ဘူး။

တစ်ခါတစ်ခါ အသံထွက်ပြဿနာမှာတော့ တော်တော်လေးကို စိတ်ရှည်ရတတ်ပါတယ်။ မဇ္ဈိမသားတွေမှာ စ၀ဂ်လို့ခေါ်တဲ့ စလုံး ဆလိမ် ဇကွဲ ဈမျဉ်းဆွဲ ဆိုတဲ့ အက္ခရာတွေရဲ့ မြန်မာတွေ ထွက်တဲ့အသံမျိုးမရှိတာပါ။ မဇ္ဈိမသားတွေက စ၀က်အက္ခရာတွေကို စကို ကျ၊ ဆကို ချ၊ ဇကို ဂျ၊ စ်ကို ဃ် လို့ အသံထွက်ကြလေတာကိုး။ တိဘက်က မြန်မာဘာသာစကားမှာလို စ ဆ ဇ အက္ခရာအသံတွေရှိသလို ဟိန္ဒိဘာသာမှာ ရှိတဲ့ ကျ ချ ဂျ ဆိုတာလည်း ရှိနေပြန်ပါတယ်။

တိဘက်လားမားကြီးက အလွန်ပဲ စိတ်ရှည်ပါတယ်။ ဥပဓိရုပ်ကြီးကလည်း ခင်မင်စရာကြီး ။ ရွှေပြည်ကြီးက လူရွှင်တော် ဒကာမိုးဒီကြီးနဲ့ တစ်ထေရာတည်း။ ဟာသလည်း ပြောတတ်တယ်၊ ရယ်ရင်လည်း ဗိုက်ကြီး ပွတ်ပြီးရယ်တတ်သေးရဲ့။ များသောအားဖြင့် ဟိန္ဒီလို သင်ပါတယ်။ သူ့ကို ငဲ့ပြီး အင်္ဂလိပ်လိုလည်း ရှင်းပြပါ သေးတယ်။ ဒီလိုနဲ့ ဟိန္ဒီစကားပါ နားရည်ဝလာသလို ဖြစ်လာပါတယ်။(တတ်ကျွမ်းဖို့တော့ ယူဇနာများစွာ ဝေးပါသေးတယ်။ ရွာပြန်ရောက်ရင်တော့ ရွာကအမျိုးတွေအတွက် တစ်ဘာသာထပ်တိုးပြီး ဆယ့်နှစ်ဘာသာ တတ်တဲ့ မောင်ပဉ္ဇင်း ဆယ့်သုံးဘာသာတတ်ပြီ ဖြစ်တော့မယ် ထင်ရဲ့။) ဒါပေမယ့် သင်တန်းချိန်က နှစ်နာရီအပြည့်ဆိုတော့ မချောင်လှပေဘူး။ မနက်က ၈း၀၀ နာရီကတည်းက သင်တန်းတွေက ဆက်နေခဲ့တာပါ။ တစ်ပတ်မှာ သုံးရက်တည်းမို့သာ တော်ပေတယ်လို့ ဆိုရမယ်။

ဒီနေ့နေ့လည် ၂း၃၀ နာရီမှာ သူ့ရဲ့ ပါဠိအထူးသင်တန်းစပါတယ်။ သင်တန်းသား အဲ သင်တန်းသူက တစ်ယောက်တည်းပါ။ ဒီနေ့ ပုံမှန်တက္ကသိုလ်သင်တန်းတွေ ဆင်းချိန်မှာမှ စာသင်ချိန်ဇယား ကြေငြာတာမို့ သူ့ဆီမှာ သင်တန်းတက်ဖို့ စာရင်းပေးထားတဲ့ ကျောင်းသားကျောင်းသူတွေတောင် သတင်းအဆက်ပြတ်ပြီး ရောက်မလာနိုင်ခဲ့ပါဘူး။ မဇ္ဈိမကတော့ နှေးကွေးလေးလံစွာ ရွေ့လျားတတ်တာ ဓလေ့တစ်ခုဖြစ်နေခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် ထုံးစံအတိုင်း နမော တဿ သုံးကြိမ်ရွတ်ပြီး စတင်ခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ ရေးလက်စလေးတွေနဲ့ ကြိုကြားကြိုကြား ဝေးနေဦးမှာပါ။ ချစ်လှစွာသော ကွန်ပြူတာ တော်လေးက ဗာရာဏသီဟိန္ဒူတက္ကသိုလ်က မိတ်ဆွေရဟန်းတော်တစ်ပါးရဲ့ ဆားဗစ်စ်မှာ စံမြန်းနေပါတယ်။ အမာထည် ထိသွားတယ်လို့ ဆိုပါတယ်။ ထိမယ်ဆိုလည်း ထိလောက်စရာပေပဲ။ ဂင်္ဂါစီးဆင်း ဖို့ အပျော့ထည်တွေရော အမာထည်တွေရော တစ်နှစ်နီးပါး မနားတမ်း ညှစ်ထုတ်ခဲ့ရတာကိုး။ တစ်နှစ်အာမခံမကုန်သေးတော့ မျှော်လင့်ချက်ရှိပါသေးတယ်။ ခုလည်း ရှင်သစ္စာရဲ့ ကွန်ပြူတာလစ်တုန်း ဂင်္ဂါလမ်းလေးကို ဆက်ရေးဖြစ်ပါတယ်။


22 August, 2010

ပါဠိအထူးသင်တန်း

Central University of Tibetan Studies
Sarnath, Varanasi

TU/VC/ADM/51/ 2010 14th August, 2010

Notice
In order to facilitate the study and research of Buddhism, a course on Pali Language is to be started for the faculties and members of the Research Departments. Ven.Vicittasara, Guest Faculty in Pali Language, will teach the course, initially in English and gradually in Pali.

Therefore, faculties and members of the Research Departments, who are desirous to learn Pali language, may avail this opportunity and give their names to the Dean, Faculty of Shabda Vidya, Dr. B. R. Tripathi, latest by 23nd August, 2010.
All concerned may note it.

(Prof. Geshe N. Samten)
Vice Chancellor

CC to
1. Registrar
2. Dean of Faculty of Shabda Vidya/ with remark to receive the names and conduct the class in coordination with Ven.Vicittasara
3. Ven.Vicittasara, Guest Faculty in Pali Language
4. All the Deans of Faculties
5. All the Heads of the Departments
6. All the Heads of the Research Departments
7. Deputy Registrar
8. Assistant Registrar
9. Notice Boards
10. Record Files




21 August, 2010

မနေ့ကလို ဒီနေ့ကိုတွေ့ရတော့

မနေ့ကလို ဒီနေ့ကို တွေ့ရတော့
ဒီနေ့လို မနက်ဖြန်တွေမှာ
မေးခွန်းတွေ တစ်လိပ်ပြီး တစ်လိပ်မီးညှိသောက်မိပေါ့။
မောင်သစ်ဝေ(မြင်းခြံ)

တစ်ရံရောအခါဆီက မိတ်ဆွေကဗျာဆရာရဟန်းတော်ရဲ့ ဆေးပြင်းလိပ် ဆိုတဲ့ ကဗျာအဖွင့်စာပိုဒ်လေးပါပဲ။ ကဗျာအပြည့်အစုံတော့ မမှတ်မိ။ မှတ်မိတဲ့ စကားလုံးတွေကိုပဲ ခပ်နင့်နင့်ရှိုက်မိပါသေးတော့။ ဆေးပြင်း လိပ်ကြီးပေကိုး။ အဲဒီကဗျာကို ၁၉၉၀ လွန် ဟန်သစ်မှာရေးခဲ့တာပါ။ ကဗျာဆရာကြီးမောင်ခိုင်မာ ကိုယ်တိုင်က ဧည့်ခန်းများကို ဖြတ်သန်းခြင်းဆိုတဲ့ ကဗျာခံစားမှုဆောင်းပါတွဲကြီးမှာ တခုတ်တရဖော်ပြခဲ့တာပါ။ ခုတော့ ကဗျာဆရာရဟန်းတော်လည်း မြင်းခြံမြို့နယ်ထဲက ထနောင်းဒိုင်ဆိုတဲ့ ရွာမှာ ရွာဦးကျောင်းဆရာတော်ဘ၀ကို့ ရိုးစင်းစွာ ခံယူရင်း ကလေးတွေရဲ့ ပညာရေးအတွက် ဘ၀တစ်ခုလုံးပေးအပ်ထားလေရဲ့။

