Showing posts with label ထေရီစီးရီး. Show all posts
Showing posts with label ထေရီစီးရီး. Show all posts

31 March, 2014

ကျနော်နဲ့ မြကြာညို

ကျနော်နဲ့ မြကြာညို
---------------------
သူမ၏ အပြာရောင်ကြာတောတွင်
သာဝတ္ထိလူငယ်တစ်သိုက်၏ မာနများ ဒူးထောက်လိုက်ရပြီ။
ကျနော်က ကြာတောငေးသူမျှသာ..။
သူမက အပြာရောင်ကြာလို လွင်လွင်ပေါ်ပေါ် လှနိုင်လွန်းသည်။
သူမအမည် မြကြာညို....။

ကောသလတိုင်းတွင် ကျင်းပတတ်သည့် အရည်အသွေးပြပွဲ(Talent Show) များတွင် 

သူမအကြောင်း သီချင်းလုပ်ဆိုကာ ပြိုင်ပွဲဝင်သူများပင် ရှိလာသည်။
ခတ္တိယနှင့် ဗြဟ္မဏလူငယ်များက အေဒီနှစ်ထောင်လွန် ရာစုသစ်တွင် ထွန်းကားလာမည့် မြန်မာကဗျာဆရာအချို့၏ “ သူများတကာတွေ တစ်ယောက်က တစ်ယောက်ကို ချစ်တယ်ဆိုတာ ကျနော်က မြကြာညိုရဲ့ မျက်တောင်ဖျားလေးကို ချစ်သလောက်တောင်မီမယ်မထင်ဘူး ”
“ ဥသြဆွဲချင်ရုံသက်သက်နဲ့ တော့
ငါ့သံယောဇဉ်တွေ ခုတ်မောင်းထွက်ခဲ့တာမဟုတ်ဘူး
စောင့်ကြိုဖို့ အသင့်ရှိမနေတဲ့ ဘူတာရုံလေးရေ
လွမ်းတယ် ” စသော အပိုဒ်များကို
ကူးယူကာ သူမထံ အီးမေးလ်ပို့ကြသည်။

မဇ္ဈိမအွန်လိုင်းစာမျက်နှာပေါ်က လူငယ်အများစု၏ စတေးတပ်စ်တွင် သူမအကြောင်း ဂါထာစုဏ္ဏိယ ဗန္ဓအဖွဲ့အနွဲ့များက နေရာယူလွန်းသည်။ ရင်ခုန်မယ်ဟု အဓိပ္ဗါယ်ရသည့် ဟဒယစလဒေ၀ီဘွဲ့ဆိုတာမျိုးပင် ဖန်တီးကာ လူငယ်များက သူမအား ပေးအပ်ကြသေးသည် တဲ့..။
ဘယ်လောက်များ အရူးအမူးဖြစ်လိုက်ကြပါသလဲ...။

သူမ၏ ကြာညိုပြာအလှက သာဝတ္ထိနယ်နိမိတ်ကို ကျော်လွန်သွားသည့်အခါ
သူမ လက်ခံနိုင်သည့် မိတ်ဆွေစာရင်းထက် ပိုလွန်လာသည်။
သူမအတွက် မိတ်ဆွေတောင်းဆိုလွှာ(Friend Requests)များက သည်းမခံနိုင်အောင် ဖြစ်လာသည်။ညောင်နာနာ(သို့မဟုတ်) ခပ်ကြောင်ကြောင်မက်ဆေ့ခ်ျများကို
ဖတ်ရခြင်းက သူမအတွက် ဒုက္ခသစ္စာဟု သိလာသည်။
တစ်ခါတစ်ရံတော့ တတိယအရွယ်၏ ဒုတိယဝေဒနာလိုမျိုး သက်ကြားအိုအချစ်ဆိုသည့် အော်ဂလီဆန်ဖွယ်ချဉ်းကပ်မှုမျိုးလည်း ကြုံရကြောင်း ကျနော်ကြားနေရသည်။

