23 July, 2014

နတ်စောင်းနဲ့ တီးခတ်တဲ့ အလွမ်းသီချင်း


နတ်စောင်းနဲ့ တီးခတ်တဲ့ အလွမ်းသီချင်း

===========================



(၁)



ဒကာ ကိုလေးဖြူကြီးလို “ဘယ်ဆီကို မင်းရောက်နေလဲ ဘာတွေကို မင်းလုပ်နေလဲ ” ဆိုတဲ့အပိုဒ်ကို မျက်လုံးလေးမှေးပြီး ဆွဲဆွဲငင်ငင် ဆွေးဆွေးမြေ့မြေ့ ကြေကွဲပြလိုက်တာမျိုးတော့ ဟုတ်ချင်မှ ဟုတ်ပေလိမ့်မယ်။ 
ဒါပေမယ့် တာဝတိံသာက ဂီတသမား တစ်ယောက်ဟာလည်း နတ်သံစဉ်နဲ့ အလွမ်းကို ဖောက်ခွဲခွင့် ရှိတာပဲ မဟုတ်လား။ တိမ္ဗရူသက နတ်မင်းကြီးရဲ့ သမီးချောလေး သူရိယ၀စ္ဆသာကို စွဲလမ်းနေတဲ့ နတ်ဂီတသမား ပဉ္စသိခ နတ်သားက စောင်းကြိုးတီးခတ်ပြီး အသဲကွဲသီချင်း ဆိုနေခဲ့ဖူးပါတယ်။ တစ်ဦးတည်းသော ပရိသတ်ကတော့ ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်ပါပဲ။ ဒီတစ်ကိုယ်တော် ဖျော်ဖြေပွဲလေး ဖြစ်လာပုံက ဒီလိုပါ။ ဘုရားရှင်က မဂဓတိုင်း အတွင်းက ပုဏ္ဏားရွာလေး တစ်ရွာအနီးမှာရှိတဲ့ တောင်ရိုး လိုဏ်ဂူတစ်ခုမှာ သီတင်းသုံးနေပါတယ်။

ဘုရားဖူးချင်တဲ့ သိကြားမင်းက နောက်လိုက် နောက်ပါ အခြံအရံတွေခေါ်ပြီး ရောက်လာခဲ့တာပါ။ ဒါပေမယ့် ဈာန်ချမ်းသာနဲ့ မွေ့ပျော်လေ့ရှိတဲ့ ဘုရားရှင်တို့ရဲ့ သဘောကို ရိပ်စားမိလေတော့ အခြံအရံတွေ အများကြီးနဲ့ အုတ်အုတ်ကျက်ကျက် အနှောက်အယှက် မဖြစ်စေချင်တဲ့အတွက် ပဉ္စသိခကို အထောက်တော် လွှတ်တာပါ။

အဲဒီမှာ ပဉ္စသိခ နတ်သားက ဗေလုဝပဏ္ဍု နတ်စောင်းကို ထုတ်ပြီး ဘုရားရှင် သီတင်းသုံးတဲ့ လိုဏ်ဂူနားမှာ ဘုရားရှင် ကြားအောင် သူ့အလွမ်းတွေကို ရင်ဖွင့်တော့တာပါ။ လွမ်းလည်း လွမ်းလောက်ပါတယ်။ သူစွဲလမ်းရသူ ချစ်သော သူရိယ ၀စ္ဆသာလေးက သိကြားမင်းကြီး အပါးမှာ ခစားနေတဲ့ ရထားထိန်း မာတလိနတ်မင်းရဲ့ သား သိခဏ္ဍီ နတ်သားကို စိတ်ညွတ်ကိုင်းနေပါသတဲ့..။ 
သူ့လို ဂီတသမား တစ်ယောက်အတွက် သုဒဿန နေပြည်တော်မှာ နေရာ မရရှာပါဘူး။ ဖျော်ဖြေသူ သက်သက်မို့ မျက်နှာကြီး နတ်သမီးလေးတွေက အဖက်မလုပ်ကြဖူးပေါ့လေ။

ဒီတော့လည်း လူ့ပြည်က ရော့ခ်ကာ တစ်ယောက်လို ကြေကွဲမှုတွေကို သံစဉ်ထဲ ရောမွှေပစ်လိုက် တော့တာပါ။ အံသြစရာ ကောင်းတာက အလွမ်းထဲမှာ တရားသဘောတွေ ပါနေတာပါ။ 
ဘုရားရှင်နဲ့ ရဟန္တာမြတ်တို့ရဲ့ ဂုဏ်တော်တွေကိုပါ ထည့်သွင်း စပ်ဆိုသွားတာပါ...။ လွမ်းတာတောင် ကုသိုလ်ရအောင် လွမ်းတဲ့ နတ်ဂီတာသမားပေပဲ။


ကဲ…
နားထောင်ကြည့်လိုက် ပါဦး။ ဒီနေ့ မျိုးဆက်သစ် နတ်လေးတွေကတော့ အောလ်တာနေတစ်ဗ်တွေ ပန့်ခ်တွေ ရပ်ပ်တွေ ဘာတွေ လုပ်နေကြရောပေါ့။ ပင်လယ်ကသစ်ပင်ရှိုးပွဲတွေမှာ နတ်ပြည်ဖြစ် Hiphop သီချင်းတွေ ဆူညံနေလောက်ပြီ။ 

ရှေးခေတ်ပါဠိဘာသာပြန်တွေက ခက်ဆစ်စကားလုံးတွေ များလို့ အသစ်လုပ်ကြည့်လိုက်ပါတယ်။ တစ်စုံတစ်ရာဖန်တီးထားတဲ့ စကားလုံးများမပါ..။ မော်ဒန်လူငယ်များအတွက် ပိဋကတ်မူရင်းအတိုင်း ရာစုသစ်ဝေါဟာရများနဲ့ ဆီလျော်အောင် ဘာသာပြန်ဆိုခြင်းမျှပါပဲ..။


(၂)

ပဉ္စသိခသီချင်း
========== (ရေးဆိုတီး ပဉ္စသိခ)


ဟဲလို သူရိယ၀စ္ဆသာ
တိမ္ဗရူသကနတ်မင်း ငါဦးညွတ်
သူက နင့်ဘ၀ကောင်းမြတ်မှုကို မွေးဖွားသူဖခင်
နင်ကတော့ ငါ့ကို မြတ်နိုးစေသော ချစ်သောကောင်မလေး....။

တောက်ပလင်းလက်သူ ကောင်မလေး
ချွေယိုစီးတဲ့အခိုက် လေညှင်းအေး
ရေလိုတဲ့ အခိုက် ရေးအေးအေး
ရဟန္တာတွေအကြိုက်ကတော့ တရားဓမ္မအမြိုက်ဆေး
ငါ့ကတော့ နင်ကိုပဲ ချစ်နေမိသေး......။

ဆေးက နာကျင်သူကို ငြိမ်းပေး
အစာက ဆာလောင်သူကို ငြိမ်းပေး
ရေက မီးလျှံကို ငြိမ်းပေး
နင်က ငါ့အချစ်ကို ငြိမ်းပေး ....။

အေးမြမြရေကန်သာ
ဝတ်မှုံပြွမ်းတဲ့ကြာတောထဲ
ပူလောင်နေတဲ့ ဆင်ပြောင်ကြီးထိုးဆင်းချသလိုမျိုး
နင့်ရင်ခွင်ထဲ ငါပြေးဆင်းခဲ့မယ် ....။


ပေါင်သားပြည့်ပြည့်ကောင်မလေး
မုန်ယိုနေတဲ့ ဆင် လှံအန္တရာယ်ကို မမြင်
မာန်ယစ်မူး ရူးမိုက်သလိုမျိုး
နင့်ကြောင့် အချစ်မူးနေတဲ့ငါ
ဘာမှ မသိတော့ဘူး (ဘာမှမသိတော့ဘူး)...။

နင့်ဆီမှာ ငါ့စိတ်ဟာ တစ်ဘက်သတ်ဖြစ်နေ
နင့်ဆီမှာပဲ ငါ့စိတ်ဟာ တိမ်းညွတ်နေ..
နောက်ဆုတ်ဖို့ မဖြစ်နိုင်ဘူး..
ငါးမျှားချိတ်ကို မျိုမိတဲ့ ငါးတစ်ကောင်လို လူး....။