မနေ့ကလို ဒီနေ့ကို တွေ့ရတော့
ဒီနေ့လို မနက်ဖြန်တွေမှာ တဲ့.....
နန်းတော်ရှေ့ရဲ့ လသာညတွေမှာ ကဗျာဆရာကိုယ်တိုင် ရွတ်ပြခဲ့ဖူးတဲ့ ကဗျာအပိုင်းအစတွေဟာ မိဂဒါဝုန်ည တွေထိ ရိုက်ခတ်မှုရှိနေတုန်းပါပဲ။ ထူးမခြားနားနေ့ရက်တွေနဲ့ သာမန်ရဟန်းတစ်ပါးရဲ့ ဒိုင်ယာရီဟာ ပျင်းရိဖွယ် တော့ ကောင်းနေပေလိမ့်မယ်။ ဗာရာဏသီဟာ သူ့အတွက်တော့ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေခဲ့ပါတယ်။

ရာသီဥတုက အခြေခံစမ်းသပ်လိုက်ပါတယ်။ ဧပြီ၊ မေ၊ ဇွန်တို့လို ပူတဲ့ ရာသီ (ဥဏှသမယ)မှာ ရင်တထိတ် ထိတ်ဖြတ်သန်းရသလို ဇူလိုင်၊သြဂုတ်နဲ့ စက်တင်ဘာတို့လို အိုက်တဲ့ ရာသီ(ပရိဠာဟသမယ) ဆိုတာကိုကြီး လည်း စိတ်မသက်မသာဖြစ်ရပြန်ပါတယ်။ ပူတဲ့ရာသီမှာ အပူလှိုင်းထဲ ပါမသွားဖို့ ရင်တမမပါ။ လေပူတွေနဲ့အတူ ရောထွေးပါလာတတ်တဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် ခန္ဓာကိုယ်အနှံ့မှာ အပူလောင်နာတွေ ပွလို့ပါပဲ။ ခုသြဂုတ်လကတော့ မပူဘူး။ အိုက်တာပါ။ စာလိုပေလိုဆိုရင်တော့ ပရိဠာဟ သမယပေါ့လေ။ ချွေးစီးတွေ တဒီးဒီးကျပြီး တစ်ကိုယ်လုံး ယားယံနေတတ်ပါတယ်။ ရေးချိုးလိုက်မှ သက်သာတာပါ။

ခက်တာက မီးက ပုံမမှန်ပျက်တတ်တော့ ရေကလည်း အခက်အခဲ ဖြစ်ရပြန်ပါတယ်။ ဘုရားမှာ ဆီးမီးလှူဖူးတဲ့ ကုသိုလ်ချို့ယွင်းခဲ့ပုံပါပဲ။ မီးပျက်တဲ့ နိုင်ငံတွေနဲ့ပဲ အကျိုးပေးနေခဲ့လေတာကိုး။ မီးကလည်း ပုံမှန်ပျက်တာမျိုး မဟုတ်တော့ မီးလာတာနဲ့ ရေတင်နိုင်ဖို့ သတိပဋ္ဌာန်ပွားရပါတယ်။ ကြံဖန်ပြီး ၀ိပဿနာ တင်နေရတာပါ။ ဘုန်းကြီးဖြစ်ပြီး ဒီလောက်လေးမှ သည်းမခံနိုင်ဘူးလား လို့တော့ မလုပ်လိုက်ပါနဲ့။ နည်းနည်းလေးတော့ ငြီးတွားခွင့်ပြုပါ။

မီးလာပြန်လို့ အင်တာနက်နှိုက်မိပြန်တော့ ကော်နက်ရှင်က နှိပ်စက်ပြန်ပါတယ်။ လိုင်းက ခဏ ခဏကျ တတ်ပါ တယ်။ ရွှေပြည်ကြီးက မိတ်ဆွေတွေက နိုင်ငံခြားရောက်လို့ မာနကြီးသွားသလား တဲ့။ ပေါ်လိုက် ပျောက်လိုက် နှုတ်မဆက်ချင်သလိုလို ဘာလိုလိုနဲ့ တဲ့။ မာနက မကြီးတဲ့အပြင် သေးသေးသွားလို့ မနည်းပြန် တင်နေရပါသကောဗျာ။

ဒီမှာ ရောက်နေကြတဲ့ ပညာသင်ရဟန်းအများစုက ရွှေပြည်ကြီးမှာတုန်းက ကျောင်းတိုင်ဆရာတော်တွေ ကမ္မဋ္ဌာနာစရိယ၊ ဓမ္မကထိက ၊နာယက စာချဆရာတော်တွေ ဆိုပြီး တပည့်တပန်းတွေ၊ ကိုးကွယ်ဆည်းကပ်မယ့် ဒကာ ဒကာမတွေနဲ့ ဝေေ၀ဆာဆာလောကဓံရှိခဲ့ကြဖူးသူတွေပါပဲ။ ခုတော့ ဆာဆာလောင်လောင်လောကဓံကို ရွေးချယ်မိခဲ့ကြမှကိုး။ ဂလိုဘယ်လိုက်ဇေးရှင်းကြီးက ရွာဦးကျောင်းဘုန်းတော်ကြီးတွေကိုတောင် နိုင်ငံခြား တက္ကသိုလ်တံခါးတွေဆီ တွန်းပို့နေတော့တာကလား။ ဒီတော့လည်း အောင့်သာ ခံကြပေရော။

ဘာပဲဖြစ်ဖြစ် အရင်းအနှီးတွေ များများစိုက်ထုတ်ပြီးမှတော့ အမြတ်တွေ ကျန်ဖို့လည်း ရုန်းကန်ကြရတာပါပဲ။ ရဟန်းတော်တွေရဲ့ ပညာရေးအတွက် အလှူ့ရှင်တွေရဲ့ နာမ်ပိုင်းဆိုင်ရာသဒ္ဓါတရား၊မျှော်မှန်းချက်နဲ့ ရုပ်ပိုင်းဆိုင်ရာ ငွေကြေးစိုက်ထုတ်ရမှုတွေက အများသားပါပဲ။ ဘာတွေ ပြန်ပေးကြမှာလဲ လို့ မေးခွန်းတွေ မေးမိကြတော့ ဖြေဖို့လည်း အားစိုက်ကြရတော့တာပါ။

လောလောဆယ်တော့ သူ့အနေနဲ့က မိတ်ဆွေကဗျာဆရာရဟန်းတော်ရဲ့ ကဗျာကို တီးတိုးရွတ်မိရင်း
မနေ့ကလို ဒီနေ့ကို တွေ့ရတော့
ဒီနေ့လို မနက်ဖြန်တွေမှာ
မေးခွန်းတွေ တစ်လိပ်ပြီး တစ်လိပ်မီးညှိသောက်ခဲ့ပေါ့။

ဓမ္မဂင်္ဂါ
၂၁-၈-၂၀၁ဝ


ပျင်းလို့ ရေးတဲ့စာပါ။ ဘာမှမကျန်ရင်တော့ သည်းခံကြပါလော့။

17 August, 2010

တိဗက်စကားနဲ့ ငါတို့ဓလေ့


တိဗက်အက္ခရာများ

တိဗက်တက္ကသိုလ်ရဲ့ ကျောင်းဖွင့်ချိန်ဟာ အရှိန်ရလာသလို သူ့ရဲ့ ပါဠိသင်တန်းဟာ တဖြည်းဖြည်းနက်လာပါ တယ်။ အမေးအမြန်းထူတဲ့ ကျောင်းသားလေးတွေကြောင့်လည်း သင်တန်းက အသက်ဝင်ပါတယ်။ သင်တန်းကာလတစ်လအတွင်းမှာပဲ ပါဠိဝါကျတွေ ဖြောင့်ဖြောင့်တန်းတန်းရေးနိုင်လာကြတာ အားရစရာပါ။ “ဆရာက စာသင်၊ ငါတို့က အိပ်ချင်” ဆိုတဲ့ ၀ါကျမျိုးကို ကောင်းကောင်းပြောတတ်နေပါပြီ။ (အိမ်း အိမ်း ဖြစ်ရမယ်လေ။)