ကျနော်က သာဝတ္ထိလူငယ်အများစု သူမ၏ အလှတရားအပေါ် အရူးအမူးဖြစ်လာခြင်းက
သူမ၏ ပုဂ္ဂလိကဘ၀(Privacy)ကို ထိခိုက်လာသည် ဟု မြင်ကာ သနားကရုဏာသက်မိသည်။
ကျနော့်အတွက်တော့ သူမအလှတရားကို ကဗျာဖွဲ့ကာ နံရံကပ်ထားရုံထက် ခံစားချက်ပိုခွင့်မရှိ..။
နောက်တော့ သူမ၏ ဆယ်လီဗတီနေ့ရက်များကို အဆုံးသတ်ရန် မြကြာညိုဆုံးဖြတ်လိုက်ပြီ ဟု အံ့သြဖွယ်သတင်းထွက်လာသည်။

သာဝတ္ထိအာဏာပိုင်အသိုင်းအ၀ိုင်းနှင့် မဟာသာလဟု ဆိုသော ခတ္တိယနှင့် ဗြဟ္မဏခရိုနီအသိုင်းအ၀ိုင်းမှ ပြိုင်ကားစီးလူငယ်များ၏
သူမအား အလုအယက်အပိုင်သိမ်းရန် အကြံအစည်ပေါက်ကြားသွားသောအခါ မြကြာညိုတစ်ယောက် ဗုဒ္ဓဘုရားရိပ်သို့ အပြီးခိုလိုက်ရတော့သည်။
ဥပ္ပလ၀ဏ်ထေရီအဖြစ် သာသနာ့ဝန်ထမ်း မြတ်သောဘိက္ခုနီရဟန်းဘ၀ကို ခံယူလိုက်ခြင်းပင်ဖြစ်ပါသည်။

ဘာပဲဖြစ်ဖြစ် ကျနော်ကတော့ မုဒိတာဖြစ်စွာ သူမအတွက် ကျေနပ်ပျော်ရွှင်သွားသည်။
တကယ်တော့ မြကြာညိုက ပါရမီရှင်တစ်ဦးဖြစ်ပါသည်။
သံသရာနှင့် ကံကြမ္မာကို ယုံကြည်ကြသည့် ကျနော်တို့ ဗုဒ္ဓသာဝကရပ်ဝန်းမှာတော့ သူမ၏ အတိတ်ဘ၀ဖြစ်စဉ်များက ပြောစမှတ်ဖြစ်နေဆဲပင်..။
ပဒုမုတ္တရဘုရားရှင်လက်ထက်မှ စတင်ကာ ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီတွေ ဖြည့်ခဲ့သူ၊ ဘ၀များစွာတွင် ကြာပန်းလို လှဖို့ ကြာစည်းတွေ လှူခဲ့သူ၊ မြင်သူတိုင်း ရူးလောက်အောင် လှသော ဥမ္မာဒန္တီဆိုတာလည်း သူ...။

သာသနာ့အရိပ်အောက်က ဓမ္မရေချမ်းစင်ဘေးမှာ မြကြာညို အေးမြငြိမ်းချမ်းနေပြီ ဟု မုဒိတာပွားနေခဲ့မိသော်လည်း များမကြာမီ
ကျနော့်ဗြဟ္မစိုရ်အိုးလေး ကြေကွဲဖွယ် ကျကွဲခဲ့ပါသည်။
ကျနော်တို့ မြကြာညို ကံမကောင်းခဲ့ရှာပါ..။
အရိယာလမ်းအဆင့်ဆင့်ကို ပါရမီလှေကားထစ်များအတိုင်း တက်နိုင်ဖျားရောက် ရဟန္တာထေရီမကြီး ဘ၀ရောက်နေချိန်မှာမှ
သူမအပေါ် အစွဲအလမ်းကြီးလွန်းသော နန္ဒဆိုသည့် မောင်ဝမ်းကွဲတစ်ယောက်၏ ပစ်မှားလွန်ကျူးခြင်းခံခဲ့ကြောင်း ၀မ်းနည်းဖွယ်သတင်းဆိုးကြီးကို ကျနော်တို့ အတည်ပြုလိုက်ကြရသည်။