ကလျာဏီ
ပေါင်တံလှလှကောင်မလေး
ငါ့ကို ဖက်ထားစမ်းပါဟေး
မခို့တရို့ကြည့်တတ်သူကောင်မလေး
ငါ့ကိုပွေ့ဖက်ထားပါဟေး
အကောင်းဆုံး ကောင်မလေး
ငါ့ကိုပွေ့ဖက်လိုက်ပါဟေး...
နင့်ထွေးပိုက်မှုကိုပဲ ငါမျှော်တွေး....။

ဆံဖျားကော့ညွတ်လှပသူကောင်မလေး
ငါ့ချစ်ခြင်းက နည်းကောင်းနည်းပေမယ့်
ဆတိုးပွား ကြီးထွားလာနေမြဲ
ရဟန္တာမြတ်ကို လှူတဲ့ ဒါနလိုမျိုးပဲ....။

ကလျာဏီ
အရာရာပြည့်စုံသူကောင်မလေး
သည်းခံခြင်းဂုဏ်လွှမ်းတဲ့ ဘုရားအဆူဆူ
ငါပြုခဲ့ကုသိုလ်အမျှကို နင်ယူ
အတူအကျိုးပေးစေသား....။

ကလျာဏီ
အရာရာပြည့်စုံသူကောင်မလေး
ဒီမိုးအောက်မြေပြင် ငါဆည်းပူးခဲ့ ကုသိုလ်
အမျှကို နင်ယူ အတူအကျိုးပေးစေသား....။

ဟဲလို သူရိယ၀စ္ဆသာ
ချစ်သောကောင်မလေး
သကျနွယ်ဖွား ဘုရားမြတ်
ဈာန်ပွား စိတ်တည် သတိနဲ့ကြည်မွေ့
အမြိုက်ချမ်းသာကိုရှာသလိုမျိုး
ငါကတော့ နင်ကိုပဲ ရှာဖွေနေ....။

ကလျာဏီ
ချစ်သောကောင်မလေး
အမြတ်ဆုံးမုနိဘုရား အမြတ်ဆုံးဉာဏ်တော်ကို ဆိုက်ရောက်
ဝမ်းမြောက်တော်မူသလိုမျိုး
နင်နဲ့ ပေါင်းဖက်ကာ အားတက်ပျော်ရွှင်ရစေသား...။

ချစ်သောကောင်မလေး
တာဝတိံသာအရှင် မိုးသခင်ကသာ
ဆုမြတ်တစ်ခုကိုရွေး အခွင့်ပေးခဲ့မယ်ဆို
နင့်ကိုပဲ ငါယူမယ်
ငါအချစ်က ခိုင်မြဲခဲ့...။

မေဓာဝီ
ထက်မြက်တဲ့ကောင်မလေး
ကောင်းမြတ်ခြင်းတွေပြည့်စုံတဲ့သမီးရတနာရှင်
ပွင့်သစ်စ အင်ကြင်းပန်းပမာ သခင်
နင့်ဖခင်နတ်မင်းကို
ငါဦးညွတ်လိုက်ပါတယ်....။

(၃)

သီချင်းဆုံးတဲ့အခါ ဗုဒ္ဓအရှင်က ” ပဉ္စသိခ သင့်စောင်းသံဟာ သီချင်းသံနဲ့ ကိုက်ညီသလို သီချင်းသံကလည်း စောင်းသံနဲ့ တစ်ထပ်တည်းပါပဲ..။ သီချင်းသံက စောင်းသံကို မလွန်သလို စောင်းသံကလည်း သီချင်းသံကို မလွန်..။ ပဉ္စသိခ သင်ဟာ ဘုရားတရားသံဃာ ရတနာသုံးပါ၊ ရဟန္တာတွေနဲ့ ကာမဂုဏ်တရားများကို ရောသမမွှေစပ်ဆိုတဲ့ ဒီသီချင်းတွေကို ဘယ်အချိန်က ရေးဖွဲ့ခဲ့ပါသလဲ” လို့ အမေးတော်ရှိပါတယ်..။ 

”အရှင်ဘုရား သဗ္ဗညုတဥာဏ်ရတော်မူပြီးကာစ ဥရုဝေလတောနေရဉ္ဖရာမြစ်ကမ်းပါးအနီး အဇပါလညောင်ရိပ်မှာ သီတင်းသုံးနေချိန်ပေါ့ဘုရာ့..။ တပည့်တော်က တိမ္ဗရူဂန္ဓဗ္ဗနတ်မင်းရဲ့ ဘဒ္ဒါသူရိယ၀စ္ဆသာလေးကို တိတ်တခိုးချစ်နေရတာပါအရှင်..။ သူငယ်မလေးက ရထာထိန်းကြီး မာတလိရဲ့ သား သိခဏ္ဍီဆိုတဲ့ ငနဲကို စွဲလမ်းနေတာဘုရာ့..။
သူရိယ၀စ္ဆသာကို အမျိုးမျိုးပိုးပမ်းပေမယ့် မရနိုင်တော့တဲ့အခါ ဗေလုဝနတ်စောင်းကို ပိုက်ပြီး ကလေးမရဲ့ ဖခင်အိမ်တော်ဗိမာန်ရှေ့မှာ ဘုရားတရားသံဃာ ရတနာသုံးပါး၊ ရဟန္တာအရှင်မြတ်တွေရဲ့ ဂုဏ်ရည်နဲ့ ခံစားချက်ရင်တွင်းဖြစ် ခု အရှင်ဘုရားကို ပူဇော်တဲ့ ဒိသီချင်းတွေကို ညှစ်အော်ခဲ့တာပေါ့ဘုရား..။ 

အဲဒီတော့မှ ကလေးမလေးက ထွက်လာပြီး ” ကိုသိခရယ် ကျမလည်း ရှင့်သီချင်းထဲက ဘုရားရှင်ကို မဖူးမြင်ရသေးပါဘူး ..။ တာဝတိံသာရွှေပြည်တော်ရဲ့ သုဓမ္မာသဘင်ပွဲမှာ ကျမ ကပြအသုံးတော်ခံနေတဲ့အချိန် ဘုရားရှင်အကြောင်း ကြားခဲ့ရဖူးတာပါ..။ ရှင်က ဒီနေ့ ကျမအိမ်ရှေ့အရောက် ဘုရားရှင်အကြောင်းသီချင်းလုပ်ဆိုတဲ့အတွက် ရှင်နဲ့ ကျမတို့ ပေါင်းဆုံကြပါစေ လို့ ဆုတောင်းလိုက်ပါတယ် ” ဆိုပြီး ပြောပါရောဘုရား..။ 
တပည့်တော်မှာ အဲဒီအခိုက်အတံ့လေးပဲ ၀စ္ဆသာလေးကို မြင်ခဲ့ရတွေ့ခဲ့ရတာပါ အရှင်ရယ်..။ အဲဒီအချိန်က စပြီး ခုထိ မတွေ့ရတော့ပါဘူးဘုရား..။ ” တဲ့..။

ဂူဝမှာ စောင့်နေတဲ့ သိကြားနတ်မင်းက ပဉ္စသိခကို ခေါ်ပြီး ဘုရားရှင်ကို ဖူးမျှော်ခွင့်ပေးဖို့ သံတမန်စကားလျှောက်ထားစေပါတယ်..။ 
သိကြားမင်းနဲ့ အခြွေအရံပရိသတ်တွေ ဘုရားရှင်ထံမှာ တရားတော်နာကြ..။ သောတာပတ္တိမဂ်ဥာဏ်ဦးကာ တရားထူးလည်း ရကြပေါ့..။ 

သိကြားမင်းဟာ စောင်းတီးကောင်းပြီး အဖွဲ့အနွဲ့ဆန်းသစ်တောက်ပြောင်ကြောင်း ဘုရားရှင်ကိုယ်တိုင်ချီးမွမ်းတော်မူရတဲ့ ပဉ္စသိခနတ်သားကို ဘုရားရှင်ဖူးမျှော်ခွင့်ရအောင် ဂီတအနုပညာနဲ့ အကျိုးဆောင်ပေးတဲ့အတွက် ဂန္ဓဗ္ဗနတ်မင်းကြီးအဖြစ် ရာထူးတိုးပေးပြီး သူရိယ၀စ္ဆသာလေးနဲ့ သီတင်းကျွတ်စေပါတော့တယ်..။ 