လောလောဆယ်ဆယ်သင်ရိုးစာအုပ်အနေနဲ့ သီဟိုဠ်ကျွန်းထုတ်စာအုပ်နှစ်အုပ်က အလုပ်ဖြစ်နေပါတယ်။ Pali Primer Lily de Silva, M.A, Ph.D နဲ့ Pali Made Easy by Venerable Balangoda Ananda Maitreya ဆိုတဲ့ “ပါဠိပရိုင်မာ”နဲ့ “အလွယ်သင်ပါဠိ” စာအုပ်တွေပါပဲ။ လေးလလောက်အချိန်ယူလိုက်ရင် ပါဠိ ပိဋကတ်တော်တွေကို အဘိဓာန်အကူအညီနဲ့ ဖတ်နိုင်လောက်အောင်ထိ တာဝန်ယူထားတဲ့ နည်းစနစ်တွေပါပဲ။

ခုဆို မွန်ဂိုကျောင်းသားတစ်ယောက်က ပိဋကတ်ကျမ်းစာဖတ်နေပါပြီ။ ဖတ်တာမှ မြန်မာအက္ခရာရေးကျမ်းစာကို ဖတ်တာပါ။“ထေရ၀ါဒပိဋကတ်ကျမ်းစာအပြည့်အစုံဖတ်ချင်တယ်ဆိုရင် မြန်မာအက္ခရာဖတ်တတ်ရမယ်” လို့ သြ၀ါဒပေးလိုက်မိတာ မောင်မင်းကြီးသားလေးက သင်ပေးပါဦး ဆိုလေတော့ မြန်မာအက္ခရာရေးထုံး သင်ပေးရ ပါသေးတယ်။ ခုတော့ ထော့နဲ့ထော့နဲ့ ဖတ်နေပါပြီ။ ပါဠိဘာသာအတွက် မြန်မာအက္ခရာက ဗျည်း(၃၃)လုံး သရ (၈)လုံးပဲ ရှိတာဆိုတော့ သင်ရတာအဆင်ပြေပါတယ်။ ခဏချင်း မြန်မာအက္ခရာတွေနဲ့ ကျွမ်းဝင်သွား ပါတယ်။ ရေးချတို့ ယပင်း ရရစ်တို့ကတော့ နည်းနည်းရှင်းရသပေါ့လေ။ ခါ-ဂါ-ငါ-ဒါ-ပါ-၀ါ လိုမျိုးလေးတွေပေါ့။

ဖြစ်ချင်တော့ ဒီရက်ပိုင်းအတွင်းမှာ တက္ကသိုလ်က ဆရာဆရာမတွေအတွက် ဖွင့်ပေးတဲ့ တိဗက် ဘာသာစကားသင်တန်းကို တက်ဖြစ်သွားပါတယ်။ တိဗက်အက္ခရာတွေ ရေးမိဖတ်မိမှ မြန်မာအက္ခရာ ရေးထုံးတွေနဲ့ တော်တော်လေးတူတာကို တွေ့ရတယ်။ ဒါပေမယ့် တိဗက်က ထောင့်ချိုး၊ မြန်မာက စက်ဝိုင်း။

ပြီးတော့ တိဗက်က အက္ခရာတွေ လျှော့ထားတာတွေ့ရတယ်။ ဗျည်းက (၃၀)၊ သရက (၄)လုံး။ ကြည့်ပါ။
က ခ ဂ င
စ ဆ ဇ ည
တ ထ ဒ န( ဋ ၀ဂ်မပါ)
ပ ဖ ဗ မ
ယ ရ လ ဝ
သ ဟ အ
(ထူးတာက မြန်မာမှာ မရှိတဲ့ အသံတွေကို ကိုယ်စားပြုတဲ့ အက္ခရာအပို ၇ လုံးပါနေတယ်၊ ဖတ်ရတာလည်း ခက်ပါ့။)
သရကတော့ ဣ ဥ ဧ သြ ဆိုတဲ့ လေးလုံးပါ။

မြန်မာမှာ ယပင်း ရရစ်ရှိသလို တိဘက်မှာလည်း ရှိပါတယ်။ တိဘက်စာ သင်တာ ခုဆို သုံးရက်ရှိသွားပါပြီ။ အက္ခရာကလည်း မူလအက္ခရာ၊ ရှေ့ဆက်အက္ခရာ၊ နောက်ဆက်အက္ခရာ၊ အဆင့်အက္ခရာဆိုပြီး အမျိုးမျိုးရှိ လေတော့ သင်ပုန်းကြီးဖတ်စာကိုက တစ်ပတ်လောက်အချိန်ယူရမယ့်သဘောပါပဲ။ ဘာပဲဖြစ်ဖြစ် မွန်ဂိုကျောင်း သားကို မြန်မာအက္ခရာရေးထုံးရှင်းပြတဲ့အခါမှာတော့ တိဗက်အက္ခရာနဲ့နွှယ်ပြီး ပြောလို့ရသွား ပါတယ်။ မွန်ဂိုကျောင်းသားလေးက တိဗက်ဘာသာစကားလည်း ကျွမ်းကျင်သူမို့ သူက ဆရာ တင်ထား ရပြန်ပါတယ်။

စာသင်ခန်းထဲမှာ ကုလားဆရာ ဆရာမတွေချည်းမို့ သင်တန်းဆရာဖြစ်တဲ့ ပါမောက္ခတိဗက်လားမားကြီးက ဟိန္ဒီလို ပြောသင်ပါတယ်။ သူ့အတွက် ဘာသာစကားနှစ်ခုကို အလိုလိုသင်နေရသလိုပါပဲ။ လားမားကြီးသင်တာက နည်းနည်း၊ သင်တန်းသားဆရာဆရာမတွေ ပြောကြဆိုကြမေးကြမြန်းကြတာက ခပ်များများပါ။ ကုလားဆိုတဲ့ အမျိုးကလည်း စကားပြောသန် အငြင်းသန်တဲ့ အမျိုးပေမို့ သူ့အတွက် ဟိန္ဒီစကားနား ထောင်စွမ်းရည်ကတော့ လိုအပ် တာထက် ပိုနေပါသေးတယ်။ သင်တန်းသားက စုစုပေါင်းမှ (၇)ဦးတည်းပါ။ ဒါပေမယ့် လူမျိုးတော့ စုံပါတယ်။ ဘင်္ဂါလီ၊ရာဂျစတန်၊တမီးလ်၊ နီပေါလ်လူမျိုး ဆရာဆရာမ တွေပါပဲ၊လူမျိုးမတူကြပေမယ့် ဟိန္ဒီစကားကိုပဲ ပြောကြတာပါ။ သင်ရိုးညွှန်းတမ်းစာအုပ်က ဟိန္ဒီ၊ ရှင်းပြတာ ကလည်း ဟိန္ဒီမို့ သူ့အတွက် အနည်းငယ်ခက်ခဲပေမယ့် စိန်ခေါ်မှုတစ်ရပ်အဖြစ် အားထည့်ဖြစ် ပါတယ်။

တိဘက်စကားအချို့(သုံးရက်သင်ခန်းစာဗဟုသုတအလိုအရ)က မြန်မာစကားနဲ့ တူတာကို တွေ့လာရပါ တယ်။ ဥပမာ ငါ၊ လမ်း၊ မီး၊ ငါး(ဂဏန်း) ဆိုတဲ့ဝေါဟာရတွေက တိဗက်စကားနဲ့ အတူ တူဖြစ် နေတာကလား။ မနက်ခင်းမှာ စာသင်ခန်းထဲ ၀င်တော့ သူ တိဗက်စာသင်နေမှန်း သိကြတဲ့ တပည့်တွေက နှုတ်ဆက်ကြပါတယ်။
“ငါတို့ ဒလေ့”
သူ့နားထဲမှာတော့ “ငါတို့ ဓလေ့”လို့ ကြားလိုက်ရပါသကော။ “ဘာတုန်းဟ” ဆိုတော့ “ကောင်သောနံနက်ခင်း”ပါတဲ့။
အဲဒါနဲ့ သူက ဆက်မေးမိပြန်ပါတယ်။ “ငါတို့ ဓလေ့”က “ကောင်းသောနံနက်ခင်းပါ” ဆိုတော့ “နင်တို့ ဓလေ့” က ဘာတုန်းဆိုတော့ ”ကောင်းသော နေ့လည်ခင်းပါ”တဲ့၊ အေးရော။
(အမှန်တကယ်အသံထွက်က ”နင်ဂို့ ဒလေ့” ထင်ပါတယ်။)