ရဟန္တာအရှင်မကို ကျူးလွန်သည့် နန္ဒငမိုက်သားအတွက် လူ့ခုံရုံးဥပဒေများနှင့် အပြစ်ပေးဖို့ မလုံလောက်တော့ပါ။ ကမ္ဘာမြေကြီးက လူမိုက်တစ်ယောက်ကို ခြေချခွင့်မပေးတော့ပါလေပြီ.။
ကျောင်းဇရပ်မှ ဆင်းပြေးလာသောနန္ဒအတွက် ငရဲမီးလျှံများ တောက်လောင်နေသော အ၀ီစိတံခါးပွင့်သွားသည်..။ နန္ဒကို မြေမျိုလိုက်တော့သည်..။

မည်သို့ဆိုစေ ဥပ္ပလ၀ဏ်ထေရီတစ်ြဖစ်လဲ မြကြာညိုကတော့ ဤလောကဓံကို အရိယာတို့၏ သည်းခံခြင်းဖြင့် ကျော်လွှားနိုင်ခဲ့ကြောင်း မာရ်နတ်သို့ ပြန်ကြားရွတ်ဆိုသော သူမ၏ မဂဓကဗျာများကြောင့် ကျနော်သိရသည်။

သတ္တိသူလူပမာ ကာမာ၊ ခန္ဓာ’သံ အဓိကုဋ္ဋနာ။
ယံ တွံ ကာမရတိံ ဗြူသိ၊ အရတီ ဒါနိ သာ မမ။
=======================
ကာမဂုဏ်တွေဆိုတာ ဓား လှံ သံတံကျင်ပမာ..။
စွဲလမ်းမှု(ဥပါဒါနက္ခန္ဓာ)တွေက
ကာမဂုဏ်တို့ ခုတ်ပိုင်း လှီးဖြတ်ရာ စဉ်းတီးတုံးတွေသာ။
ကာမဂုဏ်တွေမှာ မွေ့လျော်ပါ တဲ့..။
သင် မာရ်နတ်ပြောဆိုလာ..။
သင်ပြောတဲ့ ကာမဂုဏ်ဟာ
အခုတော့
ငါ့အတွက် မွေ့ပျော်ပိုက်
နှစ်ခြိုက်စရာ မဟုတ်တော့ပါ..။

သဗ္ဗတ္ထ ၀ိဟတာ နန္ဒီ၊ တမောခန္ဓော ပဒါလိတော။
ဧ၀ံ ဇာနာဟိ ပါပိမ၊ နိဟတော တွမသိ အန္တက။
======================
ငါဟာ အာရုံအားလုံးပေါ်
နှစ်သက်မူတဏှာ
ပယ်ဖျောက်
ဟယ် .....မာရ်ယုတ် ..
ဒီတဏှာ အ၀ိဇ္ဇာကို ပယ်သောငါ့ကို သိစမ်းပါ..။
မာရ်ယုတ် -
သင်ဟာ အရှုံးသမားသက်သက်ပါ..။

နောင်တစ်ချိန်မှာတော့ မြကြာညိုက ဗုဒ္ဓအရှင်၏ လက်ဝဲတော်ရံသမီးချစ်နှင့် တန်ခိုးအရာအမြတ်ဆုံးဧတဒဂ်ဆုဆွတ်ခူးသူအဖြစ်
သာသနာ့ရေကန်သာတွင် ငွားငွားစွင့်စွင့်...။
ကျနော် မြကြာညိုကို ကြည်ညိုလေးမြတ်စွာ သာဓုခေါ်မိတော့သည်။
 


    ဖြူဇော်
(၂၈-၉ -၂၀၁၃
----------------------------
ဗုဒ္ဓအရှင်၏ သမီးတော် တန်ခိုးအရာဧတဒဂ်ရ လက်ဝဲတော်ရံဥပ္ပလ၀ဏ္ဏာထေရီအား ဂုဏ်ပြု....