နတ်လူပျိုကြီး ပဉ္စသီခတော့ သီချင်းတစ်ပုဒ်နဲ့ အလုပ်ဖြစ်သွားခဲ့ပါတယ်..။ 
နတ်စောင်းနဲ့ တီးခတ်တဲ့ အလွမ်းသီချင်းသံတွေ မကြားရတော့ပါ..။


ဓမ္မဂင်္ဂါ
(၂၄၊၇၊၂၀၁၄)
(ဒီဃနိကာယ်။ မဟာဝါပါဠိတော်၊သက္ကပဉှသုတ်)

20 May, 2014

သြစတေးလျပလပ်စ် ဥရောပခရီး (၅)





သြစတေးလျပလပ်စ် ဥရောပခရီး (၅)
========================
နယူးဆော့သ်ဝေးလ်ပြည်နယ်၊ ဆစ်ဒနီမြို့ အောချတ်လေးလမ်း၊အမှတ် (၆၅) ယင်နိုရာမြန်မာဘုန်းတော်ကြီးကျောင်းတွင် နှစ်ညကျိန်းစက်ပြီးကာမှ ဆရာတော်ဘုရားကြီးဒေါက်တာအရှင်ဇာဂရာဘိဝံသနှင့် အရုဏ်ဆွမ်းဘုန်းပေးခွင့်ရခဲ့သည်
ဆရာတော်ကြီး၏ လက်ထောက်ဖြစ်သူ အရှင်ပညိန္ဒက သူ့ဘွဲ့အမည်ကို လျှောက်ထား မိတ်ဆက်ပေးသည်။ ပြုံချိုစွာ အသိအမှတ်ပြုတော်မူ၏။ သက်တော်ကြီးရင့်ပြီဖြစ်သော်လည်း ကျန်းမာရေးက အထုးကောင်းမွန်ဆဲပင်..။

ရဟန်းငယ်တစ်ပါးအတွက် ပရိယတ္တိနယ်ပယ်က ဖြစ်စေ၊ ပဋိပတ်ရပ်ဝန်းကဖြစ်စေ အားကျဖွယ်ရာဆရာတော်ကြီးများ၏ ပုံရိပ်အချို့ ရှိနေခဲ့ပါသည်။ ဒေါက်တာအရှင်ဇာဂရ၏ ကိုယ်ပိုင်ပဋိပတ်က သိုသိပ်အပ်သောအရာဖြစ်၍ မှန်းဆမမြင်နိုင်သော်လည်း ပြောင်ပြောင်ဝင်းဝင်းရှိလှသော ပရိယတ္တိစွမ်းရည်ကတော့ မော့ကြည့်ထိုက်အောင် မြင့်မြင့်မားမားရှိနေခဲ့ပါသည်။

တိဘက်တက္ကသိုလ်တွင် ပါဠိစာပေဆိုင်ရာဧည့်ပါမောက္ခအဖြစ်ထမ်းဆောင်ခွင့်ရခဲ့သည့်အခါ ဆရာတော်ကြီးအရှင်ဇာဂရ၏ တပည့်ဖြစ်သူ ပါမောက္ခ ဆူရိန္ဒရာကူးမားရ်နှင့် တွဲဖက်လုပ်ရသည့်အတွက် ဆရာတော်ကြီးအကြောင်း ပိုမိုသိရသည်။ မစ္စတာဆူရိန္ဒရာက နာလန္ဒတက္ကသိုလ်ကျောင်းဆင်းဖြစ်ပြီး ဆရာတော်ကြီးအရှင်ဇာဂရ၏ ကြီးကြပ်မှုဖြင့် ပါရဂူဘွဲ့ရခဲ့သည်။ ဆရာတော်ကြီးကို သက်ရှိလမ်းလျှောက်အဘိဓာန်ကြီး(Living Walking Dictionary)ဟု တင်စားခေါ်ဝေါ်သည်။ ပိဋကတ်ဆိုင်ရာဝေါဟာရတစ်ခု သို့မဟုတ် ဗုဒ္ဓဓမ္မဆိုင်ရာသုတတစ်ခု မရှင်းလင်းသည့်အခါ ဆရာတော့်အခန်းတံခါးခေါက်လိုက်လျင် အဘိဓာန်နှင့် စွယ်စုံကျမ်းများ လှန်လှောဖွယ်မလိုဘဲ သိနိုင်သည် တဲ့..။

ကမ္ဘာ့သာသနာပြုမြန်မာဆရာတော်ကြီးများတွင် ပညာရောင်ဖြင့် ကမ္ဘာ့စာမျက်နှာတွင် ထွန်းပနိုင်သည့် ဦးသေဋ္ဌိလ၊ ဒေါက်တာအရှင်ရေ၀တဓမ္မတို့နှင့် တွဲဖက်၍ ဒေါက်တာအရှင်ဇာဂရကို သိကျွမ်းခဲ့ရ၏။ နိုင်ငံခြားတွင် ဆင်းရဲပင်ပန်းစွာ အခြေချလျက် ဗုဒ္ဓအဘိဓမ္မာနှင့် ပါဠိပိဋကတ်ပြန့်ပွားရေးကို တစိုက်မတ်မတ်ရွက်ဆောင်တော်မူသည့်ဆရာတော်ကြီးများကို ငယ်စဉ်ကပင် ကြည်ညိုလေးမြတ်ခဲ့ပါသည်။


 

အမှန်တကယ်ပင် ထိုဆရာတော်ကြီးများ၏ ပညာအရည်အသွေးက ရွှေပြည်ကြီးမှာသာ သီတင်းသုံးမည်ဆိုလျင် မြင့်မားပြည့်စုံသောရွှေကျောင်းကြီးများဖြင့် ခမ်းနားဝင့်ထယ်စေနိုင်လောက်သည်.။ သို့သော် ထိုအခွင့်အရေးများကို လွှတ်ချကာ ဘာသာခြားလူမျိုးခြားများအလယ်တွင် စွန့်ဦးတည်ထွင်ရသော သာသနာပြုလမ်းကြောင်းကို ရွေးတော်မူခဲ့ကြသည်။

ဆရာတော်ကြီးအရှင်သေဌိလကိုလည်း ရှင်ငယ်ဘ၀က ခပ်ဝေးဝေးမှ လှမ်းမျှော်ဖူးခွင့်ရခဲ့သည်။ ဒေါက်တာအရှင်ရေ၀တဓမ္မ အင်္ဂလိပ်ဘာသာဖြင့် ပို့ချသော ၀ိပဿနာတရားကိုလည်း ကိုယ်တိုင်နာခဲ့ဖူးပြီ။ ယခုတော့ သူသည် လက်ရှိတာဝန်ထမ်းဆောင်ဆဲပါဠိဧည့်ပါမောက္ခငယ်ဘ၀ဖြင့် နာလန္ဒာတက္ကသိုလ်ပါဠိပါမောက္ခဟောင်းဆရာတော်ကြီး အရှင်ဇာဂရနှင့် အတူ ဆစ်ဒနီအရုဏ်ဆွမ်းကို ဘုန်းပေးခွင့်ရလေပြီ။

အရှင်ဇာဂရက သာယာဝတီခရိုင်၊မင်းလှမြိုအပိုင် အိုးသည်ကုန်းနယ် ကျည်းဖြူရွာဇာတိဖြစ်သည်။
၁၉၂၅ ခု၊ သြဂုတ်လ (၁၀) ရက်တွင် ဖွားမြင်တော်မူသည့်အတွက် သက်တော်ကိုးဆယ်နီးပါးရှိလေပြီ။ မြန်မာနိုင်ငံတွင် အဆင့်မြင့်ပရိယတ္တိစာမေးပွဲများဖြစ်သည့် သကျသီဟ၊ စေတီယင်္ဂဏနှင့် အစိုးဓမ္မာစရိယတန်းများကို ထိပ်တန်းမှ အောင်မြင်ခဲ့သည်။
အစိုးရဓမ္မာစရိယတန်းတွင် ဂုဏ်ထူးဆောင်ကျမ်းများနှင့်တကွ တစ်နိုင်ငံလုံးပထမစွဲကာ အောင်မြင်တော်မူသည့်အတွက် အဂ္ဂမဟာအကျော်ဘွဲ့နှင်းအပ်ခံရသည်။ ဓမ္မာစရိယဆရာတစ်ဆူဖြစ်သော်လည်း ပညာမရောင့်ရဲတတ်သည့် အရှင်ဇာဂရက ပခုက္ကူဆရာအဆူဆူထံတွင် အထက်တန်းပိဋကတ်စာပေများကို အလွတ်သဘောလေ့လာတော်မူခဲ့သည်။