ဓမ္မဂင်္ဂါ
၁၆-၀၈-၂၀၁၀

02 May, 2010

ဂင်္ဂါလမ်း













(၁)


မဇ္ဈိမသံသရာကို သူဖွင့်ဆိုရလေတော့မည်။ ၂၀၀၆ ခု သြဂုတ်လ ၂၅ ရက် နံနက် ၁၁း၀၀ နာရီ။ ရန်ကုန် အပြည်ပြန်ဆိုင်ရာလေဆိပ်တွင် အိပ်မက်အထုပ်အပိုးများ၊မျှော်လင့်ချက်ဝန်စည်စလွယ်များနှင့်အတူ ပေါ့ပါးစွာ မိတ်ဆွေများကို နှုတ်ဆက်လိုက်ပါသည်။

လွန်ခဲ့သောလအနည်းခန့်အထိ သူသည် ကျေးလက်ဆန်သော မြို့ပြတွင် ရှင်ငယ် ရဟန်းငယ်လေးများ၏ အားထားရာ ပရိယတ်ဆရာတစ်ဆူအဖြစ် ပျော်မွေ့နှစ်ခြိုက်စွာ ဖြတ်သန်းဂုဏ်ယူမိလေသည်။ သို့သော် သူဖတ်မှတ်လေ့လာနေသော စာပေကျမ်းဂန်နှင့် ဘာသာတရား၏လာရာလမ်းကိုတော့ အခါခါမျှော်ငေးမိတတ် ခဲ့လေသည်။ အော် မဇ္ဈိမလမ်း....။

မြန်မာနိုင်ငံသာသနာတော်၏ အထင်ကရစာသင်တိုက်ကြီးများနှင့် တက္ကသိုလ်ပရိဝုဏ်များထဲ အကြိမ်ကြိမ် လျှောက်ခွင့်ရနေသည့်တိုင် သူ၏ နိုင်ငံတကာပညာရေးအိပ်မက်ကတော့ အေးစက်နေဆဲပင်။ မည်သို့ဖြစ်စေ သူ့အိပ်မက်များကို မထင် မှတ်စွာ ၀ုန်းကနဲ ပက်ဖြန်းနိုးထစေသူတို့ပေါ်လာသည်။ ရွာမှ ကျောင်းဆရာဟောင်း တစ်ဦးက အစကို ဆွဲထုတ်ခြင်းပင်ဖြစ်သည်။

(၂)

သူ မန္တလေးသာသနာ့တက္ကသိုလ်တွင် စာအုပ်များကြားထဲ တိုးဝင်နေစဉ် ထိုကျောင်းဆရာရောက်လာခဲ့ဖူးသည်။ သူ့အခန်းလေးထဲတွင် စာအုပ်များနှင့် ဟောင်းနွမ်းနေသောအသုံးအဆောင်အချို့မှ လွဲ၍ ပိုင်ဆိုင်မှုချို့တဲ့လှ ကြောင်းသိသွားသည်ဟု ကျောင်းဆရာက သူ့ကို ပြန်ပြောပြခဲ့သည်။

ကျောင်းဆရာက သာမန်ကျေးလက်မိသားစုမှ မွေးဖွားကြီးပြင်းလာရသည့် သူ့လို ရဟန်းတစ်ပါးအတွက် တိုးတိတ်စွာ စာအုပ်စာပေကိုသာ အားကိုးဆုပ်ကိုင်ထားသည်မှာ သဘာဝကျလှသည် ဟု ဆိုသေးသည်။ ကျောင်းဆရာစကားအရ သူက ရပ်ရွာနှင့် မိဘကို ဒုက္ခမပေးဘဲ (ရပ်ရွာနှင့် မိဘကလည်း သူ၏ ကြိုးစားအား ထုတ်မှုနှင့် အနာဂတ်အလားအလာ မသိဘဲ) ကျေနပ်လောက်သောရလာဒ်များဖန်တီးနေသည်ကို ကျောင်းဆရာ တစ်ယောက်၏ အမြင်ဖြင့် မှတ်သားမိခဲ့သည်ဟု ဆိုပါသည်။

အမှန်တကယ်ပင် ထိုစဉ်က သူနှင့်အတူ ကျောင်းဝင်ခွင့်စာမေးပွဲအောင်မြင်ခဲ့ကြသည့် ရဟန်းတော်များ၏ ပထမဆုံးကျောင်းဝင်နေ့ရက်က ပုံရိပ်ကို သူကြည်နူးနေခဲ့ပါသေးသည်။ ရပ်ရွာမှ ဆရာဘုန်းကြီး သို့မဟုတ် မိဘဆွေမျိုးများ ၊ ဂုဏ်ယူပီတိဖြစ်နေကြသည့် ရဟန်းဒကာ ဒကာမမိသားစု သို့မဟုတ် ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းကြသူများက ကားကြီးကားငယ် အသွယ်သွယ်ဖြင့် လိုက်ပို့ကြသည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ကြသည့် သူတို့၏ တပည့်ရဟန်း သားရဟန်းများ၏ အနာဂတ်အတွက် တက်ကြွနေသော ထိုပုဂ္ဂိုလ်တို့၏ ပီတိကို သူမြင်နေရသည်။

သူ့မိဘ သူ့ဆရာ သူ့ဒကာများလည်း ထိုပုဂ္ဂိုလ်များလိုပင် ဂုဏ်ယူချင်ကြမှာပါပဲ။ သို့သော် သူက မည်သူ့ကိုမှ အကြောင်းမကြားဖြစ်ခဲ့။ သူ့အသိုင်းအ၀ိုင်းလေးကို တစ်နေ့နေ့မှာတော့ သူဘာလုပ်နေသည်ကို ပြောပြဖြစ် လိမ့်မည်ထင်ပါသည်။ သို့မဟုတ် သူတို့ တစ်နည်းနည်းဖြင့် သိသွားကြပါလိမ့်မည်။

သူအတွက်တော့ ဘာမှမဆန်းကြယ်ပါ။ သာသနာ့တက္ကသိုလ်နေ့ရက်များမတိုင်မီ မန္တလေးမြို့တော်၏ နာမည်ကျော်စာသင်တိုက်ကြီးဖြစ်သည့် မစိုးရိမ်တိုက်သစ်တွင် ကျောတစ်နေရာစာရှာဖွေလျှောက်ထားကာ ခြစ်ခြစ်ကုတ်ကုတ် နေထိုင်ပညာသင်ယူ နေစဉ်ကလည်း မည်သူ့ကိုမှ အပူမကပ်ခဲ့။

ရပ်ရွာသို့ ပြန်သည့်အခါတိုင်း မိဘဆွေမျိုးများကို ဘာလိုသည်ဟု အရိပ်အမြွက်မဟခဲ့စဖူး။ ဟလည်း ဟရက်စရာမရှိ။ မိုးခေါ်သံသာ ကြားရပြီး ဖားအော်သံမကြားရသော ရပ်ဝန်းက လူများ၏ ကြေကွဲဖွယ်ရာ ဒရမ်မာဇာတ်လမ်းဇာတ်ကွက်တို့ကို သူက ခံစားမိခဲ့ပြီးဖြစ်လေသည်။

လွန်ခဲ့သော ၁၉၉၆ ခုနှစ်များဆီက ကျောင်းဆရာ၏ အတွေးတွင် သူ့ပုံရိပ်ကို မည်သို့ ကောက်ကြောင်း ရေးခြစ်ခဲ့သည်တော့မသိ။ သူကတော့ သူ၏ ညှိုးငယ်ချို့တဲ့လှသော နေ့ရက်လမ်းကြောင်းများတွင် မိတ်ဆွေ သီတင်းသုံးဖော်တို့၏ လက်ခုပ်သံများ၊ သုတရသစာမျက်နှာများနှင့်အတူ တက္ကသိုလ်စာသင်ခန်းများကိုသာ ဖက်တွယ်အားကိုးဖြစ်လေသည်။