30 March, 2014

ကျနော်နဲ့ ခင်ဝင့်ဝါ

ကျနော်နဲ့ ခင်ဝင့်ဝါ
=========
သူမအကြောင်းက ဒေသတွင်းသာမက မဇ္ဈိမဖက်ရှင်မဂ္ဂဇင်းတိုင်း၏ ကာဗာစတိုရီဖြစ်နေသည်။ ပုံဟန်အမျိုးမျိုးဖြင့် မရိုးနိုင်အောင် စိုရွှန်းကြည်လဲ့သော သူမ၏ အလှရုပ်ပုံများက စာမျက်နှာတိုင်းပေါ်တွင် နေရာယူထားကြသည်။

သူမကိုယ်တိုင် ရွတ်ဆိုသော အရိယာကဗျာတစ်ပုဒ်တွင်
“ဇမ္ဗူရာဇ်ရွှေစင်ကို
ခုနစ်ထွေရတနာစီလို့
ပန်းချီပန်းပုနဲ့ ရေးခြယ်ထုဆစ်
ပျိုမြစ်လှပ
ရှုမြင်တိုင်း ရုပ်ကြွ
မြင်သူတိုင်း ငေးကြ
မရပ်တည်နိုင်
မူးမှိုင်တွေဝေကြ။” ဟု စိတ်တံခါးဖွင့်ပြထားရာ သူမ၏ အလှကို လှစ်ခနဲ မြင်လိုက်ရသည့်အခိုက် ကျနော့်ခေါင်း မိုက်ကနဲဖြစ်သွားသည်။ သူမအမည်က ခင်ဝင့်ဝါ..။

ခင်ဝင့်ဝါက မဒ္ဒတိုင်း၊ သာဂလမြို့တော်၏ မင်းသမီးတစ်ပါးဖြစ်သည်။ ရွှေလင်ပန်းနှင့် အချင်းဆေး မင်းမွေးသည့်သမီးပီပီ မဒ္ဒတိုင်းအလှသရဖူကိုပြိုင်ဘက်မရှိ ဆောင်းခွင့်ရခဲ့သည်။
သူမမွေးဖွားစဉ်က ထူးဆန်းလွန်းစွာပင် ပြည်သူတို့ ၏ ရောဂါဥပဒ်များ ကင်းစင်လွင့်ပျောက်သွားသည့်အတွက် ခင်ရန်ရှင်း ဟုအဓိပ္ဗါယ်ရသော မဂဓအမည်ရှိသော်လည်း သက်ရှိဒေ၀စ္ဆရာနတ်မိမယ်တစ်ပါးလို ထင်ပေါ်ဝင့်ဝါသော သူမကို ကျနော်က ခင်ဝင့်ဝါ ဟု အမည်ပေးမိသည်။

မင်းကြိုက်စိုးကြိုက် ကာလသားများနှင့် လားလားမှ မထိုက်သော နယ်စည်းမခြားအလှဒေ၀ီ ခင်ဝင့်ဝါကို မဂဓတိုင်းကြီးရှင်၊ ဗိမ္ဗိသာရဘုရင်က မိဖုရားခေါင်ကြီးအဖြစ် ကမ်းလှမ်းလက်ဆက်ခဲ့ပါလေသည်။
အလှပေါ် အယဉ်ဆင့်၊ မဟေသီမာန်ဝင့်နိုင်လေသော ခင်ဝင့်ဝါအတွက် ရတနာကြေးမုံပြင်ရှေ့က မခွာ၊ ရတနာနန်းတွင်းက မထွက်..။ စက်စက်ယို အလှကိုးကွယ်သူဖြစ်လာသည်။ အနိဋ္ဌာရုံများ ခင်ဝင့်ဝါအနားမလာရပြီ.။ ရုပ်ဆိုးသူများ ခစားခွင့်မရှိဟုပင် အမိန့်တော်ထုတ်ပြန်ထားလေပြီ။