ထိုမှ သီရိလင်္ကာနိုင်ငံတွင် ခြောက်နှစ်တာ ဘာသာစကားနှင့် သာသနာနှင့် ကမ္ဘာ့ဗဟုသုတအထွေထွေကို ဆည်းပူးခဲ့၏။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ဘုရားဖူးသွားးရောက်သည့်အခါမှာတော့ အရှင်ဇာဂရဘ၀တစ်ဆစ်ချိုးပြောင်းသွားတော့သည်။ အသစ်ဖွင့်လှစ်တည်ထောင်လျက်ရှိသော နာလန္ဒတက္ကသိုလ်အသစ်က အရှင်ဇာဂရကို အနာဂတ်ပါဠိဂုရုလောင်းလျာအဖြစ် ကြိုဆိုနေခဲ့သည်။
ထိုတက္ကသိုလ်မှာပင် ၀ိဇ္ဇာတန်း၊ မဟာဝိဇ္ဇာတန်းနှင့် ပါရဂူဘွဲ့တို့ကို အောင်မြင်ဆွတ်ခူးခဲ့သည်။
မြန်မာရဟန်းတော်များတွင် ပထမဆုံးဒေါက်တာဘွဲ့ရရဟန်းတော်များအဖြစ် အရှင်ရေ၀တဓမ္မနှင့်အတူ ထင်ရှားလာပါသည်။ ထို့နောက် ထို့နောက်တွင် တက္ကသိုလ်စာသင်ခန်းများ၊ နိုင်ငံတကာညီလာခံများ၊ ဓမ္မစင်မြင့်များ။ ယခု ဆစ်ဒနီမြန်မာကျောင်းတွင် အေးချမ်းစွာ သီတင်းသုံးတော်မူသည်အထိ ကာလများ...။

ဆရာတော်ကြီး၏ တည်ငြိမ်းအေးချမ်းလှသော မျက်နှာတော်ဖူးရင်း အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတာပဲ ဟု သူကျေနပ်မိသွားသည်။ ကိုယ်မိတ္တူကူးလိုသည့် မူရင်းကြီးကို တွေ့နေရသည်မဟုတ်လား...။ နိုင်ငံခြားသာသနာပြု၊ ဘာသာစကား၊ တက္ကသိုလ်ဆရာ၊ ဒေါက်တာဘွဲ့ စသော ဝေါဟာရအချို့ကို သူ တစ်စွန်းတစ်စ မိတ္တူပွားထားနိုင်ပြီ။ ဆရာတော်ကြီး၏ သီလသမာဓိပညာ သိက္ခာသုံးရပ်ကတော့ ဆိုက်ဒ်ကြီးလွန်းနေသေးသည်။ မိတ္တူကူးဖို့ ဖိုလ်ဒါ(Folder)အသစ်ဖွဲ့ရဦးမည်


22 April, 2014

သြစတြေးလျပလပ်စ်ဥရောပခရီး (၄)

သြစတြေးလျပလပ်စ်ဥရောပခရီး (၄)
====================
ကမ္ဘာကျော်ဆိပ်ကမ်းတံတား(Harbour Bridge)ဆီ စကြာလှေဆိပ်စင်္ကြန်လမ်းအတိုင်း သူ ဆက်လျှောက်လာခဲ့သည်။ ဆစ်ဒနီညနေခင်းက ဆိပ်ကမ်းငေးသူများဖြင့် ပိုမိုသိပ်သည်းလာခဲ့၏။ တစ်နေရာမှာတော့ အဘောရီဂျင်းဂီတလုလင်တစ်ဦးက ထူးဆန်းသော လေမှုတ်တူရိယာတစ်ခုကို မှုတ်ကာ တစ်ကိုယ်တော်ဖျော်ဖြေနေသည်။ ၀ိုင်းအုံစူးစမ်းနေသော လူစုလူဝေးထဲ သူတိုးဝင်လိုက်၏။ 

 

ရှည်လျားထွေပြားလှသော တူရိယာကြီးကို သူ စိတ်ဝင်စားသွားသည်။ ဒီဂျီးရီဒူး (didgeridoo) ဟုခေါ်သော အဘောရီဂျန်းရိုးရာတူရိယာ၏ သက်တမ်းက နှစ်ပေါင်းတစ်ထောင့်ငါးရာကျော်ပြီ တဲ့..။ 



ပစိဖိတ်ဆောင်းကို ဥပေက္ခာပြုနိုင်စွမ်းသည့် အဘောရီဂျန်းကြီး၏ ရင်ဘတ်ပေါ်တွင် ရေးခြယ်ထားသောအကြောင်အကျားများက အိန္ဒိယနိုင်ငံ၊ ဂင်္ဂါမြစ်ကမ်းပေါ်က ခန္ဓာကိုယ်ကို ပြာသုတ်ကာ ၀စ်လစ်စလစ်ကျင့်ကြံနေကြသည့် ဆားဒူးကြီးများနှင့် ရိုးမှားဖွယ်ဖြစ်သည်။ ဆံင်ရှည်နှင့် ထိုအဘောရီးဂျန်းကြီးကို ရုတ်တရက်မြင်လိုက်စဉ်က အမျိုးသမီးတစ်ဦးဟု ထင်မိသော်လည်း ဒီဂျီရီဒူးကို အမျိုးသားများသာ မှုတ်ရသည် တဲ့..။ 


မှုတ်လိုက်တိုင်းတုန်ခါနေသော အဘောရီးဂျန်းကြီး၏ နှုတ်ခမ်းလွှာအလှုပ်သည်ပင် အနုပညာအားထုတ်မှုတစ်ရပ်ဖြစ်သည်။ အသက်ရှုရှိုက်ခြင်းသာ မကျွမ်းကျင်ပါက ဤတူရိယာကို အသုံးပြုနိုင်လိမ့်မထင်ပါ..။ ရိုးရာတေးသွားတစ်ပုဒ်၏ နိဂုံးသို့ ၀ိဥာဉ်များစွာက တွန်းပို့နေရသည် ဟု ထင်ရလောက်အောင် စိတ်လှုပ်ရှားဖွယ်ဂီတကို အားလုံးက မင်သက်နေကြသည်။
သို့သော် သူက တရားခန်းမတစ်ခုဆီ အချိန်မီရောက်ရန် စိတ်စောနေပြန်သည်။ အဘောရီဂျန်းလုလင်၏ လှုပ်ရှားမှုမှန်သမျှကို ဂီတဖျော်ဖြေမှုသဘောထက် သုတစုဆောင်းမှုအဖြစ်ပင် ငေးနေချိန်မရှိတော့ပါ။ သို့နှင့် ဆိပ်ကမ်းတံတားကြီးကို အဝေးမှ ဓါတ်ပုံတစ်ပုဒ်ရိုက်ယူသည်..။

 

နောက်တစ်ခေါက် ရောက်ဖို့ဆိုတာ လွယ်ချင်မှလွယ်မည်..။
အရာရာကန့်သတ်ခံထားရသော ရွှေပြည်ကြီးသားတစ်ဦးအတွက် ကမ္ဘာ့မျက်နှာကို
စိတ်ရှိတိုင်း မြင်ရဖို့ဆိုသည်မှာ ဒုလ္လဘတစ်ပါးဖြစ်နေဆဲပင်...။ လူချင်းတူတူ ခွဲခြားဆက်ဆံနေကြသော အလုံပိတ်တံခါးများ
ရှိနေကြဆဲပင်..။

ဆစ်ဒနီဗဟိုမီးရထားဘူတာရုံကြီးဆီ ဘတ်စ်ကားဖြင့် ပြန်လာရ၏။ ထို့နောက် အဓိပ္ဗါယ် အသီးသီးဖြင့် နှေးလိုက် မြန်လိုက်ခြေထောက်များစွာနှင့် ၀င်ရောက်ရောနှောကာ ဘူတာ ရုံကြီးထဲ လျှောက်ရသည့်အရသာကို သဘောကျနေသေးသည်။
စင်ကာပူကို မကြာခဏရောက်နေကျမို့ ရထားများကို စာမဖွဲ့ချင်တော့ပါ..။ 