ရာစုသစ်မစတင်မီမှာပင် သူ၏ သာသနာ့တက္ကသိုလ်နေ့ရက်များကုန်ဆုံးသွားသည်။
တက္ကသိုလ်တွင် လေးနှစ်တာ ပညာသင်ယူခွင့်ရပြီးသည့်ရဟန်းတစ်ပါးအနေဖြင့် (အကယ်၍ မဟာတန်းဝင်ခွင့် မရခဲ့လျှင် ) နယ်စပ်ဒေသတွင် ၂ နှစ်တာ သာသနာပြုတာဝန်ထမ်းဆောင်ရန် သတ်မှတ်ချက်ရှိလေသည်။ သူက မဟာတန်းတက်ရန် အခွင့်အလမ်းမသာခဲ့ပါ။ နိုင်ငံခြားဘာသာစကားတစ်ခုခုကို အရူးအမူးသင်ယူကာ ရှေးဟောင်းယဉ်ကျေးမှုဇုံထဲသို့ ရောက်လာသမျှ နိုင်ငံခြားသားဧည်သည်များနှင့် တွတ်ထိုးလေ့ရှိသော သူ့အတွက် ကျောင်းခေါ်ချိန်နောက်ကျသော နေ့ရက်တို့ များပြားခဲ့ခြင်းက မဟာတန်းနှင့် ဝေးကွာစေခဲ့လေသည်။(အခြားအကြောင်းတရားများလည်း ရှိနေနိုင်ပါသည်။)
သို့သော် သာသနာပြုရဟန်းတစ်ပါးအဖြစ် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ တိုင်းရင်းသားပေါင်းစုံတို့၏ အပြုံးများဆီ ရွက်လွှင့်ခဲ့ရခြင်းသည်ပင် ဆုမြတ်တစ်ပါးဖြစ်ခဲ့လေသည်။ သူ တာဝန်ကျသည်က ပြည်နယ်မြို့တော်ဖြစ်သည့် ကျိုင်းတုံ၏ ထေရ၀ါဒဗုဒ္ဓသာသနာပြုဌာနဗဟိုတွင် ဖြစ်သည်။ ယခင်လများဆီက သူသည် သာမန်သာသနာ့ တက္ကသိုလ်ကျောင်းသားမျှသာဖြစ်ခဲ့သည်။ ယခု သူက သာသနာပြုရဟန်းတော် တစ်ပါးဖြစ်နေပြန်လေသည်။

ဘာသာခြားတို့ကြားဝယ် တိုင်းရင်းသားဘာသာစကားများသာ တွင်ကျယ်သည့် ဤရပ်ဝန်းတွင် ကိုယ့်စကားလုံး ကိုယ်တာဝန်ယူရမည်မှာ သေချာလှကြောင်း သူက သတိရှိနေခဲ့ရသည်။ တစ်ခါတစ်ရံတွင် သာသနာပြု ပုဂ္ဂိုလ်
များအနေဖြင့် (မည်သည့် ဘာသာဖြစ်စေ)အဖွဲ့အစည်းအချို့၏ အသုံးပြုခြင်းကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ခံရတတ်ပါသည်။

ယခု သာသနာပြုရဟန်းတော်ဆိုသော ခေါင်းစဉ်အောက်တွင် ရောက်ရှိနေပြီဖြစ်သည့် သူ့အတွက် စကားလုံး တစ်လုံးကို တရားဝင်ထုတ်ဖော်ပြောရန် အရေးကြုံသည့်အခါတိုင်း အစွန်းလွတ်လမ်းစဉ်ကို မှီခိုရလေသည်။ ဘာပဲဖြစ်ဖြစ် သူက ရောက်စနေ့ရက်များတွင် စာပေသင်ကြားပို့ချခြင်းတာဝန်ကိုသာ မည်သူမျှ တာဝန်မပေးဘဲ ဖန်တီးရယူခဲ့ပါသည်။ သာသနာပြုဌာနတွင် ဘာသာစကားသင်တန်းလေးတစ်ခု ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

သူ့သင်တန်းလေးတွင် ဘာသာမရွေး လူမျိုးမရွေး တက်ခွင့်ရှိသည်။ သင်တန်းလျှောက်လွှာပုံစံဖြည့်စရာမလို ။ သင်တန်းပျက်ခွင့် တိုင်စရာမလို ။ (သူကိုယ်တိုင်သည်ပင် ကိုယ်နှစ်သက်၍ စိတ်လိုလက်ရရှိမှသာ သင်တန်း ခန်းမများကို တိုးဝင်ဖြစ်ခြင်းကြောင့် သူ့တပည့်များအတွက် ထွက်ပေါက်တစ်ခုကို လွယ်လွယ်ကူကူ ဖွင့်ပေးထား ခြင်းဖြစ်လေသည်။)

သူ၏ သာသနာပြုသင်တန်းကျောင်းလေးသည် နွေးနွေးထွေးထွေး ရှိလှသည်။ တက္ကသိုလ်ဝင်တန်းဖြေပြီးစနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသောလူငယ်အများစုသာ အတက်များသည့်အတွက် ပို၍ သစ်လွင်တောက်ပ နေလေသည်။ သင်တန်းတက်နေသည့် ကလေးများက မော်ဒန်ကဗျာနှင့် ရော့ခ်သီချင်းများအကြောင်း လွတ်လပ်စွာ ပြောဆိုငြင်းခုန်ကြသည်.။ သို့မဟုတ် ရင်ခုန်ကြတာလည်း ဖြစ်နိုင်သည် ။ သူက ဗြဟ္မစိုရ် တရားနှင့် ဗုဒ္ဓခေတ် စိတ်ထားမြင့်မြတ်သူတို့အကြောင်း မျှဝေဖြစ်သည်။

အမှန်တကယ် သူဖွင့်လှစ်ထားသည့် သင်တန်းလေးသည် ဘာသာစကားသင်တန်းလေးသက်သက်မျှသာ မဟုတ်။ ဗြဟ္မစိုရ်တရားနှင့် လူသားဝါဒအကြောင်း သတင်းကောင်းဖြန့်ချီရာ အသိုက်အမြုံလေးတစ်ခု ဖြစ်အောင် မျှော်လင်ခဲ့ဖူးသည်မှာ ပြန်တွေးတိုင်း လွမ်းစရာ။





သူဖွင့်နေသော ဘာသာစကားသင်တန်းလေး၏ အသံသည် ပတ်ဝန်းကျင်ရပ်ကွက်လေးများမှ အရွယ်စုံကလေး ငယ်တို့၏ နှလုံးသားကပင် ကြားရလေသည်။ သို့နှင့် သူ၏ ပုံမှန်ညနေခင်းသင်တန်းလေးအပြင် အခြေခံ ပညာတန်းစုံကလေးငယ်တို့၏ အပိုကျူရှင်ကျောင်းလေးပါ ထပ်တိုးလာလေသည်။ စာကို အိပ်မက်မက်သည်
ထိ ကြိုးစားလေ့ရှိသော ကလေးများအတွက် သူပါ နောက်တစ်နေ့သင်မည့် သင်ခန်းစာများကို အိပ်မက် ထည့်မက်ရသည်မျိုးလည်း ရှိခဲ့သလို သူ့ကျောင်းလေးကို ကစားကွင်းတစ်ခုအဖြစ် မြူးတူးခုန်ပေါက်လေ့ရှိသော မျောက်ရှုံးလေးများကို ( ကလေးများနှင့် မည်သည့်အခါမှ လက်ပွန်းတတီးမနေခဲ့ဖူးသော သူ့အတွက်) နောက်တစ်နေ့တွင် ဘယ်လိုချော့မော့ထိန်းကျောင်းရမလဲ ဟူသော အတွေးများဖြင့် အိပ်စက်မရဖြစ်ရသည် မျိုးလည်း ရှိခဲ့သေးသည်။

တကယ်ဆိုတော့ သာသနာပြုတာဝန်ထမ်းဆောင်ရသည့် နှစ်နှစ်တာကာလအတွင်း ချစ်လှစွာသော ကလေးငယ် တို့၏ လွတ်လပ်ပွင့်လင်းသော ရယ်သံများ တစ်ခါတစ်ရံတွင် နားကွဲလုလုငိုသံများကြားတွင် သူပျော်ခဲ့ပါသည်။ (နောင်၈နှစ်ခန့်ကြာသောအခါမှ ပြန်တွေ့ရသည့် ထိုစဉ်က အလယ်တန်း ကျောင်းသူတပည့်မတစ်ယောက်က “ အဲဒီအချိန်တွေက စာသင်ရတာ ဘုန်းဘုန်းစိတ်ပျက်မသွားဘူးလား” ဟူသော အမေးကို သူက မဖြေဘဲ တိုးတိတ်စွာ ပြုံးနေဖြစ်ပါသည်။) ကိုယ့်ရွေးချယ်မှုကို ကိုယ်တိုင်လက်မှတ်ရေးထိုးရန် သူက သွေးကြောင်တတ်သူ မဟုတ်ခဲ့ပါ။