စူပါပါဝါတိုင်းကြီးပြည်ကြီးရှင်၏ ဖတ်စ်လေဒီမိဖုရားခေါင်ကြီးဖြစ်သည့်အတွက် ကာသိတိုင်းဖက်ရှင်ဈေးပွဲတော်သို့ ပရိုက်ဗိတ်ဂျက်ဖြင့် ရှော့ပင်းထွက်လေသည်။ ခင်ဝင့်ဝါသုံးစွဲသမျှ အကန့်အသတ်ဖြင့် ထုတ်ရသော လိမိတက်ဒ်ပစ္စည်းများသာ ဖြစ်ရသည်။ လှထိပ်ခေါင်မဖုရားကို မည်သူမျှ တုပ၀တ်ဆင်ခြင်းမရှိစေရတော့ပေ။
အွန်လိုင်းစစ်တမ်းများအရ ဇမ္ဗူဒိပ်မြေအပြင်ဝယ် သူမက ဒုတိယအလှသရဖူ(First Runner up) စွဲလေသည်။ ပထမအလှမယ်ဘွဲ့ကို သက္ကတိုင်း၊ဒေ၀ဒဟမယ်လေး ယသော်ဓရာက ဆွတ်ခူးသွားခဲ့သည်။

ခင်ဝင့်ဝါ၏ ရုပ်လုံးကြွတော်ဝင်ရွှေပုံလွှာများကိုတော့ မဂဓတိုင်းလုံးအနှံ့ မင်းလမ်းမပေါ်က အယ်လ်အီးဒီဖန်သားပြင်ကြီးများတွင်သာ သာမန်ပြည်သူများမော်ဖူးခွင့်ရကြသည်။ မင်းခမ်းမင်းနားနှင့် ဝေးလွန်းသော ကျနော်ကတော့ ရာဇဂြိုဟ်သားစာဆိုက၀ိတို့ ၏ ခင်ဝင့်ဝါဘွဲ့ကဗျာများကို ဖတ်ရသည်။

ခင်ဝင့်ဝါက အလှတရားနောက် ကောက်ကောက်ပါအောင် လိုက်နေချိန် မဂဓသတင်းရပ်ကွက်တွင် ဗုဒ္ဓအရှင် ပွင့်ထွန်းပေါ်တော်မူလာသည့်သတင်းနှင့် ဘုရင်ဗိမ္ဗိသာရဦးဆောင်သော ရာဇဂြိုဟ်ပြည်သူတို့ ဗုဒ္ဓအရှင်၏ စစ်မှန်သောသစ္စာဓမ္မကို လိုက်နာကာ ဘာသာကူးပြောင်းပွဲကြီးချိမ့်ချိမ့်သဲကျင်းပတော့မည် ဖြစ်ကြောင်းသတင်းတို့ကလည်း အိတ်စ်ကလူးစစ်(Exclusive ) စက်ရပ်သတင်းဖြစ်နေလေသည်။

ကျနော်စိတ်ဝင်စားသည်က အသစ်ပေါ်ထွန်းလာသည့် ဗုဒ္ဓအရှင်နှင့် ပတ်သက်သော ခင်ဝင့်ဝါ၏ သဘောထားခံယူချက်ပင်..။
အလှတရားကို ကိုးကွယ်လွန်းသူနှင့် အလှတရား၏ အပျက်ကို ရှုမြင်ကာ သံသရာလွတ်လမ်းညွှန်တရားဓမ္မတို့၏ ထိပ်တိုက်ဆုံမှတ်ကို သိချင်နေမိသည်။
နန်တွင်းမှ ထွက်ပေါ်လာတတ်သည့် တီးတိုးတော်ဝင်သတင်းများအရ ဗုဒ္ဓအရှင်ကို ကြည်ညိုလေးမြတ်လှသည့် ဘုရားဒကာ အရိယာသူတော်စင်ဘုရင်တစ်ပါးဖြစ်နေသည့် ဗိမ္ဗိသာရအနေဖြင့် မယားအလှကို တရားပြချင်ရှာသော်လည်း စကားဟလို့ပင် မရကြောင်း ကျနော်တို့ သိနေရသည်။ ဘုရင်မင်းမြတ်အနေဖြင့် ပါရမီဖြည့်ဖက်တွေပီပီ မောင်မယ်စုံ သံသာလေကမ်းတိုင်ချင်သည်မှာ သဘာဝကျပါသည်။