သက်သောင့်သက်သာရှိခြင်းနှင့် လူ့ဂုဏ်သိက္ခာကို အရောင်ထွက်စေနိုင်သော ပို့ဆောင်ရေးစနစ်ကိုသာ ရွှေပြည်ကြီးမှာ မိတ္တူပွားထားလိုက်ချင်သည်။ ရွှေပြည်ကြီး၏ နံနက်ခင်း အလုပ်သွားချိန်များနှင့် ညနေခင်းအိမ်ပြန်ချိန်များတွင် လူပီသခွင့်၊ စာနာခွင့်ပျောက်ဆုံးနေကြသောအမျိုးအရင်းကြီးများကို မြင်ယောင်ကာ စိတ်မသက်သာတော့ ဖြစ်ရ၏။ အက်ဖ်တာယူ (After You) မရှိသော နှစ်ကာလများစွာ နာကျင်စွာ ဖြတ်သန်းခဲ့ကြီးပြီပဲ...။
 
ဒေါ်သီတာဆွေ၏ ကားလေးရပ်ထားရာဘူတာရုံတွင် ဆင်းလိုက်ကြ၏။
ပါရမီဟု အမည်ပေးထားသော ဓမ္မရိပ်သာတစ်ခုတွင် တရားနာယူရန် အသင့်စောင့်နေကြသူများကို တွေ့ရသည်။ ဆစ်ဒနီမြို့ပြထဲက ဆိတ်ငြိမ်သောဓမ္မရိပ်သာလေးကို သူ ကျေနပ်သွားသည်။ မြန်မာပြည်ပွားဆရာဝန်ကြီးဇနီးမောင်နှံက မည်သူမည်ဝါအတွက်ဟူသောပုဂ္ဂလိကအဓိဋ္ဌာန်ဖြင့် မဟုတ်ဘဲ သာသနာနှင့် စပ်သော တရားဓမ္မ၀န်ဆောင်မှုအားလုံးအတွက် လှူဒါန်းထားခြင်းဖြစ်သည်။ မြန်မာ့ကျွန်းဖြင့် ပြုလုပ်ထားသောတရားဟောပလ္လင်က ခရီးသွား 
 ဟန်လွဲဓမ္မကထိကကို ဆီးကြိုနေပါသည်။  


ဤပလ္လင်ပေါ်တွင် ဓမ္မကထိကအကျော်အမော်များ၊ တိပိဋကဆရာတော်များ၊ ပရိယတ်နှင့် ပဋိပတ်ဝန်ဆောင်ဆရာတော်ကြီးများ တရားဓမ္မချီးမြှင့်တော်မူခဲ့ကြဖူးသည်။
မြန်မာနိုင်ငံက ဓမ္မာရုံကြီးများလို မကြီးမားသော်လည်း ဖိတ်ကြားထားသည့်တရားနာပရိသတ်အတွက် လုံလောက်သောအကျယ်အ၀န်းရှိသည်။
ဓမ္မကထိကနှင့် ထေရ်ကြီးဝါကြီးဆရာတော်များ နားနေရန် အခန်းများ ရှိသည်။
တရားဓမ္မကို အသံဖမ်းယူရန် ၊ တစ်ကမ္ဘာလုံးက အွန်လိုင်းတရားနာယူလိုသူများကို ဖြန့်ဝေရန် နည်းပညာအကူကိရိယာများလည်း ရှိနေလေသည်။

သူက “ မြတ်ဗုဒ္ဓ၏ ပထမဆုံးဓမ္မခရီး” အမည်ဖြင့် တရားတစ်ပုဒ်ဟောဖြစ်ခဲ့ပါသည်။
ခရီးသွားခြင်းကို ခုံမင်သူဓမ္မကထိကက ဗုဒ္ဓအရှင်၏ မိဂဒါဝုန်သာသနာပြုလမ်းညွှန်စကားကို ကိုးကားကာ ခရီးသွားလုပ်ငန်း (Tourism)ကို ဗုဒ္ဓအရှင်ကိုယ်တိုင်အားပေးတော်မူခဲ့ကြောင်း သက်သေပြကာ ဗုဒ္ဓအရှင်ပထမဆုံးကြွတော်မူရသော သာသနာပြုခရီး၏ လေးနက်မှုကို မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပါသည်။
ဗုဒ္ဓအရှင်က “စရထ ဘိက္ခဝေ စာရိကံ၊ ဒေသေထ ဓမ္မံ (ရဟန်းတို့ ခရီးထွက်ကြ..။ တရားဓမ္မကို ဟောပြောကြလေ ”တဲ့..။
(ဆက်ရန်)

ဓမ္မဂဂင်္ဂါ
၂၃-၄-၂၀၁၄

31 March, 2014

ဓမ္မဂင်္ဂါအွန်လိုင်းချက်တင်းဓမ္မသဘင်

မန္တလေးသာသနာ့တက္ကသိုလ်ဘွဲ့နှင်းခန်းမကြီး


၂၀၁၁ ခု ဧပြီလ ၁၄ ရက် (မဟာသင်္ကြန်တော်အကျနေ့)။ မြန်မာစံတော်ချိန် နေ့လည် ၂း၀၀ နာရီတိတိ

မန္တလေးမြို့၊ နန်းတော်ရှေ့က၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ဘွဲ့နှင်းဓမ္မာရုံကြီးထဲမှာ ဒုလ္လဘ ရဟန်းတော် အပါးသုံးရာခန့်ဟာ အသင့်နေရာယူပြီး ဖြစ်နေလိမ့်မယ်..။ ဒုလ္လဘ ရဟန်းတော် သုံးရာရှေ့မှာတော့ ပရိုဂျက်တာနဲ့ ထိုးပြဖို့ ပိတ်ကားဖြူဖြူကြီးတစ်ခု ထောင်ထားပေလိမ့်မယ်..။
သူကတော့ သူ့ရဲ့ နုတ်တ်ဘွတ်ခ်လေးကို ဖွင့်ထားလိုက်ပြီ။ အင်တာနက်ကွန်ယက်ကို ချိတ်ဆက်ကာ Gtalk ကိုလည်း အသင့်ပြင်ထားလိုက်ပြီ.။ ကော်နက်ရှင်းကောင်းနေတာ ကျေးဇူးတင်စရာပဲ..။ ဒါပေမယ့် ဗာရာဏသီမြို့တော်ရဲ့ လျှပ်စစ်မီးနဲ့ အင်တာနက်ကော်နက်ရှင်းကို စိတ်မချလို့ မိတ်ဆွေရဟန်းတော်နှစ်ပါးရဲ့ လက်ပ်တော့နှစ်လုံးကိုလည်း သူ့အခန်းထဲကို ရွှေ့ပြီး ဂျီတော့ခ်အကောင့်တ်ကို အရံဖွင့်ထားရသေးတယ်..။ တစ်ခုပျက်ရင် တစ်ခု.. ဓမ္မဒေသနာပွဲကိုတော့ အပျက်ခံလို့ မဖြစ်..။

အွန်လိုင်းချက်တင်းတရားပွဲရယ် လို့ စိတ်ကူးအတွေးရတဲ့ လက်ထောက်မော်ကွန်းထိန်း ဆရာတော်အရှင်ကုမုဒကလည်း မိုက်ခရိုဖုန်းကို ကိုင်ပြီး အသင့်စောင့်နေပြီဆိုတာ သေချာနေပြီ..။ သူ ချက်တင်းထဲမှာ ရိုက်ထည့်သမျှကို မော်ကွန်းထိန်းအရှင်က ထပ်ဆင့်ရှင်းပြမှာပါ..။ ပိုပြီးထိရောက်အောင် လိုအပ်တဲ့ ဓါတ်ပုံအချို့ကိုလည်း ပရိုဂျက်တာနဲ့ ထိုးပြမယ်..။ သူ ဗာရာဏသီ၊ မိဂဒါဝုန်လမ်းကနေ တချောက်ချောက်ရိုက်နေတဲ့ စာလုံးတွေက မန္တလေး နန်းတော်ရှေ့က ပရိုဂျက်တာပြကွက်ပေါ်မှာ တဖျောက်ဖျောက်ပေါ်နေပေလိမ့်မယ်။ စာလုံးတွေက အသံအဖြစ်ပြောင်းလဲပြီး ဓမ္မဒေသနာအသွင် ဆောင်သွားပေလိမ့်မယ်..။ ကောင်းပါဘိ အွန်လိုင်းချက်တင်း ဓမ္မသဘင်..။