ညနေခင်းသင်တန်းနှင့် ကျူရှင်ကျောင်းလေးဖြင့် မအားလပ်အောင် ဖြစ်နေရသည်တွင်မှ ပြည်နယ်အဆင့် ဗုဒ္ဓဘာသာသင်တန်းပေါင်းစုံတို့၏ သင်တန်းခန်းမများဆီက ဖိတ်စာများ သူ့အမည်ဖြင့် ရောက်လာပြန် လေသည်။ တက္ကသိုလ်စာသင်နှစ်များဆီက စာသင်ခန်းများနှင့် လွဲချော်ခဲ့ဖူးသောသူ့ဆီကို သာသနာပြုရဟန်း ဘ၀မှာတော့ စာသင်ခန်းများက တစ်ရစ်ပြီး တစ်ရစ် တိုးဝင်လာခဲ့လေတော့သည်။

ထိုသင်တန်းလေးများနှင့် ရှုပ်ထွေးပျော်ဝင်စဉ်မှာပင် သာသနာပြုကျောင်းလေးကို အခြားသာသနာပြုရဟန်း တော်များနှင့်အတူ ရှင်ငယ်ရဟန်းငယ်များအတွက် ပရိယတ္တိစာသင်တိုက်လေးအဖြစ် ဖော်ဆောင်ရပြန်ပါသည်။ ငယ်ရွယ်သောကိုရင်လေးများကို ထိန်းကျောင်းပဲ့ပြင်ရသော တာဝန်သည် မလွယ်ကူလှကြောင်း သူကိုယ်တိုင် ဆရာတစ်ယောက်ဖြစ်လာသောအခါမှ သိလာရတော့သည်။ သူသည်လည်း ငယ်စဉ်က ဆရာသမားများ၏ ကြိမ်လုံးများစွာကို အပိုင်စားရခဲ့သည်မဟုတ်ပါလား။ ကိုယ်တိုင်က ဆရာဖြစ်လာသောအခါ ငယ်စဉ်က စိုးရွံ့ခဲ့သော ကြိမ်လုံးကြီးကို ကိုင်တွယ်အသုံးပြုရမှာ မ၀ံ့မရဲဖြစ် ရသည်။


06 April, 2010

ဓမ္မဂင်္ဂါဘလော့ပြေးခြင်း

တိဘက်တက္ကသိုလ်စာသင်ဆောင်
(၁)
တိဘက်တက္ကသိုလ်ပရိဝုဏ်ထဲမှာ အ၀ါရောင်သင်္ကန်းဆင်မြန်း မြန်မာရဟန်တော်ဆောင်းထီးတစ်လက်နဲ့ ၀င် ထွက်သွားနေတတ်တဲ့သူ့ကို တိဘက်လားမားကြီးတွေနဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေက ဗာရ မားပါဠိဂုရုဂျီ (မြန်မာပါဠိဆရာ)အဖြစ် သိနေခဲ့ကြပါတယ်၊ တွေ့တဲ့အခါတိုင်း“ဘန္တေဂျီ”လို့ တခုတ်တရ နှုတ် ဆက်လေ့ရှိပါတယ်။ သူ့အနေနဲ့ တိဘက်တက္ကသိုလ် အသိုင်းအ၀ိုင်းထဲမှာ ပျော်မွေ့နေမိတာ အသေအချာပါပဲ။

စာသင်ချိန်တွေကတော့ အဓိကကြည်မွေ့စရာဖြစ်ခဲ့ပါတယ်။ စာသင်သားဘ၀က ကျောင်းတက်ချိန် အမြဲလစ် ခဲ့တဲ့ သူက ဆရာ ဘ၀မှာတော့ အချိန်မှန်ဖို့ အားစိုက်ခဲ့ပါတယ်။ (ကိုယ်က ပြောရမှာကိုး)။ စာသင်ချိန်က တစ်နေ့သုံးကြိမ်ပါ။
၁၀း၁၅-၁၁း၀၀ (ပိဋကတ်စာပေကောက်နှုတ်ချက်)
၁၂း၃၀-၀၁း၀၀( အဘိဓမ္မတ္ထသင်္ဂဟ)
၀၂း၃၀-၀၃း၃၀ (ပါဠိအထူးသင်တန်း)

ဒါပေမယ့် တကယ်ပြောရပြီဆိုတော့လည်း မသက်သာလှပေဘူး၊ ဒီတော့လည်း ဘလော့ဂါနော(ဒေါက်တာနိုးနဲ့ ခပ်ဆင်ဆင်)ကိုပဲ တစ်ချို့တစ်ဝက်ချောက်(ဂျောက်)တွန်းခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အပြောသမားဘ၀ကို ရွေးချယ်ခဲ့မိတဲ့ သူအတွက် အပြောသမားဖြစ်လာတာ ကျေနပ်စရာပါ။ အပြောသမားတွေကြောင့် ကမ္ဘာမြေဟာ သိမ်မွေ့လာရခြင်းပေပဲ၊ ဗုဒ္ဓကိုယ်တော်တိုင်လည်း “ သွာက္ခာတော ဓမ္မော” လို့ ရဲရဲမိန့်တော်မူလေ့ ရှိပါတယ်။ အပြောဟာ အလုပ်ပဲလို့ မသိသူတွေအတွက်တော့ အပြောသမားဆိုတာကို နာလေ့ရှိပါတယ်။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီဖြည့်မှ အနှိုင်းမဲ့ အပြောသမားကြီးဖြစ်ရတဲ့ ဗုဒ္ဓကို အခါခါ ဦးညွတ်မိပါရဲ့။


(၂)

အကြောင်းသိမိတ်ဆွေရဟန်းတော်တစ်ပါးကတော့ ထေရ၀ါဒအရိပ်ထင်အောင် သင်္ကန်ရုံကြီးတလွှားလွှား၊ မြန်မာယောင်ဆောင်ထားတဲ့ ဂျပန်ထီးကြီးတကားကားနဲ့ ဗာရာဏသီနွေထဲ တဖားဖားပေမယ့် တကြွားကြွား ဖြစ်နေတဲ့ သူ့ကို “ ကျောင်းတက်ပျင်းတဲ့ ပုဂ္ဂိုလ်မှ ကျောင်း ဆရာလာဖြစ်ရတယ်လို့” ဆိုပြီး သူ့ကို ထော မနာပြုပါတယ်။ တတ်နိုင်ပေဘူး၊ သူက အိပ်ရာထဲမှာ ခွေပြီး တစ်ကမ္ဘာလုံးက တက္ကသိုလ်စာသင်ခန်းတွေဆီ စနည်းနာလှည့်နေခဲ့တာမှ မမြင်ကြဘဲလေ။(အဟမ်း) အဲဒီမိတ်ဆွေရဟန်းတော်ကပဲ ဓမ္မဂင်္ဂါအတ္ထုပ္ပတ္တိတော်ကြီး ရေးသားခွင့်တောင်းနေတာကို ပယ်ချလိုက်ရပါတယ်။

ဓမ္မဂင်္ဂါ မည်သာနာမ ထင်ရှားလှသော ဆရာတော်သည် ငယ်စဉ်ကပင် မိဘဆရာသမားစကား မြေ၀ယ်မကျ နားထောင်တတ်ခြင်း၊ ဆရာသမားများ သင်ကြားပို့ချသည့်အတိုင်း နာယူမှတ်သားလေ့ရှိခြင်း၊ ရိုးရာမပျက် ခေတ်အမြင်နွှယ်ယှက်သော သင်နည်းကို တွယ်ဖက်လျက် ပိဋကတ်စာပေ၌သာ တစိုက်မတ်မတ် အားထုတ် လေ့ရှိခြင်း၊ ”