မကြာမီမှာတော့ ဗုဒ္ဓအရှင်သီတင်းသုံးနေထိုင်ရာ ဝေဠုဝန်ကျောင်းတော်၏ ပုံရိပ်များက မဂဓ သတင်းမီဒီယာလောကတွင် ပေါ်ပြူလာသတင်းဖြစ်လာသည်။
ဘုရင့်မိသားစုပိုင်တော်ဝင်ရုပ်သံနှင့် ဝေဘာရ၊ ဝေပုလ္လစသော အစိုးရပိုင်သတင်းဌာနများက ဝေဠုဝန်ကျောင်းတော်သာယာပုံသတင်းများကို ပေါ်လစီသတင်းတစ်ရပ်ပမာ နေ့စဉ်ထုတ်လွှင့်နေသည်ကို ကျနော်တို့ ကြည့်ရှုရလေသည်။

လမ်းမတိုင်း၏ ဘီလ်ဘုတ်ကြော်ငြာများတွင်“ ဝေဠုဝန်ကို သိလား ”ဟူသော စာလုံးပြူးပြူးကြီးကို မြင်ကြရမည်။ မြို့တော်ခန်းမနှင့် ဘုရင်မပန်းခြံလို လူစည်ကားရာနေရာများတွင် ဝေဠုဝန်လက်ကမ်းကြော်ငြာစာရွက်လေးများကို လုလင်ပျို လုံမပျိုလေးများက ဝေငှနေကြသည်။ ကဗျာစာဆိုတို့ကလည်း ဂန္ထ၀င်၊ ရီယယ်လစ်ဇင်၊ ဆာရီယယ်လစ်ဇင်၊ မော်ဒန်၊ ပို့စ်မော်ဒန် ဟန်အသီးသီးဖြင့် ဝေဠုဝန်ကိုသာ ရေးဖွဲ့နေကြလေသည်။

တောင်ထိပ်နက္ခတ်သဘင်ကျင်းပရာ မြို့တော်လုံးကျွတ်နွှဲသည့် ပဏ္ဍ၀တောင်ရှိုးပွဲမှာတော့ ဟဲဗီးမက်တယ်၊ ပေါ့၊ ဟစ်ဟော့၊ ပန့်ခ်၊ ဂျပ်ဇ် နှင့်အော်လ်တာနေတစ် ဂီတအဖွဲ့အမျိုးမျိုးက ဝေဠုဝန်အကြောင်းကိုသာ ဖွဲ့နွဲ့သီဆိုကြလေရာ ဝေဠုဝန်ဂီတရပ်ဝန်း ဟုပင် သတင်းစာနှင့် ဂျာနယ်များက အမွှမ်းတင်ရေးသားကြလေတော့သည်။

နောက်မှ ကျနော်သိရသည်မှာ မဂဓဘုရင်၏ အမိန့်ဖြင့် ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးပေါင်းကာ ဝေဠုဝန်သတင်းကို ဖန်တီးခြင်းဖြစ်သည် ဟုဆိုသည်။ ပစ်မှတ်က ခင်ဝင့်ဝါဖြစ်၏။
ငွေကုန်ကြေးကျများလှသော ထိုဝေဠုဝန်ပရောဂျက်အောင်မြင်ခဲ့ပါသည်။
အလှကို ကိုးကွယ်သောအလှနတ်ဖုရား ခင်ဝင့်ဝါ အလှတရားရှိရာကို အမှန်တကယ် ရောက်အောင် သွားခဲ့ပါလေသည်။ ဗုဒ္ဓအရှင်ကလည်း သူမအား အလှတရားဖြင့် တည်ခင်းဧည့်ခံရန် အသင့်စောင့်နေတော်မူခဲ့သည်။