'' အဆင်သင့်ဖြစ်နေပြီ အရှင်ဘုရား..အရှင်ဘုရားရဲ့ အကြောင်းလည်း မိတ်ဆက်လျှောက်ထားပြီးပါပြီ.. တရားပွဲစမယ်ဆို စလို့ ရပါပြီ..။'' ကဲတရားပွဲစပါပြီ..။ အရှင်ကုမုဒက '' မှန်ပါဘုရား၊ ဆက်ပါဘုရား..၊ ခဏစောင့်ပါဘုရား၊ '' စသည် တရားထောက်ပေးပါတယ်..။ မျက်နှာပူစရာကောင်းတဲ့ တရားကို မျက်နှာမပြဘဲ ဟောရတာ ကြုံတောင့်ကြုံခဲ..။

ဂျိန်းအထူးတရား

(ထူးတယ် လို့ သတင်းပြန်ကြားရလို့.. အထူးတရားလို့ တပ်လိုက်တာပါ..။)
''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တော်၊ နန်းတော်ရှေ့၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်၊(မန္တလေး)မှာ သီတင်းသုံးနေတော်မူကြတဲ့ သင်ကြားစီမံ ဆရာတော်များကို ဂါရ၀ပြုရင်း သင်္ကြန်တော်ကာလမှာ ဒုလ္လဘသာသနာကို အရယူကြတဲ့ အရှင်မြတ်သုံးရာတို့ကို အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့တော်၊ မိဂဒါဝုန်လမ်းကနေ မင်္ဂလာပါနှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ၀မ်းမြောက်ဝမ်းသာနှုတ်ခွန်းဆက်သအပ်ပါတယ်..။

ဒီအွန်လိုင်းတရားပွဲဖြစ်မြောက်အောင် ဆက်သွယ်ဆောင်ရွက်ပေးခဲ့တဲ့ လက်ထောက်မော်ကွန်းထိန်းဆရာတော် အရှင်ကုမုဒကို ကျေးဇူးတင်ကြောင်း လျှောက်ထားလိုက်ပါတယ်..။
တပည့်တော်နေတဲ့ ဗာရာဏသီဆိုတာကို မိဂဒါဝုန်တောနဲ့တွဲပြီးသိလေ့ရှိပါတယ်။ ဗုဒ္ဓဘုရားရှင် ပဉ္စ၀ဂ္ဂီငါးဦးတို့ကို ဓမ္မစကြာ တရားဦး ဟောရာအဖြစ် ဗုဒ္ဓဘာသာဝင်တိုင်းက မြတ်နိုးတသ အနုဿတိပွားလေ့ရှိကြပါတယ် ။ ဘုရားရှင်ကိုယ်တော်တိုင် နောက်ဆုံးပရိနိဗ္ဗာန်စံဝင်ခါနီးကာလမှာ ရှင်အာနန္ဒာကို မှာကြားခဲ့တဲ့ သံဝေဇနိယလေးဌာန အပါအ၀င်၊ နေရာမြတ်တစ်ခုလည်း ဖြစ်ပါတယ်။

ပြောရရင်တော့ ရတနာသုံးပါးမှာ သံဃာရတနာမွေးဖွားရာပါပဲ။ လုမ္ဗိနီကို ဘုရားရတနာ မွေးဖွားရာ(The Birth place of the Buddha) လို့ ခေါ်ကြပါတယ်။ သစ္စာလေးပါးသိမြင်ရာ ဗုဒ္ဓဂယာကိုတော့ တရားရတနာ မွေးဖွားရာ(The Birth place of Dhamma)လို့ ဂုဏ်တင်နာမည်ပေးကြပါတယ်။
ဒီတော့ ဗုဒ္ဓအရှင်ရဲ့ မဇ္ဈိမပဋိပဒါအကျင့်မြတ်ကို နှစ်ခြိုက်လက်ခံပြီး သာသနာတော်တွင်း ၀င်ရောက်လိုတဲ့ ပဉ္စ၀ဂ္ဂီ ငါးဦးတို့ကိုဧဟိ ဘိက္ခုခေါ်ပြီး ရဟန်းအဖြစ်အသိအမှတ်ပြုတော်မူတဲ့ မိဂဒါဝုန်ဟာလည်း သံဃာရတနာ မွေးဖွားရာ(The Birth place of Samgha) မြင့်မြတ်တဲ့ သဘာဝသိမ်တော်ဖြစ်ပါတယ်။
စက်တင်ဘာလကစပြီး ဧပြီလအထိ ဘုရားဖူးရာသီတွေမှာတော့ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာနဲ့အ၀ှမ်းက ဗုဒ္ဓဘာသာတွေဟာ သံဝေဇနိယလေးဌာမှာ ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ရဲ့ ခြေရာတော်နောက်ကို သစ္စာအငွေ့ ပြန်ကောက်ကြတဲ့အနေနဲ့ ဘုရားဖူးရောက်လာကြပါတယ် ။ ဗုဒ္ဓ ကျောင်းတော်ရာတွေမှာ ဘုရားဖူးတွေရဲ့ ပုံသဏ္ဍာန်အမျိုးမျိုးဝတ်ပြုဟန်နဲ့ စည်းဝါးနရီအမျိုးမျိုး တရားဓမ္မ ရွတ်ဖတ်သံတွေနဲ့ စည်စည်ဝေေ၀ရှိနေတတ်ပါတယ်။
တပည့်တော်ကိုယ်တိုင်လည်း သံဝေဇနိယလမ်းအတိုင်း သုံးကြိမ်တိတိလျှောက်ခဲ့ပြီးပါပြီ။ တပည့်တော်ငှါးနေတဲ့ အိမ်ခန်းလေးက မိဂဒါဝုန်တံတိုင်းနားမှာ ရှိခဲ့ဖူးတော့ နေ့စဉ်ဓမ္မတေးတွေကိုလည်း အနီးကပ်ကြား နာခွင့်ရခဲ့တာပေါ့ဘုရား ။ တစ်ခါတစ်ရံမှာတော့ သီးခြား ရောက်လာတတ်တဲ့ ဘုရားဖူးတစ်ဦးစနှစ်ဦးစကိုလည်း ဘုရားဖူးလမ်းညွှန်အဖြစ် မိဂဒါဝုန်တောထဲ အတူလျှောက်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်က ၀ါဆိုလပြည့်ည တစ်ညဆီ ရောက်အောင်ပို့ဖြစ်ခဲ့ပါတယ်။ ဘုရားရှင်က ပဉ္စ၀ဂ္ဂီရဟန်းငါးဦးကို ဓမ္မစကြာတရားတော်ဟောတော်မူတဲ့ အကြောင်း ရှင်းပြဖြစ်တာပါ..။

မိဂဒါဝုန်တောက အထွက်မှာတော့ တပည့်တော်အနေနဲ့ မဖြစ်မနေရှင်းပြရတာက ဂျိန်းဘုရားအကြောင်းပါပဲ။ အနတ္တလက္ခ ဏသုတ်ဟောတော်မူရာ ဓမ္မေခစေတီတော်ကြီးနဲ့အပြိုင် ဂျိန်းဘုရားကျောင်းတစ်ခုနဲ့ ဂျိန်းဘုရားရုပ်တုကြီးကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ဖူးတွေ့လိုက်ကြရတာကိုး။

အနတ္တလက္ခဏသုတ်ဟောရာ မိဂဒါဝုန်ဓမ္မေခစေတီနဲ့ အပြိုင် ဂျိန်းဘုရားကျောင်း

ဂျိန်းဘုရားကျောင်းတွေက ဗုဒ္ဓဘုရားကျောင်းတွေရှိတဲ့နေရာတိုင်းမှာ အပြိုင်ဆောက်လေ့ရှိပါတယ်။ အကုန်လုံးက ဆင်တူရိုးမှားတွေလည်း လုပ်လေ့ရှိတာမို့ ရုပ်တုမြင်တိုင်း ဦးချချင်တဲ့ မြန်မာပြည်က ဘုရားဖူးလာကြတဲ့ အမျိုးတွေကို ဆွဲဆွဲ ထားရပါသေးတယ်။ ဟုတ်ပ သူရို့ကိုယ်တော်ကြီးကလည်း ဗုဒ္ဓနဲ့မတူတူအောင်ကို ထုဆစ်ထားတာကလား။ အဲ သင်္ကန်းမပါတာက လွဲလို့ပေါ့လေ...