သူ့မိတ်ဆွေရေးရင် ဒီလို ဟုတ်ချင်မှ ဟုတ်ပေမကိုး။ အနီးကပ်နေတဲ့ ကိုနောကိုတောင် မရေးခိုင်းရဲပေဘူး၊ ဒါကြောင့်ပဲ ကိုယ်တိုင်ကြွားအတ္ထုပ္ပတ္တိတော်ကြီးကို မျက်စိမှိတ်လွှတ်လိုက်ရပေတာပဲ။

တိဘက်တက္ကသိုလ်စာကြည့်တိုက်
တက္ကသိုလ်စာသင်ခန်းတွေ ဖြတ်သန်းခဲ့သမျှမှာ ကျောင်းလစ်မှန်တဲ့ ကျောင်းသားတစ်ယောက်အဖြစ် အခိုင် အမာရပ်တည်နိုင်ခဲ့ပါတယ်။ ဂုဏ်ယူစရာ မဟုတ်ပေမယ့် သူညံ့ခဲ့တာလည်း ဟုတ်ချင်မှ ဟုတ်မယ် ။ သူ စိတ်ကူး တည့်ရာလက်လှမ်းမီရာ ဖတ်ခဲ့သမျှ စာတွေက တက္ကသိုလ်ပြဌာန်းစာတွေအဖြစ်ပြန်ဆုံရတာကိုး။ (အင်း ကိုယ် တိုင်ကြွားက အကျယ်ကြွားဖြစ်တော့မယ်)၊

စည်းကမ်းလိုက်နာချင်ပေမယ့် သူက သင်ခန်းစာအသစ်တွေကိုပဲ သင်ယူချင်ခဲ့ပါတယ်။ သင်ခန်းစာတွေထဲမှာ ကွန့်မြူးခွင့်မရဘဲ မွန်းကြပ်လာတဲ့အခါ “ အလုပ်မရှိ ကျောင်းပြေး” ကြွေးကြော်သံပေးခဲ့ရပါတော့တယ်။ ကျောင်း ပြေးတဲ့အကျိုးက ကြီးပါတယ်။ ၀ိဇ္ဇာတန်းစာမေးပွဲမှာ အမှတ်ကောင်းပေမယ့် မဟာဝိဇ္ဇာလောင်းမဖြစ်ဘဲ နယ် စပ်ကို သာသနာပြုအဖြစ်နဲ့ ဂျောင်းခဲ့ပါရတော့တယ်။

တကယ်တော့ အဲဒါတွေဟာ သူ့အတွက် မဟာတန်းတက်ခွင့်ထက် ကျယ်ပြောတဲ့ လောကမျက်နှာပြင်နဲ့ ထိတွေ့ခွင့်ရစေခဲ့ပါတယ်။ အရှုံးထင်ခဲ့မိပေမယ့် ခုမှ အမြတ်မှန်းသိခဲ့ရတော့တာပါ။ မဟာတန်းမ၀င်အောင် ကျောင်းပြေးမိတာကိုပဲ အခုတော့ ကျေးဇူးတင်နေမိပါပြီ။ သူက မန္တလေးပျော်ရဟန်းပေမို့ မဟာတန်းသာ တက်ခွင့်ရခဲ့မယ်ဆိုရင် “ရတနာပုံ”သီချင်းဥခွံထဲက ထွက်နိုင်ဖွယ်မမြင်တော့ပေဘူး။

(တက်မိတဲ့တက္ကသိုလ်တိုင်းမှာ ကျောင်းပြေးချန်ပီယံတော့ ဖြစ်ခဲ့တာချည်းပါပဲ။ ကျောင်းပြေးခဲ့ဖူးတဲ့ တက္ကသိုလ် များကို အမှတ်တရဖော်ပြလိုက်ပါတယ်။ ) ထေရ၀ါဒတက္ကသိုလ်ကျောင်းတက်ဖော် သြစတေးလျရဟန်းတော် တစ်ပါးကတော့ ''Teachers come, you do not come. You do come no teacher comes" “ဆရာလာသော် သင်မပေါ်။ သင်ပေါ်လာငြား ဆရာနား၏” လို့ တံဆိပ်ကပ်လိုက်ပါသေးတယ်။

(၃)
တိဘက်တက္ကသိုလ်မှာတော့ ဆရာမို့ ကျောင်းပြေးမရ၊ သူတက်နေတဲ့တက္ကသိုလ်မှာတော့ ပါရဂူကျမ်းပြု တွေအတွက် အခြားတက္ကသိုလ်တွေမှာလို နေ့စဉ် သို့မဟုတ် လစဉ် လက်မှတ်ထိုးဖွယ်တာဝန်မရှိလေတော့ ကျောင်းပြေးတဲ့အရသာက မထူးခြား၊ ဒီတော့ အကြောင်းပြချက်မယ်မယ်ရရမရှိဘဲ သူ့ကိုယ်ပိုင် ဘလော့ဂ် ကနေပဲ နှစ်ရက်တိတိပြေးမိပါတော့တယ်။ ကျောင်းပြေးမရတော့ ဘလော့ပြေး။ သံသရာဆုံး အောင်တော့ မပြေး ချင်သေး။


မန္တလေးသာသနာ့တက္ကသိုလ်(ဓမ္မဂင်္ဂါလစ်ထွက်ခဲ့ဖူးရာမုခ်ဦး)
(၁၉၉၆-၁၉၉၉)


ထေရ၀ါဒတက္ကသိုလ်ပင်မဆောင်
(၂၀၀၁-၂၀၀၆)
(ကျောင်းလစ်ပေမယ့် ဒီပင်မဆောင်ကြီးမှာရှိတဲ့ စာကြည့်တိုက်ကိုတော့ ရောက်အောင်သွားပြီး စာအုပ်အနှောင့်မှာရေးထားတဲ့ စာအုပ်နာမည်တွေလိုက်ကျက်၊ အမှာစာနဲ့ မာတိကာတွေ လိုက်ဖတ်ခဲ့)


ဗာရာဏသီသက္ကတတတ္ကသိုလ်
(၂၀၀၆---)


02 April, 2010

ပေါက်သွားတဲ့ကိုနောနဲ့မဟာဗန္ဓုလဗျူဟာ


ဂုရုဂျီးနော၊ပါမောက္ခဆူရင်ဒရာကူးမားရ်နှင့် ဂုရုဂျီးမော်
(၁)
ပစ္စက္ခသတင်းများအခြေအနေအရ ကုလားကျောင်းဆရာမလေးကို ဘလော့ထဲက ရုတ်ရုတ်သဲသဲ ခိုးပြေးတဲ့ ဘလော့ဂါဘုန်းကြီးတစ်ဖြစ်လဲ ကိုနောဟာ မဟာဗန္ဓုလဗျူဟာနည်းနဲ့ ပေါက်သွားခဲ့ပါတယ်။ ကိုနောလုပ်ပုံလေး လှပါတယ်။ ပုဏ္ဏားကိုပိန်ပြောသလိုဆိုရင်တော့ ဗာရာဏသီပုဏ္ဏားတစ်စု ငေးသွားရပါတယ်။ ကိုနောကား ဖြစ်ချေပြီတည့်အချိုးမျိုးပေါ့။

မြန်မာ့သူရဲကောင်းစစ်သူကြီးမဟာဗန္ဓုလဟာ သာမန်မင်းမှုထမ်းမောင်ရစ်ဘ၀က ဘကြီးတော်မင်းဖြစ်လာမယ့် အိမ်ရှေ့စံစစ်ကိုင်းမင်းသားထံမှာ အခစားဝင်ရပါတယ်။ မောင်ရစ်မှာ သာမန်ထက်ထူးကဲတဲ့ အရည်အသွေး ကောင်းတွေရှိပေမယ့် မောင်ရစ်ကလည်း သူတကာထက်ချွန်ပြီး အမှုတော်ဝန်ကို ကျေပွန်အောင် ဆောင်ရွက် ပေမယ့် စစ်ကိုင်းမင်းသားက အသိအမှတ်မပြုခဲ့ပါဘူး။ အဲဒီမှာ မောင်ရစ်က ဖောက်ရတော့တာပါ။ ပေါက်ရင်ပေါက်၊ မပေါက်ရင်တော့ ပျောက်ပါပဲ။ ပဒေသရာဇ်အရေးအရာမှာ အသက်ဆိုတာ ဖက်ရွက်ပါပဲ။