ကျေးငှက်တို့ ဂီတ..။ ရောင်စုံပန်းတို့ မွှေးမြ
စမ်းရေလေးတွေ စီးကျ...။ ဗုဒ္ဓခေတ်ကျောင်းဝိဟာသည် ရောက်လာသူတိုင်း၏
ရင်ကို တရားမနာရမီက အေးမြအောင် စီမံဖန်တီးထားလေသည်ပဲ..။
ခင်ဝင့်ဝါ ရင်သပ်ရှုမောဖြစ်သွားသည်။ ဝေဠုဝန်ဥယျာဉ်ကျောင်းဝိဟာထဲ ငှက်ပျိမလေးတစ်ကောင်လို ပြေးလွှဲခုန်ပေါက်မိသည် အထိ...။

ဗုဒ္ဓအရှင်ကိုတော့ ခင်ဝင့်ဝါက ရှောင်ဖို့ကြိုးစားသည်။
ဒါပေမယ့် တည့်တည့်တိုးလေသည်။ ဗုဒ္ဓအရှင်၏ ဂန္ဒကုဋီကျောင်းတံခါးက ဟင်းလင်းပွင့်လျက်...။ မွှေးပျံ့သော သီလဓမ္မရနံ့ကို ရှိုက်မိတော့ အလှမက်သူခင်ဝင့်ဝါ မနေနိုင်...။ တိတ်တိတ်လေး ခြေဖျားထောက်ကာ ချောင်းကြည့်သည်...။ အို
ဗုဒ္ဓဘုရားပါလား...။ အလှကို ကဲ့ရဲ့ပြစ်တင်သည် ဟု သတင်းကြီးသော
ဗုဒ္ဓအရှင်၏ ရှေ့တော်မှောက်တွင် ဖိုက်ဒီရုပ်လုံးကြွမိန်းမပျိုငယ်လေးတစ်ဦး.....
ထိုနတ်ရုပ်သွင်လေးက ယတ်လေခတ်ကာ ဗုဒ္ဓအရှင်ကို ပူဇော်နေသည်။

ထိုမိန်းမပျို၏ လင်းလက်သောအလှတရားအောက်တွင် ခင်ဝင့်ဝါ၏ အရောင်က မှိန်ပျသွားသည်။
အလှမာန်ဝင့်သော ခင်ဝင့်ဝါ နောက်ကောက်ကျသွားခဲ့ပြီ..။.။
လှလိုက်ပါဘိ..လှလိုက်ပါဘိ..။
သူမ တဖွဖွရွတ်ကာ အနားသို့ တိုးကပ်သွားသည်။
ဗုဒ္ဓအရှင်ကိုယ်တော်တိုင် တန်ခိုးတော်ဖြင့် ဖန်ဆင်းထားလေသည့် ဒေ၀စ္ဆရာအသွင်ပေပဲ..။
သို့သော် သူမကြည့်နေစဉ်မှာပင် ဒေ၀စ္ဆရာအသွင်လေးက ယိုယွင်းလာသည်။ နုရာက ရင့်..။ ရင့်ရာက မှည့်..။ မှည့်ရာက ကြွေ...။ အိုး ..........
သင်္ခါရကို ပါရမီထက်သော သူပီပီ ခင်ဝင့်ဝါမြင်လေပြီ.။

ချစ်သမီး ရှုလော့..။
မြင်ပါပြီ အရှင်...။
ရုပ်အလှထက် စိတ်အလှ...
လောကီအလှထက် လောကုတ္တရာအလှ..
ပညတ်အလှထက် ပရမတ္ထအလှ....။
အလှနှင့် ပညာကို ခင်ဝင့်ဝါပေါင်းစပ်နိုင်လေပြီ..
ထိုနေ့မကူးမီမှာပင် မဂဓတိုင်း၏ မဟေသီ ခင်ဝင့်ဝါတစ်ယောက် ခေမာထေရီအဖြစ် ဗုဒ္ဓအရှင်ထံပါးတွင် ဘိက္ခုနီရဟန်းအသွင်ကို ကူးပြောင်းခံယူတော့မည်ဖြစ်ကြောင်း ရာဇဂြိုဟ်တော်ဝင်သတင်းဌာနက အတိအလင်းသတင်းထုတ်ပြန်သည်ကို ကျနော်တို့ အံ့သြဖွယ် ကြားရသည်။