ဗုဒ္ဓဘုရားရှင်လက်ထက်က ကောသလမင်းကြီးကို ငွေတစ်သိန်းလာဘ်ထိုးပြီး ဇေတ၀န်ကျောင်းတော်နဲ့ သာဝတ္ထိမြို့တော်ကြားမှာ ကျောင်းဆောက်ခဲ့တာလည်း ဂျိန်းကိုယ်တော်ကြီးတွေပေါ့ဘုရား..။ ဘုရားရှင်နဲ့ သံဃာတော်အရှင်မြတ်တွေကို ဖူးဖို့ လာကြတဲ့ ရပ်ဝေးရပ်နီးဒကာ၊ဒကာမတွေ မျက်စိရှက်စရာ အခက်ကြုံတဲ့ အတွက် ဘုရားရှင်ကိုယ်တော်တိုင် သံဃာတော်တွေကို ဦးဆောင်ပြီး နန်းတော်ရှေ့ကို ကြွကာ ဆန္ဒဖော်ထုတ်တော်မူလို့ ကောသလမင်းကြီးက တိတ္တိတွေဆီကနေ ပြန်ဝယ်ပြီး ဘိက္ခုနီရဟန်းမတွေအတွက် ရာဇိကာရုံဆိုတဲ့ မင်းကျောင်းဆောက်လှူခဲ့တယ်လို့ မှတ်တမ်းရှိပါတယ်..။
ဂျိန်းဘုန်းကြီးများ အစည်းအဝေးအခန်းအနားမြင်ကွင်း
အသောကမင်းတရားကြီးဟာလည်း မိရိုးဖလာဂျိန်းဘာသာဝင်ဧကရာဇ်ကြီးဖြစ်ပါတယ်.။ နန်းတော်ထဲမှာ ဆွမ်းစားကြွတော်မူကြတဲ့ ဂျိန်းကိုယ်တော်ကြီးတွေရဲ့ မဖွယ်မရာအသွင်အပြင်တွေကို စိတ်ပျက်နေတဲ့ အချိန်မှာ နိဂြောဓရဟန္တာကိုရင်လေးရဲ့ အပ္ပမာဒတရားနာပြီး ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့တာပါ..။
ဂျိန်းဆိုတာက ပါဠိဘာသာဇိန(Jina)ဆိုတဲ့စကားလုံးက ဆင်းသက်တာပါ။ နိုင်ငံတကာအသံနဲ့ဖတ်တော့ ဂျိန-ဂျိန်းလို့ဖြစ်သွားတာပါ။ အောင်နိုင်သူကြီးရယ်လို့ အဓိပ္ပါယ်ရပါတယ်။ သူက ဗုဒ္ဓနဲ့ခေတ်ပြိုင်ဖြစ်သလို ခတ္တိယအမျိုးအနွယ်ချင်းလည်းတူ တောထွက်တာလည်း တူပါတယ်။
ဗုဒ္ဓက ကပိလ၀တ္ထုက သကျခတ္တိယဖြစ်ပြီး ဂျိန်းကိုယ်တော်ကြီးကတော့ ဝေသာလီက နာဋခတ္တိယမျိုးပါ။ ဗုဒ္ဓအရှင်က ဇနီးနဲ့သားကို စွန့်ခဲ့သလို ဂျိန်း ကိုယ်တော်ကြီးကလည်း ဇနီးနဲ့သမီးကို စွန့်ခဲ့တယ်လို့ ဆိုပါတယ်။ တောထွက်တာချင်းတူပေမယ့် တရား သိပုံချင်းတော ကွဲသွားခဲ့ပါတယ်။
အင်း လွဲသွားတာပေါ့ဘုရား..။ ကိုယ်ပေါ်က အ၀တ်ကိုပါ ချွတ်ပစ်လိုက်တော့တာကိုး..။

ပိဋကတ်စာပေမှာတော့ နိဂဏ္ဌနာဋပုတ္တလို့ မှတ်တမ်းရှိပါတယ်။ တိတ္တိဆရာကြီးခြောက်ဦးထဲက ထင်ရှားသူတစ်ယောက်ပါ။ ကျန်တဲ့ တိတ္ထိဆရာကြီးတွေထက် ပိုမိုထင်ရှားပြီး ယနေ့တိုင်အောင် ကိုးကွယ်သူသုံးသန်းခန့်ကျန်နေပါသေးတယ်..။
နှစ်ဆယ့်တစ်ရာစုဆိုတာ ဘယ်အရေးအရာပဲဖြစ်ဖြစ် ပွင့်လင်းရာသီမို့ ဂျိန်းဘာသာရဲ့ ဘုရားမဟာဝီရကြီးရဲ့ အကြောင်းအရာအချို့ကို မျှဝေပေးလိုက်ပါတယ်..

မဟာဝီရ (နိဂဏ္ဌနာဋပုတ္တ) (ဘီစီ ၅၉၉-ဘီစီ၅၂၇)
ဇိန(ခေါ်)ဂျိန်းဘာသာရေးရဲ့ ဦးဆောင်သူ မဟာဝီရ(Mahavira) ၊ဗုဒ္ဓစာပေများမှာတော့ ဂိုဏ်းဆရာကြီးနိဂဏ္ဌနာဋပုတ္တ လို့ ဖော်ပြခြင်းခံရသူ၊ ၀ရ်ဇမန လို့လည်းအမည်တွင်သူကို ဗုဒ္ဓဂေါတမ လိုပဲ အိန္ဒိယ အရှေ့မြောက်ပိုင်း ဝေသာလီမှာ ဖွားမြင်ခဲ့ပါတယ် ။

ဗုဒ္ဓထက်အသက် ၃၆နှစ်မျှ ကြီတယ် လို့ ဆိုပါတယ်။ ဗုဒ္ဓလိုပဲ မင်းညီမင်းသားတစ်ဦးဖြစ်ပြီး အသက် ၃၀အရွယ်မှာ ဇနီးနဲ့ သမီး ၊စည်းစိမ်ကိုစွန့်ကာ တရားရှာရန် တောထွက်ခဲ့ပါတယ်။
ပရ်သွနာထဂိုဏ်းသို့ ၀င်ရောက်ပြီး ရဟန်းဝတ်နဲ့ ၁၂နှစ်တိုင်တိုင် တရားအကျင့်ကို အစွန်းရောက်တဲ့ ထိကျင့်ခဲ့ပါတယ်။ ကိုယ်ပိုင်ပစ္စည်းများကို စွန့်လွတ်လိုက်တာ နောက်ဆုံး သောက်ရေခွက်တောင် မကျန်တော့တဲ့ အထိပါပဲ ။ ကိုယ်ဝတ်ကိုပါစွန့်ပြီး ကိုယ်လုံးတီးနေခဲ့ပါတယ် ။ ကိုယ်ပေါ်ကို တက်လာတဲ့ ပိုးမွှား၊ခြင်၊မှက် စတဲ့ အရာတွေကို ဖယ်ရှားခြင်း၊သတ်ဖြတ်ခြင်းတောင် မပြုခဲ့ပါဘူး ။အိန္ဒိယလို ဖုန်းစားယာစကာ ပေါများတဲ့ ဒေသမှာပင် မဟာဝီရရဲ့ အမူအကျင့်တွေက ကဲ့ရဲ့ဖွယ်ဖြစ်ခဲ့ရပါတယ် ။အသက် ၄၂နှစ်ရောက်တဲ့အခါ အကျွတ်တရားကိုရပြီ၊အလုံးစုံသိမြင်သောဥာဏ်ရပြီ လို့ ကြေငြာပြီး ကွယ်လွန်ချိန်ရောက်တဲ့အထိ နှစ်ပေါင်း ၃၀လုံးလုံး တပည့်များ၊နောက်လိုက်များကို တရားဟောပြောခဲ့တယ်။ဘီစီ ၅၂၇ မှာ ကွယ်လွန်တဲ့အခါ ကြည်ညိုသူတပည့်တပန်း အများအပြား ကျန်ရှိခဲ့ပါတယ်။