အိမ်ရှေ့မင်းနန်းတော်မှာ နောက်နားက အခစားဝင်နေဆဲ အနီးမှာရှိနေတဲ့ နန္ဒဗလဆိုတဲ့ မင်းချင်းတစ်ယောက် ကို ဘာမဆိုင်ညာမဆိုင် တံတောင်နဲ့ ထထောင်းလိုက်တာပါ။ နန်းတွင်းမှာ ရုတ်ရုတ်သဲသဲ အထိတ် တလန့် ဖြစ်အောင် လုပ်ဆောင်ခြင်းဟာ ကြီးလေးလှတဲ့ ရာဇ၀တ်တော်ပန်းကို ဆင်မြန်းရမှာဖြစ်ပါတယ်။ ပြည်နှင်ဒဏ်နဲ့ သေဒဏ်ပါပဲ။ အိမ်ရှေ့မင်းရှေ့တော်သွင်းတဲ့အခါ “ဟဲ့ ငရစ်၊ မောင်မင်း ရာဇဒဏ်ကို မကြောက်မရွံ့ အဘယ့်ကြောင့် မထီမဲ့မြင်ကျူးလွန်ရသနည်း” လို့ မေးစစ်တဲ့အခါ မောင်ရစ်ပြောတဲ့ စကားက ပေါက်သွားတယ်။ လုပ်ရပ်ကလည်း ကျော်သွားပါတယ်။

“အရှင်အထံတော်တွင် အမှုတော်များထမ်းရွက်ခဲ့ရာ ဆုတော်လာဘ်တော် ရိက္ခာတော်များ မပြတ်ခံစားရ ပါသော်လည်း `ငရစ်´ ဟူ၍ တစ်ကြိမ်ခါမျှ ခေါ်ယူ အရေးလုပ်တော်မူခြင်း မခံခဲ့ရပါ ။ကျွန်တော်မျိုးသည် နန္ဒဗလ အား စော်ကားလို၍ ထောင်းခြင်း မဟုတ်ပါ။ယခုမူကား အရှင် မှ ငရစ် ဟုခေါ်တော်မူသည်ကို ခံပြီးဖြစ်ပါသဖြင့် ကြီးလေးသော ရာဇဒဏ်ကို ခံယူရန် အသင့် ဖြစ်ပါပြီဘုရား´´ လို့ ခပ်ရဲရဲ တင်လျှောက်ခဲ့ပါသတဲ့။

အိမ်ရှေ့ကိုယ်တော်လေးက မောင်ရစ်စကားကို ခိုက်သွားခဲ့ပါတယ်။ ရာဇ၀တ်မသင့်တဲ့အပြင့် အရေးအရာ အားလျှော်စွာ မြှောက်စားခြင်းခံရတဲ့အတွက် သာမန်မောင်ရစ်လေးကနေ သတိုးမဟာဗန္ဓုလကြီးဖြစ်လာတဲ့ အထိ တောက်ပခဲ့ပါတယ်။ မဆိုင်တဲ့ နန္ဒဗလဆိုတဲ့ ခမျာလေးကတော့ အချောင်အထောင်းခံရလေသပေါ့။

ခုလည်း ကိုနောက ဗန္ဓုလဗျူဟာနဲ့ ဘလော့ဂါတပ်ဦးထဲ ထိုးဖောက်ဖို့ ကြိုးစားလိုက်တာပါ။ ကိုနောဆိုတာက စုဆောင်းရှာမှီးထားသမျှ။ ဆည်းပူးလေ့လာထားသမျှ (စာတိုပေစများသာမက) အတွေးအမြင်သစ်လေးတွေ ချခင်းပြနေတာကြာပါပြီ၊ မနက်တိုင်း သူ့ကိုလည်း ` ဘယ်လိုလဲဗျ´ လို့ မေးလေ့ရှိတာမို့ မဖတ်ရသေးလည်း ခပ်တည်တည်နဲ့ ` အင်း မဆိုးပါဘူး´ တို့၊`ချဗျာ မိုက်တယ်´တို့ လုပ်ပေးရလေ့ရှိပါတယ်။ ``ပရိသတ် တစ်ယောက်ရှိမှတော့ အခိုင်ပဲ´´ လို့ဆိုတတ်လေတော့ သူလည်း ယောင်ချာချာ ကိုနောရဲ့ ပရိသတ် မဟာကြီးဖြစ်ရရှာတော့တာကိုး။

တကယ်က ကိုနောရေးသမျှတွေက မကြားဖူးမနာဖူးတဲ့ (ဟုတ်ချင်မှလည်း ဟုတ်မှာလည်း ဟုတ်မယ့်)တွေးကွက် ရှုကွက်အသစ်လေးတွေ ပေးတတ်ပါတယ်။ ကိုနောခမျာ အားထုတ်မှုအသစ်လေးကို ဘလော့ စာမျက်နှာပေါ် တင်လိုက်တိုင်း အသံဗလံလေးတစ်ချက်လောက် ပလုံစီလိုက်ရင်ပဲ ပီတိမြစ်ဖျားထိ ဆန်တက်ချင်လောက်အောင် တက်ကြွလေ့ရှိသူပါ။ ကိုနောကို ညှစ်ထုတ်လိုက်ရင် အများကြီးထွက်လာနိုင်ဖွယ်ရှိပါတယ်၊(စာတွေ၊စာတွေ)။ သီတင်းသုံးဖော်တစ်ပါးကဆိုရင် ကိုနောရယ်၊မစ္စတာပါရဂူရယ်၊ ဓမ္မဂင်္ဂါ(အဟဲ ချန်ထားလို့မဖြစ်၊ ကျန်ခဲ့လည်း ပြေးလိုက်မှ၊)ဘလော့ဂါသုံးပါးကို ကော်ဖီဝိုင်းလေးနဲ့ ဧည့်ခံပြီး ``ဘာတွေ ပြောကြမလဲ´´ နားထောင်ချင် ပါသတဲ့။ တကယ်တွေ့ရင်လည်း ကော်ဖီသောက်မယ့်သူတွေမှန်း မရိတ်မိသေးဘဲကိုး။

ကိုနောရေးသမျှ (ကိုနောထွင်သမျှ) ထင်သလောက်မပေါက်ပေမယ့် သီးခြားပရိသတ်လေးတော့ ရှိတာမို့ ရေထဲသဲသွန်သဘောပဲလို့ အချင်းချင်းကောက်ချက်ချပြီး သွားလက်စလမ်းလေးဆက်ပြီး ဖောက်ခဲ့ကြတာပါပဲ။ ကိုနောနဲ့ သူက ပိဋကတ်ကို အခြေခံတဲ့ ပြတင်းပေါက်လေးတွေ ဖွင့်ချင်ကြတဲ့ ဆန္ဒလေးတစ်ခုတည်းပါပဲ။

ဘာပဲဖြစ်ဖြစ် ၂၀၁၀ ဧပရယ်လ်(၁)ရက်ကို ကိုနောအပိုင်စီးသွားနိုင်ခဲ့ပါတယ်။ ကုလားကျောင်းဆရာမလေးကို ခိုးပြေးတဲ့ ဘလော့ဂါဘုန်းကြီးလို့ လုပ်ချလိုက်လေတော့ အနီးကပ်ဘလော့နီးချင်းဖြစ်တဲ့ သူကိုယ်တိုင် တရေးနိုးထဖတ်ရတဲ့အထိ။ ဧပရယ်လ်ဖူးလ်ကို ခပ်မြူးမြူးလေးနဲ့ ခေါက်လိုက်တော့ ကိုနော ပေါက်ပြီ။ ကိုနော ဘလော့မှာ လူစီသွားတယ်။(အေးဆေးလူစီရိပ်သာဆရာတော်ကြီးပေပဲ) တိုးမပေါက်တော့ဘူး။ ကိုနောပြောချင် တာလေးတွေ ကျယ်ကျယ်ပြန့်ပြန့် ပြောခွင့်ရပြီပေါ့။ ဒါပေမယ့် ကျောင်းဆရာမလေးတော့ အထောင်းခံလိုက် ရတာပ။ (အဟမ်း အဟမ်း ပိုင်လည်းပိုင်ပါပေစွ၊)

(ကိုနောနဲ့ ပါဠိပါမောက္ခဆက်ရန်)(ဤကား စကားချပ်ပြားကြီးတည်း)