ဗုဒ္ဓအရှင်က သူမ၏ မြင့်မားလှသော ပညာပါရမီစွမ်းပကားကြောင့် ပထမတန်းသမီးတော်အဖြစ် လက်ယာရံဧတဒဂ်ဆုမြတ်ကို ပေးအပ်ဂုဏ်ပြုတော်မူလေသည်ကလည်း အမျိုးသမီးထုအတွက် အားတက်ဖွယ်ရာဖြစ်ပါသည်။
အမျိုးသမီးတစ်ယောက်၏ သာသနာတော်တွင်း မျှော်မှန်းနိုင်သော အဆင့်အတန်းကို ခန့်မှန်းအားကျဖွယ်ရာဖြစ်လာခဲ့ပါသည်။
ခင်ဝင့်ဝါသည် လောကီနယ်တွင် အလှစံပြဖြစ်သလို လောကုတ္တရာနယ်တွင်လည်း အမျိုးသမီးထု၏ ရိုးလ်မော်ဒယ်ဖြစ်လာပြန်တော့သည်။
ကျနော်က သူမ၏ အရိယာပရိုဖိုင်လ်ကို မကြာခဏ ကလစ်ခ်မိကာ မျိုးဆက်သစ်လုံမပျိုလေးများကို ဖြန့်ဝေဖြစ်လေသည်။

ကျနော် သိသော ဗုဒ္ဓခေတ် စွမ်းဆောင်ရည်မြင့်မားသော အရိယာအမျိုးကောင်းသမီးများအကြောင်း ကျနော် ဆက်ပြောပါဦးမည်..။
ကျနော်နှင့် မေသွယ်ခင်..
ကျနော်နှင့် ခင်လပြည့်

ကျနော်နှင့် မြကြာညို
ကျနော်နှင့် မေရီနှင်းမြ
ကျနော်နှင့် မမိုးစက်......။


ဖြူဇော်
(၅-၁၀-၂၀၁၃)
==========================
ဗုဒ္ဓအရှင်၏ ပညာအရာတွင် အကြီးအကျယ်ဆုံးဧတဒဂ်ဆုရလက်ယာတော်ရံ
သမီးတော်ခေမထေရီအကြောင်းကို ပျော်ရွှင်စွာ ဖတ်ရှုနိုင်ရန် ရည်ရည်ပါသည်။
 
ငယ်ငယ်က ကဗျာရေးဖို့ ကလောင်တစ်ခု မွေးမြူဖြစ်ခဲ့သည်။
 နှစ်ပတ်လည်စာစောင်တစ်ခုတွင် ဆောင်းပါးနှစ်ပုဒ်ခန့် ရေးဖူးသည်မှအပ မကျယ်ပြန့်ခဲ့..။ ဒိုင်ယာရီစာမျက်နှာများနှင့် ပေးစာအချို့တွင်သာ လက်မှတ်ထိုးဖြစ်ခဲ့သည်။
မိတ်ဆွေရဟန်းတော်တစ်ပါးက ထေရီဂါထာများကို တစ်ခုခုဖန်တီးပြီး လူငယ်မျိုးဆက်တွေအတွက် မိတ်ဆက်ပေးရန် တိုက်တွန်းသည်..။ သို့နှင့် လွတ်လပ်သော ကလောင်အဟောင်းကို ဖုန်သုတ်ကာ ဆွဲထုတ်လာခြင်းဖြစ်သည်..။ လွန်ခဲ့သောလအနည်းငယ်ခန့်က ဆောင်းပါးတွဲတစ်ပုဒ်ဖြစ်ပါသည်..။
ဓမ္မအရိပ်အငွေ့ မပျယ်စေရန် ကြိုးစားထားပါသည်.။