မဟာဝီရရဲ့ ဟောပြောချက်များကတော့ ဗုဒ္ဓ၀ါဒ၊ဗြဟ္မဏ၀ါဒများနဲ့ ဆင်တူတယ်လို့ အကြမ်းဖျင်းဆိုနိုင်ပါတယ်။

လူသေပြီးနောက် ဘ၀တစ်ပါးသို့ရောက်တယ် ။ဒါပေမယ့် လူ့ဘ၀သို့ ပြန်ရောက်ချင်မှရောက်မယ် အဲဒီလိုဖြစ်ရတာကတော့ ဂျိန်းဘာသာဝင်တို့ရဲ့ ယုံကြည်မှုဖြစ်တဲ့ ကာရ်မ(Karma)အရဖြစ်တယ်။ ဗုဒ္ဓလက်ကိုင်ပြတဲ့ ကံနဲ့ မတူတာကတော့ ဂျိန်းတို့က ယခုဘ၀ပြုသမျှသော အကြောင်းတရားတွေဟာ နောက်ဘ၀ရောက်မှသာလျှင် အကျိုးပြုတယ်လို့ ယုံကြည်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ် ။
အကုသိုလ်တရားတွေကို ချုပ်ငြိမ်းစေရန်အတွက်၊တဏှာကိုပယ်နိုင်ရန်အတွက် အလွန်ခြိုးခြံတဲ့ အကျင့်ကို ကျင့်ရန်လမ်းညွှန်ပြပါတယ်။ ငတ်ပြီးသေတဲ့အထိ ကျင့်နိုင်လျှင် သာ၍မြတ်သည်လို့ပင် အလွန်အကျူးဆိုထားပါတယ်။ ဗုဒ္ဓပယ်ထားတဲ့ အတ္တကိလမထာနုယောဂလမ်းစဉ်အတိုင်း ကျင့်နေကြတာ ထင်သာမြင်သာရှိလှပါတယ်..။

ဂျိန်းတို့ရဲ့ အရေးပါဆုံးသော တရားကတော့ နောင်တစ်ချိန်မှာ အိန္ဒိယလမ်းစဉ်၊ဂန္ဒီလမ်းစဉ်ရဲ့ အခြေခံလို့ဆိုရလောက်တဲ့ အကြမ်းမဖက်ရေးလမ်းစဉ် (အဟိသ္မ)ဖြစ်သည်။ လူအချင်းချင်းမဆိုနဲ့ တိရိစ္ဆာန်တို့ကိုပင် နှိပ်စက်ခြင်းမပြုရန်တားမြစ်ထားတယ်။ ဒါ့ကြောင့် ဂျိန်းဂိုဏ်းဝင်တို့ဟာ သတ်သတ်လွတ်စားခြင်း၊တိရိစ္ဆာန် ပိုးမွှားသတ်ဖြစ်မှုမှရှောင်ကျဉ်ခြင်း တို့ကိုဆောင်ရွက်ကြရတယ်။
အစာစားလျှင် ပိုးမွှားတွေ ပါကုန်မှာစိုးလို့ အမှောင်ထဲမှာ အစာမစားကြရပါဘူး။ ထိုမျှသာမက အကျင့်ပြင်းထန်တဲ့ ဂျိန်းဂိုဏ်းဝင်များဆိုလျှင် မိမိသွားရာလမ်းများမှာ လူငှားနဲ့ တံမြက်စည်း လှည်းစေကြပါသေးတယ်။

ဘာသာရေးယုံကြည်ချက်ကြောင့် ဂျိန်းဘာသာဝင်များဟာ အလုပ်ကြမ်းကိုစွန့်လွတ်ပြီး လယ်ထွန်နွားကျောင်းအမှုကိုပင် မပြုကြတော့ဘဲ ရောင်းဝယ်သူ၊ ကုန်သည်များအဖြစ်သာ ၀ီရိယထားပြီး အသက်မွေးကြလေ့ရှိပါတယ် ။ ဒါကြောင့် ဂျိန်းဘာသာဝင်များ၊ ဂိုဏ်းဝင်များဟာ များသောအားဖြင့် ချမ်းသာတဲ့ အလွှာများဖြစ်ကြလေ့ရှိပြီး စာပေအနုပညာထွန်းပေါက်သူများအနေနဲ့ ကျန်ဘာသာဝင်များထက် အချိုးကျပိုများပါတယ်။

မူလအစက ဂျိန်းဘာသာဟာ ဗုဒ္ဓဘာသာလို လူတန်းစား ခွဲခြင်းမရှိပေမယ့် ဟိန္ဒူဝါဒရဲ့ လွှမ်းမိုးမှုခံလာရကာ ဇာတ်ခွဲခြားခြင်းရှိလာပါတယ်။ သို့သော် ဟိန္ဒူဘာသာလို ပြင်းထန်ခြင်းမရှိပါဘူး။ ဟိန္ဒူဝါဒရဲ့ လွှမ်းမိုးမှုခံရခြင်းရဲ့ အကြောင်းကတော့ ဗုဒ္ဓဘာသာကဲ့သို့ စာထက်အက္ခရာတင်ထားခဲ့ခြင်း မရှိခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ သို့သော် ဂျိန်းဝါဒသည်လည်း ဟိန္ဒူဘာသာအပါအ၀င် အခြားဘာသာများပေါ်မှာလည်း ပြန်လည်လွှမ်းမိုးခဲ့တာမျိုးလည်းရှိပါတယ်။ ဥပမာအားဖြင့် တိရိစ္ဆာန်သတ်ပြီး ယဇ်ပူဇော်ခြင်း နှင့် အသားစားခြင်းများကို ရှောင်ကျဉ်ရန် ဟိန္ဒူတို့ကို စည်းရုံးနိုင်ခဲ့တယ်။ နောင်ပိုင်းမှာ အကြမ်းမဖက်ရေး ၀ါဒဟာ အိန္ဒိယရဲ့ ရှေ့ဆောင်ဝါဒဖြစ်လာတော့တယ်။ အိန္ဒိယလွတ်လပ်ရေးရှေ့ဆောင်ကြီး ဂန္ဒီ ဆိုလျှင် ဂျိန်းဂိုဏ်းဆရာကြီး ဂြီဖဒ်ရာဇဆန္ဒြ ကိုဆရာတင်ပြီး အလုပ်တော်တော်များများကို ဆောင်ရွက်ခဲ့တာ ကိုကြည့်ခြင်းအားဖြင့် ဟိန္ဒူနှင့် ဂျိန်း နှစ်ဘာသာတို့ရဲ့ နီးစပ်မှုကိုတွေ့နိုင်ပါတယ်။
ဂျိန်းဘာသာဝင် ဦးရေက အများကြီးမဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံမှာ သုံးသန်းခွဲမျှရှိတယ်လို့ သိရတယ်။ နိုင်ငံရပ်ခြားမှာ ပြန့်ပွားဖို့ ခက်လှတဲ့ ဘာသာတရားတစ်ခုလည်း ဖြစ်ပါတယ်..။
ဗုဒ္ဓကျမ်းစာများအလိုအရ မဟာဝီရ ခေါ် နိဏ္ဌဋနာလပုတ္တဟာ သွေးအန်ပြီး ကွယ်လွန်တယ် လို့ ဖော်ပြထားပါတယ် …။
အပ္ပမာဒေန သမ္ပာဒေထ.သင်္ကန်းကို မြဲအောင် ၀တ် ။ မချွတ်မိကြစေကုန်ရာသတည်း..။

ဓမ္မဂင်္ဂါ
(၁၄-၄-၂၀၁၁ သင်္ကြန်တော်အကျနေ့)
---------------------------------------------------------------------------------
ဝန်ခံချက်။ ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ ကျော်စွာ (၁၀၀) စာအုပ်ထဲက မဟာဝီရကို ကိုယ်ပိုင်အတွေ့အကြုံနဲ့ ဆက်စပ်ပြီး အပြည့်အ၀ကိုးကားလိုက်ပါတယ်..။

သင်္ကြန်တော်အခါသမယမှာ နိုင်ငံတကာရောက်နေကြတဲ့ မြန်မာရဟန်းတော်(၈)ပါးက အွန်လိုင်းချက်တင်းတရားဟောကြမှာပါ..။ ဒီနေ့တော့ မလေးရှားနိုင်ငံ၊ ဓမ္မဂါဒင်းဆရာတော်ဟောကြားမှာပါ..။သာဓု သာဓု သာဓု..။